Chapter – 221
“အမည်မသိ”
“ငါတို့တွေ အဲဒီနေ့ကိုပဲ စောင့်ကြတာပေါ့။ ငါတို့ရဲ့ခေါင်းဆောင်မရှိတော့ရင် ရန်သူတွေ ဒီကို သေချာပေါက် ရောက်လာမှာပဲ။ အဲဒီနေ့ကျမှ ငါတို့ စုပေါင်းပြီး သူတို့ကို ငရဲပို့ပစ်မယ်တိုက်ရင်းနဲ့ ငါတို့ အတူသေကြတာပေါ့။ အဲ့ဒီအခါကြမှ တမလွန်ကနေခေါင်းဆောင်ကို ဆက်ရှာကြမယ်။ ငါတို့တွေ သူ့အရိပ်အောက်မှာပဲ ခိုလှုံကြတာပေါ့ . . .”
တိမ်မြူခိုးနန်းတော်တွင် ငိုကြွေးသံများဖြင့် ဖုံးလွှမ်းသွားလေသည်။
အရှေ့အရပ်၌ အနီရောင်အလင်းတန်းများသည်အဆက်မပြတ်လင်းလက်တောက်ပလျက်ရှိသည်။ ထိုအချိန်တွင်ပေါက်ကွဲသံကြီးတစ်ခုသည်ကျယ်လောင်စွာဖြင့်မြည်ဟီးသွားသည်။
ထိုပေါက်ကွဲသံကြီးကြောင့်ချင်းယန်နယ်ပယ် တစ်ခုလုံးပင်တုန်ခါသွားသကဲ့သို့ ဖြစ်သွားခဲ့သည်။
ထို့နောက် စူးစူးဝါးဝါးဖြင့်အော်ဟစ်လိုက်သည့် အသံတစ်သံသည်ထွက်ပေါ်လာပြီး ချက်ချင်းပင် ပြန်လည်ငြိမ်ကျသွားသည်။
ကမ္ဘာကြီးတစ်ခုလုံး အပ်ကျသံပင်မကြားရလောက်အောင် တိတ်ဆိတ်သွားခဲ့သည်။
မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို မည်သူမျှ မသိနိုင်ချေ။
[ငါတို့ရဲ့ခေါင်းေဆာင်အဆင်ရော ပြေရဲ့လား . . .]
မိန်းကလေးများသည်တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း တွေးလိုက်မိကြသည်။
“ငါတို့တွေ သွားကြည့်ကြမယ် . . .”
ဆံပင်များဖွေးဖွေးဖြူနေသည့် အဘွားအိုကြီးတစ်ဦးသည်ဝမ်းပန်းတနည်းဖြင့်ပြောလိုက်သည်။
“ဘယ်လိုပဲ ဖြစ်ဖြစ်၊ ငါတို့ရဲ့ခေါင်းဆောင်အဆင်ပြေလား မပြေလားဆိုတာ သိမှဖြစ်မယ် . . .”
သူမတို့အားလုံးသည် အံကိုတင်းတင်းကြိတ်၍ မျက်ရည်များ သုတ်လိုက်ကြသည်။ ထို့နောက်တွေဝေတုန့်ဆိုင်းခြင်း အလျဉ်းမရှိဘဲ အရှေ့အရပ်သို့ပြေးထွက်သွားကြပါတော့သည်။
. . .
မော်တယ်ကမ္ဘာတွင် ဝမ်ရမ်ချူးချူးနှင့် ပိုင်ရှင်းယွဲ့တို့ နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး စကားမဆိုဘဲ နှုတ်ဆိတ်လျက်သာရှိသည်။ ဖန်ဇီလင်နှင့် ပတ်သက်၍ တွေးတောနေကြသောကြောင့်ပင်ဖြစ်သည်။ သို့သော်သူတို့နှစ်ဦး၏ အတွေးများသည် တူညီနိုင်မည် မဟုတ်ပေ။
နောက်ဆုံးတွင်မူ ပိုင်ရှင်းယွဲ့သည်တိတ်ဆိတ်မှုအား စတင်၍ ဖြိုခွင်းလိုက်သည်။
“ချူးချူး . . . ငါအများကြီး စဉ်းစားပြီးသွားပြီ။ ဖန်ဇီလင်ကို ဖမ်းပြီး ငါတို့ဂိုဏ်းမှာ ခိုင်းထားမယ်ဆိုရင် ဘယ်လို ဆက်ဖြစ်လာမယ်လို့ မင်းထင်လဲ . . .”
ဝမ်ရမ်ချူးချူး၏ မျက်နှာသည်ချက်ချင်းပင် ဖြူရော်ရော်ဖြစ်သွားကာ –
“ဆရာ . . . ဒီလိုလုပ်တာ တရားနည်းလမ်း ကျပါ့မလား . . .”
ပိုင်ရှင်းယွဲ့သည်သက်ပြင်းတစ်ချက် ချလိုက်ရင်း –
“မတရားဘူးဆိုတာ ငါသိပါတယ်။ သူနဲ့ ငါတို့ကြားက ဆက်ဆံရေးကလည်း ဘယ်လိုမှ ကောင်းစရာ မရှိတော့ဘူး။ ဒါပေမယ့်ဒီလူက ငါတို့ တိမ်မြူခိုးနန်းတော်အတွက် အရမ်းကို အရေးပါလွန်းတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါတို့ ဆုံးဖြတ်ချက်မှားလို့ မဖြစ်ဘူး . . .”
ပိုင်ရှင်းယွဲ့တို့နှစ်ဦး စကားပြောနေသည့်အချိန်တွင်ချင်းယန်နယ်ပယ်၌ အနက်ရောင် ပုံရိပ်တစ်ခုသည် ရုတ်တရက် ပေါ်လာခဲ့သည်။ ထိုပုံရိပ်သည်သူ၏ လက်ဖြင့်တိမ်မည်းများကိုဝေ့ယမ်းလိုက်ပြီး ဟင်းလင်းပြင်အား အက်ကွဲစေလိုက်သည်။
ထို့နောက်ဟင်းလင်းပြင် အက်ကွဲကြောင်းမှတစ်ဆင့်မော်တယ်ကမ္ဘာသို့ ဆင်းသက်လာလေသည်။
ဝမ်ရမ်ချူးချူးသည်ဆရာဖြစ်သူအား ကြည့်ရင်း –
“ဆရာ . . . ဆရာ ဘာမှမသိသေးဘူးနော်။ ဖန်ဇီလင်ဆိုတဲ့လူက တကယ်ခေါင်းမာတဲ့လူ။ ကျွန်မတို့ ထင်ထားတာထက်ကို ပိုပြီး ခေါင်းမာသေးတယ်။ ကျွန်မ သူနဲ့ စတွေ့တုန်းကဆိုရင်သူ့ကို ရန်သူတွေ ဝိုင်းရိုက်ထားလို့ ဒဏ်ရာအပြင်းအထန်ရပြီး လဲကျနေတာ။ အဲဒီနေ့က သူ့ဘာသာသူတစ်ယောက်တည်း နာကျင်မှုတွေကို အံကြိတ်ခံနေတာ။ သူ့ကို ကြည့်နေတဲ့ ကျွန်မတောင်မှ တော်တော် အသည်းယားမိတယ်။ ဒါပေမယ့်အဲ့ဒီလို ဒဏ်ရာအပြင်းအထန် ရထားလည်း တစ်ချက်မညည်းဘူးနော်။ ဒီလို ခေါင်းမာတဲ့ လူတစ်ယောက်ကို ကျွန်မတို့သာ ဖမ်းလိုက်မယ်ဆိုရင် သူနဲ့ ကျွန်မတို့ ဆက်ဆံရေး ပြတ်သွားရုံတင် မဟုတ်ဘူး၊ ကျွန်မတို့ကို မကူညီချင်တာနဲ့ သူ့ကိုယ်သူပါ သတ်သေသွားလောက်တယ်။ အဲဒီအခါကြမှ ကျွန်မတို့ဂိုဏ်းအတွက် ပိုပြီးတော့တောင် မျှော်လင့်ချက် မဲ့သွားလိမ့်မယ် . . .”
ပိုင်ရှင်းယွဲ့သည်တခဏမျှ ငိုင်ကျသွားကာ –
“မင်းပြောတာ မှန်တယ်။ သူဒီလောက်ထိ ခေါင်းမာမယ်မှန်း ငါမသိခဲ့ဘူး . . .”
ထိုအချိန်တွင်ကမ္ဘာကြီးတစ်ခုလုံး တုန်ခါသွားသကဲ့သို့ ဖြစ်သွားသည်။ ပိုင်ရှင်းယွဲ့တို့ နှစ်ဦးစလုံး လဲကျသွားမတတ်ပင်ဖြစ်သွားရင်း ခေါင်းများလည်း ချာချာလည်မူးဝေသွားခဲ့သည်။
ကောင်းကင်တစ်ခုလုံးသည်လည်း တစ်စက္ကန့်မျှ မှောင်မိုက်သွားသည်။
ပိုင်ရှင်းယွဲ့သည်ကောင်းကင်ထက်သို့မော့ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်ကာ –
“ဘာဖြစ်တာလဲ . . .”
ဝမ်ရမ်ချူးချူးလည်း မော့ကြည့်ရင်း –
“ကျွန်မလည်း မသိဘူး၊ ငလျင်လှုပ်တာများလား . . .”
“မဟုတ်ဘူး . . .”
ပိုင်ရှင်းယွဲ့သည်ပတ်ဝန်းကျင်အား ကျီးကန်းတောင်းမှောက်ကြည့်လိုက်ပြီး သတိမြဲမြံစွာနေလိုက်သည်။
သို့သော် ခေါင်မိုးပေါ်တွင် လူရိပ်တစ်ခု ရောက်ရှိလာသည်ကို သတိမပြုမိလိုက်ကြပေ။
အဆိုပါ အနက်ရောင်ပုံရိပ်သည် ပိုင်ရှင်းယွဲ့အား မြင်လိုက်ရေသာအခါ စိတ်သက်သာရာ ရသွားသည့်ပုံပင်။
[နောက်ဆုံးတော့ သူ့ကိုငါတွေ့ပြီ၊ နောက်တော့ မကျသေးပါဘူး . . .]
ဝမ်ရမ်ချူးချူးသည်မျက်မှောင်ကြုတ်လျက်-
“အနည်းဆုံးတော့ ကျွန်မတို့ ဖန်ဇီလင်ကို ဖမ်းပြီး အားဖြည့်ကြာပန်းတွေ လုပ်ခိုင်းမယ် ဆိုရင်တောင် သူ့ဘက်က လုပ်ချင်မှာ မဟုတ်ဘူး။ နောက်ပြီး ဒီလို ကြာပန်းတွေလုပ်ရုံမကဘူး အသားချင်းထိပြီး ကုဖို့လည်း လိုအပ်တယ် မဟုတ်လား။ ဒီကိစ္စကို ကျွန်မတို့ဂိုဏ်းက တခြားလူတွေက လက်ခံပါ့မလား . . .”
အမိုးပေါ်မှ လူသည်အောက်သို့ ဆင်းသက်လာရန် ပြင်နေခိုက် ဝမ်ရမ်ချူးချူး၏ စကားကြောင့် ကိုယ်ရှိန်သပ်သွားသည်။ ထို့နောက်မျက်မှောင်ကြုတ်လိုက်ရင်း –
[အသားချင်းထိပြီး ကုမယ် . . . ဘာကို ကုမှာလဲ . . .]
ပိုင်ရှင်းယွဲ့သည်ခေါင်းညိတ်လိုက်ကာ –
“မှန်တယ် . . . ဒါက ဖြေရှင်းရခက်တဲ့ ပုစ္ဆာတစ်ပုဒ်လိုပဲ။ ငါတို့အားလုံးက ယင်ဖိုတောင်တစ်ခါမှ မနားဖူးသေးတဲ့ အပျိုစင်တွေ။ ယောကျာ်းတစ်ယောက်နဲ့ ထိတွေ့ဆက်ဆံရမှာကို ခံချင်ကြမှာ မဟုတ်ဘူး။ ဒါဆို ဖန်ဇီလင်ကို မော်တယ်ကမ္ဘာမှာပဲ ထားမှာလား . . .”
ဝမ်ရမ်ချူးချူးသည်စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။ မည်သို့ရယ်ကြောင့်မှန်း မသိ၊ သူမ၏ စိတ်ထဲတွင် အတွေးများ လွန်ဆွဲလျက်ရှိသည်။ ဖန်ဇီလင်အား တစ်ယောက်ယောက်မှ အနိုင်ကျင့်မည့် အဖြစ်မျိုး အဖြစ်မခံနိုင်အောင်ပေ။
ဝမ်ရမ်ချုးချုးသည်ပြုံးလိုက်ရင်း –
“မော်တယ်ကမ္ဘာမှာပဲ သူ့ကို ဆက်ထားထားတာ ပိုကောင်းမယ် ထင်ပါတယ်။ ဒါက အဆင့်နိမ့် နယ်ပယ် တစ်ခုလေ။ ချင်းယန်နယ်ပယ်က လူတွေဆိုတာလည်း ဒီကို လာခဲတယ်။ ကျွန်မတို့ရဲ့ လျှို့ဝှက်ချက်ကိုလည်း ဖုံးဖိပြီးသား ဖြစ်တာပေါ့။ နောက်ပြီး သူနဲ့သာ ဆက်ဆံရေး ပြေလည်ရင် ကျွန်မတို့ဂိုဏ်းအတွက် အကျိုးအမြတ် အများကြီး ရနိုင်တယ်။ ဖန်ဇီလင်လို လူမျိုးကလည်း ချင်းယန် နယ်ပယ်ကို အနှေးနဲ့အမြန် ဆိုသလို ရောက်လာမှာပါ . . .”
“သူ ချင်းယန်နယ်ပယ်ကို ရောက်လာတဲ့အခါမှ ချင်းယန်ရဲ့ ကြီးနိုင်ငယ်ညှင်း စနစ်ကြီးကို သဘောပေါက် သွားလိမ့်မယ်။ သူကြုံတွေ့ရမယ့်အခက်အခဲတွေကို ကျွန်မတို့ဘက်က ဖြေရှင်းပေးတဲ့အခါကြ သူ့ဘက်ကလည်း ကျွန်မတို့ကို ကျေးဇူးတင်မှာပဲ။ အဲဒါဆို ကျွန်မတို့က ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ ဖြစ်သွားပြီပေါ့။ ကျွန်မတို့နဲ့ သူနဲ့ ပိုပူးပေါင်းမိသွားပြီး ကျွန်မတို့အတွက်လည်း အခွင့်အရေးတွေ အများကြီး ရလာနိုင်တယ်။ အရေးကြီးဆုံးက ဆရာ့ရဲ့ ဝေဒနာ အမြန်ဆုံး ပျောက်ကင်းဖို့ပါပဲ . . .”
ပြောရင်းပြောရင်းဖြင့်ဝမ်ရမ်ချူးချူးတစ်ယောက်ဝမ်းနည်းလာသည့်ပုံပင်။ သူမ၏ မျက်လုံးများတွင်မျက်ရည်များဝေ့တက်လျက်ရှိသည်။
ပိုင်ရှင်းယွဲ့သည်အဝေးသို့ ရီဝေစွာ ငေးကြည့်နေလေသည်။ သူမ၏ မျက်လုံးထဲတွင် တွေဝေနေသည့် အရိပ်အယောင်များ ဖြစ်ပေါ်နေသည်။ ယခုကဲ့သို့ တွေဝေနေရခြင်းသည်သူ၏ ဘဝ၌ ပထမဦးဆုံး အကြိမ်ပင်ဖြစ်သည်။
ပိုင်ရှင်းယွဲ့သည်လေးတွဲ့သော အသံဖြင့်-
“ငါသေချာ စဉ်းစားလိုက်ပါဦးမယ်။ အသားချင်း ထိတာကြတော့လည်း . . .”
အမိုးပေါ်ရှိလူသည် မျက်မှောင်ကြုတ်လျက် စဉ်းစားနေမိသည်။
သူ စိတ်အဝင်စားဆုံး စကားမှာ အသားချင်းထိ၍ ကုသခြင်း ဆိုသည့် စကားလုံးပင်ဖြစ်သည်။
“ဒါဆိုလည်း ဆရာအေးအေးဆေးဆေး စဉ်းစားလိုက်ပါဦး . . .”
ဝမ်ရမ်ချူးချူးသည် ဆရာဖြစ်သူဘက်မှ အနည်းငယ် စိတ်လည်လာပြီ ဖြစ်ကြောင်း သိလိုက်ရသည်။
“အခုဆို ကျွန်မတို့ဂိုဏ်းအတွက် မျှော်လင့်ချက်ရောင်ခြည် သန်းလာပြီနော်။ တောက်ပတဲ့ အနာဂတ်က ကျွန်မတို့ကို ဆီးကြိုနေတယ်။ ကျွန်မတို့ဘက်ကသာ ကြိုးစားလိုက်မယ်ဆိုရင် အောင်မြင်မှာပဲ။ ကျွန်မတို့ရဲ့ စီနီယာကြီး ဘိုးဘေးတွေ အကုန်လုံးကလည်း ဒီလိုပဲ ဆန္ဒရှိမှာ သေချာတယ် . . .”
ပိုင်ရှင်းယွဲ့သည်စိတ်ရှုပ်လာသည့်ဟန်ဖြင့် –
“ထပ်မပြောနဲ့တော့၊ ငါသေချာ စဉ်းစားလိုက်ပါဦးမယ် . . .”
ဝမ်ရမ်ချူးချူးလည်း သက်ပြင်းသာ ချလိုက်မိသည်။
“သူက ဘာလို့ လင်းပါအိုရဲ့ ဧကရာဇ် ဖြစ်နေရတာလဲ။ လင်းပါအိုခန်းမ စပေါ်လာကတည်းက ဘယ်အရှုပ်အရှင်းထဲကိုမှ ဝင်ပါလေ့ မရှိပါဘူး။ အခုကြ စစ်ပွဲထဲ ဘာလို့ ဝင်ပါချင်နေရတာလဲ . . .”
“ရှင်ဘယ်သူလဲ၊ ရှင်က ဘယ်သူများလဲ၊ ရှင့်ရဲ့ သရုပ်အမှန်က ဘာလဲ . . .”
ဝမ်ရမ်ချူးချူးတစ်ယောက်တစ်ကိုယ်တည်း လေသံတီးတိုးဖြင့် ရေရွတ်လိုက်မိပါတော့သည်။