Chapter – 220
“ကောင်းကင်အပြစ်ဒဏ်”
တိမ်စိုင်များကြားမှ အသံတစ်သံ ထွက်ပေါ်လာလေသည်။
“အ . . .”
မမျှော်လင့်သော အခြေအနေတစ်ခုကြောင့်သာ ထိုကဲ့သို့သော အသံမျိုး ထွက်ပေါ်လာရခြင်း ဖြစ်နိုင်ပေသည်။ တိမ်စိုင်များကြားတွင်ရှိနေသော လူသည်လည်း အသင့်ပြင်ဆင်ထားခြင်း မရှိသဖြင့်ဘာမှ မလုပ်လိုက်နိုင်သည့်ပုံပင်။
အသံသည်အပြင်းအထန် ခံစားလိုက်ရ၍ အော်ဟစ်လိုက်သည့် အသံမျိုး ဖြစ်ပြီး စူးစူးရှရှဖြင့်ပင်ထွက်ပေါ်လာခြင်း ဖြစ်သည်။
“ဝုန်း”
တိမ်မည်းများသည်ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး မြူခိုးများသည်လည်းနေရာအနှံ့သို့ လွင့်ပျံကုန်ကြသည်။ မြူခိုးများ လွင့်ပျံသွားပုံသည်မြန်ဆန်လွန်းလှသောကြောင့် မြားအစင်းပေါင်းများစွာအား အရပ်မျက်နှာ အသီးသီးသို့ ပစ်လွှတ်လိုက်သည်နှင့်ပင်တူနေပါတော့သည်။
ကနဦးတွင်စူးစူးရှရှဖြင့်အော်လိုက်သည့်အသံပိုင်ရှင်ရှိနေခဲ့သည့် အဆောင်မှာလည်း လေပေါ်သို့ မြောက်တက်၍ ပေါက်ကွဲ ထွက်သွားလေသည်။
စူးစူးဝါးဝါး အော်သံနှင့်အတူ သွေးများ ပန်းထွက်သွားခဲ့ပြီး ထိုသွေးများသည် အနီးရှိ ကျောက်တုံးအား ထိမှန်သွားသောအခါ ချက်ချင်းပင် အနီရောင် အပေါက်ကြီး ဖြစ်ပေါ်သွားခဲ့သည်။
ခဏအကြာတွင် သွယ်လျသော ခန္ဓာကိုယ်ရှိသည့် ပုံရိပ်တစ်ခုသည်လျှပ်စီးကဲ့သို့ပင်လျင်မြန်စွာဖြင့်ပြေးထွက်လာသည်။
ထိုပုံရိပ်သည် ကောင်းကင်ထက်သို့ ပျံတက်သွားရင်း မကျေမချမ်း လေသံဖြင့် –
“ငါတို့ရဲ့ တိမ်မြူခိုးနန်းတော်ကို နတ်ဘုရားတွေက ပြိုကွဲစေချင်နေတာလား . . .”
ထိုကဲ့သို့ အော်ဟစ်လိုက်ပြီးနောက် သူ၏ လက်အား ဝေ့ယမ်းလိုက်သည်။ ထိုအခါ ထိုလူ၏ ပတ်ပတ်လည်တွင်ရှိသောလေထုသည် တုန်ခါသွားပြီး လှိုင်းများ ထသွားခဲ့သည်။ ထိုလှိုင်းများသည် အနီးနားရှိ တောင်များအား ရိုက်ခတ်သွားသောအခါ တောင်များသည်ချက်ချင်းလက်ငင်းပင်အစိတ်စိတ်အမွှာမွှာ ဖြစ်သွားကြသည်။
ထိုကဲ့သို့ ပျက်ဆီးမှုများ ဖြစ်သွားသည်မှာ ထိုလူ ရှိနေသော နေရာနှင့် မိုင်သုံးထောင် ပတ်ချာလည် လောက်အထိပင် ဖြစ်သည်။
ထိုအချိန်တွင်လူတစ်ဒါဇင်ခန့်သည်နန်းတော်ထဲမှ ပြေးထွက်လာကြသည်။ မြူခိုးများ ကြားထဲရှိ ပုံရိပ်အား ကြည့်ကာ ကြောက်လန့်တကြားပင်ဖြစ်နေကြရင်း –
[ဘာတွေ ဖြစ်နေတာလဲ . . . ကမ္ဘာကြီးတောင် တုန်ခါသွားသလိုပဲ။ ငါတို့ရဲ့ခေါင်းဆောင်ရုတ်တရက်ကြီး ဘာလို့ ဒီလိုဖြစ်သွားရတာလဲ။ နဂိုတုန်းက သူ့ဟာသူ ငြိမ်းငြိမ်းချမ်းချမ်း နဲ့ ကျင့်ကြံမှုတွေ လုပ်နေပြီး အသက်ရှင်ဖို့ အခွင့်အရေး ရှာနေခဲ့တာလေ။ အခုကြ ဘယ်လို ဖြစ်သွားရတာလဲ . . .]
“ခေါင်းဆောင်ဘာဖြစ်သွားတာလဲဟင်. . .”
မိန်းမလှလေး လေးငါးယောက်ခန့်သည်နန်းတော်ထဲမှ ပြေးထွက်လာရင်း မေးလိုက်သည်။
“ငါတော့ ကြမ္မာငင်ပြီ . . .”
ခေါင်းဆောင်ဖြစ်သူသည်မြူခိုးများကြားတွင်ရှိနေသောကြောင့်သူမ၏ မျက်နှာအမူအယာ မည်ကဲ့သို့ ဖြစ်နေသည်ကို မှန်းဆ၍ မရနိုင်ချေ။
သို့သော် သူမ ပြန်ဖြေလိုက်သည့် စကားကြောင့်အားလုံး၏ ရင်ထဲ၌ နွေခေါင်ခေါင်တွင်မိုးကြိုးပစ်ချ ခံလိုက်ကြရသကဲ့သို့ပင်ခံစားသွားကြသည်။ စကားတစ်ခွန်းပင်ဖြစ်သော်လည်း ဒူးများပင် ညွတ်ခွေကျသွားမတတ် ခံစားလိုက်ကြရင်း –
[သူက ကြမ္မာငင်ပြီတဲ့ . . . ငါတို့ရဲ့ ခေါင်းဆောင်သေတော့မှာလား။ ခေါင်းဆောင်သာ မရှိတော့ရင် ငါတို့ တိမ်မြူခိုးနန်းတော်လည်း ကြမ္မာဆိုးကနေ လွတ်မြောက်နိုင်တော့မယ် မထင်ဘူး။ ငါတို့ ချင်းယန်နယ်ပယ်မှာ ဟန်မပျက် ရှိနေနိုင်တာခေါင်းဆောင်ကြောင့်ပဲ။ တကယ်လို့ခေါင်းဆောင်သာ မရှိတော့ရင်. . .]
“ခေါင်းဆောင်. . . ဘယ်လိုဖြစ်ရတာလဲ၊ ဘာလို့ နိမိတ်မရှိတဲ့ စကားတွေကို ပြောနေရတာလဲ . . .”
မိန်းကလေးများသည်စိုးရိမ်တကြီးဖြင့်လှမ်းမေးလိုက်ကြသည်။
ခေါင်းဆောင်ဖြစ်သူသည်အကြောင်းမဲ့သက်သက်ဖြင့်ယခုကဲ့သို့ ဝုန်းဒိုင်းကြဲဒေါသထွက်ေနစရာ အကြောင်းမရှိပေ။ ကျင့်ကြံမှုအပိုင်းတွင်အနည်းငယ်မှားယွင်းသွားသောကြောင့်သာဒေါသထွက်နေခြင်း ဖြစ်ပါစေဟု သူတို့အားလုံး၏ စိတ်ထဲတွင်ဆုတောင်းနေကြသည်။ခေါင်းဆောင်ဖြစ်သူအား မည်သည့်နည်းနဲ့မျှ အဆုံးရှုံး မခံနိုင်ကြပေ။
“ကောင်းကင်ပြစ်ဒဏ်ပေါ့ . . .”
ခေါင်းဆောင်သည် ခပ်ပြတ်ပြတ်ပင်ပြန်ဖြေလိုက်သည်။ သူမ၏ အသံတွင် ဝမ်းနည်းမှု အလျဉ်းမရှိဘဲ စိတ်ပျက်လက်ပျက်သာ ဖြစ်နေသည့်ပုံစံမျိုးပင်။
သို့သော် သူမ၏ ရင်ထဲမှ ဒေါသမီးများမှာမူ ချင်းယန်နယ်ပယ် တစ်ခုလုံးပင် ပြာကျသွားနိုင်ပေသည်။
“ကောင်းကင်ပြစ်ဒဏ် ဟုတ်လား . . . တကယ်ပဲ ကောင်းကင်ပြစ်ဒဏ်ပေါ့ . . .”
အားလုံးသည်တုန်လှုပ်အံ့သြစွာ ရေရွတ်လိုက်ကြသည်။
“ဟုတ်တယ် . . . ငါအသက်ရှင်ဖို့က နောက်ထပ် အချိန်သုံးနှစ်လောက် ကျန်သေးတာ။ အဲ့ဒီသုံးနှစ်အတွင်းမှာ ကျောက်စိမ်းအသက်ဝင်ကြာပန်းကို တွေ့နိုင်မယ်ဆိုရင် ငါ့ရဲ့အသက်ကို နောက်ထပ် နှစ်ပေါင်း ၁၀၀၀ လောက်ဆွဲဆန့်ထားနိုင်လိမ့်မယ်။ သုံးနှစ်အတွင်း အကောင်းဆုံး ကြိုးစားမယ်လို့ ငါတွေးခဲ့တယ်။ အသက်ရှင်နေသမျှ ကာလပတ်လုံး မျှော်လင့်ချက် ရှိနိုင်သေးတယ်လို့လည်း ငါခံယူခဲ့တယ်။ ကျောက်စိမ်းအသက်ဝင် ကြာပန်းက ရှာရခက်တာ မှန်ပေမယ့်အခွင့်အရေးလေးတော့ မဆိုသလောက် ရှိသေးတာပေါ့လေ . . .”
“ဒါပေမယ့် အခုလို မတော်တဆမှုမျိုး ဖြစ်လာမယ်လို့ ငါမထင်ထားခဲ့မိဘူး။ ငါအခု ကျင့်ကြံမှု လုပ်နေတုန်း ရုတ်တရက် ကောင်းကင်ပြစ်ဒဏ် ကျရောက်လာတယ်။ အဲဒီပြစ်ဒဏ်ကြောင့် ငါ့ခန္ဓာကိုယ်ထဲက ဝေဒနာကလည်း ပိုပြီး တိုးသွားခဲ့ပြီ။ ၃ နှစ် အသက်ရှင်ရမယ့်အစား ငါ့မှာ အခုဆို အချိန် တစ်လပဲ အသက်ရှင်နိုင်တော့မယ် . . .”
ခေါင်းဆောင်ဖြစ်သူသည်ထိုစကားများအား တည်တည်ငြိမ်ငြိမ်ဖြင့်ပင်ပြောလိုက်ခြင်း ဖြစ်သော်လည်း ကြားလိုက်ရသူတိုင်းအဖို့ ကမ္ဘာပျက်မတတ်ပင်တုန်လှုပ်သွားကြရင်း –
[တစ်လတဲ့ . . . ငါတို့ကို ကာကွယ်ပေးနေတဲ့လူက တစ်လနေရင် သေတော့မှာတဲ့လား . . .]
သူတို့၏ခေါင်းဆောင်ဖြစ်သူသာသေဆုံးသွားခဲ့မည်ဆိုပါက နယ်ပယ် တစ်ခုလုံးတွင်သက်ရောက်မှု ရှိသွားပေလိမ့်မည်။ သူမ၏နောက်ဆုံးထွက်သက်အချိန်တွင် ချင်းယန်နယ်ပယ်တစ်ခုလုံး လင်းထိန်သွားမည်ဖြစ်ပြီး ကောင်းကင်ယံထက်တွင် ရောင်စုံကြာပန်းပုံစံ အကွက်များလည်း ပေါ်သွားမည်ဖြစ်သည်။ ထို့ကြောင့်ခေါင်းဆာင်၏သေဆုံးမှု သတင်းအား လျှို့ဝှက်ထားရန်မှာ မဖြစ်နိုင်ချေ။
ချင်းယန်နယ်ပယ် တစ်ခုလုံးရှိ လူများသည်လည်း နယ်ပယ်တစ်ခုလုံးအား စိုးမိုးခြယ်လှယ်နိုင်ခဲ့သည့်တိမ်မြူခိုးနန်းတော်၏ အစောင့်အရှောက်ခေါင်းဆောင်သေဆုံးသွားပြီဖြစ်ကြောင်းသိသွားကြပေလိမ့်မည်။
ထို့ပြင်ထိုနေ့သည်လည်းတိမ်မြူခိုးနန်းတော်၏ အဆုံးသတ်ပင်ဖြစ်လိမ့်မည်။
တစ်ညတည်းဖြင့် ဂိုဏ်းတစ်ခုလုံး ပျောက်ကွယ်သွားရမည့်အဖြစ်သည်ပေါ့သေးသေးတော့ မဟုတ်ချေ။
“ငါ ရှဲ့ဒန်ယူ ကို သတ်ရမယ်။ ငါ့ကို လိုက်မရှာကြနဲ့၊ မင်းတို့ကိုယ်သာ မင်းတို့ ဂရုစိုက်ကြပါ . . .”
ခေါင်းေဆာင်သည် ထိုကဲ့သို့ ပြောလိုက်ပြီးသည်နှင့် လေထဲမှ ပျောက်ကွယ်သွားလေသည်။ သူမသည်တိမ်စိုင်များကြားမှ အရှေ့အရပ်သို့ ဦးတည်ထွက်ခွာသွားခြင်း ဖြစ်သည်။
သွားနေရင်းဖြင့်သူမသည် စိတ်အလိုမကျသည့် လေသံဖြင့် –
“နတ်ဘုရားတွေက ငါတို့ တိမ်မြူခိုးနန်းတော်ကို ဘာလို့များ မျက်နှာသာ မပေးရတာလဲ။ ဒီကြမ္မာဆိုးကြီးကို ငါတို့ ဘယ်လိုများ ကျော်လွှားရပါ့မလဲ . . .”
သူမ၏ အသံထဲတွင်ဒေါသနှင့် ဝမ်းနည်းမှုများ အပြည့်ပါဝင်လျက်ရှိသည်။
အခြားလူများသည်သာ သူမ၏ အသံအား ကြားခဲ့မည် ဆိုပါက တိမ်မြူခိုးနန်းတော်၏ခေါင်းဆောင်တစ်ယောက်အလိုမကျ ဖြစ်နေသည်ဟု အတပ်ပင်သိကြပေမည်။
သူမ၏ ဂိုဏ်းသားများအား စကားလုံးအများအပြား မှာကြားခဲ့ခြင်း မရှိဘဲ ‘မင်းတို့အသက်ကိုသာ မင်းတို့ ဂရုစိုက်ကြပါ’ ဟူ၍သာ မှာကြားခဲ့သည်။
ကျန်နေရစ်ခဲ့ကြသည့် မိန်းမလှလေးများသည် တိမ်စိုင်များ အရှေ့အရပ်သို့ တိုးဝင်သွားသည်ကို ငေးကြည့်ရင်း နှုတ်ဆိတ်မိနေကြသည်။ သူမတို့၏ခေါင်းဆောင်အား မည်သည့်အခါမျှ ပြန်လည်ဆုံတွေ့နိုင်တော့မည် မဟုတ်ကြောင်းလည်း သိလိုက်ကြသည်။
သို့သော် သံယောဇဉ်ကြီးစွာဖြင့် အရှေ့အရပ်ဆီသို့ ငေးစိုက်ကြည့်နေမိတုန်းပင်ဖြစ်သည်။ သူတို့၏ မြင်ကွင်းမှခေါင်းဆောင်ဖြစ်သူပျောက်ကွယ်သွားသည့်တိုင်အကြည့်မလွှဲကြသေးပေ။
အရှေ့အရပ်တွင် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားတော့မည်ကိုလည်း သိလိုက်ကြသည်။
အရှေ့အရပ်ရှိ တိမ်စိုင်များသည် သွေးများဖြင့် ဖုံးလွှမ်းသွားပေလိမ့်မည်။
ခေါင်းဆောင်ဖြစ်သူ မသေဆုံးခင်အချိန်တွင်တိမ်မြူခိုးနန်းတော်၏ အကြီးမားဆုံး ရန်သူတော်ဂိုဏ်းအား အပြတ်ရှင်းပေးသွားမည့် ပုံပင်။
မိန်းကလေးများ အားလုံးသည် ဝမ်းနည်းမှုကြောင့် မျက်ရည်များ စီးကျလာကြသည်။
“ခေါင်းဆောင်မရှိမှတော့ တိမ်မြူခိုးနန်းတော်လည်း ဘယ်လို ရှေ့ဆက်ရတော့မှာလဲ။ ငါတို့ရဲ့ ဘဝတွေကတော့ အမိမဲ့သားရေနည်းငါးတွေလို ဖြစ်ကြပြီပေါ့ . . .”
“တိမ်မြူခိုး နန်းတော်ဆိုတာ မရှိရင် ငါတို့လို အားနွဲ့တဲ့ မိန်းမသားတွေကို ဘယ်သူတွေက တရားမျှတအောင် လုပ်ပေးတော့မှာလဲ . . .”
မိန်းမလှလေးများသည်ရှိုက်ကြီးတငင်ဖြင့်ပင်ငိုကြွေးနေကြသည်။ သူတို့အားလုံး၏ ရင်ထဲတွင်ဖြေမဆည်နိုင်အောင်ဖြစ်နေကြရင်း –
“ငါတို့ ဒီကနေ တစ်ဖဝါးမှ မခွာဘူး . . .”
“သေရင်တောင် ဒီမှာပဲ သေမယ် . . .”
“ခေါင်းဆောင်ရန်သူတွေကို အပြတ်ရှင်းပြီး ပြန်လာတဲ့ အချိန်ထိ ငါတို့ စောင့်နေကြမယ်။ ငါတို့ရဲ့ ရန်သူတွေလာရင်ေတာင် ဒီကနေပဲ ခုခံကြမယ် . . .”
သူတို့အားလုံးသည် စိတ်လွတ်သွားသည့် လူများကဲ့သို့ပင်တတွတ်တွတ်ဖြင့်ရေရွတ်နေကြပါတော့သည်။