Chapter – 216
“လင်းရှောင်ရေခဲကျင့်စဉ်”
ပိုင်ရှင်းယွဲ့သည်သူမပြောခဲ့သည့် စကားများ၏ အဓိပ္ပါယ်များအား ပြန်စဉ်းစားနေမိသည်။
[ဘုရားရေ . . . ငါ့စိတ်ထဲ ဘာတွေ ဖြစ်နေတာလဲ၊ သူ့ကို ဒီလိုလူမျိုးလို့များ ဘာလို့ ထင်ခဲ့မိတာလဲ မသိဘူး၊ သူစိတ်ဆိုးတာလည်း မထူးဆန်းပါဘူးလေ။ ဘယ်သူမဆို ဒီလို ဖြစ်ကြမှာပဲ။ သူက ငါ့အပေါ် ကောင်းရဲ့သားနဲ့ ငါက အထင်မှားသွားတာကို . . .]
ဒေါသထွက်နေသည့် ဖန်ဇီလင်အားကြည့်ရင်း ပိုင်ရှင်းယွဲ့ အားတုံ့အားနာ ဖြစ်သွားသည်။ ထို့နောက် လေသံတီးတိုးဖြင့် –
“စိတ် . . . စိတ်မဆိုးပါနဲ့၊ ကျွန်မ နားလည်မှု လွဲသွားမိတာပါ။ ရှင့်ရဲ့ သိက္ခာကို အထင်မှားသွားမိခဲ့တယ်။ အဲဒါကလည်း ကျွန်မ စိတ်တွေ ရှုပ်ထွေးနေခဲ့လို့ပါ။ တောင်းပန်ပါတယ်။ ကျွန်မကို ခွင့်လွှတ်ပေးပါနော်. . .”
ပြောခဲ့မိသည့်စကားများအတွက်ပိုင်ရှင်းယွဲ့၏ စိတ်ထဲတွင်နောင်တအကြီးအကျယ်ရနေမိသည်။ခေါင်းမဖော်နိုင်အောင်ပင်ရှက်နေမိသည့်အတွက်အပြင်သို့ ချက်ချင်းပင်ထွက်ခွာသွားလေသည်။
ဝမ်ရမ်ချူးချူးသည်လည်း ဆရာဖြစ်သူနှင့် ဖန်ဇီလင်တို့နှစ်ဦး စကားအချေအတင် ဖြစ်နေသည်ကို နားလည် သဘောပေါက်သွားသဖြင့် ပြုံးမိလိုက်သည်။ ယခုအကြိမ်တွင်မူ ပိုင်ရှင်းယွဲ့အား သူမ မတားဆီးတော့ချေ။
ဆရာဖြစ်သူ၏ အလှအပများအောက်တွင်ဖန်ဇီလင်တစ်ယောက် ကျဆုံးသွားလေမလား ဟူ၍ စောင့်ကြည့်နေမိခဲ့သည်။ သို့သော်လည်း သူမ၏ အထင်နှင့်အမြင်သည်တက်တက်စင်အောင်ပင်လွဲခဲ့ရသည်။
ဝမ်ရမ်ချုးချုးသည်ရဲရှောင်ရှိရာသို့လျှောက်လာရင်း –
“နောင်ကြီးဖန် . . . ဆရာ့ကို ကုဖို့အတွက် တခြားနည်းလမ်း မရှိတော့ဘူးလား . . .”
ဖန်ဇီလင်စိတ်ပြေစေရန်အတွက်စကားလမ်းကြောင်း လွှဲပေးလိုက်ခြင်း ဖြစ်သည်။ ဝမ်ရမ်ချူးချူးအတွက်အရေးကြီးဆုံးအချက်မှာ ဆရာဖြစ်သူ ပိုင်ရှင်းယွဲ့ ၏ အသက်ရှင်ရေးပင် ဖြစ်သည်။ ရဲရှောင်သည်မည်မျှပင် စိတ်ဆိုးနေစေကာမူ ဆရာဖြစ်သူအပေါ် တပည့်ဖြစ်သူမှထားသည့် စေတနာအား အသိအမှတ်ပြုသည့်အနေဖြင့်ကောင်းကောင်းမွန်မွန်ပင် ပြန်ပြောလိမ့်မည်ဟု ဝမ်ရမ်ချူးချူးဘက်မှ တွေးနေမိသည်။
“အခုလောလောဆယ်တော့ နည်းလမ်း နှစ်မျိုးကလွဲပြီး ငါလည်း မစဉ်းစားတတ်သေးဘူး . . .”
ထင်ထားသည့် အတိုင်းပင် ရဲရှောင်မှပြေပြေလည်လည်ပင်ပြန်ပြောခဲ့သည်။
ရဲရှောင်လည်း ဝမ်ရမ်ချူးချူးအား မော့ကြည့်ပြီး ပြောရန်အတွက်သူ၏ ခေါင်းအားမော့လိုက်စဉ် အလွန်လန့်သွားလေသည်။
“အမလေး . . .”
ရဲရှောင်၏ နှုတ်မှ”အမလေး”ပင်တ၍အော်လိုက်ရသည့်အကြောင်းအရင်းမှာ သူ၏ရှေ့၌ အလွန်တရာမှပင်လှပသော မိန်းကလေး တစ်ဦးအား မြင်တွေ့လိုက်ရကြောင့် ဖြစ်သည်။ ထိုမိန်းကလေးတွင်စင်ရော်တောင်ကဲ့သို့ လှပသော မျက်ခုံးမွှေးများရှိပြီး ပုရိသများ လည်ပြန်ငေးလောက်အောင်ပင်အချိုးအစားအလွန်ပြေပြစ်သော ခန္ဓာကိုယ်ကောက်ကြောင်းမျိုးလည်း ရှိသည်။ ထို့ပြင်လေတိုက်တိုင်း ယိမ်းနွဲ့သွားသည့်သူမ၏ ဆံကေသာ အလှများကြောင့်အလှပေါ်အလှဆင့်နေသလိုပင်ဖြစ်နေလေသည်။ သူ၏ရှေ့တွင်ရပ်နေသော မိန်းမလှလေးအား ကြည့်ရင်း ရဲရှောင်၏ စိတ်ထဲတွင်ကောင်းကင်ဘုံမှ နတ်သက်ကြွေ၍ ဆင်းလာသည့်နတ်သမီးလေးတစ်ပါးဟုပင်ထင်နေမိသည်။
သူမ၏ အရပ်အမောင်းနှင့် ခန္ဓာကိုယ် အချိုးအစားသည်လည်းအပြစ်ဆိုစရာမရှိအောင်ပင်လိုက်ဖက်ညီမှုရှိလှသည်။ ထို့ပြင် ကြည်လင်ဝင်းပသော အသားအရည်နှင့်ထပ်တူ ညှို့ငင်အားကောင်းသော မျက်ဝန်းအစုံသည်လည်း ဖန်ဂေါ်လီလုံးများကဲ့သို့ ကြည်လင်တောက်ပလျက်ရှိသည်။
“မင်း . . . မင်းဘယ်သူလဲ . . .”
ရဲရှောင် တုန်လှုပ်အံ့သြသင့်စွာဖြင့်မေးလိုက်သည်။
သူ၏ရှေ့တွင်ရှိသော မိန်းကလေး၏ အလှအား စာဖွဲ့ပြ၍ မမီနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုမိန်းကလေး၏ အလှသည်စကြာဝဠာအတွင်းရှိ မိန်းကလေးများ အားလုံးထက် သာလွန်နေသောကြောင့်ပင်ဖြစ်သည်။
မော်တယ်ကမ္ဘာနှင့် သူမ၏ အလှသည် လုံးဝပင် မတန်ချေ။
ရဲရှောင်သည် ယခင်က မော်တယ်ကမ္ဘာ၌ စုယဲ့ယွဲ့ကိုသာ အလှဆုံးဟု ထင်မှတ်ခဲ့မိသည်။ သို့သော် ယခုကဲ့သို့ ကောင်းကင်ဘုံမှ နတ်သမီးရှုံးအောင် လှပသည့် မိန်းကလေးမျိုး ရှိနေလိမ့်မည်ဟု မထင်ထားပေ။ စုယဲ့ယွဲ့သည် ငယ်ရွယ်၍ ချစ်စဖွယ်ကောင်းသော်လည်း သူ၏ရှေ့တွင်ရှိသော မိန်းကလေးမှာမူ အလွန်ရင့်ကျက်၍ ဆွဲမက်ဖွယ်ကောင်းသော အလှမျိုးအား ပိုင်ဆိုင်ထားသည်။
သူမ၏ အလှကြောင့်နိုင်ငံများပင်စစ်မက်ဖြစ်ပွားနိုင်သည်။ ပြစ်မျိုးမှည့်မထင်လှသည့်အလှဆိုသည်မှာ ယခုမိန်းကလေး၏ အလှပင် ဖြစ်ချေလိမ့်မည်။
“ကျွန်မ ဘယ်သူလဲ . . . ကျွန်မက ဘယ်သူလဲ . . .”
ရဲရှောင်မှ သူ့အား ရုပ်ဆိုးသည်ဟု ပြောခဲ့သည်ကို မကျေနပ်သဖြင့် ဝမ်ရမ်ချုးချူးမှ သူမ၏ ပုံစံ အစစ်အမှန်အား ပြသလိုက်ခြင်းပင်ဖြစ်သည်။
ရဲရှောင် ထိုကဲ့သို့ ပြောခဲ့စဉ်က သူမ၏ ပုံစံအစစ်အမှန် မဟုတ်သည့်တိုင် မခံချိ မခံသာ ဖြစ်ခဲ့ရသည်။
[ဟမ့် . . . ကမ္ဘာပေါ်မှာ ဘယ်ဟာက အလှအစစ်လဲဆိုတာ သိအောင် ပြရတာပေါ့ . . . ကျွန်မရဲ့ပုံစံအစစ်အမှန်ကို ပြလိုက်တော့ ရှင်တွေ့ဖူးခဲ့တဲ့ လှပါတယ်ဆိုတဲ့ မိန်းကလေးတွေက ဘာမှ မဟုတ်တော့ဘူးဆိုတာ ရှင်လည်း သိသွားလောက်ပြီပေါ့ . . .]
သို့သော် ဖန်ဇီလင်သည် အလွန်အမင်း အံ့သြနေသည့်ပုံ မပေါ်ချေ။ ရုတ်တရက်မို့ လန့်သွားသည့် သဘောသာ ရှိလေသည်။ ဝမ်ရမ်ချုးချုးသည်ရဲရှောင်အား ပတ်၍ လမ်းလျှောက်လိုက်ပြီးနောက်ဆွဲမက်ဖွယ်ကောင်းလောက်အောင်ပင်ပြုံးလိုက်ရင်း –
“ဘာလဲ . . . ကျွန်မ မလှဘူးလား . . .”
“မလှဘူး၊ တော်တော် ရုပ်ဆိုးတယ် . . .”
ရဲရှောင်သည် ဝမ်ရမ်ချုးချုး၏ စိတ်ထဲတွင်ကျေနပ်သွားမည့် အဖြစ်မျိုး အဖြစ်မခံနိုင်ချေ။ ထို့ကြောင့်တမင်အရွဲ့တိုက်၍ ပြောနေခြင်းပင်ဖြစ်သည်။
“မင်းက တော်တော်ကို ဝတာပဲ။ လှတယ်ဆိုတဲ့ စကားနဲ့တောင် မထိုက်တန်ဘူး။ မင်းရဲ့ ရုပ်ဆိုးမှုက ဒီကမ္ဘာကိုတောင် သိက္ခာချနေသလိုပဲ။ မင်းဟာမင်း ရုပ်ဆိုးတာ ကိစ္စမရှိဘူး၊ လူတကာကို ကျွန်မလှလား ကျွန်မလှလားဆိုပြီး လိုက်မေးနေတာကတော့ တော်တော် အလိုက်ကန်းဆိုး မသိတာပဲ။ မင်းကတော့တော်တော်ကိုပဲကွာ . . .”
“ရှင် . . . ရှင်. . .”
ဝမ်ရမ်ချူးချူးလည်း ဒေါသအလွန်အမင်း ထွက်သွားသောကြောင့်ရဲရှောင်အား ရိုက်ရန်ဟန်ပြင်လိုက်ရင်း –
“ရှင်ကတော့ တကယ်ကို အရိုက်ခံချင်နေပြီ ထင်တယ်။ အရင်ကတော့ ကျွန်မပုံအစစ် မဟုတ်လို့ ရှင်ပြောသမျှ သည်းခံပေးနေလို့ ရသေးတယ်။ အခုကြ ရှင့်မျက်လုံးနဲ့ မြင်နေရတာတောင် လိမ်နေတာကတော့ ကျွန်မ သည်းမခံနိုင်တော့ဘူး . . .”
ရဲရှောင်လည်း ချက်ချင်းပင် –
“နေဦး . . . မင်းရဲ့ ရောဂါကို ငါ့ကို မကုစေချင်တော့ဘူးလား၊ မင်းနဲ့ တိုက်ခိုက်ရင်ငါနိုင်ချင်မှ နိုင်လိမ့်မယ်။ ဒါပေမယ့်မင်းငါ့ကို ထိရဲရင် ထိကြည့် မင်းအတွက် နောက်ထပ် အားဖြည့်ကြာပန်း လုံးဝ မလုပ်ပေးတော့ဘူးလို့ ငါကျိန်ဆိုတယ်။ မင်းတို့ရဲ့ ပြဿနာတွေကိုလည်း မဖြေရှင်းပေးတော့ဘူး။ မင်းရိုက်ချင်လည်းရိုက်၊ ငါ့ဘက်ကတော့ ဘာမှ မတုန့်ပြန်ဘူး။ အဲ့ဒီအတွက်မင်းကြိုက်သလို လုပ်နိုင်တယ် . . .”
ဝမ်ရပ်ချူးချူးသည်ကိုယ်ရှိန်သပ်လိုက်ပြီး မကျေမနပ်ဖြင့် –
“ဖန်ဇီလင် . . . ရှင်က ကျွန်မကို ကလေးကလား လာခြိမ်းခြောက်နေတာလား၊ ရှင်ဘာလို့ ဒီလို လုပ်နေရတာလဲ . . .”
ရဲရှောင်မှ –
“ဘယ်လူကြီးလူကောင်းမဆို အရိုက်တော့ ခံချင်ကြမှာ မဟုတ်ဘူး။ အဲ့ဒါကို မင်းနားလည်တယ် မဟုတ်လား မိန်းကလေး ချူးချူး . . .”
ဝမ်ရမ်ချူးချူး မခံချိ မခံသာပင်ဖြစ်နေလေသည်။ သူမအနေဖြင့်မည်သည့်အရာမျှ မတတ်နိုင်တော့၍ သက်ပြင်းသာ ချလိုက်နိုင်တော့သည်။
ရဲရှောင်လည်း ပြုံးလိုက်ရင်း –
“ငါက သဘောထားကြီးတဲ့လူပါ။ မင်းကို ဒီလိုပဲ ဆက်ဆံမှာ မဟုတ်ပါဘူး၊ ကဲ မင်းရဲ့ ကျင့်ကြံမှုက ဘယ်လိုလဲ၊ လင်းရှောင်ရေခဲကျင့်စဉ်ရဲ့ ဘယ်အဆင့်ကို ရောက်နေပြီလဲ . . .”
လင်းရှောင် ရေခဲကျင့်စဉ် ဟူသည့် စကားလုံးအား ကြားရသောအခါ ဝမ်ရမ်ချူးချူးသည်အလွန်တုန်လှုပ် သွားလေသည်။ အပေါက်ဝတွင် နားထောင်နေသည့် ပိုင်ရှင်းယွဲ့သည်ပင်လျှင် အံ့သြသွားမိသည်။
တိမ်မြူခိုးနန်းတော်၏ အဓိက ကျင့်စဉ်မှာ လင်းရှောင်ရေခဲကျင့်စဉ်ပင် ဖြစ်သည်။
ဝမ်ရမ်ချူးချူးနှင့် ပိုင်ရှင်းယွဲ့တို့ ကျင့်ကြံသည်မှာလည်း ထိုကျင့်စဉ်ပင် ဖြစ်သည်။ တနည်းအားဖြင့် ထိုကျင့်စဉ်ကြောင့်ပင် အားဖြည့်ကြာပန်းပင်များ လိုအပ်နေခြင်း ဖြစ်သည်။
ပိုင်ရှင်းယွဲ့သည် သူမတို့၏ ဂိုဏ်းအကြောင်း ပြောပြခဲ့သော်လည်း ကျင့်စဉ်နာမည်ကိုမူ မပြောခဲ့ချေ။
သို့သော်လည်း ဖန်ဇီလင်မှ ယခုကဲ့သို့ ထုတ်ပြောလာသည့်အတွက် သူမတို့၏ ဂိုဏ်းအကြောင်း အတော်များများ သိနေမည်မှာ သေချာပေါက်ပင်ဖြစ်သည်။
“မော်တယ်အဆင့် ၇ . . .”
ဝမ်ရမ်ချူးချူးသည်အမှန်တိုင်းပင် ပြောလိုက်သည်။
“ဪ . . . မော်တယ်အဆင့် ၇ တောင် ရောက်နေပြီဆိုတော့ တော်တော် မြန်တယ် ပြောရမယ်။ ဒါပေမယ့်မင်းမြေကြီးအဆင့်ကို ရောက်ရင်တော့ အဆင့်တက်တာ နှေးသွားမှာပဲ။ ကောင်းကင်အဆင့် ဆိုရင်တော့ ပိုပိုနှေးသွားမှာပေါ့ . . .”
ဝမ်ရမ်ချူးချူးသည်မျက်မှောင်ကြုတ်လိုက်ရင်း –
“အဲ့ဒါ ရှင်ဘယ်လို သိလဲ . . .”
“ငါသိတာပေါ့ . . .”
ရဲရှောင် အဓိပ္ပါယ်ပါသော အပြုံးများဖြင့်ပြုံး၍ ပြောလိုက်သည်။
တကယ်တမ်းတွင်မူ ရဲရှောင်သည် ထိုမျှလောက်သာ သိထားခြင်း ဖြစ်သည်။ ချင်းယန်နယ်ပယ်တွင် တိမ်မြူခိုးနန်းတော်သည် လျှို့ဝှက်စွာ နေထိုင်သည့်ဂိုဏ်းတစ်ခုဖြစ်သောကြောင့်ထိုဂိုဏ်းအကြောင်းအား သိသောလူသည်လက်ချိုး၍ပင်ရေတွက်၍ ရနိုင်သည်။
ရှောင်ဧကရာဇ်သည်ချင်းယန်နယ်ပယ်တွင် တစ်ကိုယ်တော်ထင်တိုင်းကြဲခဲ့သူ ဖြစ်ပြီး ကျောထောက် နောက်ခံဟူ၍လည်း မရှိခဲ့ချေ။ ထို့ကြောင့် ထိုကဲ့သို့သော ဂိုဏ်းများ၏ လျှို့ဝှက်ချက်အား သိနေသည်မှာ ထူးဆန်းနေသလိုပင်ဖြစ်နေပါတော့သည်။