Switch Mode

Chapter – 211

ရှေ့ဖြစ်နိမိတ်

Chapter – 211
“ရှေ့ဖြစ်နိမိတ်​”

ပိုင်​ရှင်းယွဲ့၏ စကား​ကြောင့်​ရဲ​ရှောင်​မျက်​မှောင်​ကြုတ်​လိုက်​ရင်း –
[ချင်းယန်နယ်ပယ်မှာ အအေးလှိုင်းဖြတ်သွားတဲ့ ကိစ္စ ငါလည်း မသိလိုက်​ပါလား။ လွန်ခဲ့တဲ့ ၃ နှစ်ကတဲ့၊ လွန်ခဲ့တဲ့ ၃ နှစ်ကဆိုရင်​အဲဒီနယ်ပယ်မှာ ငါတော်တော် ခြယ်လှယ်နိုင်နေပါပြီ၊ အဲ့ဒါကို​တောင်​ငါ ဘာလို့ မကြားခဲ့ရတာပါလိမ့်၊ ဒီလိုသာ တကယ်ဖြစ်ခဲ့ရိုးမှန်ရင်​ငါလည်း သိရမှာပေါ့ . . .]
ပိုင်​ရှင်းယွဲ့သည်​ညိုးငယ်​သော မျက်​နှာဖြင့်​-
“အဲ့ဒီ အ​အေးလှိုင်း​ကြောင့်​ကျွန်​မတို့ဂိုဏ်းလည်း​နေ့တစ်​ဝက်​လောက်​နဲ့ အကုန်​ဖရိုဖရဲ ဖြစ်​ကုန်​တာပဲ။ ကျွန်မတို့ ဂိုဏ်းက ဆရာမကြီးတွေက ဘာ​ကြောင့်​အဲ့ဒီလို ဖြစ်​ရတယ်​ဆိုတာကို အ​ဖြေရှာခဲ့ကြတယ်​။​နောက်​ဆုံးကြ​တော့ ကြယ်တစ်လုံး ကျလာလို့ ဖြစ်တယ် ဆိုတာ သိသွားကြတယ်​။ အဲဒါနဲ့ပဲ ပညာရှင်ပေါင်း ၈၀၀ လောက် စုပေါင်းပြီး ကြယ်ကြီးကို ရွှေ့ဖို့ ကြိုးစားခဲ့ကြတယ်။ လုပ်လည်း လုပ်နိုင်ခဲ့ကြတယ်။ ဒါပေမယ့်​နောက်​ဆက်​တွဲအ​နေနဲ့ ဘာဆက်​ဖြစ်​ခဲ့တယ်​ထင်​လဲ။ မူလတာအို အဆင့်ပညာရှင် ၃၆၅ ယောက် သူတို့ရဲ့ ကျင့်ကြံမှုတွေ ဆုံးရှုံးခဲ့ကြတယ်။ ကျင့်​ကြံမှု​တွေ မရှိ​တော့ ဘာမှ အသုံးမဝင်တော့တဲ့ လူတွေလိုပဲ တစ်သက်လုံး နေသွားကြရတော့တယ်​. . .”
ရဲရှောင်လည်း ပါးစပ်​အ​ဟောင်းသား ဖြစ်​သွား​လောက်​အောင်​အထိ အံ့ဩသွားကာ –
[ဘုရားရေ . . . မူလတာအိုအဆင့် ပညာရှင် ၃၆၅ ယောက်တောင် ဒီအအေးလှိုင်းကိစ္စကို ဖြေရှင်းရင်း ကျင့်ကြံမှုတွေ ဆုံးရှုံး သွားခဲ့ရတယ် ဆိုပါလား . . .]
အကယ်၍ ထိုအဖြစ်အား သခင်​ကြီးဘိုင်​သာ သိရှိသွားမည် ဆိုပါက တိမ်မြူခိုး နန်းတော်အား ချက်ချင်းပင် အမှုန့်ကြိတ်ချင်စိတ် ပေါက်သွားမည်​မှာ သေချာပေါက်ပင် ဖြစ်​သည်။ ကောင်းကင်လျှို့ဝှက် ရတနာ ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့ရသည့်​အ​ကြောင်းအရင်းအား သခင်​ကြီးဘိုင်​သည်​အလွန်​အမင်း သိချင်နေမိခဲ့သည်​။ အမှန်​တကယ်​တွင်​တိမ်မြူခိုးနန်းတော်၏ လုပ်ရပ်ကြောင့်သာ​ပျောက်​ဆုံးသွားခြင်း ဖြစ်သည်။ ကောင်းကင်လျှို့ဝှက်ရတနာဟု ခေါ်သည့် ကြယ်ကြီးအား ဖယ်ရှားပစ်ရန်အတွက်​ပညာရှင်ပေါင်း ၃၆၅ ယောက်ပင် စတေးခဲ့ရသည် မဟုတ်ပါ​လော။
ရဲရှောင်နှင့် ပိုင်ရှင်းယွဲ့တို့သည် သခင်​ကြီးဘိုင်​၏ လက်​ချက်​ဖြစ်​သည်​ကို မသိကြ​ပေ။ တိမ်မြူခိုးနန်းတော်တွင်​ရှိ​သော လူများသည်​လည်း သိလိမ့်​မည်​မဟုတ်ချေ။
အကယ်​၍ သိသွားခဲ့ပါက သခင်ကြီးဘိုင်အား စု​ပေါင်း၍ တစစီပင်​လုပ်ပစ်ကြ​ပေလိမ့်မည်။ သခင်ကြီးဘိုင်ကြောင့်သာ ကြယ်ကြီး ကြွေကျလာခဲ့ပြီး တိမ်မြူခိုးနန်းတော်သည်​လည်း ကြမ္မာဆိုးနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုကြယ်​ကြီး​ကြောင့်​ဂိုဏ်းတစ်ခုလုံး ပြိုကွဲသွားမတတ်ပင် ဖြစ်ခဲ့ရသည်။
လက်​တွေ့ဘဝ၌ ဖြစ်​ပျက်​နေ​သော အဖြစ်အပျက်များသည် စိတ်ကူးယဉ်သည်ထက်ပင် ပို၍ ဆန်းကြယ်တတ်​လေသည်​။
တစ်​ခါတစ်​ရံတွင်​ကိုယ်လုပ်လိုက်သည့် ကိစ္စတစ်ခုသည် အခြားလူများအတွက် ထိခိုက်​နစ်​နာစရာ အဖြစ်မျိုး ဖြစ်သွားတတ်သည်။ သို့သော် ထိုကဲ့သို့ ဖြစ်သွားသည်ကို ကာယကံရှင်​ကိုယ်တိုင်သည်​လည်း သိချင်​မှ သိ​ပေလိမ့်​မည်​။
ပိုင်​ရှင်းယွဲ့သည်​သက်​ပြင်းချလိုက်​ရင်း –
“ကျွန်မပြောခဲ့သလိုပဲ၊ ကျွန်မတို့​တွေ ချင်းယန်နယ်ပယ်မှာ အားဖြည့်ကြာပန်းပင်တွေ လိုက်ရှာပြီး စုဆောင်းခဲ့ကြတယ်။ တွေ့တဲ့အခါကြရင်​လည်း အပင်ပဲဖြစ်ဖြစ်၊ အစေ့ပဲဖြစ်ဖြစ် တိမ်မြူခိုးနန်းတော်ကို မရရတဲ့နည်းနဲ့ ယူလာကြတယ်​။ ကျွန်မတို့မှာ ဆေးဥယျာဉ် ရှိနေတယ်လေ။ အဲ့ဒီဥယျာဉ်ထဲမှာ ကြာပန်းတွေကို ကောင်းကောင်း စိုက်ပျိုးနိုင်​တယ်။ ပိုပြီး အဆင့်မြင့်သွားအောင်လည်း လုပ်နိုင်တယ်။ အခုလို ဖြစ်မယ်လို့ ထင်ကို မထင်ထားခဲ့ဘူး . . .”
ရဲရှောင်​လည်း စိတ်​မ​ကောင်းဖြစ်​သွားဟန်​ဖြင့်​-
“ဒါဆို အခုလို ဖြစ်သွားတော့ ချင်းယန်နယ်ပယ်မှာတောင် ကြာပန်းတစ်ပွင့် ရှာဖို့ဆိုတာ​တော်​တော်​ခက်​ခဲသွားတာ​ပေါ့​နော်​. . .”
ပိုင်ရှင်းယွဲ့ ခေါင်းညိတ်လိုက်ရင်း –
“အဲဒီနေ့မှာပဲ ဥယျာဉ်တစ်ခုလုံး ရစရာမရှိအောင်ကို ပျက်ဆီးသွားခဲ့တယ်။ ပျက်သာ​မပျက်ဆီးခဲ့ဘူးဆိုရင်​အခုလို အခက်အခဲတွေနဲ့ ကြုံစရာ အကြောင်းကိုမရှိဘူး . . .”
ရဲရှောင် နှုတ်ဆိတ်သွား​လေသည်။
တိမ်​မြူခိုးနန်း​တော်​ဆက်လက် တည်တံ့စေနိုင်ရန်အတွက် ဂိုဏ်းသားများသည် နှစ်ထောင်ပေါင်းများစွာ ကြာပန်းများ စုဆောင်းရင်းဖြင့်သာ အချိန်ကုန်ဆုံးခဲ့သည်​။ အပြင်ဘက်တွင် ရှာ၍ မရလောက်တော့သည်ထိ သူတို့၏ ဥယျာဉ်ထဲတွင်သာ စုဆောင်းထားခဲ့ကြသည်။ သို့သော် မတော်တဆမှု တစ်ခုသည် အရာအားလုံးအား ဖျက်ဆီးပစ်လိုက်သည်​။
ကံကြမ္မာ၏ ဆိုးရွားလှသည့် ထိုးနှက်ချက် တစ်ခုပင်ဖြစ်​သည်​။
နှစ်ထောင်ပေါင်းများစွာ ကြိုးစားထားခဲ့သမျှသည် မျက်စိတစ်မှိတ် အတွင်းမှာပင် ပျက်ဆီး သွားခဲ့ရ​လေသည်​။
“ကျွန်မတို့တွေ အခုလို အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတာကို အပြင်က လူတွေကို မသိ​အောင်​လျှို့ဝှက်ထားခဲ့ကြတယ်။ ဒီသတင်းသာပြန့်သွားရင် ကျွန်မတို့အတွက် ပိုပြီး ဆိုးလာဖို့ပဲ ရှိတယ်။ တခြားဂိုဏ်းတွေကသာ သိသွားကြရင် ဒီအခွင့်အရေးကို လက်လွတ်ခံမှာ မဟုတ်ဘူး။ အဲ့ဒါ​ကြောင့်​ဘယ်သူ့ကိုမှ အသိမခံဘဲ​လျှို့ဝှက်ထားကြတာ။​နောက်​ပြီး အဆင့်နိမ့် ဂိုဏ်းသား​တော်​တော်​များကို သူတို့ နေထိုင်တဲ့​နေရာ​တွေ​ကို ပြန်ပို့လိုက်ကြတယ် . . .”
ပိုင်ရှင်းယွဲ့သည်​မောသွားဟန်​ဖြင့်​ခေတ္တခဏ နားလိုက်​သည်​။
“ကျုပ်​သ​ဘော​ပေါက်​သွားပါပြီ . . .”
​နောက်ဆုံးတွင် ရဲ​ရှောင်​သည်​အကြောင်းရင်းမှန်များ​အား နားလည်သွားသည်​။ ဝမ်ရမ်ချူးချူး အဘယ့်​အတွက်​ကြောင့်​မော်တယ်ကမ္ဘာသို့ ပြန်​ရောက်လာသည်​ကိုလည်း ရိပ်စားမိသွားသည်။
ဝမ်ရမ်ချူးချူး၏ အ​နေအထားအရ ဂိုဏ်းမှ ထုတ်ပယ် ခြင်း ခံရလိမ့်​မည်​မဟုတ်​ပေ။ ယခုလို ကိစ္စကြောင့်သာ ပြန်ရောက်လာရခြင်း ဖြစ်သည်။
ပိုင်​ရှင်းယွဲ့သည်​ပြုံးလျက်​-
“ဒီလိုလုပ်တာကလည်း အကြောင်းရှိလို့ပါ။ ပြန်လွှတ်လိုက်တဲ့ လူတွေကိုလည်း ကျွန်မတို့ လျှို့ဝှက်​ချက်​ကို ပြန်မပြောဖို့ သေချာမှာလိုက်တယ်။ ကျွန်မတို့အားလုံး လုံလုံခြုံခြုံပဲ နေချင်တယ်။ ပြန်သွားတဲ့ မိန်းကလေးတွေလည်း သူတို့ရဲ့​နေထိုင်တဲ့ နေရာတွေမှာ အားဖြည့်ကြာပန်းပင်တွေ တွေ့ကောင်း တွေ့နိုင်မယ်လေ။ ကျွန်မတို့ရဲ့ ကြာပန်းဥယျာဉ်က ပျက်ဆီးသွားတာဆို​တော့ ဂိုဏ်းမှာရှိတဲ့ ထိပ်သီး ဆရာမကြီးတွေ အားလုံး အချိန်မရွေး အန္တရာယ်နဲ့ ကြုံတွေ့နိုင်တယ်။ အခု ချူးချူးလိုမျိုး တစ်ပွင့်စီလောက် ရှာနိုင်ရင်ကို ကျွန်မတို့အတွက် အရမ်း အသုံးဝင်တယ်​. . .”
“ကျုပ်နားလည်ပါပြီ။ နားမလည်တာက ခင်ဗျားဘာလို့ ဒီကိစ္စတွေ ကျုပ်ကို လာပြောပြနေရတာလဲ၊ ဒါခင်ဗျားတို့ဂိုဏ်းရဲ့ လျှို့ဝှက်ချက်​တွေ​လေ မဟုတ်ဘူးလား . . .”
ရဲရှောင် မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
“ဒါကတော့ ဒီလိုပါ။ ရှင့်မှာ ယင်နဲ့ယန် စွမ်းအားတွေ ရှိနေတယ်။ ရှင်ပြောတဲ့ ခရမ်းရောင် ကောင်းကင်မီးလည်း ပိုင်ဆိုင်ထားတယ် မဟုတ်လား . . .”
ပိုင်ရှင်းယွဲ့သည် ပြုံး၍​ပြောလိုက်သည်။
ရဲရှောင်လည်း ပါးစပ်အဟောင်းသားဖြင့်သာ နားထောင်နေလေသည်​။
သူ့အတွက် အကျပ်အတည်းဖြင့် ရင်ဆိုင်ရတော့မည်ဟုလည်း ခံစားနေမိသည်။
“အဲဒီအချိန်တုန်းက ပညာရှင်ပေါင်း ၃၆၅ ယောက်တောင် ဆုံးရှုံးခဲ့ရတယ်။ ဒါပေမယ့် မုန်​တိုင်းပြီးရင်​လေပြည်​လာတယ်​ဆိုတဲ့ စကားအတိုင်းပဲ​ကံဆိုးမှု​တွေပြီး​တော့ ကံကောင်းမှု​တွေက ရောက်လာကြတယ်​။ အခုဆို သူတို့ရဲ့ စိတ်အာရုံတွေ အကုန်လုံးကို ရှင်းလင်းပြီး လက်ကျန်စွမ်းအားလေးတွေနဲ့ ကျွန်မတို့ဂိုဏ်းရဲ့ အနာဂတ်ကို ရှေ့ဖြစ်ဟောတာ လုပ်နေကြတယ်။ သူတို့က​ပြောတယ်​ကျွန်မတို့ဂိုဏ်းအတွက် အနာဂတ် အလင်းရောင်ကို မြင်တွေ့ပြီးပြီတဲ့ . . .”
ပိုင်ရှင်းယွဲ့သည်​သက်ပြင်းတစ်ချက် ချလိုက်​ကာ ရဲရှောင်အား စူးစူးစိုက်စိုက် ကြည့်လိုက်​ရင်း –
“အဲဒီ​ရှေ့ဖြစ်​ဟောနိမိတ်​က စကြာဝဠာကြီး အစမှာ အရှေ့အရပ်ကနေ ခရမ်းရောင်ချီဓာတ်တွေ ထွက်ပေါ်လာတယ်။ ဧကရာဇ်တစ်ပါးက ဓားကို ကိုင်စွဲပီး နယ်ပယ်အားလုံးကို အုပ်စိုးနိုင်လိမ့်မယ်။ တိမ်မြူခိုးဟာလည်း အောင်မြင်မှုတွေ ရလိမ့်မယ်တဲ့ . . .”
[အရှေ့အရပ်က ခရမ်းရောင်ချီဓာတ် . . . ဧကရာဇ်က ဓားကို ကိုင်စွဲမယ် . . .]
ထိုစကားစုများအား ကြားလိုက်ရေ​သာအခါ ရဲရှောင်​တစ်​ယောက်​နှလုံးခုန်​သံများပင်​မြန်​သွားကာ –
[ဘာလဲဟ၊ ငါတော့ ဒုက္ခနဲ့ လှလှ​ရောက်ပြီ ထင်တယ်။ စကြာဝဠာ တစ်ခုလုံးမှာ ဒီလို ခရမ်းရောင်ချီဓာတ် ရှိတဲ့လူက ငါတစ်ယောက်တည်းလားဟ . . .]
ပိုင်​ရှင်းယွဲ့သည်​ရဲ​ရှောင်​အား အားကိုး​သော အကြည့်​များဖြင့်​ကြည့်​လိုက်​ရင်း –
“ပညာရှင် ၃၆၅ ယောက်လုံးက သူတို့ရဲ့ လက်ကျန်စွမ်းအားလေးတွေနဲ့ ရှေ့ဖြစ်နိမိတ်ဟော​ပေးတာ ဆို​ပေမယ့်​ကျွန်မတို့က​တော့ အဲ့ဒီနိမိတ်​အမှန်​တကယ်​ဖြစ်​လာဖို့​မျှော်​လင့်​တကြီး​စောင့်​ဆိုင်း​နေရတယ်​. . .”
[မင်းတို့က ဒီရှေ့ဖြစ်နိမိတ်ကို အဲ့ဒီလောက်ထိတောင် ယုံနေကြတာလား . . .]
ရဲရှောင်၏ စိတ်ထဲတွင်​တစ်​ကိုယ်​တည်း တွေးနေမိသည်။
ပိုင်ရှင်းယွဲ့သည်လည်း ရဲရှောင်အား မျက်တောင်မခတ်တမ်းပင်​စူးစိုက်၍ ကြည့်နေပါတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset