အပိုင်း (၁၆၆) စကားပြောကောင်းပြီး စိတ်နှလုံးနူးညံ့တဲ့ အကိုကြီး
စုရှောင်ရှန် ဆေးအိုးထဲမှ ပုံမသွင်းရသေးသော အရည်များကိုကြည့်လိုက်သည်။ မကြာခင် ထိုအရည်များမှ လက်ကောက်ပုံပြောင်းသွားတော့၏။
ထိုလက်ကောက်ကို အကြားအမြင်ဖြင့် မိုမို့ လက်ကောက်၀တ်အတိုင်း တိုင်းကြည့်ပြီး စုရှောင်ရှန် ပုံသွင်းလိုက်သည်။
ထိုမှ အဝိုင်းကြီးသည့် လက်ကောက်ပုံသဏာန် စပေါ်သည်။ သူလုပ်နေတာ တကယ် အောင်မြင်နေတာကြောင့် စုရှောင်ရှန် မယုံကြည်နိုင်စွာ မျက်တောင်ပုတ်ခတ်မိသည်။
“များလွန်းတယ်…”
သို့မှ လက်ကောက်ထဲမှ အရည်တစ်ချို့ကို ပြန်ထုတ်လိုက်သောအခါ လက်ကောက်လေးက ပေါ့ပေါ့ပါးပါးနှင့် ခပ်သွယ်သွယ်ရှိသွားသည်။ စုရှောင်ရှန်ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
မီးတောက်များကို ပယ်ဖျက်ပြီး လက်ကောက်၀တ်ကို ထုတ်ယူလိုက်လေသည်။ ထိုလက်ကောက်က ယခုမှ အသစ်ထုလုပ်ထားရာ ပူနေသေးသည်။
‘အင်း ဒါက ငါမို့လို့။ သူများသာဆို အညိုအမဲစွဲအောင် လောင်သွားလောက်ပြီ’ တွေးမိလိုက်သည်။
ထို့နောက် လက်ကောက်မှ အပူများကို စုရှောင်ရှန် အသက်ရှိုက်၍ စုပ်ယူလိုက်ပြီး မိုမို့ကိုကြည့်လိုက်သည်။
“နင့်လက်လေး ပေးပါ”
မိုမို မှင်တက်သွားပြီးနောက် စုရှောင်ရှန်ကများ လက်ကောက်၀တ်ကို ကိုယ်တိုင်၀တ်ပေးတော့မှာလား တွေးမိပြီး မျက်နှာကလေးက အနီရောင်သန်းလာတော့သည်။
“ငါ့ဟာငါ ၀တ်လိုက်ပါ့မယ်…”
“ငါ ၀တ်ပေးမယ်”
ထိုကြားဖြတ်၀င်ရောက်လာသည့် အသံက စုရှောင်ရှန်ကို အခြားတစ်ဘက်သို့ လှည့်သွားစေ၏။ ဒီမုကျစ်ရှီပဲလာပြန်ပြီလား…
“ဒါနင့်အလုပ်မဟုတ်ဘူး ကလေးမလေး”
မုကျစ်ရှီ ခေါင်းမော့ရင်ကော့ကာ အကျောက်အကန် ပြန်ပြောသည်။ “ယောက်ျားနဲ့ မိန်းမဆိုတာ တစ်ယောက်နဲ့ တစ်ယောက် မထိတွေ့သင့်ဘူး။ သိရဲ့လား”
“အေး။ နင်ပြောတာလည်း ဟုတ်တာပဲ…” သို့မှ ဘာဖြစ်နေသလည်းကို စုရှောင်ရှန်ဇာတ်ရည်လည်တော့သည်။ သူ့လက်ထဲမှာ လက်ကောက်ကို ကိုင်ထားရင်း မိုမိုနှင့် မုကျစ်ရှီအကြား မျက်စိကစားသွားပြီး ဘယ်သူ့ကို ပေးရမလဲ တိုင်ပတ်သွားသည်။
“ငါ့ဟာငါ ၀တ်လိုက်ပါမယ်” မိုမိုပြုံး၍ လက်ကောက်ကို ယူကာ ၀တ်လိုက်သည်။ “ကျေးဇူး” မိုမိုက ဆိုသည်။
“ရပါတယ်”
“ဘယ်လိုလဲ” စုရှောင်ရှန် မျက်လုံးက်ိုမှေးကာ ပြုံးရင်းမေးလိုက်သည်။
မိုမိုအထင်ကြီးသွားကာ “အရမ်းကောင်းတယ်။ ချိတ်ပိတ်ခြင်းက ကောင်းလွန်းလို့ ငါ့အစွမ်းတစ်ချို့တောင် ချိတ်ပိတ်ခံလိုက်ရပြီ”
“အာ…. ငါက လက်နဲ့တော်လား မေးနေတာ…”
“…”
မိုမို့အပြုံးအေးခဲသွားသည်။ ထို့နောက် လက်က လက်ကောက်၀တ်ကို တစ်ချက် လက်မှာလှည့်လည် ကြည့်ပြီးနောက် “တော်ပါတယ်။ ကျေးဇူး”
“သူငယ်ချင်းတွေပဲ မလိုပါဘူး”
မိုမို လက်ကောက်၀တ်ကို ကြိုက်တာကြောင့် စုရှောင်ရှန် ကျေနပ်သွားသည်။ သူကတောင် ရွှေဉာဏ်တော်စူးရောက်ပြီး လက်ကောက်၀တ်ပေါ်မှာ ကနုတ်တစ်ချို့ကို စိတ်ဝိညာဉ်အနှစ်အား ဓားသဏ္ဌာန်ပုံဆောင်စေပြီး ထွင်းပေးလိုက်သေး၏။
ထိုသို့ ကနုတ်များဖြင့် နို့ဖြူရောင်လက်ကောက်၀တ်က လှပနေတော့သည်။
“အရည်တစ်ချို့ကို ချန်ထားသေးတယ်။ ငါသုံးလို့ရတယ်မလား”
ဆေးမီးဖိုအိုးထဲမှာ ကျန်နေတဲ့ ကျောက်တုံးအရည်များကိုကြည့်ပြီး စုရှောင်ရှန်ရှင်းပြလိုက်သည်။ “ငါသာ အဲ့တာတွေအကုန်ထည့်လိုက်ရင် လက်ကောက်၀တ်က ထူထူထည်းထည်းနဲ့ အကျဉ်းတန်နေတော့မှာ”
“ရပါတယ်”
မိုမို စိတ်ထဲမထားပါပေ။ အစကတည်းက ကျောက်တုံးကို ပေးလိုက်ဖို့ ဆန္ဒရှိနေတာပဲ ခုလို လက်ကောက်၀တ်အစားပြန်ရတာကိုက သူမ ကျေဇူးတင်နေပေပြီ။
ထို့ပြင် စုရှောင်ရှန်ကိုယ်တိုင် ကနုတ်ကနာထွင်းပြီး ပြုလုပ်ပေးလိုက်သော လက်ကောက်၀တ်ဆိုသည်ကပင် သူမအတွက် ထူးခြားနေလေပြီ။
လက်ကောက်၀တ်အား လှည့်ကစားနေသော မိုမို့ကိုကြည့်ပြီး မုကျစ်ရှီ နှုတ်ခမ်းကို စူလိုက်သည်။ စိတ်ထဲမှလည်း အလွန် မနာလိုဖြစ်မိ၏။
“စုရှောင်ရှန်ငါလည်း လက်ကောက်၀တ်လိုချင်တယ်”
စုရှောင်ရှန် ဘုကြည့်ကြည့်ကာ “နင်က ဘာကိစ္စနဲ့ လက်ကောက်၀တ်လိုချင်ရတာ။ နင့်ကိုရော မိစ္ဆာသားရဲ ၀င်စီးထားလို့လား”
ထို့နောက် စုရှောင်ရှန် နောက်တောင်တစ်ချက်ကလေးမှပြန်လှည့်မကြည့်တော့ဘဲ ဆေးအိုးထဲမှ အရည်များကို မည်သို့ ပုံဖော်ရမလည်း တွေးနေ၏။
ဆေးအိုးထဲက အရည်က များများစားစားမဟုတ်သော်လည်း လက်စွပ်တစ်ကွင်းလုပ်စာလောက်တော့ရှိသေးသည်။
ထိုကျောက်တုံးကို စိတ်ဝိညာဉ်အနှစ်ထိုးသွင်းလိုက်တာနဲ့ ချိတ်ပိတ်ခြင်းစွမ်းအင်များကို အသုံးပြုနိုင်သည်။ လက်စွပ်လုပ်ပြီးနောက်လည်း ထိုသို့ လုပ်နိုင်ဦးမည်ဟု ကြံဆလိုက်၏။
ချိတ်ပိတ်ခြင်းစွမ်းအင်များကို ထုတ်သုံးနိုင်သရွေ့ကတော့ ကျောက်တုံးဖြစ်ဖြစ် လက်စွပ်ဖြစ်ဖြစ် ထူးမခြားနားဖြစ်သည်။
မုကျစ်ရှီ တစ်အောင့်ကြာအောင်စဉ်းစားမိပြီးနောက် သူမမှာ တကယ်ပဲ လက်ကောက်၀တ်တောင်းဖို့ ဘာအကြောင်းပြချက်မှမရှိတာ သိလိုက်ရသည်။ သို့သော် မဖြစ်ပေ။ စုရှောင်ရှန်က သူမ၏ အကိုကြီးဖြစ်၏။ မိုမို့ကိုပေးပြီး ဆရာတူညီမလေးဖြစ်တဲ့ သူမကို မပေးတာကြ အဓိပ္ပာယ်မရှိပေ။
“မသိဘူး လိုချင်တယ်”
စုရှောင်ရှန်ကို စူးစူးရှရှ စိုက်ကြည့်လိုက်ပြီးနောက် ဆေးအိုးထဲမှ ကျန်အရည်များကို တစ်ချက်ကြည့်ကာ “စကားမစပ် နင်ငါ့ကို မိတ်ဆက်လက်ဆောင်ပေးဖို့ ကျန်သေးတယ်လေ”
စုရှောင်ရှန် သူမပြောနေတာကို ဂရုမစိုက်ဘဲ ဆေးအိုးအပေါ်တွင်သာ အာရုံစိုက်ထားလိုက်သည်။ မကြာခင် လက်စွပ်တစ်ကွင်း စတင်၍ ပုံပေါ်လာတော့၏။
ထို့နောက် အသေအချာ အနုစိတ် ကနုတ်ထွင်းကာ သူကျေနပ်လောက်သည်ဟု ယူဆသည့် အခြေအနေရောက်မှ ရပ်လိုက်သည်။
“လက်ကောက်၀တ်တော့မရှိဘူး။ လက်စွပ်တော့ရှိတယ်။ လိုချင်လား” စုရှောင်ရှန် ပြောပြီး လက်စွပ်ကို အပေါ်တည့်တည့် လက်မဖြင့်တောက်လိုက်သည်။ လက်ထဲပြန်ကျလာသောအခါ ပေါ့ပါးတာကို သိလိုက်ရ၏။
မုကျစ်ရှီ၏ နားနှစ်ဖက်နီရဲသွားသည်။ လက်စွပ်…
‘ဒါက လက်ကောက်၀တ်ရဲ့အထက်မှာမလား’ တွေးလိုက်သည်။
“ငါလိုချင်တယ်”
စုရှောင်ရှန် စွံ့အသွားရ၏။
‘တကယ် တောင်းရဲတယ်နော်။ အိပ်မက်ထဲမှာပဲရမယ်’ စိတ်ထဲမှ ဆို၏။
ထို့နောက် လှုပ်ချင်နေသော သူ့မျက်ခုံးများကို အတင်းထိန်းချုပ်ကာ နူးညံ့သောလေသံဖြင့် မေးလိုက်သည်။ “နင့်လက်မှာ ငါစွပ်ပေးမယ်။ ဘယ်လိုလဲ”
‘လ-လက်မှာ စွပ်ပေးမယ်တဲ့’
စုရှောင်ရှန် တကယ့်တကယ့်ကို နူးညံ့ဟန်ပေါက်နေတာ တွေ့သော် မုကျစ်ရှီ၏ နှလုံး အလွန့်အလွန့်ကို မြင်းဒုန်းဆိုင်းသွားရသည်။
စုရှောင်ရှန်သာ သာမန် ပြုမူပြောဆိုလျှင် ထိုမျက်နှာတစ်ခုတည်းဖြင့် အလွန်အမင်း ဆွဲဆောင်စရာကောင်းနေပြီဟု မုကျစ်ရှီတွေးလိုက်သည်။
သို့ဆိုပါက သူမ စိတ်ကူးယဉ်ရသော ဆရာတူအကိုကြီးနှင့် တစ်ထပ်တည်း၊ တစ်ထေရာတည်း တူသွားပေလိမ့်မည်။
စကားပြောချေငန်၊ နူးညံ့တယ်… သူမ အမှားတစ်ခုခုလုပ်မိရင်လည်း ခေါင်းလေးကို ချစ်မြတ်နိုးစွာ အသာဖွကာ သူရှိတယ် ဘာမှ မပူဖို့ကို ပြောလိမ့်မည်။
‘အားးးးးး ငါသေတော့မှာပဲ’
မုကျစ်ရှီ မျက်လုံးကို အသာအယာမှိတ်လိုက်သည်။ သူမ၏ မျက်နှာက ရှက်သွေးဖြန်းနေသေးပြီး ခြင်ဝဲသံလောက်ကလေးဖြင့် ပြောလိုက်၏။ “ရတယ်”
စုရှောင်ရှန် အမူအရာကို အတင်းထိန်းချုပ်ထားရလေသည်။ ဘယ်လိုတောင် ရဲတင်းလိုက်သလဲ။
ထို့နောက် လေသံကိုဆက်နှိမ့်ချကာ နူးညံ့နိုင်သလောက် နူးညံ့လိုက်ပြီး မုကျစ်ရှီ၏ အသံကို အတုယူကာ “နင့်လက် သေးသေးလေးကိုပေး”
‘ဟမ်… လက်သေးသေးလေး ဟုတ်လား’
မုကျစ်ရှီ သတိလစ်တော့မတတ်ဖြစ်နေသည်။ သူမ၏ လက်ကို တုန်တုန်ရင်ရင်ဖြင့် ဆန့်ထုတ်ပေးလိုက်၏။ ထို့မှ စုရှောင်ရှန် တွေဝေနေဟန်ဖြင့် ပြောသံကြားလိုက်ရသည်။ “အင်း… ဘယ်လက်ချောင်းမှာ ၀တ်ပေးရမလဲ”
‘မလုပ်နဲ့ မလုပ်နဲ့…’ သူမ၏ လက်သူကြွယ်ကို လှုပ်ပြချင်စိတ်ကို မုကျစ်ရှီ အတင်းဖိနှိပ်လိုက်ရသည်။
“ဘယ်-ဘယ်လက်ချောင်းမဆိုရတယ်…”
သူမပြောလို့မဆုံးသေးခင်မှာ လက်ညိုးထိပ်၌ တစ်စုံတစ်ခုကို ခံစားမိလိုက်သည်။
မုကျစ်ရှီ တစ်ကိုယ်လုံး ဓာတ်လိုက်သည့်အလား တုန်ခါသွား၏။ စက္ကန့်တိုင်းက နှစ်များအလား ကြာနေတော့သည်။
အချိန်အတန်အကြာပြီးနောက် လက်စွပ် စွပ်လို့ပြီးသွားသည်။ သူမ၏ ရှက်ရွံ့မှူကို မဖုန်းကွယ်နိုင်တော့ဘဲ မုကျစ်ရှီ အခြားတစ်ဘက်သို့လှည့်ကာ မျက်လနှာကို ကာလိုက်ရတော့သည်။
“ကျေးဇူး” လူမကြားနိုင်လောက်သော လေသံဖြင့်ဆိုသည်။
‘ပူလိုက်တာ။ ဘာလို့ ငါ့မျက်နှာအရမ်းပူနေရတာလဲ။ စိတ်လျော့.. အမြန်’
“ရပါတယ်” သူမနောက်မှ စုရှောင်ရှန်ပြောတာကို ကြာလိုက်ပါသည်။ ဒါပေမယ့်… သူ့အသံက အဝေးတစ်နေရာကလိုဖြစ်နေ၏။ မုကျစ်ရှီ ပြန်လှည့်ကြည့်လိုက်သောအခါ သူမ၏ အကိုကြီးက လေထဲတွင် ပျံဝဲနေတာကို မှင်တက်စွာ တွေ့လိုက်ရသည်။
“တော်လားကြည့်ပါဦး” စုရှောင်ရှန် သူမကို ခေါင်းညိတ်ပြပြီး တောက်ပစွာ ပြုံးပြလိုက်သည်။
မုကျစ်ရှီ၏နှလုံးတစ်ချက်ပြန်ခုန်သွားပြီး သူမ၏ အကိုကြီးထံမှ အကြည့်လွှဲကာ လက်စွပ်ကိုကြည့်လိုက်သည်။
လက်ဖြင့်ထွင်းထားပုံ၊ အရောင်တို့ဖြင့် ဘယ်လောက်တောင်လှလိုက်တဲ့…
‘ဟင်။ ဘာလို့ ရွှေရောင်ဖြစ်နေတာလဲ’
မုကျစ်ရှီ အံ့အားသင့်သွားပြီး မယုံမှုနိုင်တို့ဖြင့်ပြည့်သွားတော့သည်။ သူမ၏ မျက်ဆံလည်း တဖြည်းဖြည်း ကျုံ့လာတော့၏။
ထိုလက်စွပ်ကို စိတ်ဝိညာဉ်အာရုံဖြင့် စစ်ကြည့်သောအခါ လက်စွပ်အတွင်း၌ ကျယ်လောင်သောနေရာတစ်ခုနှင့် ပျားရည်အိုးအနည်းငယ်ကို တွေ့လိုက်ရသည်။
“သို-သိုလှောင်လက်စွပ်ကြီး”
ကမ္ဘာကြီးစတင်ပြိုလဲလာသကဲ့သို့ ချက်ခြင်း မုကျစ်ရှီ ဒေါကန်လာတော့၏။
“စု…ရှောင်…ရှန်”
သူမ၏ အော်သံက ကောင်းကင်ယံသို့တောင် ထိုးဖောက်သွားပြီး စန်းလျှိုသစ်တော တစ်တောလုံးကို ပဲ့တင်ရိုက်ခတ်သွားလေသည်။
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
လေထဲတွင်ရှိနေသော စုရှောင်ရှန်က နူးညံ့ ညှင်သာပုံပေါက်နေသည်။ မုကျစ်ရှီသူ့ကို ဒီလို ခပ်မြင့်မြင့်နေရာမှာ တိုက်ခိုက်နိုင်မှာ မဟုတ်တာ သိတာကြောင့် စုရှောင်ရှန်၏ အမူအရာက အေးဆေးနေ၏။
“ငါ့လက်ဆောင်ကိုကြိုက်လား။ နင့်အတွက် တကူးတက ရွေးပေးထားတာလေ။ မိုးတိမ်လေပြိုင်ပွဲတုန်းက ငါရခဲ့တဲ့လက်ဆောင်ဆိုလည်းမမှားဘူး”
မုကျစ်ရှီ အသက်ကိုပြင်းပြင်းရှိုက်လိုက်သည်။ သူမ စိတ်ဆိုးဒေါသထွက်လွန်းလို့ သွေးအန်တော့မလိုတောင်ဖြစ်နေသည်။
“ဟုတ်သား ဒီလက်စွပ်မှာလည်း ရာဇ၀င်ရှိတယ်” တစ်စုံတစ်ခုကို ပြန်သတိရဟန်ဖြင့် စုရှောင်ရှန် လက်ဖျစ်တီးလိုက်သည်။
“ဘာလဲ” မုကျစ်ရှီ အံ့အားသင့်သွားသည်။
‘ဗိုလ်ဆွဲတုန်းကရတဲ့ လက်စွပ်… ဒါဆို ဒီလက်စွပ်က စုရှောင်ရှန်အတွက် အခြားထူးခြားတဲ့ တန်ဖိုးတစ်ခုခုတော့ ရှိမှာပါ့’
မုကျစ်ရှီစတင်၍ ခံစားရ သက်သာလာသည်။
စုရှောင်ရှန် လက်ကိုဝှေ့ရမ်းလိုက်ပြီး ကောင်းကင်ကိုကြည့်ကာ သူ့ပုံပြင်ကို စတင်လိုက်သည်။
“ငါ့နေရပ်မှာဆို အပန်းရောင်ခိုလို့ခေါ်တဲ့ ခိုအမျိုးအစားတစ်မျိုးရှိတယ်…”
မိုမို စွံ့အသွားရသည်။ အပန်းရောင်ခိုတွေကို ရုတ်တရက် ဘာလို့ ပြောရသနည်း။ မကောင်းတာ တစ်ခုခု ဖြစ်တော့မည်ဟု အလိုလိုနေရင်း အာရုံရလိုက်၏။
စုရှောင်ရှန် သူ့ပုံပြင်ကိုဆက်လိုက်သည်။ “လူတော်တော်များများက ဒီခိုတွေကိုကြိုက်ကြတာပေါ့။ ဒါပေမယ့် ဒီခိုကိုမွေးတဲ့သူတွေများလာလေလေ သူတို့ကို နေရာတိုင်းမှာ တွေ့ရလေလေဖြစ်လာတယ်။ ငါ့နေရပ်မှာဆို တစ်ခါတစ်လေ တစ်ချို့လူတွေက သူများရဲ့ ခိုကို သူ့တို့ခိုနဲ့ အမှတ်မှားပြီး အစာကျွေးကြတယ်”
ပြီးနောက် မြေပြင်မှ သူ့ဆရာတူညီမလေးကို ပြန်ကြည့်လိုက်ပြီး “ဒီလိုအမှားအယွင်းမဖြစ်အောင်လို့ ပိုင်ရှင်တွေက စပြီးတော့ ခိုတွေရဲ့လည်ပင်းမှာ လက်စွပ်တွေ စချိတ်တော့တာပဲ။ နားလည်လား”
သူ့အကြည့်များက မုကျစ်ရှီပေါ်၌ တစ်ချက်မှမရွေ့ဘဲရှိနေ၏။
မုကျစ်ရှီ ခေါင်းကိုသာငိုက်စိုက်ချထားပြီး ဘာမှ ပြန်မပြောပါပေ။ စုရှောင်ရှန် အသိပေးချက်ဖန်သားပြင်ကို စစ်ကြည့်လိုက်သည်။
‘ထူးဆန်းတယ်။ ဘာလို့ ပင်ကိုယ်မှတ်တွေ မရသေးတာလဲ’
ထို့နောက် ထိုညီမလေးကိုပြန်ကြည့်လိုက်သောအခါ မြေပြင်၌ ဆောင့်ကြောင့်ထိုင်နေတာကိုတွေ့လိုက်ရ၏။ သူမဘာလုပ်နေတာလဲ။
မကြာပါ သူမြင်တွေ့လိုက်ရသောအရာကြောင့် စုရှောင်ရှန် တဆတ်ဆတ် တုန်ခါသွားတော့သည်။ မုကျစ်ရှီရုပ်ချည်းမော့လိုက်ရာတွင် သူမ၏ မျက်၀န်းများက လုံးလုံးနီရဲနေပေသည်။
ထို့နောက် သူမ၏ လက်များကို မြှောက်လိုက်တဲ့အခါ မြေပြင်ပေါ် အစေ့များကျဲသွားပြီး စတင်၍ ရှေးဟောင်းသစ်ပင်ကြီးများအဖြစ် သူ့စီကို တိုး၀င်လာကြတော့၏။
ထိုသစ်ပင်တစ်ပင်တိုင်းစီက ကြက်သွေးရောင်ရဲရဲနီနေပြီး ပေါက်ကွဲတော့မည့်ဟန်ပေါ်သည်။ ထိုသစ်ပင်များ ထောင်နှင့်၊ သောင်းနှင့်ချီ၍ နေရာတစ်ဝိုက်ကိုပြည့်နေသည်။
လခွမ်း…။
စုရှောင်ရှန်၏ မျက်နှာ သွေးဆုတ်ဖြူရော်သွားသည်။
‘ပုံပြင်လေးတစ်ပုဒ်အတွက်နဲ့ ဒီလောက်တောင်လုပ်စရာလိုလို့လားဟ။ မလွန်ဘူးလား’ စိတ်ထဲကပြောသည်။
“နေပါဦး။ လျှောက်မလုပ်နဲ့ စိတ်ကိုထိန်း”
အပိုင်း (၁၆၇) သူတို့လာပြီ
ထျန်းစန်းစိတ်ဝိညာဉ်နန်းတော်အတွင်း၌ဖြစ်သည်။
အတွင်းစည်းညီလာခံ ခန်းမ အရှေ့၌၊ ရှေးဟောင်းသစ်ပင်ကြီးက လေညင်းလေးအကြားတွင် အသာအယာ ယိမ်းယိုင်နေသည်။ ထိုအပင်လေး၏အောက်တွင် လေးနက်နေသော အမူအရာနှင့် အနက်၀တ်လူတစ်စု ရှိနေကြ၏။
ကျောက်ကျစ်တုံ့က အကြီးအကဲများနံဘေး၌ စိတ်ဝိညာဉ် ပုလဲ (၁၂) လုံး ဘီးကိုကိုင်ပြီး ရပ်နေသည်။
ညနေ နေရောင်ကသူတို့အပေါ်ဖြန်းပက်နေပြီး ထိုရတနာက ပျက်ဆီးယို့ယွင်းနေပုံပေါ်သည်။ ပုလဲသုံးလုံးက နက်မှောင်သွားပြီဖြစ်ပြီး ဘီး၏ အခြေ၌လည်း ဟက်တက်ကွဲသည့်အရာကြီးပေါ်လာသည်။
လူတိုင်း ဘီး၏အခြေ ဟက်တက်ကွဲသွားရတာက ထျန်းရွှမ်တံခါးအတွင်း လိုတာထက် ပိုသော ထူးခြားသည့် လူများ ရှိလာသောကြောင့်ဆိုတာသိသည်။ ထို့ပြင် ထိုကမ္ဘာငယ်လေး ပြိုကွဲတော့မည့် လက္ခဏာလည်းဖြစ်၏။
အနက်၀တ်လူရှေ့သို့တက်ပြီး အရိုအသေပေးလိုက်သည်။ “ခေါင်းဆောင် လူတွေအကုန်စစ်ပြီးပါပြီ”
ရဲ့ရှောင်ထျန်းလေထဲ၌ ပျံဝဲနေပြီး အဝေးတစ်နေရာသို့ လှမ်းကြည့်နေသည်။ ထိုသတင်းပို့ချက်ကြားပြီးနောက် အသာအယာသာ ခေါင်းညိတ်လိုက်ပြီး ဘာမှ ပြန်မပြောလိုက်ပါပေ။
ဘေးတစ်ဘက်မှ ကျောက်ကျစ်တုံ့က အကြီးအကဲများဘာလို့ ထျန်းရွှမ်တံခါးကို မဖွင့်သေးတာလဲ ထိုင်မရ ထမရဖြစ်နေသည်။ တကယ်ပဲ ကမ္ဘာငယ်လေးပြိုလဲသွားမှ လုပ်ကြတော့မှာလား။
သူ့ဘေးနားမှ အကြီးအကဲကျောက်ကို တံတောင်တို့လိုက်၏။
သူက ဘာကောင်မှ မဟုတ်ရာ အကြီးအကဲကျောက်ကို စကားပြောခိုင်းတာက ပိုကောင်းသည်။
“ငါတို့ တံခါးကိုဖွင့်တော့မလား” စိတ်မရှည်ဖြစ်နေသော ကျောက်ကျန်းရှီက မေးလိုက်သည်။
ရဲ့ရှောင်ထျန်း သူ့ခေါင်းကို အသာခါလိုက်သည်။
“ငါတို့စောင့်မယ်”
လေတိုက်ခတ်သွားခြင်းနှင့်အတူ သစ်ပင်ကြီးလည်း လှုပ်ရမ်းသွားသည်။ အနက်၀တ်နှင့်လူများတစ်ယောက်မှ စကားမပြောရဲပါပေ။
ဘာကိုမှ ဂရုမစိုက်တတ်သော အကြီးအကဲကျောက်က ထပြောသည်။ “စောင့်မယ်ဟုတ်လား။ ရတနာသုံးခုက (၂) ရက်အတွင်း ယူသွားခံရတာနော်။ ငါတို့ထပ်စောင့်နေရင် ထျန်းရွှမ်တံခါးကြီးတကယ် ပြိုလဲတော့မယ်”
ထျန်းရွှမ်တံခါးကို တည်ငြိမ်အောင်လုပ်ထားသည့် ရတနာ (၁၂) ခုထဲမှ (၄) ခုပျောက်လျှင် ကမ္ဘာငယ်လေးက မတည်မငြိမ်ဖြစ်လာပြီး ပြိုလဲပျက်ဆီးသွားမည်ဖြစ်သည်။ အတွင်းစည်းက ဦးစွာ လောင်ကျွမ်းခံရမည်ဖြစ်ပြီး မရေမတွက်နိုင်သော ထိခိုက်ဒဏ်ရာရရှိခြင်းများလည်း ဖြစ်လာပေမည်။
ရဲ့ရှောင်ထျန်း၏ အကြည့်များက ကောင်းကင်ယံမှ တစ်ပါးမှ မခွာဘဲ မေးလိုက်သည်။ “အခြားတစ်ဘက်က ပြင်ဆင်ချက်တွေကော”
“အကုန်ပြီးပြီ” ကျောက်ကျန်းရှီဖြေသည်။ “ရှောင်က ဆက်ကြည့်နေတယ်။ သူတို့ထပ်ပေါ်လာရဲရင်တော့ မှတ်လောက်သားလောက်အောင် ဆုံးမသွားနိုင်လိမ့်မယ်”
“ကောင်းပြီ”
နေရာလေးက ထပ်မံတိတ်ဆိတ်သွားပြန်သည်။
ထိုစောင့်ဆိုင်းခြင်းက ဘယ်တော့မှ မပြီးသလိုလိုနဲ့။
ခရက်…။
လူတိုင်း၏ မျက်စိအောက်၌ စိတ်ဝိညာဉ်ပုလဲ (၁၂) လုံးရတာမှ စတုတ္ထမြောက် ပုလဲလုံး၏ အကာအကွယ်အက်ကွဲသွား၏။
ကျောက်ကျစ်တုံ့ ထဆဲလုနီးပါးဖြစ်သွားသည်။
ဒါက…
တစ်ယောက်ယောက်က ကမ္ဘာငယ်လေးကို တည်ငြိမ်အောင်လုပ်ထားတဲ့ စတုတ္ထရတနာကို ခိုးယူနေတာပဲ။
အကြီးအကဲကျောက်ကို မျက်စပစ်ပြလိုက်သည်။ ဆက်စောင့်မေရဦးမှာလား။
ကျောက်ကျန်းရှီ ဒီတစ်ခါတော့ မေးခွန်းမမေးမြန်းလိုက်ဘဲ ဆံဖြူကလေးပုံရိပ်ကိုသာ မျက်မှောင်ကြုတ်ပြီးကြည့်လိုက်သည်။
ရဲ့ရှောင်ထျန်း လက်ရှိအခြေအနေက ဘယ်လောက်ဆိုးလည်းသိတာတောင် ကောင်းကင်ကိုမော့ကြည့်နေစဲဖြစ်သည်။ သူဘာကိုကြည့်နေတာလဲ။ သူတော်စင်အစေအပါလား။
“သူတို့ရောက်လာပြီ” ရုတ်တရက် ရဲ့ရှောင်ထျန်းပြောလိုက်ရာ ခန်းမအရှေ့ရှိ စည်းကမ်းကြီးကြပ်သူများကို တိုက်ပွဲစတော့မှာလား အထင်ဖြင့် တင်းမာသွားစေ၏။
ကျောက်ကျစ်တုံ့လည်း မှင်တက်သွားသည်။ ထိုသူလျှိုနောက်မှလူများက လူလုံးထွက်ပြတော့မှာလား။ သူတို့လူတစ်ယောက်ကို ခေါ်ဖို့ ဒီအထိလာတယ်ဆိုရင်တော့ တကယ် သေရမှာမကြောက်ဘူးလို့ပဲပြောလိုက်ချင်သည်။
ဒါက အကြီးအကဲများရဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်ဆိုပေမယ့်ကျောက်ကျစ်တုံ့ တစ်ခုကိုမှ မယုံကြည်ပေ။ “သူတော်စင်အစေအပါး” ဆိုသည့် သူတစ်ယောက်ယောက် ရောက်လာမည်ကို ငြင်းပယ်၏။
သူတို့ဒီလောက်တောင်ပြင်ထားတာ ထိုလူတွေက ထောင်ချောက်ထဲအကျခံမတဲ့လား။
“ငါသွားကြည့်လိုက်ဦးမယ်” ရဲ့ရှောင်ထျန်းပြောပြီး ခန်းမအရှေ့မှ ပျောက်ကွယ်သွားသည်။ လူတိုင်း မှင်တက်သွားပြီးမှ စိတ်သက်သာရာရသွားကြတော့သည်။
ကြည့်ရတာ သူတော်စင်အစေအပါးမဟုတ်ဘဲ တပ်ကူများဖြစ်လောက်၏။
…
အတွင်းစည်း၌ နေရာလပ်မကျန်အောင် တင်းမာနေသောအခြေအနေနှင့်ယှဉ်လျှင် အပြင်စည်းက ညနေ နေရောင်အောက်မှာ လှုပ်လှုပ်ရှားရှား ရှိလှသည်။
စိတ်ဝိညာဉ်နန်းတော်၏ ဂိုဏ်းသားအသစ်အသုတ်ကလည်း လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာ နန်းတော်တစ်လျှောက်လုံးနှင့် နေသားကျသွားပြီးဖြစ်သည်။ ၎င်းက ငန်းရေကန်၊ သစ်တော၊ အဆောက်အဦး… နေရာတိုင်းမှာ အနာဂါတ် စိတ်ဝိညာဉ်ကျင့်ကြံသူများနှင့်ပြည့်နေ၏။
“ဟေး ကြည့်ပြီး တစ်ယောက်ယောက်ပျံနေတယ်”
ထိုအော်သံကလူအများ၏ အာရုံကိုဖမ်းစားသွား၏။ သူတို့အားလုံး လေ့ကျင့်နေသည်များကိုရပ်ပြီး မော့ကြည့်လိုက်သည်။
အပြင်စည်း၌ ပျံနိုင်သည့်လူက အနည်းစုသာရှိပြီး လက်တစ်ဖက်တည်းဖြင့်တောင် လက်ချိုးရေလို့ရသည်။
“ပျံတယ်ဟုတ်လား။ အနည်းဆုံးတော့ အဲ့တာ စစ်မှန်ခြင်းနယ်ပယ်က တစ်ယောက်ယောက်ဖြစ်ရမယ်။ အားကျတာကွာ။ ငါက စိတ်ဝိညာဉ်ကျင့်ကြံခြင်း အဆင့်(၁) တောင်မစရသေးဘူး”
“ဟီးဟီး မင်းမသိလို့ပါ အဆင့်(၁၀)က လူတွေလည်း တကယ်ကျ ပျံနိုင်ပါတယ်”
“လာနောက်နေတာလား။ အရင်နှစ်ရက်က သင်တန်းအားလုံးငါတက်ခဲ့တာ မင်းငါ့ကို လိမ်လို့မရဘူး”
“ဟက်။ မင်းတကယ် ကျောက်တုံးအောက်မှာနေနေတာပဲ။ အပြင်စည်းရဲ့ ဒဏ္ဌာရီကို မကြားဖူးဘူးလား”
“ဘာလဲ”
“ကောလဟာလတွေအရတော့ အပြင်စည်းရဲ့ ဂိုဏ်းတူအကိုကြိးစုက စတင်ခြင်းနယ်ပယ်မှာတောင် ဓားပျံစီးနိုင်တယ်တဲ့။ သူက စစ်မှန်ခြင်းနယ်ပယ်ကလူတွေကို ပိုင်းဖြတ်ပြီး နှာချေလိုက်တာတောင် လူတော်တော်များသေသွားတယ်တဲ့”
“အိုး။ အကိုကြီးစုလား ငါကြားဖူးတာပေါ့။ ဒါပေမယ့်… သူ့ကို လူလို့ပြောလို့ရသေးလို့လား”
“ဘာပြောချင်တာလဲ”
“ငါကြားတဲ့ သတင်းတွေအရတော့ သူက ခေါင်းလေးလုံး၊ လက်ခြောက်ချောင်းနဲ့ အတောင်လေးစုံပါတယ်တဲ့”
“…”
“ဟ သတင်းကတယ် ရောမှန်ပါ့မလား”
“ရွှေထက်တောင် စစ်သေးတယ်”
…
လေထဲမှာပျံသန်းနေသည့်လူများက တစ်စထက် တစ်စ နီးကပ်လာခဲ့သည်။ မကြာခင် စိတ်ဝိညာဉ်နန်းတော်အရှေ့၌ ရပ်တန့်သွား၏။ ကြည့်ရတာ ၀င်ဖို့အခက်အခဲဖြစ်နေပုံရသည်။
တိမ်တိုက်များအပေါ်မှာ လူတစ်ယောက်တည်းမဟုတ်ဘဲ သုံးယောက်ကို လူတိုင်း တွေ့လိုက်ရလို့ အံ့အားသင့်သွားကြသည်။
အလယ်မှ ဦးဆောင်လာသည့် ဆံဖြူနှင့် သက်လတ်ပိုင်းအရွယ်လူကြီးကိုအပထား၍ သူ့နောက်မှ ကောင်လေးနှင့် ကောင်မလေးတို့က အောက်က ဂိုဏ်းသားများထက် နှစ်အနည်းငယ်သာ ကြီးဟန်ရသည်။
“နေပါဦး။ အဲ့နှစ်ယောက်လည်း စစ်မှန်ခြင်းနယ်ပယ်မှာလား”
“ဘယ်လိုဖြစ်နိုင်မှာလဲ။ အကြီးအကဲနောက်ကိုလိုက်နေတဲ့သူတွေသာဖြစ်မယ်။ အဲ့လောက် ငယ်ငယ်လေးနဲ့ ဘယ်လို ပျံနိုင်မှာလဲ”
“ဟုတ်တယ်။ သူတို့တောင်ပျံနိုင်ပြီဆို ငါတို့က ဘာတွေလဲ။ အမှိုက်တွေလား”
လူတိုင်းသူတို့ ဒန်ထျန်များကိုကြည့်လိုက်သည်။ ပြောရလျှင် လူတိုင်းနီးပါး ထိုသို့ စစ်ကြည့်ရန် ဒန်ထျန်ပင်မရှိသေးပေ။
ထို့နောက် အပေါ်မှ တိမ်တိုက်က (၃) ခုကွဲသွားပြီး သီးခြားစွာ လေထဲ၌ ရပ်နေသည်ကိုတွေ့လိုက်ရသည်။
မြေပြင်ပေါ်ကလူတိုင်းစွံ့အသွား၏။ ၎င်းက သူတို့အတွက်တော့ ထိုးနှက်ချက်ကြီးဖြစ်သည်။
ထိုကောင်လေးနှင့် ကောင်မလေးတို့က သူတို့ထက် အသက်အနည်းငယ်လောက်လေးကြီးတာတောင် စစ်မှန်ခြင်းနယ်ပယ်ကို ရောက်နေကြပြီတဲ့။ ထိုသုံးယောက်ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲ တွေးကြည့်လိုက်ကြသည်။
ထိုအခိုက် လေထုထဲတွင် လေဟာနယ်ပေါက်ပြဲသွားပြီး ဆံဖြူလူငယ်တစ်ယောက်ထွက်လာသည်။
“လခွမ်း ဗလာနယ်ကို စုတ်ဖြဲနေတယ်”
“ဒီကောင်လေးက ဘယ်သူလဲဟ။ အမေ့ဗိုက်ထဲမှာကတည်းက ကျင့်ကြံလာတာလား”
“ပါးစပ်ပိတ်ထားစမ်း အဲ့တာ အတွင်းစည်းက ခေါင်းဆောင်ကွ”
“…”
ရဲ့ရှောင်ထျန်း သူ့အောက်မှ ဆူညံဆူညံ ဂိုဏ်းသားများကိုကြည့်လိုက်ပြီးနောက် လက်ဆန့်ထုတ်ကာ မဟာအစီအရင်ကြီးကိုဖွင့်ပေးလိုက်ပြီး ဧည့်သည်များကို စိတ်ဝိညာဉ်နန်းတော်အတွင်းသို့ ဖိတ်ခေါ်လိုက်သည်။
“ကသိကအောက်တော့ဖြစ်စရာပဲ ခန်းမသခင် ကျန်း”
ကျန်းပင်းယန် သူ့မုတ်ဆိတ်ဖြူများကို ပွတ်သပ်၍ ပြန်ပြုံးပြလိုက်သည်။ “မဟုတ်တာပဲ။ စိတ်ဝိညာဉ်နန်းတော်က တကယ် တက်ကြွပြီး ပါရမီရှင်တွေနဲ့ ပြည့်နေတာပါ။ ဒါတိုးတက်ခြင်းရဲ့ လက္ခဏာပဲ”
ရဲ့ရှောင်ထျန်း သူ့နောက်မှ ကောင်လေးနှင့် ကောင်မလေးကို ကြည့်ပြီး တိုးတိုးတိတ်တိတ်ပြောလိုက်သည်။ “ပါရမီရှင်လို့ဆိုလာရင် ကုန်းမြေတစ်လျှောက်က ဘယ်ကျင့်ကြံသူကများ မြင့်မြတ်နတ်ဘုရားနန်းတော်က ကလေးတွေနဲ့ ယှဉ်နိုင်ပါ့မလဲ”
“ဟားဟားဟား။ နန်းတော်သခင်ရဲ့ကတော့ မြှောက်ပင့်နေပြန်ပါပြီ။ ကျုပ်တို့က ခန်းမခွဲလေးကပါပဲ။ ဘာမှ အဲ့လောက်မဟုတ်ရပါဘူး”
“ ခန်းမသခင်ကျန်းက နှိမ်ချနေပြန်ပါပြီ။ ခန်းမခွဲလေးကလူငယ်တွေတောင် အပြင်ဘက်က အင်အားစုတွေထက် သန်မာကြပါတယ်”
ထိုဆက်တိုက်မြှောက်ပင့်ချီးမွန်းနေမှုပြီးက အနောက်၌ ရပ်နေသော လူငယ်ကို ဂုဏ်ယူသွားစေလေသည်။ သူ့မျက်၀န်းတို့က ၀င့်ကြွားနေမှုတို့ဖြင့် အထင်းသား။
မြင့်မြတ်နတ်ဘုရားနန်းတော်မှ ခန်းမခွဲကလူများတောင် ရှန်းရှန်ကုန်းမြေတစ်လျှောက်လုံးရှိ အခြားအင်အားစုများထက် သန်မာတယ်ဆိုတာ အမှန်ပင်ဖြစ်သည်။
ကောင်မလေးကတော့ မျက်နှာထက်တွင် ပဝါစကာထားသည်။ သူမ၏ အမူအရာကိုမမြင်နိုင်သော်လည်း ကောင်လေးနှင့်ဆန့်ကျင်ဘက် ဘာမှ မဖြစ်သည့်အလား အေးဆေးရှိနေတာကို သိနိုင်သည်။
ရဲ့ရှောင်ထျန်း စိတ်ထဲမှ ခေါင်းညိတ်လိုက်သည်။ ထိုနှစ်ယောက်ထဲမှ တစ်ယောက်က အမှိုက်ဖြစ်ပြီး ကျန်တစ်ယောက်က မဆိုးဘူးလို့ပြောလို့ရသည်။ ခန်းမခွဲက တကယ် တော်ပါပေသည်။
ဒါပေမယ့်… ကျန်းပင်းယန်က ကလေးနှစ်ယောက်ကို ခေါ်လာပြီး ဘာလာလုပ်နေတာလဲ။ သူတို့ကို သေတွင်းထဲပို့ချင်နေတာလား။
ခန်းမသခင်ကျန်းနောက်ကို ရဲ့ရှောင်ထျန်းကြည့်လိုက်သော်လည်း ဘယ်သူ့ကိုမှ မတွေ့ရပါချေ။
“နန်းတော်သခင်ရဲ့ ကျုပ်တို့အထဲမှာ ၀င်ပြီး စကားပြောကြမယ်ဆိုရင်ရော” ကျန်းပင်းယန်ပြုံးပြီးမေးသည်။ တစ်စုံတစ်ယောက်ကိုသာ အိမ်တံခါး၀၌ စကားပြောနေလျှင် ပေးမ၀င်ချင်တာနှင့်တူမနေဘူးလော။
ထိုစကားနောက်မှ သူတို့ သုံးဦးသာဖြစ်ကြောင်းကို သဘောပေါက်သွားပြီး ရဲ့ရှောင်ထျန်း မျက်ခုံးပင့်လိုက်သည်။
“ဒါဆို တကယ် ခန်းမသခင်ကျန်းတို့ သုံးယောက်ပဲလာတာပေါ့”
အပိုင်း (၁၆၈) ချန်ရှင်းချူနှင့် ယွဲ့ကျစ်၀မ်
ရဲ့ရှောင်ထျန်းဘာကိုဆိုလိုသလဲ ကျန်းပင်းယန်သိသည်။ သို့သော် မသိသလိုလုပ်ပြီး ပြန်မေးလိုက်၏။ “ဟုတ်တယ်လေ နန်းတော်သခင်ရဲ့ ဘာဖြစ်လို့လဲ”
အကယ်၍ သူတို့သာ ထျန်းစန်းနန်းတော်စီမှ အကူအညီကိုမတောင်ခဲ့ဖူးလျှင်၊ ယခင်ဆယ်စုနှစ်များအတွင်း ထျန်းစန်းနန်းတော်၏ ကြီးထွားလာမှုကိုမသိရှိလျှင် ကျန်းပင်းယန်တောင် ကိုယ်တိုင်ကိုယ်ကျ လာရောက်လိမ့်မည် မဟုတ်ပေ။
အကူအညီတောင်းတဲ့စာက ဘယ်လောက်ကောင်းအောင်ရေးရေး အကြီးအကဲများစွာ တစ်ပါးတည်း လာရလောက်အောင်တော့ မလုပ်ဆောင်နိုင်ပါပေ။ သူကိုယ်တိုင်လာတာတောင် မလုံလောက်သေးဘူးလား။
ရဲ့ရှောင်ထျန်း မျက်လုံးများကို မှေးလိုက်သည်။ သူတကယ် စိတ်တိုသွားပါသည်။
သူတော်စင် အစေအပါး။
သူတို့ရဲ့ အခုလက်ရှိအခြေအနေက သူတော်စင် အစေအပါး နှင့် ရင်ဆိုင်နေရတာဖြစ်သည်။
မြင့်မြတ်နတ်ဘုရားနန်းတော်ကလူတွေဦးနှောက်မရှိကြတာလား။ ဒီလိုအခြေအနေကို အသာလေး မှတ်ယူလို့ရတယ်ထင်နေကြတာလား။
စာထဲမှာတောင် သူတို့ရင်ဆိုင်နေရတာက အသေအချာကို သူတော်စင်အစေအပါးဆိုပြီးကို ရှင်းရှင်းလင်းလင်းဖြစ်အောင်ရေးပြီး ထည့်ပေးလိုက်သေးသည်။ ဒါ့အပြင်ကို သူတော်စင် အစေအပါးက တစ်ယောက်တည်းလာမှာလား ဘာလားတောင်မသိရဘူး။
ပြီးတော့ ထိုသူတော်စင်အစေအပါးတွေက ထောင်ချောက်ထဲ တည့်တိုးကြီး၀င်လာမယ်ထင်နေတာလား။ ပြင်ဆင်လာမှာ။ အသေအချာလေးကို ပြင်ဆင်ပြီးလာကြမှာ။
ခုတော့… ခန်းမသခင်တစ်ယောက်နဲ့ ဘာမှ မသိသေးတဲ့ ကလေးနှစ်ယောက်ကို လွှတ်လိုက်တယ်တဲ့။
‘ဒီလူတွေ ဒီလောက်အားယားနေလို့ ဒီမှာလာကစားကြတာလား။ ဟမ်။ သူတော်စင်အစေအပါးနဲ့ဆော့ရတာ ပျော်တယ်ပေါ့’
ရဲ့ရှောင်ထျန်း လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။ ဒီအခွင့်အရေးက မြင့်မြတ် နတ်ဘုရားနန်းတော် စောင့်နေသည့် သူတော်စင်အစေအပါးများကို တစ်ပေါင်းတည်း အမြစ်ဖြတ်နိုင်သည့် အရာဖြစ်သည်။ မဟုတ်လျှင် စာတောင် သူတို့စီမရောက်လောက်ပေ။
ယခုတော့…
အကြီးအကဲစန်းပြောသည်များကို ပြန်မြင်ယောင်လိုက်ပြီးနောက် ရဲ့ရှောင်ထျန်း၏ စိတ်နှလုံး ဘုံးဘုံး ပြိုလဲသွားရသည်။ မြင့်မြတ်နတ်ဘုရားနန်းတော်က တကယ်ပဲ သူတော်စင်အစေအပါးတွေကို သူတို့လို လူတွေ လက်ထဲ လွှဲပေးချင်နေတာလား။ ဘာတွေကြံစည်နေတာလဲ။
အကြီးအကဲစန်း တစ်ချိန်လုံး မှန်နေခဲ့သလားတောင် တွေဝေသွား၏။
သူ့ခံစားချက်တွေကို ဖုန်းကွယ်မထားတော့ သူချက်ခြင်းတိတ်ဆိတ်သွားတာကိုမြင်လျှင်မြင်ချင်း လူတိုင်း ရဲ့ရှောင်ထျန်း ဒေါသထွက်သွားတာကို သိလိုက်ကြရသည်။
ခန်းမသခင်နောက်၌ ရပ်နေသည့် လူငယ်လေးက ဒေါသထွက်လွန်းလို့ မျက်လုံးများတောင် မီးတောက်လာနိုင်လောက်၏။ မြင့်မြတ်နတ်ဘုရားနန်းတော်ကို ထိုသို့ ဆက်ဆံရဲသည့်သူကို သူမတွေ့ဖူးပါချေ။ ထိုသူက စိတ်ဝိညာဉ်နန်းတော်တစ်ခုရဲ့ နန်းတော်သခင်ဖြစ်သည် ဆိုစေဦးတော့။
“နန်းတော်သခင်ရဲ့။ ခင်ဗျားက ဒါဆို မြင့်မြတ်နတ်ဘုရားနန်းတော်က လွှတ်လိုက်တဲ့လူတွေက မလုံလောက်ဘူးထင်နေတာလား” သူ့အသံက အေးစက်စက်နိုင်သည်။
ထိုကောင်လေးပြောတာ ကြားသောအခါ ကျန်းပင်းယန် ရုတ်တရက် အလန့်တကြား ထခုန်လုမတတ်ဖြစ်သွား၏။
‘ဒီကောင် မြင့်မြတ်နတ်ဘုရားနန်းတော်မှာ ကောင်းကောင်းစား ကောင်းကောင်းနေတာ များပြီး ဘ၀မြင့်သွားတာလား။ ဒီလိုနေရာမျိုးမှာ ဒီလိုစကားကိုတောင် လာပြောရဲနေတယ်။ လုပ်ကြပါဦး’
‘ဒီ ရဲ့ရှောင်ထျန်းက သာမန်ဧကရာဇ်တစ်ပါးမဟုတ်ဘူးကွ။ ဧကရာဇ် နယ်ပယ် ကျင့်ကြံသူတွေထဲမှာတောင် တကယ့်ဒိတ်ဒိတ်ကျဲ အစစ်အမှန် ဧကရာဇ်ကွ။ မင်းလို စစ်မှန်ခြင်းနယ်ပယ်က ကလေးတစ်ယောက်က မဟာလမ်းစဉ်ကို တကယ်ထိတွေ့ဖူးတဲ့သူကို ပြန်ခံပြောလို့ရမယ်ထင်နေတာလား’
ထိုကောင်လေးစကားပြောပြီးနောက် အခြေအနေက ပို၍ တင်းမာသွားခဲ့၏။
ခန်းမသခင်ကျန်းပင်းယန် တစ်စုံတစ်ခုကို ပြောတော့မည်ပြင်စဉ် ရဲ့ရှောင်ထျန်းလက်ပြပြီး တားလိုက်သည်။ ထို့နောက် ထိုကောင်လေးကို စိတ်ဝင်တစားကြည့်လိုက်၏။
“မင်းနာမည်ကဘာလဲ”
အင်မတန်ကြောက်မက်ဖွယ်ရာအတိ အရှိန်အဝါက ထိုလူငယ်လေးကို ဖိနှိပ်လိုက်ရာ တစ်ကိုယ်လုံးတဆတ်ဆတ်တုန်ခါသွားပြီး တိမ်ပေါ်ကနေတောင် ပြုတ်ကျလုမတတ်ဖြစ်သွားသည်။ သူ့နောက်ကျောတစ်ခုလုံး ချွေးစေးများဖြင့် ပြည့်သွား၏။
သို့သော် သူ့ကိုယ်သူ ပြန်တည်ငြိမ်အောင်လုပ်လိုက်ပြီး ထိုအရာက ဤတန်ခိုးရှင်ထံမှ စမ်းသပ်မှုတစ်ခုခုဖြစ်နိုင်ကြောင်းသိသွားသည်။ သူလည်း မြင့်မြတ်နတ်ဘုရားနန်းတော်မှာတုန်းက ဒီလို အခြေအနေကို ခဏခဏ ကြုံကြိုက်ရသည် မဟုတ်ပါလား။
“ချန်ရှင်းချု” ကောင်လေး၏ မျက်လုံးများထဲတွင် ပြတ်သားသော အရိပ်အယောင်များရှိနေသည်။
“ချန်ရှင်းချု…”
ရဲ့ရှောင်ထျန်း တစ်ဘက်သို့ မျက်နှာလွှဲလိုက်ပြီး ထိုနာမည်ကို အခေါက်ခေါက်အခါခါ ရွတ်လိုက်သည်။ ထို့နောက် လူငယ်လေးကို အာရုံပြန်စိုက်လိုက်၏။
ဘုန်း…။
သူတို့နံဘေးရှိ ဟင်းလင်းပြင် စုတ်ပြဲသွားပြီး တိမ်တိုက်များလည်း ပျက်ပြယ်သွားသည်။ ချန်ရှင်းချု ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေသွားပြီး ချက်ခြင်း ထိန်းချုပ်မှုကင်းမဲ့သွားကာ ကောင်းကင်ပေါ်မှ အရုပ်ကြိုးပြတ် ပြုတ်ကျတော့သည်။
အားးး…။
သူ့အလန့်တကြား အော်သံကြီးက ကောင်းကင်ယံတစ်လျှောက်လုံးကို ပျံ့နှံ့သွား၏။
“မလုပ်နဲ့” မှင်တက်နေသော ကျန်းပင်းယန် စတင်လှုပ်ရှားလိုက်သည်။ သူ့လက်ကိုဆန့်ထုတ်ရရုံပဲရှိသေး သူ့ကိုယ်သူ မီတာ ရာပေါင်းများစွာ ဝေးသည့် တစ်နေရာ၌ ရောက်နှင့်ပြီးနေပြီကို သိလိုက်ရ၏။
ဗလာနယ်ပယ် စွမ်းအား… ဟင်းလင်းပြင်။
တစ်စုံတစ်ခုကို သိရှိသွားသည့်အလား သူ့မျက်ဆံများကျုံ့သွားသည်။
ရဲ့ရှောင်ထျန်း၏ ပင်ကိုယ်ဓာတ်စွမ်းအင်က နယ်ပယ်တူများအကြား သူ့ကို ပြိုင်ဘက်ကင်းဖြစ်စေလေသည်။ ထို့ပြင် ရဲ့ရှောင်ထျန်းက သူ့ထက်ပိုသော နယ်ပယ်မှလူကို သတ်ဖူးသည့် မှတ်တမ်းရှိသည်။
ထိုဆံဖြူကလေးငယ်က ဧကရာဇ်နယ်ပယ်သို့ ဟန်ပြရောက်နေသည်မဟုတ်ပါချေ။ တကယ့် အကြမ်းပတမ်းတိုက်ခိုက်စွမ်းရည်များဖြင့် နာမည်ရလာခြင်းဖြစ်သည်။
ချန်ရှင်းချု သူ့ကို အောက်ကနေ အနက်ရောင်စုပ်ခွက်ကြီးတစ်ခုက စုပ်ယူနေသလို ခံစားနေရသည်။ သူတကယ် တစ်စက်ကလေးမှ လှုပ်လို့တောင်မရဖြစ်နေ၏။
သူငုံ့ကြည့်လိုက်ရာ… သူ့အောက်မှာ တစ်ကယ် အနက်ရောင် စုပ်ခွက်ကြီးရှိနေတာကို တွေ့လိုက်ရလေသည်။
‘လခွမ်း။ ဒါဘယ်လို စမ်းသပ်မှုမျိုးတုန်း။ ငါ့ကိုသတ်နေတာပဲ’ စိတ်ထဲမှပြောသည်။
“ရူးသွားပြီလား။ ကျုပ်ဘယ်သူဆိုတာမသိဘူးလား။ သတ်ရဲတယ်ပေါ့” သူဆက်လက်၍ အောက်ချနေစဲဖြစ်တာ တွေ့ရပြီး ချန်ရှင်းချု ထိတ်ထိတ်ပျာပျာ ထအော်သည်။
ဘုန်းးး…။
သူ့မျက်လုံးရှေ့မှ အရာအားလုံးကို အနက်ရောင်တို့သာ ကြီးစိုးဝါးမျိုသွားသည်။
ငါသေပြီလား…။
သူ့မျက်ခွံများလှုပ်သွားပြီး မျက်လုံးပြန်ဖွင့်လိုက်သည်။
အရာအားလုံးကို အလင်းတို့က အစားထိုးပြန်၀င်ရောက်လာသည်။ ကောင်းကင်ကြီးက လိမ္မော်ရောင်သန်းနေပြီး နေ၀င်ဆည်းဆာ၏ အလှတရားဟူသည့် အနက်အဓိပ္ပာယ်ကို ကောင်းကောင်းကြီး ဖော်ပြနေတော့သည်။
သူ့အမြင်အာရုံကို ပြန်ရသွားတဲ့အခါ သူ့ရှေ့၌ ကျန်းပင်းယန် ရှိနေတာကိုတွေ့လိုက်ရ၏။ သူနှင့်အတူ ပါလာသော မိန်းမပျို၏ အကြည့်များတွင် အထင်အမြင်သေးဟန်များကို မြင်ရသည်။ သူ့ကိုသတ်တော့မယ့် ရဲ့ရှောင်ထျန်းကလည်း စိုက်ကြည့်နေ၏။
“…”
အိပ်မက်မက်နေတာလား။
ထိုအခိုက်၌ အရာအားလုံးက အိပ်မက်ဖြစ်ပါစေဟု ချန်ရှင်းချု ဆုတောင်းနေမိတော့သည်။ သို့သော် သူ့အောက်မှ ရယ်သံနှင့် လှောင်ပြောင်သံတို့က သူ့စိတ်ကူးလေးကို ဖျက်စီးလိုက်၏။
“ဟားဟားဟား။ အဲ့ကောင်ကိုကြည့်လိုက်ပါဦး။ သေးတောင်ထွက်ကျတယ်”
“မင်းကလည်း သူက ဧည့်သည်လေအဲ့လိုမပြောပါနဲ့။ ပြီးတော့ စစ်… ဟားဟားဟား မခံနိုင်တော့ဘူး။ အဲ့တာ စစ်မှန်ခြင်းနယ်ပယ်တဲ့”
“ဒီသခင်လေး လေသံနဲ့ကောင်ဘယ်ကလာတာလဲမသိဘူး။ နို့မပြတ်သေးတဲ့ ကလေးတစ်ယောက်လို သေးပါတဲ့အထိ ကြောက်တတ်လိုက်တာ လွန်ရော”
“ဟေး။ ငါ့ကိုသတ်ရဲလား။ ငါဘယ်သူလဲသိလား”
“…”
ချန်ရှင်းချု ငုံ့ကြည့်လိုက်ရာ သူ့ဘောင်းဘီ၌ ဖျော့တော့တော့ စိုထိုင်းနေတာကိုတွေ့ရသည်။ သူ့လက်ထဲမှာ ဓားရှိမနေတာဆိုးသည်။ မဟုတ်ချှင် ထို စတင်ခြင်းနယ်ကယ်က ပုရွက်ဆိတ်တွေကို သွားသတ်ပြီးလောက်ပြီ။
သူ့စိတ်ဝိညာဉ်အနှစ်များဖြင့် ထိုစိုထိုင်းကွက်ကို မသိမသာ ချောက်သွေ့စေလိုက်ပြီး အသက်ကို ခပ်ပြင်းပြင်းရှိုက်လိုက်သည်။ “ကျုပ်…”
“လူကြီးတွေစကားပြောနေတယ်။ လူငယ်တွေက ၀င်မရှုပ်ပါနဲ့” ရဲ့ရှောင်ထျန်းအသာအယာပြောလိုက်သည်။
ရဲ့ရှောင်ထျန်း၏ မျက်၀န်းများက ထို အနက်ရောင် စုပ်ခွက်အလား ခံစားလိုက်ရပြီး ထပြေးလုမတတ်ဖြစ်သွားသည်။ ယနေ့မှစပြီး အိက်မက်ဆိုးများတောင် စတင် မက်လောက်လေသည်။
‘ချီးပဲ။ ထျန်းစန်းစိတ်ဝိညာဉ်နန်းတော်။ စောင့်နေပါ။ ငါ တစ်နေ့ အစွမ်းထက်လာတဲ့အခါ… ငါ…’
“ရှက်စရာကောင်းလိုက်တာ”
အေးစက်စက်အမျိုးသမီးတစ်ဦး၏ အသံထွက်လာသည်။ ချန်ရှင်းချု၏ ပါးစပ် ရွဲ့သွားပြီး အာခေါင်ချောက်သလို ဘာမှ ပြန်မပြောနိုင်ဖြစ်နေသည်။
ရဲ့ရှောင်ထျန်း ထို မျက်နှာကို ပ၀ါစဖြင့် ဖုံးကွယ်ထားသော မိန်းမငယ်လေးကို လှည့်ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများက စွဲမက်ဖွယ်ရာကောင်းလှ၏။ သို့သော် သူမ၏ ခွန်အားကတော့… ပြောပလောက်စရာမရှိပေ။
ထို့နောက် ကျန်းပင်းယန်ကို ပြုံးကာ မှတ်ချက်ပေးလိုက်သည်။ “မြင့်မြတ်နတ်ဘုရားနန်းတော်ရဲ့ တပြည့်တပန်းတွေက တယ်တော်ကြပါလား။ သူတို့နယ်ပယ်နဲ့ လုံး၀ မကိုက်ညီတဲ့အရာကိုတွေ့တာတောင် တည်တည်ငြိမ်ငြိမ်နဲ့ အော်ရဲသေးတယ်။ ဒီလို ဂိုဏ်းသားမျိုးက တကယ် ရှားပါပေတယ်။ ချန်ရှင်းချုကိုကြည့်ရသလောက်တော့ မဟာဧကရာဇ်ဖြစ်လာမယ့် အလားအလာပါရှိတယ်။ သူ့ကို ကောင်းကောင်းပြုစုပျိုးထောင်ပေတော့ ခန်းမသခင်ကျန်းရေ”
ကျန်းပင်းယန်၏ နှုတ်ခမ်းများလှုပ်သွားသည်။
ရဲ့ရှောင်ထျန်းထို့နောက် နောက်လှည့်ကာ လက်ကိုဆန့်ထုတ်ပြီး ဆိုလိုက်သည်။
“ကြွပါ”
ရဲ့ရှောင်ထျန်းက သူ့ကို သာမန်ကာလျှံ ရင်းနှီးသလိုလို ဘာလိုလို ပြောတယ်ဆိုပေမယ့် ကဲ့ရဲ့ရှုတ်ချနေတာ ကျန်းပင်းယန် မသိဘဲ ဘယ်နေလိမ့်မလဲ။ သူလည်း စိတ်ထဲ၌ ကျိန်ဆဲလိုက်သည်။
‘ရဲ့ရှောင်ထျန်း တကယ်လွန်လွန်းတယ်။ ငါက မြင့်မြတ်နတ်ဘုရားနန်းတော်က ခန်းမခွဲက သခင်တစ်ယောက်ပါ။ လူတိုင်းရှေ့မှာ ချန်ရှင်းချုကို သေးထွက်နဲ့အထိ ချောက်လှန့်ပြီး ငါ့ကို မျက်နှာပျက်အောင်လုပ်ရသလား။ ဒါ ဒီကလေးကို ခေါ်လာတဲ့ ငါ ကျန်းပင်းယန်ကို စော်ကားလိုက်တာပဲ”
သူချက်ခြင်းအကူအညီတောင်းဆိုထားသည်ကို လစ်လျူရှူပြီး စိတ်ဝိညာဉ်နန်းတော်မှ ထွက်သွားချင်လိုက်သည်။
သို့သော် သူ့မှာ အရေးကြီးအလုပ်ရှိသေးတာ သတိရလျှင်ရချင်း ထိုအတွေးများကို ခေါင်းထဲမှ ထုတ်ပစ်လိုက်၏။
“ကျေးဇူးပါ”
ရဲ့ရှောင်ထျန်းညွှန်ပြထားသည့်ဘက်ကို ဘာမှမဖြစ်သလို အမူအရာနဲ့ ခန်းမသခင် ကျန်းသွားလိုက်သည်။
ရဲ့ရှောင်းထျန် မှင်တက်သွား၏။ သူများလုံလုံလောက်လောက်မစော်ကားသေးလို့များ အခြားတစ်ဘက်က မျက်နှာဖုံးကိုမခွာချသေးတာလား။
ကျေးဇူးပါနဲ့တောင်တွေ့သေး…။
“ကောင်းပါပြီ ဒါဆိုသွားကြတာပေါ့…” ကျန်းပင်းယန်နောက်မှ ကောင်လေးနှင့် ကောင်မလေးကို တစ်ချက်ကြည့်ပြီး ရှေ့မှ ဦးဆောင်သွားလိုက်သည်။
ချန်ရှင်းချုလည်း ကြက်သေသေသွားသည်။ အိမ်ရှင်က နှင်ထုတ်လုမတတ်ဖြစ်နေတာကို ဘာလို့ အထဲကို ဆက်သွားနေကြရမှန်း မသိဖြစ်သွားသည်။ ခန်းမသခင်များ စိတ်ဖောက်သွားတာလား။
သူ့ဘေးနားမှ ကောင်မလေး သူ့ကို ဖြတ်သွားသည်။ ချန်ရှင်းချု သူ့အောက်က လူအုပ်ကိုကြည့်လိုက်တဲ့အခါ ရွံရှာခြင်းများကိုသာ ခံစားလိုက်ရ၏။ ဒီလို နေရာမျိုးမှာ နောက်တစ်စက္ကန့်တောင်မနေချင်တော့ပါချေ။
“ကျစ်၀မ်မိန်းကလေး စောင့်ပါဦး”
…
အပြင်စည်းက ပြန်၍ ငြိမ်ကျသွားခဲ့သည်။ ထိုအဖြူ၀တ်ဧည့်သည်များအကြောင်းကနောက်တော့ ပြောစရာတစ်ခုဖြစ်လာခဲ့သည်။ ထိုမှ အသစ်၀င်လာသော ဂိုဏ်းသားများ၏ စိတ်အားများ မြင့်တက်သွားကြသည်။
စိတ်ဝိညာဉ်နန်းတော်အတွင်း ကြာရှိတာ ကြာပြီဖြစ်သော ဂိုဏ်းသားဟောင်းများကသာ ကောင်းကင်ကြီးကိုကြည့်ရင်း အတွေးနက်သွားကြသည်။
“မြင့်မြတ်နတ်ဘုရားနန်းတော်တဲ့”
“ဒီလူတွေ စိတ်ဝိညာဉ်နန်းတော်မှာဘာလာလုပ်ကြတာလဲမသိဘူး။ တစ်ခုခု ဖြစ်လို့များလား”
…
ဒက် ဒက်
ငန်းရေကန်းအနားရှိ မိုးမခပင်ကြီးများ၏ အရိပ်အောက်၌ လူငယ်တစ်ယောက်လမ်းလျှောက်သွားခြင်းနှင့်အတူ ကျိုးပြတ်နေသော သစ်ကိုင်းများ ပြန်လည် အသစ် ကြီးထွားလာကြ၏။ ထိုလူက မျက်ကန်းတစ်ယောက်လို မျက်လုံးကိုမှိတ်ထားပြီး တုတ်နဲ့ ထောက်ပြီး သွားနေသည်။
သူ့ခေါင်းကို အသာငုံ့ကြည့်လိုက်ရာ ရေကန်ထဲမှ ငန်းတစ်ကောင်က အတောင်များလှုပ်ခါရင်း ရေထဲကို နှုတ်သီးဖြင့်ထိုးလိုက်တာ တွေ့ရသည်။ ထိုသေစေမည့် ထိုးချက်ကို ငါးတစ်ကောင်က ကပ်သီးလေး ရှောင်လိုက်၏။
မျက်ကန်းလူငယ်လေးက ရေကိုထိချင်သည့်အလား လက်ကိုဆန့်ထုတ်လိုက်သော်လည်း အဖြူရောင်ကျောက်လက်ရန်းကိုသာ ထိမိလိုက်သည်။ သူကရပ်နေသည်ဖြစ်ရာ ထိုသို့ ရေကိုထိချင်လျှင်တော့ ကန်ထဲကို တစ်ပါးတည်း ဇောက်ထိုးကျသွားပေလိမ့်မည်။
နောက်ဆုံး နေ့အလင်းရောင်ကပျောက်သွားပြီး ညလေညှင်းလေးတိုက်ခတ်တော့သည်။
“နေရာသီကုန် ရွက်ခြောက်ကြွေကာ ဆောင်းဦးရာသီရဲ့ အစောပိုင်းလေညှင်းကလေးလာတယ်… ယွဲ့ကျစ်၀မ်။ နင်ဒီမှာရှိတယ်မလား”
“ဟေး” ပါးလွှာသည့် ၀တ်ရုံတစ်ခုကို ခြုံထားသော မိန်းကလေးတစ်ယောက် မလှမ်းမကမ်းမှ လျှောက်လာပြီး သူ့ပုခုံးပေါ်လက်တင်လိုက်သည်။
“ဆိုတော့ နင်ကလည်း ငါတို့နဲ့တစ်ဖွဲ့တည်းကပဲလား။ ငါနင့်ကို အရင်က မတွေ့ဖူးပါဘူး”
မျက်ကန်းလူငယ်လေးက သူ့ ပုခုံးပေါ်တင်ထားသော လက်ကို မျက်စောင်းထိုးပြီး ကြည့်လိုက်သည်။
ထို့နောက် နောက်ကိုလှည့်လိုက်ရာ မိန်းမငယ်လေး၏ မြင်ကွင်းထဲ၌ ကြောက်မက်ဖွယ်ရာ အမာရွတ်များဖြင့်ပြည့်နေသည့် ရုပ်ဆိုးဆိုးမျက်နှာတစ်ခုပေါ်လာစ။
ဘုတ်…။
မိန်းမငယ်လေးက လန့်ဖျပ်သွားပြီး မြေပြင်ပေါ်တွင် ဖင်ထိုင်ကျသွားသည်။ သူမ၏ မျက်၀န်းများက ထိတ်လန့်ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နေသည်။
“န-န-နင်…”
“ခွင့်ပြုပါဦး”
နောက်လှည့်မကြည့်ဘဲ ပြေးတော့သည်။
အပိုင်း (၁၆၉) အိပ်မက်ဆိုးက အမှန်ဖြစ်လာခဲ့ခြင်း
အတွင်းစည်း၊ ညီလာခံ ခန်းမ…။
ကျန်းပင်းယန် လာချပေးသည့် ရေနွေးကြမ်းကိုသောက်ရင်း အတွေးလေလွင့်နေသည်။
အတွင်းစည်းကို၀င်ရောက်ခါမှ လူတိုင်းက တစ်စုံတစ်ခုကို တိုက်ခိုက်ရန် အသင့်ပြင်ထားကြသော တင်းမာနေသော အခြေအနေကို တွေ့လိုက်ရသည်။ ၎င်းက အပြင်စည်းနှင့် ကမ္ဘာနှစ်ခုလိုကွာခြားနေ၏။
ထို့နောက် ၀င်ပေါက်နားရှိ ရှေးဟောင်းအပင်ကြီးအောက်မှ အနတ်ဝတ်လူများကို မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်သည်။ “နန်းတော်သခင်ရဲ့။ ဒီလောက်ကြီး တင်းကြပ်နေဖို့လိုလို့လား” သူမေးသည်။
သူ့ကိုတိုက်ခိုက်ဖို့အတွက်တော့ ထိုလူများကို နေရာချထားခြင်းမဟုတ်ကြောင်း ကျန်းပင်းယန်သိသည်။ ဆိုတော့ ဖြစ်နိုင်ချေက သူတို့အကူအညီတောင်းတဲ့အထဲက သူတော်စင်အစေအပါးနှင့် ပတ်သက်၍သာဖြစ်ချေမည်။
‘လိုအပ်လို့လားတဲ့။ မေးရဲတယ်နော်’
ရဲ့ရှောင်ထျန်း ရေနွေးကြမ်းခွက်ကိုပြန်ချပြီး တုန့်ပြန်လိုက်သည်။ “နန်းတော်သခင်ကျန်းတို့လို အရေးကြီးဧည့်သည်တွေက အဝေးကြီးကနေလာခဲ့တာ။ ပင်ပန်းနေလောက်ရောပေါ့။ နေရာချထားပေးဖို့ ကျုပ်စီစဉ်ခိုင်းထားတယ်”
ရှင်းပြချက်တောင် သူမပေးပါလေ။
‘အရေးကြီးတယ်ဟုတ်လား။ နေရာချပေးဖို့ စီစဉ်ခိုင်းထားတယ်တဲ့။ ငါတို့ကိုမျက်လုံးထဲတောင်မထည့်ဘဲနဲ့’
ကျန်းပင်းယန်သူ့မုတ်ဆိတ်များကို စိတ်ဆိုးမာန်ဆိုး ပွတ်သပ်လိုက်သည်။
ရဲ့ရှောင်ထျန်း သူတို့ကို စိတ်ဝိညာဉ်နန်းတော်ထဲသို့ ၀င်လာသည့်တစ်လျှောက်မှာ တည်ရှိတယ်လို့တောင် မျက်လုံးထဲမထည့်ထားတာ။ လခွေးလိုပဲ။
ကျောက်ကျန်းရှီ စိတ်ထဲမှ တင်းမာနေသော အခြေအနေကို မှတ်ကာ ပြောလိုက်သည်။ “ခန်းမသခင်ကျန်းလည်း မြင်တဲ့အတိုင်း ဒီမှာက တစ်ခုပြီးတစ်ခု ပြဿနာလေးတွေတက်နေတာဆိုတော့ ကျုပ်တို့လည်း အလုပ်တွေရှုပ်နေကြတာ။ အိမ်ရှင်ကောင်းမဖြစ်သွားရင် ခွင့်လွှတ်ပေးဖို့ ကျုပ်ကပဲ တောင်းဆိုပါတယ်”
သူ၏ ချိုသာသောလေသံနှင့် စကားလုံးရွေးချယ်ချက်များမှလွဲ၍ ကျန်တာအကုန်လုံး ရဲ့ရှောင်ထျန်းပြောတာနှင့် မထူးခြားမနား။
“ထျန်းရွှမ်တံခါးက အချိန်မရွေးထပေါက်ကွဲသွားနိုင်တဲ့ အခြေအနေမှာရှိနေတာ ပိုပြီး အစွမ်းထက်တဲ့သူကို မလွှတ်လိုက်ဘူးလား”
လက်ရှိလာသည့် သုံးယောက်အဖွဲ့ထဲတွင် တကယ် သန်မာတာဆိုလို့ တစ်ယောက်တည်းရှိသည်။ သို့သော်ဘာဖြစ်ဖြစ်ပါ။ တကယ်အရေးကြုံလာရင် ကြားထဲ၀င်မရှုပ်ရင် အဆင်ပြေပါသည်။
ထိုလူနှစ်ယောက် တကယ် စိုးရိမ်ပူပန်နေတာကို ကျန်းပင်းယန်ပြောနိုင်သည်။ သို့ဖြင့် သိချင်သွားပြီး မေးလိုက်သည်။ “ဘာပြဿနာသေးသေးလေးတွေလဲ”
ကျောက်ကျစ်တုံ့လက်ထဲက ဘီးကို ကျောက်ကျန်းရှီ ကြည့်လိုက်သည်။ ထိုထဲမှ ပုလဲလေးလုံးမြောက်က မှိတ်တုတ်မှိတ်တုတ်နှင့် အချိန်မရွေးပြုတ်ထွက်သွားတော့မလိုလို ဖြစ်နေသည်။
“ဒီတိုင်း ကိုယ်ရေးကိုယ်တာ ကိစ္စပါပဲ”
ချန်ရှင်းချု အလွန် ဒေါသထွက်သွားခဲ့သည်။ ထိုလူများက အကူအညီလည်း တောင်းထားသေးတယ်။ မေးခွန်းမေးတော့လည်း ရှောင်လား တိမ်းလားနဲ့။ သူ့အမြင်တွင်တော့ ထိုအရာက သူတို့သုံးယောက်ကို မျက်လုံးထဲမထည့်ထားသလိုပင်။
သူစတင်၍ စကားပြောတော့မည့်အချိန် အဓိကခုံပေါ်က ဆံဖြူကလေးငယ်ကိုကြည့်မိပြီး သူ့စကားများကို ပြန်မျိုချလိုက်ရသည်။
“ကျွန်မထင်တာ မမှားရင် ဒါက စိတ်ဝိညာဉ်ပုလဲ(၁၂) ဘီးမလား” ဘေးတစ်ဘက်မှ အေးစက်စက် အသံတစ်သံ ထွက်လာသည်။
“ဟုတ်တယ်” ကျောက်ကျန်းရှီ သူမကို ကြည့်ပြီး ဖြေလိုက်သည်။
“ဒီဘီးက ထျန်းရွှမ်တံခါးတစ်ခုမှာရှိတဲ့ ရတနာ (၁၂) ပါးနဲ့ စည်းနှောင်ထားတာဖြစ်မယ်။ ခု ဒါကို ကြည့်ရသလောက်တော့ ထျန်းရွှမ်တံခါးထဲမှာ ပြဿနာနည်းနည်းတက်သွားတာဖြစ်ရမယ်”
ထိုင်နေသော လူသုံးဦး ထိုကောင်မလေးရဲ့ တွေးခေါ်နိုင်စွမ်းရည်နှင့် လေ့လာဆန်းစစ်နိုင်စွမ်းတို့ကြောင့် အံ့အားသင့်သွားရသည်။ ဒီလို အသိအမြင်မျိုးနဲ့ ဆုံးဖြတ်ချက်ဆိုတာက သာမန်လူတွေမလုပ်နိုင်သည့် အရာမျိုးဖြစ်သည်။
ကျောက်ကျစ်တုံ့ ထိုကောင်မလေး၏ မျက်နှာကာစဖြင့် မျက်နှာကို ကြည့်လိုက်သည်။ သို့တောင် သူမ၏ မျက်၀န်းများက နှစ်သက်စွဲမက်ဖွယ်ရာကောင်းနေတာ ပဝါစကို ဖယ်လိုက်မယ်ဆိုရင်ရော။
“သိခွင့်ရှိရင် ဒီက မိန်းကလေးက…”
“ယွဲ့ကျစ်၀မ်” သူမဖြေသည်။ ထို့နောက်ပြုံးလိုက်ရာ ပ၀ါစက အနည်းငယ်တွန့်သွား၏။
“လှလိုက်တဲ့နာမည်လေးပဲ”
ထိုစွဲမက်ဖွယ်ရာကောင်းသော မျက်၀န်းများက ကျောက်ကျစ်တုံ့ကို ချက်ခြင်း ညှို့ဆွဲဆောင်သွားသည်။ သူ့ချစ်သူနှင့် မကြာသေးခင်ကမှ လမ်းခွဲထားသည်ဖြစ်ရာ ထိုလှပမှုကြီးကို သူတောင့်မခံနိုင်ပါချေ။
“ငါ့-ငါ့ နာမည်က ကျောက်တုံ့… အဲ… မဟုတ်ဘူး ကျောက်ကျစ်တုံ့”
ထို့နောက် ခေါင်းမော့ရင်ကော့ကာ ဆိုလိုက်သည်။ “တွေ့ရတာ၀မ်းသာပါတယ်”
ထို့နောက် စိတ်ဝိညာဉ်ဘီးကို ဘေးတစ်ဘက်မှာ ချလိုက်ကာ လက်ကို အင်္ကျီမှာသုတ်ပြီး ရှေ့ဆန့်ထုတ်လိုက်သည်။
သို့ပေမယ့် ထိုမိန်းကလေးက သူနှင့် လက်ခြင်းဆွဲနှုတ်ဆက်မည့်ပုံမရပေ။
ကျောက်ကျစ်တုံ့ချက်ခြင်း ချန်ရှင်းချုထံ လက်လွှဲလိုက်သည်။ သူ့လှုပ်ရှားမှုက စက္ကန့်၀က်လေးတောင်မကြာရာ အလွန် ယုတ်တိရှိနေတော့သည်။
“ချန်ရှင်းချု”
ခဏတာ တုန့်ဆိုင်းသွားပြီးနောက် မျက်နှာ မပျက်စေလိုသည့်အတွက် လက်ဆွဲနှုတ်ဆက်ရန်ဆုံးဖြတ်လိုက်သည်။ သူဖြတ်သန်းခဲ့ရသည့်အရာများကြောင့် အလွန်စိုးရိမ် ကြောက်ရွံ့စွာခံစားနေရသည်။
သူတို့လက်ချင်းထိလိုက်တာနဲ့ ကျောက်ကျစ်တုံ့ချက်ခြင်း ဓာတ်လိုက်သွားသည့်အလား လက်ကိုပြန်ဆွဲဆုတ်လိုက်သည်။ ထို့နောက် အင်္ကျီမှာ လက်ကိုပြန်သုတ်ပြီး အရင်ရပ်နေသည့်နေရာပြန်သွားသည်။
“တွေ့ရတာ၀မ်းသာပါတယ်” လို့ပြောလိုက်ပေမယ့် သူ့မျက်လုံးများက ယွဲ့ကျစ်၀မ်အပေါ်တွင်သာရှိနေသည်။
ချန်ရှင်းချု ပို၍ ဒေါသထွက်သွားရသည်။
ဒီစိတ်ဝိညာဉ်နန်းတော်မှာ လူကောင်းဆိုတာရှိရဲ့လား။ ဘာလို့ လူထူးလူဆန်းတွေနဲ့ပဲတွေ့နေရတာလဲ။
သူလည်း ကသိကအောက်နှင့် အရင်ရပ်နေသည့်နေရာကို ပြန်သွားလိုက်သည်။
“ထျန်းရွှမ်တံခါးက အလယ်ပိုင်းနယ်မြေမှာရှိတဲ့ မြင့်မြတ်နန်းတော်က ရှန်းရွှမ်တံခါးနဲ့တူတယ်လို့ပြောတယ်။ ကျွန်မ မြင်တွေ့ခွင့်များရရင် ကြည့်ချင်ပါတယ်” ယွဲ့ကျစ်၀မ်ပြောသည်။
ဟားဟားဟား…
ကျောက်ကျန်းရှီ တစ်ယောက်တည်း တဟားဟားထရယ်လိုက်ပြီးနောက် လူတိုင်းသူ့ကို စိုက်ကြည့်နေတာမြင်လျှင် ပါးစပ်ကို အလျှင်အမြန်ပိတ်ပြီး ပြောလိုက်သည်။ “ကလေးမလေး နင်တကယ် ဗဟုသုတ ကြွယ်၀တာပဲ။ မြင့်မြတ်နန်းတော်ကနေ သင်လာတာလား”
“ဒါပေမယ့် နှမျောစရာပဲ ထျန်းရွှမ်တံခါးက တစ်နှစ်ကို တစ်ခါပဲဖွင့်တာ။ ဒီနှစ်အတွက်က အရင် (၂) ရက်ကတည်းက ဖွင့်ပြီးသွားပြီ။ ခုမှ ၀င်ဖို့ဆိုတာမဖြစ်နိုင်ဘူး။ ဒါပေမယ့် တံခါးကိုပြန်ဖွင့်တဲ့ အခါကြရင်တော့ ဘယ်လိုလဲ မြင်ရမှာပါ”
သူမ၏ မျက်၀န်းများအတွင်း၌ စိတ်ပျက်သလို အရိပ်အယောင်အနည်းငယ် စွန်းထင်းသွားပြီး “နှမျောစရာပဲ”
ကျောက်ကျန်းရှီထို့နောက် ဘီးကြီးထံ အကြည့်ပြန်လွှဲကာ “ကျုပ်တို့အကူအညီတောင်းလိုက်တဲ့ ကိစ္စကလဲ ထျန်းရွှမ်တံခါးနဲ့ပတ်သက်နေလို့ပါပဲ။ အချိန်ကြရင်တော့ ခန်းမသခင်ကျန်းရဲ့ အကူအညီကို ကျုပ်တို့ လိုလာလိမ့်မယ်”
“ထျန်းရွှမ်တံခါးထဲမှာ ဖြစ်သွားတဲ့ ပြဿနာအသေးလေးဆိုတာက…”
ခန်းမသခင်က ထိုပြဿနာဘက် လမ်းပြန်လှည့်သွားတာကို အကြီးအကဲကျောက်က ကြား၀င်ဖြတ်လိုက်သည်။ “အချိန်လည်းနှောင်းနေပြီဆိုတော့ လိုရင်းကိုပဲပြောပါတော့မယ်။ ထျန်းရွှမ်တံခါးထဲမှာ ဖြစ်ပျက်သွားတဲ့ ကိစ္စက ကျုပ်တို့ဘက်က ချက်ခြင်း ဖြေရှင်းရမယ့်အရာပါ။ ခန်းမသခင် နားလည်မယ်လို့မျှော်လင့်ပါတယ်”
ထို့နောက် ထရပ်ကာ ကျန်းပင်းယန်ကို လက်နှစ်ဖက်ဆုပ်ကိုင်ပြလိုက်ပြီးနောက် ရဲ့ရှောင်းထျန်ဘက်လှည့်ရာ ပြောသည်။ “ကျုပ်တို့ နောက်ထပ် အချိန်တွေ ဖြုန်းနေလို့မရတော့ဘူး”
ရဲ့ရှောင်ထျန်းခေါင်းကိုညိတ်လိုက်ပြီး အကြီးအကဲကျောက်၊ ကျောက်ကျစ်တုံ့တို့နဲ့အတူ ညီလာခံ ခန်းမထဲကထွက်သွားသည်။
သူကြုံတွေ့လိုက်ရသောအရာကြောင့်ချန်ရှင်းချု မျက်ခုံးများလှုပ်သွားသည်။ ထျန်းစန်းနန်းတော်က သူတို့ ဧည့်သည်များကို ဘယ်လို ဆက်ဆံလဲဆိုတာ သူသိရလေပြီ။
ဦးစွာ နန်းတော်သခင်ဖြစ်သူက ဧည့်သည်များကို အရှက်ခွဲသည်။ ထို့နောက် သူတို့ကို ဒီတိုင်းထားပြီးထွက်သွားသည်။ ထိုနန်းတော်သခင်သာ စိတ်မကြည်ဖြစ်နေရင် သူတို့သုံးယောက်ကိုများ ပေါ်တင် နှင်ထုတ်မလားမသိ။
“ခန်းမသခင်ကျန်း။ ကျုပ်တို့ဘာလို့ ဒီနေရာမှာ ဆက်နေနေကြရတာလဲ။ အရမ်းရှက်စရာကောင်းတယ်”
ကျန်းပင်းယန်ဘာမှ ပြန်မပြောဘဲ သူ့ရေနွေးကြမ်းကိုသာ သောက်နေလိုက်သည်။ တကယ်က စိတ်ဝိညာဉ်နန်းတော်ထဲမှာ ဖြစ်ပွားနေတာကို သူစိတ်၀င်စားလေသည်။ အတွင်းရော အပြင်ကပါ ပြဿနာများကို ရင်ဆိုင်နေရဟန်ပေါက်၏။
သူ့လို ခန်းမသခင်ကိုတောင် ဒီလို ဘာမဟုတ်သလို ဆက်ဆံမှုမျိုးပေးရလောက်အောင် ဘယ်လောက်များ အခြေအနေက ပြင်းထန်နေမှန်းမသိ။
သူလည်း စိတ်ဝိညာဉ်နန်းတော်၌ သူ့အလုပ်ကိစ္စရှိသေးရာ စတင်ရတော့မည် အချိန်ကျရောက်ပြီဖြစ်သည်။
“ကိစ္စမရှိဘူး။ မင်းတို့ သူတို့ပြင်ပေးထားတဲ့နေရာမှာ ပင်ပန်းနေရင်နားလိုက်ကြ။ ငါတော့ ဆက်ပြီး စောင့်ကြည့်ဦးမယ်”
ချန်ရှင်းချု ဘာမှ ဆက်မပြောတော့ဘဲ ထိုင်နေရာမှ ထလိုက်သည်။
“ကျစ်၀မ်မိန်းကလေး အပြင်သွားကြည့်ရအောင်”
သူစတင်၍ လျှောက်လှမ်းနေပြီးနောက်က ဘယ်သူမှ လိုက်မလာတာကို သတိထားမိလိုက်သည်။ နောက်သို့ပြန်လှည့်ကြည့်လိုက်သောအခါ တစ်ယောက်မှ မရှိတော့သည်ကို တွေ့လိုက်ရ၏။
ချန်ရှင်းချု အပြင်ထွက်လိုက်သောအခါ သူတို့နှစ်ဦးက အနက်၀တ်လူများကို စိတ်၀င်တစားကြည့်နေကြသည်ကို တွေ့လိုက်ရသည်။
“…”
ချီးပဲ။
ဆောင့်ကြီးအောင့်ကြီးလုပ်ပြီး ကိုယ့်ဟာကိုယ် ထွက်သွားလိုက်တော့သည်။
…
အကြီးအကဲကျောက် ခရမ်းရောင် အစီအရင်တံဆိပ်ပြားကို ဘာမှ စကားရှည်မနေတော့ဘဲ ထုတ်ယူလိုက်သည်။
ကနဦးက မြင့်မြတ်နတ်ဘုရားနန်းတော်က တပ်ကူတွေက စောင့်ရတာနဲ့ တန်မယ်လို့ ထင်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် သူတို့ (၃) ဦးသာ ရောက်လာကြပြီး စကားရှည်နေတာနဲ့ အချိန်တွေ အလဟသတ်ဖြစ်ကုန်၏။
“ထျန်းရွှမ်တံခါး … ဖွင့်”
သူအော်လိုက်ရာ ဘက်ပေါင်းစုံမှ စိတ်ဝိညာဉ်စွမ်းအင်များ စီးဆင်းလာတော့သည်။ အစီအရင် ပုံပန်းပုများ လေထဲတွင် တောက်ပလင်းလက်လာပြီး သံချေးတက်နေသော တံခါးကြီး ထွက်ပေါ်လာ၏။
အနီရောင် ကနုတ်များ အရောင်တောက်လာပြီး အသက်၀င်စွာ ထွင်းထုထားသော သားရဲ တံခါးလက်ကိုင်များကို နောက်တစ်ခါ ပြန်မြင်လိုက်ရသည်။ ထျန်းရွှမ်တံခါးပေါ်လာလေပြီ။
အနား၌ စုနေကြသော စည်းကမ်းကြီးကြပ်သူများ စိုးရိမ်စိတ်လှုပ်ရှားသွားကြသည်။ ၎င်းက သမိုင်းမှာ ပထမဦးဆုံးအကြိမ်အဖြစ် သုံးရက်မပြည့်သေးဘဲ ထျန်းရွှမ်တံခါးကို ပြန်ဖွင့်ခြင်းဖြစ်သည်။
ထိုအထဲတွင် တစ်ရက်ကျင့်ကြံခြင်းက အပြင်မှာ လပေါင်းများစွာကျင့်ကြံတာနဲ့ ညီမျှသည်။ သို့ဖြင့် ဆုံးရှုံးသွားသော အချိန်မျာက တန်ဖိုးရှိလှသည်။
ယွဲ့ကျစ်၀မ်ရဲ့ မျက်၀န်းများ တောက်ပသွားပြီး “ဒါ ထျန်းရွှမ်တံခါးလား” သူမမေးသည်။
“ဟုတ်တယ်”
ကျန်းပင်းယန် အသာအယာခေါင်းညိတ်လိုက်ပြီး ဆိုသည်။ “ဒီရတနာနယ်မြေတစ်ခုတည်းက ထျန်းစန်းစိတ်ဝိညာဉ်နန်းတော်ကို တခြား သူတို့ထက်အရင် တည်ရှ်ိတာ ကြာပြီဖြစ်တဲ့ စိတ်ဝိညာဉ်နန်းတော်နဲ့ ပတ်ပတ်လည်မြို့တွေအကြားမှာ မြောက်ကြွားမြောက်ကြွားလုပ်ပေးစေနိုင်တယ်”
ယွဲ့ကျစ်၀မ်ကတော့ ထို(၁၀) မီတာရှည်သည့် ဧရာမ အနက်ရောင်တံခါးကြီးကိုကြည့်ပြီး တစ်မျိုးတွေးလိုက်သည်။
ထျန်းစန်းစိတ်ဝိညာဉ်နန်းတော်မှာရှိတဲ့ ထျန်းရွှမ်တံခါးကတောင် ဒီလောက်ခမ်းနားကြီးကျယ်နေရင် မြင့်မြတ်နန်းတော်မှာရှိတဲ့ ရှန်းရွှမ်တံခါးဆိုရင် ဘယ်လိုနေလိမ့်မလဲ။
“အသင့်ပြင်”
ရဲ့ရှောင်ထျန်း အမိန့်ပေးလိုက်သောအခါ အနက်၀တ်လူအားလုံး အဆင်သင့်ပြင်လိုက်ကြသည်။
ဘုန်းးး…။
တံခါးကြီးပေါ်မှာ လက်တင်ပြီး အကြီးအကဲကျောက်တွန်းလိုက်သည်။
ထိုလှစ်ဟသွားသော တံခါးကြားမှ စိတ်ဝိညာဉ်စွမ်းအင်များ အလုံးလိုက်အရင်းလိုက် ထွက်လာကြ၏။ လူတိုင်းအသက်ပြင်းပြင်းရှိုက်လိုက်ကြသည်။
ကျွီ… ဂျုတ်…။
အနည်းငယ်သာဖွင့်ရသေးသော တံခါးကြီး ညပ်သွားပြီး စတင်တုန်ခါလာတော့သည်။
“ဘာဖြစ်နေတာလဲ” လူတိုင်း ထျန်းရွှမ်တံခါးကြီး ညပ်သွားတာကြောင့် စိုးရိမ်ပူပန်သွားကြသည်။
၎င်းက တစ်ခါမှ မကြားဖူးသလို ဖြစ်လည်း မဖြစ်ဖူးပေ။
တစ်စုံတစ်ခု မှားယွင်းနေတာကို သိသောအခါ အကြီးအကဲကျောက်၏ မျက်ဆံများကျုံ့သွားပြီး ကျောက်ကျစ်တုံ့ကို ချက်ခြင်းလှည့်ကြည့်လိုက်၏။
ခရက်…။
စိတ်ဝိညာဉ်ဘီးပေါ်မှ စတုတ္ထမြောက်ပုလဲလုံး နောက်ဆုံးတော့ မခံနိုင်တော့ဘဲ အက်ကွဲကြေသွားတော့သည်။
ကျောက်ကျစ်တုံ့ လန့်ဖျပ်သွားပြီး လိပ်ပြာများလွင့်သွားသလားမသိ မျက်လုံးများက ငူငူကြီးဖြစ်သွား၏။
စတုတ္ထမြောက် ပုလဲလုံးကွဲသွားတယ်ဆိုတော့… သူ့အိပ်မက်က တကယ်ဖြစ်လာပြီပေါ့။
အပိုင်း (၁၇၀) ဥ
ရေခဲနဂါးအသိုက်၊ ထျန်းရွှမ်တံခါး…။
တံခါးအတွင်းက ကမ္ဘာငယ်လေးမှာ အပူချိန်က ရေခဲမှတ်အောက်ကို ကျော်လွန်ကျဆင်းနေသော ရေခဲကမ္ဘာလေးတစ်ခုကိုတွေ့ရသည်။
ကျောက်ချင်းထန်တောင် ဤနေရာကို၀င်လာတာနဲ့ တဆတ်ဆတ်တုန်ခါသွားရသည်။
အစက ထျန်းရွှမ်တံခါးထဲကိုရောက်တော့ တမူထူးခြားသည့် စိတ်ဝိညာဉ်စွမ်းအင်သိပ်သည်းတာကို တွေ့ရသည်။ သို့ဖြင့်တစ်ရက်ထိုင်ပြီး ကျင့်ကြံပြီးနောက်မှာ သူ့ ကျင့်ကြံခြင်း သိသိသာသာ တိုးတက်လာခဲ့သည်။
သူရလိုက်တဲ့ ရလဒ်ကို ခေါက်ထားလိုက်ပြီး ငွေကြေးပမာဏ အကုန်ကျခံကာ ၀ယ်ထားရသော ဤနေရာသို့လာခဲ့ပြီး နောက်ဆုံးတော့ ရေခဲနဂါးအသိုက်ကိုတွေ့လေပြီ။
အသိုက်က အထက်မှ တွဲလောင်အေးခဲကျနေသော ရေခဲချွတက်များကိုအပထားလျှင် လိုဏ်ဂူအကြီးကြီးတစ်ခုနှင့်တူသည်။ သူ့ရှေ့တွင်လည်း ရေကန်ကြီးတစ်ကန်သာရှိသည်။
ဤရေကန်က သူဈေးကြီးပေး၀ယ်ထားရသော အချက်အလက်ထဲမှ ရေခဲနဂါး ရေကန် ဖြစ်သည်။ ရေကန်ထဲဆင်းရန် ခြေတစ်ဖက်ချလိုက်တာနဲ့ ဝိညာဉ်အေးခဲလုမတတ် အအေးဓာတ်များက သူ့ကိုလာရောက်တိုက်ခိုက်၏။ သို့ဖြင့် ရေကန်စပ်တွင်သာ ကျင့်ကြံလိုက်သည်။
ဒါတောင်မှ ထျန်းရွှမ်တံခါး တစ်ခုလုံးက ဘယ်နေရာမှာထက်ဖြစ်ဖြစ် သိသိသာသာ ပိုတိုးတက်လေသည်။ ၎င်းက သူထင်ထားတာထက်တောင်ပိုသည်။
မူလနန်းတော် အလယ်ပိုင်းအဆင့်မှာ အခြေခံအုတ်မြစ်ကို တည်ငြိမ်အောင်လုပ်ပြီးနောက် ကျောက်ချင်းထျန် ကျင့်ကြံခြင်း အခြေအနေမှ ထွက်လိုက်သည်။
ထို့နောက် အပြာရောင်ရေကန်ကိုကြည့်ကာ သူ့ ရေခဲစမ်းချောင်းဓားကို ပွတ်ပြီး ရေရွတ်လိုက်သည်။ “သူမ သေသွားပြီလား”
လွန်ခဲ့တဲ့နေ့တစ်၀က်လောက်တုန်းက ခရမ်း၀တ်အမျိုးသမီးတစ်ယောက် ရေခဲနဂါးအသိုက်ထဲကို ဝုန်းဒိုင်းကျဲ၀င်ချလာခဲ့သည်။
ထို့နောက် သူ့ကိုတောင် သတိမထားမိဘဲ ရေခဲနဂါးရေကန်ထဲ တန်းခုန်ချပစ်လိုက်၏။ ထိုမြင်ကွင်းက ကျောက်ချင်းထန်ကိုတောင် ကြက်းသီးတဖျင်းဖျင်းထသွားစေသည်။
သူသာမမှားပါက ထိုမိန်းကလေးက အတွင်းစည်းထိပ်သီး (၃၃) ယောက် အသစ်၀င် အဖွဲ့အသုတ်ထဲမှ အသန်မာဆုံးသူဖြစ်မည်။
“လျှိုလင်းလင်း….. သူမက မိုးကြိုးဓာတ်စွမ်းအင်နဲ့မဟုတ်လား။ ဘာလို့ ရေခဲနဂါးအသိုက်ကိုလာတာလဲမသိဘူး”
သူမလုပ်နေတာက ပဟေဠိဖြစ်ဖွယ်ရာကောင်းသည်။
ထို့နောက် ရေခဲနဂါးရေကန်မျက်နှာပြင်ကို ငုံ့ကြည့်လိုက်သည်။ ရေကန်ကို လက်ကလေးဖြင့်ထိတယ်ဆိုရင်ပဲ ရေခဲအဖြစ်ပြောင်းသွားရာ ချက်ခြင်းပြန်ဆွဲထုတ်လိုက်၏။
ခရက် ခရက်
သူ့လက်ပေါ်မှ ရေခဲများ ကွာကျသွားသည့်တိုင် ထိုအတွေ့အကြုံမှ တခိုက်ခိုက်တုန်နေစဲဖြစ်လေသည်။
“သေလောက်ပါပြီ။ ဘယ်သူမှ ဒီလိုအပူချိန်မှာ အသက်မရှင်နိုင်ဘူး။ အဆင့်မြင့်စိတ်ဝိညာဉ်နှောင်းပိုင်းမကလို့ ဘာဖြစ်ဖြစ်”
ဘုန်းးးး…။
ထျန်းရွှမ်တံခါး အပြင်းအထန်တုန်ခါသွားပြီး သတိလွတ်သွားသော ကျောက်ချင်းထန် ရေကန်ထဲကိုကျသွားတော့သည်။
လခွမ်းးး…။
ကျကျခြင်းပဲ ကျောက်ချင်းထန် ရုန်းထွက်လိုက်ချင်ပေမယ့် စက္ကန့်ပိုင်းအတွင်းကို ရေခဲရုပ်ကြီးဖြစ်သွားသည်။ သူ့ဝိညာဉ်တောင် ဘ၀ကူးပြောင်းနိုင်ပါ့မလားမသိ။
“ရွေ့စမ်းပါ”
စိတ်ဝိညာဥ်အနှစ်ကို သုံးလို့ မရလို့ ကြည့်လိုက်ရာ သူ့ဒန်ထျန်ထဲမှာ ၎င်းတို့က အဆိုင်အခဲအဖြစ်သို့ အေးခဲသွားတာကိုတွေ့လိုက်ရသည်။
ခရက် ခရက်
အအေးဓာတ်များ သူ့ကိုယ်ထဲစိမ့်၀င်လာကြပြီး အတတ်နိုင်ဆုံး ညှစ်ပယ်ထုန်ရန် ကြိုးပမ်းလိုက်သည်။ သို့သော် အချည်းနှီးသာ။
၎င်းက မူလနန်းတော်နယ်ပယ်က တစ်စုံတစ်ယောက် လုပ်နိုင်သည့်အရာမဟုတ်ပါပေ။
ဒါကြောင့် အကြီးအကဲများက အတွင်းစည်းသို့အသစ်၀င်လာသော ဂိုဏ်းသားသစ်များကို ထျန်းရွှမ်တံခါးအတွင်း၀င်သောအခါ လျှို့ဝှက်လေ့ကျင့်ရေးနယ်ပယ်သို့ မသွားရောက်ခိုင်းခြင်းဖြစ်မည်။
ထိုသို့ ဆင်တူသည့်အရာက ရှေးတုန်းကလည်း တစ်ခါဖြစ်ဖူး၏။ ကျောက်ချင်းထန်၏ အာရုံတစ်စ တစ်စ လွင့်ပြယ်လာသည်။ ဘယ်တုန်းကမှ သူ့ဘ၀လေး ဒီလောက် အချိန်တိုတိုလေးဖြင့် အဆုံးသတ်ရမယ်လို့ မထင်ထားပါပေ။
သူ့လိုစစ်မှန်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်က ရေခဲဓာတ် ရတနာ ရေကန်ထဲမှာ သေသွားရတာက ရှက်စရာကောင်းလှသည်။
ချီးပဲ…
“မဟုတ်ဘူး ငါဒီမှာ သေလို့မဖြစ်သေးဘူး။ စုရှောင်ရှန်ကို အနိုင်ယူရဦးမယ်။ ငါသေလို့မရဘူး။ ကျောက်ချင်းထန် မင်းရဲ့ ၀မ်းကွဲ ကျောက်ရှုအတွက်လက်စားချေပေးရဦးမယ်။ မင်းဒီတိုင်းသေတော့မှာလား။ ထစမ်း စုရှောင်ရှန်က မင်းကို လှောင်ရယ်နေတယ်”
အားးးး…။
သူ့ဝိညာဉ်က ဆင်းရဲဒုက္ခကြီးမားစွာ ခံစားရသဖြင့် နာကျင်စွာအော်လိုက်ပြီး သူလည်း တဖြည်းဖြည်း အမြင်များဝေဝါးလာတော့သည်။
သို့မှ လိုဏ်ဂူအထက်မျက်နှာပြင်ရှိ တွဲလောင်းကျနေသည့် ရေခဲထုကြီးများက မိုးပြာရောင်မှ အနက်ရောင် ပြောင်းသွားတော့သည်။
“ချီးပဲ…”
သူ့ကို အမှောင်ထုက လုံး၀ ဝါးမျိုသွားသည့်အချိန်မှာ တစ်ခုခုက ၀င်ဆောင့်တာခံရသလို ခံစားလိုက်ရသည်။ သို့သော် သူသတိလစ်မေ့မျောသွားခဲ့၏။
“အ”
လျှိုလင်းလင်း လက်တစ်ဖက်က ရေခဲနဂါးဥကို ပိုက်ထားရင်းမှ ကျန်တစ်ဖက်ဖြင့် သူမ၏ ခေါင်းကို ပွတ်လိုက်သည်။ ထို့နောက် သူမ ၀င်ဆောင့်မိသည့် ရေခဲတုံးကြီးကို မယုံကြည်နိုင်စွာကြည့်လိုက်၏။
ဒီလူက ကျောက်ချင်းထန်မလား။ သူရူးနေလား။ ရေခဲနဂါးရေကန်ထဲကို ဘာဆင်းလုပ်တာလဲ။ လျှိုလင်းလင်း မျက်မှောင်ကြုတ်လိုက်ပြီး ရေခဲတုံးကြီးကို ကိုင်ကြည့်သည်။
“ဟင်… သူအသက်ရှင်နေသေးတာပဲ။ ဘာဖြစ်ဖြစ် ငါလည်းထွက်သွားတော့မှာဆိုတော့ ဒီနှစ်တွေမှာ စိတ်ဝိညာဉ်နန်းတော်ရဲ့စောင့်ရှောက်မှုတွေကို ကျေးဇူးပြန်ဆပ်တဲ့အနေနဲ့ သူ့ကို ကယ်လိုက်ပါ့မယ်။ ခုကစပြီး စိတ်ဝိညာဉ်နန်းတော်နဲ့ နှောင်ကြိုးပြတ်ပြီ”
လျှပ်စီးတစ်ချက်လက်သွားပြီး ရေခဲတုံးကြီး ကွဲသွားသည်။
အရိုးထဲထိ အေးခဲသွားသော တောင့်တောင့်ကြီးဖြစ်နေသည့် ကျောက်ချင်းထန်ကို လျှိုလင်းလင်းကြည့်ပြီး ရင်ဘက်ပေါ်လက်တင်လိုက်သည်။
ဂျစ် ဂျစ် ဂျစ်
ထိုလျှော့ရိုက်ချက်(၃)ခုက သေမင်းခံတွင်း၀မှ ကျောက်ချင်းထန်ကို ဆောင့်နှိုးလိုက်၏။
အဟွတ် အဟွတ်
ကျောက်ချင်းထန်အသိပြန်လည်လာခဲ့သည်။
ဘုန်းးးး….။
ထျန်းရွှမ်တံခါးတစ်ခုလုံးတုန်ခါသွားပြန်သည်။ သူ့အရည်ပြားထက်၌ ရေခဲအလွှာလေးများကျန်နေသေးသော ကျောက်ချင်းထန် ရေကန်ထဲ ပြန်ပြုတ်ကျလုမတတ်ဖြစ်သွားသည်။ ကံကောင်းစွာဖြင့် လျှိုလင်းလင်းက သူ့ကို အချိန်မှီဖမ်းလိုက်၏။
“ကျေး-ကျေးဇူး”
သူ့ရှေ့မှ လျှိုလင်းလင်းကိုကြည့်လိုက်ရာ သာမန်သေမျိုးနှင့်မတူတော့ကြောင်းကို သူခံစားလိုက်ရပေသည်။
ထိုမိန်းမပျိုလေးက ရွှေရောင်အလင်းများကိုထုတ်လွှတ်နေပြီး နောက်ကျော၌လည်း အဖြူရောင်အတောင်ပံတစ်စုံရှိသည်။ သူမက ဥအကြီးကြီးတစ်လုံးကိုလည်း ပိုက်ထား… ဥကထားလိုက်ပါတော့။
သူမက နတ်သမီးဖြစ်ရမည်။ သူ့ကို နှစ်ကြိမ်နှစ်ခါများတောင် ကယ်တင်လိုက်သည့် နတ်သမီးလေး။
ထို ကျောက်ချင်းထန်ကို အနောက်မှာထားခဲ့ကာ လျှိုလင်းလင်း ဥကြီးကို ပိုက်ပြီး အခြားတစ်ဘက်သို့သွားကာ ရေရွတ်လိုက်၏။ “ဘာဖြစ်နေတာလဲ။ ဟိုကောင်လေး ဓားအိမ်ကိုပဲယူသွားတာပါ။ ရတနာက နှစ်ခုပဲယူခံရတာမဟုတ်ဘူးလား။ ဒီငလျှင်ကြိမ်နှုန်းနဲ့ဆို တစ်ယောက်ယောက်ကများ အပြင်ဘက်ကနေ နန်းတော်ကိုတိုက်ခိုက်နေတာများလား”
ထိုသို့တွေးမိပြီး လျှိုလင်းလင်း၏ မျက်၀န်းများတောက်ပသွားကာ “မဟုတ်မှလွဲရာ အကိုရွှမ်ရှင်းနဲ့ အခြားသူတွေများ ရောက်လာကြတာလားမသိဘူး”
ဘုန်းးးး…။
နောက်ထပ် တုန်ခါမှုကြီးဖြစ်သွားရာ လျှိုလင်းလင်း တစ်ခုခုမှားနေကြောင်းကိုသိလိုက်ပြီး အပြင်ဘက်သို့ အမြန်ပြေးထွက်ကြည့်လိုက်သည်။ ထိုတွင် ကောင်းကင်၌ ဖြစ်ပေါ်လာသော အနက်ရောင် အပေါက်ကြီးကိုမြင်လိုက်ရသည်။
“ဘာလဲဟ။ ကောင်းကင်ပြိုတော့မှာလား”
သူမ၏ လက်ထဲမှ ဥကြီးကိုကြည့်ပြီး လျှိုလင်းလင်းရဲ့ နှလုံးတစ်ချက်ခုန်သွားသည်။ “ဒါဆို ဒီဥက စတုတ္ထမြောက် ကမ္ဘာငယ်လေးကို ထိန်းသိမ်းထားပေးတဲ့ ရတနာပေါ့။ ဘယ်တုန်းက ဘယ်သူက အခြား (၂) ခုကို ယူသွားတာလဲ”
စုရှောင်ရှန်လားဟု သံသယ၀င်သွားသော်လည်း ထိုအတွေးကို ခေါင်းထဲမှ အလျင်အမြန်ပြန်ထုတ်လိုက်သည်။
စုရှောင်ရှန်က တမူထူးခြားတယ်ဆိုရင်တောင် သူ၏ အလျင်က သူမကို မယှဉ်နိုင်ပါပေ။ သို့ဖြင့် ဓားအိမ်မှတစ်ပါး အခြားရတနာတစ်ခုကို ရလိမ့်ဦးမည်ဆိုတာ မဖြစ်နိုင်ပါပေ။ နှစ်ခုဆိုဝေးရော။
အခြားသူတစ်ယောက်ယောက်က ဒီရတနာတွေကို လိုက်ယူနေတာများလား။
ထျန်းစန်းနန်းတော်လို နေရာသေးသေးလေးက ဘယ်လိုလုပ် သူလျှိုတွေအများကြီးရှိနိုင်တာလဲ တွေးရင်း တွေးရင်း လျှိုလင်းလင်းဒေါကန်လာတော့သည်။
“သွားပြီ။ ငါတော့ ဒီထဲက ထွက်လို့ရမှာမဟုတ်တော့ဘူး…”
သူမ ထိုရေကန်ထဲတွင် ရေခဲနဂါးဥကို ပြန်သွားထားမယ်ဆိုရင်တောင် အခြေအနေက ငြိမ်ကျသွားမည်မဟုတ်ပေ။
လှိုဏ်ဂူထဲမှ နောက်ကထွက်လာသော ကျောက်ချင်းထန်လည်း ကောင်းကင်မှ ဧရာမ အပေါက်ကြီးကိုမြင်ရာ ကြက်သေ သေသွားသည်။
“ဒါက…”
“ပါးစပ်ပိတ်ထား”
လျှိုလင်းလင်း ထိတ်ထိတ်ပျာပျာဖြင့် ရှေ့နောက် လျှောက်လိုက်ပြုလိုက် လုပ်နေသည်။
ငါဘယ်လိုထွက်ရမလဲ။
နေဦး စုရှောင်ရှန်။
သူမ စုရှောင်ရှန် ကိုထပ်စဉ်းစားမိသည်။ ကမ္ဘာကြီးသာတကယ်ပြိုလဲပြီး ဗလာနယ်ပယ်ထဲကျကုန်ကြမယ်ဆို အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်သာရှိသော စုရှောင်ရှန်သာ ထျန်းရွှမ်တံခါးထဲက ထွက်ဖို့ အခွင့်အရေးရှိပေလိမ့်မည်။ သို့သော် သူတို့အားလုံး အနစ္စရောက်သွားဖို့ကလည်း ဖြစ်နိုင်ချေတစ်ခုပင်။
ထို့နောက် ကောင်းကင်မှာ နောက်ထပ် အပေါက်ကြီးတစ်ခုပေါ်လာပြီး ထိုအပေါက်ထဲတွင် သံချေးတက်နေသော ခမ်းနားသည့် တံခါးကြီးကိုတွေ့လိုက်ရသည်။
“ထျန်းရွှမ်တံခါး”
လူတိုင်း၏မျက်၀န်းများတောက်ပသွားပြီး ထိုတံခါးစီ တဟုန်ထိုးပြေးတော့သည်။ ထိုတံခါးကသာ သူတို့၏ မျှော်လင့်ချက်ဖြစ်၏။
သို့သော် သူတို့ သွားနေရင်း ထိုတံခါးကြီးက ပွင့်နေရင်းတန်းလန်း ရပ်ပြီး ညပ်သွား၏။ အပေါက်သေးသေးလေးတစ်ခုဖြင့်သာ အပြင်ဘက်သို့ရောက်ပေသည်။
“…”
လျှိုလင်းလင်း ချက်ခြင်းရပ်လိုက်သည်။ သူမတော့ ဒုက္ခအကြီးအကျယ်ရောက်ပြီဆိုတာ သိလိုက်ရ၏။ စိတ်ထဲမှလည်း နောက်ထပ် ရတနာနှစ်ခုကို ယူလိုက်သည့်သူကို ကျိန်ဆဲလိုက်သည်။
သူလျှိုဖြစ်ရတာက တယ်ခက်ပါလားနော်။ လူတွေ အသိစိတ်မရှိကြတော့ဘူး။ ဒီနေရာကြီးပေါက်ကွဲသွားနိုင်တယ်ဆိုတာမသိကြဘူးလား။
ထိုအချိန်၌ ထျန်းရွှမ်တံခါးတစ်ခုလုံးကို အသံတစ်သံ ပျံ့နှံ့ ရိုက်ခတ်သွားပေသည်။
“လူတိုင်း တံခါးရှေ့မှာ စုကြ”
လျှိုလင်းလင်း၏ မျက်၀န်းများ တောက်ပသွားသည်။
ရဲ့ရှောင်ထျန်း၊ ခေါင်းဆောင်လား။
‘ဟုတ်သား သူ့မှာ ဗလာနယ်ပယ်ပင်ကိုယ်ဓာတ်စွမ်းအင်ရှိတယ်ဆိုတော့ အားလုံးကို ကယ်နိုင်ဖို့ မျှော်လင့်ချက်ရှိလောက်တယ်။ သွားမယ်’
ကျောက်ချင်းထန် သူ့ရှေ့မှ ကောင်မလေးက ရုတ်တရက် လျှပ်စီးအလင်းတန်းတစ်ခုအဖြစ် ကောင်းကင်ယံမှာ ပျံတက်ပျောက်ကွယ်သွားတာကို ငူငူကြီး လိုက်ကြည့် နေမိ၏။
သူတို့အပြင်မှာရှိသည့်အခိုက် လျှိုလင်းလင်းသူ့ကို တစ်ကြိမ်တစ်ခါမှ မကြည့်ခဲ့ပါချေ။
သူ့နှလုံးထဲမှ စူးကတည်းအောင့်သွားပြီး ရင်ဘက်ကို ဆုပ်ကိုင်လိုက်သည်။ သူတစ်ခါမှ မခံစားဖူးသော ခံစားချက်ကြီးတစ်ခုက စတင်၍ ပေါက်ဖွားလာတော့၏။
‘အင်း… ငါက သူမ မျက်စိထဲမှာ ဘာမှမဟုတ်လောက်ဘူး’
“အမြန်လုပ်ကြ ငါ (၁၅) မိနစ်လောက်ပဲ တောင့်ခံထားနိုင်မယ်” ရဲ့ရှောင်ထျန်း၏ အသံကို ထပ်ကြားရသည်။
၁၅ မိနစ်ဟုတ်လား။
သူဒီအသိုက်ကိုလာဖို့တောင် နေ့တစ်၀က်လောက်ပြေးလာရတာ သတိရပြီး ထိုစူးအောင့်အောင့်ခံစားချက်ကြီးတောင်ပျောက်သွားသည်။
လခွမ်း။ တောင့်ထားပါဦး။
ရွှစ်ကတည်း သူလည်း ပျံတက်ပျောက်ကွယ်သွားတော့၏။
အပိုင်း (၁၇၁) အစီအရင်တံခါး
စန်းလျှိုသစ်တော….။
စုရှောင်ရှန်ကောင်းကင်ပေါ်က အနက်ရောင် အပေါက်ကြီးကို စိုးရိမ်တကြီးကြည့်လိုက်သည်။ အကယ်၍ သူ့တုန့်ပြန်နှုန်းသာ မြန်မနေလျှင် ထိုထဲ၀င်သွားလောက်ပေပြီ။
ထိုအပေါက်ကြီး၏ ကြီးမားသောစုပ်အားကို ခုခံရန် အခြားတစ်ဘက်သို့ ပြေးသွားလိုက်ရသည်။ အနီရောင်တောအုပ်ကြီးကတော့ ထိုအနက်ရောင်စုပ်ခွက်ထဲသို့ စုပ်ယူခြင်းခံလိုက်ရ၏။
“တကယ်ပဲ ဗလာနယ်ပယ် နိယာမတွေ ပေါက်ပျက်ကုန်တာလား”
စုရှောင်ရှန် အရင်တစ်ခေါက်က ရဲ့ရှောင်ထျန်း၏ ကောင်းကင်ခွဲလက်ဖြင့် ဤသို့ လုပ်ဖူးတာကို ပြန်မြင်ယောင်လိုက်သည်။
ဘုန်းးးး…။
ထျန်းရွှမ်တံခါး ထပ်မံတုန်ခါလာပြန်သည်။ ဒီတစ်ခါတော့ အရင်ကလို ပြန်၍ မတည်ငြိမ်တော့ဘဲ ကမ္ဘာငယ်လေးက ဆက်တက်တုန်ဟီးလှုပ်ခါနေခဲ့သည်။
“ဘာဖြစ်နေတာလဲ” မုကျစ်ရှီလည်း လုပ်နေတာရပ်ပြီး မြေပြင်ကို အလန့်တကြားကြည့်လိုက်သည်။
“ငါထင်တာတော့ ကမ္ဘာငယ်လေးနဲ့ ပတ်သက်ပြီး တစ်ခုခု ဖြစ်နေတာ ဖြစ်ရမယ်”
မိုမိုပြောပြီးတာနဲ့ ရဲ့ရှောင်ထျန်၏ အသံကို သုံးဦးသား တစ်ပြိုင်တည်းကြားလိုက်ရသည်။
“၁၅မိနစ်။ အစီအရင်တံခါးရှေ့မှ စုကြ”
စုရှောင်ရှန် ချက်ခြင်းမြေပြင်ပေါ်ကိုဆင်းလာပြီး သူ့ဆရာတူညီမလေးကို တင်းတင်းကြပ်ကြပ် လှမ်းဖက်လိုက်သည်။ သူဘေးဘီဝဲရာကို ကြည့်သော်လည်း အစီအရင်တံခါးကို မတွေ့ပေ။
“ဟေး ငါ့ကိုလွှတ်” မုကျစ်ရှီ အပြင်းအထန် ရုန်းကန်သည်။
“သေတော့မှာကို ကကျိုးကကြောင် လုပ်မနေနဲ့စမ်း”
“…”
မုကျစ်ရှီတိတ်ဆိတ်သွားပြီးခဏ တိုးတိုးတိတ်တိတ် မာန်မဲလိုက်သည်။ “အပန်းရောင် ခို။ နင်ပဲ အပန်းရောင်ခို။ နင့်တစ်မိသားစုလုံးပဲ အပန်းရောင်ခို”
“…”
ဒီကောင်မလေး ဒီလိုအချိန်တောင် ဒါကို အငြိုးထားနေတာ စုရှောင်ရှန် စွံ့အသွားရသည်။
ထို့နောက် မိုမို့ဘက်လှည့်ကာ ဆိုလိုက်သည်။ “စန်းလျှိုသစ်တောက ငါတို့ စမှတ်နဲ့အတော်ဝေးတယ်။ ငါထင်တာသာ မမှားရင် အဲ့မှာ အစီအရင်တံခါးရှိလိမ့်မယ်။ ၁၅မိနစ်တည်းနဲ့ နင်အဲ့ကို ရောက်အောင်သွားနိုင်လား”
မိုမို ခေါင်းကိုငိုက်စိုက်ချလိုက်သည်။ မီးခိုးမြူပုံရိပ်သာ အိပ်မောမကျသွားပါက ၁၅မိနစ် သူမ သွားကောင်းသွားနိုင်လိမ့်မည်။ ယခုတော့…
သူမတွေးနေရင်းနဲ့ ကောင်းကင်နှင့် မြေပြင်က ပြောင်းပြန်ဖြစ်ကာ သူတို့ လေထဲတွင် ပြုတ်ကျသွားကြောင်းကို သိလိုက်သည်။ ထိုမှ စုရှောင်ရှန်က သူမကိုလက်တစ်ဖက်ဖြင့် ဖက်လိုက်၏။
မိုမို ကသိကအောက်ဖြစ်သလိုလို ရှက်ကိုးရှက်ကန်းဖြစ်သွားသလိုလိုနှင့် ရုန်းသည်။ “ငါ့ကိုလွှတ်”
စုရှောင်ရှန်သူမ ပြောတာကို လစ်လျူရှူလိုက်သည်။ သူမ၏ အခြေအနေအရတော့ မိုမိုက ယခု ကူကယ်ရာမဲ့နေကြောင်းကို သူသိလေသည်။ သူမက အားနည်းလွန်းလို့ လမ်းတောင်လျှောက်နိုင်လိမ့်မည်မဟုတ်။
လပ်တစ်ဖက်တစ်ချက်စီမှ မိန်းကလေးနှစ်ယောက်ကို သယ်ကာ စုရှောင်ရှန်ကောင်းကင်ယံကို ပျံတက်လိုက်သည်။ အရှင်သခင်နယ်ပယ် လျင်မြန်မှုကို အစွမ်းကုန် အသုံးချပြီး သူ့ခြေထောက်အောက်တွင်လည်း မီးလျှံများပေါ်လာသည်။ ရွှစ်ကတည်း လေကိုထိုးခွင်းသွားတော့၏။
“မြန်လိုက်တာ။ ဘယ်သူထင်မှာလဲ သူ့အကန့်အသတ်က ဒီလောက်မြန်နေမယ်လို့”
စုရှောင်ရှန်၏ ရင်ခွင်ထဲမှာ လုံခြုံတယ်လို့် မိုမို ခံစားလိုက်ရကာ ထိုကောင်လေး၏ မေးရိုးတစ်လျှောက်ကိုကြည့်ပြီး ရင်ခုန်သွားသည်။ အကြမ်းပတမ်းတိုက်ခတ်နေသောလေများအကြားမှ ရှက်သွေးဖြာနေသော နီနီရဲရဲမျက်နှာလေးကို သူ့ရင်ခွင်ထဲအပ်လိုက်၏။
ဒုတ် ဒုတ် ဒုတ်
သူ့ရင်ဘက်ကို ဖိလိုက်ရာ နှလုံးခုန်သံကို ကြားရသည်။ အကြောင်းတိုက်ဆိုင်စွာ သူတို့နှစ်ဦးရဲ့ နှလုံးခုန်သံများက စည်းချက်ညီ နေ၏။
သူမ၏ အနက်ရောင်ဆံနွယ်များ လေထဲတွင် လူးလွန့်သွားပြီး တစ်ချို့က သူမ၏ မျက်နှာကိုလာဖုံးသည်။ မိုမို လက်ကောက်၀တ်မှ အဖြူရောင် လက်ကောက်လေးကို ကိုင်လိုက်သည်။
အခြားတစ်ဘက်မှတော့…။
“စုရှောင်ရှန် နင့်ပုခုံးပေါ်ကနေ ငါ့ကို ပြောင်းပြန်မသယ်သွားလို့မရဘူးလား။ ငါခေါင်းမူးနေပြီ” မုကျစ်ရှီထအော်ပြီး အန်တော့မလိုလို စုရှောင်ရှန်၏ ပုခုံးပေါ်၌ လှုပ်လှုပ်ရွရွဖြစ်လာ၏။
“နင့်ဂါ၀န်စကိုဖယ်ဦး။ ငါ့မျက်နှာကိုကာနေပြီ”
“…”
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
“နင်ငါ့ကို ပြောင်းပြီကြီးမသယ်လို့မရဘူးလား”
“အေး ဟုတ်းသားပဲ”
မိုမို ရယ်ချင်သွားပြီး သူမ၏ နှုတ်ခမ်းထောင့်ကွေးတက်သွားသည်။ ထို့နောက် ကောင်းကင်မှ အနက်ရောင်အပေါက်ကြီးကိုကြည့်လိုက်သည်။
ဘုန်းးး…။
ကောင်းကင်တစ်ဖန်ပေါက်ကွဲသွားပြီး မှန်အပိုင်းအဆလို ချွန်ထက်တဲ့အရာများ ပြုတ်ကျလာကာ ကမ္ဘာကြီးကို ဗလာနတ္ထိ စုတ်ဖြဲပစ်လိုက်လေသည်။ ဒီဖြစ်ရပ်ပြီးနောက်မှာ ဘယ်အရာမှ ဒီနယ်မြေထဲ တည်ရှနိုင်တော့မှာ မဟုတ်သလိုလိုနှင့်။
ထျန်းရွှမ်တံခါးအတွင်း လူအနည်းငယ်သာရှိကြသည်။ ကမ္ဘာငယ်လေးကိုတစ်ခုခုဖြစ်နေတာနဲ့ ရဲ့ရှောင်ထျန်းရဲ့ စကားကြောင့် လူတိုင်း အစီအရင်တံခါးစီ အပြေးသွားကြ၏။
စုရှောင်ရှန်ရောက်သောအခါ တံခါး၀၌ လူအနည်းငယ် စုစည်းနှင့်နေပြီးကို တွေ့လိုက်ရသည်။
ထိုသူများအားလုံးက ထိပ်သီး (၃၃) ဦး၀င် အသုတ်သစ်ဖြစ်ပြီး မြင့်မားသော ကျင့်ကြံခြင်းနယ်ပယ်နှင့် လွတ်မြာက်ခြင်းနည်းစနစ်များ ကိုယ်စီရှိကြသည်။ အစကတည်းက အစီအရင်တံခါးနှင့်ဝေးဝေးလည်းမသွားခဲ့ရာ အချိန်တိုအတွင်းမှာ ပြန်ရောက်လာခဲ့၏။
အတွေ့အကြုံနည်းပါးသောသူက ကျောက်ချင်းထန်လို့ဆိုရမည်။ အစက ဒီလို ချက်ခြင်းတောင်မပြေးလာဘဲ ကြောင်ကြည့်နေသည်။
ဘေးတစ်ဘက်မှ ခရမ်း၀တ် မိန်းမပျိုလေးကိုကြည့်လိုက်တိုင်း ယခုတော့ ဘာကိုမှ ဂရုမစိုက်ပါဘူးဆိုတဲ့ ထိုကောင်လေးရဲ့ မျက်နှာထက်မှာသိမ်မွေ့သော အမူအရာပေါ်လာနေ၏။
ဒါက သူမ သူ့ကိုကယ်တာ တတိယအကြိမ်ဖြစ်၏။
စုရှောင်ရှန် လက်တစ်ဖက်တစ်ချက်စီက မိန်းမပျိုနှစ်ဦးကို ဖက်ပြီးရောက်လာတာ တွေ့သောအခါ သူတို့အားလုံး စိတ်လှုပ်ရှားသွားကြသည်။
“သူတို့လာပြီ။ ငါတို့အားလုံးဒီမှာစုပြီဆိုတော့ တံခါးက ပွင့်သင့်ပြီမလား”
“မဟုတ်ဘူး နှစ်ယောက်ကျန်သေးတယ်”
“ငါတို့ထပ်စောင့်လို့မဖြစ်တော့ဘူး။ မဟုတ်ရင် အားလုံးသေကုန်လိမ့်မယ်”
စုရှောင်ရှန် ဆင်းသက်လိုက်ပြီး မိုမိုတို့ကိုချပေးလိုက်သည်။ ထို့နောက် နောက်လှည့်ကာ မျက်စီတစ်ဆုံးမြင်ကွင်းကိုကြည့်လ်ိုက်၏။
ဗလာနယ်ပယ်က တစ်လက်မချင်းစီ ကွဲပျက်ဆီးလာနေသည်။ မသိလျှင်ဘဲ ကမ္ဘာပျက်တော့မလိုလိုနှင့် အနက်ရောင်စုပ်ခွက်ကြီးကလည်း အရာအားလုံးကို ဝါးမျိုနေပြီး သူတို့ စောနက ဖြတ်သန်းခဲ့သော နေရာကိုပါ ဝါးမျိုသွားတာ တွေ့လိုက်ရသည်။
“ဘာထွက်ပေါက်လဲ”
စုရှောင်ရှန် သူရင်းနှီးသည့် တစ်စုံတစ်ယောက်တည်းသော လျှိုလင်းလင်းကိုကြည့်လိုက်၏။
“ခေါင်းဆောင်ပြောတာတော့ ထျန်းရွှမ်တံခါးအတွင်းက ကမ္ဘာငယ်လေး မပြိုကွဲသွားမချင်းတော့ တံခါးကပွင့်ဦးမှာမဟုတ်ဘူးတဲ့။ ဒီတော့ တံခါးကို တွန်းဖွင့်ရုံပဲရှိတော့တယ်။ ဒါပေမယ့် လက်ရှိအခြေအနေက ဖရိုဖရဲဆန်လွန်းတယ်။ အပြင်ကမ္ဘာနဲ့ဆက်ထားတဲ့ ဗလာနယ်ပယ်လမ်းကြောင်းကို အရင်ဖွင့်မှရမယ်။ ဒါတောင် အဲ့တာက တစ်စက္ကန့်ပဲခံမှာ”
“တစ်စက္ကန့်ဆိုလည်း လုံလောက်ပါပြီ။ ဘာတွေစောင့်နေတာလဲ။ ဖွင့်တော့လေ”
စုရှောင်ရှန် အတန်ငယ် စိုးရွံ့သွားသည်။ သူရေတွက်ကြည့်လိုက်ရာလည်း လူ(၈) ဦးသာ တွေ့ရသည်။
ဟုတ်သား ယွမ်တုက ပျောက်သွားပြီ။
ကျန်တစ်ယောက်က…
ထိုလူများအကြားဟိုကြည့်ဒီကြည့်လုပ်ပြီးမှ လူတိုင်းက သူတစ်ကြိမ်တစ်ခါသာမြင်ဖူးသောသူများဖြစ်ကြောင်းသိရသည်။ သူနှင့်ခင်မင်သော ကျိုးထျန်းရှန်ကတော့ ပျောက်နေ၏။
“ကျိုးထျန်းရှန်မလာသေးဘူးလား” ကျောက်ချင်းထန်ကိုကြည့်ပြီး မေးသည်။
ကျောက်ချင်းထန် မျက်မှောင်ကြုတ်လိုက်ပြီး စကားပြန်မပြောဘဲ ခေါင်းသာ အသာခါရမ်းပြလိုက်သည်။
ဆိုတောာ့ စုရှောင်ရှန်နှင့် ဂိုဏ်းတူအမ လင်းလင်းတို့က တစ်ယောက်နဲ့တစ်ယောက်သိကြတယ်ပေါ့။
ချီးပဲ။
သူလက်သီးကျစ်ကျစ်ပါအောင်ဆုပ်လိုက်တဲ့ကြားမှာ လျှိုလင်းလင်းက စုရှောင်ရှန်နား ချဉ်းကပ်သွားကာ “စုရှောင်ရှန် ငါဒီမှာရှိတဲ့ လူတိုင်းကိုမေးကြည့်ပြီးသွားပြီ ဘယ်သူမှ ရတနာကို စောင့်ရှောက်ထားတဲ့ အကာအကွယ်ကို မထိကြဘူးတဲ့”
“ဘာ ရတနာ အကာအကွယ်တုန်း”
လျှိုလင်းလင်း မျက်စောင်းကလေးထိုးကာ “အနက်ရောင်ဓားအိမ်တုန်းကလိုပြောတာ”
“အဲ့တော့…”
“အဲ့တော့ နင်နောက်ထပ်ရတနာ ဘယ်နှစ်ခု ယူသေးတုန်း”
လျှိုလင်းလင်းများ သူ့စီက လုယူချင်တာ တွေးမိပြီး စုရှောင်ရှန် သတိချပ်လိုက်သည်။
“အဲ့တာ နင်နဲ့ဘာဆိုင်လို့တုန်း”
“မဆိုင်ပါဘူး။ ဒီတိုင်းမေးတာ။ နင်နောက်ထပ် ရတနာနှစ်ခုကိုထိလိုက်သေးလား”
စုရှောင်ရှန် စိတ်ဝိညာဉ်အသက်တံဆိပ်ပြားနှင့် ချိတ်ပိတ်ခြင်းကျောက်တုံးတို့ကိုရခဲ့လေသည်။ ချိတ်ပိတ်ခြင်းကျောက်တုံးက လက်စွပ်တစ်ကွင်းအရွယ်အစားသာရှိတော့တယ် ဆိုစေဦးတော့ ရတနာက ရတနာသာ။
သူခေါင်းကိုညိတ်ပြလိုက်သည်။ ဒီကောင်မလေး သူ့ကို မနိုင်မှတော့ သူ၀န်ခံလည်း သူမ ဘာမှ လုပ်လို့ရမည်မဟုတ်ချေ။
“ငါထင်တဲ့အတိုင်းပဲ”
လျှိုလင်းလင်း ထိုအကောင့်ကို ဖြတ်ရိုက်ပစ်ချင်စိတ်များ ထိန်းထားလိုက်ရသည်။ သူ့မျက်နှာပေါ်မှ အူလည်လည် အမူအရာကိုမြင်သောအခါ ပို၍ ဒေါသထွက်သွားရ၏။
နင်ဒီကမ္ဘာကြီးကိုဖျက်စီးပစ်လိုက်တာ သိရဲ့လား။
ပြောကာမှ အချိန်တိုအတွင်း နောက်ထပ် ရတနာ နှစ်ခုကို သူက ဘယ်လိုရသွားတာလဲ။ သူလျှိုကဘယ်သူလဲ။
အသက်ကို ခပ်ပြင်းပြင်းရှိုက်လိုက်ပြီး လျှိုလင်းလင်းဘာမှ ဆက်မပြောတော့ချေ။ “အချိန်မရှိတော့ဘူး။ ခေါင်းဆောင်ကိုဆက်သွယ်ပြီး ဒီကနေ အရင်ထွက်သွားကြရအောင်”
ထို့နောက် ရဲ့ရှောင်ထျန်း ပေးလိုက်သော ကျောက်စိမ်းစာလိပ်ကို ထုတ်ယူလိုက်သည်။ သူမက ဒီကို ပထမဦးဆုံးရောက်ရှိသူဖြစ်ပြီး ထိုအရာကို ဖွက်ထားခဲ့လေသည်။
“နေဦး” စုရှောင်ရှန် သူမကို တားလိုက်သည်။ “ထွက်ပေါက်ကတစ်ခုတည်းဆိုပေမယ့် ဆက်သွယ်တာကရော တစ်ခါတည်း ဆက်သွယ်လို့ရတာလား”
“ဟုတ်တယ်”
လျှိုလင်းလင်း မျက်လုံးမှေးကာ “နင်က အခြား နှစ်ယောက်ကို စောင့်ချင်လို့လား”
သူမပြောတာကြားသောအခါ အခြားသူများ စိုးရွံ့သွားကြသည်။ ကမ္ဘာကြီးက ပျက်ဆီးတော့မည်ဖြစ်ရာ အခြားသူများအကျိုးကိုထည့်တွက် စဉ်းစားပေးနေဖို့ အချိန်မရှိပါချေ။
“စုရှောင်ရှန် ငါတို့ ဒီမှာ လူတစ်၀က်ကျော်လောက်ရောက်တာနဲ့ ထွက်သွားမယ်လို့ သဘောတူထားတာ။ မင်းတို့ သုံးယောက်ကို စောင့်တာတောင် ကံကောင်း”
“ဟုတ်တယ်။ ခုချိန်မှာ ကိုယ့်ကိုယ်ကိုယ်အတွက် တွေးပေးတာ အကောင်းဆုံးပဲ။ ဟိုနှစ်ယောက်က ဘာဖြစ်သွားသလဲမသိရဘူး။ သူတို့ ဒီ ဗလာနယ်ပယ် ပေါက်ပြဲမှုမှာ သေသွားတာလည်း ဖြစ်နိုင်တယ်”
“…”
“တော်ပါတော့” အဆက်မပြတ် စိုးရိမ်လာနေသည့် လူအုပ်ကြီးကိုမြင်လျှင် စုရှောင်ရှန်ပြောလိုက်သည်။ “ဘယ်သူက ငါသူတို့ကိုကယ်ချင်ပါတယ်လို့ ပြောလို့လဲ”
“မဟုတ်ဘူးလား” လူအုပ်ကြီး မှင်တက်သွားသည်။
မင်းသူတို့ကိုမကယ်ရင် ဘာလို့ ဆက်သွယ်မှာကိုတားရတာလဲ။
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၇]
“နင်ဘာလုပ်ချင်လို့လဲ” လျှိုလင်းလင်းမေးသည်။
“ဆက်သွယ်တဲ့သူက ငါဖြစ်လို့ရမလား” လျှိုလင်းလင်းလက်ထဲမှ ကျောက်စိမ်းစာလိပ်ကိုကြည့်ပြီး စုရှောင်ရှန်လက်နှစ်ဖက်ကိုပွတ်လိုက်သည်။
မသိစိတ်ကြောင့် လျှိုလင်းလင်း ကျောက်စိမ်းစာလိပ်ကို အနောက်ပို့လိုက်မိ၏။ ဒီကောင် ဒီတစ်ခါရော ဘာလုပ်ချင်နေသည်နည်း။
“မရရင်လည်း ထားလိုက်ပါတော့” ဘာမှ မဖြစ်သလိုဖြင့် စုရှောင်ရှန် လက်ဝှေ့ရမ်းပြကာ ပြောလိုက်သည်။ “ဒါပေမယ့် ဆက်သွယ်နေတုန်း မေးခွန်းတစ်ခု ငါ့အစားမေးပေးလို့ရမလား”
“ဘာမေးခွန်းတုန်း”
စုရှောင်ရှန်ကိုကြည့်ရတာ အနည်းငယ် ရှက်ရွံ့နေပုံရသည်။ “ထျန်းရွှမ်တံခါးပေါက်ကွဲတဲ့အချိန်မှာ တခြား ရတနာတွေရော ပေါက်ကွဲသွားမှာလားလို့”
အခြား ရတနာ (၈)ခုကို မြင်ယောင်မိသောအခါ သူ့မျက်၀န်းများထဲ အလင်းတစ်ခု လျှပ်တပြက်လက်သွားသည်။
သူတို့ကို မယူရင် နှမျောစရာပဲမလား။
အပိုင်း (၁၇၂) မိုရှီ မိုရှီ
လျှိုလင်းလင်းသူ့ကို မိုးကြိုးစက်ဖြင့် ရိုက်မိလိုက်တော့သကဲ့သို့ဖြစ်သွားသည်။
ဒီလိုအချိန်မျိုးမှာ ဒီလိုမေးခွန်းမျိုးမေးတာ ဒီကောင် နတ်ဆိုးလား။
“စုရှောင်ရှန်” သူမ၏ ခံစားချက်များကို ပြန်ဖိနှိပ်လိုက်ပြီး ကျောက်စိမ်းစာလိပ်ကို ကိုင်ကာ သူ့နားကပ်လာ၍ “အပြင်ရောက်သွားတဲ့အခါ ငါနဲ့လိုက်ခဲ့”
ဒီကောင်က လူထူးလူဆန်းတစ်ယောက်ဆိုပေမယ့် သူ့ခွန်အားကတော့ စိတ်ဝိညာဉ်နန်းတော်အပြင်ဘက်၌တောင် ဩချရလောက်စရာဖြစ်သည်။ ဒီလိုလူက ဒုတိယအခွင့်အရေးဖြင့်ထိုက်တန်၏။
စုရှောင်ရှန်လည်း သူမရဲ့ ကမ်းလမ်းချက်ကို သဘောကျသည်။ သို့သော် နောက်ခြေတစ်လှမ်းပြန်ဆုတ်လိုက်ပြီး “ငါနင်နဲ့မလိုက်နိုင်ဘူး”
“ဘာကြီး”
အနီးနားရှိလူတိုင်း နားမလည်နိုင်ဖြစ်သွားကြပြီးနောက် စတင်၍ မနာလို၀န်တိုမှုတို့ဖြင့်ပြည့်လာသည်။
လျှိုလင်းလင်းပြောတာ သူတို့မကြားရဘူးဆိုပေမယ့် စုရှောင်ရှန်ပြောတာကိုတော့ ကြားရသည်။ အခြေအနေက ဘာဖြစ်နေတာလဲ။
ကမ္ဘာပျက်တော့မှာမို့ လျှိုလင်းလင်းက စုရှောင်ရှန်ကို ဖွင့်ပြောနေတာလား။ ပြီးတော့ ရက်ရက်စက်စက် အငြင်းခံလိုက်ရတာလား။
မုကျစ်ရှီသူတို့နှစ်ယောက်ကို သင်္ကာမကင်း တစ်ကြော့ပြန်ကြည့်လိုက်သည်။ စုရှောင်ရှန် အခြား အချစ်ရေးကိစ္စတစ်ခုမှမပြီးသေး ယခု နောက်မိန်းမတစ်ယောက်ထပ်တိုးလာပြန်ပြီလား။
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၇]
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
[မုန်းတီးခြင်းခံရပါသည်။။ ပင်ကိုယ်မှတ် +၁]
ငါ့ကို မုန်းတီးတယ်တဲ့။
မုကျစ်ရှီကို ဘာများ ကြောင်နေသလဲ စုရှောင်ရှန် ချက်ခြင်းကြည့်လိုက်သည်။ သူမ သူ့ကို ကျိန်ဆဲတာတစ်ခုတည်း လုပ်တာမလား။ ဒါဆို ဒီမုန်းတီးတာက ဘယ်ကလာတာ။
လျှိုလင်းလင်း၏ ချစ်စရာမျက်နှာလေး ချက်ခြင်း ရဲရဲနီသွားသည်။ သူမတို့၏ ဆက်ဆံရေးကို လူတိုင်း အထင်မှားသွားကြပြီမှန်းသိ၏။
သို့သော် ရှင်းပြနေရင်အချိန်မရှိတော့ရာ ထိုသူများကို လစ်လျူရှူပြီး မေးလိုက်သည်။ “ဘာလို့မလိုက်ချင်တာလဲ”
ထိုအချင်းအရာကိုကြားသောအခါ လူအုပ်ကြီး စိတ်လှုပ်ရှားလာခဲ့သည်။
ကမ္ဘာကြီးပျက်တော့မယ့်အခြေအနေကြောင့်သာမဟုတ်ရင် အကျင့်ပါနေသော ထိုလူတစ်စု ထိုင်ခုံများ၊ စားစရာများထုတ်ကာ ထိုင်ကြည့်ကြပေမည်။
“ငါနင့်ကိုပြောပြီးပြီပဲ။ ဘာလို့ ထပ်လာမေးနေတာလဲ” စုရှောင်ရှန်ပြောသည်။ နောက်မှ ထပ်လောင်း၍လည်း “ဒီကိစ္စတွေထားလိုက်တော့။ ခေါင်းဆောင်ကို ခုချက်ခြင်းဆက်သွယ်ဦး”
မုကျစ်ရှီ၏ မျက်၀န်းများပြူးကျယ်သွားသည်။ စုရှောင်ရှန် ထိုလောက်ပြတ်ပြတ်သားသား ငြင်းလိုက်မည်ဟု မထင်ပါချေ။
သူမ၏ လက်ညိုးမှ လက်စွပ်ကိုပွတ်လိုက်သည်။ ကြည့်ရတာ ဒီပစ္စည်းရတာတောင် သူ့နှလုံးသားထဲမှာ နေရာတစ်ခုရှိလို့ဖြစ်ရမည်။
ဒါပေမယ့်… အပန်းရောင်ခို…။
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
လျှိုလင်းလင်း ဒေါသတကြီး အံကို တင်းတင်းကြိတ်၍ သွားကြားထဲမှ ထွက်လာသော လေသံဖြင့် “နင်တကယ် မစဉ်းစားကြည့်ပေးတော့ဘူးလား”
“မစဉ်းစားဘူး ငါငြင်းတယ်”
စုရှောင်ရှန် ပြတ်သားလွန်းလှပေသည်။
လူတိုင်း သူတို့ရှေ့မှ လျှိုလင်းလင်းကို သနားညှာတာစွာကြည့်လိုက်ကြသည်။ သူမက လှပသော မိန်းမပျိုတစ်ယောက်ပါ ဘာလို့ ဒီလို သူမကို တန်ဖိုးမထားတဲ့လူကိုမှ နှစ်သက်နေရတာလဲ။
ကမ္ဘာကြီးကပျက်တော့မယ်။
လူတယောက်နောက်လှည့်ကြည့်လိုက်ရာ ကမ္ဘာကြီး ပြိုလဲပျက်ဆီးမှုက စတင်၍ တိုးချဲ့လာခဲ့ပြီး သူတို့ထံ ကပ်လာသည်ကိုတွေ့လိုက်ရသည်။ “ဂိုဏ်းတူအမ လင်းလင်း ဒီအချိန်က ခံစားချက်တွေကို ထုတ်ဖော်ပြသနေရမယ့်အချိန်မဟုတ်တော့ဘူး။ အမြန် ခေါင်းဆောင်ကို ဆက်သွယ်ပါ…”
သူမ ဒေါသထွက်ပြီး လူတိုင်းကို အချစ်ကြောင့် စတေးပစ်လိုက်မှာ သိပ်ကြောက်ပါသည်။
လျှိုလင်းလင်းသူ့ကို စိုက်ကြည့်ပြီး ကျောက်စိမ်းစာလိပ်ကို နဖူးနားကပ်လိုက်သည်။
သူမကိုကြည့်ရင်း စုရှောင်ရှန် စဉ်းစားခန်း၀င်သွား၏။
ဘာလို့ အကြီးအကဲတွေ လျှိုလင်းလင်းရဲ့ သရုပ်မှန်ကို မရိပ်မိသေးတာလဲ။ ရိပ်မိမယ်ဆိုရင်တောင် သူမက ထျန်းရွှမ်တံခါးဖွင့်တာနဲ့ ထွက်သွားနိုင်မှာသေချာနေတာ မျက်နှာဖုံးတပ်လယနဲ့ ပြန်လာမှာ မလို့လား။
သူစဉ်းစားနေရင်းနှင့် အသိပေးချက်ဖန်သားပြင်၌ ဆက်တိုက်ပေါ်လာနေသော “မုန်းတီးချင်း” ထံအာရုံရောက်သွားသည်။
ဘာလဲဟ။
ဘယ်သူက ငါ့ကိုသေစေချင်နေတာလဲ။ သူလူတိုင်းကိုကြည့်လိုက်ပြီးနောက်ဆုံးမှာ ကျောက်ချင်းထန်စီ အကြည့်ရောက်သွားသည်။
“မင်းငါ့ကို ဘာကြည့်နေတာလဲ”
ကျောက်ချင်းထန်၏ ခန္ဓာကိုယ်ချက်ခြင်းတောင့်တင်းသွားသည်။ လက်ရှိအခြေအနေမှာ စုရှောင်ရှန်၏ ပြိုင်ဘက်ဖြစ်နိုင်ပါ့မလား သူမသိချေ။ သူလည်း အဆင့်တက်သွားတယ်ဆိုပေမယ့် စုရှောင်ရှန်လည်း စစ်မှန်ခြင်းနယ်ပယ်သို့ရောက်နေလေပြီ။
နေပါဦး သူက ဘယ်လိုမြန်မြန်ရောက်လာတာက။ အစတုန်းက အဆင့်(၉) မှာပဲ မဟုတ်ဘူးလား။ ဒီကောင် မကောင်းဆိုးဝါးလား။
မုန်းတီးခြင်းများ သံသယ အဖြစ်ကိုပြောင်းသွားတာကိုမြင်သောအခါ စုရှောင်ရှန်၏ မျက်နှာထက်၌ ဇာတ်ရည်လည်သွားသော အမူအရာမျိုးပေါ်လာသည်။
လျှိုလင်းလင်းကို စကားစပြောကတည်းက ထိုမုန်းတီးခြင်းများ ပေါ်လာတာဖြစ်သည်။
အံ့သြစရာကြီး။ ထျန်းရွှမ်တံခါးထဲကို ဘာမဟုတ်တဲ့ ခရီးစဉ်လေးက အချစ်နှောင်ကြိုးတစ်ခုကိုဖြစ်စေလိုက်တယ်ပေါ့။
ချက်ခြင်းရှေ့သွားလိုက်ပြီး ကျောက်ချင်းထန်၏ ပုခုံးကို ဖြတ်ကတည်း ရိုက်လိုက်သည်။ “အသက်က အရေးမကြီးဘူး။ အဓိက တခြားသူကို မင်းချစ်ရင် ချစ်တယ်ဆိုတာ ၀န်ခံရဲဖို့ပဲ။ တစ်ဖက်သက်အချစ်ဆိုတာ နာကျင်ရတယ်”
ရှေ့ပိုင်း ဒရာမာ အခန်းမှ လူတိုင်း စိတ်လျော့လိုက်နိုင်ရုံရှိသေး ထိုမှတ်ချက်ကြောင့် တကယ်ပဲ ထိုင်ခုံတွေဆွဲထုတ်ရမလားဖြစ်သွားကြသည်။
ဘာတွေဖြစ်နေတာလဲ။ ကျောက်ချင်းထန်ရော အချစ်နွံနစ်နေတာလား။ ဒီကနေ့ခေတ်ကြီးမှာ ချစ်ရကြိုက်ရ လွယ်လိုက်တာနော်။
ကျောက်ချင်းထန်၏ ချောမောခန့်ညားသော မျက်နှာ အနီရောင် ချက်ခြင်းပြောင်းသွားသည်။ စုရှောင်ရှန်၏ လက်ကို ပုတ်ထုတ်လိုက်ကာ “မင်းဘာတွေလျှောက်ပြောနေတာလဲ။ ငါ ဂိုဏ်းတူအမ လင်းလင်းကို မကြိုက်… ဟ ချီး”
လူတိုင်း မထင်မှတ်ထားသော ထိုစကားကြောင့် လဲကျသွားကြသည်။
မုကျစ်ရှီ ခက်ခက်ခဲခဲ ထရပ်လိုက်ရပြီး မယုံနိုင်စွာ သူတို့ကိုကြည့်လိုက်၏။ သူတို့အတွင်းစည်းကို၀င်တာတောင် ခဏတည်းရှိသေးတာကို ဘာတွေဖြစ်ကုန်ကြတာလဲ။ လျှိုလင်းလင်းအတွက်လည်း ဒီအခြေအနေက ပထမဦးဆုံးဖြစ်မည်။
စုရှောင်ရှန် ခေါင်းညိတ်လိုက်ကာ “ယောက်ျားဆိုတာ ဒီလိုမှပေါ့ကွ”
ဘုန်း…။
ကျောက်ချင်းထန်ဘာဖြစ်နေသလဲနားလည်သွားပြီး ငူငူကြီးကြည့်ရင်း မြေပြင်ပေါ် ဖင်ထိုင် လဲကျသွားသည်။
လျှိုလင်းလင်းလည်း မှင်တက်သွား၏။ သူမနဖူးနားမှ ကျောက်စိမ်းစာလိပ်ကို ပြန်ခွာကာ စုရှောင်ရှန်တို့ထံ လျှောက်သွားလိုက်သည်။
“မဟုတ်ဘူး ဂိုဏ်းတူအမ လင်းလင်း ကျွန်တော်ပြောတာ နားထောင်ဦး” ကျောက်ချင်းထန် အလန့်တကြားထရှင်းပြရန် ပြင်လိုက်၏။
သို့သော်လျှိုလင်းလင်းက သူ့ကိုလစ်လျူရှူပြီး စုရှောင်ရှန်ထံ သွားကာ ကျောက်စိမ်းစာလိပ်ကိုကမ်းပေးလိုက်၏။ “နင့်ကိုပေးလိုက်တဲ့”
ထိုကျောက်စိမ်းစာလိပ်ကိုကြည့်ပြီး သူ့နှလုံးသားထဲမှ ရင်းရင်းနှီးနှီးခံစားချက်ကြီးကိုရလိုက်ပါသည်။
စုရှောင်ရှန် သူ့အင်္ကျီထဲ လက်တစ်ဖက်ထည့်ကာ နောက်လှည့်လိုက်ပြီး ခြေလမ်းအနည်းငယ်လှမ်းပြီးနောက်မှာ ကျောက်စိမ်းစာလိပ်ကို နားနားကပ်လိုက်၏။
“ဟယ်လို အမိန့်ရှိပါ”
စုရှောင်ရှန်၏ ခေါင်းဆောင်ကို သာမန်ကာလျှံဖြင့် ပြောသောလေသံကြောင့် လူအုပ်ကြီး မေ့လဲမတတ်ဖြစ်သွားကြသည်။ အခြားတစ်ဘက်မှ ဘာသံမှမကြားရတာကြောင့် စုရှောင်ရှန် မျက်မှောင်ကြုတ်လိုက်သည်။
စောနက လျှိုလင်းလင်း ကျောက်စိမ်းစာလိပ်နှင့်စကားပြောသောနေရာကိုသွားလိုက်ပြီး “မိုရှီ မိုရှီ”
ဘာသံမှ မကြားရပြန်ဘူး။
ကျင့်ကြံခြင်းကမ္ဘာမှာတောင် လိုင်းက ဒီလောက် စုတ်ရသလား။
ထို့နောက် သူလျှိုလင်းလင်း လှမ်းကိုမေးလိုက်သည်။ “လိုင်းမရဘူးရော”
လျှိုလင်းလင်းသူ့ကို နားမလည်နိုင်စွာကြည့်လိုက်သည်။ လိုင်းဆိုတာဘာကြီးတုန်း။
ထို့နောက်မှ စုရှောင်ရှန် ကျောက်စိမ်းစာလိပ်ကို ကိုင်ထားပုံကို တွေ့လိုက်ရသည်။
“နင့်နဖူးမှာကပ်ပြီး စိတ်ဝိညာဉ်အာရုံထည့်ကြည့်ရမှာလေ”
စုရှောင်ရှန်၏မျက်နှာကို ခုန်ပြီး ထိုးပစ်လိုက်ချင်စိတ်များ တဖွဖွဖြစ်လာသည်။
သူ့အမှားကို ချက်ခြင်းနားလည်သွားပြီး ပုခုံးတွန့်ပြကာ နဖူးနားကပ်လိုက်သည်။
“စုရှောင်ရှန်လား” ရဲ့ရှောင်ထျန်း၏ အသံက အလွန်လေးနက်နေသည်။
“ဟုတ်ပါတယ်”
“မင်း ရတနာတွေကို စည်းနှောင်ထားတဲ့ အကာအကွယ်နေရာ ၁၂ ခုလုံးသိတယ်မလား”
အကြီးအကဲစန်း၏ မြေပုံကို မြင်ယောင်မိပြီး ရဲ့ရှောင်ထျန်းကို ထိုအကြောင်းပြောရမလား တွေဝေသွားသည်။ မဟုတ်မှလွဲရော အဲ့တာ အဖိုးကြီးများ အသက်နှင့်ရင်းပြီး ယူထားတဲ့ဟာများလား။
“မသိဘူး”
“ကောင်းပြီ မြန်မြန် အနီးနားက ရတနာအကာအကွယ်တစ်ခုစီအမြန်သွားပြီး ကျောက်စိမ်းစာလိပ်ကို အမြန်တင်လိုက်။ မြန်မြန်နော် မင်းအချိန်နည်းနည်းပဲရတယ်”
စုရှောင်ရှန် “ဘာကြီး”
ငါ့ကို စမ်းသပ်ချင်နေတာလာ။
“ကျူပ်တကယ်မသိဘူးလို့”
“အရည်မရအဖက်မရတွေတော်လိုက်တော့။ ထျန်းရွှမ်တံခါးက ပေါက်ကွဲတော့မယ်။ မင်းလက်ထဲမှာ အနက်ရောင်ဓားအိမ်ရှိတာ ငါသိတယ်။ မင်း ဒီတာ၀န်ကို ပြီးမြောက်အောင်လုပ်နိုင်ရင် ဒီဓားအိမ် မင်းကို အပိုင်ပေးမယ်”
ရဲ့ရှောင်ထျန်း ဘယ်လိုများသိတာလဲ စုရှောင်ရှန်မှင်တက်သွားရသည်။
သူ့ကိုယ်သူ တည်ငြိမ်အောင် စိတ်လျော့လိုက်ရပြီး ပြန်ဖြေသည်။ “ကျုပ်လက်ထဲမှာမဟုတ်ဘူ အဲ့ဓားအိမ်က။ လျှိုလင်းလင်း ကျုပ်စီက ပြန်ယူသွားပြီ။ ပြောကာမှ သူမ တကယ် သံသယ၀င်စရာကောင်းတယ်”
စုရှောင်ရှန် သတင်းမှားရော သတင်းမှန်ရော ရောပြီး မမျှော်လင့်ထားတာများရမလား တွေးတောပြီး ပြောလိုက်သည်။
တခဏကြာ တိတ်ဆိတ်နေပြီးနောက်မှာ ရဲ့ရှောင်ထျန်းပြောသည်။ “ဒီကိစ္စကို အရင်အပထားလိုက်ဦး။ ငါပေးတဲ့တာ၀န်ကိုပဲ ပြီးအောင်လုပ်”
ငါသူ့ကို လှည့်စားလိုက်နိုင်တာလား။
စုရှောင်ရှန် ကျေနပ်သွားပြီး ရဲ့ရှောင်ထျန်းများ လျှိုလင်းလင်း၏ သရုပ်မှန်ကို သိနေသလိုပြောနေတာကို ရိပ်မိသွားသည်။
သူအတည်ပြုချက်လိုသည်။
“ကျုပ်မှ အမြန်ဆုံးမဟုတ်တာ”
မရှင်းမလင်းပြောလိုက်ပြန်သည်။ အမြန်နှုန်းနှင့်ယှဉ်လာလျှင် လျှိုလင်းလင်းက ပြိုင်ဘက်မရှိ အမြန်ဆုံးဖြစ်သည်။ သူမက မိုးကြိုးလျှပ်စီးကိုခြယ်လှယ်နိုင်တာ ရဲ့ရှောင်ထျန်းသိလောက်ပါသည်။
“ဒါပေမယ့် မင်းက အယုံကြည်ရဆုံးပဲလေ”
ထင်တဲ့အတိုင်းပဲ။
စုရှောင်ရှန် ကျောက်ချင်းထန်နားမှာ ရပ်ပြီး တစ်ခုခုကို တီးတိုးပြောနေသော လျှိုလင်းလင်းကိုကြည့်လိုက်သည်။ ကြည့်ရတာ သူမလည်း စကားပြောလို့ပြီးသွားပုံရသည်။
ရဲ့ရှောင်ထျန်းက သူ့ကိုပဲ ယုံမှတော့လဲ စိတ်ဝိညာဉ်အသက်တံဆိပ်ပြားရော၊ ချိတ်ပိတ်ခြင်းကျောက်တုံးကိုပါ ဖြစ်ဖြစ်သမျှ လျှိုလင်းလင်းခေါင်းပေါ် ပုံချလိုက်ရမလား တွေဝေသွား၏။
တစ်ခါ အပြစ်တင်ထားမှတော့ နောက်အခါများဆက်၍လည်း မထူးတော့ချေ။ ဒီမိန်းမက သူ့ သူငယ်ချင်းရော ဆွေမျိုးပါမဟုတ်တာကြောင့် ဘာကိုမှ စိတ်ပူရန်မလိုပါပေ။
ကျောက်ချင်းထန်ကတော့ သနားစရာကောင်းသည်။ သူ့အချစ်များက ရေစုန်မျောကာ ဦးတည်ရာတစ်ဖက်တည်းဖြင့် ပင်လယ်စီသို့ပဲရောက်ရတော့မည့်ဟန်ပေါ်သည်။
“ဆိုတော့ အောင်မြင်တဲ့အခါ ဆုလဒ်လေးဘာလေးမရှိဘူးလား”
စုရှောင်ရှန်ထပ်မေးသည်။ ဒီဆုအကြောင်းကိစ္စပြောရခြင်းက ထျန်းရွှမ်တံခါးထဲက ထွက်တဲ့အခါ ဘာမှ မရရင်တောင် သူယူခဲ့တဲ့ ရတနာများကို ပြန်မတောင်းရန်ဖြစ်သည်။
သို့သော် သူကြားချင်တာ မကြားရဘဲ ရဲ့ရှောင်ထျန်း၏ ဒေါသကို ဖိနှိပ်ထားသော အသံကိုသာကြားလိုက်ရသည်။
“မြန်မြန်လုပ်”
စုရှောင်ရှန် စွံ့အသွားရ၏။
သူဘာမှ ဆက်မပြောနိုင်ခင်မှာ “တီ” ဆိုသည့်မြည်သံကြီးနှင့် အချိတ်အဆက်ပြတ်သွားတော့သည်။
အပိုင်း (၁၇၃) သတ်ဖြတ်ခြင်းကွင်းပြင်
“စကားတောင်မဆုံးသေးဘူး ဖုန်းချသွားတယ်။ ရိုင်းလိုက်တာ” စုရှောင်ရှန် ရေရွတ်လိုက်သည်။
သူ့မေးခွန်းများအတွက် အဖြေများမရတာကတော့ နှမျောစရာကောင်းသည်။ ကြည့်ရတာ အခြားရတနာများကိုပါ လက်ဝါးကြီးအုပ်ရန် ခက်ခဲတော့မည့်ဟန်ရသည်။
ထို့နောက် သူ့လက်ထဲမှ ကျောက်စိမ်းစာလိပ်ကိုကြည့်ပြီး ရဲ့ရှောင်ထျန်းပေးတဲ့ တာ၀န်ကို ထမ်းဆောင်လိုက်သည်။
“ဒီကျောက်စိမ်းစာလိပ်က ပုံမှန်နဲ့ ဘာမှလည်းမကွာဘူး။ တကယ်ရော ရတနာထားတဲ့နေရာမှာ ငါသွားထားလိုက်ရင် ထျန်းရွှမ်တံခါးပျက်ဆီးတာက ရပ်သွားမှာမလို့လား”
ထိုရိုးရှင်းသော ကျောက်စိမ်းစာလိပ်လေးက မတူညီတဲ့ ကမ္ဘာနှစ်ခုအကြားကို ဘယ်လိုချိတ်ဆက်ပေးနိုင်တာလဲ အံ့ဩဘနန်းဖြစ်သွားရသည်။
စုရှောင်ရှန် အားတက်သွား၏။ ထိုပစ္စည်းက တကယ်ပဲ ထူးခြားတဲ့ ရတနာတစ်ပါးဖြစ်နေနိုင်တာများလား။
မဟုတ်သေးဘူး။ ဒီဟာက အသက်ကယ်ပစ္စည်း။ စုရှောင်ရှန် လောဘမကြီးစမ်းနဲ့။
“ကဲကဲ အမျိုးသမီးများနဲ့ လူကြီးလူကောင်းများ”
ထိုလူအုပ်ကြီးကို ကြည့်ပြီး နောင်တရနေသလိုပြောသည်။ “မင်းတို့အားလုံးကို သတင်းဆိုးပေးစရာရှိတယ်။ အပြင်ထွက်သွားနိုင်ဖို့ ထပ်ပြီး စောင့်ရဦးမယ်”
“မင်းဘာပြောတာလဲကွ”
“အေး မလုပ်ချင်ပေမယ့် ရွေးချယ်ခံ ဖြစ်တဲ့ငါက မင်းတို့ရဲ့ ကယ်တင်ရှင်ကြီးဖြစ်လာပေးရတော့မှာပေါ့”
သူ့အင်္ကျီစများကို ခါရမ်းလိုက်ပြီး ကောင်းကင်ယံကို ကြေကွဲစွာကြည့်လိုက်သည်။ ထို့နောက် အသာအယာသက်ပြင်းချကာ ထပ်လောင်း၍ “ဘယ်တတ်နိုင်မလဲ ကံကြမ္မာကြီးက ငါ့ကို ဒီလိုအရေးကြီးတဲ့ တာ၀န်ကိုပေးလိုက်တော့မှလဲ”
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၇]
[ကဲ့ရဲ့ခံရပါသည်။ ပင်ကိုယ်မှတ် + ၄]
“စုရှောင်ရှန် ကိုယ့်ကိုယ်ကိုယ် အရေးပါသလိုလုပ်မနေနဲ့။ ခေါင်းဆောင်ဘာပြောလဲ ငါတို့ကို မြန်မြန်ပြန်ပြောပြ”
“တကယ် ကမ္ဘာကြီးကို ကယ်တင်တာဆိုရင်တော့ ဂိုဏ်းတူအမ လင်းလင်းလည်း ဒီမှာရှိနေတာ ဘာလို့မင်းဖြစ်ရမှာလဲ”
လျှိုလင်းလင်း ၎င်းကိုကြားသော် အံ့အားသင့်သွားသည်။ သို့မှ သူမရှိရက်သားနဲ့ ရဲ့ရှောင်ထျန်းက စုရှောင်ရှန်နှင့် ဘာလို့ စကားပြောချင်ရသလဲ ခပ်ရေးရေးလေး သိရတော့သည်။
စုရှောင်ရှန် သူတို့ကို စကားမပြောချင်တော့သလို ရှင်းပြရန် ရည်ရွယ်ချက်မရှိပါချေ။
သူတို့က ထိပ်သီး (၃၃) ဦးထဲမှ ဆိုပေမယ့် ထျန်းရွမ်တံခါးဘာကြောင့် ပြိုလဲရသလဲတောင်မသိကြပေ။ သူဆက်ပြောလည်း အကျိုးထူးနေတော့မည်မဟုတ်။
နောက်ဆုံး လျှိုလင်းလင်းအပေါ် သူ့အကြည့်ရောက်သွားသည်။
“ငါပြန်မလာမချင်း ထွက်ပေါက်ကို ကာကွယ်ထား”
သို့ပြောပြီးနောက် ချက်ခြင်းလှည့်ထွက်သွား၏။
“စုရှောင်ရှန် အဲ့လောက်တောင် မင်းသေချင်နေရင်လည်း ကျောက်စိမ်းစာလိပ်ကိုထားခဲ့”
အခြေအနေက ချက်ခြင်းတင်းမာလာခဲ့သည်။ သူတို့အတွက်တော့ စုရှောင်ရှန်က ဘာမဟုတ်တဲ့ မူလနန်းတော်က ကျင့်ကြံသူသာဖြစ်၏။ ထိုအကောင်က ကျောက်စိမ်းစာလိပ်ကိုသာ ယူသွားနေခြင်းမဟုတ်ရပါချေ။ သူတို့၏ အသက်များလည်းဖြစ်၏။
ဘယ်သူက ဒေါသမထွက်ဘဲနှင့် နေနိုင်မလဲ။
သူတို့ထဲက တစ်ယောက် စုရှောင်ရှန်ကို ဖမ်းဖို့လုပ်လိုက်ရာ လျှိုလင်းလင်းက ၀င်တားသည်။
“ဂိုဏ်းတူအမလျှို ဒါဘာသဘောလဲ”
လျှိုလင်းလင်းဘာမှမပြောချေ။ သူမ၏ မျက်လုံးများမှေးသွားပြီး ခန္ဓာကိုယ်၌ လျှပ်စီးများ တဂျစ်ဂျစ် လက်လာတော့၏။
“ပါးစပ်ပိတ်ထား”
အခြေအနေကို သူတို့မသိပေမယ့် သူမကတော့သိသည်။ ထွက်ပေါက်ကလည်း တစ်ခုတည်းရှိရာ စုရှောင်ရှန် ဘယ်လောက် မယုံချင်စရာကောင်းကောင်း သူ့ကို ယုံကြည်ဖို့မှတစ်ပါး ရွေးချယ်စရာမရှိပေ။
ထို့ပြင် ခွန်အားအရာမှာလည်း လက်ရှိလူများအတွင်း စုရှောင်ရှန်က အသန်မာဆုံးဖြစ်၏။ ဆိုရလျှင် ဘာလုပ်လုပ် စုရှောင်ရှန်က စိတ်အချရဆုံးဖြစ်သည်။ သူပြောသလို ကမ္ဘာကြီးကို ကယ်တင်နေတာလည်း ဖြစ်နိုင်၏။
“နင်…”
စုရှောင်ရှန်ကြောင့် ဒေါသထွက်နေသော ထိုလူသုံးဦးကို လျှိုလင်းလင်းက ထပ်စွပေးလိုက်သလိုဖြစ်သွားသည်။ ထိပ်သီး(၃၃)ဦး၀င်များအနေဖြင့် စုရှောင်ရှန်၏ ခွန်အားကိုမသိသော်လည်း လျှိုလင်းလင်း၏ ခွန်အားကိုသိတာကြောင့် အနည်းငယ် သတိချပ်ထားကြသည်။
ဒါပေမယ့် သူမက သူတို့သုံးယောက်လုံးနဲ့ တိုက်ခိုက်ချင်နေတာလား။
ဘယ်လိုဟာသလဲ။
“သူ ကျိုးထျန်းရှန်ကိုကယ်ဖို့လုပ်နေတာ”
“ဟုတ်တယ် ကြည့်လိုက် ကမ္ဘာကြီးက ဒီလောက်ပျက်ဆီးနေပြီ ဘာလို့ သေဖို့ထိုင်စောင့်နေမှာလဲ”
သူတို့ထဲမှ အချို့က အသိရှိသေးသည်။ ဖြစ်နိုင်လျှင် မတိုက်ခိုက်ချင်ကြပါချေ။
သို့သော် လျှိုလင်းလင်းပို၍ စိတ်အနှောက်အယှက်သာဖြစ်လာပြီး ပြန်လည် ချေပလိုက်သည်။ “ပါးစပ်ပိတ်ထား ပိတ်ထား”
အချိန်မရွေးတိုက်ပွဲစဖြစ်နိုင်သကဲ့သို့ အခြေအနေက တင်းမာလာခဲ့သည်။
အဲ့ဒီနောက်မှာ မုကျစ်ရှီနှင့် မိုမိုတို့ လျှိုလင်းလင်း၏ တစ်ဖက်တစ်ချက်စီမှာ ရပ်လိုက်၏။ သူတို့ရဲ့ ရပ်တည်ချက်က ထင်ရှားသည်။
အနည်းငယ်တုန့်ဆိုင်းနေပြီးနောက်မှာ ကျောက်ချင်းထန်လည်း သူတို့နှင့် ရောရပ်လိုက်သည်။
အခြားကျန်သုံးယောက်က ဒေါသထွက်လွန်းလို့ တဟားဟား ကြောက်မက်ဖွယ်ရာ ကောင်းစွာ ထရယ်လိုက်ကြ၏။
“ဒီအတွင်းစည်းကို၀င်လာနဲ့ လူသစ်လေးတွေနဲ့ ငါတို့ကို ယှဉ်ချလို့ရမယ်ထင်နေတာလား”
လျှိုလင်းလင်းသူတို့ကို အထင်အမြင်သေးစွာ ကဲ့ရဲ့လိုက်သည်။ “ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီးထင်နေတဲ့လူတွေ။ ငါတစ်ယောက်တည်းတောက် နင်တို့ကို နိုင်တယ်”
သူတို့သုံးဦး လျှိုလင်းလင်းကို ဦးတည်၍ ခုန်အုပ်လိုက်ကြသည်။ လျှိုလင်းလင်း လက်ကိုမြှောက်လိုက်ရာ ကောင်းကင်မှ မိုးကြိုးသုံးတန်း သူတို့ကို လာရောက်ရိုက်ခတ်ပြီး မဲတူးသွားစေ၏။
ဂျစ်…။
သူတို့မှာ အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်မရှိရာ ချက်ခြင်းလဲကျသွားပြီး တစ်ချက်တစ်ချက်တွန့်ကာ သွေးများအန်ထုတ်တော့သည်။
“ဘာလဲဟ။ သူမ ဘယ်လိုတောင် သန်မာရတာလဲ”
သူတို့ သုံးဦး ကြက်သေသေသွားသည်။ လျှိုလင်းလင်းက ယခင်အခြေအနေမှ လုံး၀ကွဲပြားသော လူတစ်ယောက်လိုလိုနှင့်။
ဘာတွေဖြစ်နေတာလဲ။
ထျန်းရွှမ်တံခါးကို ၀င်ပြီးတာနဲ့ ဘာလို့ ဒီလောက် တိုးတက်လာတာလဲ။ မဟုတ်မှလွဲရော အားနည်းချင်များ ဟန်ဆောင်နေခဲ့တာလား။
ပြဿနာကောင်များကို ဖြေရှင်းပြီးသောအခါ စိတ်နှလုံးမအေးချမ်းနိုင်ဘဲ လျှိုလင်းလင်း လုံး၀အတ်ိ နက်မှောင်နေသော ကောင်းကင်ကို မော့ကြည့်လိုက်သည်။
ဒီကမ္ဘာကြီးပျက်မှာ အဲ့သလောက်မပူပါချေ။ အပြင်ဘက်ကမ္ဘာမှာဖြစ်မယ့် တခြားအရာကို ပူပင်နေမိတော့၏။
ထို့နောက်ခေါင်းခါရမ်းကာ ထိုအတွေးများကို ခေါင်းထဲမှ ထုတ်လိုက်သည်။
ဘုန်းးး…။
နောက်ထပ် မိုးကြိုးတန်းသုံးခု ကောင်းကင်မှ ပေါ်လာပြီး ထရပ်ရန်ကြိုးစားနေသော ထိုသုံးယောက်ကို ထပ်ထိသည်။
သူတို့ငိုချင်သွားကြ၏။
ဒီတိုင်းလေးထချင်ရုံပါ။ တိုက်ခိုက်ချင်စိတ်မရှိရတော့ပါဘူး။
လျှိုလင်းလင်းထပ်ပြီး ရိုက်နှက်မှာကြောက်တဲ့အတွက် မြေပြင်မှာ မလှုပ်မယှက်နေ နေလိုက်ကြသည်။
“အဆင်ပြေမှာပါ”
စုရှောင်ရှန်ထွက်သွားသော တောင်ဘက်အရပ်ကို လျှိုလင်းလင်းကြည့်လိုက်၏။
စုရှောင်ရှန် သတ်ဖြတ်ခြင်းကွင်းပြင်လို့ခေါ်တဲ့နေရာကိုသွားနေသည်။ သူထင်တာ မမှားရင် ထိုနေရာတွင် ကျိုးထျန်းရှန် ရှိလောက်သည်။
“ဒီကောင် ကမ္ဘာပျက်တော့မှာတောင်မသိရလောက်အောင် အလွန်အကျွံ ကျင့်ကြံနေတာလားမသိပါဘူး။” စုရှောင်ရှန် ထိုတောင့်တောင့်ဖြောင့်ဖြောင့် ကိုရိုးသားကိုမြင်ယောင်မိပြီး ရေရွတ်လိုက်သည်။
တကယ်ပြောရရင် သူလည် ကျိုးထျန်းရှန်ကို ကယ်ချင်ပါသည်။ သို့သော် ကံမကောင်းစွာဖြင့် သူ့တွင် သမိုင်းပေးတာ၀န်ကရှိနေတော့ရာ စိတ်ကူးယဉ်ရုံမှတစ်ပါး တခြားမရှိပါချေ။
တကူးတကြီးသွားကယ်ပြီးတော့မှ သူပြန် ရောက်တဲ့အချိန် တံခါးဖွင့်ပြီး လူတိုင်းထွက်သွားကြပြီးရင် ဘယ်လိုလုပ်မလဲ။ သူကျန်ခဲ့တော့မှာပေါ့။ ကျိုးထျန်းရှန်အတွက်နဲ့ ကိုယ်ကိုယ့်ကိုယ်တော့ မစတေးနိုင်ပါဘူး။
ကျိုးထျန်းရှန်နှင့်သူ့အကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်ဆိုပေမယ့် ကမ္ဘာကြီးက ရက်စက်ပေသည်။ နှစ်ယောက်သေတာထက် တစ်ယောက်သေတာက ပို၍ ဖြေသာသည်ဟု တွေးမိလိုက်၏။
ရဲ့ရှောင်ထျန်း၏ တာ၀န်ကို လိုက်နာနေခြင်းဟု တွေးလိုက်သောအခါ အပြစ်ရှိသလိုခံစားရတာ နည်းနည်းဖြေသာသွားတော့သည်။
သူလည်း ကျောက်စိမ်းစာလိပ်ထားဖို့ သွားနေမှတော့ မထူးတော့ပါဘူး တစ်ခါတည်း ကယ်နိုင်ရင် ကယ်ဖို့သွားကြည့်သွားတာအေးပါတယ်။
ဘုန်း ဘုန်း…။
သူ့ရှေ့မှ ပေါက်ကွဲသံများကိုကြားရသောအခါ စုရှောင်ရှန် ရှေ့သို့ တစ်ဟုန်ထိုးလေကိုခွင်းပြီး ပျံသွားလိုက်သည်။ သူ့ခြေထောက်နှစ်ဖက်အောက်၍ မီးတောက်များဖြစ်ပေါ်လာတော့၏။
အခြားသူများ၏ နေ့တစ်၀က်ဘာညာနှင့်ယှဥ်လျှင် စုရှောင်ရှန်အတွက်ကတော့ ယခုဦးတည်ရာကို အမြန်ဆုံးအလျင်နှင့်ဆို ၁၅မိနစ်မတိုင်ခင်ရောက်နိုင်သည်။
သူ့လမ်းမှာ နံရံကြီးတစ်ခု ပေါ်လာသည်။
ထိုမှ နီးကပ်လာလေလေ ကြက်သီးထဖွယ်ရာ သတ်ဖြတ်ခြင်း စွမ်းအင်များကို ခံစားလာရလေလေဖြစ်လာသည်။ ထိုစူးရှနေသော သွေးပုတ်နံ့များက စက်ဆုပ်ရွံရှာဖွယ်ရာကောင်းလှသည်။ စုရှောင်ရှန် ပါးစပ်နှင့်နှာခေါင်းကိုပိတ်ပြီး ပျံသန်းရ၏။ ထိုသတ်ဖြတ်ခြင်းစွမ်းအင်တို့ သူ့စိတ်ထဲမှ ခက်ထန် ဖျက်ဆီးချင်သောစိတ်များကို စွပေးနေသည်။
လူ့ဘီလူကြီး၏ဒေါသနိုးထလာတာကို ခံစားရပြီးတဲ့နောက်မှာ ဒီသတ်ဖြတ်ခြင်းစိတ်ဆန္ဒများက ဘာမှ မဟုတ်ပါတော့ချေ။ သို့ဖြင့် စုရှောင်ရှန် စိတ်မလွတ်သွားရပါ။
“ဒီနေရာက တော်တော် လာဘ်ပိတ်မယ့်ပုံဘဲ”
ယခုမှ ကျိုးထျန်းရှန်ဘာလို့ မထွက်လာလဲ စုရှောင်ရှန် သိသွားသည်။
သူသေသွားလို့ဖြစ်လျှင်ဖြစ်မဟုတ်လျှင် သတ်ဖြတ်ခြင်းစွမ်းအင်များကြောင့် စိတ်လွတ်သွားတာပဲဖြစ်ရမည်။ ဒါကြောင့် ပိတ်မိနေတာဖြစ်နိုင်သည်။
“ငါတကယ် ဘ၀င်ခိုက်လွန်းတယ်။ ကျိုးထျန်းရှန်ကိုလာမရှာကြည့်သင့်ဘူး”
စုရှောင်ရှန် ထိုနေရာတွင် နေ့တစ်၀က်လောက်တောင်နေရဲတဲ့သတ္တိမရှိပါချေ။ ကျိုးထျန်းရှန် အသက်မှရှင်သေးရဲ့လား။
သူဆက်လက်ပျံသန်းလာရာ မကြာခင်မှာ ထိုနံရံကြီးကို ကျော်ပြီး အထဲမှ ဘာရှိတာလဲ မြင်လိုက်ရတော့သည်။
ထိုနေရာက ရောမက ပြိုင်ကွင်းအတွင်း သတ်ဖြတ်ဖျော်ဖြေသူတွေ ဖျော်ဖြေ လုပ်ထားတဲ့ ကွင်းပြင်လို အနက်ရောင်နံရံများဖြင့် ကာထားသည်။ အလည်ကိုဦးတည်၍ သံတံခါးကြီး (၈) ခုပွင့်နေသည်။ ထိုတံခါးများမှ ဓားကိုင်ထားသော ရုပ်သေးရုပ်များ ကွင်းအထဲကို ဆက်တိုက်ထွက်လာနေကြ၏။
ရုပ်သေးရုပ်တစ်ရုပ်စီတိုင်းက ၂မီတာလောက်အရပ်ရှည်ပြီး အတော်ကြမ်းတမ်းပုံပေါက်သည်။
ထိုကွင်း၏ အလယ်မှာ လက်တစ်ဖက်တည်းသာရှိသော လူငယ်လေးကို ရုပ်သေးရုပ်ငါးကောင်ဝိုင်းထားကြသည်။ ထိုလူငယ်လေးက တောင့်တင်းကျစ်လစ်သောခန္ဓာကိုယ်ရှိပြီး တလက်လက်ထနေသော ရွှေရောင်ဆေဘာတစ်လက်ကို ကိုင်ထား၏။
ထန်း ထန်း
သူ့ ဆေဘာခုတ်ပိုင်းဖြတ်တဲ့ပုံစံက အစွန်းရောက်ထူးဆန်းလွန်းလှသည်။ သူ့လက်ကိုတောင် သူပြန်ခုတ်သကဲ့သို့ ဝိုက်သွား၏။ ဆေဘာတစ်ချက်ခုတ်လိုက်တိုင်းမှာလည်း ရုပ်သေးရုပ်ကြီးများ၏ အစိတ်အပိုင်းတစ်ခုခု ပြတ်ထွက်သွားနေသည်။
“ကျိုးထျန်းရှန်ပါလား”
ထိုလက်တစ်ဖက်ပြတ်လူငယ်လေးကို စုရှောင်ရှန် အာရုံစိုက်လိုက်သည်။
သူ့လက်သူများကို သူကိုင်တိုင်ခုတ်ဖြတ်ထားတာလားမသိ။ သူဆေဘာကိုလွှဲရမ်းနေသည့် ပုံစံဖြင့်တော့ ထိုယူဆချက်ကမှန်လောက်သည်။ ဒီကောင် တားမြစ်နည်းစနစ်တစ်ခုခုကို ကျင့်ကြံနေတာလား။
စွမ်းပကားကတော့ ဩချရပေသည်။
တစ်စုံတစ်ယောက်ချဉ်းကပ်လာတာကို ကျိုးထျန်းရှန်မသိပါချေ။ သူ့လက်များက ရုပ်သေးရုပ်များနှင့်သာ တိုက်ပွဲ၀င်နေကြ၏။ ကောင်းကင်မှ တစ်ချက်တည်း စုရှောင်ရှန် နေရာမှ ပျောက်ကွယ်သွားသည်။
ဘန်း ဘန်း ဘန်း
အသံတစ်ချို့နှင့်အတူ ကြောက်မက်ဖွယ်ရာ သံမဏိ ရုပ်သေးရုပ်များ ကောင်းကင်ပေါ် လွင့်ပျံတက်သွားကြချိန် ကျိုးထျန်းရှန်၏ ပုခုံးကို စုရှောင်ရှန်လှမ်းကိုင်လိုက်သည်။
“ဟင်”
ကျိုးထျန်းရှန် သူ့ကို မျက်လုံးနီနီရဲရဲကြီးများဖြင့် လှည့်ကြည့်လ်ိုက်၏။
ရုတ်တရက် ရွှေရောင်အလင်းတန်းတစ်ခုက ကောင်းကင်ပေါ်မှကျလာခဲ့သည်။ ထိုမှ ကြောက်မက်ဖွယ်ရာအတိဖြစ်သော သတ်ဖြတ်ခြင်းစွမ်းအင်က စုရှောင်ရှန် ခြေထောက်အောက်မှ ကျောက်ဖျာကိုတောင် အက်ကွဲသွားစေလေသည်။
ထန်းးး…။
စုရှောင်ရှန် ရွှေကြီးစိုးခြင်းဆေလာကို လက်နှစ်ချောင်းဖြင့် ဖမ်းလိုက်ရာ မျက်လုံးနီ ကျိုးထျန်းရှန် မှင်တက်သွား၏။
သူ့ရှေ့မှလူက အဘယ်ကြောင့် ရုပ်သေးရုပ်များထက် သန်မာနေရသလဲ အံ့အားသင့်သွားသည်။
စုရှောင်ရှန် အသိပေးချက်ဖန်သားပြင်ကို လှမ်းကြည့်လိုက်ရာ ဘာကိုမတွေ့ရပါချေ။ မည်သည့် အကျိုးကျေးဇူးမှ မရနိုင်တာ သိရပြီး စုရှောင်ရှန် ဒေါကန်သွားသည်။
“ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့”
သူ့ခေါင်းနှင့် ကျိုးထျန်းရှန်၏ ခေါင်းကို ဆောင့်တိုက်လိုက်သည်။ စွမ်းအားပြင်းလှိုင်းများက ကျိုးထျန်းရှန်ကို လေထဲမှ ချာလပတ်ရမ်းသွားစေပြီး အနက်ရောင်နံရံမှာ ခြေကားယားလက်ကားယား ကပ်သွားစေ၏။
ကျိုးထျန်းရှန် မျက်ဖြူများလှန်သွားပြီး သတိမေ့သွားတော့သည်။
စုရှောင်ရှန် လက်ဖဝါး ဖုန်ခါပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
သူမျှော်မှန်းထားသလိုပင်။ သူ့တိုက်ခိုက်စွမ်းရည်နှင့်ဆို ယခုမှ စစ်မှန်ခြင်းနယ်ပယ်သို့၀င်လာသော ဘယ်သူ့ကိုမဆိုအေးဆေးအနိုင်ယူနိုင်ပြီဖြစ်သည်။ ထိုသူက မျက်လုံးနီအခြေအနေ၌ ရှိနေသည် ဆိုစေဦးတော့။
အတိတ်ကလည်း သူ့ထက် တိုကိုက်စွမ်းရည်မြင့်သောသူများဖြင့်သာ တိုက်ခိုက်ခဲ့ရပါသည်။ တစ်ခါတစ်ရံ အဆင့်မြင့်လွန်းလို့ အသက်လုပြီး တိုက်ခိုက်ခဲ့ရတာတောင်ရှိသည်။
နောက်ဆုံးတော့ နယ်ပယ်တူ တိုက်ခိုက်ရခြင်းရဲ့ ပျော်ရွှင်မှုကို ခံစားရပေပြီ။
သူတို့ကို စက္ကန့်ပိုင်းအတွင်းတောင် သတ်နိုင်၏။
ဟုတ်တယ်။
စုရှောင်ရှန် ပတ်ပတ်လည်ကိုကြည့်လိုက်ရာ သံမဏိရုပ်သေးရုပ်များ တံခါးရှစ်ခုမှ ထွက်လာနေတာကိုတွေ့လိုက်ရသည်။ အခြေအနေကို နားလည်သဘောပေါက်သွားသည့်အလား ထိုရုပ်သေးရုပ်များ ထင်မှတ်မထားစွာ အလျင်အမြန် နောက်ပြန်ဆုတ်ကုန်ကြ၏။
စုရှောင်ရှန် ထို အချင်းအရာကို တိတ်တဆိတ်ကြည့်နေလိုက်သည်။
အပိုင်း (၁၇၄) မြေအောက်မှအရာ
ဒီကောင်တွေ အသိဉာဏ်ရှိကြတာလားဟ။
စုရှောင်ရှန် ဆုတ်ခွာသွားသော ထိုသံမဏိ ရုပ်သေးရုပ်များကိုကြည့်ရင်း အတွေးနက်သွားသည်။
သူ့အကြားအမြင်နှင့် ထိုသံမဏိတံခါးများနောက်မှ အရာကို မြင်နိုင်လေသည်။ ထိုသံမဏိရုပ်သေးရုပ်များ ပြန်၀င်သွားသောအခါ မြေပြင်၌ ထိုင်လိုက်ကြသည်။
အနောက်ဘက်တွင်လည်း အဖြူရောင်ဖန်သားပြင်လို အရာတစ်ခုရှိပြီး ရုပ်သေးရုပ်များ ၎င်းကို ကျော်နိုင်သည့်ပုံမပေါ်ချေ။
“အင်း။ ငါသာ ရတနာကိုရှာချင်ရင် သူတို့ အကူအညီလိုမယ့်ပုံပဲ။ ကြည့်ရတာ ဒီလိုနဲ့ပဲ ရှာလို့ရတော့မယ်ထင်တယ်” သူ့ဟာသူရေရွတ်ပြီး စိတ်လှုပ်ရှားသွားသည်။
သို့သော် ဘာမှ အကောင်အထည်မဖော်သေးဘဲ ကျိုးထျန်းရှန်စီသွားလိုက်သည်။
အဝေးကမို့မမြင်ရပေမယ့် အနီးရောက်မှ သူ့တစ်ကိုယ်လုံးမှာ ခုတ်ရာပြတ်ရာ များကိုတွေ့လိုက်ရသည်။ ထိုသံမဏိရုပ်သေးရုပ်များ၏ တိုက်ခိုက်ချက်များကြောင့်ဖြစ်ဟန်ရသည်။
သူ့အတွင်းဒဏ်ရာများကလည်း အခြေအနေအတော်ဆိုးပြီး ကျိုးထျန်းရှန်၏ အရွတ်များ၊ သွေးကြောများမှာ ဆိုးဆိုးရွားရွား ပေါက်ပြဲ ပြတ်ထွက်ကုန်ကြ၏။
သူ့ကိုယ်ကိုယ်လည်း တိုက်စားနေသော ခက်ထန်သည့် ဓားဆန္ဒတစ်ခုကိုလည်း ထောက်လှမ်းမိသည်။ ထိုဓားဆန္ဒက သူ့အတွင်းအင်္ဂါများကို တိုက်စားနေလေရဲ့။ ဒီလိုသာဆက်သွားရင် သူရပ်နေတဲ့နေရာမှာပဲ သေသွားလောက်သည်။
ပိုပြီး အရေးကြီးတာက… သူ့အင်္ကျီအထက်၀တ်ကိုချွတ်ပြီး လက်ပြတ်ထွက်သွားသော နေရာကို စုရှောင်ရှန်ကြည့်လိုက်သည်။
ဒဏ်ရာက ဓားဒဏ်ရာကြောင့်လားမသိ အညိုအမဲ အစင်းကြောင်းများ ဆွဲနေသည်။ ဒီကမ္ဘာကြီးမှာ မေးခိုင်ရောဂါရှိမလား စုရှောင်ရှန် မသိချေ။
ဘာပြောပြော ကျိုးထျန်းရှန်အသက်ရှင်နေသေးတာကိုက အံ့အားသင့်စရာကောင်းလှနေပြီ။
“အင်း… ငါ့ကျောက်စိမ်းနက် အဲ မဟုတ်ဘူး ရွှေနီဆေးရည်ကိုသုံးလို့ရမယ်ထင်တယ်”
စုရှောင်ရှန် လက်လုပ် ပျားရည်နှင့်အရောင်တူသော ပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။ ထို့နောက် တစ်ဇွန်းခပ်ထုတ်ကာ ကျိုးထျန်းရှန်ကိုတိုက်လိုက်သည်။ ပြီးနောက် ဒဏ်ရာများပေါ် လိုက်လံ လိမ်းကျံပေးပြီး ကျိုးထျန်း၏ လက်ပြတ်ထွက်သွားသော နေရာကို အဓိက ထူထူထပ်ထပ် လိမ်းပေးလိုက်၏။
သူ့အကြားအမြင်ဖြင့်တောင် ကျိုးထျန်းရှန်၏ ပြတ်ထွက်သွားသော လက်ကို ရှာမတွေ့ပါချေ။ ကြည့်ရတာ တိုက်ပွဲအတွင်း အပိုင်းပိုင်း အစအနမကျန်အောင်ဖြစ်သွားသည့်ပုံရသည်။
“နှမျောစရာပဲ…”
ဒီဆေးရည်ကလည်း လက်အသစ်ဖြစ်ပေါ်လာအောင်လုပ်နိုင်မယ်လို့တော့ စုရှောင်ရှန်မထင်ပါ။ ၎င်းက အဆင့် (၁၀) ဆေးလုံးကို အရည်ပြောင်းထားတဲ့ အဆင့်မြင့် ဆေးတစ်မျိုးသာဖြစ်သည်။
သိပ်မကြာလိုက်ဘဲ ကျိုးထျန်းရှန်၏ကိုယ်ခန္ဓာ လှုပ်ရှားလာသည်။
“အဟမ်း”
သူ့မျက်၀န်းထဲမှ သွေးဆာလောင်မှုများပျောက်ကွယ်သွားပြီဖြစ်သော်လည်း သူ့မျက်လုံးကတော့ နီနေစဲ။ ကျိုးထျန်းရှန် အင်မတန် ပင်ပန်းနှုံချိနေသလိုခံစားလိုက်ရသည်။
“စုရှောင်ရှန်လား” သူ့ရှေ့မှ လူငယ်လေးကိုကြည့်ပြီး တအံ့တအောဆိုသည်။
စုရှောင်ရှန်နောက်မှ ကပ်ပျက်နေသလို ကောင်းကင်ကိုမြင်ရာ သူ့မျက်လုံးများ မျက်အိမ်များမှ ထွက်လာမတတ်ပြူးကျယ်သွား၏။
“ဘုရားရေ ဘာတွေဖြစ်သွားတာလဲ”
ကျိုးထျန်းရှန်၏ တုန်လှုပ်နေသော မျက်နှာကိုကြည့်ပြီး စုရှောင်ရှန်အကြံတစ်ခုရသွားသည်။ သို့ဖြင့် လက်ခုပ်တီး၍ဆို၏။ “အေး… အချိန်ကုန်တာကလည်း မျက်စိတစ်မှိတ်အတွင်းဘဲ။ နှစ်တစ်သောင်းကလျှပ်တပြက်အတွင်းကုန်သွားခဲ့ပြီ”
ကျိုးထျန်းရှန်မှင်တက်သွားသည်။
သူ့မျက်ဆံများပြူးကျယ်လာပြီးနောက် ပြန်ကျုံ့သွားပြန်၏။
“တကယ်ကြီးလား”
စုရှောင်ရှန်သူ့ အသိပေးချက်ဖန်သားပြင်ကိုကြည့်သောအခါ “သံသယ” ဆိုသည့် စကားလုံးကို မတွေ့ရပါချေ။
တကယ်ကြီးယုံတာဟ။
တကယ်ကို ရိုးသားတဲ့ ဓားသမားပါပေ။
ကျိုးထျန်းရှန်သူ့တံတွေးကိုမျိုချပြီး ခက်ခက်ခဲခဲပြောလိုက်သည်။ “ဒါဆို ဒါက ကမ္ဘာပျက်တော့မှာပေါ့”
“အင်း ငါတို့တွေ ဒီနှစ်တွေအတွင်းမှာ ဘယ်မှာရှိနေလဲသိလား…” စုရှောင်ရှန် တုံ့ခနဲရပ်သွားသည်။
ကျိုးထျန်းရှန်မျက်မှောင်ကြုတ်၍ စဉ်းစားခန်း၀င်သွား၏။
“ထျန်းရွှမ်တံခါး”
သူ့မှတ်ဉာဏ်များထဲ နှစ်တစ်သောင်းလောက်မှတ်ဉာဏ်များဖြတ်ပြေးသွားသလို မှတ်မိသွားပြီး အလန့်တကြားထအော်လိုက်သည်။
စုရှောင်ရှန် ၀မ်းနည်းသလိုလို၊ ဆွေးမြည့်သလိုလို သက်ပြင်းရှည်ကြီးဟန်ဆောင်ချ၍ ပြောလိုက်သည်။ “ဟုတ်တယ်။ ထျန်းရွှမ်တံခါး။ ဒီနာမည်ကို မကြားရတာတောင် အတော်ကြာပြီပဲ”
“ဘယ်လိုဖြစ်နိုင်မှာလဲ။ ဘယ်လိုဖြစ်နိုင်မှာ”
ကျိုးထျန်းရှန် ရုတ်တရက် ထိတ်ထိတ်ပျာပျာ ထဖောက်တော့သည်။ “ဒါပေမယ့် ငါ့မှာ ဒီနှစ်တစ်သောင်းအတွင်းက မှတ်ဉာဏ်တွေမရှိဘူးကော”
“ဟူးးး…”
စုရှောင်ရှန် ချက်ခြင်းဘဲ ထိန်းမနိုင်သိမ်းမရ ၀မ်းနည်းမှုနှင့် ပဟေဠိဖြစ်နေသော အမူအရာတို့ကို တစ်ပြိုင်တည်းဖော်ပြလိုက်ပြီး တိုးတိုးတိတ်တိတ်ပြောသည်။
“ငါ့မှာလည်းမရှိဘူး… ဒါပေမယ့် ကြည့်ရသလောက်တော့ ငါတို့နှစ်ယောက်ပဲ ရှင်သန်ကြပုံရတယ်”
ထို့နောက် ကျိုးထျန်းရှန်၏ ပုခုံးကို စိတ်လှုပ်တရှား ကိုင်ရမ်းကာ “ငါတို့က အရွေးချယ်ခံတွေပဲ။ အရွေးချယ်ခံတွေမို့ အသက်ရှင်ကျန်ရစ်ခဲ့တာ ပြီးတော့…”
သူ ကျိုးထျန်းရှန်၏ နဖူးပေါ်က နီနီရဲရဲအရာကြီးကို ကြည့်လိုက်သည်။
“တတိယမျက်လုံး”
ကျိုးထျန်းရှန် ဘာမှန်းမသိပေမယ့် သူ့မျက်ခုံးအလယ်၌ တစ်စုံတစ်ခုရှိနေတာကို ခံစားမိသည်။ ၎င်းကို အာရုံစိုက်လိုက်သောအခါ နာကျင်မှုကို အနည်းငယ် ခံစားလိုက်ရ၏။
ငါ့မှာ တတိယမျက်လုံးရှိနေတာဟ။
“ငါ… ငါက အရွေးချယ်ခံပေါ့”
သူ့နှလုံးသားထဲ၌ ပျော်ရွှင်မှုတို့ ၀င်ရောက်လာသည်။
“ဒါပေမယ့် မင်းကကော ဘာလို့မရှိတာ” စုရှောင်ရှန်၏ မျက်ခုံးအလယ်တွင် အရွေးချယ်ခံမျက်လုံးကို သူမတွေ့ရပါချေ။
“ဟားဟား”
စုရှောင်ရှန် ခြောက်ကပ်ကပ်ရယ်မောလိုက်ပြီး ပြောသည်။ “ဘယ်ရှိမလဲ ငါက ကယ်တင်သူမဟုတ်ဘူး။ ဖျက်ဆီးသူပဲ”
ထိုသို့ပြောပြီး နောက်လှည့် ထွက်သွားလိုက်သည်။
“မင်းငါ့စီမှာ ရှုံးပြီးသွားပြီ။ ဒီကမ္ဘာကြီးကို ငါဖျက်ဆီးပစ်မယ်ကွ”
ကျိုးထျန်းရှန်လို သွေးဆူလွယ်သည့် လူနှင့် ရင်ဆိုင်ရသောအခါ ကမ္ဘာကြီးကို ကယ်တင်ခြင်းလို အရာကသာ လှုံဆော်ပေးနိုင်တာကို စုရှောင်ရှန်သိသည်။
“စုရှောင်ရှန် ရပ်လိုက်စမ်း”
ထင်တဲ့အတိုင်း ကျိုးထျန်းရှန် ဒေါသတကြီး ထအော်သည်။ “လွန်ခဲ့တဲ့ နှစ်တစ်သောင်းလောက်က ရှုံးချင်ရှုံးသွားမယ်။ ဒီနေ့တော့ မရှုံးစေရဘူးကွ”
စုရှောင်ရှန် ရယ်ချင်စိတ်ကိုမနည်းထိန်းပြီး ပြန်တောင်လှည့်မကြည့်ဘဲ ထွက်သွားလိုက်သည်။
ကျိုးထျန်းရှန် ထရပ်လိုက်ချင်သော်လည်း သူက နံရံထဲမှ မြုပ်နေတာကိုသိလိုက်ရပြီး ကောင်းကင်ကိုသာ ကူကယ်ရာမဲ့စွာကြည့်လိုက်ရ၏။
“ငါ့ကိုဆွဲထုတ်ပေးစမ်း။ ငါတို့ ချမယ်။ မင်းယောက်ျားဆိုရင်လုပ်လိုက်”
…
စုရှောင်ရှန် သံတံခါးကြီး တစ်ခုထဲ၀င်လိုက်သည်။
အချိန်က လူကိုမစောင့်လေရာ ထိုကိုရိုးသားနှင့် အချိန်မဖြုန်းပါတော့ချေ။
“ငါ့ကို မှန်မှန်ပြောစမ်း ရတနာဘယ်မှာလဲ”
သူရဲဘောကြောင်နေတဲ့ ရုပ်သေးရုပ်တစ်ရုပ်ကို စုရှောင်ရှန် လက်သီးပြပြီး ခြိမ်းခြောက်လိုက်သည်။
သို့သော် ထိုအရုပ်က သူ့ကြောင့် ဒေါသထွက်သွားဟန်ရသည်။ အရုပ်များ တပ်ဆုတ်နေကြတာချိန် ထိုအရုပ်က သူ့ကို ပြန်တိုက်ခိုက်ရန်ပြင်လိုက်၏။
ထိုအရုပ် ကိုယ်ကို ဆန့်တာကိုမြင်လိုက်သောအခါ စုရှောင်ရှန် လက်သီးထိုးချပစ်လိုက်သည်။ ဘုန်းကတည်းမြည်သံဖြင့် ရုပ်သေးရုပ် ဒူးထောက်ကျသွား၏။
“မင်းတို့အားလုံး အသိဉာဏ်ရှိတာငါသိတယ်။ ငါမေးတာမှန်မှန်ဖြေရင် အသက်ချမ်းသာပေးမယ်” ဆိုလိုက်သည်။
ရုပ်သေးရုပ်များပြန်မဖြေပါချေ။ စုရှောင်ရှန် ချက်ခြင်း စစ်နည်းဗျူဟာမှာ သုံးနေကြ နည်းစနစ်ဖြင့် တုန့်ပြန်လိုက်သည်။ “မင်းမပြောလဲရတယ်နော်။ ဒီမှာ မင်းရဲ့ အဖော် (၈) ယောက်လောက်ရှိသေးတယ်။ ငါအဖြေလိုချင်ရင် အသာလေးပဲ”
သို့မှ ထိုအရုပ်များစကားမပြောနိုင်ဘူးလားဟု တွေးမိသွားသည်။
“စကားမပြောနိုင်ရင် ခေါင်းညိတ်ပြ”
ချလန်း…။
သံမဏိ ရုပ်သေးရုပ်၏ ဧရာမ ခေါင်းကြီး ပြုတ်ကျသွားသည်။
စုရှောင်ရှန် ပြောစရာစကားများပျောက်ရှသွား၏။ သူက ခေါင်းလေးပဲ ညိတ်ခိုင်းတာပါ။ ခေါင်းကို မပစ်ချခိုင်းပါဘူး။
ပြိုင်တူနည်းပါး စုရှောင်ရှန် ထိုသို့အသံများကို ဆက်တိုက်ကြားလိုက်ရသည်။ ၎င်းတို့က အခြား ရုပ်သေးရုပ်များ၏ ခေါင်းများဖြစ်သည်ဟု သူပြောနိုင်သည်။
အခြေအနေက သူထင်ထားတာထက် ပို၍ ထူးဆန်းနေ၏။
စိတ်ဝိညာဉ်အသိရှိကြတာလား။
အစကတည်းဒီကောင်တွေက ဘာလို့ စိတ်ဝိညာဉ်အသိရှိနေတာလဲ။ မဖြစ်သင့်ပေ။ အခုလည်း ခေါင်းတွေ တစ်ညီတစ်ညွတ်ထဲ ပြုတ်ထွက်ပြန်ကုန်ပြီ။ မဟုတ်မှလွဲရော…
“တစ်စုံတစ်ယောက်က သူတို့ကိုထိန်းချုပ်နေတာများလား။ ခုတော့ ဒီကောင်တွေကို အသက်ပြန်မဲ့အောင်လုပ်တာမျိုးပေါ့”
ထိုသို့ကောက်ချက်ချပြီး မြေပြင်ကိုသူကြည့်လိုက်သည်။
တိတိကျကျ ပြောရလျှင် မြေပြင်၏ အတွင်းဘက်အောက်ကိုဖြစ်သည်။
“ဘယ်သူလဲ”
ထိုသတ်ဖြတ်ကွင်းပြင်ကြီး၏ အောက်တွင် ဖျော့တော့တော့ အသက်စွမ်းအင်တစ်ခုကို စုရှောင်ရှန် အကြားအမြင်မှ အာရုံခံလိုက်ရသည်။
ထိုအရာက ဆက်တိုက်ကြီးထွားလာနေ၏။
“ဒါ ရတနာအကာအကွယ်ဆိုတာငါပြောနိုင်တယ်။ အင်း ချိတ်ပိတ်တဲ့ အမျိုးအစားဖြစ်ရမယ်”
ကွဲပြဲနေသော ကောင်းကင်ကိုကြည့်လိုက်ရာ အချိန်အကန့်အသတ်ကိုရောက်တော့မှာဖြစ်တာကြောင့် စုရှောင်ရှန် ဆက်ပြီး တွေးမနေပါတော့ချေ။ သူ့တွင်လည်း တစ်ခြား ရွေးချယ်ချက်မရှိပါလား။
ထိုရတနာရဲ့ အကာအကွယ်က သူ့ကို အန္တရာယ်ကျစေလောက်မည်ဟုတော့မထင်ပါ။ ထိုအသက်စွမ်းအင်ခံစားရသည့် နေရာကို အပြေးလေးသွားလိုက်ပြီး လက်ဆန့်ထုတ်လိုက်သည်။
“လက်ငါးချောင်းပေါ်က မီးတောက်အစေ့”
သူ့နည်းစနစ်က အင်မတန်မြင့်မားသော အပူချိန်ကို ထုတ်လွှတ်သည်။ သူ့လက်ကို အောက်စိုက်ချလိုက်ရာ ထိတောင်မထိရသေးဘဲ ကွင်းကြမ်းပြင်က စတင်၍ အရည်ပျော်လာသည်။
အရာအားလုံးကို လောင်ကျွမ်းနိုင်သော ငရဲမီးတောက်ကောင်းကင်မီးလျှံများက လေပွေသဏ္ဌာန်ရစ်ပတ်ပြီး မြေအောက်တည့်တည့် ကို မီတာရာကျော်သည့်တိုင်အောင် ထွင်းဖောက်သွား၏။
အနက်ရှိုင်းဆုံးနေရာမှ မြေအောက်အသက်စွမ်းအင်က သာမန်လူများကိုတောင် ကျော်တက်နေသည်။
စုရှောင်ရှန်တစ်ခုခုမှားနေတာ သတိထားမိပေမယ့် အနက်ရောင်ဓားအိမ်ထက်ဘယ်အရာမှ မကြမ်းလောက်ဟု ယုံကြည်ကာ လုပ်လက်စ ဆက်လိုက်သည်။
ထိုအထဲမှ လူတစ်ယောက်တော့ ဘယ်လိုထွက်လာနိုင်မှာလဲ။
“ဟက်”
စုရှောင်ရှန် ခြောက်ကပ်ကပ်ရယ်ရင်း ရုတ်တရက် သူ့လက်များ တုံ့ခနဲရပ်သွားသည်။
အနက်ရောင်ကျောက်တုံးတစ်တုံးကို သူတွေ့လိုက်ရ၏။ ငရဲမီးတောက်များ ၀န်းကျင်ရှီ အရာအားလုံးကို တိုက်စားသွားသောအခါ ထိုအရာက ခါးအရွယ်အစားလောက်မြင့်သည့် သလင်းကျောက်ကြီးဆိုတာ သိလိုက်ရသည်။
သိပ်သည်းသောအသက်စွမ်းအင်များကို ထိုအရာကြီးက ထုတ်လွှတ်နေ၏။
မီးခိုးမြူပုံရိပ် သုံးလိုက်သည့် မုကျစ်ရှီကို လှောင်ပိတ်သလိုမျိုး ခြောက်ထောင့်ပုံသဏ္ဌာန် ချိတ်ပိတ်တဲ့ တံခါးလို ဒီထဲမှာရော တစ်ခုခုများချိတ်ပိတ်ထားမလား အတွေး၀င်လာပြီး ထိုအရာကို သတိချပ်ပြီးထိကြည့်လိုက်သည်။
ထို့နောက် လက်သီးတစ်ချက်။
ဘန်း…။
ဘာမှ မတုန့်ပြန်ပါချေ။
နည်းနည်းတော့ အက်ရာထသွားသည်။
စုရှောင်ရှန်မှာ ယခု တောင်တစ်လုံးကို ထိုးပါဆိုလျှင် ဖောက်ခွဲပစ်နိုင်သော ခွန်အားမျိုးရှိနေပြီ။ ဒါတောင် ဒီသလင်းကျောက်က နည်းနည်း အက်ရုံပဲတဲ့လား။
ဘန်း…။
နောက်လက်သီးတစ်ချက်။
အက်ရာများက ပင့်ကူအိမ်လိုဖြစ်လာသည်။
သူ့မျက်လုံးများကို စုရှောင်ရှန်မှေးလိုက်သည်။ ဒီအရာကို တစ်နေ့လုံးချနေရတော့မှာလား။
သူ့လက်သီးကိုပြန်မြှောက်လိုက်၏။
ဘန်း…။
ဘန်း…။
ဘန်း…။
သူ့လက်သီးတစ်ချက်ထိုးချက်တိုင်းမှာ ကျောက်တုံးအတွင်းမှ ပဲ့တင်ပြန်ထွက်လာသည်။ ထိုအရာက သူ့လက်သီးချက်များနှင့် စည်းချက်ညီညီ နောက်မှ လိုက်နေတော့၏။
စုရှောင်ရှန်လက်နှစ်ဖက်ဖြင့် တစ်ပြိုင်တည်းထိုးထည့်လိုက်ရာ အနက်ရောင် သလင်းကျောက်ကြီး ကွဲထွက်သွားသည်။
စုရှောင် မှင်တက်သွားသည်။
သူ့လက်သီးချက်များဖြင့်တော့ အချက်ရာနှင့်ချီ၍ ထိုးလျှင်တောင် ထိုသလင်းကျောက်ကကွဲလိမ့်မည်မဟုတ်ပါချေ။
ယခုတော့ တကယ်ကွဲသွားတယ်လား။
ထိုအထဲက အသက်စွမ်းအင်ထုတ်လွှတ်နေသည့် အရာနှင့် ပတ်သက်ကောင်းပတ်သက်နိုင်သည်။
ထိုမှ သလင်းကျောက်ကွဲသွားသောအခါ ဖုန်များအကြားမှ အတွင်းရှိ အရာကို ခပ်ရေးရေးလေးမြင်လိုက်ရသည်။
ထိုအရာက လူခေါင်းတစ်လုံး…။
အပိုင်း (၁၇၅) မေမေ
ထိုအရာက ကလေးငယ်တစ်ဦး၏ ခေါင်းကဲ့သို့ လုံးလုံးကြီးဖြစ်သည်။ ယောက်ျားလေးလား မိန်းကလေးလားတော့ ပြောရခက်သည်။
ယခု စုရှောင်ရှန်က မြေကြီးအောက်ထဲမှာဖြစ်သဖြင့် လန့်ဖျပ်သွားပြီး နောက်ဆုတ်လိုက်ရာ မြေကြီးနံရံနှင့်တိုက်မိပြီး သူ့ခေါင်းပေါ် မြေမှုန်မြေမွှားများကြလာကြ၏။
“ကလေးတစ်ယောက်များလာ”
ထိုအတွေးက သူ့ခေါင်းထဲကို ၀င်လာခဲ့လေသည်။
ထျန်းစန်းစိတ်၀ိညာဥ်နန်းတော်က တကယ်တော့ မကောင်းတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်နေပြီးတော့ ထျန်းရွှမ်တံခါးက ကလေးတွေကို ဖမ်းထားဖို့ ဆောက်ထားတဲ့နေရာများလား။
အကြီးအကဲစန်းနှင့် ရဲ့ရှောင်ထျန်းတို့ကိုတွေးမိသော်။ ဖြစ်နိုင်တယ်ဟ။
ခရက်…။
အသံကြားလို့လားမသိ ထိုခေါင်းက ခက်ခက်ခဲခဲ မော့ပြီး စုရှောင်ရှန်ကို မျက်လုံးချင်း ဆိုင်ကြည့်လိုက်သည်။
ထိုအရာက ကျိုးထျန်းရှန်လို အနီရင့်ရောင်မျက်၀န်းများရှိသည်။ ထို့အပြင် ကြောက်မက်ဖွယ်ရာ အရှိန်အဝါကိုလည်း ပိုင်ဆိုင်ထား၏။
သိပ်မကြာခင် စုရှောင်ရှန်သူအထင်မှားနေကြောင်းသိလိုက်ရသည်။
မဟုတ်မှလွဲရော ဒါက ရုပ်သေးရုပ်တစ်ရုပ်လား။
အပြင်ဘက်ကလို သံမဏိ တုံးကြီးများမဟုတ်ဘဲ ဒီရုပ်သေး၏ အပြင်ပန်းက ကလေးငယ်တစ်ယောက်နှင့်ဆင်တူသည်။
“မေမေ”
ထိုရုပ်သေးရုပ်က မသိလျှင်လည်ပင်းထဲ၌ ချောစီမထည့်ထားသကဲ့သို့ စက်ရုပ်သံ အက်အက်ကြီးဖြင့်ပြောသည်။
စုရှောင်ရှန်တစ်ကိုယ်လုံးရှိ ကြက်သီးမွှေးညှင်းများထောင်ထသွား၏။
“အမေဟုတ်လား”
အရောင်မှိန်းနေသော မြေအောက် လှိုဏ်ဂူလေးထဲတွင် ရုပ်သေးရုပ်က စိတ်ဝိညာဉ်အသိရှိသလို အမေလို့ဆက်တိုက်ခေါ်နေ၏။
လခွမ်း။ ဒါဘယ်လိုနေရာလဲဟ။ ဒါမှမဟုတ် ရတနာကို စည်းနှောင်ထားတဲ့ အကာအကွယ်ကြောင့်များလား။
“မေမေ”
ရုပ်သေးရုပ်ကလေး၏ အသံထပ်ထွက်လာသည်။ သူ့ကိုကြည့်ရတာ ခက်ခက်ခဲခဲ ပြောနေရပုံပေါ်သည်။ သူ့ကိုလှောင်ထားသော အနက်ရောင်သလင်းကျောက်တုံးမှ ထွက်လာပြီဆိုပေမယ့်အောက်ပိုင်းခန္ဓာကိုယ်ကတော့ မထွက်နိုင်ဘဲ ရှိနေသေးသည်။
“နှစ်ဆင့်ချိတ်ပိတ်ထားတာလာ”
စုရှောင်ရှန် မကောင်းတာတစ်ခုခု ခံစားလိုက်ရ၏။ ထိုရုပ်သေးကလေး မြေပြင်ကနေထွက်လာရင် သူအနိုင်ယူနိုင်မလားမသိပေ။
မြေအောက်ကိုတွင်းဖောက်တုန်းက ယုံကြည်ချက်ရှိတယ်ဆိုပေမယ့် ခုတော့ မသေချာပါတော့ပေ။
ဘုန်းးး…။
ထျန်းရွှမ်တံခါးတုန်ခါမှုက တစ်စထက်တစ်စ ပို၍ ပြင်းထန်လာသည်။ သူ့ခေါင်းပေါ်က မြေဆိုင်မြေခဲများလည်းကျလာတော့ရာ အခြားနေရာတစ်ခုကို သွားဖို့ အချိန်မရှိတော့တာ သိလိုက်ရသည်။
“မေမေ”
ရုပ်သေးကလေးငယ်၏ အသံက စိုးရိမ်ထိတ်ပျာနေဟန်ပေါက်သည်။
“ကလေးရေ မကြောက်ပါနဲ့။ မေမေဒီမှာရှိတယ်။ မေမေ ဆွဲထုတ်ပေးမယ်”
စုရှောင်ရှန် သူ့လက်ဆန့်ထုတ်ပြီးနောက် တုံ့ခနဲရပ်သွားကာ ထပ်လောင်းပြောဆိုလိုက်သည်။ “အပြင်ထွက်လာရင် ငါ့ကို ရိုက်လို့မရဘူးနော်။ မေမေလို့ခေါ်တဲ့ ဒီမျက်နှာကို မှတ်ထား။ အရမ်းမဆိုးရဘူး။ ဟုတ်ပြီလား”
“မေမေ”
စုရှောင်ရှန် အရိုးစိမ့်မတတ် ချမ်းသလိုလိုခံစားလိုက်ရပြီး ဆန့်ထုတ်ထားသောလက်တောင် တွန့်သွားသည်။
“လက်ကိုဆန့်ထုတ်လိုက်။ မဟုတ်ရင် မင်းရဲ့ ခေါင်းကိုပဲ ငါဆွဲရတော့မယ်”
“မေမေ”
ရုပ်သေးကလေးငယ်က တုန့်ပြန်မှုမရှိပေ။
ထိုရုပ်သေးကလေးငယ်ကို သံသယတစ်ချို့ဖြင့် စုရှောင်ရှန်ကြည့်လိုက်သည်။
ထို့နောက် ဒီချိတ်ပိတ်ထားတဲ့ နေရာမှာများ ထားလိုရင်ရပြီလားဆိုပြီး အဆက်အသွယ်ပြုသည့် ကျောက်စိမ်းစာလ်ိပ်ကို ထုတ်ယူလိုက်သည်။
ကျောက်စိမ်းစာလိပ်က တုတ်တုတ်မျှတောင်မလုပ်ချေ။ ကြည့်ရသည်မှာ ရုပ်သေးကလေးငယ်ကို စည်းနှောင်ထားသည့် ဒုတိယ ချိတ်စည်းကိုလည်း ဖယ်ရှားရမည့်ပုံပေါ်သည်။
သို့မှ လျှိုလင်းလင်းပြောထားတာ ရုတ်တရက်သတိရသွားသည်။ တကယ်လို့ ရုပ်သေးကလေးငယ်က စည်းနှောင်ထားတဲ့ ရတနာဆိုရင် ၎င်းလွတ်မြောက်သွားရင် ထျန်းရွှမ်တံခါးတစ်ခုလုံး ဒုက္ခမရောက်သွားပေဘူးလော။
ကျောက်စိမ်းစာလိပ်။
ထိုအရာက အနက်ရောင်ဓားအိမ်ထက်တောင် အားနည်းသေးသည်။ တကယ်ကော ကမ္ဘာငယ်လေးပျက်ဆီးတာကို တားဆီးနိုင်ပါ့မလား။
အဆုံးမှာတော့ ရဲ့ရှောင်ထျန်း၏ တာ၀န်ကိုသာ လိုက်နာရန် စုရှောင်ရှန်နားထောင်လိုက်သည်။ ပြောရမယ်ဆိုရင် ရဲ့ရှောင်ထျန်း၏ တာ၀န်မှလွဲ၍လည်း သူ့တွင် တခြားလွတ်လမ်းမရှိဘူးမဟုတ်ပါလား။
ထို့နောက် ရုပ်သေးကလေးငယ်၏ အနီရောင်မျက်၀န်းနှစ်စုံကိုကြည့်၍ အံတင်းတင်းကြိတ်ကာ ခေါင်းကို ကိုင်လိုက်သည်။ ထိုခေါင်းက ပျော့အိပြီးတော့ နွေးနွေးလေးရှိသည်။ မသိလျှင် လူတစ်ယောက်ရဲ့ ခေါင်းကို ကိုင်ရတာလိုလို။
“မေမေ”
ထိုအသံအက်အက်ကြီးဖြင့် ခေါ်သံက ထူးဆန်းစွာ ထိတ်လန့်ဖွယ်ရာကောင်းသည်။ စုရှောင်ရှန်၏ ဝိညာဉ်ကနေတောင်ကြားရသလိုမျိုး ကြက်သီးများတဖျင်းဖျင်းထလာတော့၏။
နောက်ကျောဘက်မှ ချမ်းစိမ့်စိမ့်ခံစားလိုက်ရပြီး အလိုလို သူ့ခန္ဓာကိုယ်ကို တောင့်တင်းမိလိုက်သည်။
“ငါဆွဲလို့ ခေါင်းတော့ မပြုတ်သွားလောက်ပါဘူးနော်”
တုန့်ဆိုင်းခြင်းအလျင်းမရှိ စုရှောင်ရှန် ထိုခေါင်း၏မေးရိုးအောက်မှ ကိုင်ကာ အားဖြင့် ဆွဲထုတ်လိုက်တော့၏။
ရွှစ်…။
ရုပ်သေးကလေးငယ်၏ အောက်ပိုင်းကို ချုပ်နှောင်ထားသော ချိတ်စည်းက ချက်ခြင်းပေါ်လာခဲ့သည်။
“မေမေ” ရုပ်သေးကလေးငယ်က နာကျင်သလို အော်ခေါ်လိုက်၏။
စုရှောင်ရှန် အလန့်တကြား လက်ကိုပြန်ဆွဲဆုတ်လိုက်သည်။ ထိုအသံက ကြောက်ဖို့ကောင်းလွန်းလှ၏။
ထို့နောက် ရုပ်သေးကလေးငယ်ကို ‘ကျေးဇူးပဲ ပါးစပ်မပိတ်ထားနိုင်ဘဲ ခုလိုအော်ပြီး ငါ့ကိုကြောက်အောင်လုပ်တဲ့အတွက်’ ဟူသော အမူအရာဖြင့်ကြည့်လိုက်သည်။
သူ့ခြေထောက်အောက်တွင် မီးတောက်နှစ်ခု တောက်လောင်လာခဲ့၏။ ထိုမှ အားယူကာ ရုပ်သေးကလေးငယ်၏ ခေါင်းကို ဆောင့်ကာ ဆွဲထုတ်လိုက်သည်။ ဘုန်းကတည်း ချိတ်စည်းအတော်များများ လုံးလုံးပြတ်တောက်သွားတော့၏။
“မေမေ”
စုရှောင်ရှန်၏ နားထဲသို့ နာကျင်နေသော အော်သံကြီး၀င်လာသည်။ နောက်ဆုံးတော့ ချိတ်စည်းလည်းမခံနိုင်တော့ဘဲ ကလေးငယ်၏ အောက်ပိုင်းကိုလွှတ်ပေးလိုက်ရတော့၏။ သို့ဖြင့် မြေကြီးထဲမှ လုံးလုံးထွက်လာ လေသည်။
စုရှောင်ရှန်၏ မျက်ဆံများ ချက်ခြင်း ပြူးကျယ်သွားသည်။
ထိုအရာက သာမန်ကလေးတစ်ယောက်၏ အောက်ပိုင်းသာဖြစ်၏။
မသိလျှင် သာမန်လူသားတစ်ယောက်နဲ့ ဘာမှ မထူးခြားမနား။ ကွာခြားချက်ကိုပြောပါဆို လက်ကောက်၀တ်၊ ခြေခြင်း၀တ်များကို အနက်ရောင်သံကြိုးကြီးများဖြင့် ချုပ်ထားခြင်းဖြစ်သည်။ ခုတော့ အပြင်ထွက်လာသောအခါ ထိုသံကြိုးများပါ ပြတ်ထွက်သွားကြ၏။
သူ့မျက်လုံးကို သူတကယ် စပ်စုချင်နေသည့်နေရာသို့ ရွေ့လိုက်သည်။
ထိုရုပ်သေးကလေးငယ်၏ ပေါင်ခြံက ဘာမှမရှိ တြိဂံအပြားကြီးသာဖြစ်ချေ၏။
“လိင်အင်္ဂါမပါဘူးဟ” စုရှောင်ရှန် အံ့ဩတကြီး ရေရွတ်လိုက်သည်။
သို့မှ အန္တရာယ်ကိုခံစားလိုက်ရပြီး ရုပ်သေးကလေး၏ ခေါင်းကို အလျှင်အမြန်လွှတ်လိုက်၏။
ကလေးငယ်က လက်များကို ဆန့်ထုတ်ကာ စုရှောင်ရှန်၏ လည်ပင်းကို သိုင်းဖက်ရန်ပြုလိုက်သည်။
“ဟေး”
စုရှောင်ရှန် ဆတ်ကတည်း ငုံ့ရှောင်လိုက်၏။
“မေမေ”
ရုပ်သေးကလေးငယ်၏အသံက မကျေနပ်သလို ဆောင့်ကြီးအောင့်ကြီးရှိသည်။ သူ့ရှေ့က ရုပ်သေးကလေးငယ်၏ ပုံရိပ်ဝေဝါးပြီး ပျောက်သွားတာကို စုရှောင်ရှန်တွေ့လိုက်ရပေသည်။
ချက်ခြင်း သူ့၀မ်းဗိုက်မှ ဆူးကတည်းအောင့်သွားတဲ့ နာကျင်မှုကြီးခံစားလိုက်ရကာ အမြင်ကို အမှောင်ထုကြီးစိုးသွားတော့သည်။
သူ့အမြင်ပြန်လည်ရရှိသောအခါတွင်လည်း စုရှောင်ရှန်က လေထဲမှ အောက်သို့ကျနေတာကို တွေ့လိုက်ရ၏။ သို့သော် သူထိုးဖောက်လာသည့် အတိုင်းမဟုတ်ဘဲ မြေကြီးအောက်ထဲကို ဆက်၍ မီတာရာနှင့်ချီ ထိုးဖောက် ကျဆင်းသွားခြင်းဖြစ်သည်။
[ချောင်းမြောင်းတိုက်ခိုက်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
ဖူးးး…။
စုရှောင်ရှန် စူးစူးရှရှနာကျင်မှုကိုခံစားလိုက်ရပြီး သူ့၀မ်းဗိုက်မှ လက်သီးရာကြီးကိုကြည့်လိုက်သည်။ ၎င်းက သွေးသံတရဲရဲရှိလှ၏။
ထိုအရာကြောင့် အံ့အားသင့်သွားသည်။ သူ့မှာ အရှင်သခင်နယ်ပယ် ခန္ဓာကိုယ်ရှိတာပါ။ ရုပ်သေးကလေးငယ်က တကယ် အဖျက်စွမ်းအားကြီးလွန်းလှ၏။
“မေမေ”
သူ့နောက်မှ ထိုရင်းနှီးသောအသံကြားလိုက်ရပြီး အလိုလိုရှောင်မိလိုက်သည်။ သူ့အကြားအမြင်မှ ထိုရုပ်သေးကလေးငယ် နောက်၌ ရောက်လာတာကို တွေ့လိုက်ရလေသည်။
ဒါက…
မြေကြီးထဲကို ထိုဖောက်သွားနေတာတောင် မရပ်သေးဘူး။ ဘယ်လိုလုပ်ဒီကလေးက ဘယ်လောက်မြန်လို့ အနောက်ကို တန်းရောက်လာပြီး ငါ့ကို ထပ်ထိုးရတာတုန်းဟ။
လျှိုလင်းလင်းတောင် ဒီကလေးလောက်မမြန်ဟု ခံစားလိုက်ရသည်။
“မေမေ”
စောနက သူရှောင်လိုက်သောကြောင့်လားမသိ ထိုရုပ်သေးကလေးငယ်၏အသံက စိတ်ဆိုးသလိုရှိသွား၏။
ဘုန်းးး…။
ထပ်ထိုးခံလိုက်ရပြီး သူ့မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ ပျက်ဆီးယို့ယွင်းနေသည့် ကောင်းကင်ကြီးကိုတွေ့လိုက်ရသည်။
[ချောင်းမြောင်းတိုက်ခိုက်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
ကောင်းကင်မှ ပြန်ကျလာသောအခါ ကွင်းပြင်ကြီး၌ မီတာတစ်ရာကျော်လောက်ရှိသော အက်ကြောင်းများထလာ၏။ စုရှောင်ရှန် ထိုအလယ်၌ မလှုပ်မယှက်ရှိနေသည်။
သူ၏ နောက်ကျောက ချိုင့်၀င်နေကာ သွေးများ လတ်လတ်ဆတ်ဆတ် နေရာတိုင်းကို ပြန့်နှံ့သွားသည်။ သူသာ ပင်ကိုယ်စွမ်းရည်များကိုမပိုင်ဆိုင်လျှင် သေသွားလောက်သည်။
ရဲ့ရှောင်ထျန်း။
အဖိုးကြီးပြောတာမှန်တယ်။ ဒီကမ္ဘာကြီးမှာ ကိုယ့်ကိုယ်ကိုယ်ကလွဲပြီး ဘယ်သူ့ကိုမှ မယုံသင့်ဘူး။
ဒီရတနာကို စည်းနှောင်ထားတဲ့နေရာမှာ ကျောက်စိမ်းစာလိပ်ကို ထားရမယ်လို့များ ရဲ့ရှောင်ထျန်းမှားပြောမိလိုက်တာလား။ ချီးလိုပဲ။
“မေမေ”
ထိုချစ်ခင်မြတ်နိုးသောအသံကိုထပ်ကြားရသည်။ စုရှောင်ရှန်ဒီတစ်ခါတော့ မရှောင်ပါတော့ချေ။ နေရာတွင်သာ တိတ်တိတ်လေး လှဲလျောင်နေကာ ရုပ်သေးကလေးငယ်ကို သူ့အား စိတ်၀င်တစားကြည့်စေလိုက်သည်။
[အာရုံစိုက်အကြည့်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
ရုပ်သေးကလေးငယ်က ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ စုရှောင်ရှန်ကို ဆက်မတိုက်ခိုက်ဘဲ ထိုအတိုင်းကြီးနေနေ၏။
“မကောင်းဆိုးဝါး။ မကောင်းဆိုးဝါး”
ထာ၀ရအသက်စွမ်းအင် သူ့ဒဏ်ရာများကို ကုသပြီးဖြစ်သော်လည်း စုရှောင် မလှုပ်ရှားရဲပါချေ။
သူစောနကတွေ့ခဲ့ရသော ရုပ်သေးများကလည်း ဒီကလေးငယ်လို မထူးခြားမနားပါဘဲ။ ဘာလို့ဒီလောက်အဆင့်ကြီးကွာရတာလဲ။
ထိုသံမဏိရုပ်သေးများလို ထိုကလေးငယ်ကလည်း ရုပ်သေးရုပ်ဖြစ်တာကို ရုပ်ပိုင်းဆိုင်ရာ ခွန်အားကတော့ ထူးခြားစွာကြောက်မက်ဖွယ်ရာအတိရှိလှ၏။
ပို၍ အရေးကြီးတာက ဒီကလေးက စိတ်ဝိညာဉ်အသိရှိနေတာပါပဲ။
ဓားအိမ်လို အရာမျိုးတောင် လှုပ်၍ရတယ်ဆိုရုံပင်။ ရုပ်သေးကလေးငယ်ကတော့ ကိုယ်တိုင်လည်းတွေးနိုင်ပေသည်။ စုရှောင်ရှန် ထိုရုပ်သေးကလေးငယ်က ဘာများ တွေးနေမှန်းကို မခန့်မှန်းနိုင်ပါချေ။
“ကောင်ကလေး။ မင်းက ငါ့ကို ချစ်ကြောင်း ပွတ်သပ်ပြီး ဖော်ပြမလို့သိပါတယ်။ ဒါပေမယ့် မင်းရဲ့ ခွန်အားက ကြမ်းလွန်းတယ်ဟ”
စုရှောင်ရှန် လည်ဆန့်ပြီး ထိုရုပ်သေးနှင့် အချိတ်အဆက်မိစေရန် အကောင်းဆုံးကြိုးစားလိုက်သည်။ ရုပ်သေးကလေးငယ်၏ အနီရင့်ရောင်မျက်လုံးများက အတွေးနက်နေဟန်ရသည်။
ထိုအတွေးနက်နေသော အမူအရာကြောင့် သူ့ချဉ်းကပ်မှုကများ အလုပ်ဖြစ်သွားတာလားဆိုပြီး စုရှောင်ရှန် ကျေနပ်သွားသည်။
ထိုရုပ်သေးကလေးငယ်ကို သူ့ခွန်အားက မယှဉ်နိုင်မှတော့ အနုပညာတို့ရဲ့ ဘုရင်ကြီး စကားအရာနဲ့ ချဉ်းကပ်ရတော့မှာပေါ့။
စုရှောင်ရှန် စကားပြောဖို့ ပါးစပ်ဟလိုက်သည်။
ဘန်းးး…။
ရုပ်သေးကလေးငယ် ခေါင်းဖြင့်ဆောင့်ချပစ်လိုက်သည်။
တိုက်ခိုက်နေသော လေညှင်းများက အေးသယောင်ယောင်နှင့် အချိန်အတော်အတန်ကြာသွား၏။ စုရှောင်ရှန်၏ ခြေထောက်များ လေထဲကိုကော့တက်သွားပြီး အရုပ်ကြိုးပြတ် ပြန်ကျသွားသည်။
[ချောင်းမြောင်းတိုက်ခိုက်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
အပိုင်း (၁၇၆) ကလေးလေးရေ လိမ္မာပါ
လခွမ်း
ထိုတိုက်ချက်မှ ကြီးမားသော နာကျင်မှုကြီးကို စုရှောင်ရှန်ခံစားနေရသည်။ သူ့မျက်နှာများ လုံး၀ အဆင်းပျက်သွားမလားမသိ သူ့ရုပ်ရည်လေးအတွက် စိတ်ပူမိသည်။ သူ့နှာရိုးလည်းကျိုးသွားရကာ နာကျင်မှုကြောင့် မျက်ရည်များတောင် ဝဲလာ၏။
စုရှောင်ရှန်တကယ် စိတ်ဆိုးသွားပြီ။
တိုက်ခိုက်တဲ့အခါမှာ မျက်နှာကို မတိုက်ခိုက်ရဘူးဆိုတဲ့ စည်းမျဉ်းစည်းကမ်းရှိတယ်မဟုတ်ပါလား။ သူ့ပြိုင်ဘက်က ရုပ်သေးရုပ်တစ်ရုပ်ဆိုရင်တောင် ထိုစည်းမျဉ်းကို နားလည်ထားသင့်သည်။
ရုပ်သေးရုပ်ကလေးငယ် လက်ထပ်မြှောက်တာကိုမြင်သောအခါ စုရှောင်ရှန် ချက်ခြင်း ပါးစပ်မှ မီးတောက်တစ်စေ့မှုတ်ထုတ်ပစ်လိုက်သည်။ ၎င်းနောက်မှ ခွန်အားက အံ့မခန်းဖြစ်၏။
ထိုသို့ နီးကပ်သောအခြေအနေမှာတောင် ရုပ်သေးကလေးငယ်က ခေါင်းလေးအသာအယာဆောင်းကာ အေးဆေး ရှောင်လိုက်သည်။
“လခွမ်း။ ငါတန်ပြန်တိုက်ခိုက်တာကိုတောင် အေးဆေးရှောင်နိုင်နေပါလား”
စုရှောင်ရှန်ဘာလုပ်ရမှန်းမသိတော့ပေ။
ကြမ်းပြင်ကို ခြေတစ်ချက်ပေါက်ပြီး ခုန်ထလိုက်သည်။ သူ့လက်ငါးချောင်းတွင် မီးတောက်အစေ့များ ပေါ်လာတော့၏။ ထို့နောက် သေချာတောင်မကြည့်ဘဲ အောက်တည့်တည့်ကို ပစ်လွှတ်လိုက်သည်။
အကြောင်းက ထိုရုပ်သေးကလေးငယ်က အလွန်လျှင်မြန်နေလေရာ သူ့အကြားအမြင်ဖြင့်တောင်မှ ထိအောင် တိုက်ခိုက်ရခက်နေသည်။ ထိုရုပ်သေးကလေးငယ်ကို အာရုံခံမိလိုက်တယ်ဆိုရင်တောင် တိုက်ရိုက် တိုက်ခိုက်လို့မရဘဲ သူဘာဆက်လုပ်မယ်ဆိုတာ မှန်းပြီးပဲ တိုက်ခိုက်ရ၏။
သူ့ပစ်ချက်များအားလုံး လွဲချော်သွားပြီး လေကိုသာ ထိသွားသည်။
ထိုရုပ်သေးကလေးငယ်က လက်ပိုက်ပြီး သူ့ကို စောင့်ကြည့်နေတာကို မြင်တဲ့အခါ စုရှောင်ရှန် အလွန်အမင်း အံ့အားသင့်သွားရ၏။ ပို၍ တုန်လှုပ်ဖွယ်ရာက သူမြေပြင်ပေါ်ပြန်ကျလာမည့် နေရာ၏ အနောက်၌ ရပ်နေခြင်းဖြစ်သည်။
“ဒီလိုမှန်းသိရင် သူ့လှုပ်ရှားမှုကို ကြိုတင်မခန့်မှန်းခဲ့ပါဘူး…” စုရှောင်ရှန် ရင်တဒိတ်ဒိတ်ခုန်နေပြီး တံတွေးများကို ခက်ခက်ခဲခဲမျိုချလိုက်ရသည်။
ထိုရုပ်သေးကကြောက်မက်ဖွယ်ရာကောင်းလွန်းလှသည်။ ဘယ်သူများဖန်တီးလိုက်လဲမသိ။ လုံး၀ကို တိုက်ခိုက်ဖို့သက်သက် ထုတ်ထားဟန်ရ၏။
ရုပ်သေးကလေးငယ်လေး၏ ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှု၊ အလျင်နှင့် တုန့်ပြန်နှုန်းတို့က စုရှောင်ရှန်ထက် အပုံကြီးသာသည်။ ဘာအားနည်းချက်မှ မရှိရလောက်အောင် ပြိုင်ဘက်ကင်းနေသည်။
စုရှောင်ရှန် ကိုယ်ကိုယ်ဆန့်ပြီး ရောက်လာမယ့် တိုက်ခိုက်မှုအတွက် ပြင်ဆင်ထားသော်လည်း ရုပ်သေးကလေးငယ်က ထပ်မံတိုက်ခိုက်ဖို့ ရည်ရွယ်ချက်မရှိတာကိုတွေ့လိုက်ရသည်။ ထိုအတိုင်းသာ ငူငူကြီးရပ်နေ၏။
“ဘာလဲ။ ဘာလို့ အခုမှ ရပ်နေတာလဲ”
ထိုအရာဘာတွေးနေမှန်းမသိ စုရှောင်ရှန် နောက်လှည့်ပြီးကြည့်လိုက်သည်။
စုရှောင်ရှန်ကို မကြည့်တော့ဘဲ ကောင်းကင်ကြီးကို ကြည့်နေသည့် ရုပ်သေးကလေးငယ်၏ မျက်၀န်းများထဲ၌ နားမလည်နိုင်မှုတို့ကို အထင်းသားမြင်နေရ၏။
ထိုကမ္ဘာပျက်ကပ်ကြီးက သူ့ရှေ့မှ အားနည်းသောလူသားထက်ပို၍ စိတ်၀င်စားဖွယ်ကောင်းနေတာက ပြောစရာတောင်မလိုချေ။
“မေမေ…”
“ဟင်”
ရုပ်သေးကလေးငယ် စုရှောင်ရှန်ကို ပြန်ကြည့်သည်။
စုရှောင်ရှန်၏ နှုတ်ခမ်းထောင့် စလှုပ်လာ၏။ ရုပ်သေးကလေးငယ်ကို လှောင်ပြောင်တာတော့မဟုတ်ပေမယ့် စိတ်ထဲမှာ ဘယ်လိုများ အတွေးတွေ ဖြစ်ပေါ်နေသလဲဆိုတာ တကယ် သိချင်မိသည်။
ဒါက ဘ၀မှာ ပထမဦးဆုံးအကြိမ်အဖြစ် တွေးတောနိုင်စွမ်းရှိသည့် သက်မဲ့အရာတစ်ခုကို မြင်ဖူးခြင်းဖြစ်လေသည်။ ထိုအရာက ဆန်းကြယ်လွန်းလို့ စုရှောင်ရှန်တောင် စိတ်ကူးမယဉ်ကြည့်နိုင်ချေ။
“မင်းငါပြောတာနားလည်ရင်… ဟေး ဟေ့ကောင် မတိုက်ခိုက်နဲ့တော့ဟ”
စုရှောင်ရှန် ရုပ်သေးကလေးငယ်နှင့် ဆက်သွယ် ပြောဆိုရန်ကြိုးစားနေချိန် လက်လှုပ်လာတာကိုမြင်သောအခါ ချက်ခြင်းတုန့်ပြန်လိုက်သည်။
ရုပ်သေးကလေးငယ်က သူပြောတာနားလည်သည့်အလား လက်ပြန်ချကာ ရင်ဘက်အရှေ့ ပိုက်လိုက်သည်။
“မေမေ”
ထိုအသံမှ အင်မတန်နူးညံ့ကာ မေးခွန်းမေးသလို လေသံမျိုးကို ခံစားရသည်။
ရုပ်သေးကလေးငယ်နှင့် ဘယ်လို ဆက်သွယ်ရမလဲ ရှာတွေ့သွားတာများလားဆိုပြီး စုရှောင်ရှန် စိတ်လှုပ်ရှားသွား၏။ သူ့လက်ကို ပိုက်ထားရင် တိုက်ခိုက်မှာ မဟုတ်တာ သေချာသည်။
“ဟုတ်တယ် ကလေးလေး။ လက်ကို အဲ့အတိုင်းပိုက်ထားပြီး မေမေ့ကို ချိုချိုသာသာလေးပြောနော် ဟုတ်ပြီလား”
စုရှောင်ရှန်စိတ်အားထက်သန်စွာ လက်နှစ်ဖက် ပွတ်သပ်နေတာကို ရုပ်သေးကလေးငယ်ကြည့်လိုက်သည်။ တကယ်လဲ ရတနာလို့မဆိုရပေ။ အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်ကိုတောင် လက်သီးတစ်ချက်တည်းနှင့် ဖျက်ဆီးနိုင်လိုက်၏။ ထိုရုပ်သေးကလေးငယ်ကို သူနှင့် တစ်ပါးတည်ခေါ်ဆောင်သွားနိုင်လျှင် အဖိုးကြီးစန်းကို ပညာပြနိုင်ပေမည်။
သု့ကိုကြည့်နေသော ရုပ်သေးကလေးငယ်က ရုတ်တရက်ထပြီး သူလုပ်သလို လက်များပွတ်သပ်နေတာကို စုရှောင်ရှန်တွေ့လိုက်ရသည်။
ဘာလဲဟ။
“ငါ့လို လိုက်မလုပ်နဲ့” စုရှောင်ရှန် လက်ပိုက်၍ လေသံမာမာဖြင့်ပြောသည်။
စိတ်ထဲမှ ရုတ်တရက် ရုပ်သေးကလေးငယ် လက်ပွတ်သပ်နေတာကနေ ထရိုက်မလား မသေချာသည့်အတွက် သူ့လက်များကိုပိုက်၍သာ စကားပြောသည်က ကောင်းမည်ဟု ခံစားလိုက်ရ၏။
“မင်းငါ့မျက်နှာကို ထိုးလိုက်တဲ့ လက်သီးချက်တွေကို လျော်ပေးမယ်။ မလုပ်ခဲ့ဘူးလို့ မှတ်လိုက်ပေါ့”
ထိုအရာက သူ့ကို စိုက်ကြည့်နေသေးသဖြင့် သူ့အမှားအတွက် သဘောထားကြီးစွာ ခွင့်လွှတ်ပေးမယ်ပြောလိုက်သည်။ မဟုတ်လည်း သူ့မှာဘာရွေးချယ်စရာရှိလို့လဲ။ ထိုရုပ်သေးက အသန်မာကြီးကို သူအနိုင်မယူနိုင်ချေ။ ရေလိုက်ငါးလိုက်ဘ၀လေးကသာ ကောင်းသည်။
“မင်းတွေ့တဲ့အတိုင်း ကောင်းကင်က ပေါက်ပြဲလာပြီ ဒီကမ္ဘာကြီးက ပျက်ဆီးတော့မယ်”
စုရှောင်ရှန်လက်ညိုးထိုးပြသော နောက်ကို ရုပ်သေးကလေးငယ် လိုက်ကြည့်သည်။ ၎င်း၏ မျက်၀န်းများအထဲမှာ လူသားလို အသိဉာဏ်ရှ်ိတာကို တစ်စွန်းတစ်စ မြင်ရ၏။
အလုပ်ဖြစ်တယ်ဟ။
အခြေနေက ကောင်းနေလေရာ စုရှောင်ရှန်ပျော်သွားပြီး ဆက်လိုက်သည်။ “ငါမင်းနဲ့ တည့်တိုးပဲပြောချင်တယ်။ ငါကိုယ်တိုင်ကိုက လွတ်လပ်မှုကိုကြိုက်တဲ့သူတစ်ယောက်။ မင်းလည်းဒီကမ္ဘာသေးသေးလေးမှာ တစ်ချိန်လုံး အမြှပ်နှံခံထားရတာကြိုက်မှာမဟုတ်ဘူး”
“ငါနဲ့လိုက်ခဲ့။ အပြင်ဘက် ကမ္ဘာကြီးက ဒီ့ထက်ပိုကျယ်တယ်။ ပိုပြီးလှပတဲ့အရာတွေ၊ တွေ့ကြုံစုံမက်ရမယ့်အရာတွေနဲ့ မင်းဘဝရဲ့ အချစ်စစ်ကို ရှာတွေ့သွားမှာတောင်ဖြစ်နိုင်တယ်”
စုရှောင်ရှန် အချိုသာဆုံးလို့ သူထင်သည့် အပြုံးမျိုးဖြင့် ရိုးသားသောလေသံသုံးကာ အားပေးတိုက်တွန်းမှုပြုလိုက်သည်။ သို့သော် လက်တော့ မဆန့်ထုတ်ရဲပါသေးချေ။
“မေမေ…” ရုပ်သေးကလေးငယ်က ထိုမျှသာ တုန်ပြန်သည်။
စုရှောင်ရှန်ဘာ လုပ်ရမှန်းမသိဖြစ်သွား၏။
အဲ့တာ ဘယ်လိုအဖြေလဲ။ ငါအခုလှုပ်ရှားလို့ရပြီလား။
ရုပ်သေးကလေးငယ်၏ စကားကို ဘာသာပြန်ပေးမယ့်အရာ ဘယ်လောက်လိုချင်လိုက်လဲ။ သူပြောတာနားမလည်သည့်အတွက် စုရှောင်ရှန်က ဆက်၍ “ကြားဖြတ်ရတာတော့ စိတ်မကောင်းပါဘူး…”
ရန်သူ ရပ်နေသမျှ ငါလည်းရပ်နေရင် ဘာထိခိုက်အနာတရမှ ဖြစ်စရာမလိုတော့ဘူး။
စုရှောင်ရှန်အမှန်တရားကို သိလိုက်သည်။
ဘန်းးး ဘန်းးးး
ကမ္ဘာပျက်နေသည့်နှုန်းကပိုမြန်လာခဲ့သည်။ မိုးကုပ်စက်ဝိုင်းအလွန်မှ တစ်ဖြည်းဖြည်း တိုးချဲလာသော အမှောင်ထုကြီးက အလျင်အမြန် နီးကပ်လာခဲ့၏။
ကြည့်ရတာ ရုပ်သေးကလေးငယ်က တကယ် ရတနာတစ်ပါးဖြစ်ပေမည်။ ယခု သူ့အကာအကွယ်ကိုဖျက်လိုက်လို့ ကမ္ဘာကြီး ပျက်စီးနှုန်းက ပိုမြန်လာတာများလား။
“ချီးပဲ…”
စုရှောင်ရှန် မြေပြင်ကို စိုးရိမ်တကြီးကြည့်လိုက်သည်။ သူပဲ ထပ်အထိုးခံပြီး မြေအောက်တည့်တည့်ကိုဆင်းရမလား ယခုလို ရုပ်သေးကလေးငယ်ကိုပဲ ဆက်နားချရမလား ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။
“ဒီလိုလုပ်လေကလေး။ ငါတို့ လက်တွေကို ဒီအတိုင်းဆက်ထားမယ်နော်။ ငါမင်းအနားလာမယ်။ မင်းလဲ ငါ့အနားလာ။ ဖြည်းဖြည်းချင်းနော်…”
ရုပ်သေးကလေးငယ်စီကို ခြေတစ်လှမ်းချင်းစီ စုရှောင်ရှန် သတိချပ်၍ တက်သွားသည်။ ထို ရုပ်သေးကလေးငယ် တုန်ခါလာတာကိုမြင်သောအခါ တည်ငြိမ်သောလေသံဖြင့် စုရှောင်ရှန်က ချက်ခြင်း “ငါမင်းကို မရိုက်ပါဘူး။ စိတ်မပူနဲ့။ မင်းနဲ့ငါနဲ့ ကမ္ဘာကြီးကို ကယ်တော့မှာ ဟုတ်ပြီလား”
ထို့နောက် ကျောက်စိမ်းစာလိပ်ကိုထုတ်ယူကာ ရုပ်သေးကလေးငယ်ရှေ့၌ ဝေ့ရမ်းပြလိုက်သည်။ “ငါဒီဟာကို မင်းကိုတွေ့တဲ့နေရာမှာ ထားရမယ်။ မဟုတ်ရင် အားလုံးသေကုန်လိမ့်မယ်”
ကျောက်စိမ်းစာလိပ်ကိုမြင်တာနဲ့ ရုပ်သေးကလေးငယ်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ၎င်း၏ အနီရင့်ရောင်မျက်လုံးများဖြင့်တောင် စုရှောင်ရှန် ခံစားချက်တစ်စုံတစ်ရာကို ခံစားနိုင်၏။
“သေပြီဆရာ…”
ရုပ်သေးကလေးငယ်က သူ့ကိုခုန်အုပ်ပြီး ကျောက်စိမ်းစာလိပ် အချိန်မရွေးလုလိုက်နိုင်တာကြောင့် ၎င်းကို တင်းတင်းကြပ်ကြပ်စုပ်ကိုင်ထားလိုက်သည်။
“ငါမင်းကိုဒါမပေးနိုင်ဘူး။ မင်းသာလျှောက်လုပ်နေရင် ဘယ်သူမှ ကယ်နိုင်မှာမဟုတ်တော့ဘူး”
ရုပ်သေးကလေးငယ် ထိတ်ထိတ်ပျာပျာ မြေအောက်သို့ဆင်းသည့် အပေါက်ကြီးကို ကြည့်လိုက်သည်။ လျှပ်တပြက်အတွင်းသာဆိုပေမယ့် သူ့မျက်လုံးထဲက ကြောက်ရွံ့မှုကို စုရှောင်ရှန်တွေ့လိုက်ရ၏။
ရုတ်တရက် အရာအားလုံးကို စုရှောင်ရှန်နားလည်သွားသည်။
အမှောင်ထားမှာ ပိတ်ထားခံရတာက အသိဉာဏ်ရှိသည့် ဘယ်သက်ရှိအတွက်မဆို ကြောက်စရာအကောင်းဆုံးအတွေ့အကြုံဖြစ်၏။ စုရှောင်ရှန် ရုပ်သေးကလေးငယ်က ဘယ်လောက်ကြာအောင် ဖမ်းချုပ်ခြင်းခံထားရသည်မသိပေမယ့် တော်တော်ကြာပြီဆိုတာတော့သိသည်။
ရုပ်သေးကလေးငယ်ကို အမှောင်ကမ္ဘာထဲ ပြန်သွားခိုင်းခြင်းကို သဘောတူမည်မဟုတ်သလို မဖြစ်နိုင်သည့်အရာဖြစ်သည်။
ရုပ်သေးကလေးငယ်၏ ကြောက်ရွံ့မှုကို အခွင့်အရေးယူလို့ရမည့် နည်းလမ်းကို သိလိုက်၏။
သတ္တဝါတစ်ကောင်က ဘယ်လောက်ပဲသန်မာပါစေ ကြောက်ရွံ့သွားတယ်ဆိုရင် အားနည်းချက်များပေါ်ပေပြီ။
သူ့ရှေ့မှ ဒီရုပ်သေးကလေးငယ်က အသိဉာဏ်ရှိတယ်ဆိုပေမယ့် ကြီးရင့်မယ့်ပုံမပေါ်သေးပေ။ သူ့လုပ်ရပ်များကိုကြည့်၍လည်း ကလေးတစ်ယောက်သာသာ ရှိမယ်ဆိုတာ ပြောနိုင်နေသည်။
ရုပ်သေးကလေးငယ်က အရှင်သခင်နယ်ပယ်ထက်ပိုသော ခွန်အားရှိပေမယ့် ၎င်းကို အသုံးချနိုင်တဲ့ အသိဉာဏ်မရှိချေ။ ကလေးငယ်တစ်ယောက်လိုခန္ဓာကိုယ်ကြောင့်လားဘာလားမသိပေမယ့် အသိဉာဏ်ချို့တဲ့မှုကြောင့် လက်ရှိ သူ့အလားအလာက အကန့်အသတ်နှင့်သာရှိ၏။
ရုပ်သေးကလေးငယ်စောနက သူ့ကို ဘာလို့တိုက်ခိုက်ရသလဲ သူမသိသလို ရုပ်သေးကလေးငယ်လဲ သူကိုယ်တ်ိုင်သိလိမ့်မယ်လို့ စုရှောင်ရှန်မထင်ပါချေ။
ချုပ်နှောင်ခံထားရတာကြာ၍ပဲလား ဒေါသပုံချချင်သည်မလားမသိ။ သို့ဆိုရင်တော့ လူတိုင်းလည်း လုပ်မိမည်ဖြစ်ရာ နားလည်ပေးလို့ရသည်။
“လိမ္မာနော်။ ဒီမှာစောင့်နေဟုတ်လား။ လျှောက်မသွားနဲ့။ မြေအောက်က ထောက်ကို မေမေ ဖျက်ဆီးလိုက်မယ် ဟုတ်ပြီလား” စုရှောင်ရှန်ဆိုသည်။
“မေမေ…”
ရုပ်သေးရုပ်၏ ခြောက်ကပ်ကပ်လေသံမှဘာကို ခံစားနေရသလဲမသိရချေ။ မျက်မှောင်ကြုတ်လိုက်ပြီး ရှေ့တက်ကြည့်သည်။ အဆိုးဆုံးအခြေအနေအတွက်လည်း ကြိုတင်ပြင်ဆင်ထားလိုက်၏။
ရုပ်သေးကလေးငယ် မလှုပ်ရှားပါချေ။
ထိုကလေးငယ်က သူ့ကို လက်ပိုက်ပြီးသာ ကြည့်နေသေး၏။
အပိုင်း (၁၇၇) သစ်စေ့
ရုပ်သေးကလေးငယ်ထွက်လာသော အပေါက်က သေးသေးလေးပါ။ ကလေးငယ်တစ်ယောက်ကို ကိုယ်တစ်ပိုင်းလောက်ြမြုပ်နိုင်လောက်ရုံသာရှိသည်။
“ဒီအရာက ကျောက်စိမ်းစာလိပ်နဲ့ အလုပ်ဖြစ်ပါ့မလား”
စုရှောင်ရှန် အနည်းငယ် စိုးရွံ့နေမိသေးပြီး ရဲ့ရှောင်ထျန်းပေးလိုက်သော ကျောက်စိမ်းစာလိပ်ကိုထုတ်ယူလိုက်သည်။
ထင်မှတ်မထားစွာ ပထမက တိတ်ဆိတ်နေသော ကျောက်စိမ်းစာလိပ်က အနည်းငယ် စတင်၍ တုန်ခါလာခဲ့၏။ မကြာခင် ထျန်းရွှမ်တံခါးအတွင်းမှ စိတ်ဝိညာဉ်စွမ်းအင် စုရှောင်ရှန်ထံ ထူထပ်စွာ ရောက်လာ ရစ်ပတ်ကြသည်။
ပြီးနောက် သူ့တစ်ကိုယ်လုံးအတွင်းကို နေရာလွတ်မကျန်အောင် ဖောက်၀င်သည်။ စုရှောင်ရှန်ပြောစရာစကားများပျောက်ရှသွား၏။
သူ့ခန္ဓာကိုယ်က ပြီးခဲ့တဲ့နှစ်ရက်က လှုံ့ဆော်လေ့ကျင့်မှုများမှ အဆက်မပြတ်ကောင်းလိုက် ပျက်လိုက်နှင့် ကုသ ပျောက်ကင်းနေခဲ့ပေသည်။ သို့ဖြင့် ဘယ်အခြေအနေမှာမဆို စိတ်ဝိညာဉ်စွမ်းအင်များကို အမြင့်ဆုံးနှုန်းထားနဲ့ စုပ်ယူတော့၏။
ကျောက်စိမ်းစာလိပ်က ပေါက်ကွဲတော့မလို တုန်ခါလာသည်။ သူ့ကိုယ်ရှိ ချွေးပေါက်များအားလုံးကို ပိတ်လိုက်ပြီးမှ စုပ်ယူနေသော စိတ်ဝိညာဉ်စွမ်းအင်ပမာဏကို ထိန်းချုပ်လိုက်နိုင်၏။
ထို့နောက် ထိုစိတ်၀ိညာဥ်စွမ်းအင်များက ကျောက်စိမ်းစာလိပ်ကို သွားရောက်ရစ်ပတ်ကြသည်။ တကယ် ထူးခြားသော မြင်ကွင်းပါပေ။
မဟုတ်မှလွဲရော ကျောက်စိမ်းစာလိပ်ကလည်း စိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူပြီး အသွင်ပြောင်းနိုင်တာများလား။ စုရှောင်ရှန် ထိုသို့ ယုံကြည်ပြီး ကျောက်စိမ်းစာလိပ်ကို အသာအယာ မှုတ်လိုက်သည်။
ခရက်
ချက်ခြင်း အရင်တစ်ခေါက်ထက် အစ (၁၀၀) လောက်ပိုထူထပ်သော စိတ်ဝိညာဉ်စွမ်းအင်များက ကျောက်စိမ်းစာလိပ်ထဲကို အလုံးအရင်း၀င်ရောက်ကြကုန်၏။ အတန်ငယ်ကြာသော အရာအားလူံးပြန်တိတ်ဆိတ်သွားပြီး ကျောက်စိမ်းစာလိပ်လည်း တုန်ခါနေတာ ရပ်တန့်သွားသည်။ ထိုမှ ၎င်းက သတိမပေးဘာမပေး ထပျံသည်။
စုရှောင်ရှန် မှင်တက်သွား၏။
ငါအမှားလုပ်မိလိုက်တာလား။
ကျောက်စိမ်းစာလိပ်က ပြီးနောက် ပေါက်ကွဲသွားတော့ သူပို၍ ထိတ်ထိတ်ပျာပျာ ဖြစ်ရသည်။ အချိန်တစ်ခုကြာမှ ကျောက်စိမ်းစာလိပ်က ဘာမှ မကျန်သည်အထိ ပေါက်ကွဲသွားတာမဟုတ်ဘဲ အစေ့နဲ့တူနဲ့ အရာတစ်ခုကို ချန်ထားပေးခဲ့တာ တွေ့လိုက်ရ၏။
ကောင်းကင်ပေါ်မှ အစေ့က ထိုရုပ်သေးကလေးငယ်ကို ချုပ်နှောင်ထားတဲ့ တွင်းပေါက်ထဲ အမြစ်တွယ်လိုသည့်အလား တည့်တည့်ကျသွားသည်။ စုရှောင်ရှန် လက်ဆန့်ထုတ်ပြီး ၎င်းကို ကြားဖြတ် ယူလိုက်သည်။
“အစေ့တစ်စေ့တဲ့”
မှန်ကွဲသလို ကောင်းကင်က ဖြည်းဖြည်းချင်း အက်ကွဲလာတာကိုမြင်သောအခါ စုရှောင်ရှန်မနေနိုင်ဘဲ တွေးလိုက်မိသည်။
ဒီအစေ့က ဒဏ္ဌာရီလာ ရတနာတစ်ပါးများဖြစ်နေမလား။ ဒီပျက်ဆီးနေတဲ့ ကမ္ဘာကြီးကိုပြန်လည် ပြုပြင်ပေးမှာလား။
တကယ့်ကို ဒဏ္ဌာရီလာ ရတနာတစ်ပါးပါပေ။
စုရှောင်ရှန် ရုတ်တရက် ထိုအစေ့ကို လိုချင်လာပြီး တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်သည်။ အစေ့တစ်စေ့က အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်၏ လက်ထဲကနေတော့ မလွတ်နိုင်ပါချေ။
“အခြား ရတနာတွေကို မယူနိုင်တော့ပေမယ့် ဒီအစေ့လေးဆိုရင်လည်း … မဆိုးပါဘူး။ တကယ် ယူလိုက်ရမလား”
စုရှောင်ရှန် တကယ်လိုချင်သွားသည်။ သူ့စိတ်ထဲ စိတ်ကောင်းနှင့် စိတ်ယုတ်တို့လွန်ဆွဲလာကြ၏။
စိတ်ကောင်း : လောဘကြီးတာမကောင်းဘူးနော်။ အသက်ကိုတောင် သေစေနိုင်တယ်။ သေးသေးလေးပါဆိုပြိးလည်း ဘယ်ရာဇ၀တ်မှုကိုမှ မကျူးလွန်မိစေနဲ့။
စိတ်ယုတ် : ဒီကမ္ဘာကြီးမှာ မင့်ကိုယ်မင်းကလွဲပြီး ဘယ်သူ့ကိုမှ အားကိုးလို့မရဘူး။
စိတ်ကောင်း : မင်းနဲ့ မဆိုင်ရင် မပိုင်ချင်ပါနဲ့။ နည်းနည်းလေးတောင်မကောင်းပါဘူး။
စိတ်ယုတ် : ချီးလား။ ချမလား။
စိတ်ကောင်း : ငါဘာမှ မပြောခဲ့ဘူးလို့ မှတ်လိုက်ပါ။
စုရှောင်ရှန်အတွက် ဆုံးဖြတ်ချက်ချဖို့ စက္ကန့်ပိုင်းလောက်သာကြာလိုက်သည်။ ထိုအစေ့ကို သူသိမ်းလိုက်တော့မယ့်အချိန် အနောက်မှ စိုးရွံ့နေသော အသံ တစ်သံထွက်လာ၏။
“မေမေ”
စုရှောင်ရှန် လန့်ဖျပ်သွားပြီးမှ ရုပ်သေးကလေးငယ်ဆိုတာ သိသွားပြီး စိတ်အေးသွားရသည်။ သူ့ခေါင်းကို ရှက်းကိုးရှက်ကန်းကုတ်ရင်း ဆိုသည်။ “ဘာလို့ စိတ်မရှည်ဖြစ်နေတာလဲ။ ငါလည်း စိုက်တော့မလို့ပါ”
ရုပ်သေးကလေးကလဲ အစေ့၏ အရေးပါပုံကို နားလည်ပုံရသည်။ မဟုတ်လည်း သူ့ကို တစ်ဘ၀လုံးပိတ်လှောင်ခဲ့သည့် အနက်ရောင်အပေါက်ကြီးကိုသာ ပိတ်ချင်ရုံရ၏။
ရုပ်သေးကလေးငယ်၏ ခေါ်သံကြောင့် စုရှောင်ရှန်၏ စိတ်နေစိတ်ထားပြန်၍ ကြည်လင်သွားခဲ့သည်။ သူ့စိတ်ထဲတွင် ဘာတွေဝေနေမှုမှမရှိတော့ချေ။
မတရားသည့်နည်းဖြင့်ရသည်များကို သိမ်းမထားသင့်ပါလား။
စုရှောင်ရှန်သက်ပြင်းရှည်ကြီးချလိုက်ပြီး အစေ့ကို တုန့်ဆိုင်းခြင်းမရှိ အပေါက်ထဲပစ်ထည့်လိုက်သည်။
အစေ့က မြေပြင်ကိုထိသောအခါ ပေါက်ကွဲမှုအကြီးအကျယ် တန်းဖြစ်သွားတော့၏။ မြွေကြီးတစ်ကောင်လို ဧရာမ အမြစ်များ မြေကြီးထဲမှ ထိုးဖောက်ထွက်လာပြီး တခုနှင့် တစ်ခု ရစ်ပတ်ကြသည်။
သူ့အောက်မှတုန်ခါမှုကိုခံစားလိုက်ရသောမခါ စုရှောင်ရှန် ချက်ခြင်း ထိုတွင်းထဲမှ အပြင်သို့ ပြန်ထွက်လိုက်သည်။
ထိုမျှနှင့်မပြီးသေး ၎င်းက ဆက်လက်၍ ပျက်ဆီးနေသည့် ကောင်းကင်ကြီးကိုထောက်ပံ့ပေးချင်သလို တိမ်တိုက်တိမ်ဆိုင်များကို ထိုးဖောက်သွားတော့၏။
စိတ်ဝိညာဉ်စွမ်းအင်များ ဘက်ပေါင်းဆုံမှ စီးဆင်းလာကြသည်။ သူ့ချွေးပေါက်များအားလုံးကို ဖွင့်ထားတာတောင် ထိုစိတ်ဝိညာဉ်စွမ်းအင်များအားလုံးကို စုရှောင်ရှန်မစုပ်ယူနိုင်ပါချေ။ ဒီလို သိပ်သည်းဆနဲ့ ပမာဏကို သူတစ်ခါမှ မမြင်ဖူးပါပေ။
သူ့ဒန်ထျန်ကြီးတစ်ခုလုံးပြည့်သွားဖို့တောင် ထိုစိတ်ဝိညာဉ်စွမ်းအင်ပမာဏ၏ ၀.၀၀၁ ရာခိုင်နှုန်းကိုသာ စုပ်ယူလိုက်ရသလိုလိုနှင့်။
စုရှောင်ရှန် ကြက်သေသေသွားခဲ့၏။
ဘယ်လို အံ့ဩဘနန်းဖြစ်ဖွယ်ရာ ဧရာမ သစ်ပင်ကြီးလဲ။
ကောင်းကင်နှင့်မြေပြင်တို့၏ အဆီအနှစ်များကို စုပ်ယူပြီးနောက်မှာ သစ်စေ့လေးက ကောင်းကင်ကိုထိုးဖောက်သည့် ကမ္ဘာ့သစ်ပင်ကြီးအဖြစ်ကိုပြောင်းသွား၏။ ထိုသစ်ပင်ကြီးက တကယ် ကောင်းကင်ကိုဖောက်ထွက်သွားခဲ့သည်။
၎င်း၏ ကြီးမားသောပင်စည်ကြီးက ဘယ်လိုဖြစ်ပေါ်လာသလဲမသိ အနက်ရောင်ကွင်းပြင်တစ်ခုလုံးနီးပါး ပြည့်နေသည်။
ထိုအပင်၏ အမြင့်က စုရှောင်ရှန်၏ အကြားအမြင် ထောက်လှမ်းနိုင်သည့် အကွာအဝေးကိုကျော်လွန်သွားပေပြီ။
ယခုမှ သူ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး နောင်တရတော့၏။
ထိုအရာက တကယ့်ကို ဒဏ္ဌာရီလာ ရတနာတစ်ပါးဖြစ်သည်။ ဒီအတိုင်းလွယ်လွယ်လေး လက်လွှတ်လိုက်တာကို မယုံနိုင်သေးချေ။ သူသာသိပါက အခြား သူပိုင်ဆိုင်ထားသည့် ရတနာ အချို့ကိုသာ ထိုရုပ်သေးကလေးငယ်ကို ချုပ်နှောင်ထားခဲ့သော တွင်းထဲ ပစ်မိပေမည်။
ပြောလို့မရ၊ ကမ္ဘာကြီးကို ကယ်တင်ကောင်းကယ်တင်နိုင်လောက်ပြီး ထိုအစေ့ပါ အဆစ်ရမည်ဖြစ်၏။
ထိုအခိုက်၌ ကောင်းကင်ကို ထိုးဖောက်သွားနေသည့် အပင်ကြီးက ကြီးထွားနေတာ နှေးကွေးသွားခဲ့သည်။ သို့ပေမယ့် ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးမှ မြင်ရ၏။ အပင်ကြီး ကြီးထွားလာခြင်းနှင့်အတူ ကောင်းကင်လည်း တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာတာကို တွေ့ရသည်။
“အလုပ်ဖြစ်သွားတာပေါ့”
ဘာဖြစ်ဖြစ် စုရှောင်ရှန် စိတ်လှုပ်ရှားနေပါသည်။ အစေ့ကို စိုက်ပြီး မျက်စိရှေ့မှာတင် ထိုသို့ ကြီးထွားသွားတာကို မြင်လိုက်ရသူအနေဖြင့် အောင်မြင်မှုကြီးတစ်ခုကို ခံစားလိုက်ရသည်။
“မေမေ…”
သူ့နောက်က ရုပ်သေးကလေးငယ်လဲ ကောင်းကင်ကြီးကိုကြည့်ကာ ရေရွတ်နေတော့သည်။
…
အစီအရင်တံခါးရှေ့၌…။
ထိုနေရာတွင် စောင့်နေသည့် လူများအားလုံးလည်း ကောင်းကင်ကို ထိုးဖောက်တက်သွားသော ဧရာမ သစ်ပင်ကြီးကိုတွေ့ရသည်။ မြေပြင်တွင် သေချင်ယောင်ဆောင်နေသည့် သုံးယောက်တောင် အံ့အားသင့်သွားခဲ့၏။
“အောင်မြင်သွားပြီလား”
“စုရှောင်ရှောင် အောင်မြင်သွားပြီ။ ငါတို့မသေတော့ဘူး”
မုကျစ်ရှီ ထိုရှေးဟောင်းဆန်သည့် ဧရာမ သစ်ပင်ကြီးကိုကြည့်ရင်း သွားရေများကျလာခဲ့သည်။
အမှားကြီးပဲ။ သူမ စုရှောင်ရှန်နောက်လိုက်သွားခဲ့သင့်တာ။ ထိုဧရာမ အသက်စွမ်းအင်ကြီးနဲ့ဆိုရင် နည်းနည်းလေးပဲ ရလိုက်ရင်တောင်မှ သူမအတွက် အကျိုးအမြတ်က ဧရာမလောက်ကြီးဖြစ်မည်။
“စုရှောင်ရှန်…”
သို့မှ စိတ်ဝိညာဉ်စာကြည့်တိုက်၌ ကျိုးထျန်းရှန် တစ်ခါကပြောဖူးတာကို ပြန်မြင်ယောင်မိသွားသည်။ စုရှောင်ရှန်နောက်လိုက်ရင် တစ်ခုမဟုတ် တစ်ခုတော့ ကောင်းတာရမည်ဟူ၍။
အစကမယုံခဲ့ပေမယ့် ခုတော့ယုံပြီ။ ကျိုးထျန်းရှန်က အသက်ရှင်နေထိုင်ရေးနည်းလမ်းများ၌ ဆရာကျပေစွ။
အတွင်းစည်း၊ ညီလာခံခန်းမတွင်…။
စိုးရိမ်နေသော မျက်လုံးများက ကျောက်ကျစ်တုံ့လက်ထဲမှ တုန်ခါမှုရပ်တန့်သွားသော စိတ်ဝိညာဉ်ပုလဲ (၁၂) လုံးစီကို အသျှိုသျှို ရောက်သွားကြသည်။
အစက အက်ကြောင်းများဖြင့် ပြည့်နေသော ဘီးကြီးက အခုတော့ အစိမ်းရောင်အလင်းတန်းတစ်ခုနှင့်အတူ အလိုလို ပြန်ကောင်းလာနေခဲ့သည်။
“ထျန်းရွှမ်တံခါးက ပြန်ကောင်းသွားပြီ” ကျောက်ကျစ်တုံ့ စိတ်လှုပ်တရှား ကြေငြာလိုက်သည်။
အကြီးအကဲကျောက်လည်း ပီတိများဝေဖြာနေ၏။ သူ့စိတ်ဝိညာဉ်ဘီးကြီးက အလုပ်ပြန်လုပ်ပြီဆိုမှတော့ ကိုယ်တိုင်ကိုယ်ကျ ထျန်းရွှမ်တံခါးကို ပြန်ပြင်စရာလိုတော့မည်မဟုတ်ချေ။ ထို့ကြောင့် ပြဿနာမရ ခေါင်းမခြောက်တော့ပေ။
ရဲ့ရှောင်ထျန်းကိုကြည့်ပြီး သူပြောလိုက်သည်။ “ထျန်းရွှမ်တံခါးက ပြန်ကောင်းသွားပြီဆိုမှတော့ သူတို့ကို နောက်တစ်ရက်နေခိုင်းလိုက်ရဦးမလား”
ထျန်းရွှမ်တံခါးကို ပြန်ဖွင့်တာက အင်မတန် ခဲယဉ်းသောအလုပ်ဖြစ်သည်။ ဒါကြောင့် ကလေးများ ထိုတံခါးအတွင်းတစ်ရက်ပိုနေတာက ပို၍ အကျိုးရှိပေမည်။
ဒီကလေးများအပြင်စည်းကတည်းက တိုးတက်လာမှုကို သူကိုယ်တိုင်ကိုယ်ကျမြင်ခဲ့ရပေသည်။ သူတို့ထဲမှာ သူလျှိုရှိတယ်ဆိုရင်တောင် အားလုံးကို ဒီအခွင့်အရေးမှ အကျိုးကျေးဇူးများရသွားစေချင်မိ၏။
သို့သော် ရဲ့ရှောင်ထျန်းက ခေါင်းခါရမ်းလိုက်သည်။
“မင်းပြောချင်တာ ငါနားလည်ပါတယ်။ဲ ဒါပေမယ့် ထျန်းရွှမ်တံခါးအတွင်းက ကမ္ဘာငယ်လေးက ခုမှ ပျက်ဆီးခြင်းကနေ လွတ်မြောက်လာတာ။ ပြန်ကောင်းနေပြီဆိုပေမယ့် မတည်ငြိမ်ဘူး။ အထဲမှာ ဆက်နေ နေတာက အန္တရာယ်များတယ်။ အားလုံးကို ခုထွက်ခိုင်းလိုက်မှ သင့်တော်မယ်”
အကြီးအကဲကျောက် သက်ပြင်းရှည်ကြီးချလိုက်သည်။ ထျန်းရွှမ်တံခါးထဲက ကမ္ဘာငယ်လေး မတည်ငြိမ်တာသူသိသည်။ ရဲ့ရှောင်ထျန်းကိုယ်တိုင်တောင် တည်ငြိမ်အောင်မလုပ်နိုင်လေရာ ကလေးများကို အတွင်းမှာ ဆက်ထား၍ မသင့်တော်တော့ပါချေ။
အစီအရင်တံဆိပ်ပြားကိုထုတ်ယူပြီး ထျန်းရွှမ်တံခါးကို ဖွင့်ရန်ပြင်လိုက်သည်။
သို့သော် ရဲ့ရှောင်ထျန်းသူ့ကိုတားလိုက်၏။
“ငါလုပ်မယ်။ အထဲက ဗလာနယ်ပယ်က မတည်ငြိမ်ဘူး။ ကမ္ဘာကြီးက ပြန်ကောင်းမွန်လာနေတယ်ဆိုပေမယ့် ဒီအချိန်မှာ တံခါးကိုဖွင့်တာက အန္တရာယ်များလိမ့်မယ်။ ငါက ကမ္ဘာနှစ်ခုကြားက ဗလာနယ်ပယ်ကိုချိတ်ဆက်ပြီး ကလေးတွေကို ခေါ်ထုတ်လိုက်မယ်”
အကြီးအကဲကျောက်ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ။ မင်းလုပ်မှတော့ မတော်တဆ ဖြစ်နိုင်တဲ့ အခြေအနေတွေ မရှိတော့ဘူးပေါ့”
သူတို့က ကျယ်ကျယ်လောင်လောင်မပြောသလို တီးတိုးလည်းမပြောပါချေ။ ယွဲ့ကျစ်၀မ်သူတို့က ထိုအချင်းအရာကို သာမန်ကာလျှံအလားပြောနေကြတာကို ကြားသောအခါ အံ့အားသင့်သွားခဲ့ရသည်။
“ကမ္ဘာနှစ်ခုကို သူတစ်ယောက်တည်းဆက်မှာလား” ယွဲ့ကျစ်၀မ် မှင်တက်စွာ မှတ်ချက်ပေးလိုက်သည်။
ကျန်းပင်းယန် အလေးအနက်ခေါင်းညိတ်ကာ ဆိုသည်။ “အဲ့လူက ရဲ့ရှောင်ထျန်းဆိုရင်တော့ဖြစ်နိုင်တယ်။ သူက ကုန်းမြေတစ်ခုလုံးမှာတောင်ရှားတဲ့ ဗလာနယ်ပယ် ပင်ကိုယ်ဓာတ်စွမ်းအင်ကို ပိုင်ထားတာကိုး”
ထို့နောက် ထိုဆံဖြူကလေးငယ်က ဗလာနယ်ထဲကို လက်ထည့်ပြီး သူ့အစွမ်းများသုံးကာ လမ်းနှစ်ဖက်ဖောက်သည်ကိုတွေ့လိုက်ရသည်။
“အထင်ကြီးစရာပဲ…”
သူ့ဘေးနားက ပါးစပ်အဟောင်းသားဖြစ်နေရသော ပဝါမျက်နှာလွှားစနှင့် ယွဲ့ကျစ်၀မ်ကို ကြည့်လိုက်ကာ “ဗလာနယ်ပယ်ပင်ကိုယ်ဓာတ်စွမ်းအင်က ကျွမ်းကျင်ဖို့ခက်တယ်။ နင်မမြင်ဖူးတာမဆန်းပါဘူး”
“ခုတော့ ကမ္ဘာကြီးရဲ့ စွမ်းအင်ကို အနီးကပ်လေ့လာလို့ရပြီ။ သေချာဂရုတစိုက်ကြည့်ထား။ ဘာလို့ဆို သူကလည်းနင့်လိုမျိုး အလယ်ပိုင်း ကုန်းမြေကြီးကလာခဲ့တာကိုး…”
အပိုင်း (၁၇၈) စိတ်ဝိညာဉ်နန်းတော်နှင့် ရွက်ပုန်းသီး ပညာရှင်များ
ယွဲ့ကျစ်၀မ်ကလေး၏ ပါးစပ်က အံ့အားသင့်မှုတို့ဖြင့် ပွင့်ဟနေသည်။
သူမ၏ မျက်နှာထက်၌ မျက်နှာလွှားစဖြင့်ကာထားတယ်ဆိုပေမယ့် လူတိုင်း သူမ အံ့အားသင့်နေကြရတာကိုသိသည်။
“အလယ်ပိုင်းကုန်းမြေဟုတ်လား”
“ဟုတ်တယ်”
ကျန်းပင်းယန် ခေါင်းညိတ်ပြကာ ထပ်လောင်း၍ “မဟုတ်ရင် ထျန်းစန်းစိတ်ဝိညာဉ်နန်းတော်က ဘယ်လောက်မြန်မြန် တိုးတက်လာနိုင်တယ်ထင်လို့လဲ။ သမိုင်းမှာ တည်ရှိတာ ဆယ်စုနှစ်အနည်းငယ်ပဲရှိသေးတယ်။ အခြား စိတ်ဝိညာဉ်နန်းတော် (၁၀) ခုကိုတောင် ကျော်တက်သွားပြီ။ ရဲ့ရှောင်ထျန်းကြောင့်မဟုတ်ရင် ဒီအောင်မြင်မှုတွေ ဘယ်လိုရပါ့မလဲ”
သူရပ်တန့်လိုက်ပြီး အသေအချာတွေးတောလိုက်သည်။ ထို့နောက် မျက်၀န်းများ ၀င်းပသွားပြီး ရေရွတ်လိုက်၏။
“သူသာ နှစ်အနည်းငယ်လောက်စောစောမွေးခဲ့မယ်ဆိုရင် အလယ်ပိုင်းကုန်းမြေရဲ့ တော်၀င် ဆယ်ဦး ထဲက တစ်ယောက်တောင်ဖြစ်လာနိုင်တယ်။ မဟုတ်ရင် ဒီလို အရေးမပါတဲ့ ကမ္ဘာ့ထောင့် တစ်နေရာလေးကိုလာပြီး ဒီလောက်အဆင့်နိမ့်နိမ့်နေရမလဲ”
ထိုသို့ သတင်းအချက်အလက်များဖြင့်တောင် ဒီကိုလာရသည့် ခရီးစဉ်က တန်သည်ဟု ယွဲ့ကျစ်၀မ်တွေးလိုက်သည်။
“တော်၀င်ဆယ်ဦးက ဘယ်သူတွေတုန်း” ယွဲ့ကျစ်၀မ် သိလိုစိတ်ပြင်းပြစွာမေးသည်။
သို့သော် ကျန်းပင်းယန်က သူမ၏ မေးခွန်းအားကို မဖြေကြားတော့ဘဲ ခေါင်းခါရမ်းပြီး ပြောလိုက်သည်။ “သူတို့အဆင့်နဲ့ နင်က အတော်အလှမ်းဝေးနေသေးတယ်။ ဒီအကြောင်းအရာကိုမေ့ထားလိုက်။ ဒီကို ဒါတွေပြောဖို့လဲလာတာမဟုတ်ဘူး။ လိုဏ်ဂူဖြူ ကိစ္စအတွက်ပဲ အဆင်သင့်ပြင်ထားရအောင်”
ယွဲ့ကျစ်၀မ် အသာအယာခေါင်းညိတ်လိုက်သည်။ အပြင်ပန်းမှာ သူမက တည်ငြိမ်နေတယ်ဆိုပေမယ့် စိတ်ထဲမှာတော့ သံသယနှင့် မေးခွန်းများသာ ပို၍ ထင်ကျန်ရစ်လာသည်။
ဗလာနယ်ပယ်ပင်ကိုယ်ဓာတ်စွမ်းအား။ အဲ့တာက အစွမ်းထက်သလား။
အစွမ်းထက်မည့်ပုံပေါ်သည်။ ယွဲ့ကျစ်၀န် ဌာနချုပ်၌တောင် ထိုသို့သော ပင်ကိုယ်ဓာတ်စွမ်းအင်မျိုးကို မမြင်ဖူးပါချေ။
“ဟုတ်တာပဲ မေ့နေတာ”
သူမ တစ်စုံတစ်ခုကို သတိရသွားသလိုမေးလိုက်သည်။ “ကျွန်မ ကြားတာတော့ ထျန်းစန်းနန်းတော်ခုလို တိုးတက်လာတာက အရင်နန်းတော်သခင်ကြောင့်လို့ပြောကြတယ်။ သူ့နာမည်ကဘာကြီး”
ယွဲ့ကျစ်၀မ် ထိုနာမည်ကို ပြန်ဖော်မရဖြစ်နေကာ မျက်မှောက်ကြုတ်နေမိ၏။
ကျန်းပင်းယန် ပြုံး၍ အသာအယာ ဖြေလိုက်သည်။
“အကြီးအကဲစန်း”
“အဖိုးကြီးက အနားယူသွားတာ နှစ်ပေါင်းများစွာရှိပြီ။ အခုတော့ အတွင်းစည်း ဒုခေါင်းဆောင်ဆိုတဲ့ တာ၀န်ကိုယူထားတယ်။ ဒါပေမယ့် နန်းတော်မှာ မနေတတ်ဘဲ နယ်မြေငါးခုကို ခရီးသွားနေတာများတယ်။ မကြာသေးခင်က ပြန်လာတယ်ပြောကြပေမယ့် သူ့ကိုဘယ်သူမှ မသိကြဘူး”
“အကြီးအကဲစန်းဟုတ်လား” ယွဲ့ကျစ်၀မ် သိလိုစိတ်ပြင်းပြစွာမေးလိုက်သည်။ “သူနဲ့ ရဲ့ရှောင်ထျန်းကြားမှာဆို ဘယ်သူ ပိုသန်မာလဲ”
ထိုအမေးကြောင့် ကျန်းပင်းယန် ရယ်ချင်သွားသည်။ တကယ်လည်း ရယ်သံသဲ့သဲ့ပေးလိုက်ပြီးနောက် ဖြေလိုက်၏။ “ကလေးမလေး မှတ်ထား။ ဒီလိုကိစ္စမျိုးမှာ ဘယ်သူက ပိုသန်မာတယ်ဆိုပြီးမရှိဘူး”
“ဟင်…”
“ဒီလိုလေ ရဲ့ရှောင်ထျန်းက သူမတူအောင်သန်မာတယ်လို့ထင်တယ်မလား” ကျန်းပင်းယန် မေးခွန်းတစ်ခုပြန်မေးလိုက်သည်။
ယွဲ့ကျစ်၀မ် ကမ္ဘာနှစ်ခုကို လက်ဗလာဖြင့် လမ်းဖောက်ရန် လုပ်နေသော ထိုဆံဖြူကလေးငယ်ကိုကြည့်ပြီးနောက် ချက်ခြင်း ခေါင်းညိတ်ဖြေလိုက်၏။
“ဟုတ်တယ် သန်မာတယ်”
သူက ကမ္ဘာခြားသလို စွမ်းအားမျိုးရှိသည်။ မသန်မာဘဲ ဘယ်နေလိမ့်မလဲ။
“အေး အကြီးအကဲစန်းနဲ့ ရင်ဆိုင်ရရင် ရဲ့ရှောင်ထျန်းတောင် သူသင်ပို့တာ ထိုင်နားထောင်ရုံပဲတတ်နိုင်တယ်” ကျန်းပင်းယန်၏ စကားက သူမကို အံ့အားသင့်သွားစေခဲ့သည်။
ဟူးးး…။
ယွဲ့ကျစ်၀မ် အသက်ကိုခပ်ပြင်းပြင်းရှိုက်လိုက်မိတာ မျက်နှာလွှားစတောင် ပါးစပ်ထဲ၀င်သွားသည်။ သူမ မယုံကြည်နိုင်စွာ မေးလိုက်၏။ “အကြီးအကဲစန်းက ဧကရာဇ်နယ်ပယ်အထက်မှာလား”
“မဟုတ်ဘူး မဟုတ်ဘူး။ ဒါက အချိန်အကြာကြီး စုစည်းလာတဲ့ အတွေ့အကြုံတွေကြားကွာခြားမှုကြောင့်ပဲ။ လူကြီးကိုရိုသေတယ်လို့ ပြောနိုင်တာပေါ့”
ကျန်းပင်းယန် ရုတ်တရက် ထရယ်လိုက်တော့ လူတိုင်းသူ့ကို ဝိုင်းကြည့်လိုက်ကြသည်။ ထိုအနက်၀တ်လူရာများ၏နှင့်ချီသော မျက်၀န်းများက တစ်ကယ် ကြောက်ဖို့ကောင်းပါသည်။ သို့ဖြင့် ကျန်းပင်းယန် စကားဆက်မပြောတော့ပေ။
ရဲ့ရှောင်ထျန်း နောက်မလှည့်လာဘူးဆိုတာ သေချာမှ လေသံနိမ့်နိမ့်လေးဖြင့် တီးတိုးပြောလိုက်သည်။ “ငါကြားတာတော့ အကြီးအကဲစန်းက တပြည့်တစ်ယောက်လက်ခံလိုက်တယ်တဲ့။ အကြီးအကဲမှာ ထူးခြားတဲ့ပါရမီတွေကို မြင်နိုင်လောက်အောင် အတွေ့အကြုံကြွယ်၀တယ်။ ကြည့်ရတာ ဒီမှာ နင့် ပြိုင်ဘက်ကို တွေ့ရင်တွေ့မှာ”
“တကယ်လား”
ထိုတပြည့်ဘယ်သူလဲဆိုတာ စိတ်၀င်စားသွားပြီး ယွဲ့ကျစ်၀မ်မေးသည်။ “ဘယ်သူလဲ”
“ငါလည်းသေချာမသိဘူး။ အတော်တော့ငယ်တယ်တဲ့ ဂိုဏ်းသူအသစ်ဖြစ်ပုံရမယ်။ လိုဏ်ဂူဖြူမှာ နင်တို့ တစ်ယောက်နဲ့တစ်ယောက် ထိပ်တိုက်ရင်ဆိုင်ရနိုင်တယ်”
မိန်းမငယ်လေး…။
ယွဲ့ကျစ်၀မ်၏ တည်ငြိမ်နေသော စိတ်အခြေအနေလေး ရောက်ရက်ခက်သွားရသည်။ တကယ်လို့ ကျန်းပင်းယန်နှင့် စကားမပြောခဲ့ဘူးဆိုလျှင် ဒီခရီးစဉ်တစ်ယောက်မှာ ဘာတွန်းအားကိုမှ ရလိမ့်မည်မဟုတ်ချေ။
ယခုတော့ အကြီးအကဲစန်းမှာ တပြည့်တစ်ယောက်ရှိတယ်ဆိုတဲ့ သတင်းကိုကြားလိုက်ရတော့ အားဖြစ်သွားသည်။
စိတ်လှုပ်ရှားစရာ ကောင်းလိုက်ပေစွ။
“ထျန်းစန်းနန်းတော်က တကယ် ပါရမီရှင်တွေနဲ့ ပြည့်နေတာပဲ” ယွဲ့ကျစ်၀မ် တွန်းအားတစ်ခုကို ခံစားလိုက်ရသကဲ့သို့ စိတ်မာန်တက်ကြွသွားပြီး အော်လိုက်သည်။
“ဟုတ်တယ်”
ကျန်းပင်းယန် စကားမဆက်တော့ပေ။ ယွဲ့ကျစ်၀မ်ကို သူပြောပြချင်လျှင်အများကြီးကျန်သေးသည်။ ဥပမာ လူတိုင်းနှင့် ခြေလှမ်းတစ်၀က်စာလောက်မှာ အေးဆေး နေနေသည့် ထိုအူကြောင်ကြောင်အပြုံးကြီးနှင့် အကြီးအကဲကျောက် လိုမျိုးဖြစ်သည်။
အကြီးအကဲကျောက်က ယခု အစီအရင်ကိုစတင်ခင်းကျင်းနေ၏။ ထိုသူ၏ ကျင့်ကြံခြင်းနယ်ပယ်က နိမ့်သလိုလိုထင်ရပေမယ့် တကယ်က ခွန်အားအစစ်အမှန်ကို ဖုန်းကွယ်ထားသည့်သူဆိုတာ သူသိသည်။
စိတ်ဝိညာဉ်အစီအရင်ဆရာသခင်တစ်ယောက်လည်းဖြစ်နိုင်ကာ မဟာဆရာတစ်ခင်အဆင့်မှာတောင်ရှိလောက်သည်။ သူထင်တာမှန်ရင် အကြီးအကဲကျောက်က လုံး၀ ကျောက်မက်ဖွယ်ရာအတိဖြစ်၏။
အစီအရင် မဟာ ဆရာသခင်ဆိုတာ ရေမြေအနေအထား ကောင်းလျှင် ရန်သူ (၁၀) ယောက်ကိုတောင် အေးဆေး အနိုင်ယူနိုင်သူဖြစ်သည်။ သူတို့ထက် အဆင့်ပိုမြင့်သောသူများကိုတောင် တိုက်ခိုက်နိုင်ကြသူများဖြစ်ရာ အထင်ကြီးစရာကောင်းလွန်းလှ၏။
ရုတ်တရက်ကြီး ကျန်းပင်းယန်၏ နှလုံးသားအနက်ရှိုင်းဆုံးထဲမှ ကြောက်ရွံ့ထိတ်လန့်မှုတို့ကို ခံစားလိုက်ရသည်။
ထျန်းစန်းနန်းတော်၏ ခွန်အားက မေးခွန်းထုတ်စရာမလိုလောက်အောင် သန်မာနေ၏။ ဒါတောင် ဘာလို့ သူတို့က အကူအညီတောင်းရတာလဲ။ တကယ်ပဲ သူတော်စင်အစေအပါးက သေမျိုးကမ္ဘာကိုဆင်းသက်လာမှာ မလို့လား။
မဖြစ်နိုင်လောက်ပါပေ။
ထို ကျော်ကြားမှုနှင့် စွမ်းအင် ပျားရည်နောက်ကိုလိုက်နေသည့် ယင်ကောင်များက ဘယ်တော့မှ နေ့ခင်းကြောင်တောင်ကြီး လူလုံးပြမည်ဟု မထင်ပါချေ။ သူတို့ထွက်ပြရဲရင်တော့ မြင့်မြတ်နတ်ဘုရားနန်းတော်က မြင့်မြတ်အလင်းတန်းကြီးက သူတို့ကို တစ်ချက်တည်း အမှုန့်ကြိတ်လိုက်မည်သာ။
ဂျစ် ဂျစ်
ထိုအသံဖျော့ဖျော့လေးနှစ်ခုက ကျန်းပင်းယန်ကို အတွေးရေယဉ်ကြောထဲမှာ ဆွဲထုတ်လိုက်သည်။ ရဲ့ရှောင်ထျန်း၏ ကမ္ဘာနှစ်ခုကို ချိတ်ဆက်မှုကြီးက ပြီးမြောက်သွားပြီဖြစ်၏။
ထိုကမ္ဘာနှစ်ခုကို ချိတ်ဆက်ရန် (၁၅) မိနစ်လေးတောင်မကြာလိုက်ရာ ကျန်းပင်းယန်တို့နှစ်ဦးကို ထပ်မံ တုန်လှုပ်သွားစေပြန်၏။
“ချီး” ကျန်းပင်းယန်၏ မျက်နှာရှုံ့မဲ့သွားသည်။
နေရာတစ်ခုလုံး တိတ်ဆိတ်သွား၏။
ယွဲ့ကျစ်၀မ်လည်း မေးခွန်းများဆက်လက်မေးမြန်းခြင်းကို ရပ်တန့်လိုက်ပြီး ၀န်းကျင်ကို အာရုံခံကြည့်လိုက်သည်။
ရာနှင့်ချီသော အနက်၀တ်လူများလည်း ထို့အတူပင်။ စိတ်ဝိညာဉ်ပုလဲ(၁၂)လုံးဘီးကို ကိုင်ထားသည့် ကျောက်ကျစ်တုံ့လည်း အလန့်တကြား ဘီးကို ဂရုတစိုက်ကြည့်လိုက်သည်။
“မဟာလမ်းစဉ်နှင့် စည်းမျဉ်း စွမ်းအင်” ဖျော့တော့တော့က ဖြည်းဖြည်းချင်း ပုံပေါ်လာခဲ့သည်။ ပို၍ ထူးခြားသည်က အင်မတန်သိပ်သည်းသော ဗလာနယ်ပယ်ပင်ကိုယ်ဓာတ်စွမ်းအင်ဖြစ်၏။
ပထမ တစ်ခုက လမ်းစဉ်ကိုယ်တိုင်ဖြစ်ကာ ဒုတိယ ပင်ကိုယ်ဓာတ်စွမ်းအင်က လမ်းစဉ်ကို ပုံဖော်ခြင်းဖြစ်သည်။
ဧကရာဇ်နယ်ပယ် ကျွမ်းကျင်သူများသာ မဟာလမ်းစဉ်နှင့် စည်းမျဉ်းများ၏ စွမ်းအားကို အာရုံခံနိုင်သည်။ ကျင့်ကြံသူများအကြားတွင် လူအနည်းအကျဉ်းသာထိုနယ်ပယ်ကိုရောက်နေကြ၏။ သို့ဖြင့် ဤနေရာရှိလူတိုင်းအတွက်တော့ ၎င်းက အဆင့်တက်ဖို့ အခွင့်အရေးကြီးဖြစ်ပေသည်။
တစ်ချက်ကြည့်လိုက်ရုံနဲ့ အလင်းပေါက်သွားပေမည်။ ဈာန်၀င်စားသွားပေမည်။
သူ့အကန့်အသတ်ထိ တွန်းအားပေးထားရတာမို့ ရဲ့ရှောင်ထျန်းချွေးစေးများတောင်ထွက်နေသည်။ ဒါကြောင့် ဒီအခွင့်အရေးက အမှန်ရှားပါးပေ၏။
ဤနေရာရှိလူတိုင်း၊ စိတ်ဝိညာဉ်နန်းတော်အတွင်းပိုင်းက လူတွေတောင် ရဲ့ရှောင်ထျန်း ဗလာနယ်ပယ်ဓာတ်စွမ်းအင်ကို ဒီလောက် အခြေအနေထိ အသုံးပြုတာ မမြင်ဖူးပါချေ။
ထိုမဟာလမ်းစဉ်နှင့်စည်းမျဉ်းစွမ်းအင်ကိုကြည့်ပြီး ကျန်းပင်းယန် တိုတိုတိတ်တိတ် သက်ပြင်းချမိလိုက်သည်။ (ဒါက လမ်းစဉ်ဆိုတော့ တာအို ဖြစ်မယ်ထင်တယ်)
သူလည်း ဧကရာဇ်နယ်ပယ်ကိုရောက်ပြီး ကိုယ်ပိုင်လမ်းစဉ်ကို ရှာတွေ့ထားသူဖြစ်သည်။ မဟုတ်ပါက သူ့ရှေ့မှ လမ်းစဉ်နှင့်စည်းမျဉ် စွမ်းအင်က သူ့ကျင့်ကြံခြင်းကို အကြီးအကျယ်တိုးတက်သွားစေပေလိမ့်မည်။
သို့ပေမယ့် ယခုတော့ မဖြစ်နိုင်တော့ပါပေ။
ဧကရာဇ်တိုင်းမှာ ထူးခြားတဲ့ လမ်းစဉ်ရှိကြသည်။ ထိုမဟာလမ်းစဉ်အတွက် တိုက်ခိုက်ရခြင်းက ရက်စက်လှသည်။ ရဲ့ရှောင်ထျန်း၏ လမ်းစဉ်ကို ကျန်းပင်းယန် သွားလေ့လာလိုက်လျှင် သူရွေးချယ်ထားသောလမ်းစဉ်က အဓိပ္ပာယ်ကင်းမဲ့သွားပေမည်။
ဒါကြောင့် လမ်းစဉ်နှစ်ခု ထိပ်တိုက်မဖြစ်ရအောင် အခြားတစ်ဘက်သို့ ဘာမှ မမြင်သလို ကြည့်နေလိုက်၏။
သို့သော် ကျောက်ကျန်းရှီကတော့ ထိုဗလာနယ်ပယ်စွမ်းအင်ကို အနီးကပ်လေ့လာနေသည်။ သူ့လို စိတ်ဝိညာဉ်အစီအရင် မဟာ ဆရာသခင်တစ်ယောက်အတွက်ကတော့ ထိုအရာက နည်းအမျိုးမျိုး အသုံးချနိုင်သည့်အတွက် တန်ဖိုးကြီးလှသည်။
ရေငတ်နေသော လူလိုမျိုး အကြီးအကဲကျောက် သိနိုင်သမျှ၊ သိလိုသမျှကို နားလည်သဘောပေါက်အောင်လုပ်တော့၏။
လူတိုင်းအလင်းပေါက်နေလို့ တကယ်အရေးကြီးတဲ့ ကိစ္စကို ရဲ့ရှောင်ထျန်း မေ့ထားလို့မဖြစ်ပါချေ။ သူ့အတွက်ကတော့ ထျန်းရွှမ်တံခါးထဲက လူကယ်ရန်သာအရေးကြီးပေသည်။
မိနစ်တိုင်းစက္ကန့်တိုင်းက အထဲကလူများအတွက် အန္တရာယ်ဖြစ်လာစေပေမည်။
ကမ္ဘာနှစ်ခုကိုချိတ်ဆက်ထားပေးသည့်လမ်းက တည်ငြိမ်သွားခဲ့၏။ ရဲ့ရှောင်ထျန်း သူ့အသံကို တံခါးထဲထုတ်လွှတ်လိုက်သည်။ အမိန့်ကရိုးရှင်းသည်။ “ထွက်လာကြတော့”
“ဗလာနယ်လမ်း”
မြေကြီးနှင့် မျက်နှာမိတ်ဆက်ထားသော သုံးဦးသား လူအုပ်ကြီးနောက်မှ ထျန်းရွှမ်တံခါးအစီအရင်ကို လက်ညှိုးထိုးပြီး အလန့်တကြားပြောလိုက်ကြသည်။
လျှိုလင်းလင်းလှည့်ကြည့်လိုက်ရာ တံခါး၏ အခြားတစ်ဖက်မှာ ကမ္ဘာတစ်ခုကိုတွေ့လိုက်ရ၏။ တကယ် ဗလာနယ်လမ်းကြောင်းက ပွင့်သွားခဲ့ပေပြီ။
“ဘာဖြစ်နေတာလဲ။ စုရှောင်ရှန်လည်း ပြန်မလာသေးပါဘူး။ ခေါင်းဆောင်ကို ဘယ်လို သတင်းပေးလိုက်တာလဲ”
မုကျစ်ရှီ ကောင်းကင်ကိုထိုးဖောက်သွားသည့် ဧရာမ သစ်ပင်ကြကိုကြည့်ပြီး ကောက်ချက်ချလိုက်သည်။ “စုရှောင်ရှန်အောင်မြင်သွားတော့ ကမ္ဘာငယ်လေးက သူ့အလိုလို ပြန်ကောင်းလာတာဖြစ်ရမယ်။ ဒါကြောင့် ခေါင်းဆောင် ပြန်ပြီး ၀င်စွပ်ဖက်လို့ရသွားတာနေမှာ”
“မင်းတို့ဘာစောင့်နေတာလဲ။ အခုမပြေးရင် ဘယ်တော့ပြေးမှာလဲ”
သူတို့ သုံးဦးသား ပြေးထွက်သွားကြသည်။ လျှိုလင်းလင်းတောင် သူတို့ကို အချိန်မှီ မတားဆီးနိုင်လိုက်ပါချေ။ သူမရှေ့ရှိ ဗလာနယ်လမ်းကြောင်းအတွင်း၌ ပျောက်ကွယ်သွားကြ၏။
“ငါတို့လည်းသွားရအောင် စုရှောင်ရှန်အချိန်မှီ ပြန်လာနိုင်မှာပါ”
မိုမို ကြေးမီးဖိုအိုးကိုကိုင်ထားရင်းမှ သူမလက်မှ လက်ကောက်၀တ်ကို စစ်ကြည့်လိုက်သည်။ တစ်ချက် တုန့်ဆိုင်းသွားပြီးနောက်ပြောလိုက်၏။ “ငါတို့ထပ်စောင့်နေလို့မဖြစ်တော့ဘူး”
သူတို့တကယ်လဲ စောင့်နေလို့မဖြစ်တော့ပါချေ။
သူတို့တစ်ယောက်မှ တုံးအသူ၊ ကျိုးထျန်းရှန်လို ရိုးသားသူများမဟုတ်ကြပါ။ လမ်းကြောင်းဖွင့်လာပြီး နောက်မှာ မတည်မငြိမ်ဖြစ်လာကြမယ်ဆိုတာ သူတို့သိကြသည်။
ဒီတိုင်းထပ်စောင့်နေကြလျှင် အန္တရာယ်ကင်းတဲ့ အိမ်အပြန်လမ်း ဖြစ်တော့မည်မဟုတ်ချေ။
မိုမို ထိုလမ်းထဲကို ဦးစွာ၀င်သွားသည်။ မုကျစ်ရှီလည်း တစ်ချက်တွေဝေနေပြီးခဏ နောက်မှ လိုက်သွားလိုက်၏။
ကျောက်ချင်းထန် ရှေ့သို့တက်လှမ်းလိုက်ပြီးနောက် တုံ့ခနဲရပ်သွားပြီး လည်ပြန်ကြည့်ကာ လက်ဆန့်ထုတ်လိုက်သည်။ “အတူတူသွားရအောင်”
“ထွက်သွားစမ်း”
ကျောက်ချင်းထန်စွံ့အသွားရပြီး နောက်လှည့်ကာထွက်သွားရ၏။
လျှိုလင်းလင်း ထိုဗလာနယ်ပယ်လမ်းကိုသွားသည့် ခြေလှမ်းတိုင်းက လေးလံသလိုခံစားနေရသည်။
စုရှောင်ရှန်ကို စောင့်ချင်လို့တော့မဟုတ်ရပါ။ အပြင်ဘက်ကမ္ဘာကြီးကို ကြောက်ရွံ့၍ဖြစ်သည်။
သူမ ခန့်မှန်းတာမှန်မယ်ဆိုရင် အနက်၀တ်လူအုပ်ကြီးက အပြင်မှာ သူမကို စောင့်နှင့်နေပြီးလောက်ပြီ။
ဘာပဲဖြစ်ဖြစ် အံ့ကိုတင်းတင်းကြိတ်ပြီး ယုံကြည်မှုကို ကိုးစားပြီး ခုန်လိုက်၏။
“အကိုရွမ်ရှင်း မြန်မြန်လာပါ”
အပိုင်း (၁၇၉) ချန်ရှင်းချု၏ လည်ပတ်ခြင်းအတွေ့အကြုံ
ထိုအခိုက်တွင်…
ညီလာခံခန်းမမှ ချန်ရှင်းချုထွက်လာပြီးနောက်မှာ ချက်ခြင်းသွားရောက်အနားမယူလိုက်ဘဲ အတွင်းစည်းကို လျှောက်သွားလိုက်သည်။
“တကယ်ထူးဆန်းတယ်။ ဘာလို့ လူတစ်ယောက်မှ မတွေ့တာလဲဟ။ ထျန်းစန်းနန်းတော် အတွင်းစည်းက အလှပဲဆင်ထားတာများလား”
အခြားတစ်ဘက်က အကူအညီတောင်းထားသည်ကို မြင်ယောင်မိသောအခါ…။
“မဟုတ်မှလွဲရော သူတို့ကို သွားပုန်းခိုင်းထားတာပဲဖြစ်ရမယ်။ ဒီလိုဆိုရင်တော့ ထျန်းစန်း စိတ်ဝိညာဉ်နန်းတော်က အလကားပါကွာ”
ချန်ရှင်းချု၏ မျက်နှာထက်၌ မထီမဲ့မြင်ပြုသော အပြုံးမျိုးပေါ်လာပြီး ထပ်ပြီး လျှောက်မကြည့်တော့ဖို့ ဆုံးဖြတ်လိုက်သည်။
အတွင်းစည်းမှာ ဘယ်သူမှ မရှိဘူးဆိုပေမယ့် အပြင်စည်းမှာတော့ လူရှိသည်။ သူရောက်တုန်းက လူအများကြီးကိုတွေ့ခဲ့ရရာ သွားရောက်ပုန်းခိုဖို့ အမိန့်မပေးထားရလောက်သေးချေ။ အပြင်ဘက်မှာ လူအများကြီး ရှိလောက်သေးသည်။
ထိုစတင်ခြင်းနယ်ပယ်တောင်မရောက်သေးသော အမှိုက်များ၏ ပျက်ရယ်ပြုမှုကိုသူမြင်ယောင်လိုက်သည်။ ထိုမှတ်ဉာဏ်က သူ့ကို ဒေါသထွက်စေလေကာ ပုံချဖို့တစ်ခုခုရှာရပေမည်။
သူတို့ သူ့ကို ကဲ့ရဲ့ရသည့် အကြောင်းအရင်းကိုတော့ ချန်ရှင်းချု မေ့ထားပစ်လိုက်၏။
စိတ်ဝိညာဉ်စာကြည့်တိုက်ဘက်ကို လျှောက်သွားနေရင်းနဲ့ မကြာခင် အတွင်းစည်းနှင့် အပြင်စည်း စပ်ကြားလေးကိုရောက်လာသည်။
စိတ်ဝိညာဉ်နန်းတော်က တကယ် ဘဝင်များမြင့်ကြတာလားမသိ။ သူအစောင့်တစ်ယောက်ကိုမှ မတွေ့ရပါချေ။ ညီလာခံခန်းမ၌တောင် အနက်၀တ်လူထိုမျှလောက်လေးကို တွေ့ခဲ့ရသဖြင့် စည်းကမ်းကြီးကြပ်သူများရှားပါး၍လား။
ဘာလို့ အတွင်းစည်း၀င်ပေါက်ကို စောင့်ကြပ်မထားလဲ သူမစဉ်းစားနိုင်ပါချေ။
ဒက် ဒက်
ထောင့်တစ်နေရာမှ တိုးတိတ်သော စည်းချက်ကျကျ ထိရိုက်သံထွက်လာသည်။ ဘာလဲလို့ ချန်ရှင်းချုလှည့်ကြည့်လိုက်တော့ အကြီးအကျယ် လန့်ဖျပ်သွားခဲ့၏။
“ဘုရား ဘုရား ဘယ်လိုတောင်ရုပ်ဆိုးလိုက်တဲ့လူလဲ”
ထိုလူ၏ မျက်နှာက ဆိုးဆိုးရွားရွား အမာရွတ်များဖြင့်ပြည့်နေသည်။ မသိလျှင် ဓားဖြင့် အကြိမ်ကြိမ် ပိုင်းဖြတ်ခံထားရသလိုလိုနှင့် သူ့မျက်နှာကိုကြည့်၍ သူ့အသက်ကိုတောင် မခန့်မှန်းနိုင်ပါပေ။
ထိုသူ၏ မျက်နှာက တကယ် ရုပ်ဆိုးအကျဉ်းတန်လှသည်။
သူ့အနီးလျှောက်လာတော့မှ ချန်ရှင်းချုပို၍ ရွံရှာစက်ဆုပ်သွားပေသည်။ ထိုသူက ရုပ်ဆိုးရုံပဲမဟုတ် အလွန်အကျွံကြောက်စရာကောင်းလှအောင်ဖြစ်၏။
ထိုလူက လမ်းလျှောက်တုတ်တစ်ချောင်းကို အသုံးပြု၍ လမ်းလျှောက်နေသည်။ သူကြားရတာက ထိုအရာမှ လာဟန်ရ၏။
လမ်းလျှောက်ထုတ်က ပါးလွှာပြီး ခရမ်းဖျော့ရောင်ရှိသည်။ လက်ကိုင်တွင်လည်း ကနုတ်ကနားများထွင်းသွားသည်။ ထိုအကျဉ်းတန်သည့် မျက်ကန်း၏ ဖုန်များဖြင့်ဖုံးလွှမ်းနေသောတစ်ကိုယ်လုံးမှာ ထိုတုတ်ချောင်းလေးကသာ ကြည့်၍ကောင်းပေသည်။
“မင်း စိတ်ဝိညာဉ်နန်းတော်ကိုတောင် ဘယ်လို၀င်နိုင်တာလဲ” ချန်ရှင်းချုမေးသည်။
ထျန်းစန်းစိတ်၀ိညာဥ်နန်းတော်က တကယ်ပဲ ဂုဏ်ဒြပ်တွေဘာတွေ မမက်မောလို့ ဒီလိုဂိုဏ်းသားတစ်ယောက်ကိုတောင် လက်ခံနိုင်တယ်လား။
စိတ်ဝိညာဉ်ကျင့်ကြံသူများ ကောင်းနှင့်မြေပြင်ကို ဘယ်လို ပြောင်းလဲနိုင်ပြောင်းလဲနိုင်၊ နေနှင့်လကို ဘယ်လို ခြယ်လှယ်နိုင် ခြယ်လှယ်နိုင် ဒီလို အကျဉ်းတန်တဲ့ရုပ်ကိုတော့ ပြန်မပြင်ပေးနိုင်ပါချေ။
လမ်းလျှောက်တုတ်နှင့် မျက်ကန်းက တစ်စုံတစ်ယောက်က သူ့ကို စကားပြောနေတာကိုမကြားသည့်အလား လမ်းကိုသာ တုတ်ဖြင့်ထောက်ရှာ၍ ဆက်သွားနေလိုက်၏။
သို့သော် အတွင်းစည်း၀င်ပေါက်က ဘယ်လောက်မှ မကျယ်လေရာ ချန်ရှင်းချု လမ်းအလယ်တည့်တည့်တွင်ရပ်ပြီး မျက်ကန်းကိုတားလိုက်သည်။
“ကန်းရုံတင်မဟုတ်ဘူး နားပါလေးနေတာလား” ကဲ့ရဲ့သည်။
ထို့နောက်လမ်းလျှောက်တုတ်ကိုကိုင်ထားသည့် ထိုမျက်ကန်း၏ လက်ကိုမြင်ရာ ချန်ရှင်းချု မျက်ခုံးပင့်လိုက်သည်။
သူ့ပေကျံနေသော ၀တ်ရုံ၏ဟောင်းနှင့်တခြားစီ ထိုမျက်ကန်း၊ နာလေး၏ လက်များက သန့်ရှင်းလှသည်။ သူ့လက်ချောင်းများကလည်း သွယ်လျပြီးတော့ လက်ဆစ်တိုင်းက လှပသည်။ မသိလျှင် ထိုမျက်ကန်းက အလုပ်ကြမ်းတစ်ခါမှ မလုပ်ဖူးသလိုနှင့်။
ထိုသို့ လက်မျိုးကို မိန်းမများသာ ပိုင်ဆိုင်နိုင်ပေသည်။ ဒါတောင် ထိုအခြေအနေအတိုင်းဆက်လက်ထိန်းသိမ်းထားဖို့က အင်မတန်ခဲယဉ်းပေမည်။ ထိုသို့လက်များနှင့် မျက်ကန်း၏ မျက်နှာနှင့် မတန်ပါချေ။
ချန်ရှင်းချုတောင်မနာလိုဖြစ်သွားသည်။
ထိုလက်ကို အသေးစိတ် တိတိကျကျ သူ့လေ့လာဆန်းစစ်ချက်အရရော အတွေ့အကြုံများအရပါ သူ့ရှေ့က မျက်ကန်းက အလွန်အသန့်အရှင်းကြိုက်သောသူဆိုတာ သူပြောရဲသည်။
ဒါပေမယ့် ဒီလိုလူများက ဘယ်လိုလုပ် ဖုန်ပေနေတဲ့ အင်္ကျီနှင့် အကျဉ်းတန်သော မျက်နှာတို့ကို ချုပ်တည်းနိုင်တာလဲ။
“ဘေးဖယ်ပေးပါဦး”
မျက်ကန်းကပြောသည်။ ထူးဆန်းစွာ သူ့အသံက နာ၀င်ချိုလှပြီး ခပ်အောအောရှိသည်။ သူ့စိတ်အသိက ချက်ခြင်းထွက်သွားဖို့ ပြောနေရာ ချန်ရှင်းချု မျက်မှောင်ကြုတ်လိုက်မိသည်။ သူဆက်လက်၍ ခေါင်းမာစွာ နေလိုက်၏။
ထိုလူက ကျင့်ကြံခြင်းတောင်မရှိရာ အမြင်ဘက်က အမှိုက်များနှင့် တစ်ဖွဲ့တည်းဖြစ်ရမည်။ ယခုမှ စိတ်ဝိညာဉ်နန်းတော်ကို ၀င်ခွင့်ရထားသူတောင်ဖြစ်နိုင်၏။
ဘေးဖယ်ပေးပါတဲ့။ သူက အတွင်းစည်းကို ၀င်ချင်တိုင်း၀င်လို့ရတယ်ထင်နေတာလား။ ဒီကမ္ဘာကြီးရဲ့ နိယာမကိုတောင် သိရဲ့လား။
ပို၍ အရေးကြီးတာက သူ့လို အရှင်သခင်နယ်ပယ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူကို ဂရုမထားတာလား။
ချန်ရှင်းချု အဆုံးမရှိအောင် ဒေါသထွက်သွားရသည်။ ရဲ့ရှောင်ထျန်း သူ့ကို နောက်ခံနှင့် အနိုင်ကျင့်တာကိုပြန်မြင်ယောင်မိပြီး ဘောင်းဘီထဲ သေးထွက်ကျတဲ့အထိ အဖြစ်ကိုပါ တွေးမိလိုက်သည်။
ဒီသာမန်လူက သူ့ရှေ့မှာ ဒီလို ခပ်တည်တည်နေနိုင်တယ်လို့ ဘယ်သူပြောတာလဲ။ အပြင်စည်းကသူ့ကို ကဲ့ရဲ့ခဲ့သည့် ဂိုဏ်းသားများကိုရှာမလို့ဖြစ်သည်။ သို့သော် ၎င်းက ပင်ပန်းခက်ခဲမည်ဖြစ်ကာ ဒီမျက်ကန်းက အချိန်ကိုက်ရောက်လာခဲ့၏။
ဟိုး ဟိုး။ ချန်ရှင်းချု ဒေါသပုံချချင်နေသည့်အချိန်မှ မျက်ကန်းနှင့်တွေ့တာ ကြက်ကန်းဆန်အိုးတိုးသလိုပင်။
“မဖယ်ပေးဘူးဆိုရင်ရော” ချန်ရှင်းချု ခက်ထန်စွာပြောသည်။
မျက်ကန်းနောက်ဆုံးတော့ လျှောက်လာတာရပ်လိုက်ရ၏။ မဟုတ်လျှင် သူတို့ အချင်းချင်းတိုက်မိလိမ့်မည်ဖြစ်သည်။
“ဖယ်ပေးပါ”
မျက်ကန်း ခေါင်းအနည်းငယ်စောင်းပြီး ပြောသည်။ ထိုရာတွင် လေတိုက်ခတ်သွားပြီး သူ့မျက်နှာကို တစ်ခြမ်းဖုံးထားသော ရှည်လျားသော ဆံနွယ်က အခြားတစ်ဘက်သို့ လွင့်သွား၏။ မည်သည့်ခံစားချက်မှမပါသည့် အသံမျိုးနှင့် ထိုမျက်ကန်းဆက်ပြောသည်။
၎င်းက ချန်ရှင်းချုကို ပိုလို့ စိတ်ဆိုးဒေါသထွက်သွားစေခဲ့၏။
တကယ် ခွန်အားမရှိ၊ ပါရမီမရှိဘဲ ကြွားလုံးသာထုတ်သည့် လူများကို သူအထင်အမြင်သေးသည်။ ထိုသူများက သူ့မုန်းဆီးခြင်းစာရင်းမှာ အဆင့်တစ်နေရာချိတ်သည်။
“မဖယ်ဘူးဆိုရင်ရော” ချန်ရှင်းချု ခပ်တန်တန်ပြောသည်။
“မဖယ်ဘူးဆိုရင် သေလိုက်”
မကြာခဏတိုက်ခတ်သည့် ညလေညှင်းက မျက်ကန်း၏ မချည်နှောင်ထားသော ဆံနွယ်များကို ယိမ်းယိုင်နေစေသည်။ သို့ဖြင့် တစ်မျိုးကြည့်ကောင်းနေတော့၏။ သူ့မျက်နှာသာ အကျဉ်းတန်မနေဘူးဆိုရင် တပယ် ချောမောခန့်ညားနေမှာ အမှန်ပင်။
ချန်ရှင်းချု ဟာသတစ်ခုကိုကြားလိုက်ရတဲ့အလား ထရယ်သည်။ “သေရမယ်ဟုတ်လား။ ငါ့ကို ဒီလိုပြောဖို့ ဘယ်က သတ္တိရလာတာလဲ”
သူ့မျက်လုံးများ ရဲ့ရှောင်ထျန်း၏ အရှက်ခွဲမှုတို့ကို ပြန်သတိရလိုက်သည့်အလားပင်။ ထိုမျက်ကန်းကို ကြီးမားသော ခွန်အားနှင့် ဖိနှိပ်ပစ်လိုက်ရန် ကြံထားသည်။
ထိုအခိုက်မှာ မျက်ကန်းကို ဒူးထောက်ကျသွားအောင်လုပ်ပြီး အပိုင်းပိုင်းစုတ်ဖြဲပစ်လိုက်ချင်စိတ်များသာ ရှိနေသည်။
ဘုန်း…။
သို့သော် အားပြင်းပြင်းနှင့် ထိုးချက်တစ်ချက်ပေးလိုက်ပြီးနောက်တောင် ထိုမျက်ကန်းက နေရာမှ တစ်ချက်မှမရွေ့သွားပါပေ။ ချန်ရှင်းချုက လေကိုသာထိုးလိုက်ရသလို ဘာမှ သက်ရောက်မှုမရှိသွားသလိုပင်။
ချန်ရှင်းချု မှင်တက်သွားသည်။ အာရုံပြန်စိုက်ပြီး မျက်ကန်းကို နောက်တစ်ချက်ထပ်ထိုးလိုက်၏။
ဘယ်လိုဖြစ်နိုင်မှာလဲ။ ဘာလို့ ဘာတုန့်ပြန်ချက်မှ မရှိတာလဲ။ နောက်ထပ် အာရုံထပ်စိုက်ရန်ပြင်လ်ိုက်သည်။ သို့သော် သူ့မျက်လုံးများမှေး နေပြီး ထို့ထက်ဆက်သွားရလျှင် မျက်လုံးများပိတ်သွားဖို့သာ ရှိတော့သည်။
အခြေအနေက ကသိကအောက်နှင့် တို့လို့တန်းလန်းကြီး ဆိတ်ငြိမ်ကျသွားခဲ့သည်။ ချန်ရှင်းချု ပါးစပ်ဟလိုက်သော်လည်း ဘာပြောရမှန်းမသိဖြစ်နေ၏။
တိတ်ဆိတ်မှုက ကြီးစိုးနေခဲ့သည်။
မျက်ကန်းလည်း အချိန်အကြားကြီးစောင့်နေပြီးနောက်မှာ သူ့ရှေ့က လူငယ်လေးက စက္ကူကျားသာဖြစ်ကြောင်းသိလိုက်ရပြီး တုတ်ဖြင့် မြေပြင်ကို ထောက်လိုက်သည်။
ဒက် ဒက်…။
၎င်းက တိုက်ခိုက်ရန်မဟုတ်ပါပေ။ မျက်ကန်းက ရှောင်ကွင်းရန် လမ်းရှာခြင်းသာဖြစ်သည်။
သူလည်းဘာမှမပြောသလို သူ့ရှေ့က လူငယ်လေးကလည်း ဆက်လက်မတိုက်လိုက်ရာ မမြင်သလို ဘေးမှ ရှောင်ကွင်း၍ တိတ်တဆိတ် ဖြတ်သွားလိုက်သည်။
“ချီးပဲ” ချန်ရှင်းချု ကျိန်ဆဲမိလိုက်သည်။
သူ့ခေါင်း တစ်ခုလုံးက ဒေါသတို့ဖြင့်တောက်လောင်နေပြီး ပေါက်ကွဲထွက်တော့မတတ်ဖြစ်နေသည်။
လစ်လျူရှူခံရတာက ရဲ့ရှောင်ထျန်း ဟာသလုပ်တာခံရတာထက် ပို၍ ဆိုးသည်။ ဒါ့အပြင်ကို သူ့ရှေ့မှ မျက်ကန်းက ဘာကျင့်ကြံခြင်းမှ မရှ်ိတဲ့ သာမန်လူတစ်ယောက်သာဖြစ်၏။
“မင်းတော့ သေချင်နေတာပဲ” အံကိုတင်းတင်းကြိတ်ထားသော သွားကြားမှ ထွက်လာသောလေသံဖြင့်ဆိုလိုက်သည်။ ဒေါသတကြီးနှင့် ချန်ရှင်းချု စိတ်ဝိညာဉ်စွမ်းအင်များပေါင်းထည့်ထားသော လက်သီးဖြင့် ထိုမျက်ကန်း၏ နောက်ကျောကိုထိုးလိုက်၏။
ရွှစ်…။
မျက်ကန်းက နောက်လှည့်မကြည့်လိုက်သော်လည်း ဆတ်ကတည်း ထိုင်ချလိုက်သည်။ ချန်ရှင်းချု၏ လက်သီးက မျက်ကန်း၏ ပုခုံးနားကပ်၍ လွဲချော်သွားသည်။
ချန်ရှင်းချုတစ်ခုခုမှားနေကြောင်းခံစားမိလိုက်တဲ့အချိန်မှာ မျက်ကန်းက သူ့လက်ကောက်၀တ်ကို ဆုပ်ကိုင်၍ ရှေ့သို့ ကိုင်ပေါက်ချလိုက်၏။
“ဟင်။ သူက သာမန်လူမဟုတ်ဘူး”
ထိုမျက်ကန်း၏ တန်ပြန်တိုက်ခိုက်ချက်က ချောမွေ့လွန်းလှတာကြောင့် ချန်ရှင်းချု၏ မျက်၀န်းများပြူးကျယ်သွား၏။ ထိုလူက အစွမ်းထက်မယ်ဆို ပေမယ့် လက်တွေ့ခံစားကြည့်ရတဲ့အခါ အံ့အားသင့်ရသေးသည်။
ဒီမျက်ကန်းသူ့ မြင့်မြတ်နတ်ဘုရားနန်းတော်၏ လျှို့၀ှက် နည်းစနစ်တစ်ခုဖြစ်သော စိတ်ဝိညာဉ်စစ်ဆေးခြင်းနည်းစနစ်ကို ဘယ်လိုများ ရှောင်နိုင်လိုက်တာလဲ။
စောနက စစ်ဆေးကြည့်တုန်းက ဘာကျင့်ကြံခြင်းအရှိန်အဝါကိုမှ မခံစားရတာကို ဒါကဘာသဘောလဲ။
ချန်ရှင်းချု ဆက်လက်တွေးတောနေဖို့ အချိန်မရှိပါတော့ချေ။ ရန်သူ့ကို ကျောပေးထားတာက ဆိုးနေလေပြီ။ သို့ဖြင့် ကိုယ်ကို ပြန်လည်တည်ငြိမ်အောင်လုပ်ပြီးသောအခါ ချက်ခြင်းနောက်လှည့်လိုက်သည်။
ဒက်…။
ထိုခရမ်းဖျော့လမ်းလျှောက်တုတ်က သူ့ နှလုံးကို ထောက်ထားသည်။
ထိုသာမန်တုတ်က သူ့မြင်ကွင်းထဲ၌ အန္တရာယ်ရှိသော ဓားတစ်ချောင်းအလား ဖြစ်လာခဲ့တာကြောင့် ချန်ရှင်းချု တံတွေးများကို ခက်ခက်ခဲခဲ မျိုချလိုက်ရ၏။
သူသာ အားနည်းနည်းထပ်စိုက်ခဲ့ရင်များ…
“အ”
သူတောင်းပန်ဖို့ ပါးစပ်တောင်မဟရသေးခင်မှာ ထိုမျက်ကန်းက တုတ်ကိုပြန်ဆွဲယူလိုက်ပြီး နောက်လှည့်ကာ အသာထွက်သွားလိုက်တော့၏။
၎င်းက ချန်ရှင်းချုကို အံ့အားသင့်သွားစေသည်။
“ဘာဖြစ်နေတာလဲ။ ဘာလို့ ငါ့ကို မသတ်လိုက်တာလဲ။ ထွီး နိမိတ်မရှိ နမာမရှိ”
ချန်ရှင်းချု အင်မတန် ထိတ်လန့်ကြောက်ရွံ့သွားခဲ့သည်။ ထိုမျက်ကန်းက တကယ် လူထူးဆန်းဖြစ်၏။ မသိလျှင် သူ့အသက်ကို နှုတ်ယူဖို့ စိတ်၀င်စားဟန်တောင်မရသော သေမင်းနှင့် အလားတူသည်။
သူက စိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်လား။
ဒါပေမယ့် ထိုလူက ဘာနည်းစနစ်မှမသုံးလိုက်ဘဲ သူတိုက်ခိုက်ချက်ကို ဘယ်လိုရှောင်ပြီး ဘယ်လို ချောချောမွေ့မွေ့ကာကွယ်လိုက်တာလဲ။ သူ့အသက်ကို ဘာလို့ချမ်းသာပေးလိုက်တာလဲ။
ထိုမျက်ကန်း၏ နောက်ကျောကိုကြည့်နေရင်း ချန်ရှင်းချု တုန်လှုပ်လာရတော့သည်။ ချက်ခြင်းနောက်ကပြေးလိုက်သွားပြီး သူ့မျက်ကို ဘယ်အဖက်ဆယ်လိုက်ချင်ပါရဲ့။
ဒါပေမယ့် သူ့ခြေထောက်များက အင်မတန်လေးလံနေခဲ့သည်။ ထိုရပ်နေသော နေရာ၌ အမြစ်ဆွဲထားသလို ရွေ့၍တောင်မရချေ။
ဘန်း…။
ရုတ်တရက် မီတာ (၃၀) အကွာက သစ်ပင်ကြီးပေါက်ကွဲထွက်သွားသည်။ ရုတ်တရက်ဆိုတော့ ချန်ရှင်းချု လိပ်ပြာလွင့်မတတ် ကြောက်ရွံ့သွားခဲ့၏။ သူ့ကျောရိုးတစ်လျှောက်လုံး ချမ်းစိမ့်သွားတာ ခံစားလိုက်ရသည်။
ထိုသစ်ပင်က မျက်ကန်းတုတ်ဖြင့် ထိုးလိုက်သော နေရာနှင့် တည့်တည့်မှဖြစ်သည်။
ငါ့ကိုသတိပေးဖို့ကြိုးစားနေတာလား။
ခရက်။
သူ့ခါးနားမှ အက်ကွဲသံတစ်ခုကြားလိုက်ရတာကြောင့် ချန်ရှင်းချု အလန့်တကြား ငုံ့ကြည့်လိုက်ရာ သူ့အကာအကွယ်ကျောက်စိမ်းပြား ကွဲကြေသွားတာကို တွေ့လိုက်ရသည်။
ထိုတံဆိပ်ပြားက အရှင်သခင်နယ်ပယ်ကျွမ်းကျင်သူ၏ ထိုးချက်ကို အပြည့်အဝခံယူနိုင်၏။
“ငါ….”
ချန်ရှင်းချု ဖင်ထိုင်ကျသွားပြီး အဝေးမှ မျက်ကန်းကို မယုံကြည်နိုင်စွာကြည့်လိုက်သည်။
သူက တုံးအသူမဟုတ်ရာ ချက်ခြင်း ထိုမျက်ကန်းက အရှင်သခင်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်းသိလိုက်ရ၏။
သို့ပေမယ့် ထိုလူက အသက် (၂၇)၊ (၂၈) လောက်သာရှိသေးချေသည်။
“ထျန်းစန်းနန်းတော်က လူတိုင်း ဒီလောက်ကြမ်းကြတာလား”
ချန်ရှင်းချု တုန်တုန်ရင်ရင် ရေရွတ်လိုက်သည်။ ထို့နောက် သူ့ ကြေမွသွားသော အကာအကွယ် ကျောက်စိမ်းပြားကို နှလုံးကွဲကြေစွာ နာကျင်ခံစားရရင်း ကောက်ယူလိုက်၏။
ထိုအရာလေးကြောင့်သာ မဟုတ်ရင် သူဒီနေ့ သေသွားလောက်ပေပြီ။
အပိုင်း (၁၈၀) : နွေးထွေးမှုနှင့် အပြစ်
ညီလာခံခန်းမ၌…။
ရဲ့ရှောင်ထျန်းက ချွေးများ အဆက်မပြတ်ကျလာနေပေမယ့် ကမ္ဘာနှစ်ခုကို ချိတ်ဆက်ထားသည့် လမ်းနှစ်သွယ်ကတော့ ကျောက်တုံးလို မြဲမြံနေသည်။
ကမ္ဘာနှစ်ခု ချိတ်ဆက်သွားသောအခါ ဗလာနယ်ပယ် အပေါက်ကြီးမှ ပုံရိပ်တစ်ခုထွက်လာခဲ့သည်။
“တစ်ယောက် ယောက်ထွက်လာနေပြီ” ကျောက်ကျစ်တုံ့ ထအော်လိုက်သည်။ သူအတန်ငယ် အံ့အားသင့်သွား၏။
မကြာခင်မှာ ဒုတိယ ပုံရိပ်၊ တတိယ ပုံရိပ် အစရှိသဖြင့် ကိုယ်စီထွက်လာကြသည်။ ထိုဗလာနယ်ပယ်မှ ထွက်လာရပြီးနောက်မှာ ထိုသူများ ခေါင်းမူးဝေနောက်သွားကြသည်။ ပြန်လည်သက်သာဖို့ အချိန် အနည်းငယ် ယူလိုက်ရ၏။
ဒီလိုနဲ့ သူတို့မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ အနက်၀တ်လူ ရာနှင့်ချီ၍ ရှိနေတာကို မြင်လိုက်ရပြီး လိပ်ပြာလွင့်မတတ်ဖြစ်သွားကြပေသည်။
“ဒါက…”
ဘယ်လို အစီအရင်တုန်းဟ။ ဒီအနက်၀တ်လူတွေက သူတို့ကိုဖမ်းဖို့ရှိနေကြတာလား။ ထိုမှလွဲ၍လည်း သူတို့ တခြားအကြောင်းအရာ မစဉ်းစားနိုင်ပါချေ။
ထျန်းရွှမ်တံခါးအတွင်း၌လည်း အမှားတစ်စုံတစ်ရာမလုပ်ခဲ့မိတာ သေချာပါသည်။ ဘာလို့ သူတို့ကိုဖမ်းဖို့ လူတွေအများကြီးစောင့်နေရတာလဲ။
သူတို့ ပတ်ပတ်လည်ကို ရှူကြည့်လိုက်သောအခါ ရဲ့ရှောင်ထျန်းနှင့် အကြီးအကဲကျောက်တို့၏ စိုးရိမ်နေသော မျက်၀န်းများကို မြင်ရသည်။
“မင်္ဂလာပါ။ ခေါင်းဆောင်”
“မင်္ဂလာပါ အကြီးအကဲကျောက်”
“အာ… မင်္ဂလာပါ ကြီးကြပ်သူကျောက်”
သူတို့ချက်ခြင်း စိုးရိမ်ဟန်ရနေသော အကြီးအကဲများသာမက လှေကားပေါ်မှာ ရှိနေသည့် ကျောက်ကျစ်တုံ့ကိုတောင်နှုတ်ဆက်လိုက်ကြသည်။ ထိုနောက်မှ သက်လတ်ပိုင်းအရွယ်လူကြီးနှင့် မျက်နှာလွှားစနှင့် အမျိုးသမီးလေးတို့ ဘယ်သူဘယ်ဝါ သိပါကလည်း နှုတ်ဆက်ကြမည်သာ။
“ဟားဟား” ထိုသုံးယောက်၏ စိုးရိမ်မှုများအထင်းသားပေါ်လွင်နေသော မျက်နှာများကိုကြည့်ပြီး အမြဲ စည်းကမ်းကိစ္စနှင့်ပတ်သက်လာရင် အကျောမခံတဲ့ ကျောက်ကျစ်တုံ့ ခြောက်ကပ်ကပ်ရယ်လိုက်သည်။
သို့သော် ထိုသုံးယောက်က ထိုရယ်သံကို သူတို့ကို လက်သည်တရားခံထင်၍လားဟု အဓိပ္ပာယ်လွဲမှားစွာကောက်မိလိုက်ကြ၏။
အကြီးအကဲကျောက် ဒေါသထွက်သွားပြီး မေးသည်။ “မင်းတို့က ဒီမှာ ဘာလုပ်နေကြတာလဲ”
သူ့မျက်လုံးထဲတွင်တော့ ကမ္ဘာကြီးပျက်တော့မယ်ဆိုရင်တောင် လူငယ်တွေကို အရင်ဦးစားပေးသင့်သည်။ သူ့အတွက်ကတော့ ထိုအရာက အသက်အပိုင်းအခြားဆိုင်ရာ ပြဿနာတစ်ခုပဲမဟုတ်ပါဘဲ စိတ်နေသဘောထား ပြဿနာလဲဖြစ်သည်။
ထိုမေးခွန်းကြောင့် သူတို့ သုံးဉီး ထိတ်ထိတ်ပျာပျာဖြစ်သွားကြသည်။ ခေါင်းဆောင်ဖြစ်ဟန်ရသူက ကျောက်ကျစ်တုံ့ကို မျက်ရည်များ ရွှန်းလဲ့နေသော မျက်၀န်းများဖြင့်ကြည့်ပြီး အသည်းအသန်ရှင်းပြလိုက်၏။ “ကျွန်တော်တို့မဟုတ်ဘူး။ ထျန်းရွှမ်တံခါးကို ဖောက်ခွဲပစ်တာ ကျွန်တော်တို့ မဟုတ်ပါဘူးဗျ”
ကျောက်ကျစ်တုံ့ တဟားဟားထရယ်လုမတတ်ဖြစ်သွားသည်။ ထိုသူရဲဘောကြောင်သည့်သူများက ထျန်းရွှမ်တံခါး ကိစ္စနှင့်ပတ်သက်ပြီး သူတို့ကို အပြစ်တင်မယ် မှတ်နေကြ၏။
ထိုသုံးယောက်က သံသယ၀င်စာရင်းမှာတောင် ပါ၀င်ဖို့ အရည်အချင်းမပြည့်မှီပါချေ။
စွံ့အသွားသော အကြီးအကဲကျောက် နှာခေါင်းရှုံ့လိုက်ပြီး ထိုသုံးယောက်နှင့် စကားမပြောချင်တော့ဘူးဆိုတာ အချက်ပေးလိုက်သည်။
ဗလာနယ်ပယ်လမ်းကြောင်းထပ်မံတောက်ပလာပြီး မိုမိုထွက်လာသည်။ သူများလိုပဲ သူမလည်း နောက်တောက်တောက်ဖြစ်သွားပြီး ပြန်လည်တည်ငြိမ်အောင်လုပ်ဖို့ အချိန်တစ်ခုယူလိုက်ရ၏။
အခြားသူများ မိုမို့ကို ဘာမှ မဖြစ်သလို ကြည့်လိုက်ကြပေမယ့် ကျောက်ကျစ်တုံ့ကတော့ မျက်မှောင်ကြုတ်နေမိသည်။
“ဒီထူးဆန်းတဲ့ ခံစားချက်။ ဘယ်ပျောက်သွားတာလဲ”
အတိတ်က ရည်းစား ပေါပေါများများ ထားခဲ့ဖူး၍လားမသိ သူ့ဆဌမအာရုံက အခြေအနေ အရပ်အမျိုးမျိုးမှာ တိကျသေချာပေသည်။ သူမှန်းလျှင် လွဲခဲသည်။
ယခင်တဲလေထဲမှာတုန်းက အကြီးအကဲစန်း၏ ဘယ်သူ သူလျှိုဖြစ်သလဲဟူသည့် မေးခွန်းကို မိုမိုလို့ဟု သူ့ထက်ရှတဲ့ အာရုံအပေါ် အခြေခံ၍ ဖြေဆိုခဲ့သည်။
ယခုတော့ ထို ထူးထူးဆန်းဆန်းခံစားချက်ကြီးက ဘယ်ပျောက်သွားတာလဲ။
“ငါမှား အတွက်မှားသွားတာလား” သူရေရွတ်လိုက်သည်။
“မဟုတ်သေးပါဘူး။ အကြီးအကဲစန်းပြောစကားအရတော့ သူလျှိုက နှစ်ယောက်ပါ။ လျှိုလင်းလင်းတစ်ယောက်က သေချာနေပြီဆိုမှတော့။ နောက်တစ်ယောက်က စုရှောင်ရှန်မဟုတ်ရင် မိုမိုပဲ”
မိုမို့ကို မျက်စိဒေါက်ထောက် သူလိုက်ကြည့်သည်။ သူမ ပြန်လည် သက်သာလာသောအခါ မျက်စိမှေးပြီး သူမကိုကြည့်နေရာမှာ အကြည့်လွှဲလိုက်၏။
သူ့စိတ်ထဲတွင်တော့ ရောက်ရက်ခက်နေပါသည်။
သူမ ပြန်သက်သာလာတာနဲ့ မိုမို သူ့ကို ကြည့်လိုက်ခြင်းကြောင့်ဖြစ်သည်။
ဘာလို့ ကြည့်နေတာလဲ…။
သူမကို သူမြင်ဖူးတာ တစ်ကြမ်ထဲပါ။ ဒီနေရာမှာ ခေါင်းဆောင်ရဲ့တို့ အကြီးအကဲကျောက်တို့လို အထင်ကရလူတွေအများကြီးပါ။ ဘာလို့ သူမက ထိုအနက်၀တ်လူ ရာပေါင်းများစွာအကြားက သူ့ကို မှ ရွေးကြည့်ရတာလဲ။ သူက ဒီနေရာမှာ အဲ့လောက်ထင်ပေါ်မနေပါဘူး။
အတိတ်ကထိုသို့ အာရုံစိုက်ခံရလျှင် ကျောက်ကျစ်တုံ့ ပျော်မည်သာ။ ယခုတော့ ထိုသို့ အာရုံစိုက်ခြင်းမျိုးမပေးပါနဲ့ဟု စိတ်ထဲမှ တတွတ်တွတ်ပြောနေရတော့၏။
“ချီး။ ယောက်ျားတစ်ယောက်က တကယ် ဘာကိုမှ ဂရုမစိုက်ရမှ၊ အရေးမပေးရမှ ပျော်ရွှင်ရတာဟ…” (လူပျိုကြီးဘ၀က မကျွတ်ချင်ကြတဲ့ အကြောင်းအရင်း)
ကျောက်ကျစ်တုံ့ ထို့သို့အတွေးလေလွင့်နေတာကို ရပ်လိုက်သည်။ ဘာဖြစ်ဖြစ် သူ့နောက်မှာ ခေါင်းဆောင်ရှောင်ရှိပါသည်။ ဖြစ်လာမည့် ပြဿနာများအတွက် ပူစရာမလိုပါချေ။
အလင်းရောင်တစ်ဖန် ပြန်တောက်ပလာသည်။
အချိန်အတန်ကြာသော် မုကျစ်ရှီနှင့် ကျောက်ချင်းထန်တို့ တဖြည်းဖြည်း ကျုံ့လာနေသော လမ်းလေးထဲမှ ထွက်လာကြ၏။ ထို့ နောက်ခရမ်း၀တ်နှင့်အမျိုးသမီးတစ်ယောက်ထပ်ထွက်လာသည်။
သူမက လျှိုလင်းလင်းဖြစ်သည်။
ကမ္ဘာနှစ်ခုဖြတ်ကူးခြင်းမှ ခေါင်းမမူးတာဆိုလို့ သူမ တစ်ယောက်တည်းသာရှိ၏။ အကြောင်းက ပြင်ဆင်ထားသောကြောင့်ပင်။
မြေပြင်ပေါ်ကို ရောက်လာတာနဲ့ အနက်၀တ်လူ ရာကျော်ကို မြင်လိုက်ရပြီး စိတ်နှလုံးကျဉ်းကြပ်သွားတော့သည်။
ဘယ်သူမှ ဘာမှ မပြောကြသော်လည်း အခြေအနေက ချက်ခြင်းတင်းမာသွားခဲ့၏။ မသိလျှင် အရာအားလုံးက်ို ဖျက်ဆီးဖို့ပဲ ကောင်းကင်၌ မိုးကြိုးပစ်ဖို့ အနက်ရောင်တိမ်တိုက်တိမ်ဆိုင်များ စုစည်းလာကြသလိုလိုနှင့်။
“အဲ့တာ သူမလား”
ယွဲ့ကျစ်၀မ် ထမေးသည်။ “ဒီမိန်းမက သန်မာလွန်းတယ်”
ကျန်းပင်းယန် ခေါင်းကိုအသာရမ်းလိုက်ကာ “မဟုတ်ဘူး။ သူမက အကြီးအကဲစန်းရဲ့ တပြည့်မဟုတ်ဘူး။ ငါထင်တာ မမှားရင် …”
သူ့အကြည့်များက နှစ်မွှာကျစ်ဆံမြှီးဖြင့် အစိမ်းဖျော့၀တ် အမျိုးသမီးထံရောက်သွားသည်။ သူမက စူးစမ်းချင်စိတ်ဖြင့် ပတ်ပတ်လည်ကို လျှောက်ကြည့်နေ၏။
ဒါက တကယ်ပဲ သူမလား။ ကျန်းပင်းယန် အနည်းငယ် သံသယ၀င်သွားသည်။
သူမက ထွက်လာတဲ့ ခေါင်းမမူးတဲ့ လူနှစ်ယောက်တည်းမှ တစ်ယောက်ဖြစ်၏။
အခြားအတူထွက်လာတဲ့တစ်ယောက်က ကျောက်ချင်းထန်ဖြစ်သည်။
သူမ ယှဉ်ပြိုင်ချင်စိတ်ထကြွလွန်းတာ စောလွန်းနေတာ သတိထားမိသွားပြီး ယွဲ့ကျစ်၀မ်၏ မျက်နှာလွှားစနောက်မှ မျက်နှာလေးပြောင်းသွားရသည်။
မူလနန်းတော် အထွတ်အထပ်နယ်ပယ်တည်းလား။
အကြီးအကဲစန်းရဲ့ တပြည့်မဆိုတာ သူလား။
အင်း… သူမမှာ ထူးခြားတဲ့ ဝှက်ဖဲရှိလို့နေမှာပါ။
လေထဲမှ လမ်းကြောင်းကို ဆက်တည်မြဲအောင်လုပ်နေသည့် ရဲ့ရှောင်ထျန်းနှင့် ကျောက်ကျန်းရှီတို့မျက်လုံးများ လျှိုလင်းလင်း အပေါ်ကျသွားကြသည်။ သူမ၏ စိတ်အခြေအနေကို အတိုက်အခိုက်ပြုလိုက်ပြီးနောက်မှာ အကြီးအကဲကျောက်ပြုံးလိုက်သည်။
“လင်းလင်း ကလေးမ အခြားသူတွေရော”
လျှိုလင်းလင်း သေသည်အထိ တိုက်ခိုက်ဖိုကြံထားရာ ဤအမေးကို မမျှော်လင့်ထားပါပေ။
အကြီးအကဲကျောက်၏ မျက်၀န်းများ၌ အေးစက်မှုကို တစ်စွန်းတစ်စမှ မမြင်ရတဲ့အတွက် အံ့အားသင့်သွားသည်။ ထိုအစား ထင်မှတ်မထားလောက်သည့် နွေးထူးမှုကိုမြင်လိုက်ရ၏။
သူသိကော သိရဲ့လား။
ဘာလို့ သူမကို အဲ့လို အကြည့်မျိုးနဲ့ ကြည့်နေတာလဲ။
အပြစ်ရှိသလိုလို ခံစားချက်ကြောင့် လျှိုလင်းလင်း လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်မိလိုက်သည်။ အပြင်စည်းမှာ ဆော့ကစားခဲ့တဲ့ အချိန်များ အတွေးထဲ ဝင်လာကြ၏။
သူမ ပါးစပ်ကို ဖွင့်ပြီး တစ်ခုခုပြောလိုက်ချင်သော်လည်း ဘာမှ ထွက်မလာပါ။
ထိုအကြီးအကဲကျောက်က သူမ ကျင့်ကြံခြင်းလမ်းစဉ်မှာ ဖြတ်လမ်း သေးသေးလေးလိုက်မိတာတောင် နေ့တစ်၀က်လောက်ကြာအောင် ဆူပူကြိမ်းမောင်းနေတတ်သည့် သူဖြစ်သည်။
သူမ၏ လက်သည်းများက လက်ဖဝါးထဲဖောက်ဝင်သွားကြ၏။ လျှိုလင်းလင်း စကားမပြောခင် ခက်ခက်ခဲခဲ ရုန်းကန်လိုက်ရ၏။ “စုရှောင်ရှန်က အခြားတစ်ဘက်ကို သွားနေပြီး ပြန်မလာသေးဘူး။ ကျန်တဲ့နှစ်ယောက်ကတော့ ပျောက်သွားပြီ”
“ကျန်တဲ့နှစ်ယောက်ဟုတ်လား” အကြီးအကဲကျောက် သက်ပြင်းချပြီး မေးလိုက်သည်။ “ယွမ်တုနဲ့ ကျိုးထျန်းရှန်လား”
ယွမ်တုဘာဖြစ်သွားလဲမသိပေမယ့် ကျိုးထျန်းရှန် ဘာဖြစ်နေတာလဲဆိုတာကိုတော့ ခပ်ရေးရေးလေး သိနေသည်။
ကောင်းကင်အမြင်မှ ပုံရိပ်အရတော့ ကျိုးထျန်းရှန်က သတ်ဖြတ်ခြင်းကွင်းပြင်မှာ အချိန်ကြာကြာ နေမိတဲ့အတွက် စိတ်လွတ်နေပုံရ၏။ ထျန်းရွှမ်တံခါးထဲမှာ သုံးရက်ကြာရင် သူအလိုလို သတိပြန်ရလာမည်သာ။ အဲ့တော့ ဘာမှ မဖြစ်…။
ဟင်…။
သတ်ဖြတ်ခြင်းကွင်းပြင်။
တစ်ခုခု မှားနေတာကို ခံစားနေရပေမယ့် ဘယ်အရာလည်း တိတိကျကျ မပြောနိုင်ပါချေ။
သူ့အတွေးများကို အသေအချာ ပြန်စီစဉ်ပြီး စဉ်းစားကြည့်သည်။
စုရှောင်ရှန်က ကျိုးထျန်းရှန်နှင့် ခင်မင်ရင်းနှီးသော ဆက်ဆံမှုမျိုးရှိသည်။ ရဲ့ရှောင်ထျန်း၏ တာ၀န်ကို လုပ်ဖို့ သတ်ဖြတ်ခြင်း ကွင်းပြင်ကို သွားလောက်မှာပဲ။
ထိုမှ စုရှောင်ရှန်သာ ကောင်းပင်သစ်ပင် အစေ့ကို စိုက်ချင်တယ်ဆိုရင် ချုပ်နှောင်ထားတဲ့ လျှို့၀ှက် ရတနာကို ချိုးဖျက်ယူရမှာ။
“ဟုတ်သား။ လျှို့ဝှက်ရတနာ”
ကျောက်ကျန်းရှီ၏ မျက်လုံးများပြူးကျယ်သွားပြီး စိုးထိတ်မှုများအထင်းသားပေါ်လာကြ၏။
ချက်ခြင်း ရဲ့ရှောင်ထျန်းဘက်လှည့်လိုက်ကာ “တကယ်လို့ စုရှောင်ရှန်သာ သတ်ဖြတ်ခြင်းကွင်းပြင်ကို သွားခဲ့ရင် … ကျဲ”
သူ့အရှေ့အနောက်ဆက်စပ်မှုမရှိသော စကားကြောင့် ရဲ့ရှောင်ထျန်း အလန့်တကြား သတိလွတ်သွားခဲ့သည်။ ချက်ခြင်း ကမ္ဘာနှစ်ခုကို ဆက်သွယ်ထားသော လမ်းက စတင်တုန်ခါလာပြီး ပေါက်ကွဲတော့မတတ်ဖြစ်လာ၏။
လူတိုင်း လန့်ဖျပ်သွားကြသည်။
“ချီးပဲ။ ဘာတွေ သွေးလန့်နေတာတုန်း အေးဆေးလုပ်ဟ”
ရဲ့ရှောင်ထျန်းကို ကျောက်ကျန်းရှီ လှုပ်ရမ်းလိုက်သည်။ သို့မှ ကမ္ဘာနှစ်ခုကြားက လမ်းလေးက ပြန်လည်တည်ငြိမ်လာတော့သည်။ သို့သော် အကြီးအကဲကျောက် မပျော်နိုင်ပါ။
ထိုအခိုက်၌ လမ်းကို လျှောက်လာနေသည့်သူ မရှိပါချေ။
လူတိုင်း ရဲ့ရှောင်ထျန်းကို တအံ့တအောကြည့်လိုက်ကြ၏။
သူတို့ ခေါင်းဆောင်က မျက်လုံးထဲ ချွေးစက်၀င်တာတောင် မတုန်လှုပ်တာ၊ တောင်ကြီးပြိုတော့မယ်ဆိုတာတောင် မတုန်လှုပ်တာ အခုတော့ အကြီးအကဲကျောက်၏ စကားလေးတစ်ခွန်းကြောင့် ကမ္ဘာနှစ်ခုအကြားက လမ်းလေးကို ဖျက်ဆီးမိတော့မတတ်ဖြစ်သွားတယ်ပေါ့။
“ကျဲ…. ဆိုတာ။ဘာကြီးလဲ”
လူတိုင်း ထိုထူးဆန်းသော စကားလုံးကို မှတ်ထားလိုက်ကြသည်။
ကျန်းပင်းယန် ထိုစကားလုံးကိုများ သိသလား စဉ်းစားကြည့်လိုက်ပေမယ့် ဘာမှ ထွက်မလာရာ လက်လျော့ အရှုံးပေးလိုက်သည်။
ရဲ့ရှောင်ထျန်း လမ်းကြောင်းကို နောက်တစ်ကြိမ် တည်ငြိမ်အောင်လုပ်ပြီးတဲ့နောက်မှာ အသက်ကို ခပ်ပြင်းပြင်းရှိုက်ကာ ရေရွတ်လိုက်၏။ “စုရှောင်ရှန်… မဖြစ်နိုင်ပါဘူး။ အခြေအနေက ဒီလောက်ကြီး မဆိုးလောက်ပါဘူး”
ထို ကြိုးစားကျင့်ကြံသည့် စုရှောင်ရှန်ကို ယုံကြည်သည့် အကြီးအကဲကျောက်တောင် ယခု မသေချာပါတော့ချေ။
အပြာရောင် ကောင်းကင်ကြီးကို မသေချာ မရေရာမှုများဖြင့် မော့ကြည့်လိုက်၏။
“မျှော်လင့်ရတာပေါ့”