Chapter – 214
“အမှားကြီးမှားခြင်း”
“ခင်ဗျားလည်း မြင်တဲ့အတိုင်းပဲ။ ကျုပ်မှာ ဒီကြာပန်းကို အတော်အားစိုက်ပြီး လုပ်ခဲ့ရတာ။ လုပ်နေရတဲ့ အတောအတွင်းမှာလည်း ကျုပ်ဂိုဏ်းက လျှို့ဝှက် ရတနာ တစ်ခုကို အသုံးပြုခဲ့ရသေးတယ်။ အဲဒါကြောင့်ပဲ ဒီလောက် အချိန်တိုအတွင်း လုပ်နိုင်ခဲ့တာပေါ့။ အရည်အသွေးကလည်း မြင်တဲ့ အတိုင်းပဲလေ။ လိုအပ်တဲ့ ပစ္စည်းတွေသာ အလုံအလောက် ရှိမယ်ဆိုရင် ဒီကြာပန်းကို သေချာပေါက် ထပ်ပြောင်းနိုင်မှာပါ။ ဒါပေမယ့်အခု ကျုပ်သုံးလိုက်တာက တစ်ခါသုံးနည်းပဲ။ တစ်ခါပဲ သုံးလို့ရတာ . . .”
ရဲရှောင် မည်မျှပင် လိမ်နေစေကာမူ အန္တရာယ်အငွေ့အသက်များအား ခံစားနေရသည်။
ပိုင်ရှင်းယွဲ့သည်သူ့အား ဖမ်းဆီး၍ သူမတို့၏ ဂိုဏ်းတွင် ကြာပန်းများ အဆက်မပြတ် ပြုလုပ်ခိုင်းမည်ကို စိုးရိမ်နေမိသည်။ ထိုအခါတွင်သူ၏ ဘဝသည် လှောင်အိမ်ထဲမှ ငှက်တစ်ကောင်ကဲ့သို့ပင်ဖြစ်သွားပေလိမ့်မည်။
ပိုင်ရှင်းယွဲ့သည်စိတ်ပျက်အားလျော့သွားသည့်အမူအယာဖြင့်-
“ဟင် . . . ဒါဆို ရှင်က နောက်ထပ်ကြာပန်းတွေ မလုပ်နိုင်တော့ဘူးလို့ ဆိုလိုချင်တာလား . . .”
“အဲ့ဒီလိုတော့လည်း မဟုတ်ပါဘူး၊ အချိန်နည်းနည်း ပိုကြာသွားမယ့်သဘောပါ။ ဥပမာ နောက်ထပ် ဒီလို မှင်ရောင်အားဖြည့် ကြာပန်းကို ကျောက်စိမ်းအားဖြည့် ကြာပန်းဖြစ်အောင်ပြောင်းမယ်ဆိုရင် သုံးနှစ်ကနေ ငါးနှစ်လောက် ကြာလိမ့်မယ်။ ကျောက်စိမ်းအားဖြည့် ကြာပန်းကနေ ကျောက်စိမ်းအသက်ဝင် ကြာပန်းကို ပြောင်းမယ်ဆိုရင် နှစ်သုံးရာကနေ ငါးရာအတွင်း ကြာလိမ့်မယ်။ အဲဒါကြောင့် ကျုပ်နည်းကလည်း ခင်ဗျားတို့ဂိုဏ်းက နည်းနဲ့ သိပ်တော့ ထူးမခြားနားပါပဲ . . .”
“နှစ်သုံးရာကနေ ငါးရာ ဟုတ်လား . . .”
ပိုင်ရှင်းယွဲ့သည်မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
“ကျွန်မကို သိပ်တော့ နားမလည်ပေမယ့်ပစ္စည်းအလုံအလောက်နဲ့ အနှောင့်အယှက်ကင်းကင်း လုပ်နိုင်မယ်ဆိုရင် နှစ်သုံးရာလောက်ပဲ ကြာမယ် မဟုတ်လား . . .”
ရဲရှောင် ခေါင်းညိတ်ပြလိုက်သည်။
“ဒါဆို ဒီကြာပန်းအပြင် နောက်ထပ်ကြာပန်းတွေတော့ ထပ်ရနိုင်ဦးမှာပေါ့ . . .”
ပိုင်ရှင်းယွဲ့သည် အစပိုင်းတွင် မျက်မှောင်ကြုတ်နေသော်လည်း နောက်ပိုင်းတွင် စိတ်သက်သာရာ ရသွားသည့်ပုံပင်။
“ဒီလို ကျောက်စိမ်းအသက်ဝင် ကြာပန်းကို နောက်ထပ် လိုအပ်တဲ့ ပစ္စည်းတွေနဲ့ ထပ်ပြီး အဆင့်မြင့်မယ်ဆိုရင် နှစ်ငါးထောင်လောက် ကြာရင် ဒဏ္ဍာရီထဲမှာပဲရှိတဲ့ အရာကို ပြုလုပ်နိုင်လိမ့်မယ်”
ရဲရှောင် လေးလေးနက်နက်ပင်ပြောလိုက်သည်။
“အဲဒါကတော့ . . . ကောင်းကင်ရွှေကြာပန်းပဲ . . .”
“ကောင်းကင်ရွှေကြာပန်း ဟုတ်လား . . .”
ပိုင်ရှင်းယွဲ့သည် ကြာပန်း၏ အမည်အား ကြားလိုက်ရသောအခါ “ဝုန်း” ကနဲပင်မတ်တတ်ထရပ်လိုက်သည်။
“ရှင်တကယ်ပဲ ဒီရွှေကြာပန်းကို လုပ်နိုင်တယ်ပေါ့ ဟုတ်လား၊ တကယ်ပဲ ယုံကြည်ချက် ရှိတယ်ပေါ့”
ရဲရှောင်လည်း ပြုံးလိုက်ရင်း –
“သိပ်သေချာတာပေါ့ဗျာ။ ကျုပ်သာ အကောင်းဆုံးကြိုးစားမယ်၊ လိုအပ်တဲ့ ပစ္စည်းတွေလည်း ရနိုင်မယ် ဆိုရင် အချိန်နည်းနည်း ပေးလိုက်တာနဲ့ ရကိုရတယ် . . .”
ပိုင်ရှင်းယွဲ့သည်ကတုန်ကယင် ဖြစ်နေလေသည်။ စိတ်လှုပ်ရှားမှုကြောင့် သူမ၏ အသက်ရှူသံများပင်ပုံမှန်မဟုတ်ချင်တော့သကဲ့သို့ ခံစားနေရသည်။
ကောင်းကင်ရွှေကြာပန်းဆိုသည်မှာ ဒဏ္ဍာရီလာ ပစ္စည်း ကိုးခုထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။
ထိုကြာပန်းသည်သူမတို့ ဂိုဏ်းရှိ လူများ၏ကျင့်ကြံမှုအား ထိပ်ဆုံးသို့ ရောက်နိုင်ပေလိမ့်မည်။ ထို့ပြင်အောင်မြင်မှု ပန်းတိုင်သို့ တက်လှမ်းနိုင်မည့် ပစ္စည်းတစ်ခုဟု ဆိုလျှင်လည်း မမှားပေ။
ကောင်းကင်ရွှေကြာပန်းအား ဒဏ္ဍာရီထဲတွင်သာ ကြားဖူးကြပြီး မည်သူမျှ မမြင်တွေ့ဖူးကြချေ။
မည်သည့်ဂိုဏ်းပင် ဖြစ်စေ အရည်အသွေးမြင့် ကျောက်စိမ်းအသက်ဝင် ကြာပန်းကိုသာ တွေ့မြင်အသုံးပြုဖူးကြလေသည်။ ရွှေကြာပန်းကိုမူ မြင်ပင် မမြင်ဖူးကြချေ။ သို့သော် ထိုကဲ့သို့သော ကြာပန်းမျိုးအားမော်တယ်ကမ္ဘာကဲ့သို့ အဆင့်နိမ့်ကမ္ဘာတစ်ခုမှ ဖန်ဇီလင် ဆိုသောလူသည်သာမန်ပစ္စည်း တစ်ခု လုပ်နိုင်သကဲ့သို့ပင်ပြောနေသည် မဟုတ်ပါလော။
“လုပ်နေတဲ့ အတောအတွင်းမှာ ဘယ်လို ပစ္စည်းတွေများ လိုအပ်မလဲဆိုတာ မေးလို့ရမလား”
ပိုင်ရှင်းယွဲ့သည်အပူတပြင်း မေးလိုက်သည်။
“ခင်ဗျားအဖို့ ကြားရတာ ထူးဆန်းနေမယ် ဆိုတာကို ကျုပ်သိပါတယ်။ ကျုပ်ပိုပြောမိလေ ကျုပ်အတွက် ပိုပြီး အန္တရာယ်ကြီးလေပဲ။ အသံကြောင့်ဖားသံ အဖြစ်မျိုးတော့ ကျုပ်အဖြစ်မခံနိုင်ဘူး။ ကျုပ်ထူးဆန်းသလို ခံစားနေရတာက ခင်ဗျားတို့တွေ ကျုပ်ကို ဖမ်းပြီး ခင်ဗျားတို့ဂိုဏ်းအတွက် ကြာပန်းတွေ လုပ်ခိုင်းမှာတော့ မဟုတ်လောက်ပါဘူးနော်။ ဘာလို့လဲဆိုတော့ ကျုပ်က ခင်ဗျားတို့အားလုံးရဲ့ အနာဂတ်လို ဖြစ်နေတာ မဟုတ်လား . . .”
ရဲရှောင် ယတိပြတ်ပင်ပြောလိုက်သည်။
“ကျုပ် အခုလို ခင်ဗျားကို အများကြီး ပြောပြနေတယ် ဆိုတာကလည်း ရှင်းပါတယ်။ ခင်ဗျားသာ အခု ကြာပန်းကို မယူဘူးဆိုရင် ခင်ဗျား အသက်ရှင်ဖို့က သိပ်မသေချာဘူးလေ . . .”
“မိန်းမလှလေးတစ်ယောက် နှစ်ဝက်အတွင်း သေသွားရမှာကတော့ နှမြောစရာပါပဲ . . .”
“ကျုပ်ကတော့ ခင်ဗျားကို မသေစေချင်ဘူး။ ခင်ဗျားသေရင် အရမ်းကို ဝမ်းနည်းမယ့်လူတစ်ယောက် ရှိတယ်။ ခင်ဗျား အသက်ရှင်ချင်စိတ် ပေါက်ဖို့အတွက် မျှော်လင့်ချက်တွေ စိတ်အားတက်စရာတွေ ပြောပေးတာလောက်ပဲ ကျုပ်လည်း တတ်နိုင်တယ်။ အခုခင်ဗျားကို ပြောပြခဲ့တာတွေ အားလုံးက ခင်ဗျား စိတ်အားတက်လာစေဖို့ပဲ . . .”
ရဲရှောင်၏ စကားကြောင့်ပိုင်ရှင်းယွဲ့သည်ရုတ်တရက်ကြောင်သွားမိသည်။ ထို့နောက်အနည်းငယ်လည်း ရှက်ရွံ့သွားသည့်ဟန်ဖြင့်-
“ရှင် . . . ရှင် အခုလို ဘာလို့ ပြောတာလဲ။ ကျွန်မသေသေ ရှင်ရှင် ရှင်နဲ့ မဆိုင်ဘူး။ ရှင့်ကိစ္စမှ မဟုတ်တာ . . .”
ပိုင်ရှင်းယွဲ့သည် ရဲရှောင်အား မကျေမနပ်ဖြစ်နေသော မျက်နှာထားဖြင့်-
“ဆရာဖန် . . . နည်းနည်းပါးပါးလည်း ကိုယ့်သိက္ခာ ကိုယ်ထိန်းပါဦး . . .”
ရဲရှောင် ကြောင်သွားလေသည်။
ပိုင်ရှင်းယွဲ့သည် သူ့အား နားလည်မှု လွဲသွားခြင်းပင် ဖြစ်သည်။ အကြိမ်ကြိမ်အခါခါပင်မှားနေသော သူ့ကိုယ်သူပင်အပြစ်တင်နေမိရင်း –
[သေစမ်း . . . မှားပြန်ပြီကွာ၊ မင်းသေတာ မသေတာ ငါဝမ်းနည်းမှာကို ပြောချင်တာ မဟုတ်ဘူးဟ။ လျန်လျန်ကို ထပ်ပြီး ဝမ်းမနည်းစေချင်လို့ပဲ။ သူ့ရဲ့ အချစ်ရဆုံး မိတ်ဆွေ ညီမလေး တစ်ယောက်ကို မဆုံးရှုံး စေချင်လို့။ ကျန်တာ ဘာမှ စိတ်မဝင်စားဘူးဟ။ မင်းက ဘာတွေ တွေးနေလဲ မသိဘူး . . .]
အမှန်တကယ်တွင် ရဲရှောင်အား ပိုင်ရှင်းယွဲ့ဘက်မှ အထင်လွဲသွားခြင်း ဖြစ်သည်။
ရဲရှောင် အပြောမတတ်ခြင်းမှာလည်း ယောကျာ်းနှင့်မိန်းမ မည်ကဲ့သို့ ပြောဆို ဆက်ဆံရမည်ကို ကောင်းစွာ မသိသောကြောင့်ပင် ဖြစ်သည်။
အလွန်လှပ၍ ပြစ်မျိုးမှည့်မထင် ရှိသည့် မိန်းကလေးတစ်ဦး အသက်အရွယ် ပုံစံအားဖြင့်လည်း ပြောစရာ မရှိသည့် မိန်းကလေး တစ်ဦးအား ယောကျာ်းတစ်ဦးမှ “ကျုပ်ကတော့ ခင်ဗျားကို မသေစေချင်ဘူး။ ခင်ဗျားသေရင် အရမ်းကို ဝမ်းနည်းမယ့်လူတစ်ယောက် ရှိတယ်” ဟု ပြောလိုက်ခြင်းသည် ထိုဝမ်းနည်းနေမယ့်လူသည်သူကိုယ်တိုင်ပင်ဖြစ်ကြောင်း ဝန်ခံလိုက်သည်နှင့်ပင်တူနေသည်မဟုတ်ပါလော။
ထို့အပြင် အသက်ရှင်ရန်အတွက် စိတ်အားတက်ကြွဖွယ်စကားများ ပြောပေးနေသည် ဆိုသည်မှာလည်း မေတ္တာပိုနေသကဲ့သို့ပင်ဖြစ်နေသည် မဟုတ်ပါလော။
သို့သော် ရဲရှောင်ဘက်မှ ကြည့်လျှင်လည်း သူပြောခဲ့သည့် စကားများသည် အမှန်ပင် ဖြစ်သည်။ ပိုင်ရှင်းယွဲ့သေသွားပါက ကျွင့်ယင်းလျန် အလွန်ဝမ်းနည်းနေမည်ကို စိုးရိမ်နေမိခြင်း ဖြစ်သည်။
အဘယ့်အတွက်ကြောင့်ထိုကဲ့သို့သော စကားများပြောရသည်ကို ထုတ်ဖော်ရှင်းပြခြင်း မပြုတော့ဘဲ ရဲရှောင်သည်သူ၏ စိတ်ထဲတွင်သာ မြိုသိပ်ထားလိုက်တော့သည်။
[ငါ့ရဲ့ လျန်လျန်ကို ဝမ်းမနည်းစေချင်တော့ဘူး၊ အဲဒါကြောင့် ငါပြောလိုက်တာပါကွာ . . .]
သို့သော်လည်း ပိုင်ရှင်းယွဲ့၏ စိတ်ထဲတွင်မူ –
[ဝမ်းနည်းနေမယ့်လူတစ်ယောက် ဆိုတာ ဘာကို ဆိုလိုလိုက်တာလဲ။ ဘယ်သူက ဝမ်းနည်းမှာလဲ။ ကျွန်မက အခု မော်တယ်ကမ္ဘာကို ရောက်နေတာ၊ ဒီကမ္ဘာမှာ ကျွန်မကို သိတဲ့လူဆိုလို့ ကျွန်မတပည့် တစ်ယောက်ပဲ ရှိတယ်။ အဲဒါဆိုလည်း ချူးချူး ဝမ်းနည်းမယ်လို့ ပြောပေါ့။ အခုတော့ ဘာလဲ လူတစ်ယောက်။ ရှင့်ကိုယ်ရှင် ပြောနေတာလား . . .]
သူမအဖို့ တစ်ယောက်ယောက် ဆိုသည့် စကားလုံးအား အဓိပ္ပါယ်တစ်မျိုး ယူဆသွားခြင်း ဖြစ်သည်။
“ကျုပ်က ဒီလိုသဘောပြောတာ မဟုတ်ဘူး။ အထင်မလွဲပါနဲ့ . . . ခင်ဗျားက ကျုပ်ကို အထင်လွဲနေတာပဲ . . .”
ရဲရှောင် အမောတကော ရှင်းပြလိုက်သည်။
“ကျွန်မ ကြားလိုက်တာ ကျွန်မသိပါတယ်။ ကျွန်မ နားနဲ့ ဆက်ဆက်ကို ကြားလိုက်ရတာ။ ရှင်လည်း ဘယ်လို သဘောနဲ့ ပြောလိုက်တယ် ဆိုတာကို ရှင့်ကိုယ်ရှင် သိမှာပေါ့ . . .”
ပိုင်ရှင်းယွဲ့ အေးစက်စွာ ပြုံးလျက် ပြောလိုက်သည်။
“အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ် ဆရာဖန် . . . ကျောက်စိမ်းအားဖြည့် ကြာပန်းပင်နဲ့ ပတ်သက်တဲ့ ကိစ္စကတော့ ရှင့်တာဝန်ပဲ။ အကောင်းဆုံး ကြိုးစားပေးပါဦး . . .”
“ရှင်လိုအပ်တဲ့ ဘယ်အရာမဆို ကျွန်မတို့ဂိုဏ်းက ထောက်ပံ့ပေးပါ့မယ်။ ရှင်ဘာပဲလိုလို စိတ်မပူနဲ့၊ နောက်ပြီး ကျွန်မတို့ရှင့်ကို အတင်းအကြပ် မခိုင်းပါဘူး။ ရှင့်ရဲ့ ပေါက်ကရ အတွေးတွေကို ခေါင်းထဲက ထုတ်ထားလိုက်ပါတော့ . . .”
ပိုင်ရှင်းယွဲ့သည်ရဲရှောင်အား စူးစိုက်ကြည့်၍ ပြောလိုက်သည်။
ရဲရှောင်လည်း ဆွံ့အလျက် ငေးမောကြည့်နေမိသည်။သူ အမှားကြီး မှားခဲ့ပြီဟုလည်း တွေးနေမိပါတော့သည် . . .။