Chapter – 212
“သူဘယ်လိုသိ”
ပိုင်ရှင်းယွဲ့မှ –
“အဲဒီအချိန်ကစပြီး ကျွန်မတို့လူတွေလည်း အားဖြည့်ကြာပန်းတွေကို ဟိုတစ်ပင် ဒီတစ်ပင်တော့ ရှာတွေ့ခဲ့ကြပါတယ်။ ဒါပေမယ့်အားလုံးက မှင်ရောင်အားဖြည့် ကြာပန်းပင်တွေချည်းပဲ။ ကျောက်စိမ်းအားဖြည့် ကြာပန်းပင်တောင် မဟုတ်ဘူး။ ကျွန်မတို့ရဲ့ ဥယျာဉ်ကလည်း ပျက်ဆီးသွားပြီဆိုတော့ ဒီကြာပန်းတွေကို အဆင့်မြင့်အောင်အချိန်တိုအတွင်း လုပ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့်မှင်ရောင်အားဖြည့် ကြာပန်းတွေ ဖြစ်နေပေမယ့်လည်း တခြားလိုအပ်တဲ့လူတွေအတွက် အသုံးဝင်မှာပဲလေဆိုပြီး သိမ်းထားခဲ့ကြတယ်။ အဲ့ဒါတွေနဲ့ နောင်တစ်ချိန်ပြန်ပြီး အသုံးချနိုင်မယ်ဆို နောက်လူအတွက် အကျိုးရှိမှာပဲ မဟုတ်လား။ အဓိကကတော့ ဒီဂိုဏ်းကြီး အဓွန့်ရှည်နေဖို့အတွက်မျိုးဆက်သစ်တွေကို ဦးစားပေးရတော့မယ်လေ . . .”
“အဲဒါကြောင့် ကျွန်မ မှင်ရောင်အားဖြည့် ကြာပန်းပင်ဆို မသုံးချင်တာပဲ၊ လူတိုင်းကတော့ ကိုယ့်အသက်ကိုယ်နှမြောကြတာပေါ့လေ ဘယ်သူမှတော့ မသေချင်ကြဘူး။ ကျွန်မဆိုလည်း မသေချင်ဘူးလေ။ ဒါပေမယ့်ကျွန်မတို့ ဂိုဏ်းကြီး ပိုအဓွန့်ရှည်စေဖို့ မျိုးဆက်သစ်တွေက ပိုအရေးကြီးပါတယ်ေလ။ ဒီလိုမှ မဟုတ်ရင် ရှေ့ဖြစ်ဟောတဲ့ အတိုင်းမဖြစ်ခင် အကုန်ဆုံးရှုံးသွားမှာ စိုးရိမ်ရတယ် . . .”
ရဲရှောင်လည်း ချောင်းဟန့်လိုက်ရင်း-
[အဲ့ဒါနဲ့ပဲ ခင်ဗျားတို့ကိစ္စကို ကျုပ်ခေါင်းပေါ် လွှဲချချင်နေပြီပေါ့။ မဖြစ်ချေဘူး စကားအမြန်ဖြတ်မှပဲ . . .]
ရဲရှောင်သည်ပြုံးလိုက်ရင်း –
“ဒါပေမဲ့ ခင်ဗျားပြောတာတွေက အကြောင်းပြချက် ကောင်းကောင်းတစ်ခု ဖြစ်မယ်ဆိုရင်တောင် ရှေ့ဖြစ်ဟောထဲက အဖြစ်အပျက်ကြီးက မမြန်ဆန်လွန်းနေဘူးလား။ ကျုပ်ကို ရှေ့ဖြစ်ဟောထဲက လူလို့ ခင်ဗျား ထင်နေတာတော့ မဟုတ်ပါဘူးနော်။ ကျုပ်မှာ ခရမ်းရောင်မီးတောက်ရယ်၊ ရေခဲနဲ့ မီးချီဓာတ်တွေ ရှိနေတာနဲ့ပဲ အဲ့ဒီလိုယူဆရင် ခင်ဗျား မှားသွားမယ်. . .”
ပိုင်ရှင်းယွဲ့ ပြုံးရုံသာ ပြုံး၍ မည်သည့်စကားမျှ ထပ်မပြောတော့ချေ။
ပိုင်ရှင်းယွဲ့သည်ရဲရှောင်၏ နှုတ်မှ “တိမ်မြူခိုးပိုင်ရှင်းယွဲ့” ဟု ပြောလိုက်သည့်အချိန်ကတည်းပင်ရဲရှောင်အပေါ် သံသယဝင်ခဲ့မိသည်။
သူမအဖို့ ထိုလျှိ့ဝှက်ချက်ကိုပင်သိနေသော လူတစ်ဦးအား သတ်ပစ်ရမည် ဖြစ်သော်လည်း ထိုလူသည်
ယုံကြည်စိတ်ချ၍ ရနိုင်သည်ဟု ခံစားနေမိသည်။ ထို့ပြင်ချူးချူးကိုသာမက ဂိုဏ်းတစ်ခုလုံးကိုပင်ဒုက္ခပေးမည့် လူတစ်ယောက်ဟုလည်း မထင်မိချေ။
အဘယ့်အတွက်ကြောင့်ထိုကဲ့သို့ ခံစားနေမိသည်ကို သူမကိုယ်တိုင်ပင်နားမလည်နိုင်အောင်ဖြစ်လျက်ရှိသည်။
ပိုင်ရှင်းယွဲ့၏ စိတ်ထဲတွင် နားမလည်နိုင်အောင်ဖြစ်နေသည့် အခြားအချက် တစ်ချက်လည်း ရှိသေးသည်။ သူမသည်ရဲရှောင်အား အကဲခတ်သည့်သဘောမျိုးဖြင့်ကြည့်လိုက်ရင်း အတိတ်က အကြောင်းအရာများအား တစ်ကိုယ်တည်း အတွေးနယ်ချဲ့နေမိသည်။
[အစ်မကျွင့်က ငါ့ကို လူတွေရှိန်နေကြဖို့ သူ့နာမည်နဲ့တွဲထားဖို့ စီစဉ်တုန်းက ငါသဘောမတူခဲ့ဘူး။ သဘောမတူတာကလည်း ငါက အင်အားကြီးတဲ့ ဂိုဏ်းကဖြစ်နေလို့ မာန်တက်နေလို့ မဟုတ်ပါဘူး သူ့ကြောင့်သူ့ကိုထည့်တွက်ခဲ့လို့။ ငါ့ဂိုဏ်းတစ်ခုလုံး ကံဆိုးမိုးမှောင်ကျနေတဲ့အချိန်အစ်မကျွင့်ပါ ငါနဲ့အတူ ရောယောင်ပြီး ဒုက္ခရောက်သွားနိုင်တယ်. . .]
[ငါ့ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ နာမည်ဂုဏ်သတင်းက သူနဲ့ဘယ်လိုမှ ယှဉ်လို့မရပါဘူး။ အဲဒါကြောင့်ပဲ ငါငြင်းခဲ့မိတာ။ ငါတို့ဂိုဏ်းတစ်ခုလုံး ဒုက္ခရောက်ခဲ့ပေမယ့်ကံကောင်းစွာနဲ့ပဲ အစ်မကျွင့်ကတော့ ဘာမှမဖြစ်ခဲ့ဘူး။ သေချာတာက ချင်းယန် နယ်ပယ်မှာ ဒီစကားစုကို သိတာ လက်ငါးချောင်း မပြည့်လောက်ဘူး၊ အဲဒီထက်တောင် နည်းဦးမယ်။ တကယ်တမ်းဆို ၃ ယောက်ပဲသိရမှာ။ ဒီကိစ္စတစ်ခုလုံးကို လူသုံးယောက်ပဲ သိကြတာ။ ရှောင်ဧကရာဇ်၊ ငါနဲ့ အစ်မကျွင့်ပဲ သိကြတာပဲဟာ . . .]
[အဲဒီတုန်းက ရှောင်ဧကရာဇ်က အစ်မကျွင့် ချစ်ရတဲ့သူ၊ ငါကတော့ သူ့ကို သေအောင်မုန်းတယ်။ သူက ငါ့အစ်မကျွင့်ရဲ့ ဘဝကို ဖျက်ဆီးတဲ့လူပဲ . . .]
[ငါကျိန်ဆဲတာ များလို့ပဲလားတော့ မသိဘူး။ သုံးနှစ်နေတော့ သူ့နောက်ကို လူတွေ အများကြီး လိုက်ဖမ်းတာ ခံရပြီး သေသွားရှာတယ်။ သူ့ဝိညာဉ်တောင် မကျန်ဘူး . . .]
ရှောင်ဧကရာဇ် သေဆုံးသည့် သတင်းအား ကြားလိုက်ရေသာအခါ ပိုင်ရှင်းယွဲ့သည် အလွန်ထိတ်လန့် သွားခဲ့သည်။ အစ်မဖြစ်သူကျွင့်သည် ရှောင်ဧကရာဇ်အပေါ်တွင်မည်မျှအထိ ချစ်ခင်နှစ်သက်နေသည် ဆိုသည်ကို သူမ အသိဆုံးပင်ဖြစ်သည်။ ကျွင့်ယင်းလျန်အဖို့ ရှောင်ဧကရာဇ်၏ သေဆုံးမှုသည် များစွာ စိတ်ထိခိုက်သွားမည်မှာသေချာပေါက်ပင်ဖြစ်သည်။
ထို့ကြောင့် ထိုသတင်းအား ကြားပြီးသည်နှင့်တစ်ပြိုင်နက်ပိုင်ရှင်းယွဲ့သည် ကျွင့်ယင်းလျန်ဆီသို့ အပြေးပင်ထွက်လာခဲ့သည်။ သူမရောက်ရှိသွားသောအခါ ကျွင့်ယင်းလျန်သည် စိတ်ထိခိုက်လွန်းသဖြင့်အသက်မရှိတော့သည့်လူတစ်ယောက်ကဲ့သို့ အရုပ်ကြိုးပျက်ပင်ဖြစ်နေချေပြီ။
ပိုင်ရှင်းယွဲ့ပင်မမှတ်မိတော့လောက်အောင်ထိ ကျွင့်ယင်းလျန်တွင်နဂိုရုပ်ရည်မျိုး မရှိတော့ဘဲ ရုပ်ပျက်ဆင်းပျက်ပင်ဖြစ်နေလေသည်။
ထို့ကြောင့်ကျွင့်ယင်းလျန်စိတ်သက်သာရာရစေရန်အတွက်ပိုင်ရှင်းယွဲ့သည်သူမနှင့်အတူ လဝက်မျှ အတူနေပေးခဲ့သည်။ ထိုအခါမှသာ ယင်းလျန်တစ်ယောက်အနည်းငယ်ပြန်လည်သက်သာလာခဲ့လေသည်။ ထို့ပြင်ရှောင်ဧကရာဇ်အား ပိုမိုမုန်းတီးသွားစေရန်အတွက်ပိုင်ရှင်းယွဲ့သည်သွေးထိုးလှုံ့ဆော်ပေးခဲ့သည်။
ထိုနောက်ပိုင်းကာလများတွင်ပိုင်ရှင်းယွဲ့သည်ချင်းယန်နယ်ပယ်မှ မော်တယ်ကမ္ဘာသို့ ထွက်လာခဲ့သည်။
အစပိုင်းတွင် သူမသည် အချစ်ရဆုံး တပည့်ဖြစ်သူနှင့်အတူ လက်ကျန်အချိန်များကို ကုန်ဆုံးရန် စိတ်ပိုင်းဖြတ်ခဲ့သည်။ သူအသက်ရှင်ရန် အချိန်အနည်းငယ်သာ ရတော့သည် ဆိုသည်ကိုလည်း ကျွင့်ယင်းလျန်အား အသိမပေးခဲ့ချေ။ အစ်မဖြစ်သူကျွင့် ပျော်ရွှင်နေသည်ကိုသာ သူမ လိုလားလေသည်။
သို့သော် ယခုမော်တယ်ကမ္ဘာသို့ ရောက်လာချိန်တွင်သူမတို့ဂိုဏ်း၏ ရှေ့ဖြစ်ဟောနိမိတ်ထဲမှ လူနှင့် ဆုံတွေ့ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့မိချေ။
သိုရာတွင် ထိုလူသည် အလွန်အားနည်းနေသေးသည်။ ထို့ကြောင့် ပိုင်ရှင်းယွဲ့သည်အလွန်အံ့သြသင့်ခဲ့ရသည်။
ပဟေဠိသဖွယ်ဖြစ်နေသော ဖန်ဇီလင်အား ကြည့်ရင်း ပိုင်ရှင်းယွဲ့၏ စိတ်ထဲတွင်-
[သူက ဒီစကားစုကို ဘယ်လို သိနေရတာလဲ၊ ဒီစကားစုကို သိတာဆိုလို့ လူသုံးယောက်ပဲ ရှိတယ်။ တစ်ယောက်ကသေပြီ။ တစ်ယောက်က ငါ၊ အစ်မကျွင့်ကလည်း ဒါကို ဘယ်သူ့မှ ပြောဖြစ်မှာ မဟုတ်ဘူး။ ဒါဆို ဒီစကားစုကို ဘယ်သူမှ သိစရာ အကြောင်းမှ မရှိတာ။ ဒါဆို ဖန်ဇီလင်ကရော ဘယ်လို သိနေရတာလဲ။ ထူးဆန်းလိုက်တာ။ ယုံရခက်ခက်ကြီးပါလား . . .]
ပိုင်ရှင်းယွဲ့ အတွေးနယ်ချဲ့နေသည့်အချိန်တွင်ရဲရှောင်သည် နှုတ်ဆိတ်၍သာ နေနေလေသည်။ ရဲရှောင်ကိုယ်တိုင်သည်လည်း အတွေးနယ်ချဲ့နေသောကြောင့်ဖြစ်သည်။
ရဲရှောင်အနေဖြင့်သိလိုသည့်အချက်များအားမေးချင်နေမိသော်လည်း ထုတ်ဖော်မေးမြန်းခြင်း မပြုတော့ပေ။
အဘယ်ကြောင့်ဆိုသော် တစ်ဖက်မှ ပြန်မေးလာမည့် အကြောင်းအရာများအား မဖြေနိုင်မည်ကို စိုးရိမ်နေသောကြောင့် ဖြစ်သည်။
အတော်ကြာသည်အထိ နှစ်ဦးစလုံး နှုတ်ဆိတ်လျက်ရှိသည်။
“ဆရာဖန် . . .”
ပိုင်ရှင်းယွဲ့ဘက်မှ စကားစလိုက်သည်။
“ရှင်လုပ်ထားတယ်ဆိုတဲ့ ကျောက်စိမ်းအားဖြည့် ကြာပန်းပင်ကို ကြည့်လို့ရနိုင်မလား . . .”
ပိုင်ရှင်းယွဲ့မှမျှော်လင့်တကြီးဖြင့်ပင်ပြောလိုက်ပါတော့သည်။