Chapter – 222
“နောက်ယောင်ခံလိုက်ခြင်း”
ဝမ်ရမ်ချူးချူးသည်မျက်မှောင်ကြုတ်ရင်း တစ်ကိုယ်တည်း အတွေးနယ်ချဲ့နေမိသည်။
[ငါသူ့ကို ကြိုက်နေတာလား၊ မဟုတ်သေးပါဘူး၊ ဒါဆို မကြိုက်ဘူးလား။ အင်း . . . ငါ့ကိုယ်ငါတောင် မသိတော့ပါလား။ သူက ဂိုဏ်းအတွက် အရေးပါဆုံးလူပဲ။ ဒါပေမယ့်ဒီမှာတော့ သူက ငါ့ရဲ့ ရန်သူ။ သူ့ကို သတ်လို့လည်းမရသလို ကြိုက်လို့လည်း မဖြစ်ပြန်ဘူး။ ငါဘာလုပ်ရတော့မှာလဲ . . .]
ဝမ်ရမ်ချုးချူး၏ စိတ်ထဲတွင်အတွေးများဖြင့်ရှုပ်ထွေး နောက်ကျိလျက်ရှိသည်။
ပိုင်ရှင်းယွဲ့သည်လည်း ထိုနည်းတူပင်ဖြစ်သည်။ သူ၏ စိတ်ထဲတွင်မည်သို့ဆုံးဖြတ်ရမည်ကိုဝေခွဲမရ ဖြစ်နေလေသည်။
သူမတို့ နှစ်ဦးသည် မည်သည့်စကားမျှ ဆက်မပြောကြဘဲ ကိုယ်စီ အတွေးနယ်ချဲ့နေကြသည်။
ပိုင်ရှင်းယွဲ့၏ စိတ်ထဲတွင် –
[တကယ်လို့သာ အဆင်ပြေသွားမယ်ဆိုရင်ငါ့ဂိုဏ်းကိုတောင် ငါပြန်နိုင်လောက်မယ်။ ငါ့ဝေဒနာ သက်သာသွားရင် အစ်မကျွင့်ကိုလည်း သွားတွေ့လို့ရမယ်။ သူရော ဘယ်လိုနေလဲ မသိဘူး။ နောက်ပြီး ဟိုစကားစုကို ဘယ်သူ့ ပြောမိသေးလဲလို့ မေးကြည့်ရဦးမယ်။ ဒီလို စကားကို မော်တယ်ကမ္ဘာက လူ က ဘယ်လိုလုပ်ပြီး ကြားဖူးနေရတာလဲ . . .]
ပိုင်ရှင်းယွဲ့သည် သက်ပြင်းချလိုက်ရင်း –
“ယင်နဲ့ယန် စွမ်းအားကို သုံးပြီး ဝေဒနာကို ကုသတာ တကယ်ကို ကောင်းတယ်။ ဒါပေမယ့်ကုပေးမယ့်လူက ဘာကြောင့် ယောကျာ်းဖြစ်နေရတာလဲ . . .”
အမိုးပေါ်မှလူသည်အောက်သို့ အသာအယာ ဆင်းသွားလေသည်။ သူမ၏ နှုတ်မှလည်း တတွတ်တွတ်ဖြင့် –
“လင်းပါအိုခန်းမ၊ ဖန်ဇီလင်၊ ယင်နဲ့ယန် စွမ်းအား . . . ဝေဒနာကို ကုပေးနိုင်တယ် . . .”
“အသားချင်းထိတွေ့ဆက်ဆံပြီး ကုမှာ . . .”
စကားလုံးများကြောင့်သူမကိုယ်တိုင်သည်လည်း စိတ်ရှုပ်ထွေးနေသည့်ပုံပင်။
ထို့နောက် ခေါင်းခါယမ်းလိုက်ရင်း ချက်ချင်းဆိုသလိုပင်ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။
မော်တယ်ကမ္ဘာတွင် ထိုကဲ့သို့ စွမ်းအင်မျိုးအား မည်သူမျှ ပိုင်ဆိုင်လိမ့်မည် မဟုတ်ချေ။
. . .
ရဲရှောင်သည်ဝမ်ရမ်ချူးချူးတို့ထံမှ ပြန်လာပြီးနောက် သူ၏ စိတ်ထဲတွင်နားမလည်နိုင် ဖြစ်နေမိသည်။
[သူတို့က ငါ့ကို ဒီအတိုင်း အလွယ်တကူ ပြန်ခွင့်ပေးလိုက်တာလား၊ ငါ့ကို ဘာလို့ မဖမ်းထားကြတာလဲ မသိဘူး။ ညှိနှိုင်းမှုတောင် မလုပ်ကြတော့ပါလား။ ငါဒီအတိုင်းလေး လမ်းလျှောက်ထွက်လာတာတောင် ငါ့နောက်က လိုက်မလာကြဘူး။ ဘာတွေများ ဖြစ်နေတာပါလိမ့်။ အဓိပ္ပါယ်တော့ မရှိဘူး . . .]
ရဲရှောင်သည်ဝမ်ရမ်ချုးချူးတို့အပေါ်တွင်တမင်ဟန်ဆောင်၍ဒေါသထွက်ပြခဲ့ခြင်းသည်ထိုနေရာမှ အမြန်ဆုံး လွတ်မြောက်ချင်၍ ဖြစ်သည်။
ယခုကဲ့သို့ အမြန်ဆုံးထွက်လာနိုင်၍သာ တော်သေးသည်ဟု ရဲရှောင်တွေးနေမိသည်။ ထိုမိန်းကလေးများနှင့် ရေရှည် အတူနေမိပါက သူ့အဖို့ စိတ်ကျဉ်းကြပ်ရမည်မှာ အမှန်ပင်ဖြစ်သည်။
နောက်ဆုံးတွင်မူ အန္တရာယ်ထောင်ချောက် အတွင်းမှ လွတ်မြောက်နိုင်ခဲ့ပြီ ဖြစ်သည်။
သို့သော် ရဲရှောင်၏ စိတ်ထဲတွင်ထူးဆန်းနေသကဲ့သို့ ခံစားနေရသည်မှာ အမှန်ပင် ဖြစ်သည်။
လင်းပါအိုခန်းမသို့ ရောက်သည့်တိုင်အောင် ထိုခံစားချက်အား ခံစားနေရတုန်းပင် ဖြစ်သည်။
ပိုင်ရှင်းယွဲ့တို့သည်သူ့အား အလွယ်တကူ ပြန်လွှတ်လိုက်ခြင်းသည်သူ၏နောက်မှ လိုက်လာရန် ကြံစည်နေခြင်းကြောင့်သာ ဖြစ်မည်ဟုပင်ရဲရှောင်တွေးနေမိသည်။ သူ၏ သရုပ်အမှန်အား စုံစမ်းချင်၍လည်း ဖြစ်နိုင်ပေသည်။ လင်းပါအိုခန်းမသို့ ပြန်လာရာလမ်းတစ်ေလျှာက်တွင် ရဲရှောင်သည် သူ၏ စိတ်စွမ်းအင်များ ဖြန့်ကျက်၍ ပတ်ဝန်းကျင်အား အဆက်မပြတ် အာရုံခံလာသည့်တိုင် မည်သည့်အရာမျှ ထူးထူးခြားခြား မတွေ့ခဲ့ရချေ။
ထိုကဲ့သို့ မတွေ့ရှိရခြင်းသည် အကြောင်းရင်းနှစ်ချက်ကြောင့်သာ ဖြစ်နိုင်ပေသည်။ ပထမ အချက်မှာ ပိုင်ရှင်းယွဲ့၏ အစွမ်းသည် သူ့ထက်ပို၍ မြင့်နေသောကြောင့်ရဲရှောင်အနေဖြင့်သတိမပြုမိခဲ့ခြင်း ဖြစ်နိုင်သည်။
တကယ်တမ်းတွင်မူ ပိုင်ရှင်းယွဲ့သည်လည်း ရဲရှောင်၏ အစွမ်းအား ကောင်းစွာ မသိရှိချေ။ သူမ၏ စိတ်ထဲတွင် ကောင်းကင်အဆင့်ပင် မရောက်သေးသည့် လူတစ်ဦးအား နောက်ယောင်ခံ လိုက်ရသည်မှာ အလွန်လွယ်ကူသည်ဟု ထင်ကောင်း ထင်နေပေလိမ့်မည်။ ရဲရှောင်ဘက်မှလည်း သတိမထားမိလောက်ဟုတွေးကောင်းတွေးနိုင်ပေသည်။ သို့သော် ရဲရှောင်သည် ရှောင်ဧကရာဇ်ပင် မဟုတ်ပါလော။
ယခင်ဘဝမှ ရှောင်ဧကရာဇ်သည် ပိုင်ရှင်းယွဲ့ထက် အဆပေါင်းများစွာ အဆင့်မြင့်လေသည်။ သူ၏ အာရုံခံနိုင်မှု အတွေ့အကြုံအား ပိုင်ရှင်းယွဲ့အနေဖြင့်ယှဉ်နိုင်မည် မဟုတ်ချေ။ သူမသာ လိုက်လာခဲ့မည်ဆိုပါက ရဲရှောင်ဘက်မှသေချာပေါက်အာရုံခံမိပေလိမ့်မည်။ သို့သော် ယခုအခါတွင်မည်သူ့ကိုမျှ အာရုံခံ၍ မရခဲ့ချေ။
ဒုတိယအချက်သည်မည်သူမျှ အမှန်တကယ်နောက်ယောင်ခံ၍ မလိုက်လာသောကြောင့်ပင် ဖြစ်နိုင်လေသည်။
[မဟုတ်သေးပါဘူး . . . ငါ့ကိုလည်း ဘယ်သူမှ နောက်ယောင်ခံ မလိုက်ပါလား . . .]
သူ၏နောက်သို့ မည်သူမှနောက်ယောင်ခံ လိုက်လာခြင်းမရှိ သေချာသောအခါမှသာ ရဲရှောင်သည် လင်းပါအို ခန်းမအတွင်းသို့ ဝင်သွားခဲ့သည်။ ပို၍စိတ်ချသွားစေရန်အတွက်ရဲရှောင်သည် ညဘက်အိမ်မပြန်တော့ဘဲ လင်းပါအိုခန်းမ၌သာ အိပ်ရန်ဆုံးဖြတ်လိုက်သည်။
တစ်ညလုံးသာမက နောက်တစ်နေ့ တစ်နေကုန်သည်အထိ မည်သူမျှ လိုက်လာခြင်း မရှိကြောင်း သိလိုက်ရသည့်အတွက် ရဲရှောင်လည်း စိတ်သက်သာရာ ရသွားခဲ့သည်။
ထို့ကြောင့် လင်းပါအိုမှ ရှားပါးကျောက်တုံးအချို့ ယူဆောင်၍ ပြန်လည် ထွက်ခွာလာခဲ့သည်။ ယခုအခါ ရဲရှောင်တစ်ယောက်စိတ်အေးလက်အေးဖြင့်ပင်ရှိနေလေသည်။
သို့သော် လင်းပါအိုမှ ထွက်လိုက်သည့် အချိန်တွင် ထူးဆန်းသော ခံစားမှုတစ်မျိုးအား ရုတ်တရက်ခံစားလိုက်ရသည်။
မည်သည့်အရာမျှ ရှိမနေသော်လည်း တစ်စုံတစ်ခုအား ကြောက်လန့်နေသကဲ့သို့ ခံစားနေမိခြင်း ဖြစ်သည်။
တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း ရဲရှောင် ရိပ်စားမိလိုက်သည်။
သူ၏ စိတ်စွမ်းအား အာရုံခံမှုအရ တစ်ယောက်ယောက်မှ သူ့အား စောင့်ကြည့်နေပြီ ဖြစ်ေကြာင်းသိလိုက်ရသည်။
ရဲရှောင်သည် ကောင်းကင်အဆင့်သို့ ရောက်တော့မည့်လူတစ်ယောက်ပင်ဖြစ်သည်။ ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် ကောင်းကင်အဆင့်ပညာရှင် ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် ယခုကဲ့သို့ကြောက်ရွံ့နေမိသည့် ခံစားချက်သည် သူ့အတွက်မူ အထူးအဆန်းသဖွယ်ပင်ဖြစ်နေလေသည်။ ဖြစ်ပေါ်နေသည့်အခြေအနေကြောင့်ရဲရှောင်တစ်ယောက်မျက်မှောင်ကြုတ်လိုက်ရင်း –
[နောက်ဆုံးတော့လည်း ရောက်လာပြီပေါ့။ ငါ့ရဲ့ စိတ်စွမ်းအင်ေတွက ငါ့ကို တစ်ယောက်ယောက်က စောင့်ကြည့်နေတယ်လို့ သတိပေးနေတယ်။ စောင့်ကြည်နေတဲ့ လူကလည်း ငါ့ထက် အများကြီး သာတဲ့လူ ဖြစ်ရမယ်။ အဲဒါကြောင့် ငါ သူ့ကို သေချာ အာရုံမခံမိခဲ့တာပဲ။ ငါဘယ်သူလဲဆိုတာ သိချင်နေတဲ့ ဝမ်ရမ်ချူးချူးတို့ ဂိုဏ်းကလူတစ်ယောက်ယောက်များ ဖြစ်နေမလား။ ဒီလူက ပိုင်ရှင်းယွဲ့တော့ မဖြစ်နိုင်ဘူး။ မဟုတ်ရင် သူ့ကို ငါအာရုံခံမိခဲ့မှာပေါ့။ သူနဲ့ ငါနဲ့က တွေ့ဖူးထား ဆက်ဆံဖူးထားတော့ သူ့ရဲ့ အငွေ့အသက်ကို ငါသိနေပြီ။ ဒါဆို ဒီလူက ဘယ်သူလဲ။ သူတို့ဂိုဏ်းက တော်တော်ပဲ အင်အားကြီးတာလား။ ပိုင်ရှင်းယွဲ့လို အဆင့်မျိုး နောက်တစ်ယောက် ရောက်နေတာလား။ ငါထွက်ပြေးသွားမှာကို ကြောက်နေကြတာလား . . .]
ရဲရှောင်တွေးရင်းတွေးရင်းဖြင့်ခပ်ဖြည်းဖြည်းပင်လျှောက်သွားလိုက်သည်။
[ဒါဆို တတိယ ဖြစ်နိုင်ချေတစ်ခု ထပ်တိုးလာပြီ။အဝေးကြီးကနေ ဆရာသခင်အဆင့် ရှိတဲ့ ပညာရှင်ကြီး တစ်ယောက်ယောက်က ငါ့ကို စောင့်ကြည့်နေတာ ဖြစ်မယ်။ ဒီလို ပညာရှင်မျိုးမို့သာ ငါ့စိတ်ထဲ ကြောက်လန့်သလို ခံစားနေမိတာ။ အနည်းဆုံးတော့ မူလတာအို အဆင့် ၆ တော့ ရှိမှာပဲ . . .]
[ဘယ်လိုပဲဖြစ်ဖြစ် ငါ့ကို တစ်ယောက်ယောက် စောင့်ကြည်နေတယ် ဆိုတာတော့ သေချာသွားပြီ။ အဲဒီပညာရှင်က သွားရင်းလာရင်းနဲ့ ငါ့ကို မြင်လုိ့ ကြည့်နေတာလား၊ ဒါမှမဟုတ် တမင်ကို စောင့်ကြည့်နေတာများလား။ သွားရင်းလာရင်း ကြည့်မိတာဆို ကိစ္စမရှိဘူး။ တမင်ကို စောင့်ကြည့်နေတာ ဆိုရင်တော့ ငါ့အိမ်ငါပြန်ရင် ငါ့သရုပ်အမှန် ပေါ်သွားလောက်တယ် . . .]
ထိုအချက်အား စဉ်းစားလိုက်မိသည့်အတွက်ရဲရှောင်သည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
ယခုကဲ့သို့ စောင့်ကြည့်ခံရသည့် အဖြစ်အား ရဲရှောင်မအံ့ဩမိချေ။ သူမျှော်လင့်ထားသည့် အတိုင်းပင် မဟုတ်ပါလော။ ရဲရှောင်သည်မျက်နှာတွင် မည်သည့်ဟန်ပန်မျိုးမျှ မပြဘဲ လက်ပိုက်၍သာ စိတ်အေးလက်အေးဖြင့်သာ လမ်းလျှောက်သွားလိုက်သည်။
ထိုအချိန်တွင်ဖန်ဇီလင်အား လမ်းထောင့်ချိုးမှ စောင့်ကြည့်နေသော လူသည် မျက်မှောင်ကြုတ်လျက်-
“ဒီလူက ဖန်ဇီလင်ပဲ ဖြစ်ရမယ်။ ဒါနဲ့ ဘာလို့ သူက ဖြည်းဖြည်းချင်း သွားနေရတာလဲ . . .”
စောင့်ကြည့်နေသော ထိုလူသည် အမျိုးသမီးတစ်ဦးပင် ဖြစ်သည်။
သူမသည် ရဲရှောင် တောင်မှ မြောက်သို့ ခပ်ဖြည်းဖြည်း လျှောက်သွားနေသည်ကို ငေးစိုက် ကြည့်နေမိသည်။ ထိုအချိန်တွင်ရဲရှောင်သည် ရုတ်တရက် ရပ်တန့်လိုက်ပြီး ခေါင်းကိုကုတ်လျက် နောက်ကြောင်း ပြန်လှည့်လာသည်ကို မြင်တွေ့လိုက်ရပါတော့သည်။
Top of Form