Switch Mode

Chapter – 196 & 210

အပိုင်း (၁၉၆) သေပြီ

ရွှစ်…။

ဓားအလင်းက အရှိန်မြင့်မားစွာဖြတ်သန်းသွားပေသည်။ ဘယ်လောက်တောင်မြန်သလဲဆိုရင် သူ့အကြားအမြင်တောင်မှ ငွေရောင်သဲ့သဲ့လေးကိုသာ မြင်နိုင်၏။

စုရှောင်ရှန် အံ့သြတုန်လှုပ်နေဖို့အချိန်တောင်မှ ရှိမနေဘဲ ရင်ဘက်က နာကျင်မှုကိုခံစားလိုက်ရ၏။

လမ်းလျောက်တုတ်ပုံစံ ဓားက သူ့ ပင်ကိုယ်စွမ်းရည်အထပ်ထပ်နှင့် အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားလေပြီ။

ထန်းးး…။

စုရှောင်ရှန့် ခန္ဓာကိုယ်နှင့်ဓားထိချိန်မှာ သတ္တုချင်းထိတိုက်သံကြီးပေါ်လာတာကြောင့် လူတိုင်း ကြက်သေသေသွားကြသည်။

ဒါဘယ်လိုခန္ဓာကိုယ်လဲ။

လျှိုရွှမ်ရှင်း၏ မျက်နှာက မယုံကြည်နိုင်မှုတို့နှင့်ပြည့်နေသည်။ သူ့ နတ်ဘုရားလမ်းလျှောက်တုတ် လွယ်လင့်တကူ မဖောက်ထွင်းနိုင်သည့် အရာကို နောက်ဆုံးတော့တွေ့ရချေပြီ။

စုရှောင်ရှန်ထင်ထားသလို ထိုလမ်းလျှောက်တုတ်က နာမည်ကြီး ဓား(၂၁) ချောင်းထဲမှ ဖြစ်သည်။ ၎င်းက လမ်းလျှောက်တုတ်ဓား၊ နတ်ဘုရားသုတ်သင်ခြင်း နှင်တံဖြစ်၏။

“သူ့မှာ အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်ရှိတယ်ပေါ့” ဒီအကျင့်မကောင်းတဲ့ကောင်မှာ ဒဏ္ဌာရီလာအရှင်သခင်နယ်ပယ် ခန္ဓာကိုယ်ရှိတာက အနည်းငယ် ထူးဆန်းသည်ဟု လျှိုရွှမ်ရှင်းခံစားလိုက်ရသည်။

သို့သော် ထိုရှင်းပြချက်မှလွဲ၍ သူ့နာမည်ကြီးဓားကိုခုခံနိုင်တာ ဘာရှင်းပြချက် ရှိလိမ့်ဦးမလဲ။

ဒီဓားချက်က နတ်ဘုရားသုတ်သင်ခြင်းနှင်တံရဲ့ တကယ့် စွမ်းအားအစစ်အမှန်မဟုတ်ဘူး ဆိုစေဦးတော့။

အခြာတစ်ဘက်မှ စုရှောင်ရှန်ကတော့ ဓားရဲ့ အမြန်နှုန်းကြောင့် အံ့အားသင့်သွားရသည်။ သူ့အရှင်သခင်နယ်ပယ်လျင်မြန်မှုဖြင့်တောင် ၎င်းကို တုန့်ပြန်ချိန်မရလိုက်ပါပေ။

“နာမည်ကြီးဓား”

နာမည်ကြီးဓားတစ်ချောင်းအံ့ဩစရာကောင်း‌‌လွန်းပေစွ။ ပထမဆုံးအကြိမ် ရင်ဆိုင်ရခြင်းဖြစ်သလို သူ့ကြော့ကွင်းတောင်မှ ပြန်မကန်ထွက်စေနိုင်လိုက်ပေ။

လမ်းလျှောက်တုတ်ဓားက အလွန်ပါးလွှာပြီး သူ့အရှင်သခင်နယ်ပယ်က ကာကွယ်နိုင်လိုက်တယ်ဆိုပေမယ့် ဓားက အတော်လေးတော့ ဖောက်ထွင်းသွားသေးပါသည်။ စုရှောင်ရှန် သူ့နောက်က ညည်းညူသံသဲ့သဲ့လေးကို ကြားလိုက်ရသည်။

“နာတယ်”

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

စုရှောင်ရှန် : “…”

မုကျစ်ရှီ…။

တစ်ချိန်လုံး ဒီကောင်မလေးရဲ့ တည်ရှိမှုကို သူမေ့နေခဲ့၏။ နွယ်နတ်သစ်ပင်လိုသူ့ခါးကိုရစ်ပတ်ထားပြီးနောက်မှာ သူမ၏ အလေးချိန်ကို ခံတောင်မခံစားရပါလား။ ယခုနိုးလာတော့ သူမလည်း ဓားအထိုးခံလိုက်ရသလား မသိ။

သူ့ခေါင်းကိုငုံ့ကြည့်လိုက်တဲ့အခါ ဓားလက်ကိုင်ကိုသာတွေ့ရာ အထိုးခံရသည်မဟုတ်ဘဲ သူမပါ ထုတ်ချင်းပေါက်သွားသည်ကို တုန်လှုပ်ဖွယ် တွေ့လိုက်ရ၏။

မုကျစ်ရှီ၏ မျက်လုံးများက တင်းကြပ်စွာပိတ်ထားပြီး နာကျင်မှုတို့ အတိုင်းသားပေါ်လွင်နေပါသည်။ သို့ပေမယ့် ပါးစပ်ထဲက အသက်စိတ်ဝိညာဉ်တံဆိပ်ပြားဖြင့် ထုတ်ချင်းဖောက်သွားရင်တောင် သေလိမ့်မည်မဟုတ်ပါချေ။

ယခုတော့ ဓားထိုးဒဏ်ရာမှ အိပ်မက်ဆိုးကနိုးထလာသလို သတိပြန်လည်လာခဲ့ပါသည်။

ဟူးးး…။

လေးနွေးနွေးလေးတစ်ရှိုက်ကို ထုတ်လိုက်ပြီးနောက်မှာ မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် ငူငူငိုင်ငိုင်ကြီး ရှေ့ကိုကြည့်နေသည်။

သူမ၏ စိတ်ဝိညာဉ်အာရုံဖြင့် ပတ်ကြည့်လိုက်ရာ အခြေအနေကို မြင်လိုက်ရပေမယ့် ပိုလို့ ပဟေဠိသာဖြစ်သွားရပေသည်။

“စုရှောင်ရှန် ဘာဖြစ်နေတာလဲ”

စုရှောင်ရှန် : “နင်ဓားထိုးခံထားရတာ”

မုကျစ်ရှီ : “ဘာကြီး”

“မယုံဘူးလား ငုံ့ကြည့်လိုက်”

သူမက သူ့ကျောပေါ်တွင်ရှိနေရာ ငုံ့ကြည့်လိုက်သော်လည်း စုရှောင်ရှန်၏ ပုခုံးနှစ်ဖက်ကိုသာတွေ့ရသည်။ ထိုမှ အနောက်နည်းနည်းဆုတ်ကြည့်ရာတွင် ၀မ်းဗိုက်က စူးအောင့်‌အောင့် နာကျင်မှုကို ခံစားလိုက်ရပြီး သူမ၏ ပါးစပ်ကလေး ဟောင်းလောင်းဖြစ်သွားရသည်။

“စုရှောင်ရှန် နင်ဓားကို မဆွဲထုတ်တတ်ဘူးလား”

“ထုတ်ချင်တယ်လေ ရမှ မရတာ”

ဒီအရာက သူထင်သလောက် မရိုးရှင်းတာကို စုရှောင်ရှန်တွေ့ရသည်။ ထိုဓားကို သူ့အရှင်သခင်နယ်ပယ် ခန္ဓာကိုယ်က တစ်စိတ်တစ်ဒေသ ခုခံနိုင်တာကောင်းနေပြီ။ ဓားကိုဆွဲထုတ်ဖို့ဆိုကြ… မျက်ကန်းကို အရင်သတ်ရပေမည်။

စုရှောင်ရှန်ဘာလုပ်ရမလဲ သွက်ချာဗျာပဒ များနေစဉ် သူ့ကျောပေါ်က မုကျစ်ရှီတိတ်ဆိတ်သွားလို့ အကြားအမြင်နှင့် ကြည့်လိုက်တဲ့အခါ ကလေးမလေးက ရဲ့ရှောင်ထျန်းထံ အာရုံရောက်နေတာတွေ့လိုက်ရ၏။

တိတိကျကျဆိုရလျှင် သူမက ထိုအနက်ရောင်နှင့် အဖြူရောင် မျက်၀န်းများကို တအံ့တဩကြည့်နေခြင်းဖြစ်သည်။

“လျှောက်မကြည့်နဲ့။ ငါ့ကိုသေချာကိုင်ထား”

စုရှောင်ရှန် ထိုလမ်းလျှောက်တုတ်ဓားကို ပို၍ နက်နက်ရှိုင်းရှိုင်း ဖောက်မ၀င်သွားနိုင်အောင်လို့ လက်ဖြင့် ဆုပ်ကိုင်ထားလိုက်သည်။ သို့ပေမယ့် လျှိုရွှမ်ရှင်းက ပို၍အစွမ်းကြီးလေကာ လက်ညိုးကိုကွေးလိုက်တာနှင့် လမ်းလျှောက်တုတ်ဓားက ပို၍ နက်နက်ရှိုင်းရှိုင်းထိုး၀င်သွား၏။

“ငါအဲ့တာ ဖျက်ပေးနိုင်တယ်ထင်တယ်” ရဲ့ရှောင်ထျန်း၏ အဖြူအနက် မျက်၀န်းများကို ကြည့်ရင်း မုကျစ်ရှီက ရုတ်တရက်ဆိုသည်။

သူမ ဘာလို့ ဒီအချိန်ကြီး လာကြွားနေတာလဲ စုရှောင်ရှန် ဒေါကန်သွားသည်။

ရဲ့ရှောင်ထျန်းလို ဧကရာဇ်နယ်ပယ်ကတောင် မခံနိုင်တာ သူမက ဘာလုပ်နိုင်မှာတဲ့လဲ။

လျှိုရွှမ်ရှင်းလည်း ထိုမှတ်ချက်ကြောင့် အံ့အားသင့်သွားရပြီး အတန်ကြာသော် နှာခေါင်းရှုံ့လိုက်သည်။ “ဟားဟား တောသားနှစ်ကောင်…”

သူ့မှတ်ချက်ကို ပြီးအောင်မချရသေးခင်မှာ မုကျစ်ရှီက မျက်လုံးများကို ပြူးကျယ်စွာဖွင့်လိုက်သည်။ ထိုရာတွင် ရဲ့ရှောင်ထျန်း၏ မျက်၀န်းများမှ အဖြူအနက်မြူတို့စတင်၍ ပျောက်ကွယ်လာတော့၏။

သို့ပေမယ့် မုကျစ်ရှီ၏ မျက်၀န်းများမှလည်း အနီရောင်သွေးမျက်ရည်များကျလာပါသည်။ ဒီမြင်ကွင်းကြောင့် စုရှောင်ရှန် အံ့အားသင့်တုန်လှုပ်သွား၏။

“မလုပ်နိုင်ရင် အတင်းအကြပ်မလုပ်နဲ့”

နာကျင်မှုမှ မုကျစ်ရှီ မျက်လုံးကိုပိတ်လိုက်ရလေသည်။ ထိုစူးရှရှ နာကျင်မှုကြီးကို ခေါင်းထဲက နောက်တစ်ကြိမ် ပြန်ခံစားလိုက်ရ၏။ သို့ပေမယ့် ဒီတစ်ခေါက်က ဘာလို့နာကျင်ရမှန်းကိုသိပေသည်။

မျက်၀န်းများ။

လျှိုရွှမ်ရှင်း တုန်လှုပ်သွားသည်။ ဒီကလေးမလေးဘယ်လိုလုပ် မျက်ရည်ဂိုဏ်းရဲ့ နတ်ဘုရားမျက်လုံး နည်းစနစ်ကို ပယ်ဖျက်နိုင်ရတာလဲ။

“နင်ဘယ်သူလဲ”

ထိုအဖြစ်အပျက်‌ကြောင့် ဒီကောင်မလေးလည်း နတ်ဘုရားနန်းတော်ကလား ထင်မှတ်သွားပြီး လျှိုရွှမ်ရှင်းတစ်ကိုယ်လုံး တုန်ခါသွားသည်။

နေဦး မဖြစ်နိုင်လောက်ဘူး။ ဒါဆို အခြားဖြစ်နိုင်ချေတစ်ခုသာာရှိတော့သည်။

ထိုစဉ် ရဲ့ရှောင်ထျန်း၏ ကိုယ်က တဆတ်ဆတ်တုန်ခါလာပြီး လျှိုရွှမ်ရှင်း၏ အတွေးစကိုဖြတ်တောက်ပစ်လိုက်၏။

ထိုဆံဖြူတာအိုသခင်ပုံစံနှင့် ရဲ့ရှောင်ထျန်းက အသည်းအသန် ရုန်းကန်နေတာသိသာသည်။ ထိုအရေးကြီးသောအခိုက်မှာ မုကျစ်ရှီ၏ ကြား၀င်နှောက်ယှက်မှုက အချိန်ကိုက်ဖြစ်သွား၏။

သူ့မျက်လုံးများကိုပြန်ဖွင့်လိုက်သောအခါ ကောင်းကင်နှင့်မြေပြင်တို့ ပြောင်းလဲသွားခဲ့သည်။ ကောင်းကင်မှ ဧကရာဇ်နယ်ပယ် အရှိန်အဝါ ဆင်းသက်လာတာကြောင့် မြေပြင်လည်း စတင်၍ တုန်ခါအက်ကွဲတော့၏။

ရဲ့ရှောင်ထျန်း၏ မျက်၀န်းများအတွင်း ဒေါသ အရိပ်အယောင်တို့ဖြင့်ပြည့်နေသည်။ သူ့လက်ကိုဆန့်ထုတ်လိုက်ရာမှာ ၀န်းကျင်တစ်ခုလုံး ချိတ်ပိတ်ခြင်းခံလိုက်ရပါသည်။

“မင်းလာခဲ့မှတော့ ထွက်သွားဖို့မစဉ်းစားနဲ့တော့”

အခြေအနေက ထိန်းချုပ်မှုအောက်က လွတ်ကင်းသွားပြီဖြစ်တာကိုသိရာ လျှိုရွှမ်ရှင်း လမ်းလျှောက်တုတ်ဓား ချက်ခြင်းပြန်ဆင့်ခေါ်လိုက်သည်။

သူ့အရှုံးက ထိုကောင်မလေးထံက လာလိမ်မည်ဟုမထင်ထားပါချေ။ ဘယ်က ဒီလို ထူးဆန်းတဲ့အရာကို ခန့်မှန်းနိုင်လိမ့်မည်နည်း။

ဓားစာခံများမရှိဘဲနှင့် ရဲ့ရှောင်ထျန်း၏ ‌အမျက်ဒေါသကို ဘယ်သူက ခံနိုင်ပါလိမ့်မည်နည်း။ သူက လှောင်အိမ်ထဲက လွတ်မြောက်လာသော သားရဲတစ်ကောင်လိုပင်။

“ခေါင်းဆောင်” စုရှောင်ရှန် ပီတိဖြာသွားသည်။ ယခု နိုးလာပြီဆိုတော့ ရဲ့ရှောင်ထျန်းက အခြေအနေကို လက်လွှဲယူလို့ရလေပြီ။

‘ငါဒီကနေထွက်သွားလို့ရပြီမလား’ သူတွေးလိုက်ပါသည်။

ခရက်…။

လေထုထဲတွင် ကျောက်တုံးအက်ကွဲသံသဲ့သဲ့လေးကို ကြားလိုက်ရသည်။

သူ့ခေါင်းကိုလှည့်မကြည့်ဘဲနှင့်တောင် အကြားအမြင်မှ မျက်ကန်းလက်ထဲက ဓားစွမ်းအင်ကျောက်တုံးက ကွဲကြွေသွားကြောင်းကို သိလိုက်ရသည်။ လျှိုရွှမ်ရှင်းလက်သီးလက်ပန်းချီမြှောက်လိုက်သောအခါ ထို အင်အားကြီးဓားစွမ်းအင်က ဒုတိယအကြိမ်ထပ်ရောက်လာခဲ့၏။

စုရှောင်ရှန် သတိထားမိလိုက်တဲ့အချိန်မှာ ထိုဓားစွမ်းအင်က သူ့နဖူးနားကိုရောက်နှင့်နေပေပြီ။

“သတိထား” ရဲ့ရှောင်ထျန်း လက်နှစ်ဖက်ကိုမြှောက်ပင့်ပြီး အော်လိုက်သည်။

ဗလာနယ်ပယ်စွမ်းအင်က အကွာအဝေးမလိုသည့် အားသာချက်ကို ပြတော့၏။ စုရှောင်ရှန်နှင့်တကွ မုကျစ်ရှီကို ထိုဓားစွမ်းအင်၏ အနောက်ကို နေရာကူးပြောင်းပေးလိုက်လေသည်။

ဘုန်း…။

အနက်ရောင်‌အက်ကွဲကြောင်းကြီးတစ်ခုဖြစ်လာကာ စုရှောင်ရှန်ကို အတွင်းသို့ စုပ်ယူသွားသည်။ ရဲ့ရှောင်ထျန်းလက်ကို‌ပြန်ဝှေ့ရမ်းလိုက်ရာမှာ ထိုအက်ကြောင်းက ပြန်ပိတ်သွား၏။

“ဘုရားရေ”

စုရှောင်ရှန်၏ အ၀တ်အစားတစ်ခုလုံး ချွေးစေးများဖြင့် စိုရွှဲနေသည်။ ထိုမှ အစက မုကျစ်ရှီကို သယ်ပြီး ထွက်ပြေးခြင်းက ဘယ်လောက်တောင် တုံးအသလဲဆိုတာ ခုမှသိလိုက်ရသည်။

၎င်းက သူ့လက်ရှိနယ်ပယ်နှင့် ခုခံဖို့မပြောနှင့် အချိန်ကိုက်တောင် တုန့်ပြန်နိုင်မည်မဟုတ်ပါချေ။

ရဲ့ရှောင်ထျန်း စိုးတထိတ်ထိတ်ဖြစ်နေသည်။ အ‌လောင်းအစားလုပ်ပြီး ထိုဓားစွမ်းအင်ကို သူမကူးပြောင်းရဲပါချေ။

မဟုတ်ပါက စုရှောင်ရှန် ဗလာနယ်လေးထဲမှာ သေသွားရင် အကြီးအကဲစန်း၏ အမျက်ဒေါသကို ခံရပေလိမ့်မည်။ ဒါ့အပြင်ကို မုကျစ်ရှီက စုရှောင်ရှန်၏ ကျောပေါ်၌ရှိနေ၏။

သူ့တပြည့်နှစ်ယောက်စလုံး…။

လူတိုင်းစိတ်သက်သာရာရစွာသက်ပြင်းချလို့အပြီးမှာ လျှိုရွှမ်ရှင်း၏ နှုတ်ခမ်းထောင့်ကွေးတက်သွားပါသည်။

“ငါပြောခဲ့တဲ့အတိုင်းပဲ ဓားစွမ်းအင်က ပစ်မှတ်ကို လိုက်တိုက်ခိုက်နိုင်ပါတယ်လို့”

သူပြောပြီးပြီးချင်းဘဲ ဓားစွမ်းအင်က သက်သေပြရန်ကြိုးစားသကဲ့သို့ ကောင်းကင်ယံမှ ကွေ့ဝိုက်ပြီး စုရှောင်ရှန်ထံပြန်ဦးတည်သွားလေ‌သည်။

စုရှောင်ရှန်အလန့်တကြား မုကျစ်ရှီကို သူ့ကျောပေါ်မှ ခါထုတ်လိုက်၏။

မုကျစ်ရှီ ထိတ်ထိတ်ပျာပျာ လက်ကို နွယ်သဏ္ဌာန်ပြောင်းပြီး စုရှောင်ရှန်ကို ထပ်မံ ဖမ်းဆုပ်ရန်ကြိုးစားလိုက်သည်။

ကံဆိုးစွာဖြင့် နောက်ကျသွားခဲ့ချေပြီ။

ရဲ့ရှောင်ထျန်းလည်း လျှိုရွှမ်ရှင်းနှင့် ရင်ဆိုင်ရစဉ်တုန်းက ထိုစကားကိုပြောခဲ့တာ မေ့နေသည်။ ဘယ်သူက ဒီလိုတင်းမာတဲ့အခြေအနေကြီးမှာ သူပြောတာ ယုံမှာတဲ့လဲ။

သူ့လက်ကိုဆန့်ထုတ်ပြီး စုရှောင်ရှန်ကို နေရာပြန်ကူးပြောင်းပေးရန်လုပ်လိုက်သော်လည်း နောက်ကျသွားခဲ့ချေပြီ။

အဖြူရောင်ဓားစွမ်းအင်က စုရှောင်ရှန့် မျက်လုံးအိမ်အတွင်း အလျင်အမြန် နီးကပ်လာခဲ့သည်။ ထိုဓားစွမ်းအင်က မြန်ဆန် လွန်းလှပေသည်။

သူလုပ်နိုင်တာဆိုလို့ ဓားခုတ်ကောင်က ကျောက်တုံးကို တားဆီးချင်သလို လက်ကိုဆန့်ထုတ်လိုက်ရုံသာ။

ဘုန်းးးး…။

ဓားစွမ်းအင်က လေကိုခွင်း၍ လာသံဖြင့် ရောက်လာခဲ့သည်။ အရာအားလုံးဆိတ်ငြိမ်ကျစွားခဲ့၏။

အပိုင်း (၁၉၇) ချဲ့ကားသော တိုက်ပွဲ

အချိန်က ရပ်တန့်သွားသည့်ဟန်ရသည်။

ဓားစွမ်းအင်နီးကပ်လာသည့်အခိုက်မှာ ထိတ်ထိတ်ပျာပျာဖြစ်နေ၍မရဘူးဆိုတာသိပြီး စုရှောင်ရှန်၏ စိတ်နှလုံးက တည်ငြိမ်နေခဲ့ပါသည်။

စုရှောင်ရှန်လက်ကို အလိုလိုရှေ့ဆန့်ထုတ်လိုက်သည်။ ၎င်းက တိုက်ပွဲများစွာပြီးနောက်မှာ ကျင့်သားရနေသော အကွက်ဖြစ်ပါသည်။

လျှပ်တပြက်အတွင်း သူ့မှာရှိသော ပင်ကိုယ်စွမ်းရည်အားလုံးနှင့် သာမန်အတွေးစွမ်းအားတို့ကိုပေါင်းစပ်လိုက်ပြီး တိုး၀င်လာသော ဓားစွမ်းအင်တို့ကို အသာအယာပဲ ကာကွယ်လိုက်၏။

လေလွင့်တိမ်တိုက် (၂) : အဆင့်မြင့်ဓားကွက်….။

ဟုတ်ပေသည်။ ၎င်းက ကျိုးထျန်းရှန်၏ နတ်ဘုရားတောင်ပင့်ခြင်းနည်းစနစ်ကို ကာကွယ်လိုက်သော အကွက်ဖြစ်ပေသည်။

ထိုစဉ်က အင်မတန် ကြီးမားသော ခွန်အားကို သူ့ခွန်အားအနည်းငယ်တည်းဖြင့် ကာကွယ်ကာ သူ့ထက်ပိုသန်မာသော ပြိုင်ဘက်ကိုအနိုင်ယူလိုက်၏။ ယခုဟာနှင့်က မတူညီသော အခြေအနေမှာဆိုပေမယ့် အကျိုးက တူညီစွာသက်ရောက်ပေဦးမည်။

ထိုမျက်နှာဖုံးတပ်နှင့်လူ၏ ကြောက်မက်ဖွယ်ရာအတိ ဓားစွမ်းအင်များက ခုခံနိုင်မည့်ဟန် မ‌ပေါ်ချေ။ ၎င်းက စုရှောင်ရှန်၏‌ လျှောက်နေသည့် ဓားဆန္ဒတစ်ခုတည်းဖြင့် သက်သက်တိုက်ခိုက်ခြင်းမှ အခြေခံလာခြင်းဖြစ်ပါသည်။

ထိုသို့ပြုလုပ်ရန် စုရှောင်ရှန်၏ ဓားဆန္ဒက လုံလုံလောက်လောက် မသန်ပါသေးပါချေ။ လျှိုရွှမ်ရှင်းလည်း ထို့အတူဖြစ်၏။

သို့ပေမယ့် ဓားထိပ်သီးမှ ပေးစွမ်းသော ဓားနည်းလည်ခြင်း အခြေခံအုတ်မြစ်ဖြင့်ဆို ကမ္ဘာကြီးထဲက ဘယ်ဓားကွက်မဆိုရဲ့ မူလအစကို မြင်နိုင်နေသည်။

သူ့လက်ချောင်းများဖြင့် ကြောက်မက်ဖွယ်ရာဓားစွမ်းအင်၏ အဓိက အချက်အချာကျသောနေရာကို တောက်လိုက်သည်။

ဓားစွမ်းအင်ကို သူလမ်းလွှဲလိုက်တာမဟုတ်ဘဲ စွမ်းအင်၏ လမ်းကြောင်းကနေ သူထွက်လိုက်တာဖြစ်သည်။ ကိုယ်တစ်ခြမ်းသာထွက်သွားနိုင်တယ်ဆိုစေဦးတော့။

ဘုန်း…။

ဓားစွမ်းအင်ဖြတ်သန်းသွားရာလမ်းရှိ ညီလာခံခန်းမကြီး၏ အစိတ်အပိုင်းအနည်းငယ်က ဖျက်ဆီးခြင်းခံလိုက်ရသည်။

စုရှောင်ရှန်အသက်ရှင်လိုက်ပေမယ့် သူ့လက်တစ်ဖက်ကပေါက်ကွဲထွက်သွားပြီး အက်ကွဲနေသော အရိုးများသာချန်ခဲ့၏။

သူ့လက်ချောင်းထိပ်ကလေးနှင့် ထိလိုက်တာတောင် သူ့လက်က ပေါက်ကွဲထွက်သွားရပါသည်။ ဓားစွမ်းအင်နောက်က စွမ်းအင်က အံ့မခန်းဖြစ်တော့၏။

ထို့အပြင်ကို ဓားစွမ်းအင်များက ပျောက်မသွားသလို စုရှောင်ရှန်၏ အရိုးမှတစ်ဆင့် တစ်ကိုယ်လုံးထိတိုင်အောင်ပြန့်သွားပြီး တိုက်ခိုက်ကြသည်။ မျက်စိတစ်မှိတ်အတွင်းကို ပုရွက်ဆိတ်များ ထောင်နှင့် သောင်းနှင့်ချီ၍ ဖြတ်ပြေးနေသလို ခံစားလိုက်ရ၏။

“ထာ၀ရ အသက်စွမ်းအင်” ကသူ့အသွေးအသားများကို လျင်လျင်မြန်မြန် ပြန်ပြည့်ဖြိုးလာအောင် ကု‌သပေးနေသည်။

[အတိုက်ခိုက်ခံရပါသည်။ ပင်ကိုယ်မှတ် + ၁]

[အတိုက်ခိုက်ခံရပါသည်။ ပင်ကိုယ်မှတ် + ၁]

“…”

ဧကရာဇ်နယ်ပယ်ကကျင့်ကြံသူတောင် မခုခံနိုင်သည့် ဓားစွမ်းအင်ကို စုရှောင်ရှန်ခုခံနိုင်လာတာကိုမြင်လျှင် လျှိုရွှမ်ရှင်း အံ့ဩဘနန်းဖြစ်သွားရ၏။

ဒီကောင်လေးက ဘယ်လို လူထူးဆန်းလေးလဲ။

“ဓားအတွေး များလား”

၎င်းနှင့် ရင်းနှီးသလိုခံစားရသည်။ ဆိုလျှင် ထိုအရာက ခေါင်းဆောင်တီထွင်ထားခြင်းဖြစ်တာကို စုရှောင်ရှန်က ဘယ်လိုသိရသနည်း။

“မဟုတ်ဘူး ဓားအတွေးမဟုတ်ဘူး။ တူညီတဲ့ဟာ…” လျှိုရွှမ်ရှင်းနောက်တစ်ကြိမ်အတည်ပြုပြီး ကောက်ချက်ချလိုက်တော့သည်။

“တိုက်ဆိုင်မှုလား…”

ရဲ့ရှောင်ထျန်းလည်း မှင်တက်သွား၏။ စုရှောင်ရှန်ကို ကိုယ့်ဘာသာကိုယ် ထိုတိုက်ခိုက်ချက်ကို ခံနိုင်မည်ဟုမထင်ထားပါချေ။ သူ့ကိုယ်သူလည်း အပြစ်တင်မိသည်။

ထိုတိုက်ခိုက်မှုက သူခံရမည့်အရာဖြစ်သည်။ ဒါကို မူလနန်းတော်‌အစောပိုင်းက ကျင့်ကြံသူ‌တစ်ယောက်က အစားထိုးခံသွားခဲ့ရ၏။ မျက်နှာပူလို့မဆုံးတော့ချေ။

လက်တစ်ချက်ဝေ့ရမ်းခြင်းနှင့်အတူ စုရှောင်ရှန်ကို မုကျစ်ရှီဘက်သို့ပို့လိုက်သည်။

“ငါသတိမချပ်ထားမိလိုက်ဘူး။ တောင်းပန်ပါတယ်”

စုရှောင်ရှန်ခေါင်းခါရမ်းပြလိုက်ပါသည်။ သူ့ကိုယ်သူလည်းဖြစ်သမျှကို အသေးစိတ်တိတိကျကျ စူးစမ်းလေ့လာပြီးမှ တိုက်ခိုက်တတ်သည့် သတိကြီးသူဟု သွေးနာထင်ရောက်ထားပါသည်။ သူမှားချေပြီ။

ဒီတိုက်ခိုက်မှုအတွက် ဘယ်သူ့ကိုမှ အပြစ်တင်လို့မရပါပေ။ရဲ့ရှောင်ထျန်း အချိန်မြန်မြန် မတုန့်ပြန်နိုင်တာ သူ့အမှားမဟုတ်ပါ။

ဘာပြောပြော သူအသက်ရှင်ကျန်ရစ်သည်ကိုက ကံကောင်းနေပြီလို့ပြောရမည်။

စုရှောင်ရှန်အတွက် မုကျစ်ရှီ စိတ်နှလုံးနာကျင်သွားရ၏။ ထိုသို့အရေးကြီးသောအခိုက်အတန့်မှာ စုရှောင်ရှန်၏ ပထမဆုံးတုန့်ပြန်မှုက သူမကို ခါထုတ်ပြီး တစ်ယောက်တည်းခုခံရန်ဖြစ်လေသည်။ သူမ ဘာမှ အသုံးမ၀င်လိုက်ဘူးဆိုပေမယ့် သူ့ဂရုစိုက်မှုကြောင့်တော့ နှလုံးထိသွားပေသည်။

ချက်ခြင်း သူမ၏ ပါးစပ်ထဲက အသက်စိတ်ဝိညာဉ်တံဆိပ်ပြားကို ပြန်ထုတ်ယူကာ စုရှောင်ရှန်ကို ပေးလိုက်သည်။

“အမြန် နင့် ပါးစပ်ထဲထည့်လိုက်”

“…”

‘ဒီဟာကို တကယ် ဘယ်လိုသုံးရမလဲ မသိတာလားဟ’

စုရှောင်ရှန်၏ နဖူးအထက်၌ သွေးကြောများထောင်ထလာသည်။ ထိုအခိုက်မှာ ထ၀ရအသက်စွမ်းအင်က သူ့အသွေးအသားအကုန်လုံးနီးပါးကို ပြန်လည် ကုသကောင်းမွန်စေပြီးဖြစ်၏။

စိတ်ဝိညာဉ်တံဆိပ်ပြားကိုယူလိုက်ပြီး ချော်ချော်ကြီးဖြစ်နေကြောင့် မျက်မှောင်ကြုတ်လိုက်သည်။

“ဒီကိုလာ”

“ဘာလုပ်မလို့လဲ” နားမလည်နိုင်စွာ မုကျစ်ရှီ သူ့ကို ချဉ်းကပ်လိုက်သည်။

ထို့နောက်သူမ၏ ဂါ၀န်အတိုစလေးကို ဆွဲယူပြီး တံဆိပ်ပြားကိုသုတ်လိုက်၏။ “နင့်သွားရေက နင့်စီပဲပြန်လာရမှာပေါ့”

မုကျစ်ရှီ : “…”

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

ရဲ့ရှောင်ထျန်းနှင့် အခြားနှစ်ယောက်ကို ကြည့်ပြီး လျှိုရွှမ်ရှင်း အခြေအနေမဟန်တော့တာ သိသွားသည်။

သူ စိတ်လိုက်မာန်ပါလုပ်မိလိုက်ချေပြီ။

မူလက ထိုဓားစွမ်းကျောက်တုံးက ရဲ့ရှောင်ထျန်းအတွက် တကူးတက ပြင်ထားပေးတာဖြစ်သည်။ ၎င်းက ထိသည့်လူတိုင်းကို သေစေနိုင်ပါသည်။ သို့ပေမယ့် စုရှောင်ရှန်က အောင်အောင်မြင်မြင်လမ်းလွှဲနိုင်လိုက်လိမ့်မယ်လို့ မထင်ပါချေ။

ထိုဓားစွမ်းအင်က မူလနန်းတော်အစောပိုင်းက ကျင့်ကြံသူတစ်ယောက်ကိုတောင် သတ်နိုင်ခြင်းမရှိလိုက်ပါ။

ထို့ပြင် သူ့ ပြန်လည်ကောင်းမွန်လာနှုန်းကိုကြည့်လျှင် တဖြည်းဖြည်း သက်သာလာနေတာကိုတွေ့ရသည်။

“အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်ကပဲ တကယ် ကြမ်းတာလား။ ခေါင်းဆောင်ရဲ့ ဓားစွမ်းအင်က ထင်ထားသလောက် မကြမ်းတာလား”

ပထမဦးဆုံးအကြိမ်အဖြစ် သူ့ ပြိုင်ဘက်ကင်းခေါင်းဆောင်ကို လျှိုရွှမ်ရှင်းစတင်၍ သံသယ၀င်လာမိ၏။

ထို့နောက် ရဲ့ရှောင်ထျန်းတစ်ခုခုလုပ်မှာစိုး၍ သူ့လက်ထဲက ဒုတိယ ကျောက်တုံးကို ဝေ့ရမ်းပြလိုက်သည်။

၎င်းက ကျင့်ကြံခြင်းနှင့်မဆိုင်ရပါ။ စုရှောင်ရှန်အသက်ရှင်တယ်ဆိုတာက သူ့ဓားဆန္ဒနှင့် အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်တို့ကြောင့် ဖြစ်လေသည်။ ဒါ့အပြင်ကို တကယ့်အခိုက်အတန့်မှာ တိတိကျကျ ဓားစွမ်းအင်ကို ကာကွယ်နိုင်လိုက်ခြင်းလည်းပါသည်။

ဒါမျိုးက ဒုတိယတစ်ကြိမ်ထပ်လုပ်ရန်ခက်ခဲမည်။ ထိုနေရာတွင် ရဲ့ရှောင်ထျန်းဆိုပါက အသက်ရှင်ဖို့က မသေချာပါပေ။

ရဲ့ရှောင်ထျန်းဆိုမှ သူလည်း ဒေါကန်နေပါသည်။ တစ်ချိန်လုံးထိန်းချုပ်ထားခံရသဖြင့် ဘေးမှလူလိုဖြစ်နေခဲ့ပြီး ကလေးတစ်ယောက်ကို ခေါင်းခံခိုင်းသလိုက်ဖြစ်သွား၏။

စုရှောင်ရှန်၏ဒဏ်ရာကိုကြည့်ပြီး ကိုယ့်ကိုယ့်ကိုယ်ထိန်းမထားနိုင်တော့သော ရဲ့ရှောင်ထျန်းသူ့ရှေ့က ဗလာနယ်ပယ်ကို စုတ်ဖြဲပစ်လိုက်သည်။

“ကောင်းကင်ခွဲလက်”

ဘုန်း ဘုန်း ဘုန်း…။

သူ့ရှေ့က ဗလာနယ်ပယ်က ရှံ့တွသွားပြီး စက္ကူကို လက်ဖြင့်စုတ်ဖြဲလိုက်သလို အပိုင်းပိုင်း စုတ်ပြဲသွားတာကို အလန့်တကြား စုရှောင်ရှန် တွေ့လိုက်ရသည်။

ထိုဗလာနယ်ပယ် အပိုင်းအပြဲထဲတွင် စုတ်ပြတ်သွားသော အပိုင်းအစများက ချက်ခြင်း ချွန်ထက်သော ဓားသွားအလား ပုံသဏ္ဌာန်ဆောင်ပြီး လျှိုရွှမ်ရှင်းထံတိုး၀င်သွားလိုက်ကြ၏။

“ဒါက…” စုရှောင်ရှန် မှင်တက်သွားရသည်။ ၎င်းက ဧကရာဇ်နယ်ပယ်၏ စွမ်းပကားပေလော။

မုကျစ်ရှီလည်း တူတူပင်။ ပါးစပ်ဟောင်းလောင်းကလေးဖြင့် တံတွေးမျိုချဖို့ကို မေ့နေတော့သည်။

သူမရဲ့ရှောင်ထျန်းကို ပြန်ကြည့်လိုက်ရာ ပထမဆုံးအကြိမ်တွေ့တုန်းကလို ချစ်စရာမကောင်းတော့တာ သိလိုက်ရ၏။

ထိုအရာများအားလုံးကို လစ်လျူရှူပြီး လျှိုလင်းလင်းကိုပိုက်ကာ လျှိုရွှမ်ရှင်း အစီအရင်တံဆိပ်ပြားတစ်ခုထုတ်ယူလိုက်သည်။

ထန်းးးး…။

ဖောက်ထွင်းမြင်နိုင်သောအလင်းများ သူတို့နှစ်ဦးကို ဖုံးအုပ်သွားလိုက်ပြီး လေဟာနယ်ကို ထိုးခွင်း၍လာနေသော ထိုဗလာနယ်ပယ်အပိုင်းအစများကို ကာကွယ်လိုက်၏။

“အစီအရင်တံဆိပ်ပြား” မယုံကြည်နိုင်စွာ ရဲ့ရှောင်ထျန်း မျက်ခုံးပင့်လိုက်သည်။ “သူတော်စင်အစေအပါးထဲမှာလည်း မဟာအစီအရင်ဆရာသခင်တစ်ယောက်ရှိနေတာလား”

မဟာဆရာသခင်…။

အကြီးအကဲကျောက်ကို စုရှောင်ရှန် မြင်ယောင်မိလိုက်ပြီး “အစီအရင်တံဆိပ်ပြားက မဟာဆရာသခင်မှ လုပ်နိုင်တာလား”

“ဟုတ်တယ်” ရဲ့ရှောင်ထျန်းခေါင်းညိတ်လိုက်သည်။ “ဓားစွမ်းအင်ကျောက်တုံး အပါအ၀င် ဘာအစီအရင်ဖြစ်ဖြစ် မျက်နှာဖုံးတပ်လူ သူ့ဟာသူလုပ်နိုင်မယ့်အရာမဟုတ်ဘူး”

“ကျစ် ကျစ်”

ပထမဆုံးအကြိမ်အဖြစ် တစ်စုံတစ်ယောက်ကို စုရှောင်ရှန် ဓားပြတိုက်ချင်သွားသည်။ မျက်ကန်းက ချမ်းသာလွန်းလှ၏။

ထိုပစ္စည်းကို သူရနိုင်မယ်ဆိုရင် ဧကရာဇ်နယ်ပယ်ကိုရင်ဆိုင်ဖို့ ကြောက်စရာလိုတော့မည်မဟုတ်ချေ။

လျှိုရွှမ်ရှင်းတို့ကို ကာကွယ်ထားသောအလင်းတဖြည်းဖြည်းပျောက်ပြက်လာတာကိုမြင်သော် အထဲက လူနှစ်ယောက်ကို ဖမ်းဆုပ်ချင်သည့်အလား ရဲ့ရှောင်ထျန်းလေထဲမှာ လက်ဆုပ်လိုက်သည်။

တစ်ချိန်တည်းမှာပဲ အလင်းအကာအကွယ်အောက်က လျှိုရွှမ်ရှင်း ခရမ်းရောင် တံဆိပ်ပြားတစ်ခုကို အချိန်ကိုက် ခြေမွလိုက်၏။

“ဗလာနယ်ကယ်ကူးပြောင်းတာက ငါနဲ့တွေ့ရင် အလုပ်ဖြစ်မှာမဟုတ်ဘူး”

စုရှောင်ရှန်၏ မျက်ခုံးများလှုပ်သွားသည်။ လာပြန်ပြီ။

ဒီတစ်ခါတော့ ခရမ်းရောင်တံဆိပ်ပြားတဲ့ နောက်တစ်ခါ ဘာထပ်လာဦးမလဲ။

လျှိုရွှမ်ရှင်း နတ်ဘုရားသုတ်သင်ခြင်းနှင်တံကို ကိုင်မြှောက်ကာ နက်မှောင်လာသော ကောင်းကင်ကို ကြည့်လိုက်သည်။ ထို့နောက် ဟင်းလင်းပြင် အရှိန်အဝါများ ပြည့်ဖြိုးနေသော ပုတီးတစ်လုံးကိုထုတ်ယူလိုက်သည်။

စုရှောင်ရှန် : “…”

“နေရာကူးပြောင်းခြင်းပုတီးလုံး” ထိုအရာကိုမြင်သောအခါ စုရှောင်ရှန်၏ မျက်ဆံများ ကျုံ့သွားသည်။

“အချိန်ကျပြီ”

နတ်ဘုရားသုတ်သင်ခြင်း နှင်တံကို ကောက်ယူပြီး မျက်ကန်းက စုရှောင်ရှန်ကို ထိုးပြလိုက်သည်။ ထို့နောက် မုကျစ်ရှီနှင့် ရဲ့ရှောင်ထျန်းတို့ အသီးသီးဖြစ်ကြ၏။

“ကံအကျိုးပေးရင် ထပ်တွေ့ချင်ပါသေးတယ်”

‌ခရက်…။

ပုတီးလုံးကြေမွသွားတာနဲ့ ပုံရိပ်လည်း ပျောက်သွားကြသည်။

အပိုင်း (၁၉၈) သူတော်စင်အစေအပါးတို့ရဲ့ ရည်ရွယ်ချက်

“ပြေးချင်တာလား”

ရဲ့ရှောင်ထျန်း အေးစက်စက်ရယ်မောလိုက်သည်။ ရွှေရောင် နေရာကူးပြောင်းခြင်း ပုတီးလုံးက တန်ဖိုးမဖြတ်နိုင်သော ရတနာဖြစ်သည်ဆိုပေမယ့် ဗလာနယ်ပယ်ဓာတ်စွမ်းအင်ရှိသည့် လူတစ်ယောက်ရှေ့မှာ သုံးဖို့ဆိုတာကြတော့…

သူတို့ လွတ်မြောက်နိုင်မယ်ဆိုရင်တောင် တန်ဖိုးတစ်ခုတော့ပေးရမည်။

ရဲ့ရှောင်ထျန်းချက်ခြင်း ထိုလူနှစ်ယောက်ပျောက်ကွယ်သွားသည့်နေရာမှာ ပြန်ပေါ်လာခဲ့ပြီး နေရာတစ်ဝိုက်ကို အာရုံခံကြည့်လိုက်၏။ ထို့နောက် လက်သီးဖြင့် လေထဲကို ထိုးထည့်လိုက်သည်။

“ကောင်းကင် ခုန်ကူးခြင်း”

ပေါက်ကွဲသံကြီးတစ်ခုကိုကြားလိုက်ရပြီး ညီလာခံခန်းမကြီးလည်း ပြာမှုန်အဖြစ်သို့ပြောင်းသွားကာ ပတ်ပတ်လည် မီတာရာအနည်းငယ်ကျော်လည်း အက်ကွဲသွား၏။ လေထဲတွင် အနက်ရောင်စုပ်ခွက်ကြီးတစ်ခုပေါ်လာခဲ့သည်။

မုကျစ်ရှီကို ချက်ချင်းဆွဲပြီး စုရှောင်ရှန် အဝေးတစ်နေရာ ခေါ်သွားလိုက်သည်။ ထို့နောက် လေထဲက အနက်ရောင်စုပ်ခွက်ကြီးထဲမှာ ရပ်နေသည့် ဆံနွယ်များလူးလွင့်‌နေသည့် ရဲ့ရှောင်ထျန်းကို အလန့်တကြား လှည့်ကြည့်လိုက်၏။

မပြီးသေးပါချေ။

ရဲ့ရှောင်ထျန်းလက််က ဗလာနယ်ကိုဖောက်ထွင်းသွားပြီး ဆွဲလိုက်သည်။ သွေးသံတရဲရဲနှင့် ပုံရိပ်နှစ်ခု ထိုဆွဲတဲ့အထဲပါလာတာကို စုရှောင်ရှန်တွေ့လိုက်ရ၏။

“ဟ လခွမ်း”

သူ့ပါးစပ်ဟောင်းလောင်းဖြစ်သွားသည်။ နေရာခုန်ကူးသွားသည့်သူ‌များကိုတောင် အတင်းအကြပ်ပြန်‌ဆွဲခေါ်နိုင်ပါလား။

သူတို့ကို အသက်ရှင်ဖို့ အခွင့်အရေးလေးတောင် မပေးတော့ဘူးလား။

ဗလာနယ်ပယ်ပင်ကိုယ်ဓာတ်စွမ်းအင်က တကယ့်ကို နာမည်အတိုင်း အစွမ်းထက်ပါပေ့။

စုရှောင်ရှန် အံ့အားသင့်နေသည့်အချိန်အတွင်းမှာ မျက်ကန်းက နောက်ထပ် ပုတီးလုံး တစ်လုံးကိုထုတ်ယူကာ ချက်ခြင်း နေရာခုန်ကူးသွားပြန်သည်။

“…”

“လခွမ်း။ ဒီကောင့်မှာ ပုတီးလုံးတွေရှိသေးတယ်ဟ”

ဤမြင်ကွင်းကိုမြင်‌သော စုရှောင်ရှန်အံ့အားသင့်သွားရသည်။ သူ့မျက်လုံးထဲမှ ရမက်မီးများက အပြင်ကိုတောင်ထွက်၍ တောက်လောင်လာတော့မလို။

သူ့ကိုယ်သူ ထျန်းရွမ်တံခါးအတွင်းမှ ရတနာလေးပါးကိုရလာတာကြောင့် ချမ်းသာပြီထင်နေတာ တကယ်ချမ်းသာတာဘာလဲဆိုတာ ခုမှ အမြင်ကျယ်သွားတော့သည်။

“သူတို့က ဒီလောက်ချမ်းသာကြလား။ တိုက်ခိုက်တာတောင်မဟုတ်တော့ဘူး။ ပိုက်‌ဆံတွေကို မီးရှို့နေကြတာပဲ။ မင်းဒီဟာတွေကို သုံးတော့မယ်ဆိုလဲ ကြိုပြောပေါ့။ ဒီဟာတွေနဲ့ လျှိုလင်းလင်းကိုလဲဖို့ ငါကြံပေးမှာပေါ့” စုရှောင်ရှန် အတွေးများ ရောက်ရက်ခက်နေ၏။

ရတနာတွေအများကြီးကိုသူတို့ ဒီအတိုင်းသုံးလိုက်၏။ ဘယ်လိုတောင် လက်ဖွာလိုက်ခြင်းလဲ။

လျှိုရွှမ်ရှင်း ထွက်သွားပြီးနောက်မှာ အခြေအနေက နောက်ဆုံးတော့ ငြိမ်ကျသွားခဲ့သည်။

စုရှောင်ရှန်၏ အရှေ့၌ ရဲ့ရှောင်ထျန်းပြန်ပေါ်လာခဲ့သည်။ “နှမျောစရာကောင်းလိုက်တာ။ ငါသူတို့ကိုမိတော့မှာ” ဟုပြောပြီး သက်ပြင်းချလိုက်၏။

“သူတို့ဒဏ်ရာရသွားကြတယ်မလား” ထိုသွေးသံတရဲရဲပုံရိပ်များက သူအမြင်မှားနေတာလား စုရှောင်ရှန် မသိပါချေ။

ရဲ့ရှောင်ထျန်းခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။ နေရာခုန်ကူးခြင်းကို အပြင်ဘက် အားတစ်ခုက လာနှာက်ယှက်တော့ အတွင်းပိုင်း ဗလာနယ်ပယ် စီးကြောင်းတွေပျက်ဆီးသွားပြီး ဒုက္ခအကြီးအကျယ်ရောက်သွားကြတာပေါ့။ နှမျောစရာပဲ။ အဲ့ဒီ ရွှေရောင်နေရာခုန်ကူးခြင်း ပုတီးလုံးတွေက…”

“ဈေးကြီးတယ်မလား” မျက်ခုံးများကို ပင့်ပြီး စုရှောင်ရှန်မေးသည်။

“အေး… ငါတောင် အစီအရင်ဆရာသခင်တစ်ယောက်နဲ့ ပူးပေါင်းမယ်‌ဆိုရင် ဒီလို ပုတီးမျိုးရဖို့ တစ်နှစ်အထက်ကြာမယ်”

စုရှောင်ရှန် ပင့်သက်ရှိုက်လိုက်သည်။ ဗလာနယ်ပင်ကိုယ်ဓာတ်စွမ်းအင်ရှိတဲ့ ဧကရာဇ်နယ်ပယ်ကျင့်ကြံသူက အစီအရင်ဆရာသခင်တစ်‌ယောက်နဲ့ပေါင်းရင်တောင် တစ်နှစ်အထက်ကြာမှ ထိုသို့ ပုတီးတစ်လုံးကိုရမတဲ့လား။

ထိုရွှေရောင်ပုတီးလုံး၏ တန်ဖိုးက စိတ်ကူးပင်မယဉ်ရဲစရာကောင်းလှသည်။

မျက်ကန်း၏ လက်ဖွာခြင်းက သာမန် လက်ဖွာခြင်းမဟုတ်ပါလေ။

စုရှောင်ရှန်တွေးနေတာ သိသည့်အလား ရဲ့ရှောင်ထျန်းက ဆိုလိုက်သည်။ “အဲ့ဒီ ပုတီးနှစ်လုံးပဲမဟုတ်ဘူး။ သူအသုံးပြုသွားတဲ့ ရတနာတစ်ခုချင်းစီတိုင်းက တစ်ခုမှ အဖိုးမဖြတ်နိုင်ဘူး”

ထို့နောက် မျက်မှောင်ကြုတ်၍ ဆက်လက်ကာ “လျှိုလင်းလင်းကိုကယ်ဖို့ သူတော်စင်အစေအပါးတွေက ဒီလောက် သုံးဖြုန်းမယ်ဆိုတာ မယုံနိုင်စရာပဲ”

“သူမက အဲ့ဒီ မျက်နှာဖုံးတပ်လူရဲ့ တရားမ၀င်သမီးနေမှာပေါ့” စုရှောင်ရှန်ခန့်မှန်းလိုက်၏။

ထိုအခိုက်မှာ ရဲ့ရှောင်ထျန်း ဘာပြောရမှန်းတောင် မသိတော့ချေ။

“သူတော်စင်အစေအပါးတွေရဲ့ ဒီနှစ်‌တွေအတွင်း လှုပ်ရှားမှုတွေအရတော့ တတ်နိုင်သလောက် လူအင်အား၊ သုံးဖြန်းမှုအင်အားတို့ကို အနည်းဆုံးဖြစ်အောင်လုပ်ကြတာပဲ။ ဒီတစ်ခါမှ ဒီလောက် ငွေပမာဏ အများကြီးကိုသုံးတယ်။ ဒါသူတို့ လုပ်နေကြပုံစံမဟုတ်ဘူး”

ထို့နောက် စုရှောင်ရှန်ကို တည့်တည့်ကြည့်ကာ စကားလမ်းကြောင်းပြောင်းလိုက်သည်။ “ဒါတွေထားပါ။ မင်းရဲ့ အနက်ရောင်ဓားအိမ်ကိုပဲ… သေချာစောင့်ရှောက်ပါ”

စုရှောင်ရှန် အေးခဲသွားသည်။ ရဲ့ရှောင်ထျန်းက ဓားအိမ်ကို ဘာလို့ အလေးအနက်ထားပြောရမှန်းမသိချေ။

ဒါပေမယ့် မကောင်းဘူးလား။ သူ့သူလျှိုဆိုတဲ့နာမည်လည်းပျောက်သွားပြီး အခြားရတနာ သုံးခုကိုလည်း ဆက်လက်၍ ဖုန်းကွယ်ထားနိုင်ပေမည်။

ချက်ခြင်းပဲ ရဲ့ရှောင်ထျန်း၏ အဆိုကို ကြက်အစာကောက်သကဲ့သို့ ခေါင်းတဆတ်ဆတ်ညိတ်ကာ ထောက်ခံလိုက်၏။

ထို့နောက် ဆိတ်ငြိမ်ကျသွားခဲ့သည်။ ပေါက်ပြဲ‌သွားသော ဗလာနယ်က မဟာလမ်းစဉ်၏ ညွှန်ပြမှုအောက်မှ တဖြည်းဖြည်း ပြန်ကောင်းလာနေသည်။ ညီလာခံခန်းမကတော့ အသစ်ပြန်တည်ဆောက်ရမည့်ပုံပေါက်‌ပေသည်။

ထို့ပြင် ဒီမြေတစ်ဝိုက်မှာ သစ်ပင်များလည်း ပြန်စိုက်ရလောက်သည်။

ယခုကဲ့သို့ အခြေအနေပြီးနောက်မှာ ဘာတစ်ခုမှ မဖြစ်ဘဲ ကျန်ရှိနေသည့် အရာက ရွှေရောင်အလင်းများ၏ ကာကွယ်မှုအောက်က ရှေးဦးသစ်ပင်ကြီးဖြစ်သည်။ တစ်ခုခုတော့ မူမမှန်ဘူး။

သူ့ရှေ့က စုရှောင်ရှန် မကောင်းတာ ကြံနေတယ်ဆိုတာ ရဲ့ရှောင်ထျန်းမသိပါဘဲ သူ့အတွေးထဲ၌ သူသာ နစ်မျောနေရှာသည်။

“သူတော်စင်အစေအပါး။ ကြည့်ရတာ မြင့်မြတ်နတ်ဘုရားနန်းတော် ကောက်ချက်ချထားသလို ကြီးမားတဲ့ အဖွဲ့အစည်းကြီးမဟုတ်ဘဲ စွမ်းအားမြင့်လူအနည်းငယ်တည်းနဲ့ ဖွဲ့စည်းထားတာမျိုးလား” ရေရွတ်လိုက်သည်။

စု‌ရှောင်ရှန်လည်း ထိုစကားကြောင့် အတွေးနက်သွား၏။ သူတော်စင်အစေအပါးမှ သူတွေခဲ့ရသည့် လူသုံးယောက်လုံးက တကယ် လူအများကြားမှ နဂါးများဖြစ်ကြ၏။

လျှိုလင်းလင်းတောင် အတွင်းစည်းမှာ သူမ၏ မျိုးဆက်မှ ဂိုဏ်းသားများကို အလွန်အလှမ်းဝေးကွာစွာနောက်ချန်ထားခဲ့သည့် အသန်မာဆုံးသူ ဖြစ်လာနိုင်သေးသည်မဟုတ်ပါလား။

သူတော်စင်အစေအပါးဆိုတာကို စုရှောင်ရှန် အကြီးအကျယ်စိတ်၀င်စားသွားတော့သည်။ သို့ပေမယ့် အကြီးအကဲစန်းစီက ယခင်တစ်ခေါက်ကလည်း ဘာအချက်အလက်မှ မရပါချေ။ ယခု ရဲ့ရှောင်ထျန်းပြောလာပြီဆိုမှတော့ စကားနှိုက်လို့များရမလား။

“သူတော်စင်အစေအပါးဆိုတာ ဘာတည်ရှ်ိမှုကြီးလဲ”

ကောင်းသည်၊ ဆိုးသည်ဆိုတဲ့ အတွေးအခေါ်ကြားမှာ ဒီအဖွဲ့အစည်းက ထူးဆန်းသည့်အရာများအကြားပါဝင်ခဲ့တယ်ဆိုပေမယ့် တကယ် လူဆိုးများနှင့်မတူပါချေ။

လူတိုင်းကို ယခင်တစ်ခေါက်က ဖိနှိပ်လိုက်သည့် မျက်နှာဖုံးတပ်နှင့်လူတောင် တစ်ယောက်မှကို မသတ်ခဲ့ပါလား။

ယနေ့ လျှိုလင်းလင်းကို လာကယ်သော လျှိုရွှမ်ရှင်းလည်း လူတစ်ချို့ကို ဓားစာခံလုပ်လိုက်တယ်ဆိုပေမယ့် လူတစ်ယောက်မှ မသတ်ခဲ့ပေ။

ဒါဆို သူတို့ရည်ရွယ်ချက်ကဘာလဲ။

သူတော်စင်အစေအပါးတို့ အားနည်းသူကို အထင်အမြင်သေးတာ စုရှောင်ရှန် မတွေ့ဖူးသေးပါချေ။ သူတို့ကိုကြည့်ရတာ လူ့အသက်ကို အလွန်မြတ်နိုး တန်ဖိုး ထားသည့်ပုံဖြင့်…။

လျှိုလင်းလင်းနှင့် မျက်နှာဖုံးတပ်လူတို့ သူ့ကို သူတို့အဖွဲ့ထဲ ၀င်စေဖို့ခေါ်တာကလည်း ဒါနဲ့ ပတ်သက်နေမလား။

ထိုရှူထောင့်မှ ကြည့်လျှင် ထျန်းစန်းစိတ်ဝိညာဉ်နန်းတော်ကတောင် သူတော်စင်အစေအပါးတို့ထက် ပို၍ လူကောင်းဆန်နေသလိုလိုနှင့်…။

“အေး ဖြစ်နိုင်တယ်ဟ…”

ထိုအတွေးကြောင့်စုရှောင်ရှန် မှင်တက်သွား၏။ ဒါဆိုရင် ဘယ်တစ်ခုက မကောင်းတဲ့ အဖွဲ့အစည်းလဲ။

စုရှောင်ရှန် အပေါ်ယံကိုသာ တွေ့ရသေးတာဖြစ်နိုင်၍ ထိုအတွေးများကို ခေါင်းထဲက ခါရမ်းထုတ်ပစ်လိုက်သည်။

စုရှောင်ရှန်၏ အမေးကိုကြားသောအခါ ရဲ့ရှောင်ထျန်း အတွေးရေယဉ်စီးကြောထဲက ထွက်လိုက်သည်။ ထို့နောက်ပြုံးကာ ပြော၏။ “သူတော်စင်အစေအပါးတွေက အစွန်းရောက်တဲ့ အဖွဲ့အစည်းတစ်ခုပေါ့။ ငါလည်းသူတို့နဲ့ ပတ်သက်ပြီးစိုးရိမ်ရတာ လွန်နေတယ်။ မင်းတို့က ဘာမှ မဖြစ်ပါဘူး”

“အစွန်းရောက်တယ်” စုရှောင် နောက်မှ ထပ်ရွတ်လိုက်ကာ “ဒါပေမယ့် သူတို့က ဘယ်သူ့ကိုမှ သတ်ချင်တဲ့ပုံရမဘူး။ ဘယ်မှ အစွန်းရောက်တာလဲ”

ထို‌အမေးက ရဲ့ရှောင်ထျန်းကို မှင်တက်သွားစေ၏။

“ငါလည်းမသိဘူး။ ပိုပြီးသိချင်တယ်ဆိုရင်တော့ ဒီနှစ်တွေမှာ သူတော်စင်အစေအပါးဘာလုပ်သလဲဆိုတာ မြင့်မြတ်နတ်ဘုရားနန်းတော်ကပဲသိလိမ့်မယ်။ပြောရရင် သူတို့ရည်ရွယ်ချက်က သာမန် မကောင်းတဲ့ အဖွဲ့အစည်းတွေနဲ့ ကွဲပြားနေသလိုပေါ့”

ရဲ့ရှောင်ထျန်း ရယ်ကာ ဆက်လက်၍ “လူတိုင်းက ဒီလိုတွေးထင်ထားကြတာပဲ။ ဘာလဲ မင်းက သူတို့က တရားမျှတတဲ့ အဖွဲ့အစည်းကထင်လို့လား”

“မသိနိုင်ဘူးလေ…” စုရှောင်ရှန် ရေရွတ်လိုက်သည်။ သူက စိတ်ဝိညာဉ်နန်းတော်မှာနေ နေတယ်ဆိုရင်တောင် ဘက်ရွေးမည့်သူမဟုတ်ချေ။

အနည်းဆုံးတော့ သူတော်စင်အစေအပါးတွေက သူထင်သလောက် မဆိုးရွားကြတာကို သိ၏။

“သူတို့ရည်ရွယ်ချက်ကဘာလဲ” စုရှောင်ရှန်မေးသည်။

“ငါလည်း ကောလဟာလတွေအရပဲသိတာ။ သိပ်မသေချာဘူး…” ရဲ့ရှောင်ထျန်း တုံ့ခနဲရပ်သွားကာ စကားကို ဆုံးအောင်ပြောရမည်လား ဘာလား တုန့်ဆိုင်းနေဟန် ပေါက်သွားသည်။

“ဘာပြောလဲ” စုရှောင်ရှန့် သိချင်စိတ် ထကြွလာရသည်။

ရဲ့ရှောင်ထျန်းက နောက်ဆုံးတော့လည်း ပြောရန်ဆုံးဖြတ်လိုက်၏။ “မိစ္ဆာသားရဲ။ သူတော်စင်အစေအပါးတွေရဲ့ ရည်ရွယ်ချက်က မိစ္ဆာသားရဲတွေနဲ့ ပတ်သက်နေရမယ်”

စုရှောင်ရှန် ကြောက်ရွံ့မှုကြောင့် တဆတ်ဆတ်တုန်ခါသွားသည်။

မိစ္ဆာသားရဲ။ မီးခိုးမြူပုံရိပ်လိုလား။

သူတော်စင်အစေအပါးတွေက ဘာလို့ ဒီအရာတွေကို လိုက်ရှာနေရတာလဲ။ အမြစ်ဖြတ်သုတ်သင်ဖို့လား။

… ဒါဆိုရင် အဲ့တာက ကောင်းတာလုပ်နေတာမဟုတ်ဘူးလား။

စုရှောင်ရှန်၏ အမူအရာကြောင့် ရဲ့ရှောင်ထျန်းလည်း အံ့အားသင့်သွားရကာ “မိစ္ဆာသားရဲတွေက ဘာလဲ မင်းသိနေတာလား”

ဒီလောက်ကျင့်ကြံမှုလေးနဲ့ စုရှောင်ရှန်က ဘယ်လိုလုပ် မိစ္ဆာသားရဲတွေရဲ့အကြောင်းကို သိနေရတာလဲ။

စုရှောင်ရှန်တည်တည်ငြိမ်ငြိမ်ခေါင်းညိတ်ကာ “ဟင့်အင်း။ မသိဘူး”

ရဲ့ရှောင်ထျန်း စွံ့အသွားရသည်။

[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]

“မင်းကြားဖူးရင်ကြားဖူးမှာပေါ့။ ဒါပေမယ့်မှတ်ထား အဲ့ဒီစူးစမ်းလိုစိတ်ကြောင့် မင်းသေသွားနိုင်တယ်။ ဒါကြောင့် ဒီအရာတွေနဲ့ မပတ်သက်နဲ့ဦး။ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ထား။ မင်းရဲ့ အလားအလာက အလွန်ကြီးမားတယ်။ အလကားမဖြစ်သွားစေနဲ့”

ထိုလူငယ်၏ လုံး၀ သက်သာပျောက်ကင်းသွားပြီဖြစ်သော လက်ကို ရဲ့ရှောင်ထျန်းကြည့်လိုက်ပြီး “အရှင်သခင်နယ်ပယ် ခန္ဓာကိုယ်လား”

“အင်း” စုရှောင်ရှန်ခေါင်းညိတ်ပြလိုက်ပေမယ့် သူ့အာရုံက တခြားကိုရောက်နေ၏။

ဒီကမ္ဘာကြီးက တိုက်ဆိုင်မှုတွေက တမင်တကာကြီးလုပ်ထားသလားအောင့်မေ့ရသည်။ သူကြုံတွေ့ခဲ့ရသော အရာများက တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေတာ ခံစားလိုက်ရ၏။

မိစ်ဆာသားရဲ။

မိုမိုများလား။

အပိုင်း (၁၉၉) အဖိုးကြီး

ရဲ့ရှောင်ထျန်း အံ့ဩဘနန်းဖြစ်သွားရသည်။ သူ့စီမှာ တကယ် အရှင်သခင်နယ်ပယ်ခန္ဓာကိုယ် ရှိနေတာလား။

အရင်တစ်ခေါက်က စုရှောင်ရှန်ကို ‌တွေ့ခဲ့စဉ်က ကျင့်ကြံခြင်းနှင့် ခန္ဓာကိုယ်က ဒီလောက်မဟုတ်သေးပါချေ။ ထျန်းရွှမ်တံခါးထဲမှာ နဂါးအသွင်ပြောင်းသွားခဲ့တာလား။

ကြည့်ရတာ အကြီးအကဲစန်းက တပြည့်ရွေးချယ်ရာမှာ တော်ပါပေသည်။

အချို့လူများက တမူထူးခြားတယ် လုပ်ထုံးလုပ်နည်းအရမလုပ်ဘူး ဘာဖြစ်လဲ။ တစ်ခါတစ်လေမှာ စည်းဘောင်ဆိုတာ ချိုးဖျက်ရတယ်မဟုတ်ပါလား။

၎င်းကို လျှိုရွှမ်ရှင်းနှင့် ရင်ဆိုင်တွေ့ရခြင်းမှ သိနိုင်သည်။ အကယ်၍ ဒီနေရာမှာ သူ၏ တမူထူးခြား‌သော အကြံနည်းလမ်းများနှင့် စုရှောင်ရှန်သာမဟုတ်ပါက ထိုသို့အခြေအနေကန ရုန်းထွက်ရန် အင်မတန်ခက်ခဲပေလိမ့်မည်။

“ထားပါ။ မြန်မြန် သွားပုန်းနေတော့။ စိတ်ဝိညာဉ်နန်းတော်က အခု အရေးကြီးအခြေအနေမှာရောက်နေတာ။ အရေးမကြီးရင် လျှောက်သွားမနေနဲ့ဦး” ရဲ့ရှောင်ထျန်း သူတို့နှစ်ယောက်ကို ကြည့်ပြီး ပြောလိုက်သည်။

လျှိုရွှမ်ရှင်းကိစ္စကိုဖြေရှင်းပြီးပေမယ့် သူက အရှင်သခင်နယ်ပယ် ခြိမ်းခြောက်မှုသာသာဖြစ်သည်။ ပိုပြီး အရေးကြီးတဲ့ ရန်သူက သူတို့ တံခါးရှေ့ကိုရောက်နေ၏။ ထို့ပြင် အကြီးဆုံးခြိမ်းခြောက်မှုဖြစ်သော မျက်နှာဖုံးတပ်လူက အမှောင်ထဲမှ ချောင်းမြောင်းနေပါသည်။

ဂျစ်…။

ရဲ့ရှောင်ထျန်း၏ စကားကို သက်သေပြန်ရန်အလား စိတ်ဝိညာဉ်နန်းတော်၏ အကာအကွယ်အစီအရင်က ပျက်ဆီးတော့မည့်အလား တုန်ခါလာခဲ့၏။

စုရှောင်ရှန် ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး ရဲ့ရှောင်ထျန်းကို အလျင်အမြန်ခေါင်းညိတ်ပြကာ သတိမေ့မျောနေသော လူများကို ခေါ်သွားလိုက်သည်။

ရဲ့ရှောင်ထျန်း ၀င်ပေါက်တံခါးကြီး၌ အကြီးအကဲကျောက်နှင့် အခြားသူများကို သွားကူရပေမည်။

“ဧကရာဇ်နယ်ပယ်‌တွေအများကြီးတောင်လိုတာ ဘယ်သူဖြစ်နိုင်မလဲ” စုရှောင်ရှန် ကြောက်ရွံ့သွား၏။ သူတော်စင်အစေအပါးများက သန်မာလွန်းပေစွ…။

“ဘယ်သွားနေတာလဲ” စုရှောင်ရှန်ကို မုကျစ်ရှီတအံ့တဩကြည့်လိုက်သည်။ သူမ အိမ်ကိုပြန်ရန် ပြင်လိုက်ပေမယ့်လည်း ၎င်းက မလုံခြုံနိုင်တာတွေးမိပြီး ကြောက်သွားလေသည်။

“နင့်အဖျားပြန်ကျသွားပြီလား” သူမ၏ အမေးကိုမဖြေဘဲ နဖူးကို စုရှာင်ရှန် သွားကိုင်ကြည့်လိုက်ရာ အဖျားပျောက်သွားတာကိုတွေ့လိုက်ရ၏။ ဘာလဲဟ…

“ဟာသပဲ။ နင့်အဖျားက ထူးဆန်းလိုက်တာရော။ ခုတစ်မျိုးတော်ကြာတစ်မျိုးနဲ့”

မုကျစ်ရှီ ရှက်ကိုးရှက်ကန်း သူ့လက်ကို ခါထုတ်လိုက်သည်။ “ဘာအဖျားလဲ”

“နင်မသိဘူးလား”

မုကျစ်ရှီ၏ မျက်၀န်းများ၌ နားမလည်သလိုအကြည့်များရှိနေပါ၏။

ဒီကောင်မလေးရဲ့ အမူအရာကြောင့် စုရှောင်ရှန် စွံ့အသွားသည်။

ရဲ့ရှောင်ထျန်းကို မုကျစ်ရှီ အကျဉ်းအကြပ်ထဲမှ ကယ်လိုက်တာ သူ ပြန်မြင်ယောင်သွားသည်။ ထိုအကူအညီမပါလျှင် ရန်သူက အခြေအနေကို တစ်မျိုးလှန်ပြောင်းသွားနိုင်ပေသည်။

“နင့်မှာ နောက်ကြောင်းရာဇ၀င်တစ်ခုခုရှိနေတာလား” စုရှောင်ရှန်မေးသည်။

“ဘာရာဇ၀င်လဲ” သူမ၏ မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပြသည်။

စုရှောင်ရှန် တစ်ဘက်သို့လှည့်ကာ သက်ပြင်းချလိုက်၏။ သူအရှုံးပေးပါပြီ။ ဒီကောင်မလေး တကယ်မသိတာလား ဟန်ဆောင်နေတာလား မသိပါတော့ချေ။

“ထားလိုက်တော့ အချိန်ရမှ ‌သွားသောက်ရင်းပြောရအောင်”

မုကျစ်ရှီ ပြောစရာစကားများပျောက်ရှသွားရသည်။

“ငါ အသက်မပြည့်သေးဘူး”

သူမကို ခေါင်းအစခြေအဆုံးတစ်ခေါက်ကြည့်ပြီး “အေး ငါသိတယ်”

မုကျစ်ရှီ တစ်ဖန် စွန့်အသွားရပြန်သည်။

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

“သွားမယ် စိတ်ဝိညာဉ်စာကြည့်တိုက်မှာ အဖိုးကြီးရှိနေလား သွားကြည့်ရအောင်” စုရှောင်ရှန် ကောင်းကင်ကိုမော့ကြည့်လိုက်သည်။ စိတ်ဝိညာဉ်နန်းတော်၏ အစီအရင်တုန်ခါနှုန်းက တစ်စထက်တစ်စ အလျင်အမြန် တိုးလာခဲ့ရာ စိတ်မပူဘဲ မနေနိုင်ပါတော့ချေ။

“ဘာမှ ဆိုးဆိုးရွားရွားမဖြစ်ပါစေနဲ့”

ထျန်းစန်းနန်းတော်က အနီးနားတစ်ဝိုက်ရှိ တောင်များအကြားတွင် အမြင့်‌ဆုံးတောင်ထိပ်မှာ တည်ထားသည်။ ထိုနေရာက စိတ်ဝိညာဉ်စွမ်းအင်များ အသိပ်သည်းဆုံးလည်းဖြစ်၏။ နန်းတော်၏ တံခါးက အရှေ့အရပ်ကို မျက်နှာမူထားပြီး စိတ်ဝိညာဉ်နန်းတော်ထဲက စိတ်ဝိညာဉ်စွမ်းအင် အ၀င်အထွက်ဖြင့် လေကို အေးမြစေနေတော့သည်။

တောင်တစ်ခုလုံးကိုလည်း ကောင်းကင်ဘုံအလား မြူခိုးတိမ်များက ၀န်းရံထားပြီး ကြိုးကြာ၊ ဗျိုင်များလည်း ရှိကြ၏။ သာမန်လူများအတွက်တော့ နတ်ဘုရားများ နားခိုရာ နေရာသာ။

ပြောရရင် သာမန်လူတွေအတွက် စိတ်ဝိညာဉ်ကျင့်ကြံသူများက မဟာလမ်းစဉ်ကိုနားလည်သဘောပေါက်ထားသည့် နတ်ဘုရားများဖြစ်ကြသည်။

ထိုသို့ နတ်ဘုရားများက ထျန်းစန်းနန်းတော်တံခါးအရှေ့မှာ နာကျင်မှုကြောင့် ညည်းညူ လူးလိမ့် အော်ဟစ်နေကြ၏။ သူတို့က စည်းကမ်းကြီးကြပ်သူများဖြစ်ကြပါသည်။

ထိုအော်သံများအကြားမှ ခါးအနည်းငယ်ကုန်းနေသော အဖိုးကြီးက တံခါးလေးစီ ဦးတည်၍ လမ်းလျှောက်‌လာနေခဲ့သည်။

သူ့ကျောပေါ်၌ ဝါးလုံးတစ်လုံးနှင့် ခါးတွင်လည်း ပုစိန်အသေးလေးတစ်လက်ကိုချိတ်ထားသည်။ သူ့ပုံစံက သစ်တောနှင့် ရင်းနှီးနေသည့် သာမန် အဖိုးကြီးတစ်ဦးအလားသာ။

ဆိုရလျှင် ထိုဝါးလုံးမှာ မီးဖိုဖို့ ထင်း‌များချိတ်ထားလျှင် တကယ် သစ်ခွေသမားပုံပေါက်ပေတော့မည်။

ထိုအဖိုးကြီးလမ်းလျှောက်လာရာလမ်းတစ်လျှောက်ရှိ မြေပြင်၌ လဲနေကြသည့်လူများ နာကျင်မှုကိုတောင်မေ့သွားကြကာ ထိတ်ထိတ်ပျာပျာ‌‌ ဘေးကိုရှောင်တော့သည်။ ထိုအဖိုးကြီးအား အဆိုးရွားဆုံး အိပ်မက်ဆိုးအလား ကြည့်လိုက်ကြ၏။

အဖိုးကြီး၏ မျက်နှာထက်၌ အပြုံးတစ်ခုကိုဆင်မြန်းရင်း မညီညာသော တောင်စောင်းလေး၏ လမ်းအတိုင်းတက်လာခဲ့သည်။ ကြီးကြပ်သူတစ်ယောက် ထရပ်ရန်ပြင်လိုက်စဉ်အဖိုးကြီးက အသာအယာ မြေပြင်၌ ပြန်၀ပ်သွားအောင် ရိုက်ချပေးလိုက်ပြီး ကျယ်ကျယ်လောင်လောင်ရယ်မောလိုက်သည်။

“မင်းတို့လူငယ်တွေ တကယ်တော်ကြတယ်။ ငယ်ငယ်လေးနဲ့ ကျင့်ကြံမှုနယ်ပယ်အတော်မြင့်နေကြပြီ။ မင်းတို့ အနာဂါတ်လမ်းတွေကတော့ တောက်ပ သဟေ့။ ငါဆိုမင်းတို့အရွယ်တုန်းကဘာကောင်မှ မဟုတ်ဘူး။ တောင်တက်တယ်၊ ဆင်းတယ်။ ထင်းခုတ်တယ်၊ ခွေတယ်။ အဲ့လိုနဲ့ ၀မ်းစာဖြည့်ဖို့ကြိုးစား‌လာရတာ ပြန်စဉ်းစားကြည့်ရင်ကွာ …”

အဖိုးကြီး၏ မျက်နှာထက်၍ လွမ်းဆွတ်တမ်းတဟန်ပေါ်လာပြီး တုံ့ခနဲရပ်သွားတော့သည်။ “ဟူး… အခြားသူတွေကို သတ်လိုက်၊ ထိုးလိုက် လုပ်စရာမလိုတဲ့ အဲ့ဒီနေ့တွေကို သတိရလိုက်တာ”

မျက်နှာတစ်ခုလုံးယောင်ကိုင်းနေသော ကြီးကြပ်သူတစ်ယောက် အဖိုးကြီးနားကနေ မြန်မြန် ဆုတ်ခွာသွားဖို့ ကြိုးစားလိုက်ပေမယ့် နောက်ကျသွားချေကာ ဝါးလုံးစာကြောင့် လေထဲ လွင့်ပျံတက်သွား၏။

ဘုတ်…။

ထိုလူပြုတ်ကျသည်မှ သက်ရောက်မှုကြောင့် ဖုန်များ လေထဲလွင့်ပျံသွားကြပေသည်။

လူတိုင်း၏ နှလုံးခုန်သံများ မြင်းဒုန်းဆိုင်းသွား၏။ ထို့နောက် ဖူးယောင်ကိုင်းနေတာ၊ သွားများကျိုးထွက်နေတာ မဟုတ်ရင် ခန္ဓာကိုယ် တစ်စိတ်တစ်ပိုင်း တစ်ခုခုတော့ ဖြစ်နေသည့် စည်းကမ်းကြီးကြပ်သူများ တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြ၏။

… ထိုအရာများအားလုံးက ထိုဝါးလုံးမှ ပေးလာခြင်းဖြစ်သည်။

အဖိုးကြီး ရပ်လိုက်၏။ တောင်ထွတ်သို့ရောက်သွားချေကာ သူ့ရှေ့၌ လူငါးယောက်ပေါ်လာကြသည်။

သူတို့က ရှောင်ချိစွေ၊ ကျောက်ကျန်းရှီ၊ ကျန်းပင်းယန်နှင့် စိတ်ဝိညာဉ်နန်းတော်တည်ထောင်သူ ဆံဖြူအဖိုးကြီးနှစ်ဦးဖြစ်သည်။

သူတို့ငါးဦးလုံးက ဧကရာဇ်နယ်ပယ်ကျင့်ကြံသူများဖြစ်ကြ၏။

“ဟားဟား။ သနားစရာပဲ။ တကယ်သနားစရာပဲ…”

အဖိုးကြီးက သူ့ရှေ့က ကြောက်မက်ဖွယ်ရာ အရှိန်အဝါနှင့် လူငါးဦးကိုကြည့်ပြီး ထင်မှတ်မထားစွာ ထရယ်လိုက်သည်။ ထို့နောက် သူ့ဝါးလုံးကို မြေပြင်ပေါ် အသာအယာ ထောက်လိုက်ရာ စိတ်ဝိညာဉ်နန်းတော်၏ အစီအရင် တုန်ခါသွားခဲ့၏။

“ဘာသနားစရာကောင်းတာလဲ”

ထိုအဖိုးကြီးပြသလိုက်သောခွန်အားက ပေါ့သေးသေးမဟုတ်ရာ အကြီးအကဲကျောက်၏ မျက်နှာထက်၌ လေးနက်သော အမူအရာပေါ်လာသည်။

သို့မှ ရှောင်ချိစွေက ဘာလို့ တပ်ကူခေါ်ရမှန်းသိရ၏။ သူတို့ငါးယောက်ပေါင်းတောင် ထိုအဖိုးကြီး၏ ပြိုင်ဘက်မဟုတ်လောက်ချေ။

“သူတို့ နှစ်ယောက်အတွက်…”

အဖိုးကြီးက တည်‌ထောင်သူ ဆံဖြူအကြီးအကဲနှစ်ဦးကို လက်ညိုးထိုးပြလိုက်ပြီး “ဒီကောင်လေးနှစ်ယောက်ကိုကြည့်ပါဦး။ အသက်က ဘယ်လောက်မှ မရှိသေးဘူး။ ဆံပင်တွေဖြူ‌စွတ်နေကြပြီ။ သနားစရာမကောင်းဘူးလား။ ဒီထက်သနားစရာကောင်းတာ ရှိပါ့ဦးမလား”

အဖိုးကြီး၏ စကားကြောင့် လူတိုင်း မှင်တက်သွားကြသည်။ ကောင်လေးတွေတဲ့လား။

သူတို့လို အသက်တစ်ရာကျော်နေထိုင်လာသည့် အဖိုးကြီးများကို ကောင်လေးတွေလို့ခေါ်လိုက်တယ်တဲ့။

ဒီအဖိုးကြီး တမင်လုပ်တာလား ဒါမှ မဟုတ် တကယ် ကောင်လေးတွေလို့ ခေါ်ရလောက်အောင် ကြီးတာလား။

တည်ထောင်သူအကြီးအကဲများ ဒေါသူပုန်ထသွားကြသည်။ ၎င်းက ပထမဦးဆုံးအကြိမ်အဖြစ် တစ်စုံတစ်ယောက်က သူတို့ကို ထိုသို့ဆက်ဆံရဲခြင်းဖြစ်ပါသည်။ သူ့အသက်အရွယ်မှာ ဆံပင်ကို အနက်ရောင်ဖြစ်အောင် ထိန်းသိမ်းထားနိုင်တာနဲ့ လုပ်ချင်တာလုပ်လို့ရမယ်ထင်နေတာလား။

“မတိုက်ကြနဲ့ဦး”

ရှောင်ချိစွေ တည်ထောင်သူအကြီးအကဲ နှစ်ဦး စိတ်လိုက်မာန်ပါမလုပ်နိုင်ခင်မှာ တားလိုက်သည်။ ထို့နောက် ကျန်းပင်းယန်ကို စောင်းကြည့်ကာ “ခန်းမသခင်ကျန်း ဒီအဖိုးကြီးကိုခင်ဗျားသိလား”

ကျန်းပင်းယန်လည်း အဖိုးကြီးကို လေ့လာနေတာ ကြာပါပြီ။ သို့ပေမယ့် ခုထိ ဘယ်သူဆိုတာ မပြောနိုင်သေးပါချေ။

မြင့်မြတ်နတ်ဘုရားနန်းတော်၏ ခန်းမသခင်တစ်ယောက်အနေနဲ့ သူ့တွင် သူမတူသော အချိတ်အဆက်နှင့် ကြွယ်၀သော ဗဟုသုတတို့ရှိပါသည်။ ကုန်းမြေပေါ်က ဧကရာဇ်နယ်ပယ်ကျင့်ကြံသူတိုင်းကို သိတယ်လို့ မဆိုနိုင်ပေမယ့် တစ်၀က်ကျော်ကျော်လောက်ကိုတော့ သိတာ ယုံကြည်ချက်ရှိသည်။

ဒါတောင် သူ့ရှေ့က အဖိုးကြီး ဘယ်သူဘယ်ဝါမှန်း မမှန်းဆနိုင်သေးပါချေ။

“ကျုပ်မသိဘူး။ အရင်ရာစုနှစ်က ဧကရာဇ်နယ်ပယ်ရောက်တဲ့လူတိုင်းကို သိပေမယ့် ဒီအဖိုးကြီးက…”

“ဟားဟား… အရင်ရာစုနှစ်ဟုတ်လား” အဖိုးကြီးက ကျန်းပင်းယန်ကို ရုတ်တရက် ထရယ်ပြီး ကြား၀င်ဖြတ်လိုက်သည်။ “ငါအပြင်ဘက်လောကကြီးနဲ့ အဆက်ဖြတ်တာ ရာစုနှစ် တစ်ခုမကတော့ဘူး။ အရင် နှစ်တစ်ရာကျော်လောက်ကတည်းက ဧကရာဇ်နယ်ပယ်ဖြစ်ပြီးနေတဲ့ ကျင့်ကြံသူတိုင်းကိုသိလို့လား”

သူ့ကျောပေါ် ဝါး‌လုံးကို ပြန်တင်ပြီး ကျန်းပင်းယန်ကို မျှော်လင့်တကြီးကြည့်လိုက်သည်။ ဒီကောင်လေး သူဘယ်သူဖြစ်မယ်မှန်းသိမလား စိတ်၀င်တစားရှိသွား၏။

အခြားသူများအားလုံးလည်း အလန့်တကြားထခုန်ကြသည်။

“နှစ်ပေါင်းတစ်ရာကျော်ကတည်းကဟုတ်လား”

အပိုင်း (၂၀၀) ငါနဲ့ စစ်တုရင်လာကစားစမ်း

သူတို့တစ်ဦးကိုတစ်ဦး တုန်လှုပ်နေသည့်မျက်နှာများဖြင့် ကြည့်လိုက်ကြသည်။

စိတ်ဝိညာဉ်ကျင့်ကြံသူများက စစ်မှန်တဲ့ နတ်ဘုရားများမဟုတ်ကြပါ။ မဟာလမ်းစဉ်မှာအလင်းပေါက်ပြီး ဧကရာဇ်နယ်ပယ်သို့ဆက်တက်သွားကြသူများက အသက်ရှည်စေတယ်ဆိုရုံလောက်လေးပင်။ အလွန်ဆုံး အသက် (၂၀၀) ကျော်လောက်ပေါ့။

ကျင့်ကြံမှုမှာ အဆင့်အမြင့်ဆုံးဖြစ်သည့် ဧကရာဇ်နယ်ပယ်ကျင့်ကြံသူများက ကိုယ်ပိုင် “လမ်းစဉ်နယ်ပယ်” နှင့်အထိုက်အလျောက် အသက်ရှည်ကြသည်။

သူတို့ ငါးယောက်စလုံးက လမ်းစဉ်နယ်ပယ်၌ ဖြစ်ကြသည်။ သူတို့ယှဉ်ပြိုင်ကြတာက ထိုလမ်းစဉ်ကို ဘယ်လောက်နားလည်သဘောပေါက်သလဲ၊ ဘယ်လောက် နက်နက်ရှိုင်းရှိုင်း ရောက်နေကြသလဲဖြစ်၏။

တည်ထောင်သူအကြီးအကဲနှစ်ဦးက သာမန် လမ်းစဉ်ကိုသာ ရွေးချယ်မိလိုက်ကြသည့်အတွက် ဆက်လက်တိုးတက်ဖို့ လမ်းစပျောက်သွားကြသည်။ ၎င်းက ကျင့်ကြံခြင်းမှာ သူတို့အမြင့်ဆုံးရောက်နိုင်သည့် အဆင့်ဖြစ်နိုင်ပေသည်။ ထို့ပြင် မကြာခင်လည်း သက်တမ်းကုန်ဆုံးကာ အနိစ္စရောက်ပေနိုင်လေ၏။

ထိုလမ်းစဉ်နယ်ပယ်၏ အလွန်ကတော့ တကယ် ဆန်းကြယ်သည်။

လမ်းစဉ်ကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်ထားကြသည့် ဧကရာဇ်နယ်ပယ်ကျင့်ကြံသူများက အဆင့် သေးတစ်ခုတက်နိုင်မည်ဖြစ်ကာ ထိုအဆင့်က လမ်းစဥ်ကို ဖြတ်ချသည့်နယ်ပယ်ဖြစ်သည်။ ထိုအခါ ကျင့်ကြံခြင်း အဆင့်မြင့်မြင့်မားမား တက်သွားနိုင်ရုံသာမက အသက်ကလည်း (၁၀) ဆလောက် ပိုတိုးသွားနိုင်ပေသည်။

အဖိုးကြီးက ဆံဖြူတည်ထောင်သူအကြီးအကဲနှစ်ယောက်ကိုတောင် ကောင်လေးလို့ခေါ်တယ်ဆိုတော့ သူက လမ်းစဉ်နယ်ပယ်ကို ဖြတ်ချနိုင်လိုက်သည့် ဧကရာဇ် ကျင့်ကြံသူတစ်ယောက်ပေလော။

ထိုဝါးလုံးနှင့် ခါးမှ ပုစိန်ငယ်တို့ကို ကျန်းပင်းယန်တစ်ချက်ကြည့်ပြီး တံတွေးကိုခက်ခက်ခဲခဲမျိုချလိုက်သည်။

“ဒီက စီနီယာရဲ့ မျိုးရိုးနာမည်က မဟုတ်မှလွဲရော စန် များဖြစ်နေမလား” ထို့နောက်ကောက်ချက်ချလိုက်ပြီးနောက်မှာ မေးသည်။

ချက်ခြင်းပဲ အဖိုးကြီးကို လေးလေးစားစား ပြောဆိုဆက်ဆံလိုက်၏။ ထိုလူက ရန်သူဖြစ်တယ်ဆိုပေမယ့် ကျန်းပင်းယန်၏ လေသံမှ သူဘယ်လောက် အံ့အားသင့်နေရကြောင်းသိသာသည်။

အဖိုးကြီး၏ မျက်၀န်းများ ၀င်းပသွားပြီး “ဟေ့ တယ်ဟုတ်ပါလား။ ငါ့ကို သိနေတဲ့သူရှိသေးတယ်ပေါ့”

အခြားဧကရာဇ်နယ်ပယ်လေးယောက်လည်း အံ့အားသင့်သွားကြပြီး ချက်ခြင်း ကျန်းပင်းယန်ကို နားမလည်နိုင်စွာကြည့်လိုက်သည်။

“သူဘယ်သူလဲ”

ကျန်းပင်းယန်အသက်ပြင်းပြင်းရှိုက်လိုက်ပြီးတာတောင် မြင်းဒုန်းဆိုင်းနေသည့် နှလုံးခုန်နှုန်းက နှေးကွေးမသွားပါချေ။

“စန်ကျောက်ဖု”

အဖိုးကြီးက ငြင်းဆိုခြင်းမရှိ အသိအမှတ်ပြုသလို ခေါင်းညိတ်လိုက်သည်။

အခြားလေးယောက်လည်း တုန်လှုပ်သွားကြပြီး တစ်ပြိုင်တည်း ကျန်းပင်းယန်လို ခံစားလိုက်ကြရသည်။

အကြီးအကဲကျောက် ထိုအဖိုးကြီး၏ ခါး၌ချိတ်ဆွဲထားသော ပုစိန်ကို ကြည့်ပြီး အရာအားလုံးကို နားလည်သွားခဲ့သည်။ “သူက ဒဏ္ဌာရီလာ သစ်ခွေသမား ကျောက်ဖု၊ စန်ကျောက်ဖုလား” သူမေးသည်။

ကျန်းပင်းယန်ခေါင်းညိတ်ပြလိုက်တာတောင် သူ့စိတ်ထဲမှာ ခံစားနေရသော အံ့အားသင့်မှူများကြောင့် ထပ်မအံ့ဩသွားရပါချေ။

ကမ္ဘာကြီးထဲမှာ စိတ်ဝိညာဉ်ကျင့်ကြံသူပေါင်းများစွာရှိပါသည်။ သို့ပေမယ့် ကံကြမ္မာကို ကျော်လွန်၍ ဒဏ္ဌာရီများဖြစ်လာကြသည့် လူက အနည်းငယ်သာရှိပါသည်။

သစ်ခွေသမား ကျောက်ဖုက ထိုသူများထဲက တစ်ဦးဖြစ်သည်။

ဒဏ္ဌာရီတွေအရတော့ သစ်ခွေသမားကျောက်ဖုဟာ သူ့ဘ၀ကို အိမ်နဲ့ သစ်တော၊ သစ်တောနှင့်အိမ် အကြိမ်ကြိမ်သွားလာ၍ ၀မ်းစာဖြည့် ဖြတ်သန်းခဲ့ရသည့် သာမန်လူဟူ၍ အဆိုရှိသည်။ သူ့နေ့စဉ်အလုပ်များက သစ်ခွေတယ်၊ ‌စည်ပိုင်းထဲ ရေပြည့်အောင်ခတ်တယ် ဒါပဲရှိသည်။ အသက်တစ်ရာကျော်လောက်ကို ထိုသို့ဘ၀ဖြင့်နေထိုင်ခဲ့၏။

ထို့နောက် သူ ဇီဝိန်ချုပ်တော့မည့်အချိန်မှာ အလင်းပေါက်သွားခဲ့ပြီး တစ်ညတည်းဖြင့် ဧကရာဇ် လမ်းစဉ်ကို ဖြတ်ချခြင်း နယ်ပယ်သို့ ရောက်သွားခဲ့ပေသည်။ ထိုနေ့မှစ၍ သူ့ဝါးလုံးနှင့် ပုစိန်‌ငယ်လေးတို့ဖြင့် ကမ္ဘာတစ်လွှာနာမည်ကျော်ကြားလာခဲ့ပြီး ဒဏ္ဌရီတွင်သွားခဲ့သည်။

စိတ်ဝိညာဉ်ကျင့်ကြံသူများကတော့ တစ်ဘ၀လုံးသူစုဆောင်းလာသည့် အတွေ့အကြုံများကြောင့် အလင်းပေါက်သွားတယ်လို့ ဆိုကြသည်။ ဒါကြောင့် တစ်ချက်တည်း ကျင့်ကြံခြင်းလမ်းစဉ်၏ အထွတ်အထိပ်ကိုရောက်သွားခဲ့ရ၏။

တကယ်စစ်မှန်တဲ့ ပါရမီရှင်ဆိုတာ အနည်းအကျဉ်းသာရှိပြီး ရှစ်ယောက်မြောက် ဓားနတ်ဘုရားကလည်း သူတို့ထဲမှ တစ်ဦးဖြစ်သည်။ ဒီအဖိုးကြီး၏ ကျင့်ကြံခြင်းလမ်းစဉ်ကတော့ အများနှင့်မတူ တမူထူးခြားသည်။

အဖိုးကြီးဘယ်သူဆိုတာ သိသောအခါ လူတိုင်း၏ မျက်လုံးများအတွင်း ကူကယ်ရာမဲ့နေသော အကြည့်များပေါ်လာကြသည်။

သူတို့ ဒီလူကို မတိုက်ခိုက်နိုင်ပါချေ။ သူက နှစ်ရာပေါင်းများစွာက ဒဏ္ဌရီ၀င်လူသားကြီးဖြစ်ပါသည်။

သူက လူတိုင်းကို အမဲလိုက်ခဲ့သည့် ဒိုင်နိုဆောကြီးဖြစ်၏။ သူတို့ အရေအတွက် နှစ်ဆရှိရင်တောင် ဒီဒိုင်နိုဆောကြီးကို အနိုင်ယူနိုင်လိမ့်မည်မဟုတ်ချေ။

“စီနီယာစန်။ ခင်ဗျား လောကနဲ့အဆက်ဖြတ် တော၀င်သွားတာမဟုတ်ဘူးလား။ ဘာလို့ ထျန်းစန်းနန်းတော်ရှေ့ ရောက်လာရတာလဲ” ကျန်းပင်းယန်မေးသည်။

‌စန်ကျောက်ဖု ဝါးလုံးကွဲရယ်ကာ “ငါ၀င်သွားတယ်လေ။ ဒါပေမယ့် လူငယ်တွေရဲ့ စကားလုံးလှလှလေးတွေအောက်မှာ ကျရှုံးသွားရတော့ ဒီကိုရောက်လာရတော့တာပေါ့”

“ခင်ဗျားပြောချင်တာက… အဲ့ဒီ မျက်နှာဖုံးတပ်လူလား”

“ဟုတ်တယ်”

ကျန်းပင်းယန် တိတ်ဆိတ်ငြိမ်သက်သွားသည်။ သို့မှ လူငယ်နှစ်ယောက်တည်းကို သူခေါ်လာသောအခါ ဘာလို့ ရဲ့ရှောင်ထျန်း စိတ်ဆိုးသွားရသလဲ နားလည်တော့သည်။

အကူအညီတောင်းသည့် စာရောက်လာခဲ့သောအခါ သူကိုယ်တိုင် ကိုယ်ထင်ပြကူညီတာက စိတ်ဝိညာဉ်နန်းတော်ကို ကယ်တင်ဖို့ လုံလောက်နေပြီထင်နေ၏။

စိတ်ဝိညာဉ်နန်းတော်က ဤသို့သော စွမ်းအားကြီးရန်သူနှင့် ရင်ဆိုင်နေရမည်ဟု ထင်မထားပါချေ။

သူ့စွမ်းရည်ကို အထင်ကြီး မာန်တက်မိတာ ယခုတော့ ဒုက္ခတွင်းထဲ လုံးလုံးကျပေပြီ။

ဒီလိုမှန်းသိရင် နောက်ထပ် ဆယ်ယောက်လောက်ခေါ်လာ‌လောက်မည်။ သို့တောင် အဖိုးကြီးကို တိုက်ခိုက်နိုင်မလားဆိုတာ မသေချာသေးချေ။

ကျန်းပင်းယန် အဖြေကိုသိနေတာတောင်မှ မေးလိုက်သေးသည်။ “စီနီယာက တကယ် သူတော်စင်အစေအပါးထဲကို ဝင်လိုက်တာလား”

“ကောင်လေး။ မင်းရဲ့ မေးခွန်းတွေက မေးနေလို့ အကျိုးထူး မနေဘူး။ နတ်ဘုရားနန်းတော်ကိုပြန်ပြီး ဒီသတင်းကိုသာ ဖွလိုက်။ မကြာခင် မင်းတို့ ရုံးချုပ်ကိုတောင် ငါလာရင် လာနေမှာ”

ထိုစကားလုံးများကို ဘာမှ မဟုတ်သလို ပုံမှန် အမူအရာဖြင့် ပြောနေသည့် စန်ကျောက်ဖုက ကြောက်မက်ဖွယ်ရာကောင်းလှသည်။

သူတို့ငါးဦးစလုံး၏ မျက်နှာများမဲမှောင်သွားသည်။ ဒါသတင်းဆိုးပဲ။

သူတော်စင်အစေအပါးအဖွဲ့အစည်းက ဒီလောက်တောင် တိုးချဲ့လာတာ ‌စန်ကျောက်ဖုလို အစွမ်းထက် လူကိုတောင် အနားယူခြင်းက‌နေ ထွက်လာနိုင်စေတယ်လား။

ဘုတ်…။

အဖိုးကြီးဘာမှ ပြောမနေတော့လဲ မြေပြင်ကို ဝါးလုံးဖြင့် ထောက်လိုက်ရာ စိတ်ဝိညာဉ်နန်းတော်၏ အစီအရင်ချင်ခြင်း အပြင်းအထန် တုန်ခါသွားခဲ့၏။

“တကယ်က ငါလူမသတ်တာကြာပြီ။ အဲ့တော့ သွေးမစွန်းချင်ဘူး။ ဒီအစား ကစားပွဲလေးတစ်ခုကစားကြမယ်ဆိုရင်ရော”

“ဘာကစားပွဲလဲ”

ကျန်းပင်းယန်တို့ငါးဦး အဖိုးကြီးကို တုန်လှုပ်ခြောက်ခြားစွာကြည့်လိုက်ကြသည်။ ကြက်သီးဖျင်းဖျင်းထသွားကြပြီး ခန္ဓာကိုယ်များတောင့်တင်းသွားကြတာ ခံစားလိုက်ရပေသည်။ တိုက်ခတ်နေသည့် လေညှင်းလေးကတောင် ဓားသွားများအလား သူတို့ကို တဆတ်ဆတ်တုန်ခါသွားစေခဲ့၏။

‌စန်ကျောက်ဖု သာတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်လျှင် သူတို့ထဲက တစ်၀က်လောက်ကို တစ်ချက်တည်းဖြင့် ကိစ္စတုံးလိုက်နိုင်ပေမည်။

သူတို့အမူအရာများကိုမြင်‌သောအခါ အဖိုးကြီး ပြုံး၍ ပုခုံးတွန့်လိုက်သည်။ “အဲ့လောက် မတင်းမာနေကြပါနဲ့။ ငါတိုက်ခိုက်ဖို့ဆန္ဒမရှိပါဘူး။ ဒါပေမယ့် မင်းတို့ ငါးယောက်နဲ့ဆက်ရောက်လာဦးမယ့် ဧကရာဇ်နယ်ပယ်ကျင့်ကြံသူတွေကိုတော့ တားဖို့ တာ၀န်ကိုထမ်းဆောင်ရဦးမယ်လေ။ ပြောရရင် မင်းတို့အားလုံး… ဒီမှာ ပိတ်မိနေပြီ”

သူတို့အားလုံးမှင်တက်သွားကြသည်။ အချိန်ဆွဲရန်ပဲလား။

အကြီးအကဲကျောက်နှင့် ရှောင်ချိစွေတို့ အကြည့်ခြင်းဖလှယ်လိုက်ကြသည်။ အခြေအနေမဟန်တော့ပေ။ အဖိုးကြီးက အချိန်ဆွဲဖို့သက်သက်ဆို ဘယ်သူက အဓိက တိုက်ခိုက်သူလဲ။

အဖြေက နေ့အလား ထင်ရှားနေပေသည်။ မျက်နှာဖုံးတပ်နှင့်လူ။

“လာ လာ။ လာထိုင်ကြ”

စန်ကျောက်ဖု မဟော်ဂနီဖြင့်ပြုလုပ်ထားသော စစ်တုရင်ခုံနှင့် စစ်တုရင်ရုပ်တွေထည့်ထားသည့် သတ္တာသေးသေးလေးနှစ်လုံးကိုထုတ်ယူလိုက်ပြီး စတင်၍ စစ်တုရင်အရုပ်တွေ စီလိုက်သည်။

“ဒါတွေကို ငါငယ်ငယ်လေးကတည်းက လုပ်ထားတာ။ မင်းတို့ စစ်တုရင်တစ်ပွဲကစားတာနဲ့တောင် အလင်းပေါက်နိုင်တယ်။ ဒီ့ထက်ကောင်းတာရှိဦးမလား။ လာ လာ အေးအေးဆေးဆေး ဆွေးနွေးစကားပြောရင်း စစ်တုရင်ကစားရအောင်”

ထို့နောက် သူ့ဝါးလုံးကို ကိုင်ပြီး အတွေးနက်သလိုလို ရှိသွားသည်။ “ဟင်… တစ်ခုခုလိုနေသလိုပဲ”

ခဏကြာ‌ သတိရသွားဟန်ဖြင့် သူ့မျက်လုံးများ၀င်းပသွားကာ “မင်းတို့မှာ မြေပဲဆားလှော် ရှိလား”

လူတိုင်း တိတ်ဆိတ်သွားကြသည်။

သူတကယ် စစ်တုရင်ကစားရင်း မြေပဲဆားလှော် စားချင်နေတာလား။ စိတ်ဝိညာဉ်နန်းတော်က အခက်အခဲကြားမှာရောက်နေတာနော်။ ဘယ်သူက ဒီအဖိုးကြီးလို အေးအေးဆေးဆေး ဇိမ်ခံ စစ်တုရင်ကစားနိုင်မှာတဲ့လဲ။

သွေးဆူလွယ်သည့် အကြီးအကဲနှစ်ဦး သည်းမခံနိုင်တော့ချေ။ သူတို့ အစော်ကားခံမည့်အစား အသေသာခံလိုက်မည်။ ယခုလို ‌တည့်တိုးကြီး စော်ကားနေတော့ ဘယ်သူက သည်းခံနိုင်မှာလဲ။

တည်ထောင်သူ အကြီးအကဲနှစ်ဦး တစ်ယောက်နှင့် တစ်ယောက်ကြည်ပြီး စိတ်ဝိညာဉ်အနှစ်များထုတ်လွှတ်လိုက်ကြသည်။ ချက်ခြင်းလက်ငင်း စန်ကျောက်ဖုတစ်ဖက် တစ်ချက်စီသို့ ရောက်သွားကြ၏။

မျက်နှာဖုံးတပ်နှင့်လူတိုက်ပွဲမှ သူတို့တစ်စုံတစ်ခုကိုသိလိုက်ရသည်။ သူတို့ ခွန်အားက အကန့်အသတ်နှင့်သာရှိပေသည်။ ဒါကြောင့် မီးထဲ၀င်တိုးသည့် ပိုးဖလံများဖြစ်နေကြရင်လဲ ဂရုမစိုက်ကြပါတော့ချေ။ စိတ်ဝိညာဉ်နန်းတော်၏ အနာဂါတ်အတွက် သူတို့ ဘာမဆို အကုန်လုပ်ကြပေမည်။

စန်ကျောက်ဖုကို ဒဏ်ရာရအောင်လုပ်လိုက်နိုင်တယ်ဆိုရင်ပဲ ဧကရာဇ်နယ်ပယ် ဓားသမားတစ်ယောက်ဖြစ်သည့် ရှောင်ချိစွေက ပိုမိုအဆင့်မြင့်သည့် ကျင့်ကြံသူကိုတိုက်ခိုက်နိုင်ရာ အဖိုးကြီး သတ်ဖို့ အခွင့်အရေး ရကောင်းရနိုင်သည်။

ဘုတ်။ ဘုတ်။

စန်ကျောက်ဖု သူ့ဝါးလုံးကို လွှဲရမ်းလိုက်ပြီး တည်ထောင်သူအကြီးအကဲတစ်ယောက်ကို ရိုက်ထုတ်ပစ်လိုက်ကာ အခြားတစ်ယောက်ကို မြေပြင်ပေါ် ရိုက်ချပြီး သက်ပြင်းချလိုက်သည်။

“သွေးဆူလွယ်တဲ့ ကောင်လေးတွေပဲ…”

ထိုမြင်ကွင်းက စည်းကမ်းကြီးကြပ်သူများ၏ မျက်ခုံးများကို အပြင်းအထန် လှုပ်သွားစေလိုက်၏။

တည်ထောင်သူအကြီးအကဲများကို တစ်ချက်တည်း အနိုင်ယူလိုက်သည်လား။

သူတို့ဘာကိုတိုက်ခိုက်နေကြရတာလဲ။ လူမှ ဟုတ်ရဲ့လား။

တည်ထောင်သူအကြီးအကဲများက လမ်းစဉ်နယ်ပယ်မှာဖြစ်၍ စန်ကျောက်ဖုက လမ်းစဉ် ဖြတ်ချခြင်း နယ်ပယ်မှာ ရှိပြီး တစ်ဆင့်သာကွားသည်ဆိုစေငြား သူတို့က ဧကရာဇ်နယ်ပယ်ကျင့်ကြံသူများသာ ဖြစ်ကြသေးချေသည်။ အနည်းဆုံးတော့ စိတ်ဝိညာဉ်အနှစ်များကို ပြီးပြည့်စုံအောင်ထုတ်လွှတ်လိုက်သင့်သည်မဟုတ်ပါလား။

ဘာလို့ ဝါးလုံးနဲ့ရိုက်တာ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားကြရတာလဲ။

ဘုတ်…။

ကျောက်စန်းဖု ဝါးလုံးကို နောက်တစ်ကြိမ် ထပ်ထောက်လိုက်ရာ စိတ်ဝိညာဉ်နန်းတော်၏ အစီအရင်က အပြင်းအထန်တုန်ခါလာခဲ့ပေသည်။

သူ့ထောက်ချက်များက တစ်ချက်ထက်တစ်ချက် ပို၍ ပြင်းထန်လာပြီး နောက်တစ်ချက်ဆို အစီအရင်တောင် ပျက်ဆီးသွားတော့မကဲ့ရှိနေသည်။

ဤသို့သော အစီအရင်ကို ပြန်ပြင်ဖို့ လွယ်သည်မဟုတ်ရာ အကြီးအကဲကျောက်၏ မျက်နှာ မဲမှောင်သွားသည်။

“စီနီယာ စိတ်ဝိညာဉ်နန်းတော်ကို မတိုက်ခိုက်ဘူးလို့ ကတိပေးထားတယ်မဟုတ်ဘူးလား။ အစီအရင်က …”

စန်ကျောက်ဖု ပုခုံးတွန့်ကာ အသာအယာပြောလိုက်သည်။ “သတိပေးရုံလေးပါ။ အေးဆေးပေါ့ မင်းရဲ့ အစီအရင်ကို မဖျက်ဆီးပါဘူး။ ဒါပေမယ့် အခြားတစ်ဘက်ကလူကို ငါတို့တိုက်ပွဲ ပိုပြင်းထန်လာသလို ခံစားရအောင်လုပ်ရမယ်လေ။ မဟုတ်ရင် ဘယ်သူက မင်းတို့ကိုလာကယ်လိမ့်မတုန်း”

ဘာကြီး။ လူတိုင်း အံ့အားသင့်သွားကြသည်။

ဒါကြောင့် အစီအရင်ကို မကြာခဏ တိုက်ခိုက်နေခဲ့သည်လား။

အကြီးအကဲကျောက် စိတ်ထဲမှ ကောက်ကျစ်တဲ့အဖိုးကြီးဟု ကျိန်ဆဲလိုက်ကာ ဘယ်တပ်ကူမှ ရောက်မလာပါစေနဲ့လို့ ဆုတောင်းလိုက်သည်။ မဟုတ်ပါက ဤအဖိုးကြီးနှင့် သူတို့အားလုံး ပိတ်မိနေကြပေမည်။

ရွှစ်…။

ထိုအခိုက်မှာပဲ ပုံရိပ်သေးသေးလေးတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်သေးသေးလေးက ထွက်လာသည့် စွမ်းအားကြောင့် လေထဲတွင် ဆံနွယ်များလူးလွင့်နေတော့၏။

“ဘယ်သူက ငါတို့မြေကို ကျူးကျော်ရဲတာလဲ”

အရှင်ခင်နယ်ပယ် ဓားသမားလေးတစ်ယောက်ကိုတောင် မတားဆီးနိုင်တာကြောင့် ရဲ့ရှောင်ထျန်း လွန်လွန်ကျူးကျုး မကျေမနပ်ဖြစ်နေသည်။ တံခါး၌ပေါ်လာသည့် ကျူးကျော်သူက မျက်နှာဖုံးတပ်နှင့်လူမဟုတ်သ၍ သင်ခန်းစာကောင်းကောင်းကြီးပေးပစ်လိုက်မည်ဟု ကျိန်ဆိုထားသည်။

ဘယ်သူကမှ သူပေါ်လာလို့ ပျော်ရွှင်မသွားကြပါချေ။ ထိုအစား မျက်လုံးများသာ အရောင်ပို၍ မှိန်းသွားကြပြီး ၀မ်းနည်းမှုများပေါ်ပေါက်လာခဲ့သည်။

ရဲ့ရှောင်ထျန်း ကြက်သေသေသွားသည်။ သူ့လူတွေ စိတ်လုံးလုံး ပျက်လျော့ရအောင် အရိုက်ခံထားကြရတာလား။

သူနေရာတစ်ဝိုက်ကို ပြန်စီစစ်ကြည့်ရာတွင်လည်း တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ထားသည့် အရိပ်အယောင်များ မတွေ့ပါလေ။

“ဘာဖြစ်နေကြတာလဲ”

“ဟိုး ဟိုး နောက်ထက် ဧကရာဇ်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ပါလား” စန်ကျောက်ဖု ပီတိဖြာသွားသည်။ သူ့ဝါးလုံးကို မြေပြင်ပေါ်ထပ်ထောက်လိုက်ပြီး စစ်တုရင်ခုံကိုကိုင်ကာ ထိုင်ချပစ်လိုက်၏။

“လာ ငါနဲ့ စစ်တုရင် လာကစားလှည့်‌ချည်”

အပိုင်း (၂၀၁) တစ်စိတ်လောက် အတွင်းစည်းဘယ်မှာလဲမသိဘူး

အတွင်းစည်း တောင်တန်း အနောက်ဘက် တစ်နေရာ…။

စုရှင်းရှင်းနှင့် ယောင်ယင်ယင်တို့ အနီ၊ အပန်း ရောင်စုံခြယ်လှယ်ထားသော အခန်းအတွင်းရှိ ပျော့စိစိ ကုတင်ကြီးပေါ်၌ ထိုင်နေကြသည်။

“အ‌မယောင်။ ဘာလို့ ခေါင်းဆောင်က အတွင်းစည်းဂိုဏ်းသားတွေကို သွားပုန်းခိုင်းတာလဲသိလား”

“အင်း စိတ်ဝိညာဉ်နန်းတော်အစီအရင်က ထူးဆန်းမှုတွေနဲ့ဆို ငါတို့ အတိုက်ခိုက်ခံနေရတာဖြစ်မယ်”

စုရှင်းရှင်း သူမ၏ ဧရာမ ဓားကြီးကိုကိုင်ပြီး မျက်နှာကျက်ကို ငူငူကြီးစိုက်ကြည့် နေသည်။

သူမ၏ စိတ်ဝိညာဉ်အာရုံဖြင့် အပြင်ဘက်က အရာများကို ကြည့်နေခြင်းဖြစ်ပါသည်။ အစီအရင်က မကြာခဏဆိုသလို တုန်ခါလာတာကို တွေ့ရသဖြင့် စွမ်းအားကြီးအရာတစ်ခုက ၎င်းကို တိုက်ခိုက်နေတာထင်ရှားသည်။ မသိလျှင် အဖွဲ့အစည်းတစ်ခုက လုပ်နေသလိုလို…။

ထိုအစီအရင်က ထျန်းစန်းနန်းတော်ကို ကာကွယ်လာတာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။ ယခုလို တစ်ခါမှ စိတ်ဝိညာဉ်စွမ်းအင်တုန်ခါမှုမျိုးကို မပြသဖူးပါချေ။ အရင်တစ်ခေါက်တုန်းက မျက်နှာဖုံးတပ်နှင့်လူ လုပ်တုန်းကသာ တစ်ခါရှိဖူးမည်။

“ကြည့်ရတာ တစ်ယောက်ယောက်က တိုက်ခိုက်ဖို့လုပ်တော့ တံခါးရှေ့မှာ တိုက်ပွဲဖြစ်နေတာနေမယ်။ မစိုးရိမ်ပါနဲ့ သူတော်စင်အစေအပါးတောင် အရင်တစ်ခေါက်တုန်းက အတွင်းစည်းကို၀င်မလာနိုင်တာ ဘာမှ မဖြစ်ပါဘူး”

စုရှင်းရှင်း၏ ခေါင်းလေးကို ယောင်ယင်ယင် ညှင်သာစွာ ပွတ်လိုက်သည်။

ထို့နောက် စုရှင်းရှင်း၏ ဧရာမ ဓားကြီးအပေါ် အကြည့်ရောက်သွားပြီး စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။

နာမည်ကြီးဓား…

နာမည်ကြီးဓားဆိုတော့ရော ဘာဖြစ်လဲ။ ၎င်းက ကိုင်ဆောင်သူကို ကံဆိုးခြင်းတွေဆောင်ကျဉ်း‌လာစေရုံမှတစ်ပါး ထူးဆန်းတာမရှိချေ။ သူမသာဆိုရင် ထိုဓားကို တစ်နေရာရာမှာ သွားပစ်လောက်ပြီးနေပြီ။ လောဘသားတွေ အချင်းချင်း အမဲဖြတ်သတ်ဖြတ်ချင် သတ်ဖြတ်ကြပ‌စေပေါ့။

သူမရှေ့က ကလေးမလေး နှစ်နှစ်ခြိုက်ခြိုက်တောင် တစ်ညမှ အိပ်ခဲ့ရလား မသိရပါချေ။

စုရှင်းရှင်း၏ ဆံနွယ်များကို ပွတ်သပ်နေရင်း ယောင်ယင်ယင် သူမအစား ရင်ထဲက စူးအောင့်အောင့်ခံစားလိုက်ရသည်။ စုရှင်းရှင်းက ထိုပွတ်သပ်မှုအောက်မှာ ‌စိတ်ချမ်းသာနေပုံပေါက်ပေသည်။ အိပ်ယာပေါ်တွင်လှဲလိုက်ပြီး ဓားကြီးကိုတစ်ဘက်၌ချလိုက်၏။

“နင်သာ ဒီဓားကြီးရဲ့ သခင် ဖြစ်မလာရင် မကောင်းဘူးလား…”

ထိုကလေးမလေး အခုမှ စိတ်သက်သာရာရနိုင်တာကိုမြင်ပြီး ယောင်ယင်ယင် ရေရွတ်လိုက်သည်။

နာမည်ကြီးဓားကို‌ကိုင်ဆောင်ဖို့ဆိုတာ စုရှင်းရှင်းလို ကလေးမလေး ထမ်းဆောင်နိုင်သည့် တာ၀န်၀တ္တရားမဟုတ်ပါချေ။ ဒီလို စွမ်းအားမျိုးကိုကိုင်ဆောင်တယ်ဆိုတာ အနောက်က ပေးဆပ်မှုကတော့ အမြဲပါသည်။

ထိုဓားကြီးကို ‌ကိုင်ဆောင်လိုက်စဉ်ကတည်းက စုရှင်းရှင်းက ကလေးဘ၀ ပျော်ရွှင်မှုတို့ကို ဆုံးရှုံးလိုက်ရ၏။

“မဟုတ်ဘူး”

စုရှင်းရှင်းက ခေါင်းကလေးအသာရမ်းကာ အလေးအနက်ပြောလိုက်သည်။ “ဒီဓားကြီးကိုကိုင်ဆောင်တဲ့ တာ၀န်ကို ကျေပွန်အောင်ထမ်းဆောင်ရမယ်။ တစ်နေ့ စုမျိုးနွယ်စုကို တဖန် အမြင့်ကို ပြန်ရောက်လာအောင်လုပ်မယ်။ အဲ့နေ့ရောက်လာခဲ့ရင်… သူ… သူလည်း ပျော်နေမှာပါ”

စုရှင်းရှင်း၏ ပါးနှစ်ဖက်ကို ယောင်ယင်ယင် လက်နှစ်ဖက်ဖြင့် ညှစ်လိုက်သည်။ ကလေးမလေး၏ တမ်းတဆွေးမြေ့မှုတို့ကို သူမ ခံစားရပါ၏။

ဒီဓားအတွက် တိုက်ပွဲမှာ သူမ၏ အဖေက သေဆုံးခဲ့ရလေသည်။ တကယ် တန်လို့လား။

“ဟုတ်ပါပြီ အနာဂါတ်‌ဆိုတာကို စိတ်ပူမနေပါနဲ့။ ဒီညသာ ကောင်းကောင်းအိပ်။ဟုတ်ပြီလား။ မနက်ဖြန်မနက်နိုးထလာရင် နင့်ဆရာက အရာအားလုံးကို ဖြေရှင်းပြီးသား ဖြစ်နေမှာပါ”

ထိုစိတ်မချမ်းမြေ့ဖွယ်ရာ အကြောင်းအရာကို ပြောနေတာ ရပ်တန့်လိုက်ဖို့ ပြုံးကာ ယောင်ယင်ယင်က ဆိုသည်။

ထို့နောက် ‌ကလေးမလေး၏ ၀မ်းဗိုက်စီကို လက်ရောက်သွားပြီး ကလိထိုးလိုက်သည်။ စုရှင်းရှင်း တစ်ခစ်ခစ်ထရယ်ပြီး ယောင်ယင်ယင်ကို ရပ်တန့်ဖို့ တောင်းပန်တော့၏။

ထိုသို့ တစ်ယောက်နှင့်တစ်ယောက်စနောက်နေကြရင်း တောင်အနောက်ဘက်ကနေ ကြောက်မက်ဖွယ်ရာ အသံကြီး‌ ပေါ်လာတာကြောင့် နှစ်ယောက်သား အလန့်တကြားဖြစ်သွားကြ၏။

ဘုန်းးး..။

တောင်တန်းအနောက်ဘက်ကို ဘယ်အပြင်လူမှ ခွင့်ပြုချက်မရှိဘဲ ၀င်ခွင့်မရှိပါချေ။ စုရှောင်ရှန်ကတော့ ချွင်းချက် အရင်တစ်ခေါက်တုန်းက ကျူးကျော်လာခဲ့၏။ သူပြန်လာတာလား။

“အကိုလူဆိုးလေးလား။ လာလေ” စုရှင်းရှင်း ရွှင်မြူးစွာ ခေါ်လိုက်သည်။

ယောင်ယင်ယင် မျက်မှောင်ကြုတ်လိုက်သည်။ ဘယ်လောက်အရေးကြီးနေပါစေ စုရှောင်ရှန်လာမယ်ဆိုရင်တောင် အရှေ့ဘက် တံခါးကနေ လာမှာဖြစ်သည်။ ခုက ဘာလို့ တောင်အနောက်ဘက်ကလာတာလဲ။

တောင်တန်းအနောက်ဘက်က ရေပူစမ်းက အနက်ရှိုင်းဆုံး အဝေးဆုံးနေရာဖြစ်သည်။ ဘယ်က ဘယ်လို အဲ့‌နေရာကို ရောက်နေရတာလဲ။

“ဘယ်သူလဲ”

အ‌ခြေအနေက တင်းမာမှုတို့ဖြင့် လေးလံသွားခဲ့သည်။ ထိုအချိန်မှာ ကိုယ့်နှလုံးခုန်သံတောင် ပြန်ကြားရလောက်နိုင်၏။

စုရှင်းရှင်း ရင်တထိတ်ထိတ်ဖြစ်သွားရသည်။ လုပ်ကြံသူလား။

သူမ၏ နှင်းမြို့တော်၏ အလွမ်းကို ချက်ခြင်း ကိုင်ဆုပ်လိုက်သည်။ ထိုဓားက သူမကို ခွန်အားပေးသလိုဖြင့် မျက်၀န်းများအတွင်း အေးစက်စက်အလင်းတို့ ဖြတ်သန်းသွားပြီး စိတ်ပြန်ငြိမ်ကျသွားခဲ့၏။

ဒေါက် ဒေါက် ဒေါက်…။

တံခါးခေါက်လေးကို ကြားလိုက်ရသည်။ အချိန်အတန်ကြာ တုန့်ပြန်မှုမရှိ‌တာကြောင့် တံခါးလေးက ကျွီကတည်း အလိုလို ပွင့်လာခဲ့၏။

“တောင်းပန်ပါတယ်။ ငါ လမ်းပျောက်ပြန်ပြီထင်တယ်။ စိတ်မရှိရင် အတွင်းစည်း ဘယ်ကလဲဆိုတာ တစ်စိတ်လောက် ပြောပြလို့ရမလား”

ထိုလူက ရေမသောက်ရတာ ဆယ်စုနှစ်တစ်ခုလောက်ကြာသကဲ့သို့ အက်ကွဲကွဲလေသံဖြင့်ပြောသည်။ ၎င်းက ကြမ်းပြင်ကို ဓားနဲ့ခြစ်နေသလို ဘာလိုလို အသံဖြင့် ကြက်သီးတဖျင်းဖျင်းထောင်ထသွားစေနိုင်၏။

ထိုသူစိမ်းက အနက်ရောင်တစ်ကိုယ်လုံး၀တ်ဆင်ထားပြီး မျက်နှာတွင်လည်း မျက်နှာဖုံးတစ်ခုတပ်ထားကာ လက်အိတ်များစွပ်ထားသည်။ မသိလျှင် လေတစ်ချက်တိုက်ခတ်သွားတာနဲ့ ပြာကျသွားတော့မှာ ကြောက်သလိုလိုနှင့်…။

သူ့တစ်ကိုယ်လုံးမှာ ထုတ်ဖော်ပြသထားတာဆိုလို့ သူ၏ နက်နက်ရှိုင်းရှိုင်း နက်မှောင်နေသော မျက်လုံးများသာရှိသည်။ သူတို့က လူသေမျက်လုံးများသကဲ့သို့ မျက်အိမ်ကဖြူရမယ့်အစား ဝါညစ်ညစ်ဖြစ်နေ၏။

“မျက်နှာဖုံးတပ်လူ…”

ထိုလူ့ကို မှတ်မိကြသော မိန်းမငယ်လေးနှစ်ယောက်၏ နှလုံးခုန်နှုန်းများ မြင်းဒုန်းဆိုင်းသွားရသည်။

သူတော်စင် အစေအပါးတွေက စိတ်ဝိညာဉ်နန်းတော်ကို ထပ်ဖောက်ထွင်းဖို့လုပ်နေပြန်ပြီလား။

အပြင်ဘက်မှာ တိုက်ပွဲအကြီးအကျယ်ဖြစ်နေချိန်ဤ မျက်နှာဖုံးတပ်လူက စုရှင်းရှင်းကို ဖမ်းဖို့ ရောက်လာလေပြီ။

ယောင်ယင်ယင်ချက်ခြင်းသူမ၏ ဓားကို ကိုင်ကာ စုရှင်းရှင်းရှေ့၌ ကာရပ်လိုက်သည်။ ထို့နောက် တုန်တုန်ရင်ရင်ဖြစ်နေသောအသံဖြင့် မေးလိုက်၏။ “ရှင်ဘယ်သူလဲ။ ဘာလို့ ကျွန်မတို့အခန်းထဲ ၀င်လာတာလဲ”

မျက်နှာဖုံးတပ်လူက သူတို့ကို အရေးမထားတော့ဘဲ ထိုအဖြူရောင်ဧရာမ ဓားကြီးကိုသာ စူးစူးရှရှ ကြည့်လိုက်ပေသည်။ သူ့မျက်၀န်းများအတွင်း ပျော်ရွှင်မှု၊ အံ့အားသင့်မှုတို့က အထင်းသား။

“ဘေးဖယ်”

ယောင်ယင်ယင်က စုရှင်းရှင်းရှေ့မှာ ခေါင်းမာစွာ ရပ်နေသေးသည်။ သူမ၏ လက်ကိုဝေ့ရမ်းလိုက်သောအခါ အခန်းအတွင်း၌ အပန်းရောင် မြူခိုးများ ပေါ်လာတော့၏။

“ပုံရိပ်ယောင်ပါလား”

မျက်နှာဖုံးတပ်လူ၏ မျက်၀န်းများအတွင်း ထူးဆန်းသော အကြည့်တစ်ခု ဖြတ်သွားပေသည်။ သူက ယောင်ယင်ယင်ကို နောက်ဆုံးတော့ စိုက်ကြည့်လိုက်ကာ “ငါ့ကိုဒီလောက် ပုံရိပ်ယောင်လေးနဲ့ တားလို့ရမယ်ထင်နေတာလား။ နောက်တစ်ခါထပ်မပြောချင်ဘူး ဘေးဖယ်”

ယောင်ယင်ယင် ဘာမှ ပြန်မပြော‌ပေ။ သူမ၏ မျက်၀န်းများက အေးစက်နေကာ လက်ကွက်များကို ‌အလျင်အမြန် ပြုလုပ်လိုက်သည်။

သူမ၏ တိုက်ခိုက်မှုကိုမပြုလုပ်ရသေးခင်မှာပင် စုရှင်းရှင်း၏ လက်ထဲက ဧရာမဓားကြီးက အပြင်းအထန်တုန်ခါလာခဲ့၏။ ပြီးနောက် အေးစက်စက်စွမ်းအင်များကိုထုတ်လွှတ်ကာ ယောင်ယင်ယင်ကို သွားရိုက်လေသည်။ ထိုမှ သွေးတစ်လုတ်အန်ထုတ်လိုက်ရပြီး သက်ရောက်မှုအားကြောင့် မျက်နှာဖုံးတပ်လူ‌ဘက်သို့ လွင့်ပျံသွား၏။

မျက်တောင် တစ်ချက်မခတ်ဘဲ မျက်နှာဖုံးတပ်လူက သူမကို ဖြတ်ရိုက်လိုက်ရာ ဘေးတစ်ဘက်နံရံဘက်သို့ လွင့်ထွက်သွားပေသည်။

ဘုန်းး…။

နံရံက နှစ်ခြမ်းပြိုကျသွား၏။

စုရှင်းရှင်း သူမ၏ လက်ထဲက ဓားကို မယုံကြည်နိုင်မှုတို့ဖြင့် ကြည့်လိုက်၏။ ထိုဓားက သူမ၏ မိသားစု၀င်လိုဖြစ်နေတာကို ဘာလို့ ရုတ်တရက်ကြီး ထိန်းချုပ်မှု လွတ်ကင်းသွားရသလဲ မသိပါချေ။

“ညီမ ညီမ မလုပ်ဘူး…”

“ပြေး”

သူမတွင်ကျန်ရှိသော ခွန်အားလက်ကျန်လေးဖြင့် ယောင်ယင်ယင် အော်လိုက်သည်။ စုရှင်းရှင်း သူမကို တိုက်ခိုက်လိမ့်မည်မဟုတ်တာကိုသိပါသည်။

၎င်းက မျက်နှာဖုံးတပ်လူ၏ ပရောဂ ဖြစ်၏။ သူက အစွမ်းထက်လွန်းလေရာ သူတို့အကြား ကမ္ဘာခြားနေပေသည်။ ဘယ်လောက် နှင်းမြို့တော်၏အလွမ်းက စုရှင်းရှင်းနှင့် ရင်းနှီးပေသည် ဆိုစေငြား မျက်နှာဖုံးတပ်လူက အကြည့်တစ်ချက်တည်းဖြင့် ထိန်းချုပ်နိုင်လေသည်။

“ဒီဓားက နှင်းမြို့တော်ရဲ့ အလွမ်းမလား”

မျက်နှာဖုံးတပ်လူ၏ မျက်၀န်း ပို၍ နက်မှောင်လာခဲ့ပြီး စုရှင်းရှင်းလက်ထဲက ဓားကို အမြတ်တနိုးတန်ဖိုးထားသလို ကြည့်လိုက်၏။

“ငါ့ကို… တစ်ချက် ပေးကြည့်” ရှေ့တက်ပြီး ဓားကို လက်ဆန့်ထုတ်တောင်းလိုက်သည်။

ထိုလက်အိတ်၀တ် လက်ကိုကြည့်ပြီး စုရှင်းရှင်း နှလုံးသားအနက်ရှိုင်းဆုံးထဲမှ ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။

မျက်နှာဖုံးတပ်လူ၏ လက်က သာမန်လူ၏ လက်နှင့်တူမနေဘဲ သိသိသာသာကြီး လက်ချောင်းများမရှိသလို ပြားနေခဲ့၏။

“မပေးဘူး”

စုရှင်းရှင်း ခြေတစ်လှမ်းနောက်ဆုတ်ကာ သူမ၏ ဓားကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ပြီး ရှေ့က မျက်နှာဖုံးတပ်လူကို ကြည့်လိုက်သည်။ စိတ်ဝိညာဉ်နန်းတော်ကို လာတိုက်ခိုက်သည့်သူများအကြားမှာ သူက အဆိုးဆုံးရန်သူဖြစ်လောက်၏။

သူမလည်း မပြေးနိုင်ပေ။ မဟုတ်ရင် ယောင်ယင်ယင် ဘာဖြစ်သွားလိမ့်ပေမည်နည်း။

“မစိုးရိမ်ပါနဲ့။ ငါ ထိခိုက်စေဖို့မရည်ရွယ်ပါဘူး။ ဒီတိုင်းကြည့်ချင်ရုံပါ…”

စုရှင်းရှင်း အချက်ပေးခေါင်းလောင်းသံများကို နားမခံနိုင်တော့တဲ့အလား ဧရာမ ဓားကြီးကို အပေါ်မြှောက်လိုက်ရာ ၀န်းကျင်တစ်ဝိုက်ရှိ လေဟာနယ်အတွင်း အပူချိန်ကျဆင်းသွားလေသည်။

မျက်နှာဖုံးတပ်နှင့်လူ ဤအရာကြောင့် မျက်လုံးများ လိုချင်တပ်မက်မှုတို့ဖြင့် ပို၍ ၀င်းပသွားပေသည်။

“နာမည်ကြီးဓားဆိုတဲ့ အတိုင်းပါပဲ။ ငါ…”

“အနားကပ်မလာနဲ့” စု‌ရှင်းရှင်းအော်လိုက်သည်။ သူမခံစားနေရသော ကြောက်ရွံ့မှုနှင့် ဒေါသတို့ ထကြွပေါက်ကွဲကုန်ပြီး ဓားကိုကြီး ‌အောက်စိုက် ရိုက်ချလိုက်သည်။

“ဂူသင်္ချိုင်း”

ကောင်းကင်ကနေ အနက်ရောင် အုတ်ဂူကြီးတစ်ခု၏ ပုံရိပ်ကျလာခဲ့သည်။ ၎င်းက စုရှင်းရှင်း၏ ဧရာမ ဓားကြီးနှင့် ပေါင်းစပ်သွားပြီး လေထုကိုတောင် ရှံ့တွသွားစေလိုက်၏။

သို့သော် ထိုဧရာမဓားကြီးက မျက်နှာဖုံးတပ်လူနှင့် ဆယ်ပေအကွာရောက်တော့ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

ကြောက်မက်ဖွယ်ရာအတိဖြစ်သော စွမ်းအင်တစ်ခုက စုရှင်းရှင်းကို ပြန်ရိုက်ခတ်လိုက်၏။ ချက်ခြင်းပဲ မျက်နှာကျက်ကို ဖောက်ထွက်ပြီး အပြင်ဘက်ရှိ ပန်းခင်းကြီးထဲကို ကျသွားလေသည်။

ဓားကိုကိုင်ထားသောလက်များအက်ကွဲလာခဲ့ပြီး သွေးများစီးကျလာပါသည်။ သို့ပေမယ့် ဓားကို မြဲမြံစွာကိုင်ထားစဲဖြစ်၏။

မျက်နှာဖုံးတပ်လူက ပေါက်ထွက်‌သွားသော မျက်နှာကျက်မှ ကောင်းကင်ကြီးကို ခါးသက်သက်ကြည့်လိုက်သည်။ အချိန်တစ်ခုကြာမှ ပန်းခင်းထဲက စုရှင်းရှင်းကို တစ်ချက်ကြည့်ပြီး ခေါင်းခါရမ်းလိုက်၏။

“ကိုယ့်ကိုယ်ကိုယ် အရူးလုပ်မနေနဲ့။ နင်ပဲ နာကျင်ရလိမ့်မယ်…။ ဒီကမ္ဘာကြီးထဲမှာ ဘယ်ဓားမှ ငါ့ကို မတိုက်ခိုက်ရဲဘူး။ နာမည်ကြီးဓားတောင်မလုပ်ရဲဘူး”

အပိုင်း (၂၀၂) ဓားအရှင်

“ဘယ်ဓားမှ ဒီကမ္ဘာကြီးထဲမှာ ငါ့ကိုမတိုက်ခိုက်ရဲဘူး။ နာမည်ကြီးဓားတောင်မလုပ်ရဲဘူး”

အပျက်အဆီးများအကြားမှာ လှဲလျောင်းနေရသော ယောင်ယင်ယင် ၀ရုန်းသုန်းကားဖြစ်သံများကိုကြားလိုက်သောအခါ ထရပ်ရန် ကြိုးစားလိုက်သည်။ သို့ပေမယ့် ထိုမျက်နှာဖုံးတပ်နှင့်လူ၏ ရိုက်ချက်မှ ကျန်ရစ်နေခဲ့သော ဓားစွမ်းအင်များက သူမကို တားဆီးထားလေသည်။

“သူက ဘယ်သူလဲ။ ဓားစွမ်းအင်သက်သက်တည်းနဲ့တောင် အကြီးအကဲရှောင်ထက် ပိုပြီး အစွမ်းထက်နေပြီ” သူမ ရေရွတ်လိုက်သည်။

ရှောင်ချိစွေက အဆိုပါ မျက်နှာဖုံးတပ်လူ၏ ဓားတစ်ချက်လေးကိုတောင် မခံနိုင်တာ သူမ မသိပါချေ။

သူတစ်ချက်တည်းဖြင့် ရှုံးသွားရတဲ့အကြောင်းကို မပွချင်လို့ ပိတ်စို့ထားသောကြောင့် သူမ မသိခြင်းပေ။

မျက်နှာဖုံးတပ်နှင့်လူ အိမ်ထဲကနေ ပန်းခင်းဘက်သို့ လျှောက်သွားတာ တွေ့လိုက်ရသည်။ သူမ အလျင်အမြန် နောက်တစ်ကြိမ်ထရပ်ရန်ကြိုးစားလိုက်သော်လည်း သွေးတစ်လုတ်သာ အန်ထုတ်လိုက်ရပါသည်။

အပျက်ဆီးများအောက်၌ ထရပ်ရန်ကြိုးစားနေရင်းနှင့် သူမ၏ အသိစိတ်တဖြည်းဖြည်းပျောက်ကွယ်လာတာကို သတိထားမိလိုက်သည်။ နောက်ဆုံးတော့ လေးလံလာသော မျက်ခုံးတို့ကို မပင့်တင်နိုင်တော့ဘဲ လက်ပစ်ချကာ အမှောင်ထုအောက်မှာ ၀ပ်တွားလိုက်ရ၏။

“ညီမလေးစု…” သို့တောင် အားအင်ချိနဲ့သော လေသံဖြင့် ရေရွတ်နေသေးသည်။

“ပြေး”

… …

“ကလေး။ ဒီဓားကြောင့် နင်နာကျင်မှုတွေ၊ ခါးသီးမှုတွေ မခံစားရဘူးလား”

စုရှင်းရှင်းရှေ့မှာ မျက်နှာဖုံးတပ်လူ ဒူးတုပ်ချပြီး ညှင်သာသော လေသံဖမ်းကာ မေးလိုက်သည်။

“နင့်အရွယ်‌ကလေးတွေက မိဘတွေစီက မေတ္တာတွေကို ခံစားနေရမှာ။ ဒါကို ဒီလို ကြီးမားတဲ့ တာ၀န်ကြီးထမ်းနေရတယ်။ မကြာခဏ လုပ်ကြံမှုတွေက နင့်ကို မရေမတွက်နိုင်တဲ့ အိပ်ရေးပျက်တဲ့ညတွေ၊ အရသာမရှိတဲ့ ထမင်းတွေဖြစ်အောင် လုပ်ခဲ့မှာပေါ့။ လာနင့်နာကျင်မှုတွေကို ငါယူသွားပေးမယ်။ နင့်အစား ငါခေါင်းခံပေးမယ်”

မျက်နှာဖုံးတပ်လူ နှင်းမြို့တော်၏ အလွမ်းပေါ်ကို လက်တင်လိုက်သည်။ သို့သော် စုရှင်းရှင်းက အံကိုတင်းတင်းကြိတ်ကာ ခေါင်းမာသော အမူအရာဖြင့် ၎င်းကို ဆုပ်ကိုင်ထားစဲဖြစ်၏။

သို့သော် မျက်နှာဖုံးတပ်လူ၏ လက်ဖျစ် ‌တစ်ချက်တည်းဖြင့် ထိုဓားက စုရှင်းရှင်းလက်ထဲမှ ရုန်းထွက်လိုက်လေသည်။

“နှင်းမြို့တော်ရဲ့အလွမ်း…” ထိုဧရာမဓားကြီး၏ အဖြူရောင်မျက်နှာပြင်ကို ပွတ်သပ်ရင်းက မျက်နှာဖုံးတပ်လူ ရေရွတ်လိုက်သည်။

စုရှောင်ရှန်ထိတုန်းကဆိုထိုဓားက မောက်မာသလိုလိုနှင့် အသံပေးကာ ရုန်းထွက်လေသည်။ ယခုတော့ မျက်နှာဖုံးတပ်လူ၏ လက်ထဲမှ တစ်ချက်ကလေးမှ မလှုပ်ရဲဖြစ်နေ၏။

‌‌ဒေါက်…။

မျက်နှာဖုံးတပ်လူ ဓားသွားကို တောက်လိုက်ရာ အတွင်းစည်းတစ်လျှောက်လုံးကို ဓားခေါက်သံက ရှင်းရှင်းလင်းလင်းပြန့်ထွက်သွားလေသည်။

ပုန်းခိုနေကြသော ဂိုဏ်းသားတိုင်း ကြက်သီးတဖျင်းဖျင်းထသွားကြ၏။ ခုခံနိုင်စွမ်းငှာမတတ်နိုင်ဘဲ ဓားသွားတစ်ချောင်းက သူတို့၏ ဝိညာဉ်ကိုလာရောက်ထိုးစိုက်သကဲ့သို့ ခံစားလိုက်ရ၏။

“နာမည်ကြီးဓားဆိုပါပေ့။ အတုနဲ့တော့ တကယ်မတူဘူးပဲ”

မျက်နှာဖုံးတပ်လူက အသိအမှတ်ပြုသည့်လေသံဖြင့်တီးတိုးဆိုလိုက်ကာ ဆက်လက်၍ “ငါတကယ်ပြောရရင် ထျန်းစန်းနန်းတော်ကိုမလာခင်က စုမျိုးနွယ်စုစီ သွားပြီးသွားပြီ”

ထိုအချင်းအရာကိုကြားသောအခါ စုရှင်းရှင်း၏ မျက်လုံးများ ပြူးကျယ်သွားရသည်။ ထိုစကားလုံးများမှ တစ်ခုခု မကောင်းတာကြီးကို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး တဆတ်ဆတ်တုန်သွားခဲ့၏။

“အဖိုးကို ဘာလုပ်လိုက်တာလဲ” ခေါင်းကို ဆတ်ကတည်းမော့ကာ ထိုင်းမနိုင်သိမ်းမရ ဒေါသများတောက်လောင်နေသော မျက်၀န်းများဖြင့်မေးလိုက်သည်။

“နင့်မိသားစုက မ‌ပြောပြဘူး‌ပေါ့”

မျက်နှာဖုံးတပ်လူ စိတ်ဝင်တစားရှိသွား၏။ ထိုကောင်မလေး၏ မျက်၀န်းထဲက ဒေါသများကို အသေအချာဆန်းစစ်လိုက်ပြီး အပြုံးတစ်ခုကို ဆင်မြန်းကာ သူမ၏ ခေါင်းပေါ်ကို လက်အသာအယာတင်လိုက်သည်။

“နင့်အဖိုး သေပြီ”

ရွှစ်…။

ဆောင်းလေညှင်းလို အေးစက်စက်‌ အရှိန်အဝါက ကောင်းကင်တစ်‌လျှောက်ကို ပြန့်နှံ့သွားခဲ့၏။ ပန်းခင်းကြီးလည်း ထိုအရှိန်အဝါအောက်မှာ လူးလွင့်သွားပေမယ့် မြေပြင်၌ ကြံကြံခိုင်အမြစ်တွယ်နေစဲသာ။

စုရှင်းရှင်း၏ လက်ချောင်းများက မြေကြီးထဲသို့တောင် ဖောက်၀င်သွားချေပြီ။

သူမ၏ ကိုယ်ထဲက ဓားစွမ်းအင်များ ဒေါသတပြင်းထွက်လာကြပြီး ချက်ခြင်း ထရပ်လိုက်လေသည်။

ဘုန်း…။

ထိုဓာန္ဒပေါက်ကွဲမှုကြောင့် မျက်နှာဖုံးတပ်လူ အနောက်သို့ ယိမ်းယိုင်သွားသည်။

ကြက်သွေးရောင်ပုံရိပ်ယောင်ပန်းအစေ့များလည်း ကောင်ကင်သို့ ပျံတက်သွားပြီး လေထဲမှာ ပေါက်ကွဲကုန်ကြသည်။ မြောက်များစွာသော ဓားစွမ်းအင်များထွက်လာရာ ရင်းမြစ်ဖြစ်သော စုရှင်းရှင်း၏ အနက်ရောင်ဆံနွယ်များက တလူးလူး လွင့်နေတော့သည်။

“ဆိုတော့ စစ်မှန်ခြင်းနယ်ပယ် ဓားဆန္ဒ နောက်ဆုံးအဆင့်မှာပေါ့လေ”

မျက်နှာဖုံးတပ်လူ သူတွေ့ချင်တာ တွေ့လိုက်ရပြီဖြစ်ပေမယ့် အနည်းငယ်တော့ စိတ်ပျက်မိသေး၏။

“မကြိုက်ဘူး။ တကယ် မလုံလောက်သေးဘူး။ ဒါနင်အတတ်နိုင်ဆုံးဆိုရင် ငါ့ကို ထိခိုင်အောင်လုပ်နိုင်ဦးမှာမဟုတ်ဘူး”

“သတ်ပစ်မယ်” စိတ်လွတ်ထွက်သွားသလို စုရှင်းရှင်းက ဒေါသတကြီးအော်လိုက်ပါသည်။ မျက်နှာဖုံးတပ်လူ၏ စကားလုံးများက သူမ၏ ကျိုးကြောင်းဆီလျော်မှုကို ပျောက်ဆုံးသွားစေခဲ့၏။

သူမ၏ လက်ကိုဆန့်ထုတ်လိုက်ရာ နှင်းမြို့တော်၏ အလွမ်းက မျက်နှာဖုံးတပ်လူလက်ထဲမှ ရုန်းထွက်ရန်ကြိုးစားနေသလို ချက်ခြင်းတုန်ခါလာခဲ့ပေသည်။

သို့ပေမယ့် သူ့အကြည့်တစ်ချက်တည်းဖြင့် ပြန်ငြိမ်ကျသွားခဲ့၏။

“သူ့ကိုသတ်စမ်း” စုရှင်းရှင်းအမိန့်ပေးလိုက်သည်။

ဓားက သူမစကားနားမထောင်နေတာတောင် စုရှင်းရှင်းကြောက်ရွံ့မှုတစ်စုံတစ်ရာ မပြပါလေ။ သူမအထက်မှာ ဓားစွမ်းအင်များစုစည်းလာပြီးတော့ ဧရာမ ဓားသဏ္ဌာန်ပေါ်လာကာ မျက်နှာဖုံးတပ်လူထံ တိုး၀င်သွားသည်။

“နင့် ဓားစွမ်းအင်ကိုတောင် သဏ္ဌာန်ဖော်နိုင်နေပြီပဲ…”

အနက်ရောင်မျက်နှာဖုံးအောက်မှာ အပြုံးဖျော့ဖျော့ မသိမသာလေးဖြစ်ပေါ်လာသည်။ သူ့လက်နှစ်ချောင်းကို ဆန့်ထုတ်ပြီး ထိုဓားစွမ်းအင်ကို အသာအယာပဲခုခံလိုက်၏။

ဘုန်း…။

သို့ဖြင့် ထိခိုက်မှုကြီးဖြစ်သွားကာ ပေါက်ကွဲသံကြီးထွက်ပေါ်လာလေသည်။ ထိုမှ ထိရောက်မှုက အံ့မခန်းပင်။ ထိုမိုးခြိမ်းသံအလား ‌ပေါက်ကွဲမှာကြီးက ခြံလေးကို ကာထားသည့် အစီအရင်နှင့်တကွ အနီရောင်ပန်းခင်းကြီးကို ဗလာကျင်းသည်အထိ ဖျက်ဆီးပစ်လိုက်တော့သည်။

‌လရောင်၏ တောက်ပနေသော အလင်းရောက်အောက်မှာ မျက်နှာဖုံးတပ်လူက ဧရာမ ဓားစွမ်းအင်ကို လက်နှစ်ချောင်းတည်းဖြင့် ညှပ်ထားလိုက်၏။ ထို့နောက် စုရှင်းရှင်း၏ ရဲရဲနီနေသော မျက်၀န်းများကိုစိုက်ကြည့်လိုက်သည်။

ရယ်သံဖျော့ဖျော့လေးက တိတ်ဆိတ်နေသော ညကလေးကို ပဲ့တင်သံထပ်ဖြိုခွဲသွားလေသည်။

“နင့်အဖိုးတစ်ယောက်တည်းမဟုတ်ဘူး။ နင့်ဦးလေ၊ အဒေါ် အကုန်ငါ့ကိုတိုက်လိုက်ရဲသမျှလူတွေ ဘယ်သူမှ အသက်မရှင်ဘူး။ ငါ့လက်ထဲမှာ သေရတာက ဓားသမား‌တစ်ယောက်ရဲ့ အကြီးမြတ်ဆုံး ဂုဏ်တစ်ခုပဲ”

မျက်နှာဖုံးတပ်လူက ၎င်းက အမှန်တရားလို ပြောနေပေသည်။ သူ့ ဘာမဟုတ်သလို လေသံက စုရှင်းရှင်းကို မီးစာထပ်ထည့်ပေးလိုက်၏။

သူမ ဘ၀ကို လုပ်ကြံမှုများအကြားမှာ ရှင်သန်ဆို ရှင်သန်နိုင်ပါသည်။ သူတို့ တနည်းနည်းနဲ့အောင်မြင်သွားရင်တောင် မျက်ရည်ကျလိမ့်မည်မဟုတ်ချေ။

သူမ၏ မျိုးနွယ်စုကိုတောင်ကာကွယ်ဖို့ စုမျိုးနွယ်စုကနေ လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ကထွက်လာခဲ့၏။ သို့ဖြင့် သူမ လုံခြုံလိမ့်မယ်ဟု ထင်သော ထျန်းစန်းနန်းတော်၌ လာရောက်ပုန်းခိုလေသည်။

ပြီးခဲ့သည့်နှစ်များအတွင်း ထျန်းစန်းစိတ်ဝိညာဉ်နန်းတော်ထဲက ခြေတစ်လှမ်းမှတောင်မထွက်ရဲခဲ့ချေ။ သူမ၏ လွတ်လပ်မှုကို အဆုံးရှုံးခံပေးဆပ်ခဲ့တာတောင် ယခုတော့ အရာအားလုံးက သဲထဲရေသွန်ဖြစ်သွား၏။

“နာမည်ကြီးဓားကိုင်ဆောင်ထားတာ ကျွန်မလေ။ ဘာလို့ ကျွန်မ မိသားစုကို ဒုက္ခပေးရတာလဲ” စုရှင်းရှင်း၏ မျက်၀န်းများအထဲ မျက်ရည်များရွှန်းလဲ့လာခဲ့သည်။

မျက်နှာဖုံးတပ်လူ သူမကိုကြည့်ပြီး ဖြေးညှင်းစွာ ပြောလိုက်သည်။ “ဘယ်လိုတောင် တုံးအလိုက်တဲ့ ကောင်မလေးလဲ။ ကမ္ဘာကြီးက နင့်အနားမှာ လည်ပတ်နေတာမဟုတ်ဘူး။ နင်လိုချင်သလို ကံကြမ္မာက အကြောင်းဖန်ပေးမယ်ထင်နေတာလား”

“ နေ့တိုင်း စု မျိုးနွယ်စုကို အလည်အပတ်သွားတာ ငါတစ်ယောက်တည်းမဟုတ်ဘူး။ တကယ်က နင့်ကို စိတ်ဝိညာဉ်နန်းတော်မှာ လာလုပ်ကြံတာထက်တောင် မနည်းဘူးလို့ပြောလို့ရတယ်။ ပိုချင်တောင်ပိုနေမှာ။ ဘာလို့ဆို စုမျိုးနွယ်စုထဲ ၀င်ရတာက ပိုလွယ်တယ်လေ”

စုရှင်းရှင်း သူပြောတာ ဘာမှ နားမလည်ပါချေ။ အသံအက်အက်ကြီးဖြင့် အော်လိုက်သည်။ “ဒါပေမယ့် နာမည်ကြီးဓားက ကျွန်မစီမှာလေ”

မျက်နှာဖုံးတပ်လူ လက်ညိုးဖြင့် တောက်ထုတ်လိုက်ရာ ဧရာမဓားသဏ္ဌာန်စွမ်းအင်ကြီးက ချက်ခြင်းပျက်ပြယ်သွားခဲ့သည်။ ထို့နောက် စုရှင်းရှင်း၏ ခေါင်းပေါ်လက်တင်ကာ “ကလေး။ မှတ်ထား။ ဒီကမ္ဘာကြီးထဲမှာ နင့်ကို ချစ်ကြသေးတဲ့လူတွေရှိပြီး သူတို့ အချစ်တွေကို နင်မမြင်ရဘူး။ ငါတောင် တစ်ချို့ နာမည်ကြီးဓားအတုတွေနဲ့ လှည့်စားတာခံလိုက်ရသေးတယ်။ စုမိသားစုကနေတောင် အတုတစ်ချို့ရလိုက်တာ။ ပြီးတော့ ထျန်းစန်းစီရင်စုထဲမှာလည်း ပြန့်နေကြတာပဲ”

ခံစားချက်ပေါင်းစုံရောထွေးနေသော စုရှင်းရှင်း၏ ခန္ဓာကိုယ်လေးက တုန်ခါမှုမရပ်တန့်သွားခဲ့ပါပေ။ နောက်ဆုံးတော့ မခံနိုင်တော့ဘဲ ကြမ်းပြင်ပေါ် ပုံလျက်သား လဲကျသွားသည်။

“မဖြစ်နိုင်တာ။ လိမ်နေတာ။ ဘယ်သူမှ အဲ့လို ဖြစ်နေတယ်လို့မပြောကြဘူး။ လိမ်နေတာ”

သူမ အမြဲဖော်ပြလေ့ရှိသည့် မျက်နှာဖုံးအောက်မှာတော့ အသက်တောင်မပြည့်သေးသည့် (၁၆) နှစ်အရွယ်ကောင်မလေးသာ။

သူမကို သနားသော လူများက သူတို့အတောင်အောက်မှာ ခိုလှုံခွင့်ပေးထားခဲ့လေသည်။ သို့ဖြင့် ကမ္ဘာကြီး၏ တကယ် ရက်စက်သောအဖြစ်မှန်ကို ကလေးမလေးက နားမလည်ခဲ့ချေ။

မျက်နှာဖုံးတပ်လူခေါင်းခါရမ်းလိုက်သည်။ သူ့မျက်၀န်းများက တည်ငြိမ်နေစဲဖြစ်၏။

သူက အမှန်တရားများကိုပြောနေခြင်းဖြစ်ပြီး ထိုအမှန်တရားက စုရှင်းရှင်းအတွက် အလွန်ရက်စက်လောက်ပေမည်။ သို့ပေမယ့် ဒီလိုအမှန်တရားကို ရင်မဆိုင်ရဲဘူးဆိုရင် သူမ၏အနာဂါတ်တက်လမ်းကြောင်းကလည်း ပြိုကျသွားရပေလေမည်။

“တစ်ခါတစ်ရံ ချစ်တယ်ဆိုတာ စကားလုံးနဲ့ ဖော်ပြစရာမလိုဘူး”

“မဟုတ်ဘူး အလိမ်အညာတွေ” စုရှင်းရှင်း၏ ကိုယ်ကလေး မယုံကြည်နိုင်မှုတို့ဖြင့် တဆတ်ဆတ်တုန်ရင်နေ၏။ သူမ လက်မခံနိုင်ပါချေ။

“ရှင်လိမ်နေတာ။ ဟုတ်တယ် ကျွန်မကို လှည့်စားဖို့ကြိုးစားနေတာ”

ထို့နောက် မျက်နှာဖုံးတပ်လူကို မျက်လုံးနီနီရဲရဲကြီးများဖြင့် မျက်တောင်မခတ်စတမ်း စိုက်ကြည့်လိုက်ပါသည်။

သူက ရန်သူဖြစ်သည်။ သူ့စကားများကို မယုံကြည်သင့်ပေ။

သူမ၏ စိတ်ထဲတွင် မုန်းတီးမှုတို့ ပေါက်ဖွားလာ‌ကြသည်။ သူမ၏ တစ်ကိုယ်လုံးကို ဒေါသတပြင်း ဖြတ်သန်းစီးဆင်းနေသည့် ဓားစွမ်းအင်တို့က ကြီးမားသော နာကျင်မှုကိုပေးနေ၏။ ရုတ်တရက် ထိုဓားစွမ်းအင်များကို တစ်စုံတစ်ခုက ဆွဲဆောင်သကဲ့သို့ သူမ၏ ကိုယ်အပြင်ဘက်သို့ တိုးလျှိုး ထွက်ကုန်ကြသည်။

တစ်ပြိုင်တည်းပဲ ထိုကြက်သွေးရောင်ပုံရိပ်ယောင်ပန်းအစေ့များမှ ဓားစွမ်းပင်များလည်း ပေါက်ကွဲထွက်လာကြ၏။ ထို့နောက် မြောက်မြားစွာသော ဓားစွမ်းအင်များက လေထဲမှာ သဏ္ဌာန်ဖြစ်ပေါ်လာပြီး မျက်နှာဖုံးတပ်လူကို ဦးတည်ထိုးထားလိုက်ကြသည်။

ဓားသောင်းနှင့်ချီ၍ တိုက်ခိုက်ရန်အမိန့်ကိုစောင့်နေကြ၏။

စုရှင်းရှင်း လက်ထဲမှာ ဓားမကိုင်ထားဘူးဆိုပေမယ့် ထျန်းစန်းနန်းတော်နှင့် တောင်တန်းတစ်လျှောက်လုံးကို စူးစူးရှရှ ဓားအော်မြည်သံများ ပဲ့တင်ပြန့်နံ့သွားပေသည်။

ရွှင်းးးးးး…။

ထျန်းစန်းနန်းတော်ဘယ်နေရာမှာဖြစ်ဖြစ် ဓားသမားများ ချက်ခြင်း သူတို့ဓားများကို တစ်ပြိုင်တည်း ကိုင်ထားလိုက်ကြရသည်။

“ဓားအရှင်”

အပိုင်း (၂၀၃) သေသည်အထိ မဆုတ်မနစ် တိုက်ခိုက်မည်

ရဲ့ရှောင်ထျန်း ထျန်းစန်း၀င်ပေါက်တံခါးရှေ့ မြေပြင်မှာ ထပ်၀ပ်သွားပြီး သွေးတစ်လုတ်အန်ထုတ်လိုက်ရသည်။

ဘာတွေဖြစ်နေသလဲကို သူမယုံနိုင်ပါချေ။ မျက်နှာဖုံးတပ်လူက သန်မာလှသည်။ စိတ်ထဲ၌လည်း ‘ဒီအဖိုးကြီးကဘယ်သူတုန်း။ ဘယ်ကလာတာတုန်း။ ဘာလို့ဒီလောက်သန်မာနေရတာတုန်း’ အတွေးများဖြစ်နေသည်။

သူကိုင်ထားသည့် ဝါးလုံးက ကောင်းကင်ကိုတောင် ‌ဖျက်ဆီးနိုင်သလိုလိုနှင့် နတ်ဘုရားတွေ သူတို့ကို ကစားနေတာလား။

စန်ကျောက်ဖုက သစ်တုံးကြီးတစ်ခုပေါ်မှာ ထိုင်ပြီး ရှောင်ချိစွေနှင့် စစ်တုရင် ကစားနေသည်။ မကြာခဏဆိုသလို ဆံဖြူကလေးငယ်ကို မြေပြင်ပေါ်ပြန်၀ပ်သွားအောင် ဝါးလုံးဖြင့်ရိုက်နေပြီး ကျယ်ကျယ်လောင်လောင်ရယ်လိုက်၏။ “ကောင်လေး။ မင်းကြိုးစားနေတာ နှစ်ခါရှိပြီ။ အရှုံးမပေးနိုင်သေးဘူးလား”

သူ့ရှေ့က မြင်ကွင်းကိုကြည့်ပြီး ရှောင်ချိစွေ၏ မျက်ခုံးများ အပြင်းအထန်လှုပ်သွားပေသည်။ သူက ဒီအဖိုးကြီးနှင့် စစ်တုရင်မကစားချင်ပါလေ။ သို့သော် အတင်းအကြပ်စေခိုင်းမှုကြောင့် ကစားနေရ၏။

မဟုတ်လျှင် ထိုမြေပြင်ပေါ်က ဆံဖြူသုံးယောက် နလံပြန်ထူနိုင်လိမ့်တော့မည်မဟုတ်ချေ။

“ပြီးတော့ ဟိုးနောက်က ကောင်လေး။ မင်းဘာ‌တွေ တွေဝေနေတာလဲ။ ဝှက်ဖဲရှိရင်သုံးလိုက်တော့။ ငါ့‌ ရေနွေးကြမ်းတောင် အေးတော့မယ်”

စန်ကျောက်ဖု ဟိုးအနောက်က လူကိုကြည့်ပြီး ရေနွေးကြမ်းတစ်ချက်သောက်ကာ ဆိုလိုက်သည်။ သူက ‌မလှမ်းမကမ်းက ဘေးကသာ ရပ်ကြည့်နေခဲ့သော အကြီးအကဲကျောက်ကို ပြောနေခြင်းဖြစ်ပါသည်။

သူက ရေနွေးကြမ်းလည်းဖျော်ထားသေးပါသည်။

ကျောက်ကျန်းရှီ တောင့်တင်းသွား၏။ ဒီလောက် တိုးတိုးတိတ်တိတ် လုပ်တာတောင် စန်ကျောက်ဖု သိသွားလိမ့်မယ်လို့ မထင်ပါ‌ချေ။

သူမှားတာလည်းမဟုတ်ပါ။ ကြီးမားတဲ့ အစီအရင်တစ်ခုကို တည်ဆောက်ဖို့ဆိုတာ အချိန်အကြာကြီးလိုအပ်ပေသည်။ စိတ်ဝိညာဉ်အစီအရင်ဆရာသခင်တစ်ယောက်အနေနှင့် အစီအရင်မြန်မြန်တည်ဆောက်နိုင်တယ်ဆိုပေမယ့် ချက်ခြင်းတော့ မလုပ်နိုင်ပါချေ။

“ဟီးဟီး…”

ရှက်ကိုးရှက်ကန်းခေါင်းကိုကုတ်လိုက်ပြီး “စီနီယာ ကျုပ်ကို မိသွားပြီပဲ”

အကြီးအကဲကျောက်၏ အားအင်ချိနဲ့သလို တုန့်ပြန်မှုကြောင့် စန်ကျောက်ဖု ရေနွေးကြမ်းကိုထွေးထုတ်မိလိုက်ရာ သူ့ရှေ့က ရှောင်ချိစွေ၏ မျက်နှာပေါ်ကျသည်။

ချက်ခြင်းဘဲ ရှောင်ချိ‌စွေကို ပဝါတစ်စကမ်းပေးပြီး တောင်းပန်လိုက်သည်။ “တကယ် ရိုးရိုးသားသားပြောရမယ်ဆိုရင် ငါလောကြီးနဲ့အဆက်ဖြတ်နေတုန်းမှာ အစီအရင်တစ်ချို့ကို လေ့လာခဲ့တယ်။ ငါ့ကိုယ်ငါလို့တော့ အစီအရင်ဆရာသခင်တစ်ယောက်လို့ထင်တာပဲ”

ဘုတ်…။

လူတိုင်း သူပြောတာကိုကြားလိုက်သောအခါ အားပြတ်သွားကာ မြေပြင်ပေါ်ပြန်ကျသူကကျ ပါးစပ်ဟောင်းလောင်းဖြစ်သွားသူကဖြစ်နှင့် မှင်တက်သွားကြသည်။

မြေပြင်ပေါ်ပြန်၀ပ်သွားသော ရဲ့ရှောင်ထျန်း သူ့ကိုယ်မှ လိပ်ပြာလွင့်သွားသလို ခံစားလိုက်ရသည်။

သူတို့က အကြီးအကဲကျောက်၏ အစီအရင်ကို နောက်ဆုံးမျှော်လင့်ချက်အနေဖြင့် ထားထားတာ။ ခုတော့ ကြိုးတောင်မကြိုးစားရသေးခင်မှာ ရှုံးနိမ့်ရတော့မှာလား။

လူတိုင်းတိတ်ဆိတ်ငြိမ်ကျသွားခဲ့သည်။

ကျောက်စန်းဖုကပဲ ဆက်လက်၍ ပုခုံးတွန့်ပြကာ “ငါအားတဲ့အချိန်မှာလုပ်တဲ့ ဝါသနာတစ်ခုသာသာပါပဲ။ ပြီးတော့ ဆေးလည်းဖော်သေးတယ်။ သူတို့က လူငယ်တွေလုပ်တဲ့ဟာလောက်တော့မကောင်းဘူးလေ။ ဒါကြောင့် အရှက်ရမှာစိုးလို့ ကြွားလုံးမထုတ်ရဲဘူး။ ဒီလိုပဲ အစီအရင်ကလည်း တတ်တယ်ဆိုရုံလောက်လေးပါ”

ထို့နောက် အကြီးအကဲကျောက်ကို ကြည့်ကာ ခိုင်မာသောလေသံဖြင့်မေးလိုက်သည်။ “ခုလုပ်နေတာ ကျောက်တိုင်ရှစ်ခုပိတ်လှောင်ခြင်းအစီအရင်မလား”

သူ့စကားကို အမေးအနေနဲ့ ‌လေသွားလေလာ ပြုလိုက်သော်လည်း သူ့မျက်နှာပေါ်မှ တည်ငြိမ်မှုကြောင့် အကြီးအကဲကျောက်ဘာလုပ်နေသလဲဆိုတာကို သိသည်မှာ ထင်ရှားလေသည်။

ဘုတ်…။

အကြီးအကဲကျောက်လက်ထဲက အစီအရင် ပဲ့ကိုင် တံဆိပ်ပြား ပြေမြင်ပေါ် ပြုတ်ကျသွားသည်။

အဖိုးကြီး နောက်နေခြင်းမဟုတ်ပါချေ။ တကယ် အစီအရင်ဆရာသခင်တစ်ယောက်ဖြစ်နေပေ၏။

စန်ကျောက်ဖု နောက်ထပ် စစ်တုရင် တစ်ရုပ်ကို ရှေ့တက်ပြီး မှတ်ချက်ပေးလိုက်သည်။ “မဆိုးပါဘူး။ တောက်ကျင်းကန်ရဲ့ နတ်ဘုရားလျှို့ဝှက်ချက်ကို လေ့လာထားမယ်လို့။ တော်ပါပေတယ်”

စန်ကျောက်ဖုက နတ်ဘုရားလျှို့ဝှက်ချက်ကိုတောင် သိနေလေရာ အစီအရင်ဆရာသခင်တစ်ယောက်ဖြစ်တာလုံး၀ သံသယဖြစ်စရာမလိုတော့သောကြောင့် အကြီးအကဲကျောက်၏ မျက်နှာသွေးဆုတ်ဖြူရော်သွားရသည်။

ရန်သူက နည်းမျိုးစုံကိုတတ်မြောက်နေပြီး လေးဘက်လေးရံမှ သူတို့ကို ပိတ်လှောင်လိုက်၏။ ဤသို့အခြေအနေက ရုန်းထွက်နိုင်သည့်သူ ရှိပါ့ဦးမလား။

သူတော်စင်အစေအပါးတို့က အဖိုးကြီးတစ်ယောက်ကိုလွှတ်ပြီး ထျန်းစန်းစိတ်ဝိညာဉ်နန်းတော်က ဧကရာဇ်နယ်ပယ်ငါးယောက်ကို ပိတ်လှောင်ထားလိုက်၏။

“မင်းကော ဘာလုပ်ဦးမလဲ”

ထောင့်‌တစ်နေရာ၌ ရပ်နေသော ကျန်းပင်းယန်ကိုကြည့်ပြီး စန်ကျောက်ဖု မေးလိုက်သည်။ “ဘာအစီအစဉ်တွေရှိလဲ”

ကျန်းပင်းယန်၏ စိတ်ထဲမှ တစ်ချက်ကျိန်ဆဲလိုက်ပြီး တိုတိုတုတ်တုတ် ပြန်ဖြေသည်။ “စီနီယာ မနောက်ပါနဲ့”

ထိုအခိုက်မှာ ဒီကိုလာခဲ့မိသည့်အတွက် သူ့ကိုယ်သူမုန်းတီးနေမိပါသည်။ စန်ကျောက်ဖုက သူတို့ကိုသတ်လိုက်မှာကြောက်နေမိသည်။

သူတော်စင်အစေအပါးများအား လုပ်ချင်တာဆက်၍ လုပ်ခွင့်ပေး၍ မဖြစ်ချေတော့။

ရုံးချုပ်ကို စန်ကျောက်ဖု သူတော်စင်အစေအပါးထဲ၀င်သွားပြီဆိုတာကို တတ်နိုင်သ‌လောက် မြန်မြန် သတိပေးရမည်။ မဟုတ်လျှင် ‌သူတို့အိမ်နောက်ဖေးတံခါးကနေ ဘယ်တော့၀င်လာပြီး ပြဿနာရှာမလဲမသိရချေ။

ရှောင်ချိစွေက အမူအရာမပျက် အဖိုးကြီးနှင့် ဆက်လက်၍ စစ်တုရင်ကစားနေသည်။ ထိုအခိုက်မှာ သူ့လို ဓားသမားတစ်ယောက်ကသာ တည်တည်ငြိမ်ငြိမ်ဖြင့် တုန်လှုပ်မှုမရှိ စန်ကျောက်ဖုနှင့် စစ်တုရင်ကစားနိုင်ပေသည်။

အရင်တစ်ခေါက် မျက်နှာဖုံးတပ်လူနှင့် တိုက်ခိုက်ပြီးကတည်းက သူတော်စင်အစေအပါးတို့မှ သန်မာသော ပြိုင်ဘက်များကို ရင်ဆိုင်ရမှာသိနေပါသည်။ ဒါကြောင့် ထင်သလောက်တော့ မတုန်လှုပ်ရပါချေ။

ရွှင်းးးးး…။

ထိုအခိုက်မှာ ကောင်းကင်ယံမှ စူးစူးရှရှ ဓားမြည်သံထွက်လာခဲ့သည်။ ရှောင်ချိစွေ၏ ကျောဘက်က ဓားက ဆင့်ခေါ်ခြင်းခံလိုက်ရသလို ဓားအိမ်ထဲက ထွက်သွားတော့သည်။

“ဓားအရှင် ဓားဆင့်ခေါ်ခြင်း”

စန်ကျောက်ဖု မှင်တက်သွားသည်။ အရှင်သခင်နယ်ပယ်ဓားဆန္ဒဆိုတာ လူတစ်ယောက် လွယ်လင့်တကူ ရရှိနိုင်သည့် အရာမဟုတ်ပါချေ။ စိတ်ဝိညာဉ်နန်းတော်ကို လာလည်သည့်အခိုက်မှာပဲ ထိုသို့ တစ်စုံတစ်ယောက်ကို တွေ့ရမယ်လို့…။

ရှောင်ချိစွေ၏ မျက်၀န်းထဲ၌လည်း အံ့အားသင့်တုန်လှုပ်မှုများပေါ်လာသည်။

သူတို့မှာ စစ်မှန်ခြင်းနယ်ပယ်ဓားဆန္ဒဖြင့် ဓားသမားအနည်းငယ်သာရှိပြီး အရှင်သခင်နယ်ပယ်ကိုတက်ရောက်သွားတာ ပိုလို့ ရှားပေသည်။

စုရှင်းရှင်းတောင် အရှင်သခင်နယ်ပယ်ကို တက်ရောက်ဖို့ အချိန်တစ်ခုလိုပေဦးမည်။

“နပေါဦး…”

စုရှင်းရှင်းကိုတွေးမိပြီး ရှောင်ချိစွေဆတ်ကတည်း ထရပ်လိုက်ရာ စစ်တုရင်ခုံ မှောက်ခုံလှန်သွားခဲ့သည်။

“စုရှင်းရှင်း”

သူ့မျက်လုံးများပြူးကျယ်သွားပြီး အော်ဟစ်လိုက်သည်။ “မျက်နှာဖုံးတပ်လူ နာမည်ကြီးဓားကိုသွားရှာပြီ”

စန်ကျောက်ဖု မြေပြင်ပေါ်၌ ပြန့်ကျဲသွားသော စစ်တုရင်ရုပ်များကိုကြည့်လိုက်သည်။ ရှောင်ချိစွေမနိုင်တော့မှာသိလို့ ညစ်ချင်နေတာများလား။

“အေးလေ အသိအသာကြီးကို”

ရှောင်ချိစွေ ပေါက်ကွဲသွားတာကို မသိသည့်အလား စန်ကျောက်ဖု မော့ကြည့်လိုက်သည်။

ချက်ခြင်း စန်ကျောက်ဖုကို အပမလုပ်တော့ဘဲ နောက်လှည့်ကာ ရှောင်ချိစွေ ထိတ်ထိတ်ပျာပျာပြေးတော့၏။

“ဟေ့ ကောင်လေး။ ငါပြောတာမေ့သွားပြီလား။ မြေပဲဆားလှော်မဝါးချင်ရင်တောင် လက်ဘက်ရည်ဘေးအေးဆေးသောက်ပြီး ငြိမ်ငြိမ်ထိုင်နေလို့မရဘူးလား”

ရှောင်ချိစွေ ထိုင်နေခဲ့သော သစ်ငုတ်တိုကို ရိုက်လိုက်သည်။ ချက်ခြင်းပဲ ၎င်းက အပိုင်းအစများအဖြစ်ကိုပြောင်းသွားကာ လေထဲဝဲနေ လေသည်။ ထို့နောက် လက်ဖြင့်တောက်ထုတ်လိုက်ရာ အလင်းတန်းများအဖြစ် လေကိုခွင်းပြီး ရှောင်ချိစွေထံဝင်သွားခဲ့၏။

သို့သော် ရှောင်ချိစွေက နောက်ကိုတောင်ပြန်လှည့်မကြည့်ဘဲ ဆက်လက်ပျံသန်းသွားနေခဲ့ပြီး သူ့ဓားကို နောက်ကျော၌ ဒိုင်းအဖြစ် ကာကွယ်ရန် ပို့လိုက်၏။ သို့တောင် အလင်းတန်းလာရောက်ထိခိုက်မှုမှ သက်ရောက်မှုကြောင့် သွေးပွက်ပွက်အန်လိုက်ရသည်။ ပျံသန်းနေတာတော့မရပ်တန့်လိုက်ပါပေ။

စန်ကျောက်ဖု မျက်မှောင်ကြုတ်လိုက်ပြီး စစ်တုရင်ရုပ် သုံးရုပ်ကို တောက်ထုတ်လိုက်သည်။

ရွှစ် ရွှစ် ရွှစ်…။

ရှောင်ချိစွေနှင့် စန်ကျောက်ဖုတို့အကြား အကွာအဝေးတစ်ခုကွာခြားသွားခဲ့ပြီဖြစ်ပေသည်။ ရှောင်ချိစွေက ထိုအရုပ်များကို မခုခံလိုက်ပါချေ။

“ဘယ်အချိန်မှာ လက်လျော့ရမယ်ဆိုတာမသိဘူးလား။ ဘာလို့လဲ”

ထိုစစ်တုရင်အပိုင်းအစများကို မဟာလမ်းစဉ်၏ စွမ်းအင်ထည့်သွင်းထားရာ ၎င်းတို့ကြောင့် ထိတိုက်ခံရသည်က နှစ်မျို့ဖွယ်ရာကောင်းလိမ့်မည်မဟုတ်ချေ။ အချိန်မှီ ၎င်းတို့ကို မဖယ်ရှားလျှင် ရှောင်ချိစွေ၏ ကျင့်ကြံမှု အခြေခဲအုတ်မြစ်ကိုတောင် ထိခိုက်စေနိုင်သည်။

စန်ကျောက်ဖုမှာ တာ၀န်လည်းရှိနေသေးရာ ထိုလူကို ထွက်သွားခွင့်ပြုလို့မဖြစ်ပေ။ ရှောင်ချိ‌စွေနောက်မှာ ချက်ခြင်းပေါ်လာခဲ့ပြီး သူ့‌ပုခုံးပေါ်က ဝါးလုံးကို ကို‌င်မြှောက်ကာ ရိုက်ချပစ်လိုက်သည်။

ရှောင်ချိစွေက သူနှင့်တိုက်ခိုက်ဖို့ စိတ်မ၀င်စားသလိုနှင့် နောက်ကျောကို လှစ်ဟာထားသည်။

စန်ကျောက်ဖု၏ မျက်၀န်းများအတွင်း အလင်းတစ်ချို့လက်သွားသည်။ သို့ပေမယ့် သူ့ဝါးလုံးကို ရက်ရက်စက်စက် ရိုက်ချတာကိုတော့ မရပ်တန့်လိုက်ပါပေ။

ဘုန်းးးး…။

ကောင်းကင်ကြီးတောင် ထိုမိုးခြိမ်းသံပေါက်ကွဲမှုကြီးမှာ မရေမတွက်နိုင်သော အပိုင်းအစများအဖြစ်ပြောင်းသွားသလို ရှိချေသည်။ ရဲ့ရှောင်ထျန်း သူ့လက်တစ်ဖက်ဖြင့် ကောင်းကင်ကိုထိုးပြီး ထိုတိုက်ခိုက်မှုကို တန်ပြန်လိုက်သည်။

ရှောင်ချိစွေအစား ထိုတိုက်ခိုက်မှုကို ခံယူလိုက်၏။

ဘုန်း ဘုန်း ဘုန်း…။

ရုတ်ချည်း ကောင်းကင်မှ ကျောက်တိုင်ကြီး ရှစ်တိုင်ကျလာပြီး စန်ကျောက်ဖုကို ပိတ်လှောင်လိုက်ကြသည်။

တည်ထောင်သူအကြီးအကဲနှစ်ဦးလည်း မီးတောက်နေသောမျက်၀န်းများဖြင့် ပြန်ပေါ်လာကြသည်။ သူတို့ ကျယ်ကျယ်လောင်လောင်ကြေငြာလိုက်၏။ “ငါတို့ အသက်ရှင်လာတာကြာပြီ။ ငါတို့ အသက်တွေကို မမက်မောတော့ဘူးကွ”

‌အဝေးတစ်နေရာမှ ကျန်းပင်းယန်သက်ပြင်းချလိုက်သည်။ စိတ်ဝိညာဉ်နန်းတော်က ကျင့်ကြံသူများ ဘာအသိပေးချက်မှ မပေးဘဲ တိုက်ခိုက်ကြလိမ့်မည်ဟု သူမထင်ထားပါချေ။ တိုက်ပွဲဖြစ်လာမှတော့လည်း ရှောင်လွဲနေလို့မရတော့‌ပေ။

“တိုက်ခိုက်ကြ”

ရဲ့ရှောင်ထျန်း၏ ညာသံပြီးနောက်မှာ ‌ကျောက်တိုင်ကြီး (၈) ခု၌ မိုးကြိုးလျှပ်စီးများတောက်လာကြပြီး လေထုအတွင်း လှိုင်းများထုတ်လွှတ်လိုက်သည်။

ထိုတိုက်ခိုက်မှုတွင် အစီအရင်ဆရာသခင်တစ်ယောက်၏ တဖြည်းဖြည်းစုစည်းလာသည့် အစွမ်းအပြည့်ပါပေသည်။ စန်ကျောက်ဖုဘယ်လောက် သန်မာပါစေ ထိုအရာကို ထိပ်တိုက်ရင်ဆိုင်တာက တုံးအရာကျသည်။ သူရှောင်တော့မည့်စဲစဲမှ သူ့ရှေ့က လေဟာနယ် ရှုံ့တွသွားပြီး သူ့ကို ပြေးလို့မရအောင် ပိတ်လှောင်လိုက်၏။

သူတို့ အကွက်ကျကျ ထောင်ချောက်ဆင်ထားကြပေသည်။

ဘုန်း…။

ကောင်းကင်ယံတစ်လျှောက်လုံးမှာ ကမ္ဘာတုန်ဟီးမတတ် ပေါက်ကွဲသံကြီး ပြန့်နှံ့သွားပြီး တောင်တစ်၀က်ကိုတောင် ဖောက်ခွဲလိုက်၏။

စိတ်ဝိညာဉ်နန်းတော်၏ အစီအရင်လည်း ညကောင်းကင်အောက်မှာ တစ်စထက်တစ်စ ငွေရောင်အလင်းများအဖြစ် ပျောက်ကွယ် ပျက်ဆီးသွားကြသည်။

အတွင်းစည်းမှ ဂိုဏ်းသားတိုင်း သူတို့၏ နားနှစ်ဖက်ကို ပိတ်လိုက်ကြရသည်။ ကျင့်ကြံခြင်းအဆင့်နိမ့်သည့်သူများဆိုလျှင် ထိုကျယ်လောင်သော ပေါက်ကွဲသံကြီးကြောင့် နားစည်များပွင့်ထွက်သွားကြ၏။

ကံကောင်းစွာဖြင့် အစီအရင်က ထိခိုက်မှု အများစုကို ကာကွယ်ပေးလိုက်သဖြင့် ဒဏ်ရာရနှုန်းက နည်းပေသည်။

အကြီးအကဲကျောက်ကို ကျန်းပင်းယန် မှင်သေသေ ကြည့်လိုက်၏။ ဒီလောက်ကြမ်းတမ်းသည့် အစီအရင်တစ်ခုအတွက် ပြင်ဆင်နေတာလို့ ထင်မထားပါလေ။ ဒီကျောက်တိုင်(၈) ခုအကြားက တိုက်ခိုက်မှုကြောင့် အသက်ရှင်ကျန်ရစ်နိုင်သည့်လူ ရှိပါ့ဦးမလား။

လူတိုင်း ဖုန်တွေ၊ မီးခိုးတွေ ပျောက်သွားတာကို မျှော်လင့်တကြီး စောင့်စားနေကြပေသည်။

သူတို့ အောင်မြင်သွားပြီလား။

အဟွတ် အဟွတ်…။

ထိုချောင်းဟန့်သံကြောင့် သူတို့ ကျောရိုးများ ချမ်းစိမ့်တက်သွားတော့၏။

စန်ကျောက်ဖု မျက်ခုံးပင့်လိုက်သည်။ သူ့မျက်နှာ၌ သွေးစများရှိ‌တယ်ဆိုပေမယ့် အ၀တ်အစားတစ်ချက်ကလေးတောင် မယို့ယွင်းသွားခဲ့ပါ။ ဒါကြောင့် သူဒဏ်ရာဘယ်လောက်ပြင်းပြင်းထန်ထန် ရသွားသလဲ မသိရချေ။

သူ့လက်ချောင်းထိပ်က ကျလာနေသည့် သွေးစက်များအရတော့ အထိနာသွားတာ ထင်ရှားသည်။

“တကယ် လူငယ်တွေနောက်ကို ငါမလိုက်နိုင်တော့ဘူးပဲ”

ထိုပေါက်ကွဲမှု၌ သူ့ဝါးလုံးကျိုးသွားခဲ့ရ၏။ သို့ဖြင့်ခါးမှ ပုစိန်ငယ်လေးကို ယူလိုက်ပြီး အကြီးအကဲကျောက်ကို အသိအမှတ်ပြုသလို ကြည့်လိုက်သည်။

“မဆိုးဘူး တော်တယ်” ဆိုလိုက်သည်။

ထို့နောက် သူ့လက်ကောက်၀တ်က လွဲသွားသော အကြောအဆစ်တွေကို ပြန်တည့်လိုက်ပြီး တည်ငြိမ်သောလေသံဖြင့် “ကြည့်ရတာ ငါလဲ တကယ် အတည်လုပ်ရတော့မယ်ထင်တယ်”

သူ့‌ကျောရိုး တစ်လျှောက်ရှိ ချမ်းစိမ့်စိမ့်ခံစားချက်ကြီးကြောင့် အကြီးအကဲကျောက်၏ နှုတ်ခမ်းများလှုပ်သွားသည်။

ရှောင်ချိစွေထွက်သွားသောဘက်ကိုကြည့်ပြီး သူ့လက်သီးများကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်၏။

“မင်းအပေါ်ပဲ မူတည်သွားပြီ ရှောင်။ ငါအချိန်အနည်းငယ်‌ပေးလိုက်တယ်‌ဆိုပေမယ့် မင်းရင်ဆိုင်ရမယ့်ရန်သူကို သတိထားတိုက်ခိုက်ပါ”

အဲ့ရန်သူက မျက်နှာဖုံးတပ်လူ ဖြစ်မှာလား။

လည်ချောင်းထဲမှာ အင်တင်တင်ကြီးဖြစ်နေပြီး အကြီးအကဲကျောက် တံတွေးကိုမနည်းမျိုချလိုက်ရသည်။ အဖိုးကြီးကော၊ မျက်နှာဖုံးတပ်လူကောက ကြောက်မက်ဖွယ်ရာ ရန်သူများဖြစ်ပေသည်။ သူတို့ ဘယ်လိုအနိုင်ယူရမှာလဲ။

ဒါပေမယ့် ရှောင်ချိစွေ၏ မျက်၀န်းများမှ စိတ်ပိုင်းဖြတ်ထားသော အကြည့်များက မယိမ်းယိုင်သွားပါ။ သူ့တိုက်ခိုက်ချင်စိတ်က နောက်တစ်ကြိမ် ပြန်လည်နိုးကြားထကြွလာလေပြီ။

“ငါ့တပြည့်ရဲ့ အသက်အန္တရာယ်ကိုထိပါလားတယ်ဆိုရင် သေတဲ့အထိတောင် တိုက်ခိုက်ပစ်မယ်”

အပိုင်း (၂၀၄) သတ္တိရှိတာလား မိုက်ရူးရဲဆန်တာလား

“အရှင်သခင်နယ်ပယ်ဓားသမား”

စိတ်ဝိညာဉ်စာကြည့်တိုက်ကိုသွားနေသည့် စုရှောင်ရှန် အတွင်းစည်းတောင်တန်းအနောက်ဘက်ကို လည်ပြန်ကြည့်လိုက်သည်။

ထို့နောက် တိတ်တခိုးနာကျင်ခြင်းကို ဓားအိမ်ထဲပြန်ထည့်ပြီး ကိုယ်နှင့် အနီးကပ်၌ ကိုင်ထားလိုက်၏။

ရဲ့ရှောင်ထျန်းထံမှ အသိအမှတ်ပြုချက်ဖြင့် အနက်ရောင်ဓားအိမ်ကို ဖွက်ထားစရာမလိုတော့ဘဲ ပေါ်တင် ထုတ်သုံးနိုင်ပေပြီ။

“စုရှောင်ရှန် အရှင်သခင်နယ်ပယ်ဓားဆန္ဒကို တစ်ယောက်ယောက်ကျွမ်းကျင်သွားတာလား”

မုကျစ်ရှီသိချင်သွားပြီးမေးသည်။ လျှိုရွှမ်ရှင်းနှင့်ရင်ဆိုင်ရပြီးနောက်မှာ အရှင်သခင်နယ်ပယ် ဓားဆန္ဒဘယ်လောက်ကြောက်စရာကောင်းသလဲကို သူမ သိလိုက်ရလေပြီ။

ထိုမျက်ကန်းက ဧကရာဇ်နယ်ပယ်နှင့် ရင်ဆိုင်ရတာတောင် ခလုတ်မထိ ဆူးမညိ ပြန်ထွက်သွားနိုင်၏။

ရဲ့ရှောင်ထျန်း၏ ကောင်းကင်ခုန်ကူးခြင်းကြောင့် လျှိုရွှမ်ရှင်းဘာဖြစ်သွားမည်မှန်းမသိသော်လည်း အသက်ရှင်နေသေးရင်တော့ အနာဂါတ်မှာ စွမ်းအားကြီးလူတစ်ယောက်အနေနှင့် ပြန်လာမှာကို သိပေသည်။

စုရှောင်ရှန် သူမ၏ အမေးကို ခေါင်းညိတ်ပြလိုက်သည်။ ယခုသူခံစားလိုက်ရသော ဓားန္ဒက လျှိုရွှမ်ရှင်းထက် စွမ်းပကားက တစ်စက်ကလေးမှ မနိမ့်ကျပါချေ။ ၎င်းက အရှင်သခင်နယ်ပယ်ဖြစ်လာစမို့လား ကြမ်းတမ်း ချောမွေ့မှုမရှိဘူးဆိုပေမယ့် သူ့အတွက်တော့ လက်လှမ်းမမှီနိုင်သေးသည့်အရာဖြစ်သည်။

“စိတ်ဝိညာဉ်နန်းတော်ထဲမှ ဒီလို အရှင်သခင်နယ်ပယ်ဓားသမားဖြစ်လာနိုင်တာ အနည်းငယ်ပဲရှိမယ်။ တောင်တန်းအနောက်ဘက်က လာတယ်ဆိုတော့ စုရှင်းရှင်းများ ဖြစ်နေမလားပဲ”

ထိုအတွေးဖြင့် တဆတ်ဆတ် တုန်လှုပ်သွားရသည်။

သူတော်စင်အစေအပါးတွေ လာတိုက်ခိုက်ချိန်မှာ စုရှင်းရှင်း အရှင်သခင်နယ်ပယ်ဓားသမားဖြစ်လာတာ တိုက်ဆိုင်လွန်းမနေဘူးလား။ မဖြစ်နိုင်ပါချေ။

တောင်တန်းအနောက်ဘက်မှာ တစ်ခုခုဖြစ်နေတာသာ ဖြစ်ရမည်။

အခြေအနေကို နားလည်ဖို့ စုရှောင်ရှန် ပြောင်းလဲစဉ်းစားတွေးကြည့်သည်။ သူသာသူတော်စင်အစေအပါးဆိုရင် လျှိုလင်းလင်းကိုကယ်ဖို့ ဒီလောက်ကြီးမားတဲ့ အကြံအစည်ကြီးကို ချပါ့မလား။

ငှက်နှစ်ကောင်ကို ခဲတစ်လုံးနှင့် သတ်ဖို့ဆိုရင်တော့ သူလုပ်ကောင်းလုပ်နိုင်သည်။ ထိုသို့တွေးမိပြီး တစ်စုံတစ်ခုကို နားလည်သွားသလို သူ့မျက်ဆံများ ကျုံ့သွားခဲ့သည်။

“နှင်းမြို့တော်ရဲ့အလွမ်း” ရေရွတ်လိုက်ပါသည်။

မျက်နှာဖုံးတပ်လူ အရင်တစ်ခေါက်က ပေါ်လာတုန်းကလည်း ဒီနာမည်ကြီးဓားကို လိုချင်လို့မဟုတ်ပါလား။ ယခုတစ်ခေါက်လည်း ဓားကို ထပ်လုယူဖို့ လာတယ်ဆိုတာ စုရှောင်ရှန် ယုံကြည်သည်။

“ညီမမု စာကြည့်တိုက်ကိုသွားပြီး အဖိုးကြီးကိုရှာကြည့်။ ရှိတယ်ဆိုရင် တောင်တန်းအနောက်ဘက်ကို သွားဖို့ပြောလိုက်။ မတွေ့ရင်လည်း စာကြည့်တိုက်ထဲကနေ မထွက်မိစေနဲ့” ကလေးမလေးကို စုရှောင်ရှန်ညွှန်ကြားလိုက်သည်။

“နင်အဲ့ဒီကိုသွားမလို့လား” မုကျစ်ရှီ ချက်ခြင်း စိုးရိမ်တကြီး ဆက်လက်၍ “နင်သွားပြီးဘာလုပ်မှာလဲ။ အသေခံမလို့လား”

: [ကဲ့ရဲ့ခံရပါသည်။ ပင်ကိုယ်မှတ် + ၁]

ထိုတည့်တိုးမှတ်ချက်ကြောင့် စုရှောင်ရှန် အာစေးမိသွားသည်။

ဘာလို့ ဒီ‌ကလေးမလေးက ခုမှလာပြီး လိမ္မာပါးနပ်နေရတာလဲ။ ဘာလို့ တည့်တိုးကြီးပြောရဲတာလဲ။

သူထိုလူများကို အနိုင်မယူနိုင်ဘူးဆိုပေမယ့် သွားတာက သွားရပေမည်။ အဆုံးမှာ သူ့အိမ်က ထိုနားတစ်ဝိုက်မှာ မဟုတ်ပါလား။

ဒါ့အပြင်ကို စုရှင်းရှင်းကလည်း ထိုနေရာတွင်ရှိနေရာ ထိုကလေးမလေးကို စိတ်ပူမိချေသည်။

သူ့ အချက်အလက်ဖန်သားပြင်ကို စစ်ကြည့်လိုက်သည်။

: [ပင်ကိုယ်မှတ် : ၁၅၉၄၄]

ထျန်းရွှမ်တံခါးထဲက ထွက်လာပြီး‌နောက်မှာ ထောင်နှင့်ချီ၍ ပင်ကိုယ်မှတ်များကို စုဆောင်းထားပြီးပေပြီ။ သို့ပေမယ့် အများစုက ဓားစွမ်းအင်ကျောက်တုံးက လာခြင်းဖြစ်၏။

ထိုပစ္စည်းတစ်ခုတည်းက အမှတ် ၁၀၀၀၀ လောက်ပေးလိုက်သည်။

သို့ပေမယ့် လက်ရှိ သူ့အခြေအနေကြီးနှင့်တော့ ထိုအမှတ်များက လုံလောက်မှု မရှိပါချေ။

စုရှောင်ရှန် စွမ်းရည် အပိုင်းကိုကြည့်လိုက်သည်။

: [ပင်ကိုယ်လက်သီး(စွမ်းအင် ၃.၁၄%)]

၎င်းက သူ့ပင်ကိုယ်ဓာတ်စွမ်းအင်များကို စားသုံးပြီးနောက်မှ စနစ်က ပေးလိုက်သော စွမ်းရည်ဖြစ်ပါသည်။ ထိုအရာနှင့်မရင်းနှီးပေမယ့် အစွမ်းအင်မတန်ထက်မယ်လို့ ယုံကြည်ပေသည်။

အရင်တစ်ခေါက် သူစစ်ကြည့်တုန်းကတောင် ၎င်းက ၂.၁၁ ရာခိုင်နှုန်းမှာသာရှိနေသေးသည်။ ထိုအရာကို အနက်ရောင်ချောက်ကမ်းပါး၌ ဓားစွမ်းအင်များကို ခုခံပြီးမှရလာတာဖြစ်သည်။

ယခုတော့ ထိုဓားစွမ်းအင်ကျောက်တုံးတစ်ခုတည်းက ၁ ရာခိုင်နှုန်း‌များတောင်ပေးလိုက်၏။

“ဒါကို ငါနဲ့နယ်ပယ်တူ တိုက်ပွဲအတွက် နောက်‌ဆုံး ဝှက်ဖဲအနေနဲ့သုံးဖို့ကြံထားတာ။ ဒါပေမယ့် ဘယ်သူသိနိုင်မှာလဲ။ ဒီလောက်တောင် ခက်ခက်ခဲခဲစုစည်းထားရတာဆိုတော့ သူတော်စင်အစေအပါးတွေနဲ့ တိုက်ခိုက်တဲ့အခါမှာ တစ်ခုခုတော့ ဆန်းကြယ်တာဖြစ်နိုင်လောက်မှာပါ”

ဆုံးဖြတ်ချက်တစ်ခုကို ချဖို့တွေဝေနေပေသည်။ နောက်ဆုံးတော့လည်း လှုပ်ရှားရန်သာ ဆုံးဖြတ်လိုက်၏။

တစ်စုံတစ်ယောက်က တိုက်ပွဲ၀င်တော့မည်ဆို ပြင်ဆင်မှုများကို အသေးစိတ်ကျကျလုပ်ဆောင်ထားဖို့လိုသည်။ ဒါမှ အဓိက အခိုက်အတန့်တွေမှာ ခေါင်းမော့ရင်ကော့ကာ ရယ်မောနိုင်ပေမည်။

ဤသို့ စိတ်အခြေအနေမျိုးက တစ်စုံတစ်ယောက်၊ သူငယ်ချင်း၊ ကာကွယ်လိုသည့်သူ ဘယ်သူဖြစ်ဖြစ်ကို ကာကွယ်ရန် လိုအပ်ချက်ဖြစ်သည်။

“အဖိုးကြီးစီကိုသွား။ အမြန်။ ဒါနင့် တာ၀န်ပဲ”

မုကျစ်ရှီပါးစပ်လေးကိုဖွင့်ဟလိုက်သော်လည်း စိတ်ထဲဗလာကျင်း‌နေတာကြောင့် ဘာမှ မပြောနိုင်လိုက်ပါချေ။

တကယ်ပြောရလျှင် ရဲ့ရှောင်ထျန်းကို ပုံရိပ်ယောင်ထဲက ထုတ်ဖို့တောင် ဘယ်လိုလုပ်လိုက်လဲမသိ ကြက်ကန်းဆန်အိုးတိုးပြီးအောင်မြင်သွားခဲ့ခြင်းဖြစ်သည်။ သူမသိသည်က ကံကြမ္မာကို လက်ပုံမအပ်ချင်ဘူးဆိုတာပင်။

သို့ပေမယ့် ယခုလိုအချိန်မှာတော့ ခေါင်းငုံ့ စိတ်လျော့ကာ သဘောတူရုံမှ တစ်ပါးမရှိပါချေ။

သူမ၏ ဆရာကိုရှာနိုင်လျှင် စုရှောင်ရှန် အသက်ရှင်ဖို့က ပိုသေချာပေမည်။ ထိုသို့တွေးလိုက်ပြီး စတင်၍ လှုပ်ရှားတော့၏။

သူမ ထွက်ခွာသွားတာကိုမြင်လျှင် စုရှောင်ရှန်လည်း စိတ်သက်သာရာရသွားပြီးချက်ခြင်းလက်ငင်း တောင်အနောက်ဘက်သို့ သူလည်းပြေးသွားလိုက်၏။

“ငါတစ်ယောက်တည်း မျက်နှာဖုံးတပ်လူက နှင်းမြို့တော်ရဲ့အလွမ်းကို ယူဖို့သွားမယ်ဆိုတာ မယုံဘူး။ အဖိုးကြီးတို့ အကြီးအကဲရှောင်နဲ့ အခြားသူတွေလည်း သိပြီး စုရှင်းရှင်းကို ကာကွယ်ဖို့ သွားတောင် သွားနေလောက်ပြီ”

ဒါနဲ့ အခုသူတို့ဘယ်မှာလဲ။ စုရှင်းရှင်းကို သွားမကယ်နိုင်ကြအောင် ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။

“ငါအဝေးကနေပဲ အခြေအနေကို ကြည့်ပြီး လှုပ်ရှားရမယ်။ သွားလောလို့မဖြစ်ဘူး။ သူမက ငါ့ကို အကိုရှောင်ရှန်လို့ ခေါ်တယ်ဆိုပေမယ့် ငါတို့အကြားမှာ ဘာ နက်နက်ရှိုင်းရှိုင်းဆက်နွယ်မှ မရှိတာ။ ငါ့အသက်တော့ အသေမခံနိုင်ပါဘူး။ ဟုတ်တယ်။ ဒီလိုလုပ်ရမယ်။ အခြေအနေက လုံး၀အဆင်မပြေဘူးဆိုရင်တောင် သူမရဲ့ အလောင်းကို ကောက်မယ့်သူက ရှိမှာပါ”

ညအချိန်လေးဖြစ်ရာ လေညှင်းကလေးက အေးစက်မှုတို့ကို ဆောင်ကျဉ်းလာသည်။

အရှင်သခင်နယ်ပယ် ဓားဆန္ဒက နေရာတစ်ခုလုံးကို ထိုးဖောက်၀င်ရောက်နေသည်။ လေထဲတွင်လည်း ထောင်နှင့်သောင်းနှင့်ချီသော ဓားစွမ်းအင်တို့ ပျံဝဲနေကာ ကျောချမ်းဖွယ် ခံစားချက်ကို ပေးသည်။

ထိုဓားစွမ်းအင်များအားလုံးကို ဖျက်ဆီးပြီး စုရှင်းရှင်း၏ နဖူးကို မျက်နှာဖုံးတပ်လူ တောက်လိုက်၏။ သွေးများထွက်လာခဲ့သည်။

ဘုတ်…။

ကလေးမလေး၏ ခန္ဓာကိုယ်ထဲက ခွန်အားများပျောက်ဆုံးသွားကာ မြေပြင်၌‌ ပျော့ခွေ လဲကျသွားပြီး သတိမေ့သွားတော့သည်။

မျက်နှာဖုံးတပ်လူထိုသို့ အတန်ကြာရပ်နေပြီးနောက် ခေါင်းငိုက်စိုက်ချကာ သက်ပြင်းချလိုက်သည်။

“ကလဲ့စားဆိုတာ လူတစ်ယောက်ကို အဆင့်တက်စေဖို့ အရူးအမူး မောင်းနှင်ပေးတဲ့ အရာတစ်ခုပဲ” ထိုသတိမေ့မျောနေသောကောင်မလေးကို သူပြောသည်။

ဘုန်း ဘုန်း ဘုန်း…။

ဓားဆန္ဒတို့ ၎င်းတို့နှင့် သက်ဆိုင်သည့် နေရာများကို ပြန်ကျသွားပြီး လေထဲကို ဖုန်မှုန့်များ တထောင်းထောင်းထသွားစေလိုက်သည်။

အရှင်သခင်နယ်ပယ်ဓားဆန္ဒနှင့် စုရှင်းရှင်းတောင် မျက်နှာဖုံးတပ်လူနှင့် ရင်ဆိုင်ရတဲ့အခါ ချက်ခြင်း ရှုံးနိမ့်သွားရပေသည်။

“အချိန်မရှိတော့လို့ သွားလိုက်ပါဦးမယ်။ ဒါပေမယ့် ဓားကိုတော့ ငါယူသွားမယ်။ နင် အလုံအလောက်သန်မာလာတဲ့ နေ့ကြ ပြန်လာယူပေါ့”

မြေပြင်ပေါ်မှ အဖြူ၀တ်ကလေးမလေးကို ကြည့်ပြီး မျက်နှာဖုံးတပ်လူ ပြောလိုက်သည်။ ထို့နောက် ဧရာမဓားကြီးကိုကောက်ယူကာ သူ့နောက်ကျော၌ လွယ်လိုက်ပြီး လေထဲကို တက်သွားတော့သည်။

သူဝေးဝေးမသွားလိုက်ရသေးခင်မှာ ရုတ်တရက် ပါးစပ်နှင့် နှာခေါင်းတို့ကို ပိတ်ကာ ချောင်းအပြင်းအထန်ဆိုး၏။

အဟွတ် အဟွတ် အဟွတ် …။

အနက်ရောင်တိမ်တိုက်များက လ‌‌ ကိုဖုန်းကွယ်ထားသဖြင့် မှောင်နေပေရာ ထိုအမှောင်ထုထဲမှာ မျက်နှာဖုံးအသစ်တစ်ခု အမြန်လဲလိုက်ပြီး သွေးများပေနေသော မျက်နှာဖုံးကို ခြေမွပြီး မြေပြင်ပေါ်ပစ်ချလိုက်လေသည်။

“အခုတော့ လုပ်စရာတစ်ခုပဲရှိတော့တယ်…”

သူ့မျက်လုံးထဲ၌ စိတ်၀င်စားသောအလင်းတဖြတ်လက်သွားပြီး ကောင်းကင်ပေါ်က တိမ်ဆိုင်များကို ကြိုးစားဖောက်ထွင်းလာနေသည့် လရောင်ကိုကြည့်လိုက်သည်။

“၀မ်မင်။ မင်းဘယ်မှာလဲ”

ရွှင်းးးး…။

၎င်းက ဓားအိမ်မှ ဓားဆွဲထုတ်သည့်အသံဖြစ်သည်။

မျက်နှာဖုံးတပ်လူလှည့်ကြည့်လိုက်ရာ သွေးသံတရဲရဲရပ်နေသည့်လူကိုတွေ့လိုက်ရ၏။ ထိုသူ့ကို သူသိပါသည်။

သူ့ကိုဓားနှင့် ချိန်ရွယ်ဖူးသည့်သူကို မေ့နိုင်မတဲ့လား။

“မင်း ပြန်သက်သာလာပြီပေါ့လေ” မျက်နှာဖုံးအောက်က သူ့နှုတ်ခမ်းထောင့်ကွေးတက်သွားသည်။

ရှောင်ချိစွေ၏ ကိုယ်က တဆတ်ဆတ်တုန်ခါနေခဲ့သည်။ မျက်နှာဖုံးတပ်လူကို ဘာမှ မပြောဘဲ တိုက်ခိုက်ရန်ပြင်လိုက်၏။

၎င်းက အရင်တစ်ခေါက်က သူအသုံးပြုလိုက်သည့် အကွက်ပဲဖြစ်ပေမယ့် သူ့စိတ်နေသဘောထားကတော့ မတူညီပါပေ။

ဒီတစ်ခါ သူ ရှောင်ချိစွေက သူ့အတွက် သူ့ဓားကို ဆွဲထုတ်နေခြင်းမဟုတ်ဘဲ စုရှင်းရှင်းအတွက် ထုတ်ခြင်းဖြစ်ပေသည်။

“မင်းကို ကြည့်ရတာ ငါ့ကိုသိတဲ့ပုံပါပဲ။ ဒါတောင် ဓားရွယ်ရဲသေးတယ်နော်” မျက်နှာဖုံးတပ်လူ ရယ်မောပြီး မေးလိုက်သည်။

“ဓားကိုချလိုက်” ရှောင်ချိစွေ ဒေါသတကြီးအော်သည်။

“ဟက် မင်းက ဒေါသထွက်တာတော့ လွယ်သားပဲ”

မျက်နှာဖုံးတပ်လူက မြေပြင်ပေါ်က စုရှင်းရှင်းကို လည်ပြန်ကြည့်ပြီး “ငါသူ့ကိုမသတ်ဘူး။ ဒါပေမယ့် ဓားတော့ယူသွားမယ်”

နှင်းမြို့တော်၏အလွမ်းက သူ့နောက်ကျော၌ဖြစ်သည်။ သာမန်ကြိုးဖြင့် လွယ်ထားတယ်ဆိုပေမယ့် ၎င်းက ရုတ်ရုတ် ရုတ်ရုတ်မလုပ်ရဲပေ။

‌စိတ်ဝိညာဉ်အနှစ်များဖြင့် စုရှင်းရှင်းကို သူ့ထံ ရှောင်ချိစွေ ဆွဲမပြီး ခေါ်ယူလိုက်သည်။ ထို့နောက် သွေးကြောကိုအလျင်အမြန်စစ်ကြည့်ပြီးမှ ဒဏ်ရာပြင်းပြင်းထန်ထန်မရတာသိပြီး စိတ်သက်သာရာရသွားလေသည်။

သူမ အန္တရာယ်ကင်းလို့ တော်သေးတာပေါ့။

သို့ပေမယ့် နာမည်ကြီးဓားကို ဒီအတိုင်းယူသွားခွင့်မပေးနိုင်ပါချေ။

“ဓားကိုချလိုက်” သူထပ်မံ ပြောကြားသည်။

မျက်နှာဖုံးတပ်လူကို ကြည့်ရတာ သူ့ကို ကစားချင်နေသလိုနှင့် ရှေ့ကို တက်လိုက်သည်။‌ ရှောင်ချိစွေ ထိတ်လန့်သွားတယ်ဆိုပေမယ့် နောက်မဆုတ်ဘဲ မြဲမြဲမြံမြံ ရပ်လိုက်၏။

“စိတ်၀င်စားစရာပဲ။ ငါ့ရန်သူတွေထဲမှာ မင်းတစ်ယောက်တည်းဘဲ ငါ့ကို ဓားနဲ့ နှစ်ကြိမ်ရွယ်ရဲတယ်”

အပိုင်း (၂၀၅) လမ်းစဉ်လုယူခြင်း

ရှောင်ချိစွေ၏ မျက်နှာထက်၌ စိတ်ပျက်အားလျော့သော အမူအရာရှိနေသည်။

အခြားသူ ကြွားဝါနေခြင်းမဟုတ်တာ သူသိသည်။ ထို့ပြင် သူဘယ်သူလဲသိရာ သူ့စွမ်းဆောင်ရည်များကိုလဲ သိပါသည်။

မျက်နှာဖုံးတပ်လူကို သိသည့်သူများသာ သူက ကြွားလုံးထုတ်နေခြင်းမဟုတ်ဘဲ အမှတ်တရားကို ပြောနေတာ သိနိုင်မည်။

“မင်းရဲ့ဓားက တုန်ခါနေတယ်”

မျက်နှာဖုံးတပ်လူက အသာအယာ ထောက်ပြလိုက်သည်။ ထို့နောက် အံ့အားသင့်သွားသော ရှောင်ချိစွေကို ကြည့်ကာ ဆက်လက်၍ “ဓားသမားတစ်ယောက်က ရန်သူရှေ့မှာ ဓားကိုတောင် ကောင်းကောင်းမကိုင်နိုင်ဘူးတဲ့။ ဒါတောင် ဒီလိုဓားသမားက သူများကို ကာကွယ်ချင်နေသေးတယ်။ ပြီးတော့ရင်ဆိုင်နေရတာကလည်း အကြောက်ရဆုံးရန်သူ…”

သူ့လက်ထဲက စုရှင်းရှင်းကို ရှောင်ချိစွေကြည့်လိုက်ရာ စိတ်တင်းမာသွားရသည်။

မျက်နှာဖုံးတပ်လူပြောတာမှန်သည်။ ရန်သူက သန်မာသည်ဖြစ်စေ မသန်မာသည်ဖြစ်စေ သူ့ဓားကို တုန်ခါခိုင်းစေလို့ မရပါချေ။

“ဒါပေမယ့်…”

မျက်နှာဖုံးတပ်လူက ရှောင်ချိစွေ၏ စိတ်ဆန္ဒကို ချိုးဖျက်ချင်နေသလိုမျိုး ဆက်လက်၍ ဓားအလားချွန်ထက်သော စကားဖြင့် တိုက်ခိုက်လိုက်သည်။ “လက်နက်တွေထဲမှာ ဓားကကြောက်စရာအကောင်းဆုံးပဲ။ မင်းရဲ့ ဓားက တိုက်ပွဲတောင် မဝင်ရသေးဘူး တုန်ခါနေတာကိုကြည့်ပါဦး။ ဒါနဲ့ ငါ့ကို ဘယ်လိုတိုက်ခိုက်နိုင်မှာလဲ။ သူတို့လျှောက်နေတဲ့လမ်းကနေ သွေဖယ်သွားတဲ့လူက အဲ့လမ်းစဉ်ကို ဖြတ်ချနိုင်မှာမဟုတ်ဘူး”

ထိုစကားက မိုးကြိုးအလား ရှောင်ချိစွေ၏ အတွေးများကို ဗလာကျင်းသွားစေလိုက်သည်။

“လမ်းစဉ်ကိုဖြတ်ချတယ်…” သူ့ကိုယ်သူ အရှုံးသမားတစ်‌ယောက်နဲ့ တူနေတာတောင် ဂရုမစိုက်နိုင်တော့ဘဲ ရေရွတ်လိုက်သည်။

“မဟာလမ်းစဉ်အတွက်တိုက်ခိုက်တဲ့နေရာမှာ ခြေတစ်လှမ်းမှားတာနဲ့ သွားပြီပဲ။ ကိုင်ဆောင်တဲ့ဓားကိုတောင် တုန်ခါစေနဲ့သူက ဘယ်တော့မှ ခပ်ဝေးဝေးရောက်မှာမဟုတ်ဘူး။ မင်းအလျော့ပေးလိုက်ပြီး ဘ၀ကို လူဖျင်းတွေလို အေးအေးဆေးဆေး ဖြတ်သန်းဖို့ကောင်းနေပြီ”

ရှောင်ချိစွေကို စကားလုံးများဖြင့် မျက်နှာဖုံးတပ်လူက ဆက်လက်တိုက်ခိုက်နေရာ သူက စိုးရိမ်တကြီးနှင့် သတ္တိကင်းမဲ့လာသည့် ပုံတောင်ပေါက်နေလေသည်။

ကောင်းကင်က ကြယ်များတောင် သူ့အတွက် အရောင်မဲ့သွားရသည်။ လရောင်ကိုလည်း မိုးတိမ်တိုက်တို့ ဖုန်းကွယ်လိုက်ကြ၏။

ရွှီး…။

ရှောင်ချိစွေ၏ အရှိန်အဝါ အားနည်းသထက်နည်းလာတော့ရာ မျက်နှာဖုံးတပ်လူက ထေ့ထေ့ငေါ့ငေါ့ ထပ်ဆိုသည်။ “စကားလုံးအနည်းငယ်တည်းနဲ့တောင် လုယူနိုင်နေတာ မင်းရဲ့ လမ်းစဉ်က ဘာမှလည်းမဟုတ်ပါဘူး”

ထိုစကားကြောင့် ရှောင်ချိစွေအသိပြန်လည်လာပြီး ချွေးစေးများထွက်တော့လေသည်။ သူ့လမ်းစဉ်ကနေသွေဖယ်နေတာလား။ သူ့လမ်းစဉ်ကို မျက်နှာဖုံးတပ်လူက လုယူနေတာလား။

ဧကရာဇ်နယ်ပယ်ကျင့်ကြံသူများအကြား တိုက်ပွဲက အမြဲ မဟာလမ်းစဉ်အဆင့်က တိုက်ပွဲသာဖြစ်သည်။ တစ်ယောက်ယောက်၏ လမ်းစဉ်က အခြားတစ်ယောက်ကြောင့် လွှမ်းမိုးခံလိုက်ရလျှင် ထိုသူတော့ သွားချေပြီး ဘယ်တော့မှ နလံပြန်ထူနိုင်တော့မည်မဟုတ်ပေ။

၎င်းက လူတစ်ယောက်၏ ဘ၀မှာ ယုံကြည်ချက်နှင့် ရည်ရွယ်ချက်တို့ကို ဆုံးရှုံးလိုက်ရတာနှင့်တူ၏။

ရှောင်ချိစွေရော မျက်နှာဖုံးတပ်လူရောက ဓားသမားများဖြစ်ကြသည်။ သို့ပေမယ့် ရှောင်ချိစွေက မျက်နှာဖုံးတပ်လူ၏ ကဲ့ရဲ့မှုကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ပျောက်ဆုံးမကဲ့သို့တောင်ရှိနေ၏။ ဒီလိုသာ ဆက်သွားရင် သူ့မဟာလမ်းစဉ်လည်း ပျက်ဆီးရမှာပဲ။ သို့ဆိုရင် ရှောင်ချိစွေ ပြင်းပြင်းထန်ထန်ဒဏ်ရာရတာမဟုတ်ရင် သေတောင်သေသွားနိုင်သည်။

ယခုဖြစ်ပျက်နေသည်များကို သိရပြီး ရှောင်ချိစွေ၏ စိတ်ထဲတွင် သံသယများ ပေါက်ဖွားလာရကာ စိုးတထိတ်ထိတ်ဖြစ်လာသည်။ သူတို့နှစ်ယောက်က ရန်သူဖြစ်ရာ တစ်ခြားသူ၏ လမ်းစဉ်ကို လွှမ်းမိုးဖို့ကြံတာက သာမန်ပဲဖြစ်၏။

ဒါဆို သူအောင်မြင်တော့မှာကို မျက်နှာဖုံးတပ်လူက ဘာဖြစ်လို့ ရပ်လိုက်ရတာလဲ။ မသိရင် သူက လမ်းစဉ်ကို လုယူဖို့ကြိုးစားနေတာမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ တိုက်ပွဲတစ်ခုကို အနိုင်ရယူရန် ကြိုးစားနေသလိုလိုနှင့်…။

ရှောင်ချိစွေ၏ မျက်နှာထက်တွင် ပဟေဠိဖြစ်နေသော အမူအရာပေါ်လာပြီး အတွေးနက်သွားတော့သည်။

အကယ်၍ တခြားတစ်ယောက်သာ မျက်နှာဖုံးတပ်လူ၏ နေရာမှာဆို ရှောင်ချိစွေ၏ ယုံကြည်မှုကို ကိုင်လှုပ်ဖို့ ဖြစ်နိုင်မည်မဟုတ်ပေ။ တကယ်က ဧကရာဇ်နယ်ပယ်မှာ အခြားတစ်ယောက်၏ လမ်းစဉ်ကို အောင်အောင်မြင်မြင်လုယူနိုင်တာက ကောက်ရိုးပုံအကြားအပ်ပျောက်ရှာရသလို ရှားပါးလှသည်။

သူ့ရှေ့မှ မျက်နှာဖုံးတပ်လူဖြင့်လူက စိတ်ပိုင်းဆိုင်ရာအရ သူ့ကို လမ်းစဉ်ကိုဆုံးအောင်လျှောက်နိုင်ပါစေဦး ဘာတတ်နိုင်မှာလဲ ဆိုတဲ့ အတွေးအမြင်ရောက်လာအောင်လို့ ပြောနေသည်။

“အဲ့တော့ ဘာဖြစ်လဲ”

ရှောင်ချိစွေသူ့ဓားကို တင်းတင်ကြပ်ကြပ်ကိုင်ဆုပ်လိုက်သည်။ သူ့မျက်၀န်းများက အမှောင်ထုကို အလင်းပေးစွမ်းနေသည့် လများအလား တောက်ပေနေ၏။

မျက်နှာဖုံးတပ်လူ၏ ဖိအားမရှိဘဲနှင့် ဤသို့သော အသိအမြင်ကို သူရနိုင်လိမ့်မည်မဟုတ်ချေ။ သူ့စိတ်က ရှင်းလင်းသွားခဲ့ပြီး ဘာတွေဝေခြင်း အတွေးတိမ်ဆိုင်မှ မရှိတော့ပေ။

ဓားသမားတို့၏ လမ်းစဉ်ကိုက သူတို့ နတ်ဘုရားများလို့ထင်သည့်လူများကို သတ်ဖြတ်ခြင်းဖြစ်သည်။ သူ့ရှေ့က မျက်နှာဖုံးတပ်လူကို နတ်ဘုရားတစ်ပါးအနေနှင့် သူက သတ်မှတ်ထားရာ ထိုလမ်းစဉ်ကိုလိုက်ရပေမည်။

“ဓားကိုချလိုက်”

၎င်းကို တတိယအကြိမ်မြောက်ပြောခြင်းဖြစ်ပြီး ပြောင်းလဲမှုက သိသာထင်ရှားသည်။ သူ့ဓားကို ခိုင်ခိုင်မာမာဖြင့် ညကောင်းကင်ကိုထိုးဖောက်တော့မလို မြှောက်လိုက်၏။

“ဟားဟား”

မျက်နှာဖုံးတပ်လူ ကျယ်ကျယ်လောင်လောင် ရယ်လိုက်ပါသည်။ ထို့နောက် ရှောင်ချိစွေကို လှည့်တောင်မကြည့်‌ဘဲ ထွက်သွားရန်ပြင်လိုက်သည်။ “ဒီကလေးမလေးကိုခေါ်သွားပြီး သွားတော့ ငါဒီည လူမသတ်ချင်ဘူး”

ထိုအချင်းအရာကြောင့် ရှောင်ချိစွေ မှင်တက်သွားရသည်။

ဘာဖြစ်ဖြစ်တိုက်ခိုက်ရန်ဆိုပြီး ကြံလိုက်ပေမယ့် ကျိုးကြောင်းဆီလျော်မှုက ၀င်တားသည်။ ဘာလို့ဆို သူ့ရှေ့ကလူက…။

သို့ပေမယ့် သူ့လမ်းစဉ်နှင့်ပတ်သက်၍ အလင်းပေါက်သွားခဲ့ရာ ရှေ့ဆက်တိုးလိုက်၏။

ဖက်…။

ခြေတစ်လှမ်းပဲရှေ့တက်ရသေးချိန်မှာ သူ့လက်ထဲက ကောင်မလေးက သူ့အင်္ကျီ‌ကော်လံကို လှမ်းဆွဲသည်။ သူငုံ့ကြည့်လိုက်ရာ စုရှင်းရှင်းက နှုတ်ခမ်းများကိုကိုက်ပြီး ခေါင်းခါရမ်းပြနေတာ တွေ့ရသည်။

ရှောင်ချိစွေလုပ်တော့မည့်အရာကြောင့် စုရှင်းရှင်း ရွေးချယ်စရာနှစ်ခုကို ရင်ဆိုင်လိုက်ရသည်။ နာမည်ကြီးဓားလား သူမဆရာ၏ အသက်လား။ ၎င်းက ရွေးချယ်ရန်ခက်ခဲပေမယ့် အဖြေကို သိနှင့်ပြီးနေပြီ။

သို့ပေမယ့် ရှောင်ချိစွေလည်း တွေဝေနေရ၏။

သူ့အသက်လား မဟာလမ်းစဉ်လား။

ရှောင်ချိစွေ ဘာကိုရွေးချယ်ရမလဲ ခေါင်းခြောက်သွားပြီး ဆိတ်ငြိမ်ကျသွားသည်။

ချမ်းစိမ့်စိမ့် ညလေညှင်းကလေးက တောင်တန်းများအကြားမှာ တိုက်ခိုက်နေပြီး ပန်းပွင့်ကလေးများကို အရှေ့အနောက် ယိမ်းယိုင်နေစေလေသည်။ ပုရစ်ကောင်များ၏ အော်သံများကိုလည်း ညအခါမို့ ကြားနေရ၏။

မျက်နှာဖုံးတပ်လူ၏ အရိပ်က တဖြည်းဖြည်းရှည်ပြီး ပျောက်ကွယ်စပြုလာသည်။ သူက ကျောပေးထားတယ်ဆိုပေမယ့် သတိတော့ ချပ်ထားသေးပြီး သူ့နောက်က လူတိုက်ခိုက်လာမှာကို စောင့်နေပေသည်။

သို့သော် အဝေးသို့ရောက်သည့်တိုင်အောင် သူ့နောက်က ဘာလှုပ်ရှားမှုကိုမှ မခံစားရချေ။

မျက်နှာဖုံးတပ်လူ ခေါင်းကိုခါရမ်းပြီးသက်ပြင်းချလိုက်သည်။ ထောင့်တစ်ခုသို့ရောက်သောအခါ ချိုးကွေ့လိုက်ရာ သူ့ပုံရိပ်က ပျောက်သွားခဲ့လေသည်။

“မင်းကို ဆွဲနှောင်ထားတဲ့အရာတွေကများနေတယ်။ မင်းက ဓားသမားတစ်ယောက်ဖြစ်လာဖို့ မထိုက်တန်ဘူး။ အလျော့ပေးလိုက်တော့”

‌ဂျိမ်းကတည်းမြည်သံကြီးနှင့်အတူ ရှောင်ချိစွေ၏ အားကောင်းလာသော မဟာလမ်းစဉ်က ထိုစကားကြောင့် ပြန်အက်ကွဲသွားရသည်။ ထို့နောက် တစ်စချင်းစီ ပျက်ဆီးပျောက်ကွယ်ကုန်၏။

သူ့ဓားကိုတင်းတင်းကြပ်ကြပ်ကိုင်ထားပြီး မျက်၀န်းများက သံသယတို့ဖြင့် ပြည့်နေသည်။ သူ့ယုံကြည်မှုက ပျက်ဆီးသွားရပြီး နလံပြန်ထူဖို့ဆိုတာ ခက်ချေတော့မည်။

စုရှင်းရှင်း စိုးတထိတ်ထိတ်ဖြစ်နေရ၏။ ‌ခြေလှမ်းတစ်လှမ်းက ရှောင်ချိစွေကို သေ‌ခြင်းနှင့် ရှင်သန်ခြင်းအကြားမှာ လွန်ဆွဲသွားစေမည်ဟု မထင်ထားပါလေ။

“ဆရာ…” အားအင်ချိနဲ့စွာ သူမ ခေါ်လိုက်သည်။

ရှောင်ချိစွေ၏ မျက်နှာထက်၌ နာကျင်နေသော အမူအရာပေါ်လာပြီး အံကိုတင်းတင်းကြိတ်လိုက်သည်။ သူ့ပါးစပ်ထောင့်မှ သွေးများစီးကျလာခဲ့၏။

“ဆရာ အဆင်ပြေပါတယ်… အဟွတ်”

ရှောင်ချိစွေ စကားပြောလိုက်သောအခါ ထိန်းမထားနိုင်တော့ဘဲ စုရှင်းရှင်း၏ ကြောက်ရွံ့နေသော မျက်နှာပေါ် သွေးများအန်ကျသွားသည်။ သူမ၏ ဆရာက အဆင်ပြေပါတယ်ပြောနေပေမယ့် သေခြင်းရှင်ခြင်း ဖြတ်မျဉ်းပေါ်မှာ ယိုင်တိုင်တိုင်ရှိနေပါသည်။

ဘုတ်ကတည်းက ရှောင်ချိစွေ မြေပြင်ပေါ်ကိုဒူးထောက်ကျသွားပြီး သူ့အရှိန်အဝါက သေတော့မည့်လူတစ်ယောက်အလား အားအင်ချိနဲ့လာခဲ့သည်။

စုရှင်းရှင်းလည်း ဘေးတစ်ဘက်ကိုလှိမ့်ကျသွား၏။ ကောင်မလေးက မျက်ရည်များရွှဲနေပြီး သူ့ကို ဖေးမပေးရန် ထရန်ဖို့ ကြိုးစားနေသည်။

“အဲ့မှာပဲ နေ”

ရှောင်ချိစွေ စိတ်ပျက်မှုများ၊ နောင်တ တရားများပြည့်နေသော အမူအရာဖြင့် ‌မြေပြင်ပေါက်ကို ဓားစိုက်ချပြီး အားယူလိုက်သည်။

မှားသွားပြီ။

သူမှားသွားချေပြီ။

နောက်ဆုံးတော့ လူမသတ်ဘဲနှင့် စိတ်ကိုသတ်သည့် လူကို တွေ့ဖူးလေပြီ။

ပထမဆုံး မျက်နှာဖုံးတပ်လူက ရှောင်ချိစွေကို မဟာလမ်းစဉ်ဖြင့် လွှမ်းမိုးပြီး သူ့ကို တိုက်ခိုက်ရဲမှာ မဟုတ်တာ သိတာကြောင့် “ဘာဖြစ်ဖြစ် နတ်ဘုရားကိုသတ်မယ်” ဆိုသော အတွေး၀င်လာအောင်လုပ်သည်။

ထို့နောက် နောက်လှည့်ကာထွက်သွားသည်။ နောက်က ရှောင်ချိစွေ လိုက်မမှီနိုင်ဘဲ ဓားထုတ်လိုက်မယ်ဆိုရင် သူ့တရားမျှတမှုလမ်းစဉ်ကို ငြင်းပယ်လိုက်သလို ဖြစ်သွားပေမည်။

ရှောင်ချိစွေက အရူးလုပ်ခံလိုက်ရပေသည်။

“အဟွတ်”

ရှောင်ချိစွေပို၍ အားအင်ချိနဲ့လာခဲ့ပြီး သေခြင်းအရှိန်အဝါက ပို၍ ထူထပ်လာခဲ့သည်။

တစ်စုံတစ်ယောက်က လမ်းစဉ်ကို ‌ဆုံးရှုံးသွားမယ်ဆိုရင် နလံပြန်ထူဖို့ အင်မတန်ခက်ခဲပေလိမ့်မည်။

ထို့ပြင် သူ့ပြိုင်ဘက်က မျက်နှာဖုံးတပ်လူဖြစ်နေရာ ပိုလို့ဆိုးပြီး အစကတည်းက ပျက်ဆီးဖို့ကို အကြောင်းဖန်လာရပါသည်။

“ဆရာ”

စုရှင်းရှင်း အသံတစ်ဆုံး အော်ဟစ်လိုက်သည်။ သူမ၏ ဓားကိုစွန့်လွှတ်ရခြင်း ရည်ရွယ်ချက်ကိုက ဆရာ့ကို ကယ်တင်ရန်ဖြစ်ကာ ယခုတော့ အခြေအနေက ပိုဆိုးလာသောကြောင့် ထိတ်‌လန့်ကြောက်ရွံ့သွားရသည်။

သေခါနီးမှ သူ၏ ချစ်တပြည့်ကိုကြည့်ပြီး တစ်စုံတစ်ခုကို သိလိုက်ရတာကြောင့် ရှောင်ချိစွေ ခါးခါးသီးသီးရယ်လိုက်သည်။

တကယ်က ယခုလို ဖြစ်နေရတာက မျက်နှာဖုံးတပ်လူ၏ အမှားမဟုတ်ရပါချေ။ သူသာ သူ့ဓားကို ခိုင်ခိုင်မြဲမြဲကိုင်နိုင်ခဲ့မယ်ဆိုရင် သူ့လမ်းစဉ်ကိုတောင် အောင်အောင်မြင်မြင် ဖြတ်ချကောင်းဖြတ်ချနိုင်ပေလိမ့်မည်။

ထို့နောက် မျက်နှာဖုံးတပ်လူ၏ ပုံရိပ် ပျောက်ကွယ်သွားသည့်ဘက်သို့ လက်သီးကို ကျစ်ကျစ်ဆုပ်ပြီး ငေးကြည့်လိုက်သည်။ အခွင့်အရေးက သူ့ရှေ့မှာရှိနေတာကို အတွက်အချက်မှားသွား၏။

“နေ နေ အဲ့ဒီမှာပဲနေ။ ငါ ရတယ်…”

ရှောင်ချိစွေ၏ မျက်လုံးများက နာကျင်မှုကြောင့်ပိတ်သွားရ၏။ ၎င်းက သူ့အတွက် လမ်းဆုံးပေလော။

ဘုန်းးး…။

ရုတ်တရက် မလှမ်းမကမ်းမှ မျက်နှာဖုံးတပ်လူ ၀င်သွားသော လမ်းကလေးမှပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။

မျက်ရည်များဖြင့် ဆရာတပြည့်နှစ်ယောက် အလန့်တကြား ထိုအသံကြားရာဘက်ကို လှည့်ကြည့်လိုက်ကြ၏။

ထိုနေရာတွင် ဧရာမ အက်ကြောင်းကြီးများ မြေပြင်၌ထလာပြီး ဖုန်၊ မှုန်များ ကွယ်သွားသောအခါ ရင်ဘက်မှာ စိုက်နေသည့် အနက်ရောင်ဓားတစ်ချောင်းကို ကိုင်ထားသော မျက်နှာဖုံးတပ်လူကို တွေ့ရသည်။ ထိုမြင်ကွင်းက သူတို့ နှစ်ယောက်ကို ကြက်သေသေသွားစေပါသည်။

ဒက်…။

ဒက်…။

တိတ်ဆိတ်သော ညကလေးဖြစ်ရာ သွေးစက်ကျသံများကို ရှင်းရှင်းလင်းလင်း သူတို့ ကြားရပေသည်။

မျက်လုံးအိမ်မှ ရှောင်ချိ‌စွေ၏ မျက်လုံးများ ထွက်ကျမတတ် ပြူးကျယ်သွားတော့သည်။ သူမြင်လိုက်ရသည့်အရာက ထိတ်လန့်ဖွယ်ရာ ကောင်းလွန်းလှတာကြောင့် ပျက်ဆီးနေသော သူ၏ မဟာလမ်းစဉ်တောင် ရပ်တန့်သွား၏။

တစ်စုံတစ်ယောက်က မျက်နှာဖုံးတပ်နှင့်လူ၏ ရင်ဘက်ကို ဓားဖြင့်ထိုးလိုက်လေသည်။

“လခွမ်း”

အပိုင်း (၂၀၆) စိတ်ဝိညာဉ်နန်းတော်အတွင်းက ဓားတစ်ချောင်းနဲ့ လျှောက်ပြေးနေတဲ့ အရူး

အချိန်ကို အနည်းငယ် နောက်ရစ်ကြည့်ရမယ်ဆိုရင်…။

မုကျစ်ရှီနှင့် လမ်းခွဲပြီးနောက်မှာ စုရှောင်ရှန် တောင်အနောက်ဘက်ကို တန်းပြေးတော့သည်။

အရှင်သခင်နယ်ပယ် လျင်မြန်မှုကို ပိုင်ဆိုင်တာကြောင့် အတွင်းစည်းတစ်ခုလုံးကိုတောင် အသာလေး အချိန်အနည်းငယ်အတွင်း ဖြတ်ကူးနိုင်သည်။ ဒါဖြင့် သူ့အိမ်သစ်လေးနားကို သိပ်မကြာခင်မှာရောက်သွားတော့၏။

ထို့နောက် ခပ်ဝေးဝေးမှ စောင့်ကြည့်မည့်သူ့အစီအစဉ်ကိုအကောင်အထည်ဖော်လိုက်သည်။

အဆင့်မြှင့်ထားသော သူ၏ အကြားအမြင်စွမ်းရည်ဖြင့် တောင်တွေကြားမှာ ရှိတဲ့ အရာအားလုံးကို လွယ်လင့်တကူ မြင်နိုင်နေပေသည်။ ဒါ့အပြင်ကို သူတို့ပြောတာအားလုံးကြားနိုင်ပြီး နှာခေါင်းရှုံ့လိုက်သံကိုတောင်ကြားလိုက်ရသည်။ စုရှောင်ရှန် သူတို့လေသံနှင့် ကိုယ်နေဟန်ထားများကို လေ့လာလိုက်၏။

ရှောင်ချိစွေက စုရှောင်ရှန်ရောက်လာတာနဲ့ကွက်တိ အချိန်ကိုက်မှာရောက်လာသည်။ မျက်နှာဖုံးတပ်လူက အရင်တစ်ခေါက်တုန်းက ရှောင်ချိစွေကို အသာလေး အနိုင်ယူနိုင်တာ ယခုလည်း ရှောင်ချိစွေကို လျှပ်တပြက်အတွင်း ကိစ္စတုံးလိုက်မယ် ‌တွက်လိုက်သည်။

သို့ပေမယ့် ဇာတ်လမ်းက သူရေးထားသည့်အတိုင်းဖြစ်မလာခဲ့ပါပေ။ မျက်နှာဖုံးတပ်လူက ဓားဖြင့်မဟုတ်ဘဲ စကားဖြင့် ရှောင်ချိစွေကို သွေးပွက်ပွက်အန်အောင်လုပ်လိုက်၏။ ဤအဖြစ်အပျက်တစ်ခုလုံးက ဘေးက စောင့်ကြည့်နေသည့် စုရှောင်ရှန်အတွက် အလွန်အမင်း မသင်္ကာစရာကောင်းနေသည်။

ငန်းရေကန်မှာတုန်းက မျက်နှာဖုံးတပ်လူကို အကဲခတ်ကြည့်ရသလောက်တော့ သူက စကားများသည့် သူမဟုတ်ပါချေ။

ဒီကစ္စနှင့် ပတ်သက်ပြီး စုရှောင်ရှန် တကယ်ကြီးကို သံသယ၀င်‌သွားသည်။ မျက်နှာဖုံးတပ်လူ၏ စိတ်နေစိတ်ထားက ခပ်ဆတ်ဆတ်ရှိမည့်လူဟု ယူဆထားပြီး သူ့ရှေ့မှာလည်း အံ့အားသင့်ဖွယ်ရာများ လုပ်ပြပြီးပြီမဟုတ်ပါလား။

“ဒီလူ အကြီးအကဲတစ်ယောက်ကိုတောင် တစ်ချက်တည်း ကိစ္စတုံးနိုင်တာ ဘာလို့ လေပေါနေတာလဲ”

စုရှောင်ရှန် ပထမအကြိမ် ပဟေဠိဖြစ်သွားသည်။

သူတို့စကားဝိုင်းတစ်ခုလုံးကို ခိုးနားထောင်နေခဲ့ခြင်းဖြစ်ပါသည်။ သို့ပေမယ့် သူ့ကို ထောက်လှမ်းမိသည်ဆိုသော အသိပေးချက်က ဖန်သားပြင်ပေါ်မှာ ပေါ်မလာခဲ့ပါချေ။ ထို့ကြောင့် ဒုတိယတစ်ကြိမ် ပဟေဠိဖြစ်ရသည်။

တစ်ခုခုတော့မှားကို မှားနေတာ။

မျက်နှာဖုံးတပ်လူက ရှောင်ချိစွေ စိတ်အခြေအနေကို ရောက်ရက်ခက်အောင်လုပ်နေတာ မထူးဆန်းပေ။ ဒါပေမယ့် သူနှင့်ထိုသုံးယောက်အကြား အကွာအဝေးဖြင့်ဆိုရင် သူချောင်းကြည့်နေတာ သန်မာလှပါတယ်ဆိုသော မျက်နှာဖုံးတပ်လူ သတိထားမိသင့်သည်မဟုတ်ပါလား။

သူငါ့ကို မတွေ့ရဘူးလား။ မဖြစ်နိုင်ဘူး။

ဘယ်လောက် ပဟေဠိဖြစ်နေပါစေ မျက်နှာဖုံးတပ်လူက တကယ်ကို သူ့ကို သတိမထားမိတာက လက်တွေ့ ဖြစ်သည်။

ထို့ကြောင့် ထိုင်မရ ထမရ ဘာလုပ်ရမှန်းမသိဖြစ်နေသည့် စုရှောင်ရှန်က မျက်နှာဖုံးတပ်နှင့်လူ ရှောင်ချိစွေနှင့် လေပေါပြီးနောက် သူ့ဘက်ကို မမြင်သလို လျှောက်လာတာတွေ့လိုက်ရသည်။

စုရှောင်ရှန် ဒီအခြေအနေကြီးနှင့် အင်မတန်ရင်းရင်းနှီးနှီးရှိနေသည်ဟု တွေးမြင်ယောင်မိသွားလေသည်။ ထို့နောက်မှ အဖြစ်အပျက်ကို စက္ကန့်ပိုင်းအတွင်း ပြန်လည် ဆင်ခြင်ကြည့်ရာ မျက်နှာဖုံးတပ်လူက ဟန်ဆောင်နေသည်ဟု ကောက်ချ ကျလိုက်၏။

၎င်းက ဖုန်းကုန်းနှင့်ရှောင်းယီတို့ကို သူလေလုံးထုတ်ခြောက်လှန့်စဉ်ကနှင့် ဆင်တူသည်။ ရှောင်ချိစွေက ဖုန်းကုန်းတို့လို ခံရသူဆိုတော့ မမြင်နိုင်ပေမယ့် ဘေးက သူ စုရှောင်ရှန်ကတော့ ကွက်ကွက်ကွင်းကွင်းကြီးကို မြင်ရသည်။

ဘာလို့ မျက်နှာဖုံးတပ်လူက ‌လေများနေတာလဲ။ ပျံရမယ့်အစား ဘာလို့ လမ်းလျှောက်ထွက်လာတာလဲ။

ဒီလူ တစ်ခုခုကို ဖုန်းကွယ်ထားခြင်းဖြစ်ရမည်။

သူတို့ပထမဆုံးအကြိမ်တွေ့တုန်းကလည်း မျက်နှာဖုံးတပ်လူကို မမျှော်လင့်ဘဲ ထိခိုက်အနာတရဖြစ်အောင်လုပ်မိတာ သတိရသွားသည်။ သေချာပြန်စဉ်းစားကြည့်ရင် သူဘယ်လို လုပ်လိုက်တာလဲ။ မျက်နှာဖုံးတပ်လူက ဒီလောက်ကြမ်းထော်နေတာကို သူ့ကြောင့် သွေးလည်းအန်ထွက်သွားရသေးသည်။

အရင်က ဒီအချက်တွေကို လစ်လျူရှူထားပေမယ့် လက်ရှိမှာတော့ ဟာကွက်များကို တွေ့ရှိသွားပြီး ချလိုက်သည့် ကောက်ချက်က မှန်မည်လို့ ပို၍ ယုံသွားသည်။

မျက်နှာဖုံးတပ်လူက ဒဏ်ရာ တစ်ခုခု ရထားတာဖြစ်ပြီး တိုက်ခိုက်ပြီးချိန်တိုင်းမှာ အားအင်ချိနဲ့သွားတာဖြစ်မည်။ ထိုသို့အခြေအနေမှာဆို တိုက်ခိုက်တာက သူ့အတွက် အန္တရာယ်များလေသည်။ ဟာကွာ ဘာဖြစ်ဖြစ်တိုက်ခိုက်မယ်ဆိုရင်တောင် တန်ဖိုးတစ်ခုခုတော့ ပေးဆပ်ရနိုင်သည်။

ဒါကြောင့်လည်း မျက်နှာဖုံးတပ်လူက ရှောင်ချိစွေနှင့် မတိုက်ခိုက်ဘဲ စကားသာများခဲ့၏။ သူမပျံသန်းရဘဲ လမ်းလျှောက်ရတာလဲ ထိုကြောင့်သာဖြစ်ရမည်။

ထိုသို့ တွေးမိပြီး စုရှောင်ရှန် ကြက်သီးတဖျင်းဖျင်းထသွားတော့၏။

ယခု သူ့တွက်ချက်မှုများသာ မှားမယ်ဆိုရင် ခြေလှမ်းတစ်ချက်မှားသွားတာနဲ့ သူသေသွားရနိုင်သည်။

မျက်နှာဖုံးတပ်လူက သူရှိရာဘက်ကို အေးဆေး လျှောက်လာ နေစဲဖြစ်သည်။

၎င်းက ရည်ရွယ်ချက်ရှိရှိ မဟုတ်ဘဲ တကယ် တိုက်ဆိုင်မှုကြောင့်ဖြစ်၏။

သူဘယ်လို သိသလဲ။ အသိပေးချက်ဖန်သားပြင်ပေါ်မှာ အသိပေးချက် ကျမလာသောကြောင့်ပင်။

ဒါဖြင့် စုရှောင်ရှန်ရှိတာသိလို့ တမင်လျှောက်လာတယ်ဆိုရင် ဖန်သားပြင်မှာ “အကြည့်ခံရပါသည်” ဘာညာ ပေါ်လာလိမ့်ပေမည်။

စုရှောင်ရှန် လှုပ်ရှားဖို့ပြင်လိုက်သည်။

ဒီလူက စုရှင်းရှင်း၏ ဓားကို လုယူပြီး ရှောင်ချိစွေကိုလည်း ထိခိုက်အနာတရဖြစ်အောင်လုပ်လိုက်သေးသည်။ ယခုလည်း ဒီနေရာကို သူပိုင်သလို စုရှောင်ရှန်ဘက်ကို အေးဆေးလျှောက်လာနေ၏။ ဘယ်သူက သည်းခံနိုင်မှာလဲ။

ဒါ့အပြင်ကို မျက်နှာဖုံးတပ်လူက အားအင်ချိနဲ့ နေသော အခြေအနေ၌ ဖြစ်နိုင်ခြေမြင့်မားတာကိုလည်း ‌မေ့ထား၍ မရချေ။

“အခွင့်အရေးက နှစ်ခါမရဘူး” စုရှောင်ရှန် ရေရွတ်လိုက်သည်။

ချက်ခြင်းလက်ငင်းဘဲ လှုပ်ရှားလိုက်၏။

တိတ်တခိုးနာကျင်ခြင်းကို ကိုင်ဆွဲပြီး မျက်နှာဖုံးတပ်လူစီကို တဟုန်ထိုးတိုး၀င်လိုက်သည်။ ပြီးမှ ယခုလို တည့်တိုး ၀င်တာက နှုံဖျင်းကြောင်း တွေးမိပြီး ပြန်ရပ်လိုက်သည်။

မျက်နှာဖုံးတပ်လူဘာဖြစ်ဖြစ် အထင်သေးလို့မရပါလား။ သူ့ဒဏ်ရာကို လစ်လျူရှူပြီး တမူးရှူးထိုးတိုက်ခိုက်ရင် ဘယ်လိုလုပ်မတုန်း။ ဘာဖြစ်နေမှန်းမသိလိုက်ရသေးခင်မှာ သူ‌ဂန့်သွားနိုင်ပေသည်။

သို့ဖြင့် ဘယ်လိုလုပ်မရလဲ သူ့နောက်က သစ်တောကို လည်ပြန်ကြည့်ပြီး တွေးလိုက်သည်။

……..

ရှောင်ချိစွေကို စကားလုံးများဖြင့် တိုက်ခိုက်ပြီးနောက်မှာ ထောင့်တစ်ခုကို ချိုးလာသည့် မျက်နှာဖုံးတပ်လူ တစ်ခုခုမူမမှန်တာ သတိထားမိလိုက်သည်။

သူ့ရှေ့က သစ်တောလေးကနေ သူ့လိုပဲ မျက်နှာဖုံးတပ်လူ‌တစ်ယောက် ပြေးလာနေတာကို တွေ့လိုက်ရ၏။ သာမန်ဆို ဘာမှမဖြစ်ပါဘူး။ ယခုဟာက ထိုလူက မျက်နှာဖုံးကိုရိုးရိုးတပ်တာမဟုတ်ဘဲ မျက်လုံးနှစ်ဖက်ကိုပါ ကာထားပြီး အရှိန်မြင့်မြင့်ဖြင့် သူ့ထံ ပြေးလာနေခြင်းဖြစ်သည်။

ပိုပြီး ဆိုးတာက ဓားကိုလည်း ကိုင်မြှောက် ဝေ့ရမ်းကာ လေ့ကျင့်နေသလိုနှင့် ဗလုံး‌ဗထွေး အော်ဟစ်နေသေးသည်။

“အဖြူရောင်တိမ်တိမ်နည်းစနစ်၊ အနက်ရောင်တိမ်တိုက် နည်းစနစ်…”

လခွမ်း။ ဒီကောင်က ဘာတုန်း။ စိတ်ဝိညာဉ်နန်းတော်က စိတ်မနှံ့တဲ့သူလည်း လက်ခံတာပဲလား။

မျက်နှာဖုံးတပ်လူ ဘာမှ ပြန်မပြောနိုင်အောင် မှင်တက်သွားရသည်။

သူ့အစွမ်းကဘယ်လောက်လျော့ကျသွားသလဲဆိုရင် စိတ်ဝိညာဉ်အာရုံကိုတောင် အသုံးပြု၍ မရတော့ပါချေ။ သို့ဖြင့် ထိုအရူးကို စောစောကတည်းက သူသတိမထားမိတာ သဘာ၀ကျသည်။

စုရှင်းရှင်း၏ ဓားဆန္ဒကို ဖျက်ဆီးပြီးနောက်မှာ သူ့ဒဏ်ရာက ပိုလို့ ဆိုးလာခဲ့သည်။ ရှောင်ချိစွေကို သတိမေ့မျော ပြိုလဲမကျဘဲ စကားစစ်ဆင်နိုင်တာကိုက ကံကောင်းနေပြီ။ အခုတော့ သူ့စီပြေးလာနေသည့် အရူးကို ဘယ်လို ခုခံရတော့မှာလဲ။

အရူးကို ရှောင်ဖို့ ဘေးတစ်ဘက်ကို ‌ဖယ်ပေးလိုက်သည်။ ၎င်းက သူ့ဘ၀မှာ ပထဦးဆုံးအကြိမ်အဖြစ် လမ်းဖယ်ပေးရခြင်းဖြစ်သည်။

ထိုသို့လုပ်လိုက်တာအတွက် သူ ဘာမှ မခံစားရပါချေ။ ဘာဖြစ်ဖြစ် အရူးတစ်ယောက်ဆိုတော့ မတန်ပါဘူး။

“ဟ…။ ဒီမှာ တစ်ယောက်ယောက်ရှိနေတာပဲ” အရူးက အလန့်တကြား ထအော်သည်။

ထို့နောက် ချက်ခြင်းရပ်လိုက်ပြီး မျက်နှာဖုံးတပ်လူလို ယဉ်ယဉ်ကျေးကျေး ဘေးတစ်ဘက်သို့ လမ်းဖယ်ပေးလိုက်ရာ သူတို့နှစ်ဦး မျက်နှာချင်း ပြန်ဆိုင်သွားကြသည်။

ထိုအခိုက်မှာ ဘယ်သူမှ စကားမပြောနိုင်ကြပါလေ။

မျက်နှာဖုံးတပ်လူလည်း အလန့်တကြား ထိုအရူး၏ လမ်းကြောင်းကနေ အမြန် ရှောင်ကွင်းပေးပြန်သည်။ ထို့နောက် သူတို့တဖြည်းဖြည်းနီးကပ်လာသောအခါမှ အရူးကရေရွတ်လိုက်သည်။

“မဟုတ်သေးပါဘူး။ သူကလည်း ငါလာတာသိရင် ရှောင်ပေးမှာပဲ။ လမ်းကထပ်တူနေပြန်ပြီလားမသိဘူး”

စကားပြောပြီးနောက်မှာ ဘေးတစ်ဘက်ကို ပြန်ပြောင်းသွားကာ ရုတ်တရက် မျက်နှာဖုံးတပ်လူထံတည့်တည့်ကို ဓားဖြင့် ထိုးချလိုက်သည်။

မျက်နှာဖုံးတပ်လူ သွေးအန်တော့မတတ်ဖြစ်သွား၏။ သူတို့အကြားအကွာအဝေးက အလွန်နီးကပ်နေလေရာရှောင်ဖို့အချိန်မရှ်ိတော့ပါချေ။

ချက်ခြင်း အရူး၏ အနက်ရောင်ဓားက မျက်နှာဖုံးတပ်လူ၏ ရင်ဘက်ကိုထုတ်ချင်းဖောက်သွားခဲ့သည်။ ထိုနောက်မှ အင်အားက ကျွဲ‌ရိုင်းကြီးတစ်ကောင် ပြေးခွပ်တာခံလိုက်ရသလို ကိုယ်မှာ ရှိသမျှ အရိုးအားလုံးနီးပါး ကျိုးသွားခဲ့၏။

ဘုန်းး…။

မျက်နှာဖုံးတပ်လူ အရူးတစ်ယောက်တိုက်ခိုက်တာခံရမယ်လို့ မထင်ထားခဲ့ကာ ရင်ဘက်က ဓားကိုကိုင်ပြီး နောက်သို့ လွင့်ထွက်သွား၏။

ခေါင်းလေးအသာဆောင်းပြီး စုရှောင်ရှန် တစ်ယောက်ယောက်ကို ၀င်တ်ိုက်မိလိုက်သလား မသိသလို ဆက်လက်၍ အရူးတစ်ယောက်လို ပြုမူလိုက်သည်။

မြေပြင်ပေါ်မှာလဲကျနေသည့် မျက်နှာဖုံးတပ်လူတွင် ဒူးတုပ်ထိုင်လိုက်ကာ “တောင်းပန်ပါတယ် ကျုပ်မရည်ရွယ်ပါဘူး”

စုရှောင်ရှန် သူ့မျက်နှာကို အသေအချာ ကာထားသည်။။ ထိုမျက်နှာဖုံးတပ်လူကို သူဘယ်သူဆိုတာ သိသွားစေလို့မဖြစ်ချေ။ ဒါ့ကြောင့် လေသံကိုတောင် သူမမှတ်မိနိုင်စေရန် အောနိုင်သမျှ ခပ်အောအောပြောလိုက်၏။

“အဟွတ်”

မျက်နှာဖုံးတပ်လူ ဟောဟဲဆိုက်နေပြီး သူ့ရင်ဘက်မှာ စိုက်နေသည့် ဓားကို ကြည့်လိုက်၏။

တစ်ယောက်ယောက်ကို ဓားနဲ့ထိုးပြီးမှ မရည်ရွယ်ပါဘူး ပြောလို့ရသလား။

မျက်နှာဖုံးတပ်လူ ဆက်သွယ်ခြင်းကျောက်တုံးတစ်ခုထုတ်ယူလိုက်သည်။

စုရှောင်ရှန်က ဘယ်အခြေအနေလာလာ ပြင်ဆင်ထားရာ ၎င်းကို သတိထားမိသွားပြီး ချက်ခြင်းလုယူလိုက်ကာ ဆို၏။ “ဟေ့လူ။ ကျုပ်တကယ် မရည်ရွယ်ပါဘူး။ ဘယ်သူ့ကိုမှ မခေါ်ပါနဲ့ တောင်းပန်ပါတယ်”

မျက်နှာဖုံးတပ်လူ စွံ့အသွားရသည်။

သူ့တစ်ကိုယ်လုံးက နာကျင်မှုကြောင့် တဆတ်ဆတ်တုန်ရင်နေကာ ဒဏ်ရာမှလည်း သွေးများထွက်လာခဲ့သည်။

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

မျက်နှာဖုံးတပ်လူ၏ မျက်နှာ‌ဖုံးအောက်ကတောင် သွေးများစိမ့်ထွက်လာတာကို စုရှောင်ရှန် မြင်လိုက်ရ၏။ မျက်နှာဖုံးတပ်လူက တကယ့်ကို အားအင်ချိနဲ့နေသည့် အခြေအနေမှာဆိုတာ အတည်ပြန်ပြုလိုက်ပြီး ဆက်လက်ကာ လေပေါတော့သည်။

“ကျုပ်တို့နှစ်ယောက်စလုံးက ညပြေးသမားတွေပါ။ နားလည်ပေးနိုင်တယ်မလား”

အဟွတ်…။

“အိုး မေ့နေလိုက်တာ ကျုပ်ဓားက ခင်ဗျားရဲ့ ရင်ဘက်ထဲနှ စိုင်က်နေသေးတယ်။ အသာနေ ဆွဲထုတ်ပေးမယ်”

“မင်း…” မျက်နှာဖုံးတပ်လူ စကားပြောမလို့ လုပ်တုန်းမှာ စုရှောင်ရှန်က ဖြတ်ရိုက်လိုက်သည်။

“မလှုပ်နဲ့”

ထို့နောက် ကိုယ်ကိုကိုင်းကာ ဓားကို ဆွဲထုတ်လိုက်သည်။။ ဒါပေမယ့် အင်တင်တင်ကြီး ဆွဲထုတ်လို့မရသလို ကြိုးစားပြလိုက်သေးရာ အောက်က မျက်နှာဖုံးတပ်လူ နေရာမှာတင်ပွဲခြင်းပြီး သေတော့မလိုခံစားလိုက်ရ၏။

သို့ဖြင့် စုရှောင်ရှန် ဓားကိုတောင် အပြီးအပိုင်ဆွဲမထုတ်ရသေးခင်မှာ မျက်နှာဖုံးတပ်လူက သူ့ဟာသူထလာပြီး စုရှောင်ရှန်၏ မျက်နှာကိုကာထားသော မျက်နှာဖုံးတစ်၀က်ကို ဆွဲဖြဲလိုက်သည်။

ထိုအခိုက်မှာ အချိန်တောင်အေးခဲသွားသလို အရာအားလုံး ဆိတ်ငြိမ်ကျသွားပြီး နှစ်ဦးသား ကြက်သေ ပြိုင်တူ သေသွားကြ၏။

စုရှောင်ရှန် အရူးတစ်ယောက်လို လေဆက်ပေါဖို့မေ့နေပြီး မျက်နှာဖုံးတပ်လူလည်း တစ်ကိုယ်လုံး တောင့်တင်းသွားသည်။

ဒက်…။

ဒက်…။

အနက်ရောင်ဓားမှ သွေးစက်များဆက်လက်စီးကျနေပြီး မြေပြင်၌ သွေးအိုင်လေးတောင်ဖြစ်လာပြီ။ အသိပြန်လည်လာသောအခါ မျက်နှာဖုံးတပ်လူ၏ မျက်ဆံများ ကျုံ့သွားခဲ့၏။

: [သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]

: [မုန်းတီးခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၁]

ဂလု…။

စုရှောင်ရှန် တံထွေးတစ်လုတ် ခက်ခက်ခဲခဲမျိုချပြီး နှုတ်ခမ်းနှစ်ဖက် ပွင့်ဟသွားသည်။ သူ့မျက်နှာကလည်း သွေးဆုတ်‌ဖြူရော့်နေခဲ့၏။

အပိုင်း (၂၀၇) အားနည်းသူကို အနိုင်ကျင့်ခြင်း

“၀မ်မင်”

မျက်နှာဖုံးတပ်လူ မှင်တက်သွားသည်။

ဒီကလေးက အရင်တစ်ခေါက်တုန်းက သူလမ်းမေးခဲ့သည့် ကောင်လေးမဟုတ်လား။ ဘာလို့ ဒီတောင်တန်းထဲမှာပေါ်လာတာလဲ။ ဒါ့အပြင်ကို သူ့ကိုလည်း ဓားနဲ့ ထိုးလိုက်သေးသည်။

စုရှောင်ရှန်၏ ခြေထောက်များပျော့ခွေကျသွားသည်။ သူ့တွက်ချက်မှုများထဲမှာ မျက်နှာဖုံးတပ်လူ ဘာအသိပေးချက်မှ မပြုဘဲ သူ့မျက်နှာဖုံးကိုဆွဲခါလိမ့်မယ်လို့ မပါချေ။

သူလည်း ထိုသို့ ပြန်လုပ်ရမှ တော်ကာကျမည်။

ရွစ်…။

သို့ပေမယ့် မျက်နှာဖုံးတပ်လူ၏ လှုပ်ရှားမှုက ပို၍ မြန်နေခဲ့ပြီး စုရှောင်ရှန်၏ လက်ကို ကိုင်ဆုပ်လိုက်သည်။ ထိုမှ အသားထဲထိ လက်များစိုက်သွား၏။ စုရှောင်ရှန် နာကျင်မှုကြောင့်ပြန်ဆွဲလိုက်ရာ တုတ်တုတ်မျှ မလှုပ်သည်ကို အလန့်တကြားတွေ့လိုက်ရသည်။

ဒါက သူအားနည်းတယ်ဆိုတဲ့ အခြေအနေလား။ လခွမ်း။

မျက်နှာဖုံးတပ်လူသူ့ကို ဖမ်းလိုက်တာနဲ့ ဘာလို့ လှုပ်လို့မရတော့တာလဲ။ အရင်တစ်ခေါက်တုန်းက ဒီလိုမဟုတ်ပါဘူး။ ပြီးတော့ သူ့မှာ အရှင်သခင်နယ်ပယ် ခန္ဓာကိုယ်ရှိတာလေ။ ဘာလဲဟ။

“အမ်… အာ… ဒါက အထင်လွဲတာပါ” စုရှောင်ရှန်‌ဆိုသည်။

“ပါးစပ်ပိတ်ထားစမ်း”

မျက်နှာဖုံးတပ်လူက အော်ပြီး ဖိလိုက်ရာ စုရှောက်ရှန် ပုံလျက်သားလဲကျသွား၏။

သူ့မျက်နှာက နာကျင်မှုကြောင့် ရဲရဲနီနေပြီး စကားတစ်လုံးကိုတောင် မနည်းဖျစ်ညှစ်ထုတ်ပြီးမှ ပြောလိုက်နိုင်သည်။ “ကျုပ်ဒီပုံစံကြီးမကြိုက်ဘူး”

မျက်နှာဖုံးတပ်လူ သူ့ကို မှင်သေသေကြီးစိုက်ကြည့်နေသည်။

အဟွတ် အဟွတ်…။

မျက်နှာဖုံးတပ်လူပြန်၍ ချောင်းဆိုးလာခဲ့ကာ သွေးများတောင် ပါလာတော့မတတ်ဖြစ်သွားသည်။

အခွင့်အရေးကို အကောင်းဆုံး အသုံးချကာ စုရှောင်ရှန် မျက်နှာဖုံးတပ်လူကို ဒူးဖြင့်တိုက်လိုက်၏။

ဘုန်း…။

အရှင်သခင်နယ်ပယ် အံ့မခန်း ခွန်အားနှင့် ကြော့ကွင်းမှ ပြန်ကန်အားတို့က ကြောက်မက်ဖွယ်ရာအတိ ခွန်အားကို ပေးစွမ်းလိုက်သည်။ ထိုဒူးတိုက်ချက်မှ မျက်နှာဖုံးတပ်လူ လေထဲကို လွင့်ပျံတက်သွားတော့၏။

မျက်နှာဖုံးတပ်လူသူ့ကိုသာ တိုက်ခိုက်ရင် ခုခံနိုင်လိမ့်မှာ မဟုတ်တာ စုရှောင်ရှန် သိသည်။ ဘာဖြစ်ဖြစ် ကြော်ပြီးသာကြက်ဥက ပြန်ပြောင်းလို့မှ မရတော့တာ စွန့်စားရတော့မှာပေါ့။

ပြောရရင် မျက်နှာဖုံးတပ်လူက တိုက်ခိုက်မှုကိုသာ အသားပေးပြီး ခုခံမှုကို တိုးတက်အောင် ဘာမှ မစွမ်းဆောင်ထားသလိုလိုနှင့် စုရှောင်ရှန်သူ့ကို တိုက်ခိုက်သောအခါမှာ မျက်နှာဖုံးတပ်လူက ဖျားနာနေသောလူသကဲ့သို့ ဘာကိုပြန်မထိုး ပြန်မခုခံနိုင် ရှိနေသည်။

စုရှောင်ရှန်လည်း မျက်နှာဖုံးတပ်လူ၏ ဒန်ထျန်က သူ့ထက် နိမ့်ကျနေတာကို တွေ့ရ၏။

သူပဲ ထင်ယောင်ထင်မှားဖြစ်နေတာလားမသိ မျက်နှာဖုံးတပ်လူက ပထမတစ်ကြိမ်တွေ့တုန်းကထက် ပို၍ အားနည်းနေသည်ဟု ခံစားနေရသည်။

ထိုစဉ်ကဆို မျက်နှာဖုံးတပ်လူ၏ ဒန်ထျန်က စစ်မှန်ခြင်းနယ်ပယ်လောက်မှာရှိလေသည်။ ယခုတော့ စတင်ခြင်းနယ်ပယ် ဒန်ထျန်သာသာကို ပြောင်းသွားခဲ့၏။

သူတော်စင်အစေအပါးတွေက ပိုပြီးကြမ်းလေလေ ကျင့်ကြံခြင်းအဆင့်နိမ့်လေလေ များလား။

ယခု သူတို့ကြားက အကွာအဝေးက ကွာသွားခဲ့ရကာ စုရှောင်ရှန် ချက်ခြင်းထပြေးရန်လုပ်၏။ လေထဲကို အကန်ခံလိုက်ရပြီးနောက်မှာ မျက်နှာဖုံးတပ်လူက ပြန်ထရပ်ရန်တောင် မနည်းကြိုးစားနေရလေသည်။

ထရပ်လာပြီးနောက်မှာလည်း မျက်နှာဖုံးတပ်လူက သူဓားပျံစစီးစဉ်တုန်းကလို တုန်တုန်ရီရီ ရှိနေတာကို မြင်ရပြီး စုရှောင်ရှန်အံ့အားသင့်သွားသည်။

“နေပါဦး။ သူမပျံနိုင်ဘူးတဲ့။ တကယ် စတင်ခြင်းနယ်ပယ်ကို ကျင့်ကြံမှုက နောက်ပြန်ရစ်သွားတာလားဟ” ဟုရေရွတ်ပြီးနောက်မှာ မီးတောက်အစေ့တစ်စေ့ သိပ်သည်းပြီး မျက်နှာဖုံးတပ်လူထံ ပစ်ကြည့်လိုက်သည်။

ဘုန်းးးး…။

ထိုပေါက်ကွဲမှုမှ မျက်နှာဖုံးတပ်လူ ထပ်မံ လွင့်ထွက်သွားခဲ့၏။

“တကယ် အားနည်းနေတာပဲ” မျက်ခုံးများ ပင့်လိုက်သည်။

သူဘယ်လိုကြည့်ကြည့် ဒီလူက စိတ်ဝိညာဉ်နန်းတော်တစ်ခုလုံးကို တစ်ယောက်တည်း အနိုင်ယူသွားသည့်သူနှင့် မတူသည်လို့ ခံစားရလေလေ ဖြစ်သည်။

: [ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

အသိပေးချက်ကျလာခြင်းနှင့်အတူ စုရှောင်ရှန်၏ မျက်လုံးများ ၀င်းပသွားသည်။ တိုက်ခိုက်မှုက အလုပ်ဖြစ်တယ်ပေါ့။

မဖြစ်ရင် မျက်နှာဖုံးတပ်လူဘာလို့ ကျိန်ဆဲနေမလဲ ဟုတ်တယ်မလား။

တုန့်ဆိုင်းခြင်းမရှိ နောက်ထပ် မီးတောက်ငါးစေ့ကို စုရှောင်ရှန် ထပ်မံ ပစ်လွှတ်လိုက်သည်။

“၀မ်မင်… မင်း…”

ဘုန်း ဘုန်း ဘုန်း…။

ထိုအဆက်မပြတ်ပေါက်ကွဲသံကြီးများက မျက်နှာဖုံးတပ်လူ၏ ဆဲဆိုအော်ဟစ်မှုများကို ဖုံးလွှမ်းသွား၏။ ညကောင်းကင်ယံမှာ မှိုသဏ္ဌာန်တိမ်တိုက်ကြီးပေါ်လာခဲ့ကာ အဝေးက ကြည့်နေသော ရှောင်ချိစွေမှင်တက်သွားခဲ့၏။

“အဲ့တာ စုရှောင်ရှန်မလား။ ဒီကောင် ဒီလောက်သန်မာနေတာ ထျန်းရွှမ်တံခါးထဲမှာတုန်းက လမ်းစဉ်နယ်ပယ်ကို ဖြတ်ချခဲ့တာများလား”

မိုးတိမ်လေပြိုင်ပွဲမှာ ပွဲစဉ်တိုင်းကို ခက်ခက်ခဲခဲ ရုန်းကန်တိုက်ခိုက်ခဲ့ရသည့် ထိုကောင်လေးကို အမှတ်ရပါသေးသည်။ ယခုတော့ မတွေ့လိုက်တာ ရက်အနည်းငယ်လောက်တည်းရှိသေးတယ် ဒီလောက်တောင် သန်မာလာပြီတဲ့လား။

ဒါက ဆေးစားတာထက်တောင် ပိုပြီး သန်မာနေသေးတယ်။

သူမ၏ အမြင်အာရုံများမှား‌နေသလား စုရှင်းရှင်းလည်း ပါးစပ်ကလေးအဟောင်းသားဖြစ်နေသည်။

ထိုပြိုင်ဘင်ကင်း မျက်နှာဖုံးတပ်လူက ယခုတော့ ပြန်လည်ခုခံနိုင်ခြင်းတောင်မရှိပါဘဲ ထိုးကြိတ်ခံနေရ၏။

သူမ၏ အကိုရှောင်ရှန်ကိုမတွေ့တာ ရက်အနည်းငယ်လောက်ပဲရှိသေးတယ် ‌ဒီလောက်သန်မာလာပြီပေါ့။

“ငါအိပ်မက် မက်နေတာများလား” သူမ၏ ဆရာစီကို လက်လှမ်းမိပြီးမှ မသင့်တော်တာ အသိပြန်လည်လာပြီး ကိုယ့်ပါးကိုယ်ရိုက်လိုက်သည်။

ထိုမှ ကြိမ်းစက်စက်နာကျင်မှုကြောင့် မျက်ရည်ဝဲသွား၏။

“အိပ်မက် မဟုတ်ဘူးဟဲ့” အော်လိုက်သည်။

အဖြစ်အပျက်ကို ရှောင်ချိစွေ မြင်ရလေလေ မူမမှန်တာကို သတိထားမိလေလေဖြစ်သည်။

ထို့နောက် စုရှောင်ရှန် ထိုးလွှတ်လိုက်သည့် ကောင်းကင်ပေါ်ကလူကိုလိုက်ကြည့်လိုက်သည်။ စုရှောင်ရှန် သန်မာလာတာမဟုတ်ဘဲ မျက်နှာဖုံးတပ်လူ အားနည်းလာတာဖြစ်ကြောင်းသိလိုက်ရ၏။

သူ့စိတ်ထဲက‌ သံသယများတစ်ခုနှင့်တစ်ခုချိတ်ဆက်သွားပြီးတော့ အခြေအနေကို လုံးလုံးကြီး သဘောပေါက်သွားတော့သည်။

“ဒီလူက ဟန်ထုတ်နေခဲ့တာဟ”

ရှောင်ချိစွေ ဒေါသကြောင့် တဆတ်ဆတ်တုန်ခါနေသည်။ ဒီလောက်ရိုးရှင်းတာလေးကို စုရှောင်ရှန်တောင်မြင်နိုင်ပြီး သူမမြင်နိုင်ခဲ့တာကြောင့် အရှက်ရသွားသည်။

သူထရပ်လိုက်ချင်ပေမယ့် မဟာလမ်းစဉ် ပျက်တီးနေတာက လွယ်လင့်တကူ တားလို့ရသည့် အရာမဟုတ်ပါလား။

ရှောင်ချိစွေ စိတ်ပျက်အားလျော့သွားပေသည်။

တိုက်ပွဲထဲမှာ ဇီဝိန်ချုပ်ရတယ်ဆိုရင်တောင် နောင်တမရှိဘဲ ဖြေသာဦးမည်။ ယခုဟာ ဒီလို သေရမယ်ဆိုတော့ မခံမရပ်နိုင်အောင်ဖြစ်သွား၏။

“ငါ့ကို ကယ်လို့ မဖြစ််နိုင်တော့ဘူးပေါ့လေ”

ကောင်းကင်ကြီးကို ငူငူငိုင်ငိုင်ကြီးမော့ကြည့်လိုက်ပါသည်။

ရှပ်…။

ရှောင်ချိစွေနှင့် စုရှင်းရှင်း ခြေသံတစ်ခုကြားလိုက်ရ၏။ ထိုအသံက သူတို့အနားလေးမှ လာခြင်းဖြစ်သည်။

ရှောင်ချိစွေ တုန်လှုပ်သွားပြီး လှည့်မကြည့်နိုင်ခင်မှာပင် အရည်တွန့်နေသော အဖိုးကြီးတစ်ဦးက ဆေးပုလင်းတစ်လုံးကိုင်ကာ သူ့ရှေ့၌ ပေါ်လာခဲ့သည်။

“ဒုခေါင်းဆောင်” စုရှင်းရှင်း တအံ့တအောထအော်သည်။ သူ၏ လက်ထဲက ဆေးပုလင်းကို မြင်ပြီး ပျော်ရွှင်မှုတို့ဖြင့် မျက်ရည်များရွှန်းလဲ့လာ၏။

သူမ၏ ဆရာရှောင်ချိစွေကို ကယ်နိုင်လေပြီ။

အကြီးအကဲစန်း သူ၏ ခမောက်ကို အနည်းငယ်အောက်ချလိုက်သည်။ မကျေမချမ်းဖြစ်နေသော အမူအရာဖြင့် အဝေးတစ်နေရာသို့ သားကောင်ကို ချောင်းနေသည့် သိမ်းငှက်အလားကြည့်လိုက်လေသည်။

“လမ်းမှာ အနှောက်အယှက်ရှိနေလို့ ငါနောက်ကျသွားတယ်”

ပေါက်ကွဲမှုက ဖုန်မှုန့်များကြောင့် စုရှောင်ရှန်ဘာကိုမှ မမြင်နိုင်ပါတော့ချေ။

သို့ပေမယ့် ၎င်းက သူ့ကို မသက်ရောက်ပါချေ။ အကြားအမြင်ဖြင့် သွေးသံတရဲရဲနှင့် ခန္ဓာကိုယ် ယို့ယွင်းနေသော မျက်နှာဖုံးတပ်လူ လူးလိမ့်ထလာသည်ကို တွေ့လိုက်ရသည်။

မျက်နှာဖုံးတပ်လူက အစွမ်းထက်သောတိုက်ခိုက်မှုများရှိကောင်းရှိပေလိမ့်မည်။ သို့သော် အရှင်သခင်နယ်ပယ် ခန္ဓာကိုယ်မရှိသဖြင့် ယခုကဲ့သို့ ရူးရူးနှမ်းနှမ်းတိုက်ခိုက်မှုများကို ခံနိုင်လိမ့်မည်မဟုတ်ချေ။

ထိုနောက်မှာ ထိုမျက်နှာတပ်လူအနား၌ ဓားဆန္ဒများ ပေါ်လာခဲ့ပြီး သူ၏ အကြောအဆစ်လွဲသွားသော ခန္ဓာကိုယ်ကို အကောင်းအတိုင်း ပြန်တည့်ပေးတာ မြင်လိုက်ရသည်။

“ဘယ်လို လုပ်လိုက်တာတုန်းဟ။ နည်းစနစ် တစ်ခုခုလာ”

ထို့နောက်မှ ဓားလက်ချောင်းဆယ်ခန်းထဲမှ ဓားဖြင့်ထိန်းချုပ်ခြင်းကို ပြန်မြင်ယောင်မိပြီး ဒီလိုပါလား သဘောပေါက်သွားတော့သည်။

စုရှောင်ရှန် မျက်နှာဖုံးတပ်လူအနားမှ ရင်းရင်းနှီးနှီးရှိသော စွမ်းအင်ကို ကြည့်လိုက်၏။

“သာမန်အတွေးစွမ်းအင်လား။ မဟုတ်ဘူး သာမန်နဲ့မတူဘူး”

၎င်းက သူသိပါသော သာမန်အတွေးစွမ်းအားထက် အဆင့်ပိုမြင့်သည့်ဟန်ရသည်။ အကြားအမြင်ဖြင့် ကြည့်လိုက်ရာမှာ သူ့ဝိညာဉ်တောင် နာကျင်မှုကိုခံစားလိုက်ရ၏။

“ဒါဆို အဆင့်မြင့် အတွေးစွမ်းအင်လား “

ဘာဖြစ်ဖြစ် မျက်နှာဖုံးတပ်လူက ပြိုလဲတော့မည့်ဟန်ရတာကြောင့် စုရှောင်ရှန်ထိုအတွေးများကို ခေါင်းထဲက ထုတ်လိုက်သည်။ ထို့နောက် ဆေးမီးဖိုအိုးကြီးကို ထုတ်ယူကာ ပြေးတော့၏။

“ရပ်လိုက်”

သူ့ခေါင်းထဲမှ မောပန်းနွမ်းနယ်သလိုလို အသံတစ်ခုကိုကြားလိုက်ရတဲ့အခါ စုရှောင်ရှန်၏ တိုက်ခိုက်ချင်စိတ်များအားလုံး ရေအေးနှင့် လောင်းချလိုက်သလို ပျောက်သွား၏။

အကြီးအကဲစန်းလား။

ထို့နောက် စိတ်လျော့လိုက်ပြီးမှ ကောင်းကင်ပေါ်က ကျလာနေသည့် မျက်နှာဖုံးတပ်လူကို သေချာကြည့်လိုက်ရာ အကြောအခြင်များ ထောင်ထသွားတော့သည်။

လခွမ်း…။

ငါအခု ဘာလုပ်ဖို့ကြိုးစားနေတာလဲဟ။

တိုက်ခိုက်မှုမှာ အသာစီးရနေရာ သူက ပွဲသိမ်းတိုက်ကွက်ကို ပေးလိုက်တော့မလို့ ကြံနေခဲ့၏။ အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်ရ‌လာပြီးနောက်မှာ သူတကယ် အောက်ခြေလွတ်သွားခဲ့ပါသည်။

မျက်နှာဖုံးတပ်လူကို တကယ် ပွဲသိမ်းပစ်လို့ရမယ် ထင်နေ၏။

“၀မ်မင်။ မင်းငါ့စိတ်ကို လာစွနေတာပဲ”

ဂျုန်းဂျုန်းဂျိမ်းဂျိမ်းမြည်ဟီးသံများ ထွက်ပေါ်လာပြီး လရောင်ကိုဖုန်းကွယ်လိုက်သော နေရောင်သကဲ့သို့ အဖြူရောင်ဓားစွမ်းအင်များ တောင်တန်းကြီးတစ်ခုလုံးကို လင်းလက်တောက်ပသွားစေတော့သည်။

နှင်း‌‌ဖြူရောင် ဧရာမဓားကြီးလည်း အနည်းငယ်တုန်ခါသွားပြီး လေထဲကို ထိုးတက်ကာ ညကောင်းကင်ကို ဖောက်ခွင်းသွားခဲ့သည်။

: [နာမည်ခေါ်ခြင်းခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

သူဘယ်လောက် ရဲတင်းခဲ့သလဲ နောင်တရသွားပြီး စုရှောင်ရှန်၏ မျက်နှာ ‌သွေးဆုတ်ဖြူရော်သွား၏။

ချက်ခြင်းနောက်လှည့်ပြေးကာ သံကုန်ဟစ်တော့သည်။

“တောင်းပန်ပါတယ် မရည်ရွယ်ပါဘူး။ ကယ်ကြပါဦးးးးး”

အပိုင်း (၂၀၈) ဓားချက်ဖြင့် နေ့တစ်နေ့ကို အစပြုခြင်း

ထိုအဖြူရောင်ဓားစွမ်းအင်မှ အလင်းရောင်က လင်းလက်လွန်းလို့ ‌လရောင်ကိုတောင် လုံးလုံးဖုန်းကွယ်သွားပြီး ညကောင်းကင်ကြီးကို ထိန်ထိန်လင်းသွားစေတော့သည်။

“နေထွက်ပြီလား”

အတွင်းစည်းဂိုဏ်းသားများ ထိန်ထိန်လင်းနေသော ကောင်းကင်ယံကြီးကိုကြည့်လိုက်ကြသည်။ အပြင်စည်းမှလူများတောင် ထိုအလင်းကို စိတ်၀င်တစားကြည့်လိုက်ကြပေသည်။

“လခွမ်း။ ဒါက အတွင်းစည်းက တိုက်ပွဲကြောင့်ဖြစ်ပေါ်လာတာလား။ ကြမ်းလိုက်ကြတာကွာ… ပြောစရာစကားတောင်ပျောက်တယ်”

“ကျစ် ကျစ် ကျစ်…။ ဒီလိုအရာမျိုးမြင်ရမယ်လို့မထင်ထားဘူး။ ဒီလောက်ကြမ်းဖို့ဆို အဆင့်ဘယ်လောက်ရောက်နေရမလဲ မသိဘူး”

“ဟမ်။ မင်းက… ဒန်ထျန်တောင်မဖွင့်ရသေးဘဲ ပြောနေလိုက်တာ ဘာလို့ လေလာမပေါဘဲ မြန်မြန်သွားမကျင့်ကြံ‌တာလဲ”

“ဘာကြီး…”

“မင်းတို့ကောင်တွေ ပါးစပ်ပိတ်ထားလို့မရဘူးလား”

ဂိုဏ်းသားသစ်များက ခြံစည်းရိုးနံရံပေါ်မှာ၊ သစ်ပင်များပေါ်မှာ မြေပြင်မှာနေ၍ ကောင်းကင်မှာ ဖြစ်ပျက်နေသည့်အရာကို ကြည့်ပြီး စိတ်လှုပ်တရှား ဆွေးနွေးနေကြသည်။

ပြီးနောက် ကျယ်လောင်သော အသံကြီးတစ်ခုကိုကြားလိုက်ကြရ၏။

အဖြူရောင်ဓားစွမ်းအင်က ကောင်းကင်ယံက လေဟာနယ်ကိုတောင်စုတ်ဖြဲသွားခဲ့ရာ သူတို့တောင် ဆွဲ‌စုပ်ခံလိုက်ရသလို မျောချင်သလိုလိုဖြစ်လာကြတာကြောင့် ထိတ်လန့်ခြောက်ခြားစွာ တံတွေးများမျိုချလိုက်ကြသည်။

“စည်းကမ်းကြီးကြပ်သူ ၀မ်။ ဒါဘာဖြစ်နေတာလဲ”

“အတွင်းစည်းက တိုက်ခိုက်နေတဲ့ ညီအကိုတွေကြောင့်ဖြစ်တာလား”

သူတို့ စည်းကမ်းကြီးကြပ်သူ၀မ်ဟုခေါ်သည့်လူက ‌လက်နောက်ပစ်ကာရပ်နေလေသည်။ သူ့မျက်၀န်းများအတွင်း စိုးရိမ်မှုများကို တွေ့ရပြီး “ဟုတ်တယ် မင်းတို့ ပြန်သွားအိပ်ကြတော့။ ဘာမှမဖြစ်ဘူး”

စိတ်ဝိညာဉ်နန်းတော်အပြင်ဘက်၌ …။

ဧကရာဇ်နယ်ပယ်ကျင့်ကြံသူအများကြီးက ကောင်းကင်ပေါ်က အရေတွန့်နေပြီဖြစ်သော ပုစိန်ငယ်တစ်လက်နှင့် အဖိုးကြီးတစ်ယောက်ကို ဝိုင်း၀န်း တိုက်ခိုက်နေကြသည်။

သွေးများနေရာအနှံ့ကို ပြန့်ကျက်နေပြီး မြင်ကွင်းက ကြောက်မက်ဖွယ်ရာကောင်းလွန်းလှသည်။

တည်ထောင်ကယသူအကြီးအကဲနှစ်ဦးက စတင်၍ အထိနာကျသူများဖြစ်ကာ ကောင်းကင်မှ ခုတ်ရာ၊ ဖြတ်ရာ အပြည့်ဖြင့် ပြုတ်ကျတော့သည်။ မြေပြင်ကိုထိသောအခါ ကျယ်လောင်သော အသံကြီးတစ်ခု ပေါ်လာခဲ့ပြီး သတိလစ်မေ့မျောသွားကြ၏။

သူတို့တိုက်ခိုက်စွမ်းရည်များ ဆုံးရှုံးသွားလေပြီ။

ရဲ့ရှောင်ထျန်းနှင့် ကျန်းပင်းယန်တို့ ပူးပေါင်းပြီး တိုက်ခိုက်တာတောင် စန်ကျောက်ဖု၏ ကြမ်းတမ်းပြင်းထန်သော တိုက်ခိုက်မှုများကို မနည်း ခုခံနေရ၏။ ထိုပုစိန်က တစ်ချက်တည်းဖြင့် သူတို့အသုံးပြုလိုက်သော လမ်းစဉ်ကို ဖြတ်ချ‌နိုင်နေရာ ခုခံဖို့တကယ် ခဲယဉ်းပါသည်။

“နန်းတော်သခင်ရဲ့။ ကျုပ်အားနည်းတာတော့မဟုတ်ဘူး ဒါပေမယ့် တကယ် အကန့်အသတ်ကို ရောက်နေပြီ”

ကျန်းပင်းယန် ရင်ဘက်ကိုကိုင်၍ ဟောဟဲဆိုက်နေရင်းကပြောသည်။ ဆက်လက်တိုက်ခိုက်နေရင် သူတကယ် နှလုံးဖောက်သွားတော့မည်။

“ကျုပ်ရဲ့ အကူအညီတောင်းစာထဲမှာ အသေအချာကို သူတော်စင်အစေအပါးက အမြင့်ပိုင်း ရန်သူတွေလာမယ်လို့ သေချာထည့်ရေးပေးလိုက်တယ်လေ”

ရဲ့ရှောင်ထျန်း လှည့်၍တောင်မကြည့်ဘဲ ကောင်းကင်ပေါ် ပျံတက်သွားသည်။

သူ၏ စကားကို အတည်မမှတ်ယူဘူးဆိုတာသိရင် မြင့်မြတ်နတ်ဘုရား‌နန်းတော်ကို အကူအညီတောင် မတောင်းခဲ့ပါဘူး။ ရဲ့ရှောင်ထျန်း စိတ်ထဲကသာ ကျိန်ဆဲလိုက်ပြီး ပါးစပ်ကြီးပိတ်နေသည်။

မြင့်မြတ်နတ်ဘုရားနန်းတော် ဤအရေးကိစ္စကို ပေါ့သေးသေးမှတ်ယူတာ သူမကျေမနပ်ဖြစ်နေသည်။ ထိုသို့ ဖြစ်လိမ့်မယ်ဟု သူလည်းထင်မှတ်ထားခြင်းမရှိခဲ့ရာ အကြီးအကဲစန်းပြောတာများ တကယ် မှန်နေခဲ့သလားလို့ အတွေး၀င်သွား၏။

၎င်းကမြင့်မြတ်နတ်ဘုရား‌နန်းတော်သည် သူတော်စင်အစေအပါးတို့၏ အကြံအစည်ကို အရေးမလုပ်ဘူးဆိုတဲ့ သက်သေပဲဖြစ်ပေသည်။

ကျန်းပင်းယန်၏ မျက်နှာက ရှုံ့မဲ့သွားခဲ့သည်။ သူလည်း ဒီလောက်ကြီး ဆိုးရွားနေမယ်လို့ မထင်ခဲ့ပါချေ။

သူတော်စင်အစေအပါးတွေရဲ့ စွမ်းပကားကို သူသာ မျက်စိဖြင့်ကိုယ်တိုင်မမြင်ရလျှင် ယခင်ကကဲ့သို့ လွယ်လင့်တကူ ဖြေရှင်းလို့ရသည့် အဖွဲ့အစည်းလေးတစ်ခုသာဟု ထင်နေပေဦးမည်။

“မီးစလေးတစ်ခုက တောတစ်ခုလုံးကို မီးလောင်တိုက်သွင်းနိုင်တယ်ဆိုတာ ဒါမျိုးများလား”

နောက်ထပ် ပုစိန်ဖြင့်ခုတ်တာခံရ၍ နောက်ပြန်လွင့်လာသော ရဲ့ရှောင်ထျန်းနောက်ကို အမှီလိုက် လိုက်သည်။ သူ၏ ယခင်က ဆံဖြူများက သွေးဖြင့် ရဲရဲနီနေတာကိုကြည့်ပြီး ဘာပြောရမယ်မှန်းမသိတော့ပေ။

“ကျုပ်တို့ အလျာ့ …” ကျန်းပင်းယန် စကားမ‌စရသေးခင်မှာ ရဲ့ရှောင်ထျန်းက တစ်ချက်စောင်းကြည့်ပြီး ပြန်ပျောက်သွားသည်။

ဒီနေရာက သူ၏ စိတ်ဝိညာဉ်နန်းတော်ပါ။ ကျုပ်တို့ဆိုတဲ့ စကားက သူပြောချင်တိုင်းပြောလို့မရပါချေ။

ဘုန်းးးး…။

ရုတ်တရက် လင်းလင်းလက်လက်တောက်ပ‌လာသော အဖြူရောင်အလင်းတန်းတစ်ခုကြောင့် သူတို့အားလုံး ချက်ခြင်း ရပ်တန့်သွားခဲ့သည်။ သူတို့က ကောင်းကင်ယံမှာ ထိန်လင်းတောက်ပနေသည့် နှင်းမြို့တော်၏ အလွမ်းကို ကွက်ကွက်ကွင်းကွင်းမြင်နိုင်ပါသည်။

“ဒီဓားက ရှင်းရှင်းရဲ့ဓားမလား”

သူ့လက်ထဲက အစီအရင်ပဲ့ကိုင်က တိုက်ခိုက်မှုအားလုံးကို ဆုံးရှုံးသွားခဲ့လေပြီး ၎င်းကို ချက်ခြင်း ပြန်သိမ်းလိုက်ပါသည်။

ရဲ့ရှောင်ထျန်း၏ မျက်၀န်းများအတွင်း၌လည်း ဒေါသမီးလျှံတို့တောက်ပလာသည်။ သူ့သွားများ တင်းတင်းကြပ်ကြပ်ကြိတ်နေသံကြီးကို ဘေးကတောင်ကြားရနိုင်သည်။

“ငါတို့ ကျရှုံးသွားသေးတာပေါ့”

ရဲ့ရှောင်ထျန်း စိတ်အား‌ပျက်လျော့စွာ ခါးသက်သက်ခံစားနေရ၏။ သူတို့အစီအစဉ်အရတော့ အကြီးအကဲစန်းက စုရှင်းရှင်းကို ကာကွယ်ရန်မဟုတ်ပါလား။ သူတောင် မျက်နှာဖုံးတပ်လူကို မတားဆီးနိုင်ဘူးလား။

စန်ကျောက်ဖုလည်း ထိုကြောက်မက်ဖွယ်ရာအတိ ဓားဆန္ဒကြောင့် မှင်တက်သွားခဲ့သည်။ သူသိရသလောက်တော့ ၎င်းက မျက်နှာဖုံးတပ်လူ အစွမ်းကုန် ရေကုန်ရေခမ်း တိုက်ခိုက်ခြင်းမှသာ တွေ့မြင်နိုင်ခြင်းဖြစ်သည်။

“ဒီကောင်လေး ရူးသွားပြီလား။ သူ့ဒဏ်ရာတွေဘယ်လောက်ပြင်းထန်လဲ မသိတာလဲမဟုတ်ဘဲနဲ့။ ကိုယ့်ကိုယ်ကိုယ်သတ်သေနေတာလားဟ။ စိတ်ဝိညာဉ်နန်းတော်ထဲမှာ သူ့ကို ဘယ်သူများ ဒီလို ရန်စရဲရတာလဲ”

စန်ကျောက်ဖု၏ မျက်နှာထက်၌ သံသယများပေါက်ဖွားလာသည်။ အခြားရွေးချယ်စရာလည်းမရှိတော့ရာ ထိုမုန်တိုင်းအလယ်ကို ပျံသန်းသွားလိုက်ပါသည်။

ရဲ့ရှောင်ထျန်း သူခံစားနေရသော ဒဏ်ရာများကို အတင်းဖိနှိပ်လိုက်ရာ နာကျင်မှုကြောင့် ညည်းညူသံများတောင်ထွက်လာရသည်။

“စန်ကျောက်ဖုနောက်ကို လိုက်ကြ”

……

တောင်အနောက်ဘက်တွင်…။

အကြီးအကဲစန်းရပ်နေရာကို စုရှောင်ရှန် အပြေးလေးသွားလိုက်သည်။

မျက်နှာဖုံးနှင့်လူကို တိုက်ခိုက်တာရပ်ဖို့ အကြီးအကဲစန်း အချိန်ကိုက်တားလိုက်ပေလို့ ကံကောင်းသွားတာပေါ့။

မဟုတ်ရင် ထိုကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုအောက်မှာ အစအနမကျန်အောင်တောင်ဖြစ်သွားနိုင်သည်။

စုရှောင်ရှန် အသိပြန်လည်လာခဲ့ပြီး မျက်နှာဖုံးတပ်လူကလည်း တကယ်ကို ဒေါသတ‌ထောင်းထောင်းထနေပါသည်။

၎င်းက ပထမဆုံးအကြိမ်အဖြစ် ပြင်းပြင်းထန်ထန် အရိုက်အနှက်ခံရခြင်းဖြစ်သည်။ ဒီကောင်လေးသူ့ အားနည်းချက်ကို ဖောက်မြင်နိုင်တာ ၀န်ခံရပေမည်။

၎င်းက စုရှောင်ရှန်၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် စွမ်းဆောင်ရည်တို့ကို သက်သေပြလိုက်၏။

သူ့အားနည်းချက်ကိုအခွင့်ကောင်းယူပြီ ဆက်တိုက် တိုက်ခိုက်နေတာ သူတောင် ဒူးထောက်ကျတော့မတတ်ဖြစ်သည်။

သူတို့အရင်တစ်ခေါက်တွေ့တုန်းကထက်လည်း အသက်က ကြီးမလာပါဘူး။ ဘာလို့ ဒီလောက် တိုက်ခိုက်မှုတွေက ကြမ်းတမ်းနေရတာလဲ။

ဘာဖြစ်ဖြစ် တစ်ခုမှ အရေးမပါတော့ပါ။

မျက်နှာဖုံးတပ်လူ ဒေါသတပြင်းအော်လိုက်ရာတွင် ကောင်းကင်ယံတွင်ရှိ နှင်းမြို့တော်၏ အလွမ်းက တုန်ခါလာခဲ့ပြီး နာမည်ကြီးဓားဆိုတာ ဘာကောင်လဲ ခွန်အားကို ပြသလိုက်သည်။

အဖြူရောင်ဓားစွမ်းအင်များဆက်တိုက် သိပ်သည်းလာနေခဲ့ပြီး ညကောင်းကင်ကို နေ့အလား ထိန်လင်းနေစေခဲ့သည်။ နေရာတစ်ဝိုက်ကိုလည်း အေးစက်စက် အရှိန်အဝါများက နေရာယူထား၏။ ထို့နောက် ရေခဲတမျှ အေးစက်စက် ‌ဓားဆန္ဒက ကောင်းကင်ယံကို ထပ်မံ၍ တိုးကာ ထိန်လင်းစေမည့် ဓားအလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်ပြန်သည်။

ရွှစ်…။

ထိုဓားအလင်းတန်းကြောင့် စုရှောင်ရှန်၏ ဒူးများပျော့ခွေသွား၏။

ထိုအရာထံကနေ ဘယ်လို ထွက်ပြေးနိုင်မှာလဲ။ အစက မျက်နှာဖုံးတပ်လူနှင့် သူ့အကြား အကွာအဝေးတစ်ခုကိုခြားထားတာကြောင့် အကြီးအကဲစန်းစီ အရှင်သခင်နယ်ပယ် လျင်မြန်မှုဖြင့် အလွယ်တကူပြေးလို့ရမယ်မှတ်နေသည်။

သူတကယ် အတွက်အချက်မှားခဲ့ချေ၏။

ထိုမှ သူ့စွမ်းဆောင်ရည်နှင့် အခြားသူများ၏ ခွန်အားကို မတိုင်းတာသင့်ကြောင်း သိလိုက်ရသည်။ ပိုးဖလံကောင်က အဘယ်မှာ ဘီလူကြီး၏ ခွန်အားကို မှန်းဆနိုင်ပါမည်နည်း။

မျက်နှာဖုံးတပ်လူ၏ တိုက်ခိုက်မှုကနေ ထွက်မပြေးနိုင်ပေမယ့် အကြီးအကဲစန်းစီ လမ်းတစ်၀က်ကိုရောက်နှင့်နေပြီဖြစ်သည်။ ထိုဓားအလင်းတန်းက သူ့ထံကိုရောက်လာပြီဖြစ်ရာ ထိပ်တိုက်ရင်ဆိုင်ရုံမှလွဲ၍ တခြားမရှိတော့ချေ။

“ဘာဖြစ်ဖြစ်ကွာ … ရှိသမျှ အကုန်သုံးမယ်”

သူ့တံတောင်ဆစ်ကိုကွေးညွှတ်ပြီး ပင်ကိုယ်လက်သီးကို ထုတ်လွှတ်ရန် ပြင်လိုက်၏။

ထိုအခိုက်မှာ အကြားအမြင်မှ အကြီးအကဲစန်းက သူ့ခမောက်ကို အသာအယာ မတင်လိုက်တာ တွေ့လိုက်ရသည်။ ထိုဓားအလင်းတန်းက ဖုန်းကွယ်ထားခဲ့သော အကြီးအကဲစန်း၏ မျက်လုံးအိမ်ထဲ၌ ပေါ်လာလေသည်။

“မင်းတော့ သေချင်နေတာပဲ”

အကြီးအကဲစန်း ဒေါသထွက်သွားသည်။ သူသဘောကျသည့် လူများကို တိုက်ခိုက်ခွင့်ပေးမည်မဟုတ်ဘဲ စုရှောင်ရှန်က သူ၏ တပြည့်ဖြစ်နေရာ ပိုလို့တောင်ဆိုး၏။

ဘုန်းးး…။

အကြီးအကဲစန်း ထိုဓားအလင်းတန်းကို လက်သီးချက်ဖြင့် ပစ်ထိုးရင်ဆိုင်လိုက်ရာမှာ နားစည်ကွဲမတတ် ကျယ်လောင်လှသော အသံကြီးထွက်ပေါ်လာခဲ့သည်။ ပတ်ပတ်လည်ရှိ အရာအားလုံးလည်း မီတာရာနှင့်ချီ၍ ကျော်အောင် ကောင်းကင်ယံပျံတက်သွားခဲ့သည်။

လေဟာနယ်လည်း စုတ်ပြဲလာခဲ့ပြီး မသိရင် ရှေးဦးသတ္တဝါကြီးတစ်ကောင်က မာန်ခဲပြကာ အရာအားလုံးကို ဝါးမျိုတော့မလိုနဲ့ စုပ်ယူတော့၏။

စုရှောင်ရှန်လွင့်ပျံထွက်သွားသည်။

အကြီးအကဲစန်းနှင့် ထိုဓားအလင်းတန်းတို့ ထိပ်တိုက်တွေ့ဆုံရာနေရာကိုကြည့်ပြီး အကြီးအကဲစန်းသာ သူ့ကိုတွန်းမလွှတ်လိုက်ရင် မျက်နှာဖုံးတပ်လူ၏ ဓားအလင်းတန်းကို ပင်ကိုယ်လက်သီးလေးဖြင့် ခုခံနိုင်မှာမဟုတ်ဘူးဆိုတာ သိလိုက်ရသည်။

“ကြမ်းလိုက်တာ ကြက်သီးတောင်ထတယ်”

ထိုဓားအလင်းတန်းသာသူ့ကိုထိမှန်သွားရင် အစအနတောင်ကျန်လိမ့်မည်မဟုတ်ချေ။ စုရှောင်ရှန်လက်သီးကို ကျစ်ကျစ်ဆုပ်လိုက်၏။

ပင်ကိုယ်စနစ်၏ ထောက်ပံ့ပေးထားသော ပင်ကိုယ်စွမ်းရည်များနှင့် သူ့လေ့ကျင့်မှူများဖြင့်တောင် ထိုသို့ ဓားချက်ကိုခုခံရန်က အိမ်မက်အလား။

စုရှောင်ရှန် သူ့ကိုယ်သူ ဘ၀င်ခိုက်နေတာ ရပ်သွားသည်။

သူ့ပင်ကိုယ်စွမ်းရည်များဘယ်လောက် နတ်ဘုရားသဖွယ်ဖြစ်နေပါစေ နယ်ပယ်တူလောက်မှသာ ကောင်းကောင်းမွန်မွန် အသုံးတည့်နိုင်ပေမည်။

စတင်ခြင်းနယ်ပယ်ပင်ကိုယ်စွမ်းရည်က စစ်မှန်ခြင်းနယ်ပယ် စိတ်ဝိညာဉ်နည်းစနစ်နှင့် မယှဉ်နိုင်ပါချေ။ ၎င်းကို မိုမိုနှင့် အပြင်စည်းမှာ တိုက်ခိုက်တုန်းက သက်သေပြခဲ့ပြီးချေပြီ။

မျက်နှာဖုံးတပ်လူကို ရင်ဆိုင်နိုင်မယ်လို့ ဘယ်အရာက သူ့ကို သွေးနာထင်ရောက်သွားစေတာလဲ။

သူ့စိတ်အားထက်သန်မှုကလား။ မျက်နှာဖုံးတပ်လူက သူ့ကို မမှတ်မိနိုင်ရင် လုပ်ချင်တာလုပ်လို့ရမယ်လို့ ဘယ်လို ဦးနှောက်နဲ့များ တွေ့ခဲ့ပါလိမ့်။

ထိုမှ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း ပြန်လည်နိုးထ‌လာသော စုရှောင်ရှန် ချွေးစေးများထွက်လာတော့သည်။

ထျန်းရွှမ်းတံခါးထဲကို၀င်ပြီးနောက် အတော်အတင့် အစွမ်းထက်လာသည့်အတွက် ဘ၀င်ခိုက်နေခြင်းက ထိုဓားတစ်ချက်တည်းဖြင့်ပျောက်သွားသည်။

မီးခိုးမြူပုံရိပ်က သူ့ကို တစ်ခါနှိမ်ချပေးပြီးတာကို မမှတ်သေးဘဲ ဆက်လက်၍ ဘယ်လိုများ ရူးရူးမိုက်မိုက်လုပ်ဖို့ စိတ်ကူးပေါက်ရဲရတာလဲ။

“ငါမတိုက်ခိုက်ခဲ့သင့်ဘူး။ အဖိုးကြီးလည်း သူ့ကိုမနိုင်ရင် ငါတော့ ဂွမ်းပြီ”

ဘုန်း…။

စုရှောင်ရှန် တစ်စုံတစ်ခုကိုတိုက်မိပြီး လွင့်ထွက်လာရာလမ်းကြောင်းက သွေဖယ်သွားတော့သည်။

အကြီးအကဲစန်းကြောင့် သူက လွင့်ထွက်သွားကာ အနက်ရောင်စုပ်ခွက်ကြီးစုပ်ယူတာ မခံလိုက်ရခြင်းဖြစ်ပါသည်။ ထိုမှ အကြီးအကဲစန်း ဘယ်လောက် သန်မာသလဲသိနိုင်သည်။

စုရှောင်ရှန် နောက်ကိုလည်ပြန်ကြည့်လိုက်ရာမှာ သွေးသံတရဲရဲဖြင့် ပုစိန်ငယ်တစ်လက်ကိုင်ထားသော ‌အရေတွန့်အဖိုးကြီးတစ်ဦးကို ‌တွေ့လိုက်ရသည်။

“လခွမ်း ဒီလူ့ကိုတိုက်မိသွားတယ်လို့တော့မပြောနဲ့”

‌စန်ကျောက်ဖုလည်း ထိုလူငယ်လေးကို တအံ့တဩကြည့်လိုက်သည်။

ဧကရာဇ်နယ်ပယ် ကျင့်ကြံသူအများကြီးနှင့် တိုက်ပွဲမှာတောင် သွေးတစ်စက်ကလေးမကျခဲ့တာ ယခု ဒီကလေးနှင့်တိုက်မိတော့ ခေါင်းတောင်ကွဲသွားခဲ့တယ်တဲ့။ ဘယ်လိုဖြစ်နိုင်မှာလဲ။

ဒါ့အပြင်ကို ထိရုံလေး တိုက်မိလိုက်ချိန် တစ်ကိုယ်လုံးမှာလည်း ဓားခုတ်ရာ ပြတ်ရာများ ရသွားခဲ့သည်။

ထိုကလေးကများ ‌ထိတိုက်မိသည့် အချိန်စပ်ကြားလေးမှာ နည်းစနစ်တစ်ခုခုကို လျှက်တပြက် သုံးလိုက်သလားမသိရချေ။

စန်ကျောက်ဖန် မနေနိုင်တော့ဘဲ မေးလိုက်သည်။

“မင်းက ဖြူကောင်လားဘာလား”

အပိုင်း (၂၀၉) စကားကြီးစကားကျယ်တွေ ပြောပြန်ပြီ

: [သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]

: [သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]

“ဘာကြီး…”

စန်ကျောက်ဖု မသိစိတ်က လွှတ်မိလိုက်တဲ့ စိတ်ဝိညာဉ်အနှစ်ကြောင့် စုရှောင်ရှန်၏ မျက်နှာထက်၌ နာကျင်နေသောအမူအရာပေါ်လာခဲ့ပြီး လှုပ်မရဖြစ်သွားခဲ့သည်။

ထိုအဖိုးကြီးကတကယ်ထူးဆန်းသည်။ စုရှောင်ရှန် သူ့ကို ဝင်တိုက်မိပြီးနောက်မှာတောင် ပြောင်သလိုလို နောက်သလိုလို စကားထွက်လာနိုင်သေး၏။

ထို့နောက် ထိုအဖိုးကြီး၏ ထေ့ငေါ့သောစကားပြီးနောက်မှာ ဧကရာဇ်နယ်ပယ်ကျင့်ကြံသူများရောက်လာတာကို တွေ့ရသည်။ သူတို့အားလုံးက လေထဲ၌ တုန်လှုက်ခြောက်ခြားဖွယ်ရာကောင်းသော အရှိန်အဝါများဖြင့် ရပ်နေကြ၏။

သို့ပေမယ့် သူတို့အားလုံး၏ ကိုယ်များက ခုတ်ရာပြတ်ရာများဖြင့် သွေးအလိမ့်လိမ့် လူးနေကြသည်။ သူတို့ကိုကြည့်ပြီး စုရှောင်ရှန်တောင် ပြောစရာစကားများပျောက်ရှသွားရ၏။

“ဘာဖြစ်တာလဲဟ”

ထို့နောက်မှ စန်ကျောက်ဖု၏ သွေးစွန်းထင်းနေသော ပုစိန်ငယ်လေးကိုတွေ့ပြီး ဇာတ်ရည်သွားလေသည်။

ထိုပုစိန်ကိုင်အဖိုးကြီးနှင့် မငြင်းခုန်တာကောင်းပေလိမ့်မည်။ သူကလည်း သူတော်စင်အစေအပါးမှ ဖြစ်နိုင်လောက်ပြီး ရဲ့ရှောင်ထျန်းတို့ကို ခုတ်ချလာတာဖြစ်ရမည်။

စုရှောင်ရှန်၏မျက်နှာဖြူရော်သွားပြီး သူ၏ အရှိန်အဝါများလည်းပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် တုန်တုန်ရင်ရင်ဖြင့် ‌စန်ကျောက်ဖုကို ခေါင်းညိတ်ပြလိုက်၏။

“ဟုတ်တယ် ကျုပ်က ဖြူကောင်”

ထိုသို့ တကယ် အဖြေရလိမ့်မည်ဟုထင်မထားသည့်အတွက် စန်ကျောက်ဖု စွံ့အသွားရသည်။

သူ့ရှေ့က ပိုးမွှားအလား မူလနန်းတော်နယ်ပယ် စုရှောင်ရှန်ကို လစ်လျူရှူလိူက်ပြီး သူ့ရှေ့ ဖြစ်ပျက်နေသော တိုက်ပွဲကို အာရုံစိုက်လိုက်၏။

အကြီးအကဲစန်းက မျက်နှာဖုံးတပ်လူ၏ ကြောက်ဖွယ်ရာ ဓားအလင်းတန်းကို လက်ထဲ၌ ဖမ်းဆုပ်ထားလေသည်။ ထိုမှ ကြောက်မက်ဖွယ်ရာ အင်အားက လူတိုင်းကို ကျောချမ်းသွားစေဖို့လုံလောက်၏။

ခရက် ခရက်

ထိုဓားအလင်းတန်းတွင် ‌အက်ကြောင်းများထလာခြင်းနှင့်အတူ ကောင်းကင်လည်း ပြိုလဲတော့မည့်ဟန် ပေါ်လာသည်။ နောက်တော့လည်း ဘာမှ မဖြစ်လိုက်ဘဲ လေထဲမှာသာ တိတ်တဆိတ်ပျောက်ကွယ်သွား၏။

‌ငရဲမီးတောက်ကောင်းကင်မီးလျှံက တကယ် အရာအားလုံးကို လောင်ကျွမ်းနိုင်စွမ်းရှိပေသည်။

အကြီးအကဲစန်း ထိုဓားအလင်းတန်းကို ဖျက်ဆီးလိုက်သည့်မြင်ကွင်းက စန်ကျောက်ဖုကို ‌ကြက်သီးများတဖျင်းဖျင်းထသွားစေခဲ့သည်။

“မင်းဘယ်သူလဲ” စန်ကျောက်ဖုမေးသည်။

သူရှေ့က ထိုကောက်ရိုးခမောက်နှင့်အဖိုးကြီးက သူရင်ဆိုင်ခဲ့ရသော လူငယ်မျိုးဆက်များနှင့် အကွာကြီးဖြစ်တာ သိသာထင်ရှားသည်။

အကြီးအကဲစန်းအသုံးပြုလိုက်သည့် နည်းစနစ်မျိုးကို မြင်ဖူးတယ်ဆိုပေမယ့် ဘယ်မှာလဲဆိုတာ အဖြေရှာမရဖြစ်နေသည်။

ဒါဖြင့် ဒီလူလည်း ယခု ခေတ်က လူသစ်ဖြစ်ကြောင်းမဟုတ်နိုင်လောက်ဟု စန်ကျောက်ဖု ကောက်ချက်ချလိုက်၏။

“စန်ကျောက်ဖုလား” အကြီးအကဲစန်းအံ့အားသင့်သွားသည်။

စန်ကျောက်ဖုက အကြီးအကဲစန်းကိုမသိပေမယ့် အကြီးအကဲစန်း၏ မျက်နှာအနေအထားအရတော့ သူက စန်ကျောက်ဖုကို သိသည့်ပုံပေါ်သည်။

“မင်းဒီမှာဘာလုပ်နေတာလဲ” အကြီးအကဲစန်းမေးသည်။

အကြီးအကဲစန်း၏ ရင်းနှီးသကဲ့သို့ လေယူ လေသိမ်းကြောင့် စန်ကျေက်ဖု နားမလည်နိုင်ဖြစ်သွားရသည်။

ကြည့်ရတာ သူ့ကို လူအတော်များများသိပုံရ၏။

ထို့နောက် မျက်နှာထက်မှာ ဂုဏ်ယူနေသော အမူအရာပေါ်လာပြီး ကိုယ်ကိုယ် ကိုယ်တိုင်တောင်မသိဘဲ ကိုယ်ကိုအလိုလိုမတ်လိုက်မိလေကာ မေးသည်။ “ငါ့ကိုသိလို့လား”

အကြီးအကဲစန်း ဘာမှ မပြောတော့ဘဲ မျက်နှာဖုံးတပ်လူကိုသာ လှည့်ကြည့်လိုက်သည်။ သူ့ခမောက်ကို ဆွဲချလိုက်ရာ မျက်နှာကို အမှောင်ဖုံးသွားတော့၏။

“မင်းကို စိတ်ဝိညာဉ်နန်းတော်နဲ့‌ ဝေးဝေးမှာ နေဖို့ ငါပြောတယ်မလား”

မျက်နှာဖုံးအောက်မှ သူ၏ အမူအရာပြောင်းလဲသွားရပြီး ချက်ခြင်းအော်လိုက်သည်။ “ကျောက်ဖု”

စန်ကျောက်ဖု မျက်နှာဖုံးတပ်လူကို နားမလည်နိုင်စွာကြည့်လိုက်၏။

ထိုကောက်ရိုးခမောက်နှင့် အဖိုးကြီး၏ စကားအရတော့ သူတို့ကို ထွက်သွားခွင့်ပေးမနေမှာ သိသာသည်။

“ဟီးဟီး မင်းလည်း ကြွားဝါရ‌တာကြိုက်တယ်ပေါ့”

ရှဲ ရှဲ

စကားပြောနေရင်း သူ့အနီးအနားက အပူချိန်တိုးမြင့်လာတာကို စန်ကျောက်ဖု ခံစားလိုက်ရသည်။ မြေပြင်က ချက်ခြင်းခြောက်သွေ့သွားခဲ့ပြီး ကောင်းကင်ကလည်း ‌နေအလွန်အမင်းပူပြင်းတဲ့အခါလို လျှပ်တပြက်တပြက်ဖြစ်လာသည်။

ရှဲ…….။

မြေပြင်ကနေ အဖြူရောင်မီးလျှံတစ်ခု အဝိုင်းသဏ္ဌာန်တောက်လောင်လာခဲ့ပြီး သူတို့ သုံးဦးသားကို ပိတ်လှောင်လိုက်၏။

ထိုမှ ထိုမီးလျှံများက သတိမပေးဘာမပေး မီတာရာနှင့်ချီအောင် ထိုးတက်သွားတော့သည်။

ကောင်းကင်ယံတစ်လျှောက်မှာလည်း အပူချိန်ကတဟုန်ထိုး တိုးမြင့်သွားပြီး သလင်းကျောက်တစ်တုံးကို မီးထိုးလိုက်သည့်အခါ တန်ပြန်ထွက်လာသည့် အလင်းများလို မျက်စိကြိမ်းစဖွယ်ဖြစ်လာခဲ့၏။

“နဂါးလောင်မြိုက်ခြင်းနယ်ပယ်”

မျက်နှာဖုံးတပ်လူက သူမြင်လိုက်ရတဲ့အရာကြောင့် မှင်တက်သွားပြီး အလန့်တကြားထအော်သည်။ “မင်းရူးသွားပြီလား”

အပြင်ဘက်ကလူများလည်း ထိုအံ့မခန်းမီးလျှံတံတိုင်းကြီးကိုကြည့်ပြီး အံ့အားသင့် ကြက်သေသေသွားခဲ့၏။ ထိုနောက်မှာ နဂါး‌လောင်မြိုက်ခြင်းနယ်ပယ်က စိတ်ဝိညာဉ်အာရုံကိုတောင် လောင်ကျွမ်းနိုင်တာသိလိုက်ရပြီး အထဲ၌ဘာဖြစ်နေသလဲဆိုတာ မမြင်နိုင်တော့ပေ။

ဘာလို့လဲတော့မသိ စုရှောင်ရှန်၏ အကြားအမြင်က ထိုမီးလျှံများကိုဖောက်ထွင်းသွားနိုင်၏။ သို့ပေမယ့် ၎င်းကအလွန်ပူပြင်းနေရာ သူ့တစ်ကိုယ်လုံးကိုတောင် မီးလာဆွဲမတတ်ခံစားလိုက်ရသည်။

: [အတိုက်ခိုက်ခံရပါသည်။ ပင်ကိုယ်မှတ် + ၁]

: [အတိုက်ခိုက်ခံရပါသည်။ ပင်ကိုယ်မှတ် + ၁]

“ဘာကြီး…”

အသိပေးချက်ဖန်သားပြင် ထိအသိပေးချက်များဖြင့် ထပ်ခါ တလဲလဲ အသစ်ပြောင်းနေလေရာ စုရှောင်ရှန်တောင် စိုးရိမ်သွားရသည်။

ချက်ခြင်း အကြားအမြင်ကိုပိတ်လိုက်ချင်ပေမယ့် ပင်ကိုယ်စွမ်းရည်ဖြစ်နေရာ သူသုံးချင်တဲ့အခါသုံး ပိတ်ချင်တဲ့အခါ ပိတ်ဖို့ မဖြစ်နိုင်ပေ။

“အဖိုးကြီးက တကယ် ကြမ်းတယ်ဟ”

ထိုမှ အကြီးအကဲစန်းတစ်ခါမှ သူ့ရှေ့မှာ တိုက်ခိုက်တာမမြင်ဖူးတာ သတိထားမိသွားသည်။ ထိုကြမ္မာငင်သည့်ည‌ကလည်း မျက်နှာဖုံးတပ်လူကို လျှပ်တပြက်အတွင်းသာ ဖြေရှင်းသွားခဲ့၏။

ယခုမှ အကြီးအကဲစန်း တိုက်ပွဲ၀င်တာကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်သည်။

လေညှင်းကလေးတိုက်ခတ်သွားမှုဖြင့်အတူ အကြီးအကဲကျောက် စုရှောင်ရှန်အနားကို ရောက်လာခဲ့သည်။

“စုရှောင်ရှန် မင်းဒီမှာ ဘာလုပ်နေတာလဲ”

ရဲ့ရှောင်ထျန်းလည်း စုရှောင်ရှန်ကို ဒီမှာတွေ့လိုက်ရတာကြောင့် အံ့အားသင့်သွားခဲ့သည်။

ဘာလို့ ဒီကောင်လေးကိုနေရာတိုင်းမှာ တွေ့နေရတာလဲ။

လျှိုရွှမ်ရှင်းနှင့်သတ်ပြီး သူလျှိုမဖြစ်ကြောင်းသက်သေပြချင်တာ အားမရသေးလို့ မျက်နှာဖုံးတပ်လူကိုပါ လာပြီး ပညာပြတာလား။

စစ်မှန်ခြင်းနယ်ပယ်က တစ်စုံတစ်ယောက်အတွက်တော့ တကယ်ရဲတင်းလွန်းပေသည်။

“မင်းကိုသွားပုန်းနေဖို့ ငါပြောတယ်မလား” ရဲ့ရှောင်ထျန်း ကျေနပ်မနေသော လေသံဖြင့် မေးလိုက်သည်။

“ဟုတ်တယ်လေ။ ကျုပ်လည်းပုန်းဖို့လာတာပဲ” စုရှောင်ရှန် ခေါင်းညိတ်လိုက်သည်။

“ဒါဆိုမင်းက ဘာဖြစ်လို့ ဒီကိုရောက်နေရတာလဲ။ အထုအထောင်းခံချင်နေတာလား”

စုရှောင်ရှန်၏ ခန္ဓာကိုယ်မှာ ဒဏ်ရာဒဏ်ချက်ရှိလိုရှိငြား ရဲ့ရှောင်ထျန်း အကဲခတ်လိုက်သည်။ သို့ပေမယ့် သူ၏ ရှုပ်ပွနေသော အ၀တ်အစားမှလွဲလျှင် ဘာဒဏ်ရာဒဏ်ချက်မှမရှိတာကိုတွေ့ရသည်။

“ပုန်းတယ်‌ဆိုတော့ ကိုယ့်အိမ်ကိုယ်ပြန်ပေါ့ ဟုတ်တယ်မလား။ ကျုပ်အိမ်က ဒီအနီးနားမှာပဲလေ။ အဲ့တော့ ဘယ်သွားရ‌မှာ” စုရှောင်ရှန် ရိုးရိုးသားသားဖြေလိုက်သည်။

ရဲ့ရှောင်ထျန်း သူ့ကို မကျေမနပ်ကြည့်လိုက်ပြီး တစ်ဘက်သို့ ခေါင်းလှည့်လိုက်၏။

မကြာခင် အကြီးအကဲစန်း၏ ဆေးလုံးကိုစားပြီးနောက်မှာ လမ်းစဉ်ပျက်ဆီးတာကနေ ပြန်သက်သာလာသော ရှောင်ချိစွေလည်း စုရှောင်ရှန်တို့ရှိရာ လျှောက်လာသည်။

“တော်တယ်” ရှောင်ချိစွေက စုရှောင်ရှန်ကိုပြောသည်။

ရဲ့ရှောင်ထျန်းလည်း ရှောင်ချိစွေ၏ ပုခုံးကို အသိအမှတ်ပြုသလို ပုတ်လိုက်၏။ သူထင်သည်က ရှောင်ချိစွေကြောင့် စုရှောင်ရှန်အသက်ရှင်နေနိုင်သေးတယ်ပေါ့။

သို့ပေမယ့် ရှောင်ချိစွေက ခေါင်းခါရမ်းပြကာ စုရှောင်ရှန်ကို ပဟေဠိဆန်ဆန်ကြည့်လိုက်သည်။ ထို့နောက် အတန်ငယ်တွေဝေနေပြီးနောက်မှာ သက်ပြင်းချကာဆိုလိုက်၏။

“ငါဘာမှ မလုပ်လိုက်ရဘူး။ ဒီကလေးကြောင့်သာမဟုတ်ရင် ငါအခု သေသွားလောက်ပြီ”

ရှောင်ချိစွေ၏ စကားကိုကြားသောအခါ လူတိုင်း အံ့ဩဘနန်းဖြစ်သွားကြသည်။ နောက်ကျမှရောက်လာသော ကျန်းပင်းယန်လည်း ထိုအချင်းအရာကိုကြားပြီး အံ့အားသင့်သွား၏။

စစ်မှန်ခြင်းနယ်ကယ်က ကလေး‌တစ်ယောက်က မျက်နှာဖုံးတပ်လူနဲ့ ဘယ်လိုတိုက်ခိုက်နိုင်တာလဲ။

သူ့အနီးနားက လူအများ၏ မယုံကြည်နိုင်သော အကြည့်များကြောင့် စုရှောင်ရှန်လည်း ရှက်ကိုးရှက်ကန်းဖြစ်သွားရသည်။ ထို့နောက် ပြုံးချင်သလိုလို မပြုံးချင်သလိုလိုနှင့် မီးလျှံတံတိုင်းကြီးကို ညွှန်ပြကာ မျက်တောင်ကလေးပုတ်ခတ်ပုတ်ခတ်လုပ်ပြီးဆိုလိုက်၏။

“တွေ့လား။ အဲ့ဒီမျက်နှာဖုံးတပ်လူပေါ်က ဒဏ်ရာတွေက ကျုပ်လုပ်ထားတာလေ”

ထိုအခိုက်အတန့်ကလေးမှာ အချိန်တောင်ရပ်တန့်သွားသလို လူတိုင်း အေးခဲသွားကြ၏။

အကြီးအကဲကျောက် စုရှောင်ရှန်၏ ခေါင်းကိုထုလိုက်သည်။ သူတို့သာ အရေးကြီးတဲ့‌အခြေအနေအတွင်းမှာ မဟုတ်ခဲ့ရင် ဝါးလုံးကွဲ တဟားဟား ထရယ်နေပြီးလောက်ပြီ။

“မင်း… လေကြီးလေကျယ်တွေပြောနေပြန်ပြီ” အကြီးအကဲကျောက် နှာရှုတ်လိုက်သည်။

: [သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၃]

သို့သော် စုရှောင်ရှန်၏ ခေါင်းကိုရိုက်လိုက်သောအခါ ပြန်တွန်းကန်အားတစ်ခုကိုခံစားလိုက်ရတာကြောင့် အကြီးအကဲကျောက် သူ့လက်ကို တအံ့‌တအော ငုံ့ကြည့်လိုက်သည်။

ထို့နောက် အရင်ကနှင့် ကွဲပြားနေဟန်ရသော စပ်ဖြီးဖြီးအပြုံးနှင့် စုရှောင်ရှန်ကို ကြည့်လိုက်သည်။

ရှောင်ချိစွေလည်း အသက်ကို ခပ်ပြင်းပြင်းရှိုက်ကာ ဆိုလိုက်၏။ “သူတကယ်ပြောနေတာ အဲ့ဒဏ်ရာတွေက သူ့ကြောင့်ဖြစ်တာ”

: [သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၃]

အသိပေးချက်ဖန်သားပြင်ကိုကြည့်ပြီး မျက်မှောင်ကြုတ်ကာ စုရှောင်ရှန်ခေါင်းခါရမ်းလိုက်သည်။

၎င်းနှင့် အသားကျပြီးဖြစ်သည်။ သူက အမှန်ကိုပြောနေရင်တောင် လူတွေက ယုံကြည်ဖို့ ငြင်းဆန်ကြ၏။

သူတို့၏ အမူအရာများက မယုံသင်္ကာဖြစ်ခြင်းမှ တုန်လှုပ်မှုအဖြစ်သို့ ပြောင်းသွားတာကိုမြင်သောအခါ ရေရွတ်လိုက်သည်။ “ဓားတစ်ချက်လေးပဲကို ဘာတွေ ဖြစ်နေကြတာလဲ”

ဘယ်သူမှ ဘာမှ မပြောကြပေ။

ရှောင်ချိစွေ သူ့ကို စူးစူးရှရှကြည့်လိုက်၏။

: [ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

“သူတို့မချကြသေးဘူးလား ဒီတိုင်းကြီးပဲ ရပ်နေကြတယ်”

သူ့ဘေးနားက ဧကရာဇ်နယ်ပယ်ကျင့်ကြံသူများကို အပမထားတော့ဘဲ အဖြူရောင်မီးလျှံတံတိုင်းကြီးကိုကြည့်ပြီး စုရှောင်ရှန်ပြောလိုက်သည်။ သူတို့လည်း မီးလျှံတံတိုင်းကြီးကို စုရှောင်ရှန်၏ စကားကြောင့်ကြည့်လိုက်ကြ၏။

ထိုပြိုးပြိုးပြက်ပြက် တောင်လောင်နေသည့် မီးလျှံများက မျက်လုံးကြိမ်းစေလောက်အောင် လင်းထိန်နေပေသည်။ ငရဲမီးတောက်ကောင်းကင်မီးလျှံက သဏ္ဌာန်မဲ့ကာ အရောင်လည်းမဲ့ပေသည်။ ၎င်းကို စုရှောင်ရှန် သဏ္ဌာန်ပေါ်လာတာ ဒုတိယအကြိမ်အဖြစ် မြင်ဖူးခြင်းဖြစ်၏။

ပထမတစ်ကြိမ်က ငရဲမီးတောက်ကောင်းကင်နည်းစနစ်ကို ပထမဆုံးလေ့ကျင့်စဉ်က ဖြစ်သည်။

“မူလဇစ်မြစ်ကို ပြန်သွားခြင်းပေါ့လေ”

စုရှောင်ရှန် အတွေးနက်နေသည့်အချိန်မှာ အကြီးအကဲကျောက်က နောက်တစ်ကြိမ် ခေါင်းထပ်ထုလိုက်သည်။

စုရှောင်ရှန် သူဘာအမှားမှလည်း မလုပ်မိတာကြောင့် မကျေမချမ်းဖြစ်သွား၏။ ထိုခေါင်းထုမှုက မနာကျင်ပေမယ့် သူ့ကို အငိုက်ဖမ်း‌လိုက်လေကာ လန့်ဖျပ်သွားရပေသည်။

“ဘာလို့ရိုက်တာလဲ” သူဘာမှလည်း မလုပ်မိချေ။

အကြီးအကဲကျောက်သူ့မျက်စိထောင့်စွန်းက မျက်ရည်များကို သုတ်ပြီး ဆိုလိုက်သည်။ “မင်းက အကြွားသန်နေတာကိုးကွ။ ငါတောင်ဘာမှ မမြင်ရတာ မင်းက အားလုံးကို မြင်နေရသလိုလိုနဲ့ ပြောနေတယ်”

အပိုင်း (၂၁၀) အကြီးအကဲစန်း ကြမ်းပြီ

“ဟမ်”

စုရှောင်ရှန် မျက်ခုံးပင့်ကာမေးလိုက်သည်။ “ခင်ဗျားတို့က ဘာမှ မမြင်ရဘူးပေါ့”

: [သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]

ရဲ့ရှောင်ထျန်းဘာမှ မပြောဘဲ လက်ဝှေ့ရမ်းလိုက်ရာ သူ့ရှေ့မှာ ဖန်သားပြင်တစ်ခုပေါ်လာခဲ့သည်။ ထိုမီးလျှံထဲမှာ ဖြစ်ပျက်နေသမျှအားလုံးကို ဖန်သားပြင်လေးအပေါ်မှာ မြင်ရ၏။

“ဒါဘယ်လို နည်းစနစ်တုန်း” စုရှောင်ရှန်၏ မျက်၀န်းများ ၀င်းပသွားပြီး မေးလိုက်သည်။

“ကောင်းကင်အမြင်”

“ဒါနဲ့ဆို ဘာမဆိုကြည့်လို့ရတာလား”

“အေး ဟုတ်တယ်”

ရဲ့ရှောင်ထျန်း တစ်ခုခု မူမမှန်သလို ခံစားရပြီး ပြန်မေးလိုက်သည်။ “နေပါဦး။ မင်းက ဘာလို့မေးတာလဲ”

“ဟီဟီး ဟီဟီး။ မဟုတ်ပါဘူး။ ခင်ဗျား ထင်နေသလိုမဟုတ်ဘူး” စုရှောင်ရှန် ‌ပြုံးစိပြုံးစိ ဖြေလိုက်သည်။

“ဘာလဲဟ” ရဲ့ရှောင်ထျန်း မျက်မှောင်ကြုတ်လိုက်သည်။

: [သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၄]

ရဲ့ရှောင်းထျန်း၏ အရပ်ကို မသိမသာ တိုင်းကြည့်လိုက်ပြီး စုရှောင်ရှန်လည်း သင်္ကာမကင်းဖြစ်သွားသည်။

လူတိုင်း၏ အာရုံက ထိုဖန်သားပြင်ပေါ်ကျသွား၏။ စုရှောင်ရှန်လည်းပဲ ထိုကောင်းကင်အမြင်ဟုခေါ်သည့် စိတ်ဝိညာဉ်နည်းစနစ်ကိုကြည့်လိုက်သည်။

အကယ်၍ ရဲ့ရှောင်ထျန်းကသာ ကမ္ဘာငယ်လေးတွေလို ဖောက်မြင်ကြည့်တာမဟုတ်ဘဲ ယခုလိုဆိုရင်တော့ ထမင်းစားရေသောက်ပဲဖြစ်သည်။

တကယ်က သူက ထိုဖန်သားပြင်ကိုတောင်မလိုဘဲ ထိုမီးလျှံများကို မျက်လုံးချည်းသက်သက်ဖြင့် ဖောက်ကြည့်နိုင်ပေသည်။

နဂါးလောင်မြိုက်ခြင်းနယ်ပယ်ထဲက လူသုံးယောက်က လေထဲမှာ ပျံဝဲနေကြသည်။ စုရှောင်ရှန်လို ပြောင်စပ်စပ်ကောင်မရှိတာကြောင့် အခြေအနေက တင်းမာနေခဲ့၏။

အင်မတန်မြင့်မားသောအပူချိန်ကြောင့်လည်း သူတို့သုံးဦးသား ချွေးများ တရွှဲရွှဲစိုနေကြသည်။ ယခုလို အခြေအနေဖြင့် အသားကျခြင်းမရှိသော စန်ကျောက်ဖုအနားမှာ မီးခိုးခွေ့များ တစ်သီးတစ်သန်းကြီး ၀န်းရံနေကြပြီး တစ်သီးတစ်ခြားရပ်တည်နေသည်။

“မင်းလုပ်နိုင်တာဒါအကုန်ပဲလား” စန်ကျောက်ဖုက အကြီးအကဲစန်းကို ထေ့ထေ့ငေါ့ငေါ့မေးလိုက်သည်။

ထို့နောက် သူ၏ ပုစိန်ပေါ်တင်ထားသောလက်ကို အသာတောက်လိုက်၏။ အကြီးအကဲစန်းလုပ်နိုင်တာဒါအကုန်ပဲဆိုရင် သူ၏ အချိန်နှင့် မထိုက်တန်ပါချေ။

အကြီးအကဲစန်းပြုံးလိုက်ပေမယ့် မျက်နှာက မဲ့ရွဲ့နေသည်။

“စန်‌ကျောက်ဖု သေချာကြည့်ထား။ ဒါက မင်းဘ၀ရဲ့ အရေးပါဆုံးတွေထဲက တစ်ရပ်ဖြစ်လာလိမ့်မယ်”

သူ့ခမောက်ကို အကြီးအကဲစန်း အပေါ်တင်လိုက်သည်။ ရုတ်တရက်ကြီး အဖြူရောင်မီးလျှံများ အတန်းလိုက် နဂါး လောင်မြိုက်ခြင်း နယ်ပယ်မှ စန်ကျောက်ဖုထံ စီး၀င်သွား၏။

ထိုမှ ငရဲမီးတောက်ကောင်းကင်မီးလျှံ၏ အပူချိန်က အစွန်းရောက်လွန်းလှကာ မည်သူမှ ထိရဲလိမ့်မည်မဟုတ်ချေ။

စန်ကျောက်ဖု တိမ်းရှောင်လိုက်ရာ မီးလျှံအတန်းများတစ်ခုနှင့်တစ်ခု တိုက်မိကြပြီး ပေါက်ကွဲထွက်သွားသည်။

ထို့နောက် လှိုင်များနှင့်အတူ နေရာတစ်ခုလုံး ကောင်းကင်ကိုတောင် ပေါက်ကွဲ စေမတတ် တုန်ခါသွားတော့၏။ သို့သော် ၎င်းက နဂါးလောင်မြိုက်ခြင်းနယ်ပယ်အတွင်း၌သာဖြစ်ကာ အသုံးပြုသူ၏ ကျွမ်းကျင်မှုကို ဖော်ပြသည်။

ထိုမှ လှိုင်းများကြောင့် စန်ကျောက်ဖုလွင့်ထွက်သွားခဲ့၏။ မီးလျှံနံရံနှင့်ထိတိုက်‌မိတော့မည့်အချိန်မှ အချိန်ကိုက်လေး ရပ်တန့်လိုက်နိုင်ပေသည်။

ထိုမီးလျှံ၏အပူချိန်က ကြည့်လိုက်သည့် သူ၏ ဝိညာဉ်ကိုတောင် လောင်ကျွမ်းစေနိုင်ပေ၏။

အပြင်ဘက်က စုရှောင်ရှန် ထိုအချင်းအရာကိုမြင်သောအခါ အလန့်တကြားထခုန်လိုက်သည်။

“လခွမ်း။ ကြမ်းလိုက်တာ”

အခြားသူများက ပဟေဠိဖြစ်ကောင်းဖြစ်နိုင်သည်။ သို့ပေမယ့် စုရှောင်ရှန်က ဤသို့စွမ်းအားကိုကိုင်ဆောင်သူဖြစ်ရာ ဘာဖြစ်နေသလဲကို ကောင်းကောင်းကြီးသိပါသည်။

ထိုမီးလျှံနံရံများက နည်းစနစ်တစ်ခုဖြစ်ပြီး မီးတောက်အစေ့များမရေမတွက်နိုင်အောင် စုပေါင်း၍ တည်ဆောက်ထားခြင်းဖြစ်သည်။

နဂါလောင်မြိုက်ခြင်းနယ်ပယ်ကို အကြီးအကဲစန်းသာထိန်းချုပ်မထားဘူးဆိုရင် ထိုမှ ပေါက်ကွဲမှုက အတွင်းစည်းတစ်၀က်လောက်ကိုတောင် ပြာဖြစ်သွားစေနိုင်ပေသည်။

“အကြီးအကဲစန်း…”

ကောင်းကင်အမြင်ကိုကြည့်ပြီး ကျန်းပင်းယန် တီးတိုးရေရွတ်လိုက်သည်။ အရင်တစ်ခေါက် အကြီးအကဲကိုတွေ့စဉ်က နယ်ပယ်တူအဖြစ် စိန်ခေါ်နိုင်မယ်လို့ထင်ထားလေသည်။

သို့သော် ယခု နှစ်အနည်းငယ်ကြာပြီးနောက်မှာ အကြီးအကဲစန်းက ခွန်အားအရာရော၊ စွမ်းရည်အရာမှာပါ သူ့ကို နောက်၌ ချန်ထားခဲ့၏။

ကျန်းပင်းယန်သာ တုန်လှုပ်ရသည်မဟုတ် စိတ်ဝိညာဉ်နန်းတော်က ရဲ့ရှောင်ထျန်းတို့တစ်သိုက်လည်း နည်းတူ အံ့အားသင့်ရပေသည်။

အကြီးအကဲစန်းက သူ့စွမ်းရည်များကို ကြုံတောင့်ကြုံခဲမှ ထုတ်ပြတတ်ရာ သူ၏ ‌စွမ်းဆောင်ရည်များကို ဟိုး ယခင် နှစ်ပေါင်းများစွာကကဲ့သို့ သတ်မှတ်ထားပါသေးသည်။

ယခု ဖန်သားပြင်၌ ဖြစ်ပျက်နေသည်ကိုမြင်ရမှ အကြီးအကဲစန်း တယ်ကြမ်းပါလား ပါးစပ်အဟောင်းသားလေးဖြစ်သွားကြရ၏။

“သူပိုပြီး သန်မာလာပြီ”

ရှောင်ချိစွေက ထပ်လောင်း၍ “အဖိုးကြီး ပြောတာမှန်တယ်။ ငါတို့ စိတ်ဝိညာဉ်နန်းတော်ထဲမှာ တကယ် အရိုးဆွေးနေကြပြီ”

သူတို့အားလုံးပြန်ငြိမ်ကျသွားကြသည်။ စုရှောင်ရှန်ထို အဖိုးကြီးများကို ခိုးကြည့်လိုက်သောအခါ မျက်နှာများ၌ မနာလို၀န်တိုမှုများသာတွေ့ရပြီး နောင်တတရားများတစ်ခုမှ မရှိပါချေ။

“ဒါက လမ်းစဉ်နဲ့ ရွေးချယ််မှု ကွဲပြားချက်ပဲမဟုတ်လား” စုရှောင်ရှန်ပြောသည်။

စုရှောင်ရှန်က ဤသို့မှတ်ချက်ချမည့်သူဟု ထင်မထားကြရာ သူတို့ တုန်လှုပ်သွားကြသည်။ သို့သော် ဆက်လက်၍ တိတ်ဆိတ်နေကြစဲသာ။

နဂါးလောင်မြိုက်ခြင်းနယ်ပယ်အတွင်း၌…။

ထိုပေါက်ကွဲမှုက စုရှောင်ရှန်‌အတွက် ဩချလောက်စရာဆိုပေမယ့် မီးလျှံအတွင်းက လူနှစ်ယောက်အတွက်တော့ မလုံလောက်သေးပါချေ။

မျက်နှာဖုံးတပ်လူက နှင်းမြို့တော်၏အလွမ်းနှင့် လှိုင်းများကို ဖြတ်ချလိုက်သည်။ စန်ကျောက်ဖုက ပိုလို့တောင် သက်တောင့်သက်သာရှိပြီး လှိုင်းများကို ခုခံခြင်းတောင်မပြုလိုက်ပါချေ။ သူ့ကိုမှ အနာတရ‌ဖြစ်အောင်မလုပ်နိုင်တာပဲ။

စန်ကျောက်ဖု ဖြတ်ပိုင်းလိုက်ရာ နဂါးလောင်မြိုက်ခြင်းနယ်၏ နံရံမှာ ပြတ်ပေါက်ကြီးတစ်ခုပေါ်လာသည်။

သို့ပေမယ့် ၎င်းတို့က ရေစီးဆင်းနေသည့်အလား အလျှင်အမြန် ပြန်ဖြည့်ပိတ်သွားခဲ့၏။

“ဟမ်။ အထင်ကြီးစရာပဲ”

စန်ကျောက်ဖု လက်ဖျာခါသွားသည်။ သူ့ပုစိန်ငယ်လေးမှာပါတဲ့ မဟာလမ်းစဉ်နှင့် စိတ်ဝိညာဉ်အနှစ်တို့က အံ့ဩစရာကောင်းလောက်အောင်ဖြစ်သော်လည်း ထိုနံရံကို မဖြိုချနိုင်ပါချေ။

ထိုနံရံကမီးလျှံများကတောင် သူ့တိုက်ခိုက်မှုကို လောင်ကျွမ်းလိုက်သည်။ တကယ်က ဒီနေရာမှာ လောင်ကျွမ်းတယ်ဆိုတာထက် ဝါးမျိုတယ်လို့ပြောရပေမည်။

နဂါးလောင်မြိုက်ခြင်းနယ်ပယ်က စန်ကျောက်ဖု၏ တိုက်ခိုက်မှုကို ဝါးမျိုလိုက်ပြီး လောင်စာအလား ပိုလို့တောင် မီးလျှံများကို အားပိုကောင်းလာစေပေခဲ့၏။

“အထင်ကြီးစရာပဲ။ ကြည့်ရတာ ငါတော့ ဘယ်မှ သွားလို့မရတော့ဘူးထင်ပါတယ်” စန်ကျောက်ဖုက ပြောသည်။

အကြီးအကဲစန်းလည်း ပြုံး၍ ပြန်ဖြေလိုက်သည်။ “စမ်းကြည့်ပေါ့”

စန်ကျောက်ဖု ချက်ခြင်း လက်ထဲက ပုစိန်ဖြင့် ရှေ့တက်လိုက်သည်။

“မလိုပါဘူး။ မင်းသာ ကျသွားရင် ဒီ နဂါးလောင်မြိုက်ခြင်းနယ်ပယ်ဆိုတာလည်း ကျသွားမှာပဲမလား”

စန်ကျောက်ဖုက သူ့ထံ ၀င်လာနေတာတောင် အကြီးအကဲစန်းက မလှုပ်မယှက်ရှိနေသေး၏။ ပြီးမှ သူ့လက်ကိုမြှောက်ကာ အော်လိုက်သည်။

“ဆေးမီးဖို”

နဂါးလောင်မြိုက်ခြင်းနယ်ပယ်က ဆေးမီးဖိုအိုးချက်ခြင်းဖြစ်သွားခဲ့ပြီး မရေမတွက်နိုင်သော မီးလျှံများ မြေပြင်မှ တိုးထွက်လာကာ နယ်ပယ်အတွင်းပိုင်းတစ်ခုလုံးကို လျှင်လျှင်မြန်မြန်ဖြည့်လိုက်သည်။

ရဲ့ရှောင်ထျန်း၏ ကောင်းကင်အမြင်တောင် ထိုသို့ အပူချိန်ကို မခံနိုင်သလိုနှင့် စတင်၍ မတည်မငြိမ်ဖြစ်လာခဲ့၏။

အလျင်အမြန် သူ့နည်းစနစ်ကို ချက်ခြင်း တည်‌ငြိမ်အောင်ပြန်လုပ်လိုက်သော်လည်း အသံသာကြားရတော့ပြီး ရုပ်မမြင်ရတော့ချေ။

စုရှောင်ရှန်ကတော့ အကြားအမြင်ဖြင့် အရာအားလုံးကို မြင်နိုင်နေသည်။

ထိုတိုက်ခိုက်မှုက တိုး၀င်လာနေသော စန်ကျောက်ဖုကိုမဆိုထားဘိ အနောက်က မျက်နှာဖုံးတပ်လူတောင် မရှောင်နိုင်လိုက်ပါချေ။

သူတို့နှစ်ဦးကို ငြိမ်းသက်လို့ရနိုင်ခြင်းမရှ်ိသော မီးလျှံများက ချက်ခြင်းလောင်ကျွမ်းလိုက်၏။

“ဒါဘာကြီးလဲဟ” စန်ကျောက်ဖုအော်သည်။

အလန့်တကြား ထိုမီးလျှံများကို ငြိမ်းဖို့ စိတ်ဝိညာဉ်အနှစ်မျာသုံးလိုက်သော်လည်း သူ့စိတ်ဝိညာဉ်အနှစ်များသာ လောင်ကျွမ်းသွားခဲ့သည်။ သူ့မဟာလမ်းစဉ်ဖြင့် ငြိမ်းသက်ကြည့်သောအခါတွင်လည်း သူ၏ လမ်းစဉ်ကို မီးဆွဲသွား၏။

ထိုကြောက်မက်ဖွယ်ရာအတိမီးလျှံများကြောင့် တစ်စုံတစ်ခုကို အမှတ်ရသွားလေသည်။

“ငရဲမီးတောက်ကောင်းကင်မီးလျှံ။ မင်းက သူတော်စင်တစ်ပိုင်း မီးတောက်ဧကရာဇ်ရဲ့ တပြည့်မလား”

အကြီးအကဲစန်း ဘာမှ ပြန်မဖြေကြားပါချေ။ သူ့လက်ကို ဆုပ်လိုက်ရာ ထိုထူးဆန်းသောမီးတောက်များက သူတို့၏ ဝိညာဉ်ထိတိုင်အောင်လောင်ကျွမ်းလိုက်သည်။

စန်ကျောက်ဖု၏ မျက်နှာရ ရှုံ့မဲ့နေပြီး သူ၏ အနက်ရောင်ဆံနွယ်များလည်း အရောင်လွင့်ပျယ်သွားခဲ့၏။

“အသက်ဓာတ်ရော လမ်းစဉ်ကိုပါ လောင်ကျွမ်းတယ်လား”

စန်ကျောက်ဖု တစ်စထက်တစ်စ ထိတ်ထိတ်ပျာပျာဖြစ်လာရလေသည်။

သူသန်မာတာမှန်သည်။ သို့ပေမယ့် ထိုမီးလျှံများက သူ့တစ်ကိုယ်လုံးကို လောင်ကျွမ်းနေလေရာ ရှိရှိသမျှကို တိုက်စားသွားသဖြင့် အသက်ပိုကြီးသည့်ဟန်ပေါက်သွားသည်။

“ကျောက်ဖု” မျက်နှာဖုံးတပ်လူအော်လိုက်သည်။

“ဆုံးဖြတ်ချက်က ငါတို့လက်ထဲမှာ ဆက်တိုက်ခိုက်နေဖို့မလိုတော့ဘူး။ သွားရအောင်”

မျက်နှာဖုံးတပ်လူလည်း ‌နာကျင်မှုကို အပြင်းအထန်ခံစားနေရသည်။ အစကတည်းက သူက ဒဏ်ရာပြင်းပြင်းထန်ထန်ရနေလေရာ အကြီးအကဲစန်း၏ မီးလျှံများနှင့် ထိတောင်မထိတွေ့ကြည့်မိသင့်ပေ။

ဘာလို့ အကြီးအကဲစန်းကိုများ တိုက်ခိုက်လိုက်ရသလဲမသိ။

အကြီးအကဲစန်းက အလွန်သန်မာလှလေရာ မျက်နှာဖုံးတပ်လူတောင် အကြီးအကဲစန်းကိုသတ်နိုင်မယ်ဆိုရင်တောင်မှ သူလည်း ဒုက္ခိတိဖြစ်သွားလေမည်။ ထို့အပြင် ထိုဒဏ်ရာက ပြန်ကုစားလို့မရသည့် အရာဖြစ်သည်။

အကြီးအကဲစန်းနှင့်တိုက်ခိုက်မည်ဆိုလျှင် ဆုံးရှုံးမှုက ပြင်းထန်ပေလိမ့်မည်။

သူ့နောက်ကျောက နှင်းမြို့တော်၏ အလွမ်းကို ‌ဆွဲယူလိုက်ရာမှာ သူ၏ ဓားဆန္ဒကလည်း မီးဆွဲနေသည်ကို တွေ့လိုက်ရ၏။

ထိုမီးလျှံများက တကယ်အရာအားလုံးကို လောင်ကျွမ်းနိုင်ကာ ကြောက်မက်ဖွယ်ရာကောင်းလွန်းလှပေသည်။ မျက်နှာဖုံးတပ်လူ အကျဉ်းအကြပ်ထဲရောက်သွား၏။

ထို့နောက် စန်ကျောက်ဖုကို စိတ်ချင်းဆက်ပြောလိုက်သည်။ “အပြင်ထွက်ဖို့ အစွမ်းကုန် တစ်ချက်တည်း တိုက်ခိုက်ရအောင်”

စန်ကျောက်ဖု ခေါင်းညိတ်ကာတုန့်ပြန်လိုက်သည်။

အကြီးအကဲစန်းဘယ်လောက် သန်မာသလဲ မြည်းကြည့်ပြီးဖြစ်ရာ သူလည်း အချိန်ဆက်မဆွဲချင်ပါချေ။

စန်ကျောက်ဖု သူ့ပုစိန်ကိုမလိုက်ချိန်မှာ အကြီးအကဲစန်က နှာတစ်ချက်မှုတ်ပြီး ကဲ့ရဲ့လိုက်သည်။

“မနိုင်တော့ ပြေးတော့မယ်ပေါ့လေ”

အကြီးအကဲစန်း လက်နှစ်ဖက်ကို ဖြန့်ထုတ်လိုက်ရာ နဂါးလောင်မြိုက်ခြင်းနယ်ပယ်ကနေ ဧရာမ မီးလုံးကြီးနှစ်ခု ဖြစ်တည်လာခဲ့သည်။ ထိုမီးလုံးကြီးနှစ်ခုက နေအသေးလေးများကဲ့သို့ လမ်းတစ်လျှောက်ရှိအရာရာတိုင်းကို ဖျက်ဆီးနေနိုင်သည့်ဟန်ပေါ်သည်။

ထိုအရာနှင့် အင်မတန်ရင်းနှီးသလိုခံစားလိုက်ရပြီး စုရှောင်ရှန်၏ မျက်လုံးများပြူးကျယ်သွားခဲ့၏။ ထို့နောက်မှာမှ ဘာလို့ရင်းနှီးနေသလဲသိရတော့သည်။

အကြီးအကဲစန်း လက်များကိုဆုပ်လိုက်ရာ ထိုဧရာမ မီးလုံးကြီးများက လူတစ်ကိုယ်စာအရွယ်အစားလောက်ထိ ကျုံ့သွားခဲ့သည်။ ထိုမီးလုံးများမှ ထိန်းမနိုင်သိမ်းမရ ကြမ်းတမ်းသောစွမ်းအင်များက ဆက်တိုက်စိမ့်ထွက်လာနေ၏။

ထိုမှ အငွေ့ကတောင် အရာရာကို တိုက်စားနိုင်နေဟန်ပေါ်သည်။

ထိုမီးလုံးများ၏ အတွင်း၌ ပိတ်လှောင်ထားခံရလျှင် ဘာဖြစ်မည်ကိုတွေးကြည့်နိုင်ပေသည်။

စုရှောင်ရှန်အံ့အားသင့်သွားခဲ့၏။

အကြီးအကဲစန်းအသုံးပြုနေသည့်နည်းလမ်းက စားဖိုမှူးရပြီးနောက်မှာ သူ စဉ်းစားမိသည့်အရာဖြစ်သည်။

“ဆေးဖာ်စပ်ခြင်း”

Comment

Leave a Reply

Options

not work with dark mode
Reset