Chapter – 219
“မဖြစ်နိုင်သော”
ပိုင်ရှင်းယွဲ့ ခေါင်းညိတ်လိုက်ရင်း –
“ဒါဆို မင်းစိတ်ထဲမှာ သူ့ကို တကယ်ပဲ ယုံကြည်နေတယ်ပေါ့ . . .”
“ဟုတ်ကဲ့ . . .”
ဝမ်ရမ်ချူးချူး ခေါင်းညိတ်ပြရင်း ဖြေလိုက်သည်။
“ဖန်ဇီလင်က စကားကို တုတ်ထိုးအိုးပေါက်ပြောတတ်ပေမယ့်လူဆိုးတစ်ယောက်တော့ မဟုတ်ဘူးပေါ့။ အနည်းဆုံးတော့ ငါတို့ကို မဆန့်ကျင်လောက်ဘူး ဟုတ်တယ်မှတ်လား . . .”
ပိုင်ရှင်းယွဲ့သည်သေချာသွားေစရန်အတွက် ထပ်မံ၍မေးလိုက်သည်။
“ဟုတ်ပါတယ် ဆရာ . . .”
ဝမ်ရမ်ချူးချူးသည်ဆရာဖြစ်သူအား တရိုတသေဖြင့်ပင်ပြန်ဖြေလိုက်သည်။
“မင်းသူ့အပေါ် ခံစားချက်နည်းနည်း ရှိနေတယ် မဟုတ်လား . . .”
ပိုင်ရှင်းယွဲ့သည်ဝမ်ရမ်ချုးချုးအား စိုက်ကြည့်၍ မေးလိုက်သည်။
“ဟုတ် . . .”
ဝမ်ရမ်ချူးချူးလည်း ငြင်းဆိုခြင်း အလျင်းမရှိဘဲ ချက်ချင်းပင်ပြန်ဖြေလိုက်သည်။ သို့သော် တစ်စုံတစ်ခုအား သတိရသွားဟန်ဖြင့် ခေါင်းအား ခါယမ်းလိုက်ရင်း –
“ဟင့်အင်း . . . ဘာခံစားချက်မှ မရှိပါဘူး ဆရာ . . .”
“အရူးမလေး . . . မင်းက တကယ့်ကို အရူးမလေးပဲ . . .”
ပိုင်ရှင်းယွဲ့သည်ပြုံးလျက် ရေရွတ်လိုက်သည်။
“ငါတို့ရဲ့ဂိုဏ်းမှာ စည်းမျဉ်းတစ်ခု ရှိတယ်လေ။ ယောကျာ်းတွေနဲ့ ဆက်ဆံရတာ ကြောက်စရာ ကောင်းတယ်လို့ ငါတို့ ခံယူထားခဲ့ကြတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ယောက်ျားတွေရဲ့အနားယောင်လို့တောင် မကပ်ခဲ့ကြဘူး။ မင်းအနေနဲ့ ယောကျာ်းတစ်ယောက်ကို သဘောကျတယ် ဆိုတာ အပြစ်မဟုတ်ပါဘူး။ ငါတို့နှစ်ယောက်က ဆရာနဲ့ တပည့် ဆိုပေမယ့်မိန်းမတွေပဲ မဟုတ်လား။ မိန်းမသားတစ်ယောက် အနေနဲ့ မိသားစုဘဝကို လိုချင်တောင့်တမိတယ် ဆိုတာ ငါနားလည်ပါတယ်။ အထူးသဖြင့် မင်းလို တော်ဝင်မျိုးနွယ်က မိန်းကလေးမျိုးဆို ပိုပြီးတောင် အဲ့ဒီလို ခံစားချက်မျိုး ရှိနေဦးမယ် . . .”
“ဒါပေမယ့်ဆရာရယ် . . . ကျွန်မဟာကျွန်မ ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်ကပဲဖြစ်ဖြစ် ဒီကိစ္စက မဖြစ်နိုင်တဲ့ ကိစ္စကြီးပါ . . .”
ဝမ်ရမ်ချူးချူးသည်ခေါင်းငုံ့လျက်ဖြေလိုက်သည်။
“ဆရာ . . . ကျွန်မ သူ့အပေါ် သာမန်ထက်ပိုတဲ့ ခံစားချက်မျိုး ရှိမိတာ ဝန်ခံပါတယ်။ ဒါပေမယ့်အဲဒီလို ဖြစ်ရတဲ့ အကြောင်းရင်းကိုလည်း ကျွန်မပဲ သိတယ် . . .”
ပိုင်ရှင်းယွဲ့သည်စိတ်ဝင်စားသွားဟန်ဖြင့် –
“ဟင် . . . အကြောင်းအရင်းက ဘာလဲ . . .”
“ကျွန်မ အရင်တစ်ခေါက်က သူနဲ့ ဆုံခဲ့တယ်ဆိုတာ မတော်တဆပါ။ အဲဒီနေ့က ကျွန်မသူ့ကို ကျွန်မအိမ် ခေါ်ခဲ့တယ်လေ။ သူက ကျွန်မလက်ကနေ လွတ်ချင်တာနဲ့ပဲ ကျွန်မရဲ့ ရောဂါကို ကုပေးနိုင်တယ် လို့ ပြောခဲ့တယ်။ အဲဒီအချိန် ဆရာကလည်း အခြေအနေ ဆိုးလာနေပြီတော့ ကျွန်မလည်း ဂုဏ်သိက္ခာတွေ အရှက်တွေ မငဲ့ကွက်နိုင်တော့ဘဲ သူ့ကို စမ်းသပ်ခွင့် ပေးခဲ့တယ် . . .”
“ကုပေးနေတဲ့ အချိန်မှာ ကျွန်မကို သူဘာမှ မမြင်သွားပါဘူး။ ကျွန်မကလည်း အဝတ်အစားတွေ ချွတ်ထားတာ မဟုတ်ဘူး။ အပေါက်လေးပဲ ဖောက်ပေးခဲ့တာ။ ဒါပေမယ့်သူ့လက်နဲ့ေတာ့ ကျွန်မဗိုက်ကို ကိုင်ခဲ့တာပေါ့ . . .”
ပြောနေရင်းဖြင့်ဝမ်ရမ်ချူးချူးသည်အနည်းငယ် ရှက်ရွံ့နေမိသည်။
“အရင်တုန်းက ကျွန်မခန္ဓာကိုယ်ကို ဘယ်သူမှ မမြင်ဖူးကြဘူး။ ထိဖို့ဆိုရင် ဝေးလာဝေးပေါ့ . . .”
“ကျွန်မအရင်ကတုန်းကတွေးမိခဲ့တာ တစ်ခုရှိတယ်။ မိန်းမတွေက သူတို့ကို ထိတွေ့ကိုင်တွယ်ခဲ့တဲ့ ယောကျာ်းတွေကို လက်ထပ်ခိုင်းကြတာ ရူးမိုက်တဲ့ ဆုံးဖြတ်ချက် တစ်ခုလို့ပဲပေါ့။ ဒါပေမဲ့ ကျွန်မကိုယ်တိုင် ထိတွေ့ခံခဲ့ရတော့မှ အဲဒီခံစားချက်ကို မမေ့နိုင်ဘူး ဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ သူက ကျွန်မကို ပထမဆုံး ထိတွေ့ခွင့် ရခဲ့တဲ့လူလေ . . .”
“ဘယ်လိုပြောရမလဲ . . . ပြောရတာ နည်းနည်းတော့ခက်တယ်။ ကျွန်မအတွက် တစ်ခုခု နစ်နာသွားသလိုလည်း ခံစားရတယ်။ ကျွန်မပြောတာ နားလည်ရဲ့လား ဆရာ . . .”
“ကျွန်မဖြင့်သူ့အကြောင်း သေချာတောင် မသိပါဘူး။ ဆုံဖူးတာလည်း တစ်ခါနှစ်ခါပဲ ရှိသေးတယ်။ ဒါပေမယ့်ကျွန်မရင်ထဲမှာ ထူးဆန်းတဲ့ ခံစားမှုမျိုး ဖြစ်နေတယ်။ ဒါက သူ့ကို ကျွန်မ ကြိုက်နေတယ်လို့ ဆိုလိုတာ မဟုတ်ဘူးနော်။ အို . . . ရှင်းလေ ရှုပ်လေ ဖြစ်တော့မှာပဲ ဆရာရယ် . . .”
ဝမ်ရမ်ချုးချုး၏ မျက်နှာတွင်စိတ်ရှုပ်ထွေးမှုများအား အတိုင်းသားတွေ့မြင်နေရသည်။
ပိုင်ရှင်းယွဲ့သည်မျက်မှောင် ကြုတ်လိုက်ရင်း –
“ပြောရရင်တော့ မရေရာတဲ့ ရှုပ်ထွေးမှု ခံစားချက်တစ်ခုပေါ့ . . .”
အချစ်အကြောင်းအား ဂဃနဏ မသိသော သူမတို့ ဆရာတပည့်နှစ်ဦးအဖို့ လက်ရှိခံစားနေရသော ခံစားချက်များအား ကျိုးကြောင်းဆီလျော်စွာမဝေခွဲနိုင်ဖြစ်နေကြသည်။
“နောက်ပြီး နိုင်ငံ ၂ ခုက စစ်ဖြစ်နေကြတယ်။ ကျွန်မက အပြာရောင်လေ နိုင်ငံတော်ဘက်က၊ သူကတော့ ချန်နိုင်ငံတော်ဘက်ကပေါ့။ အဲ့ဒီတော့ ကျွန်မတို့က ရန်သူတွေ ဖြစ်နေတယ်လေ။ စစ်ပွဲက ဘယ်လောက်ထိ ကြာမယ်မှန်းလည်း မသိနိုင်ဘူး။ လင်းပါအို ခန်းမကလည်း အခုချိန်မှာ သူ့ခြေသူ့လက်ဖြစ်နေပြီ။ သူတို့ခန်းမကို ချန်နိုင်ငံတော်ကတောင်အပြည့်အဝ ထောက်ပံ့ပေးမယ်လို့ ကြေညာထားပြီးသား။ပြောရရင်တော့ ကျွန်မတို့က ပြဒါးတစ်လမ်း သံတစ်လမ်းပါပဲ။ ကျွန်မရဲ့ ရောဂါကြောင့်သာ မဟုတ်ရင် သူနဲ့ကျွန်မ ဆိုတာ ဆုံကို ဆုံခဲ့မိမှာ မဟုတ်ဘူး . . .”
ဝမ်ရမ်ချူးချူးသည် နာကျင်စွာဖြင့်ပြောလိုက်သည်။
ပိုင်ရှင်းယွဲ့လည်း တပည့်ဖြစ်သူအား ကြည့်ရင်း သက်ပြင်းသာ အကြိမ်ကြိမ်ချမိတော့သည်။
ဝမ်ရမ်ချုးချုးသည်အားငယ်သောလေသံဖြင့်-
“တစ်နေ့နေ့ကြရင်ကျွန်မတို့နှစ်ယောက်ထဲက တစ်ယောက်ယောက် သေသွားတဲ့အထိ တိုက်ခိုက်ကောင်း တိုက်ခိုက်ကြမှာပေါ့။ ကျွန်မတို့ နိုင်ငံတွေက ရန်သူတွေ ဖြစ်နေကြတာကိုး။ ကျွန်မသူ့ကို သဘောကျတယ် ဆိုရင်တောင် ကျွန်မဘက်က ဘယ်လို ဖော်ပြရတော့မလဲ။ ဘာများ လုပ်နိုင်ဦးမှာ မို့လို့လဲ . . .”
ပိုင်ရှင်းယွဲ့သည်သက်ပြင်းထပ်မံ ချလိုက်ရင်း –
“ဒါပေမယ့်ဒီနေ့ မင်းရဲ့ သရုပ်အမှန် သူ့ကို ပြလိုက်တယ် မဟုတ်လား။ ငါ သိသလောက်မင်းက မင်းရဲ့သရုပ်အမှန်ကို ဘယ်ယောကျာ်းလေးကိုမှ ပြတာ မတွေ့ဖူးသေးသလိုပဲ။ ဟုတ်တယ်မလား . . .”
ဝမ်ရမ်ချူးချူးသည်အနည်းငယ် ရှက်ရွံ့သွားသည့်ဟန်ဖြင့်-
“ဟုတ်တယ် . . . ပြမိတဲ့အတွက်ကျွန်မကိုယ်ကျွန်မလည်း ထူးဆန်းနေတယ်။ ကျွန်မ ဘာကြောင့်များ အခုလို ပြလိုက်မိတာလဲ မသိဘူး . . .”
“မင်းရဲ့ ဒီမေးခွန်းကိုတော့ ငါဖြေပေးလိုက်မယ်။ မိန်းကလေးတစ်ယောက်က သူတို့ချစ်တဲ့ လူအတွက်ဆို အစွမ်းကုန်လှချင်ကြတယ်။ သူတို့ရဲ့ အလှတရားတွေကို ချပြချင်ကြတယ်တဲ့ . . .”
ပိုင်ရှင်းယွဲ့သည်ပြုံးလျက်ဖြေလိုက်သည်။
ဝမ်ရမ်ချူးချူးလည်းခေါင်းငုံ့ထားရင်း –
“ဒါပေမယ့်သူက ကျွန်မရဲ့ မျက်နှာအစစ်ကို တွေ့တာတောင် သိပ်ပြီး အံ့သြတဲ့ပုံမပြဘူး။ တကယ့်ကို ထူးဆန်းတယ်။ သူက သိပ်ပြီး သမာဓိအားကောင်းနေသလိုပဲ။ အနည်းဆုံးတော့ သူပြောခဲ့သလိုပဲ သူ့မှာ ဘာခံစားချက်၊ ဘာလိုချင်တပ်မက်မှုမှ ရှိမနေတော့ မိန်းမတစ်ယောက်ကို ကျေနပ်အောင် လုပ်မပေးတာ ဖြစ်မှာပေါ့။ အဲ့ဒီလိုသာဆိုရင်သူက ကျွန်မကို သူ့နှလုံးသားထဲကနေ တစ်ခါမှ အသိအမှတ် မပြုခဲ့တဲ့ သဘောလား . . .”
ပိုင်ရှင်းယွဲ့မှ –
“သူက တော်တော်ကို အန္တရာယ်များတဲ့ လူတစ်ယောက်ပဲ။ အဲဒီအချက်ကတော့ သေချာတယ်”
ဝမ်ရမ်ချူးချူးသည်ဝမ်းနည်းသွားသည့်ဟန်ဖြင့် သက်ပြင်းချလိုက်ရင်း –
“ကျွန်မ ရုပ်ဖျက်ထားတယ် ဆိုတာကိုလည်း သူက သိနေခဲ့ပြီးသား။ သူကလည်း ရုပ်ဖျက်ထားတာပဲ ဖြစ်ရမယ်။ ကျွန်မကတော့ သူဘယ်သူလဲ ဘယ်လို ပုံစံလဲ ဆိုတာတောင် မသိသေးပါဘူး။ သူ့အသက်ကရော ဘယ်လောက် ရှိပြီလဲ မသိဘူးနော် . . .”
ပိုင်ရှင်းယွဲ့သည်ပါးစပ်အဟောင်းသားပင်ဖြစ်သွားကာ –
“ဘုရားရေ . . . မင်းဆိုလိုချင်တာက သူနဲ့ ပတ်သက်ပြီး ဘာဆိုဘာမှ မသိဘူးပေါ့ . . .”
ဝမ်ရမ်ချူးချူးသည်ရှက်ရွံ့စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ပိုင်ရှင်းယွဲ့လည်း သက်ပြင်းသာချလိုက်ရင်း –
“မင်းဘာလို့ ဒီလောက်ထိတောင် ရူးမိုက်ခဲ့ရတာလဲ . . . သူ့အကြောင်း ဘာမှ မစုံစမ်းခဲ့ဘူးလား”
ဝမ်ရမ်ချူးချူးသည် ဖန်ဇီလင်၏ သရုပ်မှန်အား မသိရသေးသည့်တိုင် သူမ နှလုံးသား တစ်ခုလုံးအား ပုံအပ်ထားသကဲ့သို့ပင်ဖြစ်နေလေသည်။ ပိုင်ရှင်းယွဲ့အတွက်မူ တပည့်ဖြစ်သူ၏ အဖြစ်သည်မယုံနိုင်စရာပင်ကောင်းလျက်ရှိသည်။
ဝမ်ရမ်ချူးချူးသည်လည်း သူ၏ အဖြစ်အား စဉ်းစားရင်းဖြင့် မျက်ရည်များ ဝေ့တက်လာလေသည်။
နောက်ဆုံးတွင် သူ သဘောပေါက်လိုက်သည့် အချက်မှာ သူ့အနေဖြင့် ဖန်ဇီလင်အား ချစ်သည်ဖြစ်စေ၊ မချစ်သည်ဖြစ်စေ သူတို့နှစ်ဦးသည်ဘယ်သောအခါမှ အတူတကွ ရှိမနေနိုင်သည့် အချက်ပင် ဖြစ်သည်။
. . .
မော်တယ်ကမ္ဘာတွင် ထိုအဖြစ်အပျက်များ ဖြစ်ပျက်နေသည့်အချိန်တွင်ချင်းယန်နယ်ပယ်တွင်လည်း ကိစ္စတစ်ခု ဖြစ်ပျက်ခဲ့သည်။
မြူခိုးများကြားတွင် တောင်ကြီးတစ်တောင် ရှိနေလေသည်။
ထိုတောင်ပေါ်တွင် နန်းတော် တစ်ခု တည်ရှိနေသည်။ နန်းတော်အတွင်းတွင် အနက်ရောင်တိမ်များ မျောလွင့်နေပြီး ထိုတိမ်စိုင်များကြားတွင် လူပုံရိပ်သဏ္ဍာန်တစ်ခု ရှိနေလေသည်။ ထိုလူ၏ မျက်နှာနှင့် ခန္ဓာကိုယ်အား မြင်တွေ့ရန်မူ ခက်ခဲလှပေသည်။ ယောကျာ်းလော မိန်းမလော ဟူ၍ပင် ခွဲခြား၍ မရပေ။
ထိုနန်းတော်သည် ချင်းယန်နယ်ပယ်၏ ကြောက်စရာအကောင်းဆုံး ဂိုဏ်းတစ်ခုဖြစ်သည့် မိစ္ဆာနန်းတော်ဟု လူအများ ခေါ်ဝေါ် သမုတ်ကြသော တိမ်မြူခိုး နန်းတော်ပင် ဖြစ်သည်။
တိမ်မြူခိုးနန်းတော်နှင့် ပတ်သက်၍ ကောလဟလများစွာ ရှိခဲ့သည်။ ထိုနန်းတော်ရှိ မိန်းကလေးများသည် ရက်စက်ကြမ်းကြုတ်လှပြီး လူ့အသက်ကို ပုရွက်ဆိတ်တစ်ကောင်လောက်ပင် တန်ဖိုးမထားဘဲ သတ်ဖြတ်နိုင်ကြသောကြောင့် မိစ္ဆာနန်းတော်ဟု နာမည်ပေးထားကြခြင်း ဖြစ်သည်။
အနက်ရောင် တိမ်စိုင်များသည် အဆက်မပြတ် မျောလွင့်နေကြပြီး သိပ်သည်းသထက် သိပ်သည်း လာလေသည်။ ထိုတိမ်စိုင်များနှင့်အတူ စွမ်းအင်လှိုင်းများသည်လည်းမျောလွင့်နေကြပါတော့သည်။