Chapter – 224
“ဝမ်းနည်းနေသောဆောင်ဂျု”
အမှောင်ထဲမှ မိန်းမပျိုသည် မခိုးမခန့်ပင်ပြုံးလိုက်သည်။ ထို့နောက်သူမ၏ အဆုံးမရှိသော စိတ်ဝိညာဉ် စွမ်းအားများအား ပတ်ဝန်းကျင် အနှံ့သို့ ဖြန့်ကျက်လိုက်သည်။ ထိုအခါ တစ်စက္ကန့်မျှ အချိန်အတွင်းမှာပင် ချန်ရှင်းမြို့တော် တစ်ခုလုံးသည်ရှင်းလင်းပြတ်သားစွာဖြင့်သူမ၏ စိတ်အာရုံထဲတွင် ပေါ်လာလေသည်။
သူမ ရှိနေသောနေရာနှင့်မိုင်ငါးထောင် ပတ်လည်အတွင်း ဖြစ်ပျက်နေသော ကိစ္စမှန်သမျှအားတွေ့မြင်နေရခြင်းဖြစ်ပြီး အပ်ကျသည်ကအစပင်မြင်တွေ့နေရလေသည်။
သို့သော် ခဏအကြာတွင်ဖြန့်ကျက်ထားသော သူမ၏ စိတ်စွမ်းအင်များအား ချက်ချင်းဆိုသလိုပင်ပြန်ရုတ်သိမ်းလိုက်သည်။ ရဲရှောင်အား ရှာဖွေရန်အတွက် စိတ်စွမ်းအင်များ ဆက်လက် အသုံးပြုရမည် ဖြစ်သော်လည်း ပြန်သိမ်းလိုက်မိသည်။ ရှက်ရွံ့စိတ်ကြောင့်သူ၏ မျက်နှာ တစ်ခုလုံး ရေနွေးပူနှင့် ပက်ခံလိုက်ရသကဲ့သို့ ရှိန်းခနဲပင်ဖြစ်သွားခဲ့သည်။
“အရှက်မရှိလိုက်ကြတာ . . .”
မိန်းမပျိုသည်တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် သူမ၏ အမြင်အာရုံထဲတွင်လင်မယား စုံတွဲပေါင်း ထောင်ကျော်ခန့် လိင်ဆက်ဆံနေကြသည်ကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့ လိုက်ရသောကြောင့်ပင်ဖြစ်သည်။
ထို့ပြင်မိန်းကလေးငယ် အချို့အား အတင်းအကြပ်အဓမ္မကျင့်ရန် ကြိုးစားနေသူများကိုပင် မြင်တွေ့လိုက်ရသည်။
ထိုမြင်ကွင်းကြောင့်မိန်းမပျိုသည် ဒေါသထောင်းခနဲပင်ဖြစ်သွားပြီး ကောင်းကင်ထက်သို့ သူမ၏ စွမ်းအား အချို့အား ပစ်လွှတ်လိုက်သည်။ ထိုစွမ်းအားများသည်အသွားထက်လှသော ဓားများကဲ့သို့ပင်ကောင်းကင်ထက်မှ ပြန်ကျလာပြီး ချန်ရှင်းမြို့၏နေရာအတော်များများသို့ ကျရောက်သွားလေသည်။
ထိုနေ့ညတွင် မိန်းကလေးများအား အဓမ္မကျင့် စော်ကားတတ်ကြသည့် လူဆိုးလူသွမ်းများသည် ထူးဆန်းစွာသေဆုံးသွားခဲ့သည်။
မိန်းကလေးများသည်လည်း အနိုင်ကျင့်ခံရမည့်ဘေးမှ လွတ်မြောက်သွားကြသည်။
သူမတို့အား စော်ကားရန် ပြင်နေကြသည့် လူများသည် ချက်ချင်းဆိုသလိုပင်အသက်ပျောက် သွားခဲ့ကြရသည်။ တစ်ညတည်းဖြင့်လူ ၄၀၀ ကျော်ခန့် သေဆုံးသွားခြင်းဖြစ်သည်။
သေဆုံးသွားကြသည့် လူများ၏ အလောင်းများအားလုံးသည်တထေရာတည်းပင် ဖြစ်နေကြသည်။ ထိုလူများ၏ အပြင်ပိုင်း ပုံသဏ္ဍာန်များသည် အကောင်းပကတိ ဖြစ်နေကြသော်လည်း ကိုယ်တွင်း ကလီစာများသည်ပျက်စီးလျက်ရှိပြီး ဦးနှောက်များသည်လည်း တစ်စစီ ဖြစ်သွားကြသည်။
ထိုမျှသာမကသေး ထိုလူများ၏ ဝိညာဉ်တော်များပင် ဖျက်ဆီးခံလိုက်ကြရလေသည်။
ထိုကိစ္စသည် ချန်ရှင်းမြို့တော်အတွက် မဖြေရှင်းနိုင်သော လျှို့ဝှက်ဆန်းကြယ်မှုတစ်ခု ဖြစ်သွားခဲ့သည်။ ထိုလူများကဲ့သို့ မိန်းကလေးများအား အနိုင်ကျင့် ဖျက်ဆီးချင်ေနကြသော လူအချို့သည် စိတ်ပင်မကူးရဲတော့လောက်အောင်ကြောက်ရွံ့သွားကြသည်။
“ဒီလိုလူတွေ သေသင့်တာ ကြာပြီ။ သူတို့ မျိုးနွယ်တွေလည်း သေသင့်တယ်။ ဒီလိုကောင်တွေကို တားမှ မတားကြတာ။ အခုလို ကျူးလွန်လာအောင် မဆုံးမကြတဲ့ မိသားစုဝင်တွေ သေတာ ဝမ်းနည်းစရာ မဟုတ်ဘူး . . .”
မိန်းမပျိုသည်သူမ၏ စိတ်စွမ်းအင်အား ထပ်မံ ဖြန့်ကျက်လိုက်သည်။ ယခုအကြိမ်တွင်ရဲရှောင်အားတွေ့ရလေပြီ။ ထို့ကြောင့်တိတ်တဆိတ် ပျံသန်းလိုက်ပြီး ရဲရှောင်၏နောက်သို့ လျင်မြန်စွာဖြင့်လိုက်သွားခဲ့သည်။ ရဲရှောင်သည် စစ်သူကြီး၏ အိမ်အတွင်းသို့ ဝင်သွားသည်ကို တွေ့လိုက်ရသည်။
“ဟမ့် . . . သူက စစ်သူကြီးအိမ်က လူတစ်ယောက်ယောက်ပဲ ဖြစ်ရမယ် . . .”
မိန်းမပျိုသည် တစ်ကိုယ်တည်း ရေရွတ်လိုက်မိသည်။
တခဏအကြာတွင် မိန်းမပျိုသည်ရဲရှောင်အခန်း၏ အမိုးပေါ်သို့ ရောက်ရှိသွားသည်။
အခြေအနေများအား သိချင်သောကြောင့်တိတ်တဆိတ်စောင့်ဆိုင်း နေလိုက်သည်။
ရဲရှောင်မှာမူ မည်သည့် ထူးခြားမှုမျှ မခံစားရချေ။ အမျိုးသမီးသည်အစွမ်းထက်လွန်းလှသဖြင့် သူမ၏ လှုပ်ရှားမှုများအား မည်သူမျှ မရိပ်မိကြခြင်း ဖြစ်သည်။
ရှောင်ဧကရာဇ်ပင် သူမလောက် အစွမ်းမထက်ခဲ့ပေ။
ရဲရှောင် အခန်းထဲသို့ ဝင်လိုက်သောအခါ သူပြန်အလာအား စိတ်ပူပန်စွာ စောင့်ဆိုင်းနေသောဆောင်ဂျုအား တွေ့လိုက်ရသည်။
“မင်းဘယ်တွေ သွားနေတာလဲ . . . ဘာလို့ ဒီလောက်ထိ နောက်ကျနေရတာလဲ . . .”
ဆောင်ဂျု စိတ်ဆိုးမာန်ဆိုးဖြင့် မေးလိုက်သည်။
ဆောင်ဂျု စိတ်ဆိုးလည်း စိတ်ဆိုးချင်စရာေပ။ ရဲနန်ရှန် ထွက်သွားသည့်အချိန်မှစ၍ တူဖြစ်သူ ရဲရှောင်သည်ပေါ်လာလိုက် ပျောက်သွားလိုက်ဖြင့် ရှိနေခဲ့သည်။ ထိုကဲ့သို့ ပျောက်သွားသည့် အခါတိုင်းလည်း မည်သည့်နေရာတွင်မျှ ရှာ၍ မရခဲ့ချေ။
ယခုအခေါက်တွင်မူ ရဲရှောင်ပျောက်သွားသည်မှာ ၂ ရက်မျှ ကြာသွားပြီ ဖြစ်သောကြောင့် ပို၍ စိတ်ပူနေမိခြင်း ဖြစ်သည်။
“အဟွတ် အဟွတ် . . . ကျုပ် . . .”
ရဲရှောင် ချောင်း ၂ ချက်ခန့် ဆိုးလိုက်ရင်း စကားစလိုက်သည်။
“နေဦး . . .”
ဆောင်ဂျူမှ ဒေါသတကြီးပင်တားလိုက်သည်။
“ငါသိတယ်၊ ငါသိနေတယ်။ မင်းစကားတစ်ခုခု မပြောခင် ချောင်းဆိုးလိုက်တဲ့ အခါတိုင်း မင်းလိမ်တော့မယ် ဆိုတာကို ငါသိတယ်။ အမှန်တိုင်း ပြောစမ်း . . .”
ရဲရှောင် အံ့သြသွားဟန်ဖြင့်-
“အဟွတ် . . . ကျုပ်က လိမ်မယ် ဟုတ်လား . . .”
ဆောင်ဂျုမှ –
“မင်းဦးနှောက်လောက်နဲ့ ငါ့ကို လာမလိမ်စမ်းနဲ့။ မင်းအိမ်သာသွားရင်တောင် သေးပေါက်မှာလား ချေးပါမှာလားဆိုတာ ငါသိတယ်ကွ။ ဒီတစ်ခါ ထပ်ပြီး ချောင်းဆိုးရင် မင်းကို ရိုက်ပစ်မယ် . . .”
ရဲရှောင်တစ်ယောက်ဆွံ့အသွားမိကာ –
[ဟုတ်ပြီလေ။ ဦးလေးစကားကို နားထောင်ရမှာပေါ့။ ကျုပ်ချောင်းမဆိုးတော့ဘူး။ ချောင်းဆိုးတိုင်း သာ လိမ်ပြောတယ် ဖြစ်ရောလား၊ မဟုတ်သေးပါဘူး . . .]
“တကယ်တော့ မနေ့က ကျုပ် . . .”
ရဲရှောင်သည်ပြောလက်စ စကားအား ရပ်လိုက်ရင်း –
[ငါဘာဆက်ပြောရင် ကောင်းမလဲ။ အမှန်တိုင်း ပြောလို့လည်း မဖြစ်သေးဘူး။ ငါအဖမ်းခံရတယ် ဆိုပြီး ပြောရမှာလား။ ဒါဆိုရင် ငါဘယ်လို ပြန်လွတ်လာတယ် ဆိုတာကိုပါ ရှင်းပြ ရတော့မှာပေါ့ . . .]
အရာအားလုံး အမှန်တိုင်း ဖွင့်ပြော၍ မဖြစ်ချေ။ သူ အဖမ်းခံရသည့်ကိစ္စအား ဆောင်ဂျု သိသွားပါက ချက်ချင်းပင် ဝမ်ရမ်ချူးချူးတို့ထံသို့ လိုက်သွားမှာသေချာပေါက်ပင်ဖြစ်သည်။
အကယ်၍ လိုက်သွားခဲ့ပါက အလွန်အစွမ်းထက်သော ပိုင်ရှင်းယွဲ့နှင့်တွေ့လျှင်ဆောင်ဂျုအဖို့ အသတ်ခံရမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။
“မနေ့က ကျုပ်စိတ်ထဲ နေလို့ထိုင်လို့ သိပ်မကောင်းတာနဲ့ သွားသောက်တာပါ။ နိုးလာတော့ ပြန်ထလာတယ်လေ။ ဘာမှ အရေးမကြီးပါဘူးဗျာ . . . ဟွတ်. . . ဟွတ်. . .”
ပြောနေရင်းဖြင့် ရဲရှောင် ချောင်းထပ်ဆိုးမိလိုက်သည်။
“မင်းချောင်းဆိုး ပြန်ပြီလား၊ ဒါဆို လိမ်နေတာပဲ ဖြစ်ရမယ် . . . ပြောစမ်း၊ မင်းဘယ်တွေ သွားနေတာလဲ မှန်မှန်ဖြေ . . .”
ဆောင်ဂျု ဒေါသတကြီးပင်ပြောလိုက်သည်။
ရဲရှောင်သည် ထပ်မံ၍ ဇာတ်လမ်းဆင်ရန် ပါးစပ်ဟလိုက်ပြန်သည်။ သို့သော် သူ သတိထားနေသည့် ကြားမှပင် ချောင်းဆိုးမိသွားပြန်သည်။
“ချောင်းဆိုးပြန်ပြီ။ မင်းလိမ်တော့မယ် မဟုတ်လား။ ခွေးကောင်လေး . . . ငါ့ကို အမှန်တိုင်း ပြောလို့ မရဘူးလား။ လိမ်တာကလွဲပြီး တခြားစကား မပြောတတ်တော့ဘူးလား . . .”
ဆောင်ဂျုသည် စိတ်မထိန်းနိုင်ဘဲအော်ပြောလိုက်ပြန်သည်။
ရဲရှောင် သူ၏ ခေါင်းကိုသာငုံ့လိုက်ရင်း –
[ဘဝကြီးကလည်း ခက်ခဲလိုက်တာ . . .]
ဆောင်ဂျုသည်သက်ပြင်းချလိုက်ရင်း ခေါင်းငိုက်စိုက် ကျသွားခဲ့သည်။ ထို့နောက် ရဲရှောင်အား လှမ်းကြည့်လိုက်ရင်း –
“နောက်တစ်ခါ မင်းဘယ်ကိုပဲ သွားသွား မင်းသွားမယ့်နေရာ ငါ့မပြောချင်ရင်တောင် ဘယ်လောက် ကြာမယ် ဆိုတာလေးတော့ အသိပေးသွားစမ်းပါ။ ကျေးဇူးပြုပြီး အဲ့ဒါလေးတော့ ပြောသွားပေးပါ။ ငါ မင်းဦးလေး တစ်ယောက်အနေနဲ့ ဒါလေးတော့ တောင်းဆိုပါရစေ . . .”
“မင်းပျောက်နေတဲ့ အတောအတွင်း နတ်ဘုရားတွေဆီ ငါဘယ်လောက်ထိ ဆုတောင်း နေရလဲဆိုတာ မင်းသိလား။ အဓိကက မင်းတစ်ခုခု ဖြစ်နေမှာ စိုးလို့ကွ . . .”
ဆောင်ဂျု၏ အသံထဲတွင်စိုးရိမ်စိတ်နှင့်အတူ ဝမ်းနည်းမှုများလည်း ပါဝင်လျက်ရှိသည်။
“မင်းအဖေက မင်းကို သူ့နှလုံးသားရဲ့ အစိတ်အပိုင်း တစ်ခုလို သဘောထားတာ။ ဒါပေမယ့်တိုင်းပြည်အရေးအတွက် အခုဆို ပြန်သွားရပြီ။ ငါ့ကိုတော့ မင်းကို စောင့်ကြည့်ဖို့ တာဝန်ပေးခဲ့တာပေါ့။ ငါက အသက်လည်း ကြီးပါပြီ။ အိုလည်း အိုနေပြီ။ ငါက မင်းအဖေလည်း မဟုတ်ဘူး။ အိမ်တော်ထိန်း တစ်ယောက်ပဲ။ ဘယ်အိမ်တော်ထိန်းက အိမ်တော်ရဲ့ သခင်လေးကို အော်ဟစ်တာ မင်းမြင်ဖူးလို့လဲ။ ဒါပေမယ့်ငါကတော့ မင်းကို ဂရုစိုက်ရမှာလေ။ မင်းကို ကောင်းကောင်း မအုပ်ချုပ်နိုင်ပေမဲ့ မင်းအန္တရာယ်ကျမယ့်အဖြစ်မျိုး ငါအဖြစ်မခံနိုင်ဘူး။ ငါ့နေရာကလည်း နည်းနည်းလောက် ဝင်ပြီး ခံစားကြည့်စမ်းပါ . . .”
“ငါဘာတွေများ လုပ်ခဲ့မိလို့ ဒီသားအဖ နှစ်ယောက်ဆီမှာ အကြွေးဆပ်ေနရတာပါလိမ့်။ မင်းတို့နှစ်ယောက်အတွက် တစ်ဘဝလုံး ပေးဆပ်ခဲ့တာတောင် မလုံလောက်သေးဘူး ထင်တယ်။ နတ်ဘုရားတွေကလည်း ငါ့ကို မသနားတော့ဘူးကွာ . . .”
ဆောင်ဂျုသည်သူ၏ ဆံပင်များအား ထိုးဖွလိုက်ရင်း ဝမ်းနည်းပက်လက်ဖြင့်ရေရွတ်လိုက်ပါတော့သည်။