Chapter – 223
“ကျော့ကွင်း”
ရဲရှောင်၏ အပြုအမူကြောင့်စောင့်ကြည့်နေသော မိန်းမပျိုသည် ကြောင်ငေးသွားကာ –
[ဒီလူက ဘာလဲဟ ခုပဲသွားတယ်၊ ခုပဲ ပြန်လာတယ်။ အခု လူတွေကလည်း အများကြီး ရှိနေတော့ သူ့အနားကို အရမ်းနီးနီးကပ်ကပ်သွားလို့ မရသေးဘူး။ ငါ့နှယ်တော့ . . . ဘာဆက်လုပ်ရမှန်းကို မသိတော့ပါဘူး . . .]
ထို့နောက် ရဲရှောင်သည် လင်းပါအို ခန်းမအတွင်းသို့ ပြန်ဝင်သွားသည်ကိုတွေ့လိုက်ရပြန်သည်။ ယခုအခေါက်တွင်တော်တော်နှင့်ပြန်မထွက်မလာတော့ချေ။
မိန်းမပျိုသည်အပြင်ဘက်တွင် စိတ်ရှည်လက်ရှည်ဖြင့်စောင့်ဆိုင်းနေလေသည်။ အတော်အတန်ကြာသည်အထိ ရဲရှောင်ထွက်မလာ၍ သူမ၏ စိတ်စွမ်းအားဖြင့် ရဲရှောင်အား ကြည့်လိုက်သည်။ ထိုအခါ
အသည်းပေါက်မတတ်ပင်မကျေမနပ် ဖြစ်သွားလေသည်။အဘယ်ကြောင့်ဆိုသော် ဖန်ဇီလင်သည် လင်းပါအိုခန်းမအတွင်း၌ အေးအေးလူလူဖြင့်ပင်အရက်ထိုင်ေသာက်လျက် ရှိနေသည်ကို တွေ့လိုက်ရသောကြောင့်ဖြစ်သည်။
ဖန်ဇီလင်၏ ဘေးတွင် အနှစ်တစ်သောင်းလျှင် တစ်ကြိမ်ပင် မြင်ရခဲလှသည့် အလွန်တရာ ဝလှသည့် လူဝကြီးတစ်ဦး ထိုင်နေလေသည်။ ထိုလူဝကြီး၏ အသားများသည် တွဲကျနေပြီး ဖန်ဇီလင်အပေါ် ရိုရိုကျိုးကျိုးဖြင့်ဆက်ဆံနေသည်ကို သူမတွေ့လိုက်ရသည်။
ဖန်ဇီလင်သည် မှိုရသည့်မျက်နှာမျိုးဖြင့်ပင်သောက်လျက်ရှိနေပြီး တစ်ချက်တစ်ချက်တွင်ကျယ်လောင်စွာ ရယ်မောလိုက်ပြန်သည်။ ထိုကဲ့သို့ ရယ်မောလိုက်သည့်အခါတိုင်း သူ၏ ပါးစပ်ထဲရှိ သွားများ ပင်အကုန်ပေါ်သွားလေသည်။
“ဘာလဲဟ . . .တော်တော်ကြာတဲ့အထိ လျှောက်သွားပြီးမှ ရုတ်တရက် ပြန်လှည့်လာပြီး ဘာလို့ လာသောက်နေရတာလဲ . . .”
အမှောင်ထဲမှ မိန်းမပျိုသည် နားမလည်ဟန်ဖြင့် ရေရွတ်လိုက်သည်။
ထိုမိန်းမပျိုသည် ချင်းယန်နယ်ပယ်မှ အစွမ်းထက်ဆုံး ပညာရှင် ၃ ဦးထဲမှ တစ်ဦးပင် ဖြစ်သည်။ ထို့ပြင်အတွေ့အကြုံများလည်း ကြွယ်ဝသူတစ်ဦးဖြစ်သောကြောင့်သူမအား ယှဉ်နိုင်သည့်လူဟူ၍ မရှိသလောက်ပင်ဖြစ်သည်။
သို့သော် ထိုကဲ့သို့ ပါးရပ်နပ်ရည် ရှိလှသည့် လူတစ်ယောက်ပင်ဖြစ်လင့်ကစား ဖန်ဇီလင်၏ အပြုအမူများနှင့် ပတ်သက်၍ နားမလည်နိုင်အောင်ပင်ဖြစ်လျက်ရှိသည်။
[သူတစ်ခုခုကိုများ အာရုံခံမိသွားလို့လား။ မဖြစ်နိုင်ဘူး၊ လုံးဝမဖြစ်နိုင်ဘူး။ သူက ဘာအဆင့်မှ မရှိသေးတဲ့ဟာ နောက်ထပ် နှစ်တစ်သောင်းလောက် ကျင့်ကြံမှုတွေ လုပ်ပါစေဦး ငါ့ကို ဘယ်လိုမှ သတိပြုမိစရာ အကြောင်းမရှိဘူး . . .]
. . .
ဖန်ဇီလင်တစ်ယောက်အချိန်များအားမေ့လျော့၍ ပျော်ရွှင်စွာ သောက်စားနေခဲ့သည်မှာ ညအချိန်သို့ပင် ရောက်ရှိလာခဲ့ပြီဖြစ်သည်။
အပြင်ဘက်တွင်မှောင်ရိပ်ခို၍စောင့်ဆိုင်းနေသည့်မိန်းမပျိုသည်လည်း စိတ်မရှည်တော့သောကြောင့်သက်ပြင်းများ တဟင်းဟင်းချရင်းဒေါသထွက်နေမိသည်။မကျေမနပ်ဖြင့်အံတကြိတ်ကြိတ်လုပ်ရလွန်း၍ သွားများပင် ကျိုးမတတ် ဖြစ်နေခဲ့သည်။
တစ်မြို့လုံးအား အမှုန့်ချေပစ်ချင်နေသည့် စိတ်များခဏခဏ ချိုးနှိမ်၍ ထားနေရသည်။ ဖန်ဇီလင်အား ကြည့်ကာ တောက်တခေါက်ခေါက်ဖြင့်ပင်ဒေါသထွက်နေမိရင်း –
[တောက် . . . သောက်ချင်လှချည်ရဲ့ ဆိုလည်း သောက်ပေါ့။ အခုဟာက မဟုတ်သေးပါဘူး၊ လက်သည်းခွံလောက်ရှိတဲ့ ခွက်လေးတစ်ခွက်ကို အခါတစ်ရာလောက် မော့နေတယ်။ ဒီလူက ဘာလဲဟ၊ လူတောင် ဟုတ်ရဲ့လား . . .]
မီးများ ထိန်ထိန်လင်းလာသည့် အချိန်မှသာ ဖန်ဇီလင်သည် ထိုင်ရာမှ ထလိုက်သည်။
“နောက်ဆုံးတော့ ပြီးပြီထင်တယ် . . .”
အမှောင်ထဲမှ မိန်းမပျိုသည်စိတ်သက်သာရာ ရသွားဟန်ဖြင့် ရေရွတ်လိုက်သည်။
“နောက်ထပ် ရူးကြောင်ကြောင် အလုပ်တွေ ထပ်မလုပ်ဖို့ မျှော်လင့်ရတာပဲ . . .”
သို့သော် သူမ၏ အထင်နှင့်အမြင်သည်တက်တက်စင်အောင်ပင်လွဲသွားခဲ့သည်။
သူ ကြည့်နေသည့်အချိန်မှာပင်ဖန်ဇီလင်သည် ကျောက်မျက်ရတနာဆိုင် တစ်ဆိုင်သို့ ဝင်သွားပြန်သည်။
အထဲသို့ ရောက်သောအခါ ဖန်ဇီလင်သည်ဟိုဟိုဒီဒီ လျှောက်ကိုင်ရင်း ကြည့်နေလေသည်။ သူကြိုက်သည့် ပစ္စည်းဆိုလျှင် ဈေးဆစ်ပြန်သည်။ ရောင်းသူနှင့် ဝယ်သူအကြား ဈေးဆစ်ခြင်း ဟူသည်မှာ မထူးဆန်းသော ကိစ္စတစ်ခု ဖြစ်သော်လည်း ဖန်ဇီလင်မှာမူ အနည်းငယ် ထူးဆန်းနေသည်။ ဖန်ဇီလင်သည် ငွေစ ၈၄၀ တန်သော ပစ္စည်းအား ငွေစ ၂ စဖြင့် ရအောင် ဈေးဆစ်နေခြင်းပင်ဖြစ်သည်။ ဆိုင်ရှင်ဖြစ်သူမှ မည်သည့်နည်းနဲ့မျှလက်မခံနိုင်သော်လည်း ဖန်ဇီလင်သည် ငွေစ ၁ စခွဲခန့်ဆီ တိုးတိုးပေး၍ ဆစ်နေပြန်သည်။ ထိုကဲ့သို့ ဈေးဆစ်နေသည်နှင့်ပင် ၂ နာရီခန့် ကြာမြင့်သွားခဲ့သည်။ နောက်ဆုံးတွင်မူ ငွေစ ၃၃၀ ဖြင့် ရရှိသွားလေတော့သည်။
နောက်ယောင်ခံလိုက်လာသော မိန်းမပျိုသည် ဒေါသထွက်လွန်းသဖြင့် အသားများပင် တဆတ်ဆတ် တုန်လျက်ရှိသည်။
ဆိုင်ရှင်ဖြစ်သူမှာလည်း မျက်စိပျက်မျက်နှာပျက်ပင်ဖြစ်နေပြီး ဖန်ဇီလင်အား စကားအဖတ်လုပ်၍ပင်မပြောချင်တော့ပေ။ ထို့ကြောင့် မတန်တဆ ဈေးလျော့၍ ရောင်းချပေးလိုက်ခြင်း ဖြစ်သည်။ ပစ္စည်းတစ်ခု အတွက်နှင့် စိတ်ရှုပ်မခံချင်တော့သကဲ့သို့ အချိန်ကုန်လည်း မခံချင်တော့ပေ။ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆို၍ မရောင်းဘူး ဆိုပါကလည်း အများအမြင်တွင် သူ၏ဆိုင် သိက္ခာကျနိုင်လေသည်။
ထို့နောက် ဖန်ဇီလင်သည် ဆံထိုးတစ်ချောင်းဖြင့် သူ၏ နားအား သန့်ရှင်းရေး လုပ်နေရင်း ဆိုင်ထဲမှ ပြန်ထွက်လာခဲ့သည်။ ဆံထိုးဖြင့်နားဖာကလော်ပြီးသောအခါ နားမှ အညစ်အကြေးများအား လက်ဖြင့် ဖယ်လိုက်ရင်း အနံ့ရှူလိုက်ပြန်သည်။
“ဝေါ့ . . .”
ဖန်ဇီလင်သည်ဖယ်လိုက်ရှူလိုက်ဖြင့်လေးငါးခါမကပင်လုပ်နေလေသည်။ စောင့်ကြည့်နေသော မိန်းကေလးသည် ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ အလွန်ပင်အော်ဂလီဆန်မိသွားသည်။
“တော်တော် အရှက်မဲ့တဲ့ လူပါလား။ ဟိုမိန်းကလေးတွေက ဒီလိုလူမျိုးနဲ့များ အသားချင်းထိဆက်ဆံပြီး သူတို့ရဲ့ အပျိုစင်ဘဝကိုပေးချင်နေကြသေးတယ်။ ဒီလိုလူထိတာ ခံမယ့်အစား အသေခံလိုက်တာကမှ ကောင်းဦးမယ် . . .”
ရွံလွန်းသဖြင့်သူမကိုယ်သူမ သတ်သေပစ်ချင်စိတ်ပင် ပေါက်နေလေသည်။
ထို့နောက်ဖန်ဇီလင်သည် အလှပြင်ပစ္စည်းရောင်းသည့် ဆိုင်တစ်ဆိုင်သို့ ဝင်လိုက်ြပန်သည်။ ထိုမှတဆင့် လက်နက်ပစ္စည်းများ ရောင်းသည့်ဆိုင်သို့ ထပ်မံ၍ ဝင်ရောက်ပြန်သည်။
ထိုသို့ဖြင့်ဆိုင်ပေါင်းများစွာ တစ်ဆိုင်ပြီးတစ်ဆိုင် ဝင်နေခဲ့သည်။
အဆိုပါ ဆိုင်များ၏ ဆိုင်ရှင်များသည် ဖန်ဇီလင်၏ အဆမတန် ဈေးဆစ်ခြင်းအပေါ် သည်းမခံနိုင်ကြတော့ဘဲ မျက်စိပျက် မျက်နှာပျက်စွာဖြင့် ဈေးများလျော့ကာ ရောင်းလိုက်ကြသည်။
နောက်ဆုံးတွင်မူ ဖန်ဇီလင်သည် ကျောက်စိမ်းဆိုင် တစ်ဆိုင်မှကျောက်စိမ်းတုံး နှစ်တုံးကိုင်ဆောင်၍ ထွက်လာလေသည်။ ဖန်ဇီလင်၏ ဈေးဆစ်သည့် အသံများအား နားမထောင်ချင်တော့သောကြောင့်အ မိန်းမပျိုသည်ကျောခိုင်း၍သာ နေနေခဲ့သည်။ ကြားမိပါက ဒေါသထွက်မိနေဦးမည် မဟုတ်ပါလော။
သန်းခေါင်ယံ အချိန်သို့ပင်ရောက်လာပြီ ဖြစ်သောကြောင့်လမ်းမပေါ်တွင်လူသွားလူလာဟူ၍ မရှိတော့ချေ။
ရဲရှောင်သည် တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်ဖြင့်မြို့ပတ်နေရခြင်းမှာ သူ၏နောက်မှ တစ်စုံတစ်ယောက် လိုက်လာမည်စိုး၍ အာရုံခံနေခြင်းပင် ဖြစ်သည်။
နောက်ဆုံးတွင် မည်သူမျှ မရှိကြောင်း အတည်ပြုလိုက်မိသည်။ သူအမှတ်မှားခြင်း ဖြစ်နိုင်သည်ဟုလည်း ရဲရှောင်တွေးလိုက်မိသည်။ အကယ်၍ သူ၏ နောက်သို့ တစ်စုံတစ်ေယာက် လိုက်လာခဲ့မည် ဆိုပါက ထိုလူသည် သူ၏ လုပ်ရပ်များကြောင့်စိတ်ညစ်လွန်း၍ ထွက်သွားပေလိမ့်မည်။
တိတ်ဆိတ်ငြိမ်သက်သော မြို့လယ်လမ်းမပေါ်တွင် ရဲရှောင်တစ်ဦးတည်းသာ ထီးထီးကြီး ကျန်ရှိတော့သည်။ သူ၏ ရန်သူသာ ဆိုပါက လူသူမရှိသည်ကို အခွင့်ကောင်းယူ၍ ယခုနေရာတွင် လာရောက်တိုက်ခိုက် ပေလိမ့်မည်။
သို့သော် မည်သည့် ထူးခြားမှုမျှ မတွေ့ရချေ။
ထို့ကြောင့် သူ၏ အာရုံခံမှု တစ်ခုခု မှားယွင်းနေသည်ဟုသာ မှတ်ယူလိုက်မိသည်။
[ငါမှားတာပဲ ဖြစ်မှာပါ။ ငါ့ရဲ့ အာရုံခံနိုင်စွမ်းကလည်း သိပ်မှ မမြင့်သေးတာ အဲဒီတော့ မှားနိုင်တာပဲ . . .]
ရဲရှောင်သည် စိတ်သက်သာရာ ရသွားသည့်ဟန်ဖြင့် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပြီးနောက် ရယ်မောခြင်း ကောင်းကင် ခြေလှမ်းကို အသုံးပြုကာ လှစ်ခနဲပင်ပြေးထွက်သွားသည်။
“ဝှစ်. . .”
ရဲရှောင်သည်ချက်ချင်းပင် ပျောက်ကွယ်သွားခြင်း ဖြစ်သည်။
[ငါအိမ်မပြန်တာ နည်းနည်းကြာနေပြီဆိုတော့ ဦးလေးဆောင်လည်း ငါ့ကို စိတ်ပူနေလောက် ရောပေါ့ . . .]
ရဲရှောင်သည်တွေးရင်းဖြင့်အိမ်သို့ ခပ်မြန်မြန်ပင် သုတ်ခြေတင်ကာ သွားလိုက်သည်။
ညသည်ေမှာင်မိုက်ေနသည့်အပြင် လမ်းမပေါ်တွင်လည်း မည်သူမှ ရှိမနေသောကြောင့် သူ၏ လှုပ်ရှားမှုအား မည်သူတစ်ဦးတစ်ယောက်ကမျှ သတိပြုမိလိမ့်မည် မဟုတ်ဟု ရဲရှောင်ေတွးနေမိသည်။
မိန်းမပျိုသည် သူမ၏ ရင်ထဲရှိ ဒေါသများအား ချုပ်တည်း၍နေနေရသည်။ထိုအချိန်တွင်တစ်ခုခု ရွေ့လျားသွားသည့် အသံအား ကြားလိုက်ရပြီး သူမချက်ချင်း လှည့်ကြည့်လိုက်သောအခါ ဖန်ဇီလင် မရှိတော့သည်ကို မြင်တွေ့လိုက်ရသည်။
ထိုအချိန်မှသာ သူ၏ စိတ်ထဲ သဘောပေါက်သွားလေသည်။
[ဒီလူက တမင် ဟန်ဆောင်နေခဲ့တာပဲ။ သူ့နောက်ကို တစ်ယောက်ယောက် လိုက်နေတာ သိလို့ ထင်တယ် . . .]
ရဲရှောင်သည် သူ၏နောက်သို့ မည်သူမျှ လိုက်နိုင်တော့မည် မဟုတ်ဟု တွေးမိသည့်အလျောက် စိတ်လက်ပေါ့ပါးစွာပင် အိမ်သို့ပြန်သွားခဲ့သည်။
အမှောင်ထဲမှ မိန်းကလေး၏ စိတ်ထဲတွင်လည်း –
[လင်းပါအိုလိုလေလံခန်းမကို ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်က ဈေးပေါပေါ ပစ္စည်းတွေကို ဆိုင်လေးတွေကနေ အဆမတန် ဈေးဆစ်ပြီး ဝယ်နေတာ အချိန်ဆွဲနေတဲ့ သဘောများလား၊ တကယ်ဆို သူက ဒီမော်တယ်ကမ္ဘာမှာ အချမ်းသာဆုံးတောင် ဖြစ်ဦးမယ် . . .]
“ကောင်းပြီလေ . . . ရှင်အခုတော့ပြေးထားဦးပေါ့။ ရှင်ကျွန်မလက်က လွတ်မယ်များ ထင်နေတာလား . . .”
အမှောင်ထဲမှ မိန်းမပျိုသည်ခနဲ့တဲ့တဲ့ပင်ရေရွတ်လိုက်ပါတော့သည်။