Switch Mode

Chapter – 800

အခန်း (၈၀၀) ဒဏ္ဍာရီ ဖန်တီးခြင်း
“ကျွန်တော် စိတ်ကြီးဝင်တာ မဟုတ်ပါဘူး၊ ကျွန်တော် မဟာကရုဏာတရားနဲ့ သူ့ကို ပြုပြင်ပြောင်းလဲချင်တာပါ” ချူရှီရန်က အလေးအနက် ပြောလိုက်ပါတယ်။ ပြောရမယ်ဆိုရင် ချူရှီဟာ ဗုဒ္ဓကမ္ဘာကို တည်ထောင်ပြီးကတည်းက ဗုဒ္ဓနဲ့ ပိုပိုတူလာတာပါ။
“အလွန်အကျွံ လျှောက်မလုပ်နဲ့”
“မစိုးရိမ်ပါနဲ့ ဆရာဘိုးဘိုး… တိတ်ဆိတ်ဂိုဏ်း ပဋိပက္ခကို စုစည်းတဲ့အချိန်ကျရင် ကျွန်တော်ရဲ့ ဗုဒ္ဓကမ္ဘာက တိတ်ဆိတ်ဂိုဏ်းဆီကို ငြိမ်းချမ်းရေး သယ်ဆောင်လာပေးပါ့မယ်”
“မင်း ဘာမဟုတ်တာတွေ လျှောက်ပြောပြန်ပြီလဲ၊ တိတ်ဆိတ်ဂိုဏ်းက ဘာလို့ ပဋိပက္ခကို စုစည်းရမှာလဲ”
“ကျွန်တော် ပြောတာ မှားသွားတယ်၊ ကောင်းကင်တာအိုက ပဋိပက္ခကို စုစည်းမှာ…”
“ကောင်းကင်တာအိုက ပဋိပက္ခကို မစုစည်းဘူးကွ… အင်အားကြီးလာအောင် လုပ်တာ သူများကို သွားသိမ်းပိုက်ဖို့ မဟုတ်ဘူး၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့… ငါ ပြောတာ နားလည်လား” ဟန်ကျွယ်က အလေးအနက် သတိပေးလိုက်ပါတယ်။ ချူရှီရန်ရဲ့ အတွေးအမြင်တွေက လမ်းလွဲနေတယ် မဟုတ်ပါလား။
ချူရှီရန်က ချက်ချင်းပဲ တောင်းပန်ပါတယ် “ဟုတ်တယ်… ဟုတ်တယ်… ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပါ”
ချူရှီရန်ဟာ စိတ်ထဲမှာ သက်ပြင်းချလိုက်ပါတယ် ‘ဆရာဘိုးဘိုးက တကယ်ကို မျက်နှာပြောင် အတိုက်ဆုံးပဲ’
ကောင်းကင်တာအိုရဲ့ တိုးတက်မှုက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့တင် မဟုတ်ဘဲ ရည်မှန်းချက် ကြီးမားတယ်ဆိုတာ အသိသာကြီးပါ။ ဒါက ဟန်ကျွယ်က ဗြောင်လိမ်ဗြောင်စား လုပ်လိုက်တယ် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ ချူရှီရန်နဲ့ စကားခဏပြောပြီးမှ အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။
တာအိုဘုံကျောင်းထဲက ဟန်ကျွယ်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ရဲ့ စည်ကားမှုတွေကို မခံစားနိုင်ဘဲ ရုတ်တရက် အထီးကျန်တယ်လို့ ခံစားလိုက်ရပါတယ်။ သူ့တပည့်တွေက ကြီးပြင်းလာကြပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နေကြပြီ မဟုတ်ပါလား။ အရင်လို သူ့အပေါ်ကို မမှီခိုကြတော့ပါဘူး။
အတိတ်မှာတုန်းက ဟန်ကျွယ်ဟာ သူ့တပည့်တွေ ပြဿနာရှာမှာကို စိုးရိမ်နေခဲ့ပါတယ်။ အခု ဟန်ကျွယ် စွမ်းအားကြီးလာတဲ့ အချိန်မှာတော့ သူ့တပည့်တွေက သူ့အတွက် ပြဿနာဖြစ်မှာကို စိုးရိမ်နေပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်တွေ ဖျက်ဆီးခံရတာတောင် အံကြိတ်တောင့်ခံပြီး ဟန်ကျွယ်ကို အကူအညီ မတောင်းကြပါဘူး။
“မင်းတို့တွေက တကယ်ကို မသိတတ်တာပဲ၊ မင်းတို့ရဲ့ ဆရာသခင်က နောက်ဆုံးမှာ စွမ်းအားကြီးလာပြီး အစွမ်းပြရမဲ့အချိန်ကို‌ရောက်မှ မင်းတို့တွေရဲ့ အစိုးရိမ်လွန်မှုကြောင့် အစွမ်းပြခွင့်ကို မရတော့ဘူး” ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ခံစားချက်တွေကို ထိန်းချုပ်ပြီး ဆက်ကျင့်ကြံပါတယ်။ ဟန်ကျွယ်ဟာ စွမ်းအားကြီးလာတာ မှန်ပေမဲ့ ပြိုင်ဘက် မကင်းသေးပါဘူး။ အခုအချိန်မှာ နတ်အာဏာရှင် စစ်သူကြီး တစ်‌သောင်းက ဟန်ကျွယ်ရဲ့ အကြီးမားဆုံး ရန်သူတော်ကြီးတွေ ဖြစ်လာပါပြီ။
တာအိုစက်ကွင်းက နတ်အာဏာရှင် စစ်သူကြီးတွေကို ဟန့်တားနိုင်တယ်ဆိုပေမဲ့ ဒီကိစ္စက သေးသေးကွေးကွေး မဟုတ်ပါဘူး။ ပဋိပက္ခတစ်ခုလုံးက သူ့တာအိုစက်ကွင်းကို အာရုံစိုက်လာမှာပါ။ ဒီလိုဆို အပြင်ဘက် ရောက်နေတဲ့ သူ့တပည့်တွေ လုံခြုံတော့မှာ မဟုတ်ပါဘူး။
ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်က စကြဝဠာခန်းမမှာ တာအိုပညာရှိတွေ စုဝေးနေကြပါတယ်။ တာအိုပညာရှိတွေဟာ ပန်ရှင်းနားမှာ စုဝေးနေကြပါတယ်။ ပန်ရှင်းက ဟန်ကျွယ်အကြောင်းကို မြှောက်ပင့်ပြီး ပြောဆိုနေတာ ဖြစ်ပါတယ်။
“ကောင်းကင်တာအိုကနေ ဟိုးအဝေးကြီးမှာရှိတဲ့ မဟာတာအိုမျှော်စင်က ရန်သူကို တကယ် လှမ်းသတ်နိုင်တာလား” ရန်ချဲက မယုံဘဲ မေးလိုက်ပါတယ်။ ရန်ချဲဟာ မဟာတာအိုမျှော်စင်ကို ရောက်ဖူးပါတယ်။ အဲဒီတုန်းက ရန်ချဲဟာ တာအိုပညာရှိအတုအဆင့်ပဲ ရှိသေးပြီး ကောင်းကင်တာအိုကနေ မဟာတာအိုမျှော်စင်ကို ရောက်ဖို့အတွက် နှစ် ၂၀,၀၀၀ ကျော် ခရီးနှင်ခဲ့ရပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ကောင်းကင်တာအိုနဲ့ မဟာတာအိုမျှော်စင် ဘယ်လောက် ဝေးကွာလဲဆိုတာ သိနိုင်ပါတယ်။
ကောင်းကင်တာအိုကတင် ကျယ်ပြန့်လွန်းနေပါပြီ။ ကောင်းကင်တာအိုထဲမှာ ဘီလီယံချီတဲ့ စကြဝဠာတွေနဲ့ မရေမတွက်နိုင်တဲ့ ကာလ-ဒေသတွေ တည်ရှိနေပါတယ်။ သေမျိုးကမ္ဘာတိုင်းက မဟာစကြဝဠာအသွင် ဆင့်ကဲပြောင်းလဲနိုင်ပြီး ဂလက်ဆီ အသင်္ချေကို ထုတ်လွှတ်နိုင်ပါတယ်။ တာအိုပညာရှိတစ်ပါးရဲ့ အတွေးက ဒီလောက်ကျယ်ပြန့်တဲ့ ကောင်းကင်တာအိုကို တစ်ချက်တည်း လွှမ်းမိုးနိုင်တဲ့အတွက် သက်ရှိအားလုံးရဲ့ မျက်လုံးထဲမှာ နတ်ဘုရားလို ဖြစ်နေတာပါ။
ဒါပေမဲ့ ပဋိပက္ခက အဆုံးမရှိပါဘူး။ တာအိုပညာရှိတွေဟာ ပဋိပက္ခရဲ့ တစ်စွန်းတစ်စကိုပဲ ထောက်လှမ်းနိုင်ပါတယ်။ ဒါကြောင့် ဟန်ကျွယ်ရဲ့ စွမ်းဆောင်ရည်က တကယ်ကို မယုံနိုင်စရာပါ။
ပန်ရှင်းဟာ ရန်ချဲကို စိန်းစိန်းဝါးဝါး စိုက်ကြည့်ပြီး ပြောလိုက်ပါတယ် “ဟုတ်တယ်၊ တာအိုရောင်းရင်းဟန်က မဟာတာအိုပညာရှိလေ၊ မင်းက လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်အဆင့်မှာပဲ ရှိသေးတာ၊ မင်းအထက်မှာ လွတ်လပ်တာအိုပညာရှိ အဆင့် ရှိသေးတယ်၊ မင်းက ဘယ်လိုလုပ်ပြီး မဟာတာအိုပညာရှိတစ်ပါးရဲ့ စွမ်းအားကို စိတ်ကူးကြည့်နိုင်မှာလဲ၊ နောက်ပြီး တာအိုရောင်းရင်းဟန်က မဟာတာအိုပညာရှိတွေထဲမှာ ပြိုင်ဘက်ကင်းနေပြီ”
လီထိုက်ကူက စိတ်လှုပ်တရှား ခေါင်းညိတ်လိုက်ပါတယ် “ဟုတ်တယ်၊ ကျွန်တော်လည်း စီနီယာဟန်က တာအိုဘိုးဘေးလိုမျိုး အစွမ်းအထက်ဆုံး တည်ရှိမှုလို့တောင် ခံစားရတယ်၊ စီနီယာဟန် စွမ်းအားကြီးလို့လည်း ကောင်းကင်တာအိုက ထပ်ပြီးတော့ ရန်သူ မတွေ့တော့တာ၊ ပဋိပက္ခကမ္ဘာ တော်တော်များများက ကောင်းကင်တာအိုကို မျက်နှာလို မျက်နှာရ လုပ်နေကြတာ စီနီယာဟန်ရဲ့ စွမ်းအားကြောင်းပဲမလား”
ကျန်းကူရှင်းဟာ မုတ်ဆိတ်မွေးကို လက်နဲ့သပ်ပြီး စိတ်ထဲမှာ သက်ပြင်းချလိုက်ပါတယ်။
အရင်တုန်းက ခပ်ကြောက်ကြောက် လူငယ်လေးဟာ အခုတော့ ပဋိပက္ခတစ်ခုလုံးက လေးစားရတဲ့ အထွတ်အထိပ် တည်ရှိမှုတစ်ခု ဖြစ်လာပါပြီ။ ကျန်ကူးရှင်းဟာ ဒီကိစ္စကို ပြန်တွေးကြည့်တိုင်း အံ့ဩတကြီး ဖြစ်နေရတုန်းပါ။ ဒီကိစ္စက ဘယ်ဒဏ္ဍာရီထက်မဆို ပိုပြီးတော့ ခမ်းနား ပိုပြီးတော့ ကြီးကျယ်ပါတယ်။ တာအိုပညာရှိတွေတောင် စိတ်ဝင်တစား ဆွေးနွေးကြတယ် မဟုတ်ပါလား။
ဒီအချိန်မှာပဲ ကောင်းကင်အရှင်ရွှမ်တု ပေါ်လာတဲ့အတွက် တာအိုပညာရှိတွေဟာ ကိုယ့်နေရာ ကိုယ်ပြန်ထိုင်ကြပါတယ်။
ကောင်းကင်အရှင်ရွှမ်တုဟာ တာအိုပညာရှိတွေကို တစ်ချက်ဝေ့ကြည့်ပြီး ပြောလိုက်ပါတယ် “ငါ အခုလေးတင် သတင်းရလာတယ်၊ ကောင်းကင်ရုံးတော်နဲ့ မဟာတာအိုမျှော်စင်ကို ဘိုးဘေးရှီတျန်၊ ရှီတုတောက်နဲ့ လီတောက်ခုံး ဦးဆောင်တဲ့ ရှုံဟွာအင်အားစုက တိုက်ခိုက်ခဲ့တယ်၊ ကံကောင်းသွားတာက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ လှုပ်ရှားလိုက်တဲ့အတွက် ဘိုးဘေးရှီတျန်ကို တစ်ချက်တည်းနဲ့ သတ်ပစ်လုနီး ဖြစ်သွားတယ်၊ အဲဒါကြောင့် ဒီတိုက်ပွဲမှာ ရှုံဟွာတွေ ရှုံးသွားတယ်၊ ဒီတိုက်ပွဲကြောင့် ကောင်းကင်ရုံးတော်ရဲ့ ဂုဏ်သတင်းက ပဋိပက္ခတစ်ခုလုံးကို ပဲ့တင်ထပ်သွားပြီ၊ ကောင်းကင်တာအိုနားမှာရှိတဲ့ ရှုံဟွာတွေလည်း ဆုတ်ခွာသွားကြတယ်၊ သူတို့တွေ ကောင်းကင်တာအိုရဲ့ သတင်းအချက်အလက်တွေကို ဆက်ပြီးတော့ မစုဆောင်းရဲကြတော့ဘူး”
တာအိုပညာရှိတွေဟာ အုတ်အော်သောင်းနင်း ဖြစ်သွားပါတယ်။
ပန်ရှင်းဟာ တာအိုပညာရှိတွေကို ငါပြောတာ ယုံပြီလားဆိုတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ပါတယ်။
ကောင်းကင်အရှင်ရွှမ်တုဟာ ပြုံးပြီးတော့ ဆက်ပြောပါတယ် “ဒီတိုက်ပွဲက ကောင်းကင်ရုံးတော်ရဲ့ ဂုဏ်သတင်းကို ထပ်ပြီးတော့ မြှင့်တင်ပေးလိုက်တာပဲ၊ ပြောရမယ်ဆိုရင် တာအိုရောင်းရင်းဟန် ရှုံဟွာတွေကို အထိနာအောင် တိုက်ခိုက်တာ ဒါ ပထမဆုံးအကြိမ် မဟုတ်တော့ဘူး၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိဆိုတဲ့ နာမည်က အနာဂတ်မှာ ပိုပြီးတော့ ကျယ်ပြန့်လာမှာပဲ”
“ဒီကိစ္စကနေ ကောင်းကင်တာအိုလည်း မလွဲမသွေ အကျိုးအမြတ် ရမှာပဲ၊ ငါ ဒီနေ့ မင်းတို့အကုန်လုံးကို ခေါ်လိုက်ရတာက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိတွေရဲ့ ဒဏ္ဍာရီကို ဖြန့်ကြက်ဖို့ပဲ၊ ဒီတစ်ခါ ငါ့ရဲ့ ပန်းတိုင်က ပဋိပက္ခပဲ၊ ဘာပဲဖြစ်ဖြစ် ကောင်းကင်တာအိုနဲ့ ရှုံဟွာအင်အားစုရဲ့ ရန်ငြိုးက ကမ္ဘာမကျေ ဖြစ်နေပြီ၊ အဲဒီတော့ သူတို့ကို ဂရုစိုက်စရာ မလိုဘူး၊ ငါတို့က ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို ပဋိပက္ခရဲ့ အစောင့်အရှောက်အဖြစ် ဝါဒဖြန့်မယ်၊ ရှုံဟွာအင်အားစုက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိအောက်မှာ ပြားပြားဝပ်ရလိမ့်မယ်”
တာအိုပညာရှိဟောင်းတွေက ခေါင်းညိတ်လိုက်ပေမဲ့ တာအိုပညာရှိအသစ်တွေကတော့ ထူးထူးဆန်းဆန်း ဖြစ်သွားကြပါတယ် ‘ဒါဆို အဲဒီဒဏ္ဍာရီတွေက တာအိုပညာရှိတွေ တမင်ဖြန့်တာပေါ့’
ရန်ချဲဟာ တာအိုပညာရှိတွေရဲ့ မျက်နှာက ရုပ်ဆိုးလွန်းတယ်လို့ ခံစားလိုက်ရပေမဲ့ သက်ရှိအားလုံးကို လိုသလို ထိန်းချုပ်နိုင်တဲ့ ခံစားချက်ကိုတော့ တော်တော်လေး ခုံမင်ပါတယ်။
ကောင်းကင်အရှင်ရွှမ်တုဟာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ အောင်မြင်မှုအသီးသီးကို စပြီးတော့ ပြောပါတယ်။ ကောင်းကင်အရှင်ရွှမ်တုဟာ တကယ့်အဖြစ်အပျက်တွေကို ပြောနေသလိုမျိုး စိတ်နှစ်ပြီးတော့ကို ပြောတာပါ။
ဖန်းလျန်နဲ့ စုချီဟာ ကောင်းကင်အရှင်ရွှမ်တုရဲ့ ဟန်ပန်အမူအရာနဲ့ စကားတွေကို နားထောင်ပြီး ဘာပြောရမှန်း မသိတော့ပါဘူး။ သူတို့သာ ဟန်ကျွယ်ရဲ့ စရိုက်ကို မသိဘူးဆိုရင် ကောင်းကင်အရှင်ရွှမ်တု ပြောတာတွေကို တကယ်ယုံမိမှာပါ။
အချိန်အတော်ကြာတဲ့အခါမှာတော့ ကောင်းကင်အရှင်ရွှမ်တုဟာ ပြောလို့ ပြီးသွားပါပြီ။ တာအိုပညာရှိတွေကလည်း စိတ်ထဲမှာ မှတ်ထားလိုက်ပါတယ်။
“ငါ ဒီနေ့ မင်းတို့ကို ခေါ်လိုက်ရတာက တခြားကိစ္စ ရှိသေးတယ်၊ ရှန်ပေါင် တာအိုကျင့်ကြံသူက ကောင်းကင်တာအိုကို အခွင့်အရေးတစ်ခု ပေးချင်တယ်လို့ ငါ့ကို ပြောတယ်၊ ဒီအခွင့်အရေးက ပဋိပက္ခ မီးပင်လယ်ပဲ၊ ဒီမီးပင်လယ်က သာမန်မဟုတ်ဘဲ ဖန်တီးရှင်ချီတွေ ပါဝင်နေတယ်၊ ဒါကိုသုံးပြီး အကောင်းစား ရတနာတွေ ထုဆစ်လို့ရတယ်၊ ငါတို့သာ ဒီမီးပင်လယ်ကို ထိန်းချုပ်နိုင်မယ်ဆိုရင် ဓမ္မရတနာ ဖန်တီးချင်တဲ့ ပဋိပက္ခကျင့်ကြံသူတွေ အများကြီးကို ဆွဲဆောင်နိုင်လိမ့်မယ်” ကောင်းကင်အရှင်ရွှမ်တုဟာ တစ်လုံးချင်း ပြောလိုက်ပါတယ်။
ရွှီတုတောက်ဟာ လက်ခုပ်တီးလိုက်ပါတယ် “ဖြောင်း… ဖြောင်း… ဒါ ကောင်းတဲ့ကိစ္စပဲ၊ ဒါပေမဲ့ ကျွန်တော်တို့တွေ ရှန်ပေါင် တာအိုကျင့်ကြံသူကို ယုံလို့ရပါ့မလား၊ သူက ဘာလို့ ဒီလိုအခွင့်အရေးမျိုးကို ကိုယ့်ဘာသာ မသုံးဘဲ ကောင်းကင်တာအိုကို ပေးရတာလဲ”
ကောင်းကင်အရှင်ရွှမ်တုက ပြန်ဖြေပါတယ် “မဟာတာအို နတ်စိတ်ဝိညာဉ်တွေက ဖန်တီးခြင်းကို တိုက်ရိုက် ထိန်းချုပ်လို့ မရဘူး၊ မဟုတ်ရင် စည်းကျော်ရာ ရောက်လိမ့်မယ်၊ ဒါပေမဲ့ သူ ကောင်းကင်တာအိုကနေ မီးပင်လယ်ကို ထိန်းချုပ်ရင် သူ့အတွက် ကျိန်းသေပေါက် အကျိုးအမြတ်ရမှာပဲ၊ ဒါက သွယ်ဝိုက်ပြီး ထိန်းချုပ်တာလို့ ပြောလို့ရတယ်”
တာအိုပညာရှိတွေဟာ အတွေးနက်သွားပါတယ်။
ကောင်းကင်အရှင်ဝူဖာက ပြောလိုက်ပါတယ် “ဒီကိစ္စက သဘောတူလို့ရတယ်၊ ဒါပေမဲ့ ကောင်းကင်တာအိုက ပဋိပက္ခ သက်ရှိတိုင်းကို လက်မခံဘူး၊ ဒုက္ခရောက်နေတဲ့ ပဋိပက္ခ သက်ရှိတွေကိုပဲ လက်ခံမယ်၊ နောက်ပြီး ကောင်းကင်တာအိုက ပါရမီရှင်တွေ စွမ်းအားကြီးပုဂ္ဂိုလ်တွေကို ဆွဲဆောင်ချင်တယ်ဆိုရင် သူတို့ကို ဆွဲဆောင်နိုင်တဲ့ တစ်ခုခုရှိဖို့ လိုတယ်၊ ကောင်းကင်တာအိုမှာ နေထိုင်ခွင့်နဲ့တင် မလုံလောက်သေးဘူး”
တခြားတာအိုပညာရှိတွေလည်း ခေါင်းညိတ်လိုက်ကြပါတယ်။ ဒါပေမဲ့ သူတို့ဟာ ရှန်ပေါင် တာအိုကျင့်ကြံသူကို မယုံကြည်နိုင်သေးပါဘူး။ တစ်ချိန်က သူတို့တွေ ရန်သူဖြစ်ခဲ့တယ် မဟုတ်ပါလား။
“ဒီကိစ္စကို ငါ့တာဝန်ထားလိုက်၊ ရှန်ပေါင် တာအိုကျင့်ကြံသူက အကောက်ကြံတာဆိုရင် ငါသွားတာက လွတ်မြောက်ဖို့ ရာခိုင်နှုန်း ပိုများလိမ့်မယ်” ပန်ရှင်းက ပြောလိုက်ပါတယ်။
ပန်ရှင်းက အခွင့်အရေးယူတဲ့နေရာမှာတော့ တကယ့်ကို ဆရာကြီးပါ။ တခြားတာအိုပညာရှိတွေဟာ ပန်ရှင်းကို စိတ်ထဲမှာ ကျိန်ဆဲလိုက်ပေမဲ့ ဒီအခွင့်အရေးကို မလုယူရဲပါဘူး။ ဒီအခွင့်အရေးက တကယ်လည်း အန္တရာယ်များတယ် မဟုတ်ပါလား။
ကောင်းကင်တာအိုပညာရှိတွေ မသေနိုင်တာက ကောင်းကင်တာအိုထဲမှာပါ။ ဒါကြောင့်လည်း ကောင်းကင်တာအိုပညာရှိတွေဟာ များသောအားဖြင့် ကောင်းကင်တာအိုထဲကနေ မထွက်ကြတာပါ။
ကောင်းကင်အရှင်ရွှမ်တုက ပြောလိုက်ပါတယ် “ဒါဆို ကိစ္စပြီးပြီ”
ကောင်းကင်အရှင်ဝူဖာ ဝင်ပြောတာကို ကြည့်ပြီး ကောင်းကင်အရှင်ရွှမ်တုဟာ စိတ်သက်သာရာ ရသွားပါတယ်။ သူတို့က တစ်မိသားစုတည်း ဖြစ်တဲ့အတွက် အချင်းချင်းတော့ သံသယ မဝင်သင့်ပါဘူး။ ဒါပေမဲ့ ကောင်းကင်အရှင်ရွှမ်တုဟာ ကောင်းကင်အရှင်ဝူဖာကို သိပ်မယုံရဲပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်က ဘယ်လိုနည်းလမ်းသုံးပြီး ရန်သူတွေကို သူ့လူဖြစ်အောင် လုပ်လဲဆိုတာ မသိလို့ပါပဲ။
ဒီနည်းလမ်းက ကျိန်းသေပေါက် မရိုးရှင်းနိုင်ပါဘူး။ ကောင်းကင်အရှင်ရွှမ်တုသာ ဒီကိစ္စကို ဖော်လိုက်တာနဲ့ ဟန်ကျွယ်ကို ကျိန်းသေပေါက် ရန်စမိမှာပါ။ ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ်နဲ့ ဆက်ဆံရေးကောင်း ရှိတယ်ဆိုပေမဲ့ တစ်ချက်ကလေးတောင် သတိမလွတ်ရဲပါဘူး။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset