Chapter – 213
“ကျောက်စိမ်းအားဖြည့် ကြာပန်းပင်”
ရဲရှောင်လည်း အတွေးနယ်ချဲ့နေရာမှ ပိုင်ရှင်းယွဲ့၏ အသံအား ကြားလိုက်ရေသောအခါ ချက်ချင်းပင်လှည့်ကြည့်လိုက်ရင်း –
“ဒီကြာပန်းက ခင်ဗျားတို့ ပိုင်တဲ့ ဥစ္စာပဲ ကျုပ်ပြန်ပေးရမှာပေါ့ . . .”
ထို့နောက် ရဲရှောင်သည် သလင်းကျောက်ကဲ့သို့ တောက်ပသည့် အဖြူရောင် ကြာပန်းအား ထုတ်ပေး လိုက်သည်။ ကြာပန်း၏ အရိုးမှာမူ မည်းနေတုန်းပင် ဖြစ်ေသ်ာလည်း ပွင့်ဖတ်များမှာ ဖြူနေပြီဖြစ်သည်။ ဝတ်ဆံများသည်ပင် ဆွတ်ဆွတ်ဖြူလျက်ရှိသည်။
“တကယ့်ကို အရည်အသွေး ကောင်းလှတဲ့ ကျောက်စိမ်းအားဖြည့် ကြာပန်းပင်ပါလား၊ မယုံနိုင်စရာ ပါပဲ . . .”
ကြာပန်းအား မြင်လိုက်ရသောအခါ ပိုင်ရှင်းယွဲ့သည်ထိုင်နေရာမှ ချက်ချင်းပင်မတ်တပ်ထရပ်လိုက်သည်။ သူမ၏ မျက်လုံးများသည်လည်း အရောင်တဝင်းဝင်းပင်လက်သွားပြီး ရဲရှောင်၏ လက်ထဲမှ ကြာပန်းအား မျက်တောင်မခတ်ဘဲပင်စိုက်ကြည့်နေလေသည်။
“ဝမ်ရမ်ချူးချူး ဒီကြာပန်းကို ရခဲ့တုန်းက ဒီရိုးတံပေါ်မှာ ကျွန်မတို့ဂိုဏ်းရဲ့ လျှို့ဝှက်နည်းစနစ်နဲ့ စာလုံးနှစ်လုံး ထွင်းခဲ့တယ်လို့ ကျွန်မကို ပြောတယ် . . .”
ရဲရှောင် တအံ့တသြဖြင့် –
“စာလုံးနှစ်လုံး ဟုတ်လား၊ ကျုပ်လည်း မသိရပါလား . . .”
ပိုင်ရှင်းယွဲ့သည်ပြုံးလိုက်ရင်း ရိုးတံအား ကိုင်လိုက်တယ်။ ထို့နောက် သူမ၏ အအေးစွမ်းအင် အနည်းငယ်အား ထုတ်လွှတ်လိုက်သောအခါ အငွေ့အချို့ ထွက်လာပြီး စာလုံးနှစ်လုံး ပေါ်သွားခဲ့သည်။
ကြာပန်း၏ ရိုးတံပေါ်တွင်“ချူးချူး” ဟု ရေးသားထားခြင်းပင် ဖြစ်သည်။
“ဒါရှင့်ကို သူပေးခဲ့တဲ့ ကြာပန်း မှန်တယ်ဆိုတဲ့ သက်သေပဲပေါ့ . . .”
ပိုင်ရှင်းယွဲ့သည်ပြောရင်းဖြင့်သူမ၏ မျက်လုံးများမှမျက်ရည်များ စီးကျလာလေသည်။
“ငါတို့အတွက် မျှော်လင့်ချက် ရောင်ခြည်တွေ သန်းလာပြီပဲ . . .”
ရဲရှောင်သည် အနည်းငယ် စိတ်ရှုပ်ထွေးသွားဟန်ဖြင့်-
[ဘာလဲဟ၊ သူတို့တွေ ရူးများ ရူးနေကြတာလား၊ သူတို့ရဲ့ မှင်ရောင်အားဖြည့် ကြာပန်း အစုတ် နေရာမှာ ငါကပဲ ကျောက်စိမ်းအားဖြည့် ကြာပန်းနဲ့ လဲထားမယ် ထင်နေတယ်လား။ အလုပ်မရှိ အလုပ်ရှာလို့။ ရူးများ နေသလားကွာ . . .]
စိတ်အနည်းငယ်ရှုပ်သွားသော်လည်း မျက်ရည်များပင်ကျနေသော ပိုင်ရှင်းယွဲ့အား မြင်လိုက်ရေသာအခါ ရဲရှောင်လည်း သက်ပြင်း ချလိုက်မိလိုက်သည်။
တိမ်မြူခိုးနန်းတော်သည် ခက်ခဲ့သည့် အချိန်ကာလများအား ရင်ဆိုင် ဖြတ်သန်းခဲ့ရသည်။ လူတိုင်း၏ လေးစားမှုကို ခံယူထိုက်သည့် ဂိုဏ်းတစ်ဂိုဏ်းပင် ဖြစ်သည်။
ထိုဂိုဏ်းရှိ လူများသည်သူတို့ကိုယ် သူတို့ထက်အခြားသော လူများ၏ အသက်များအား ပို၍ တန်ဖိုးထားတတ်ကြသည်။
သူတို့ ပြုသမျှသည်ဂိုဏ်း နှင့်ဆရာသခင်များ အတွက်သာ ဖြစ်သည်။ ဂိုဏ်းအတွက်သာဆိုလျှင်အသက်အား ငဲ့ကွက်ခြင်းလည်း မရှိကြပေ။ ဂိုဏ်းအတွင်းရှိ လူတိုင်းပင် ထိုကဲ့သို့ ဖြစ်လေသည်။
ယောကျာ်းသား အများစုပင် တိမ်မြူခိုးနန်းတော်၏ ဂိုဏ်းသားများကဲ့သို့ လုပ်နိုင်လိမ့်မည်ဟု ရဲရှောင်မထင်မိပေ။
ထိုကဲ့သို့သော အမျိုးသမီးများသည် အလွန်ပင် လေးစားဖွယ် ကောင်းလှပေသည်။
“ဆရာဖန် . . . ရှင်မှင်ရောင်အားဖြည့် ကြာပန်းကို ယူသွားပြီး အခုလို ကျောက်စိမ်းအားဖြည့် ကြာပန်းအဖြစ် လုပ်ခဲ့တာ တစ်လလောက်ပဲ ကြာလိုက်တယ်မဟုတ်လား . . .”
ပိုင်ရှင်းယွဲ့ တောက်ပသော မျက်ဝန်းအစုံဖြင့် ရဲရှောင်အား ကြည့်ရင်း မေးလိုက်သည်။
“ဟုတ်တယ် . . . အမှန်ပဲ . . .”
ရဲရှောင် မဆိုင်းမတွပင်ပြန်ဖြေလိုက်သည်။
“ဖန်ဇီလင်ဆိုတဲ့ ကျုပ်က ကတိတစ်လုံးကို တန်ဖိုးအထားဆုံးပဲ။ ကျုပ်ပါးစပ်က ကတိပေးလိုက်ပြီ ဆိုကတည်းက အဲဒီကတိကို တည်အောင် အကောင်းဆုံး ကြိုးစားတယ်။ ခင်ဗျားတို့ရဲ့ အသက်ကို ကယ်တင် ပေးနိုင်မယ့်တစ်ခုတည်းသော အရာက ဒီကြာပန်းဆိုတာ ကျုပ်သိတယ်လေ။ အဲဒါကြောင့်ပဲ ကျုပ်သေချာ ကြိုးစားပေးခဲ့တာပေါ့။ ကြာပန်းက တစ်ပွင့်တည်းဆိုပေမယ့် တန်ဖိုးကြီးတဲ့ ရင်းနှီးမြုပ်နှံမှုလေးတွေတော့ ရှိတာပေါ့ဗျာ။ ဘာပဲပြောပြော နောက်ဆုံးတော့ ရသွားပြီ။ ကျုပ်လည်း တော်တော် ရင်းလိုက်ရတယ် . . .”
ထို့နောက် သက်ပြင်းတစ်ချက် ချလိုက်ရင်း –
“ကံကောင်းတဲ့ အချက်က ဒီမှင်ရောင်အားဖြည့် ကြာပန်းကလည်း အသွင်ပြောင်းခါနီး ဖြစ်နေလို့သာ။ မဟုတ်ရင် အခုလောက် မမြန်နိုင်ဘူး . . .”
“ရင်းနှီးရတယ်၊ အများကြီးကို ရင်းနှီးရတယ်၊ ဟုတ်လား၊ ဘာတွေများလဲ . . .”
ပိုင်ရှင်းယွဲ့သည်စိတ်ဝင်တစားဖြင့်မေးလိုက်သည်။
ရဲရှောင်လည်း အာပေါင်အာရင်းသန်စွာဖြင့်-
“ကျုပ်ပြောတဲ့ ရင်းနှီးရတယ် ဆိုတာက သလင်းကျောက်တွေရယ်နောက်တခြား ရတနာတွေလည်း ပါသေးတယ်။ နောက်ပြီး ဓာတ်တွေလည်း ယူရတာပေါ့ဗျာ။ ဒီပစ္စည်းတွေ အကုန်လုံးကို သုံးပြီး အထူးအစီအရင်တစ်ခု တည်ဆောက်ရတယ်လေ။ အဲဒီ အစီအရင်ကမှ ဝိညာဉ်တော် စွမ်းအင်တွေကို စုပ်ယူတယ်။ ကြာပန်းရဲ့ အောက်ခြေကိုလည်း ဝိညာဉ်တော်ရေစင် လောင်းရတာပေါ့။ အဲဒီလို ဝိညာဉ်တော် စွမ်းအင်အားလုံး ပေါင်းစပ်မှ အခုလို ရခဲ့တာပဲ . . .”
ထို့နောက်စိတ်မကောင်းသည့်ဟန်ဖြင့်-
“ကျုပ်ဘက်က အခုလို အကောင်းဆုံး ကြိုးစားပြီး လုပ်ခဲ့တာတောင်မှ ရိုးတံကို အဖြူရောင်ဖြစ်အောင်မပြောင်းနိုင်ခဲ့ဘူး။ ဒါအပြည့်အဝ မအောင်မြင်ဘူးလို့ ပြောရမှာပေါ့။ ဒီလို မအောင်မြင်တဲ့အတွက် ကိုယ့်ကိုယ်ကိုလည်း ရှက်မိပါတယ်ဗျာ . . .”
ပိုင်ရှင်းယွဲ့သည်ပြုံးလိုက်ရင်း –
“ဆရာဖန် . . . ရှင်က ကိုယ့်ကိုယ်ကိုယ် အရမ်း နှိမ့်ချလွန်းနေပါပြီ။ အခုနှုန်းကကို တော်တော်ကြီး မြန်နေပြီ။ ဒီလို ရလဒ်ကို မြင်ရတာ ကျွန်မဖြင့် အံ့သြလို့တောင်မဆုံးဘူး။ တကယ်တော့ ရှင်က အခြေအနေ အမှန်ကို နားမလည်သေးလို့ ဖြစ်မယ်။ ကျွန်မတို့ ဥယျာဉ်မှာတောင် ဒီလို မှင်ရောင်အားဖြည့် ကြာပန်းကို ကျောက်စိမ်းအားဖြည့် ကြာပန်း ဖြစ်အောင်ပြောင်းဖို့ဆိုရင် နှစ် ၅၀ လောက် ကြာမှာ . . .”
“ကျောက်စိမ်းအားဖြည့် ကြာပန်းကိုမှ ကျောက်စိမ်း အသက်ဝင်ကြာပန်း ဖြစ်အောင်ထပ်ပြောင်းမယ်ဆိုရင်နောက်ထပ်နှစ် ၅၀၀ ကြာမယ်။ အခု ရှင်က တစ်လတည်းနဲ့ မှင်ရောင်အားဖြည့် ကြာပန်းကို ကျောက်စိမ်းအားဖြည့် ကြာပန်း ဖြစ်အောင်ပြောင်းနိုင်ခဲ့တာလေ။ ဒီကြာပန်းကိုသာ အသက်ဝင်ကြာပန်းအဖြစ်အောင်ထပ်ပြောင်းမယ်ဆိုရင်လည်း ရှင်သိပ်ကြာမှာ မဟုတ်ဘူး။ ရှင်ကတောင် ကိုယ့်ကိုယ်ကို ရှက်နေမိတယ်ဆိုရင် ကျွန်မတို့ တိမ်မြူခိုးနန်းတော်လို ကြာပန်းတွေအကြောင်း နှစ်ထောင်ချီပြီး လေ့လာခဲ့တဲ့ လူတွေက နေစရာနေရာတောင် ရှိတော့မှာ မဟုတ်ဘူး . . .”
“နှစ်ငါးဆယ် . . . နှစ်ပေါင်း ငါးရာ ဟုတ်လား . . .”
ရဲရှောင် တအံ့တဩကြီးဖြင့်ပင်မေးလိုက်သည်။
သူ၏ စိတ်ထဲတွင်လည်း နောင်တအကြီးအကျယ်ရသွားမိသည်။
[သေစမ်း . . . ငါပြောတာ နည်းသွားတာပဲ၊ ဒီထက်ပိုကြာတယ်လို့ ပြောလိုက်ရမှာ၊ ချီးကျူးခံရဖို့ထက် ငါ့ကို ဖမ်းပြီး သူတို့အတွက်ကြာပန်းတွေ မလုပ်ခိုင်းဖို့ကပိုအရေးကြီးတယ် . . .]
တကယ်တမ်းတွင်မူ ရဲရှောင်ဘက်မှ တစ်လထက် ပိုကြာအောင် ပြော၍လည်း မဖြစ်နိုင်ချေ။ ဝမ်ရမ်ချူးချူးနှင့်သူ နောက်ဆုံးတွေ့ခဲ့သည်မှာ လွန်ခဲ့သော တစ်လခန့်ကပင် ဖြစ်သည်။ ထို့ကြောင့် မည်သို့ပင်ဖြစ်နေစေကာမူ တစ်လထက်ပိုကြာအောင် လိမ်ပြော၍ မရနိုင်ပေ။
“ကျောက်စိမ်းအားဖြင့် ကြာပန်းကိုရော အသက်ဝင်ကြာပန်းဖြစ်အောင်ပြောင်းဖို့ဆိုရင်အချိန်ဘယ်လောက်ယူရမလဲ ဆရာဖန် . . .”
ပိုင်ရှင်းယွဲ့သည်မျှော်လင့်တကြီးဖြင့်မေးလိုက်သည်။
“အဲ့ဒီလိုလုပ်ဖို့ ကျုပ်မှာ ပစ္စည်း အလုံအလောက် မရှိဘူး . . .”
ရဲရှောင်သည်ပြုံးလျက်ပင်ပြောလိုက်သည်။
ပိုင်ရှင်းယွဲ့လည်း မျက်မှောင်ကြုတ်လိုက်ရင်း –
“ပစ္စည်း အလုံအလောက်မရှိဘူး ဟုတ်လား . . .”
“ရှင်ပြောတဲ့ ပစ္စည်းမလုံလောက်ဘူးဆိုတာ မော်တယ်ကမ္ဘာမှာ မဟုတ်လား။ ကျွန်မတို့ဆီမှာတော့ ရှင်လုပ်ဖို့အတွက် ပစ္စည်းအလုံအလောက် ရှိမယ်ဆိုတာ ရှင်လည်း သိမှာပါ . . .”
“အင်း . . .”
ရဲရှောင်ထောက်ခံသည့်သဘောဖြင့်ခေါင်းညိတ်ပြလိုက်သည်။
“ဒါဆို ကျွန်မတို့ဆီက ပစ္စည်းတွေနဲ့ ဆိုရင်ရော . . .”
ပိုင်ရှင်းယွဲ့သည်ထပ်မံ မေးလိုက်ပြန်သည်။
ရဲရှောင်လည်း မျက်မှောင်ကြုတ်လိုက်ကာ –
“မမျှော်လင့်စရာ အခြေအနေ တစ်ခုခု ဖြစ်မလာဘူး ဆိုရင်တော့ ၃ နှစ်ကနေ ၅ နှစ်အတွင်း ဒီအရွယ်အစား ကြာပန်းတစ်ပွင့် ရနိုင်မယ် ထင်တယ် . . .”
“သုံးနှစ်ကနေ ငါးနှစ်ဟုတ်လား . . .”
ပိုင်ရှင်းယွဲ့သည်အော်မတတ်ပင်ကျယ်လောင်စွာဖြင့်မေးလိုက်သည်။
“အင်း . . . အဲဒီလောက်တော့ ကြာမှာပဲ။ ဒီကြာပန်းကို ကျုပ်ပဲ လုပ်ပေးထားတာ ဆိုပေမယ့်အပြည့်အဝ အဖြူရောင်ဖြစ်ဖို့ အချိန်ယူရဦးမယ်။ ကျောက်စိမ်းအသက်ဝင် ကြာပန်းဖြစ်အောင် လုပ်ဖို့ဆို အဲဒီလောက် အချိန်ပေးမှကို ဖြစ်မှာ . . .”
ရဲရှောင် တည်ငြိမ်စွာဖြင့်ပြောလိုက်သည်။
“မဟုတ်ပါဘူး ဆရာဖန်ရယ်. . . ကျွန်မဆိုလိုချင်တာ အဲဒီလို မဟုတ်ပါဘူး၊ ရှင့်အနေနဲ့ သုံးနှစ်ကနေ ငါးနှစ်အတွင်းမှာတောင် လုပ်နိုင်တယ်လားလို့ မေးချင်တာပါ။ အချိန်တိုတိုလေးမလို့ အံ့သြနေမိတာပါ . . .”
ပိုင်ရှင်းယွဲ့ ရှင်းပြလိုက်သည်။
ရဲရှောင်တစ်ယောက်လွှတ်ကနဲပြောလိုက်မိသည့်သူ၏ ပါးစပ်အား ဖြန်းကနဲပင်မြည်အောင်ရိုက်ပစ်ချင်နေမိရင်း –
[သေစမ်းကွာ . . . ဒီတစ်ခါလည်း ငါ အချိန်ပိုကြာအောင် ပြောလိုက်သင့်တာ၊ အခုတော့ နည်းသလိုတောင် ဖြစ်သွားပြီ . . .]
“ကျုပ်ပြောနေတာက အခုမြင်နေရတဲ့ ကြာပန်းကိုပဲ ပြောတာနော်။ ပစ္စည်းအလုံအလောက်နဲ့ သေချာ လုပ်ရင် ကျိန်းသေကို ရမှာပေါ့။ တခြားကြာပန်းတွေဆိုရင်တော့ နည်းနည်း ကွဲပြားချင် ကွဲပြားမှာပေါ့လေ . . .”
“ရှင်ဆိုလိုချင်တာက ဘယ်လိုသဘောလဲ . . .”
ပိုင်ရှင်းယွဲ့သည်နားမလည်သည့်ဟန်ဖြင့် မေးလိုက် ပါတော့သည်။