Chapter – 215
“အထင်လွဲခြင်း”
“ကျွန်မ သေသေရှင်ရှင် ကျွန်မလုပ်ရမယ့်ကိစ္စကို ကျွန်မသိပြီးသား။ အဲ့ဒီအတွက်ရှင်စိတ်ပူမနေနဲ့ . . .”
ပိုင်ရှင်းယွဲ့ ပြောပြောဆိုဆိုဖြင့် မတ်တတ်ထရပ်လိုက်သည်။
ရဲရှောင်လည်း သူမထွက်သွားသည်ကို ငေးမောကြည့်ရင်း အံ့သြနေမိသည်။
ထိုအချိန်တွင် တံခါးဝ၌ လူရိပ်တစ်ခု ပေါ်လာပြီး ပိုင်ရှင်းယွဲ့၏ရှေ့တွင်ပိတ်ရပ်လိုက်ကာ –
“ဆရာ . . . မသွားပါနဲ့နော် . . .”
ရောက်လာသူကား ဝမ်ရမ်ချူးချူးပင် ဖြစ်သည်။
ပိုင်ရှင်းယွဲ့သည်မာထန်သော မျက်နှာထားဖြင့်-
“ဖယ်စမ်းပါ။ မင်းဘာလို့ ဒီလောက်ထိ ဖြစ်နေရတာလဲ။ မင်းလည်း အရွယ်ရောက်နေပြီပဲဟာ အခုလို ငါတို့စကားပြောနေတာကို ချောင်းနားထောင်နေစရာလား . . .”
ဝမ်ရမ်ချူးချူးသည်ဆရာဖြစ်သူ၏ လက်အား ဆွဲကိုင်ရင်း မျက်ရည်များ စီးကျလာကာ –
“ဆရာ့ကို သွားခွင့် မပေးနိုင်ဘူး။ ကျွန်မက တော်ဝင်မျိုးနွယ်ထဲမှာ ကြီးပြင်းလာခဲ့ရတာပါ။ ကျွန်မ အမေတောင် ဆရာ့လောက် ကျွန်မအပေါ်ကောင်းခဲ့တာ မဟုတ်ဘူး။ ဆရာသာ အသက်ရှင်နိုင်မယ့် ဒီအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခံမယ်ဆိုရင် ကျွန်မလည်း ဆရာနဲ့အတူ သေပစ်မယ် . . .”
ပိုင်ရှင်းယွဲ့သည်သက်ပြင်းချလိုက်ရင်း –
“အရူးမလေး . . . အခု ကျောက်စိမ်းအားဖြည့် ကြာပန်းက တစ်ပွင့်တည်း ရှိတာလေ . . .”
“အဲဒီလို တစ်ပွင့်တည်း ရှိတယ် ဆိုရင်တောင် အဲဒီအပွင့်က ဆရာ့အတွက်ပဲ . . .”
ဝမ်ရမ်ချူးချူး ခေါင်းမာစွာဖြင့် ပြောလိုက်သည်။
“ဆရာ့ကြောင့်သာ မဟုတ်ရင် ကျွန်မ မှင်ရောင်အားဖြည့် ကြာပန်းကိုလည်း အားသွန်ခွန်စိုက် ရှာခဲ့မှာ မဟုတ်ဘူး။ အခုဆို ကျောက်စိမ်းအားဖြည့် ကြာပန်းအဖြစ်တောင် ပြောင်းသွားပြီ။ ဒါက နတ်ဘုရားတွေရဲ့ မျက်နှာသာပေးမှုကြောင့်ပဲ။ နတ်ဘုရားတွေက ဆရာ့ကို အသက်ရှင်စေချင်လို့လေ။ ဆရာ့နေရာမှာ တခြားလူသာဆို ကျွန်မလည်း ဘယ်ပေးပါ့မလဲ . . .”
ပိုင်ရှင်းယွဲ့သည်ညိုးငယ်သော မျက်နှာဖြင့်-
“ချူးချူး . . . ငါတို့က တိမ်မြူခိုးနန်းတော်က လူတွေလေ။ အခုကစပြီး မင်းငါပြောတာကိုပဲ နာခံရမယ် . . .”
“ကမ္ဘာပေါ်မှာရှိတဲ့ မိန်းမတွေက အမြဲတမ်း ဖိနှိပ်ခံနေကြရတယ်။ ငါတို့ တိမ်မြူခိုးနန်းတော် အဓွန့်ရှည်လာတာနဲ့အမျှ နယ်ပယ်အားလုံးကို စိုးမိုးခြယ်လှယ်လာနိုင်လိမ့်မယ်။ ဒီလို ဂိုဏ်းကြီးသာ မရှိဘူးဆိုရင် ငါတို့ဆိုတာလည်း စုစည်းမိကြမှာ မဟုတ်ဘူး။ အဲ့ဒါကြောင့်ဒီဂိုဏ်းကြီး ရေရ တည်တံ့ဖို့ အတွက်က ငါတို့ရဲ့ မျှော်မှန်းချက်ပဲ . . .”
“ငါတို့တွေ ဒါကို သိထားရမယ်၊ ဂိုဏ်းအတွက် အသက်စွန့်ရမယ်ဆိုရင်တောင် ပြုံးပြုံးကြီးပဲ အသေခံလိုက်မယ် . . .”
“ငါ့အဆင့်က ချင်းယန်နယ်ပယ်မှာ အလယ်အလတ် အဆင့်လောက်ပဲ ရှိသေးတာ။ ငါတို့ရဲ့ ဂိုဏ်းကို ကာကွယ်နိုင်စွမ်းလည်း ငါ့မှာ မရှိသေးဘူး။ ချင်းယန်နယ်ပယ် တစ်ခုလုံးကို ကိုင်လှုပ်နိုင်စွမ်း ရှိအောင်လည်း မလုပ်နိုင်သေးဘူး။ အဲဒါကြောင့် ငါ့အနေနဲ့ ဒီကြာပန်းကို အဆုံးရှုံး မခံချင်ရတာပဲ။ မင်းဒါကို နားလည်ဖို့လိုမယ် ချူးချူး . . .”
ဝမ်ရမ်ချူးချူးသည်တရှုံ့ရှုံ့ပင်ငိုကြွေးလိုက်ရင်း –
“မသိဘူး၊ အဲဒါတွေ ကျွန်မ ဂရုစိုက်မနေနိုင်ဘူး။ ဆရာ့ကိုပဲ အသက်ရှင်စေချင်တယ် . . .”
ခေါင်းမာနေသော တပည့်ဖြစ်သူအား ကြည့်ရင်း ပိုင်ရှင်းယွဲ့တစ်ယောက်သက်ပြင်းသာ အကြိမ်ကြိမ်ချမိလိုက်သည်။ မည်ကဲ့သို့သော စကားများ ထပ်ပြော၍ နားချရမည်ကို မသိနိုင်ဖြစ်နေလေသည်။
“ဒါနဲ့ ဒီလိုဆိုရင်ရော . . . ဒီဖန်ဇီလင်ဆိုတဲ့လူမှာ ခရမ်းရောင်ကောင်းကင် မီးဓာတ် ရှိတယ် မဟုတ်လား။ အဲဒီမီးဓာတ်က ကျွန်မတို့ရဲ့ ဝေဒနာကို လောင်ကျွမ်းစေနိုင်တယ်လေ။ ကျွန်မတောင် စမ်းကြည့်ခဲ့ပြီးပြီ။ အလုပ်လည်း ဖြစ်တယ်။ ဆရာများ . . .”
ဝမ်ရမ်ချူးချူးသည်မျှော်လင့်တကြီးဖြင့်ပြောလိုက်သည်။
ပိုင်ရှင်ယွဲ့သည်သူမ၏ ခေါင်းအား ချာခနဲပင်လှည့်လိုက်ရင်း –
“အဲဒီကိစ္စ ထပ်မပြောစမ်းနဲ့ . . .”
ဝမ်ရမ်ချူးချူးသည်ကလေးတစ်ယောက်ကဲ့သို့ပင်ဆရာဖြစ်သူ၏ လက်အား အဆက်မပြတ် ကိုင်လှုပ်လိုက်ရင်း –
“ဆရာ . . . ဒီတစ်ခါတော့ ကျွန်မစကားကို နားထောင်ပေးပါ ဆရာရယ် . . .”
ပိုင်ရှင်းယွဲ့မှလည်း ခေါင်းမာစွာပင် –
“ဖယ်တော့ . . .”
ရဲရှောင်လည်း မနေသာတော့ဘဲ –
“မိန်းကလေးပိုင် . . .”
“ဘာလဲ . . .”
ပိုင်ရှင်းယွဲ့သည်စောင့်ကြီးအောင့်ကြီးပင်ပြန်ထူးလိုက်သည်။
“ခင်ဗျားတို့ တိမ်မြူခိုးနန်းတော်က မိန်းကလေးတွေ အကုန်လုံးက အပျိုစင်ဘဝကို အသက်ထက် ပိုတန်ဖိုးထားကြတယ်မှတ်လား။ အဲ့ဒါကြောင့်လည်း လက်ထပ်တာတွေ ထိမ်းမြားတာတွေ ဘယ်တော့မှ မလုပ်ကြတာပေါ့။ ဒါပေမယ့်အသက်နဲ့ ယှဉ်မယ်ဆိုရင် အသက်တစ်ချောင်းက ပိုပြီး တန်ဖိုးရှိတယ်လို့ ကျုပ်တော့ ထင်တာပဲ။ နောက်ပြီး လူတစ်ယောက်အတွက်အဓိကက အသက်ရှင်နေဖို့ပဲလေ။ အသက်ရှင်နေရင်ကိုယ်လုပ်ချင်တာ ဘာမဆို လုပ်လို့ရတယ်။ သေသွားမယ်ဆိုရင်တော့ အရာအားလုံး ပြီးဆုံးသွားပြီပေါ့ . . .”
ရဲရှောင် လေသံခပ်ေအးအေးဖြင့်ပင် ပြော၍ နားချလိုက်သည်။ ပိုင်ရှင်းယွဲ့၏ ဒေါသများ ထွက်လာစေရန် ထိန်း၍ ပြောနေခြင်း ဖြစ်သည်။
“ပိုပြီး အရေးကြီးတာက ကျုပ်က ကျောက်စိမ်းအားဖြည့် ကြာပန်းကို လုပ်နိုင်သလို မှင်ရောင် အားဖြည့် ကြာပန်းကိုလည်း လုပ်နိုင်တယ်။ အခု ခင်ဗျားတို့က ဒီကြာပန်းတစ်ပွင့် အပေါ်မှာပဲ အာရုံရောက်ပြီး စိတ်ဒုက္ခတွေလည်း ရောက်နေကြတယ်။ အဲ့ဒီတော့ ဒီကျောက်စိမ်းအားဖြည့် ကြာပန်းမှာ အစေ့ ပါမပါ ဆိုတာကို သတိမပြုမိကြဘူး။ ခင်ဗျားတို့လည်း ဒီလိုကြာပန်းတွေကို လေ့လာထားတာပဲဟာ။ မှင်ရောင် အားဖြည့်ကြာပန်းကနေ ကျောက်စိမ်းအားဖြည့် ကြာပန်း ဘယ်လို ပြောင်းလဲသွားလဲ ဆိုတာ သိမှာပေါ့။ မှင်ရောင်အားဖြည့် ကြာပန်းက အရင်ဆုံး ညှိုးသွားတယ်။နောက်မှ ပြန်ပြီး ပွင့်လန်းလာတာ။ အဲဒီလို ဒုတိယ အကြိမ်ပွင့်လာတဲ့ ကြာပန်းကိုပဲ ကျောက်စိမ်းအားဖြည့် ကြာပန်းဖြစ်အောင်ပြောင်းလဲလို့ရတာ ဟုတ်တယ်မလား . . .”
ပိုင်ရှင်းယွဲ့သည်မျက်မှောင်ကြုတ်၍ ရဲရှောင်ဘက်သို့ လှည့်ကြည့်လိုက်ရင်း –
“ဟုတ်တယ်။ မှင်ရောင်အားဖြည့် ကြာပန်းက နွမ်းသွားပြီး တစ်စက္ကန့်လောက် နေတာနဲ့ ဝတ်ဆံ အစေ့တွေက ကြွေကျကုန်တယ်လေ။ အဲဒီအစေ့တွေက မြေပြင်ကို ထိတာနဲ့ ချက်ချင်း အရည်ပျော် ပျောက်ကွယ်သွားတယ်။ အဲဒါကြောင့် ဒီအစေ့တွေကို ယူထားဖို့ဆိုတာ တော်တော်ကို ခက်ခဲတာ။ မဟုတ်မှလွဲရော ရှင်များ ယူထားလိုက်မိတာလား . . .”
ရဲရှောင် ခေါင်းညိတ်ပြလိုက်ရင်း လက်ဖြန့်ပြလိုက်သည်။ သူ၏ လက်ထဲတွင် အစေ့ပေါင်း တစ်ဒါဇင်ကျော်ခန့် ရှိနေသည်။ အနက်ရောင် ပုလဲလုံးလေးများကဲ့သို့ အစေ့လေးများပင်ဖြစ်သည်။
ပိုင်ရှင်းယွဲ့သည် ရဲရှောင်အား တအံ့တသြဖြင့် ငေးကြည့်နေမိသည်။ ရဲရှောင်၏ လက်ထဲတွင်ရှိသော အစေ့လေးများသည် သူမ၏ စိတ်အာရုံအား ဖမ်းစားနိုင်စွမ်း ရှိနေသည်မှာ အမှန်ပင်။
ထိုအစေ့များသည် သူမအဖို့ အလွန်ပင် တန်ဖိုးရှိလှသည်။
သူမ၏ ဂိုဏ်းအတွက်လည်း အဓိပ္ပါယ်ရှိပေသည်။ မည်သို့ပင် ဖြစ်နေစေကာမူ ထိုအစေ့များအား ရမှသာ ဖြစ်ပေလိမ့်မည်။
ဖန်ဇီလင်သည် အလွန်အစွမ်းအစ ရှိသောလူတစ်ယောက်ဖြစ်သည်ကို ပိုင်ရှင်းယွဲ့၏ စိတ်ထဲတွင်လက်ခံနေမိပြီ ဖြစ်သည်။ အကယ်၍ ဖန်ဇီလင်အား သူ့ဘက်သို့ပါအောင် စည်းရုံးသိမ်းသွင်းနိုင်မည် ဆိုပါက အလွန်အကျိုးရှိပေလိမ့်မည်။ ယခုကဲ့သို့ ဂိုဏ်းတစ်ခုလုံး၏ မျှော်လင့်ချက်များ အားလုံးသည် ဖန်ဇီလင်၏ လက်ထဲတွင် ရှိနေလိမ့်မည်ဟု သူမ တွေးပင် မတွေးခဲ့မိချေ။
ပိုင်ရှင်းယွဲ့သည်အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ရင်း ညိုးငယ်သော မျက်နှာဖြင့်-
“ဒါဆို ရှင့်ဘက်က အပေးအယူ လုပ်ချင်တာပေါ့ . . .”
ရဲရှောင် အံ့သြသွားရင်း –
“အပေးအယူ ဟုတ်လား၊ ဘာအပေးအယူလဲ . . .”
“မဟုတ်မှလွဲရော . . . ရှင်က ကျွန်မကိုများ . . .”
ပိုင်ရှင်းယွဲ့၏ မျက်နှာတစ်ခုလုံး နီရဲလျက်ရှိသည်။ ထို့နောက် ခနဲ့တဲ့တဲ့ဖြင့်-
“ကျွန်မရဲ့ အပျိုစင်ဘဝနဲ့ ဒီအစေ့တွေနဲ့ အပေးအယူ လုပ်ချင်နေတာမလား၊ ရှင့်ဘက်က ဘာပဲ တောင်းဆိုတောင်းဆို ကျွန်မ မငြင်းဘူးဆိုတာ ရှင်သိနေတယ်လေ။ အဲဒါကြောင့်ပဲ ကျွန်မကို ဒီလို မေးရတာပေါ့။ အခုဆို ရှင့်အကြံတွေ အောင်မြင်တော့မှာပေါ့လေ ဟုတ်တယ်မလား . . .”
ပိုင်ရှင်းယွဲ့၏ စကားများကြောင့်ရဲရှောင်တစ်ယောက်မျက်လုံးပြူးသွားပြီး ခေါင်းပင် မူးနောက်နောက် ဖြစ်သွားသည်။ ရုတ်တရက်မည်သည့်စကား ပြန်ပြောရမည်ကို စဉ်းစားမတတ်ဖြစ်နေမိရင်း –
[သေစမ်း . . . ဘယ်လိုတောင်လဲဟ . . . ဒီမိန်းမရဲ့ ဦးနှောက်က ဘယ်နှစ်ခန်းတောင်လွတ်နေပြီလဲ မသိဘူး။ သူ့စိတ်ထဲ အချိန်ပြည့်ဒါပဲ စဉ်းစားနေတာလား၊ ဘယ်လိုတောင် ပြောလိုက်တာလဲဟ . . .]
“ဆရာဖန် . . . ရှင်က တကယ့်ကို အမြင်စူးရှပြီး လိမ္မာပါးနပ်တာပဲ။ ရှင့်ထုတ်ပြလိုက်တဲ့ ပစ္စည်းက ကျွန်မအတွက်သေလောက်အောင်ကို ဆွဲဆောင်မှု ရှိနေတာကိုး။ အဲ့ဒီအတွက်ကျွန်မဘက်ကလည်း မငြင်းနိုင်တော့ပါဘူး။ ရှင့်စိတ်တိုင်းကျ ဘာလုပ်လုပ် ကျွန်မဘက်က လက်ခံဖို့ အသင့်ပါပဲ . . .”
ပိုင်ရှင်းယွဲ့သည်သွယ်ဝိုက်မနေတော့ဘဲ ဒဲ့တိုးပင်ပြောချလိုက်သည်။
ထပ်မံကြားလိုက်ရသည့်စကားများကြောင့်ရဲရှောင်၏ မျက်လုံးများပင်ဝေဝါးသွားသကဲ့သို့ ခံစားလိုက်ရပြီး စိတ်ထဲတွင်လည်း –
[ငါဘာများ ပြန်ပြောရပါ့မလဲ၊ ဒီလို စကားတွေကို မိန်းကလေးတစ်ယောက်ဖြစ်ပြီး သူဘယ်လိုတောင် ပြောထွက်ရတာလဲ၊ ငါ့ကိုယ်ငါပဲ သတ်သေပစ်လိုက် ချင်တော့တယ် . . .]
“နေဦး . . . နေပါဦး . . . ခင်ဗျားကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် ပြောမှဖြစ်မယ်။ ပထမဆုံး အချက်က ကျုပ်က ခင်ဗျားတို့ဂိုဏ်းအတွက် အလုပ်လုပ်ပေးပါ့မယ်လို့ ဘယ်တုန်းကမှ ကတိမပေးခဲ့ဘူး။ ခင်ဗျားတပည့်နဲ့ ကျုပ်နဲ့ကြားက အပေးအယူ ကိစ္စကလည်း ပြီးပြီ။ ဒုတိယအချက်က ခင်ဗျားရဲ့ ဒုက္ခတွေ ကြားရတဲ့အတွက် ကျုပ်စိတ်မကောင်းပါဘူး။ ဒါပေမယ့်ကျုပ်ခင်ဗျားကို ကယ်တင်ပေးမယ်လို့လည်း မပြောရသေးဘူးနော်။ ခင်ဗျားခံယူချက်နဲ့ ခင်ဗျား အသေခံလည်း ကျုပ်ဘာမှ မပြောဘူး။ တတိယအချက် ကျုပ်က လိင်ကိစ္စကို ပစ္စည်းတစ်ခုနဲ့ အပေးအယူ လုပ်ရလောက်အောင် ညစ်ညမ်းတဲ့ လူယုတ်မာတစ်ယောက် မဟုတ်ဘူး။ နောက်ဆုံးအချက်ကတော့ . . . အခုချက်ချင်း ကျုပ်ရှေ့က ထွက်သွားတော့၊ အခုသွားကြတော့ . . .”
ရဲရှောင် ခပ်ပြတ်ပြတ်ပင်ပြောလိုက်သည်။
ပိုင်ရှင်းယွဲ့သည်ရဲရှောင်၏ စကားများအား ကြားလိုက်ရသောအခါ အလွန် ရှက်ရွံ့သွားမိသည်။
ရဲရှောင်အပေါ်တွင် နားလည်မှု လွဲခဲ့သည် မဟုတ်ပါလား။
စဉ်းစားမိလေ ရှက်လေလေပင် ဖြစ်သည်။
[သူက ကြင်နာတတ်တဲ့ လူမို့လို့ ငါ့ကို ကယ်တင်ဖို့ ကြိုးစားနေတာတောင် ငါက သူ့ကို လူယုတ်မာတစ်ယောက်ဆိုပြီး အထင်လွဲသွားမိရတာပါလား . . .]
ပိုင်ရှင်းယွဲ့သည်အခြေအနေမှန်အား တွေးလိုက်မိပါတော့သည်။