Chapter – 225
“ကျူးကျော်ဝင်ရောက်လာခြင်း”
ခေါင်းငိုက်စိုက်ကျပြောဆိုနေရင်းဖြင့်ဆောင်ဂျူတစ်ယောက်အလွန်ဝမ်းနည်းလျက်ရှိသည်။ သူ၏ ဘဝအား အကြီးအကျယ်စိတ်ပျက်လျက်ရှိပြီး အသက်ပင် ဆက်၍ မရှင်ချင်တော့သည့်ပုံ ပေါက်နေလေသည်။
ထို့နောက်ရဲရှောင်အား မော့ကြည့်လိုက်သောအခါ –
“ဟမ် . . .ဘယ်ရောက်သွားတာလဲဟ . . .”
အခန်းထဲမှ ထွက်ပေါ်လာသော ဟောက်သံအားယခုမှသာဆောင်ဂျုသတိပြုမိသွားသည်။ ရဲရှောင်၏ဟောက်သံပင်ဖြစ်သည်။
ရဲရှောင်၏ အပြုအမူသည်ဆောင်ဂျုအား “ကျုပ်အိပ်နေပြီ ခင်ဗျားသွားတော့ . . .” ဟုပြော၍ နှင်ထုတ်နေသည့်အမူအယာနှင့်ပင်တူနေပါသေးသည်။
“ခွေးမသားလေး၊ မအေဘေး၊သူတောင်းစားလေး . . .”
ဆောင်ဂျု ဒေါသတကြီးဖြင့်ပင်ဆဲဆိုလိုက်ရင်း –
[ငါပြောတာတောင် နားမထောင်သွားဘူး၊ ငါကတော့ ငါ့ခံစားချက်တွေကို ပြောနေလိုက်ရတာ၊ ဘယ်လိုကောင်လဲ မသိဘူး။ အသိစိတ်ရော ရှိသေးရဲ့လား။ မင်းအဖေထက်တောင် မင်းက ပိုပြီး လက်ပေါက်ကတ်နေသေးတယ် . . .]
ဒေါသအလွန်ထွက်နေသောဆောင်ဂျုသည်ဆဲနည်းပေါင်းမျိုးစုံဖြင့် မိုးမွှန်အောင်ပင်ဆဲနေသည်မှာတော်တော်နှင့်မပြီးတော့ချေ။
ရဲအိမ်တော် တစ်ခုလုံး အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်နေသောကြောင့် ဆောင်ဂျု၏ ဆဲဆိုသံများအား အတိုင်းသားပင်ကြားနေရလေသည်။
ခေါင်းမိုးပေါ်ရှိ မိန်းမပျိုပင် အဆဲသန်သော ဆောင်ဂျုအား လေးစားသွားမိသည်။ ရေပက်မဝင်အောင်ပင်ဆဲဆိုနေသော ဆောင်ဂျု၏ ဆဲဆိုသံများအား သူမလည်း ကြားနေရသည်။ဆောင်ဂျု၏ ပါးစပ်မှ
၂ နာရီမျှ ကြာသည်အထိ မရပ်မနားဘဲ တောက်လျှောက်ကို ဆဲဆိုနေသည့်အတွက်မိန်းမပျိုသည်အလွန်အမင်းပင်အံ့သြနေမိသည်။ ထို့အပြင် ဆဲဆိုနေသည့် စကားလုံးများသည် အက်ကြောင်းထပ်မနေဘဲ တစ်ခါဆဲတစ်မျိုးဖြင့်ပင်ဆဲနေခြင်း ဖြစ်သည်။ မိန်းမပျိုသည်ပြုံးလိုက်ရင်း –
[ဒီအိမ်တော်ထိန်းက ဆဲတဲ့နေရာမှာတော့ တစ်ကမ္ဘာလုံးက အရှုံးပေးရမယ် ထင်တယ် . . .]
ရဲရှောင်သည် သူ၏ နားအား ပိတ်ထားကာ မကြားချင်ယောင်ပင်ဆောင်နေလိုက်သည်။
ဆောင်ဂျုအား ဖြစ်ခဲ့သည့်အကြောင်းအရာများနှင့်ပက်သက်၍ အမှန်တိုင်းပြော၍လည်း မဖြစ်နိုင်ပေ။ ထို့ပြင်လိမ်လည်း မလိမ်ချင်တော့သဖြင့်အိပ်ချင်ယောင်ဆောင်လိုက်ခြင်းဖြစ်သည်။ ရဲရှောင်တစ်ယောက်ပညာသားပါပါဖြင့်ရှောင်ထွက်လိုက်ခြင်းပင်ဖြစ်သည်။
အကယ်၍ ရှင်းပြရမည် ဆိုပါကလည်း ဖြစ်စဉ် အစအဆုံးအား မည်ကဲ့သို့ ရှင်းပြရပါမည်နည်း။
ပြောမည်ဆိုလျှင် သူလုပ်ထားသည့် အရာမှန်သမျှ အား အကုန်ပြောမှသာ ဖြစ်နိုင်ေပလိမ့်မည်။ သို့သော် ထိုကိစ္စများအား ယခုအချိန်တွင်ပြောပြရန် မသင့်သေးချေ။
ထို့ကြောင့်ပင် ရဲရှောင် ရှောင်ထွက်ခဲ့ရခြင်း ဖြစ်သည်။
အိပ်ချင်ယောင် ဆောင်နေသည့်တိုင် ဆောင်ဂျု၏ ကျယ်လောင်လှသော ဆဲဆိုသံများသည်ရဲရှောင်၏ နားထဲသို့ အဆက်မပြတ် တိုးဝင်လျက်ရှိသည်။ ၂ နာရီတိုင်တိုင်ဝအောင်ဆဲဆိုပြီးမှသာ ဆောင်ဂျုသည်ရဲရှောင်၏ အခန်းထဲမှ ထွက်ခွာသွားတော့သည်။
ရဲရှောင်တစ်ယောက်စိတ်သက်သာရာ ရသွားဟန်ဖြင့်သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ရင်း –
[တောက် . . . ဆဲနေလိုက်တာများ ငါ့နားတောင်ကွဲထွက်တော့မယ်။ တော်တော်လေးကို လေးစားစရာ ကောင်းတယ်။ ငါတောင်မှ သူ့လို မဆဲနိုင်လောက်ဘူး။ ရှောင်နေလို့သာပဲ တော်တော့တယ် . . .]
နောက်ဆုံးတွင်မူ ရဲရှောင်တစ်ယောက်ကောင်းမွန်စွာ အိပ်စက်ခွင့် ရသွားခဲ့ပြီ ဖြစ်သည်။
ရဲရှောင် သက်ပြင်းချလိုက်ရင်း စောင်ခြုံလိုက်သည်။ မအိပ်ခင်အချိန်တွင်သူ၏ ဝိညာဉ်တော် စွမ်းအင်များအား ဟင်းလင်းပြင်များ အတွင်းသို့ ထည့်သွင်း၍ ကျင့်ကြံမှုများ ပြုလုပ်ရဦးမည် ဖြစ်သည်။ သို့သော် အာရုံစိုက်၍ မရသကဲ့သို့ ခံစားနေရသည်။ စိတ်တည်ငြိမ်လာအောင်မည်ကဲ့သို့ ကြိုးစား ကြိုးစား အချည်းနှီးပင်ဖြစ်နေခဲ့သည်။
ရဲရှောင် အံ့သြသွားမိသည်။ ယခင်က ယခုကဲ့သို့ တစ်ခါမျှ မဖြစ်ခဲ့ဖူးချေ။
[ဘာတွေဖြစ်နေတာလဲ . . . တစ်ခုခုများ မှားနေတာလား၊ ထူးဆန်းလိုက်တာ . . .]
အာရုံမစိုက်နိုင်သည့်နောက်ဆုံးတွင်အိပ်ယာထက်မှ ထထိုင်လိုက်သည်။ မျက်မှောင်ကြုတ်၍ မည်သည့်အချက် မှားယွင်းနေသည်ကို အာရုံစိုက်၍ ပြန်လည်ဆင်ခြင်သုံးသပ်ေနမိသည်။
[ဝမ်ရမ်ချူးချူးတို့အိမ်မှာ ငါဘာများ လုပ်ခဲ့မိလဲ၊ ပိုင်ရှင်းယွဲ့ကြောင့်လား။ လင်းပါအို ခန်းမမှာများလား၊ ဒါမှမဟုတ်နယ်စပ်က စစ်ပွဲတွေကြောင့်များလား။ ဘယ်အရာက ငါ့ကို စိတ်အနှောင့်အယှက် ပေးနေတာလဲ။ ငါ့ကိုယ်ငါ သတိမထားမိဘူး ဆိုတာ မရှိသလောက်ပဲဟာ . . .]
ရဲရှောင် တွေးနေမိသော်လည်း အဖြေကိုမူ ရှာမတွေ့ပေ။
“ဒီည ဘာလို့များ ငါအာရုံစိုက်လို့ မရတာပါလိမ့် . . .”
ထိုအချိန်တွင်အမိုးပေါ်မှ မိန်းမပျိုသည်လည်း ရဲရှောင်ကဲ့သို့ပင် ခံစားနေရသည်။
သူမကိုယ်တိုင်ပင်ရဲရှောင်ကဲ့သို့ တွေးနေမိသည်။
[ငါဘာလို့ အာရုံစိုက်လို့ မရတာပါလိမ့် . . .]
ဖန်ဇီလင် တစ်ဖြစ်လဲ ရဲရှောင်သည် ရုပ်ဖျက်ထားခြင်းမှ မူလ ငယ်ရွယ်ချောမောသော ပုံစံသို့ ပြန်ပြောင်းလိုက်ပြီဖြစ်ကာ အိပ်ယာထက်တွင်တစ်ကိုယ်တည်း အတွေးနယ်ချဲ့လျက်ရှိသည်။
ခေါင်မိုးပေါ်ရှိ မိန်းကလေးသည်လည်း ရဲရှောင်ကဲ့သို့ပင်အတွေးပင်လယ်ထဲမျောလွင့်လျက်ရှိသည်။
[ငါဘာလုပ်ရတော့မလဲ . . . ငါ့မှာ အသက်ရှင်ဖို့ အချိန်တစ်လတောင် မလိုတော့ဘူး။ တစ်လနေလို့မှ အသက်ဝင် ကျောက်စိမ်းကြာပန်းကို မရရင် သေရတော့မယ်။ ငါ့အသက်က အဖိုးမတန်တောင် ငါ့ဂိုဏ်းကရော ဘယ်လို လုပ်မလဲ၊ ငါ့ကာကွယ်မှု မရှိဘဲ ဂိုဏ်းတစ်ခုလုံး လုံခြုံပါ့မလား၊ ဘယ်အချိန် ပြိုကွဲမလဲ မသိနိုင်ဘူး။ ဒီလို ဖြစ်လာအောင် ငါတို့ရဲ့ ဘိုးဘေးတွေက အများကြီး ကြိုးစားခဲ့ကြရတာ။ ငါဒီကို လာတယ်ဆိုတာကလည်း ပိုင်ရှင်းယွဲ့ကို နောက်ဆုံးအနေနဲ့ လာမှာတာ။ ဒါပေမယ့်ယင်နဲ့ယန် စွမ်းအား ရှိတယ်ဆိုတဲ့ လူတစ်ယောက် အကြောင်းကို သူ့ဆီကနေ မထင်မှတ်ပဲ ကြားလိုက်ရတယ်။ အသက်ဝင်ကျောက်စိမ်း ကြာပန်းကိုမှ မသုံးရင် ဒီလိုစွမ်းအင်ကပဲ ငါ့ကို ကုသပေးနိုင်မှာ။ ဒါပေမယ့်ဒီလူနဲ့ ငါ အသားချင်းထိပြီး အပျိုစင်ဘဝပေးရမှာကတော့ စိတ်ပျက်စရာပဲ။ ဒါ ငါလုံးဝ လက်ခံနိုင်တဲ့ အချက်မဟုတ်ဘူး . . .]
[ငါ့ရဲ့ အပျိုစင်ဘဝကို တစ်သက်လုံး ဖြူဖြူစင်စင်နဲ့ စောင့်ထိန်း လာခဲ့တာ။ အခုတော့ သူစိမ်းယောက်ျားတစ်ယောက်ကို ပေးရတော့မှာပါလား။ နောက်ပြီး သူက ဒီလို အဆင့်နိမ့်ကမ္ဘာက ပုရွတ်ဆိတ်လောက် အစွမ်းနဲ့ လူတစ်ယောက် ဖြစ်နေရတယ်တဲ့လား။ ဘယ်လိုမှ လက်မခံနိုင်စရာပဲ . . .]
မိန်းမပျို၏ စိတ်ထဲတွင်အတွေးပေါင်းများစွာဖြင့်လွန်ဆွဲလျက်ရှိသည်။
အချိန်အတော်ကြာသည့်တိုင် ရဲရှောင်သည် အဖြေရှာ၍ မရခဲ့ချေ။ ထို့ကြောင့် တင်ပျဉ်ခွေ ထိုင်လိုက်ရင်း သူ၏ ကျင့်စဉ်များဖြင့် စိတ်တည်ငြိမ်အောင် ကြိုးစားကြည့်သည်။ သို့သော် မည်မျှပင် ကြိုးစားစေကာမူ ပို၍ပင်မတည်မငြိမ် ဖြစ်လာခဲ့သည်။ အဘယ်အတွက်ေကြာင့် ယခုကဲ့သို့ ဖြစ်နေရသည်ကို ရဲရှောင်မစဉ်းစားတတ်တော့ပေ။
ရဲရှောင်သည်သက်ပြင်းအကြိမ်ကြိမ်ချလိုက်ရင်း
“အရုဏ်တောင် တက်တော့မယ်။ တော်တော်ကို ထူးဆန်းတဲ့ ညပါလား . . .”
မိန်းမပျိုသည်လည်း ပတ်ဝန်းကျင်အား တစ်ချက် အကဲခတ်လိုက်ပြီးနောက်-
[ဟင် . . . အရုဏ်တောင် တက်တော့မှာပါလား . . .]
ထို့နောက်အံတင်းတင်းကြိတ်၍ မျက်စိမှိတ်လိ်ုက်ပြီး သူ၏ လက်အား ဝေ့ယမ်းလိုက်သည်။ ထိုအခါ လင်းခါစ အလင်းရောင်သည် အမှောင်ပြန်ဖုံးသွားပြီး အရာအားလုံးသည်အမှောင်အတိကျသွားခဲ့သည်။
တိမ်မည်းများစွာသည်ကောင်းကင်ထက်တွင် စုစည်းလာကြပြီး ချန်ရှင်းမြို့တော်တစ်ခုလုံးအား ဖုံးလွှမ်းသွားသည်။ တခဏအကြာတွင် မိုးခြိမ်းသံများပင်ထွက်ပေါ်လာပြီး လေပြင်းများလည်း တိုက်ခတ်သွားခဲ့သည်။
မိန်းမပျိုသည်သူ၏ ညာဘက်လက်အား ဝေ့ယမ်းလိုက်ပြီး ရဲရှောင်၏ အခန်းအား စည်းချလိုက်သည်။ ရဲရှောင်၏ အခန်းထဲသို့ စွမ်းအင်လှိုင်းများ အပြည့်ပင်ဝင်ရောက်သွားပြီး တစ်ကမ္ဘာလုံးနှင့် အဆက်အသွယ်ဖြတ်တောက်လိုက်သကဲ့သို့ တသီးတသန့်ပင်ဖြစ်သွားသည်။ ရဲရှောင်၏ အခန်းထဲသို့ မည်သူမျှ အဝင်အထွက်ပြုလုပ်၍ မရနိုင်တော့သကဲ့သို့ အခန်းထဲတွင်ဖြစ်ပျက်နေသော အသံများကိုလည်း အပြင်ဘက်မှ ကြားရတော့မည်မဟုတ်ပေ။
မိန်းမပျိုသည်အခိုးအငွေ့တစ်ခုကဲ့သို့ပင်ရဲရှောင်၏ အခန်းတွင်းသို့ ဝင်ရောက်သွားသည်။
ရဲရှောင်၏ အခန်းသည် သော့ခတ်ထားသော်လည်း သူမအဖို့ တစ်စက္ကန့်မျှပင် မကြာဘဲ ဝင်ရောက်နိုင်လိုက်သည်။
ရဲရှောင်သည် မျက်မှောင်ကြုတ်လျက် အဖြေထုတ်နေဆဲပင် ဖြစ်ပြီး ပြဿနာ၏ အရင်းအမြစ်အား သိချင်နေမိသည်။ ထိုကဲ့သို့ အာရုံစိုက်လျက် ရှိနေသောကြောင့် သူ၏ အခန်းထဲသို့ လူတစ်ယောက် ရောက်လာသည်ကို သတိမပြုမိခဲ့ချေ။
ခဏအကြာတွင်အသက်ရှူသံသဲ့သဲ့ ကြားလိုက်ရသဖြင့် ရဲရှောင်လည်း သူ၏ အခန်းထဲသို့ လူတစ်ဦး ရောက်ရှိနေမှန်း သတိထားလိုက်မိသည်။ ထိုလူသည်အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားလေသည်။
“ဘယ်သူလဲ . . .”
ရဲရှောင် အလန့်တကြားပင်အော်မေးလိုက်သည်။
[ဒီလူကို ငါအာရုံခံလို့ မရပါလား။ ကြည့်ရတာ ထူးခြားတဲ့ အစွမ်းမျိုး ရှိနေတဲ့ လူပဲ ဖြစ်ရမယ်။ အနည်းဆုံးတော့ မူလတာအိုအဆင့်ပဲ။ သေချာတာတစ်ခုက မော်တယ်ကမ္ဘာက လုံးဝ မဟုတ်ဘူး။ တခြား အဆင့်မြင့် နယ်ပယ် တစ်ခုခုက လာတာပဲ ဖြစ်ရမယ်။ ဒီလိုလူက ငါ့အခန်းထဲကို ဘာလို့ တိတ်တိတ်ေလး ဝင်လာရတာလဲ။ သူဘာလိုချင်နေတာလဲ . . .]
ရဲရှောင်၏ ခေါင်းထဲတွင်အတွေးများစွာဖြင့်ယောက်ယတ်ခတ်သွားပါတော့သည်။