Switch Mode

Chapter – 799

အခန်း (၇၉၉) ကြောက်မက်ဖွယ် စွမ်းအား
ဘိုးဘေးရှီတျန်ဟာ အမင်္ဂလာနတ်ဧကရာဇ်ကို ရွှေရောင်မြစ်ထဲမှာ ချိပ်ပိတ်ပြီးနောက် ရွှေရောင်မြစ်ကို လက်ဖဝါးနဲ့ ဖမ်းဆုပ်လိုက်ပါတယ်။ အဲဒီနောက် ဘယ်လက်နဲ့ဆက်ပြီး မန္တန်တွေသုံးပါတယ်။ မန္တန်ကနေ ဖြစ်ပေါ်လာတဲ့ ချိပ်ပိတ်တံဆိပ်တွေဟာ တလက်လက်တောက်ရင်း ရွှေရောင်မြစ်ထဲကို တရစပ် တိုးဝင်သွားပါတယ်။
ဒါကိုကြည့်ပြီး မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ပါးစပ် အဟောင်းသား ဖြစ်သွားပါတယ်။
‘မဖြစ်နိုင်ဘူး…’
အမင်္ဂလာနတ်ဧကရာဇ်က မဟာတာအိုပညာရှိနဲ့ ယှဉ်နိုင်တဲ့ တည်ရှိမှုဖြစ်တဲ့အတွက် ဘိုးဘေးရှီတျန်ရှေ့မှာ ဘာမှမလုပ်နိုင်တာက နည်းနည်းတော့ ယုတ္တိမရှိပါဘူး။ ဘိုးဘေးရှီတျန်ကလည်း မဟာတာအိုပညာရှိပဲ မဟုတ်ပါလား။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ရုတ်တရက်ဆိုသလို ဘိုးဘေးရှီတျန်အကြောင်းကို ဘာမှမသိဘူးလို့ ခံစားလိုက်ရပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဘိုးဘေးရှီတျန်က သူ့စွမ်းအားက ဘာဖြစ်လို့ ဖုံးကွယ်ထားရလဲဆိုတာ နားမလည်ပေမဲ့ သူ့အတွက် အခြေအနေ ဆိုးသွားပြီဆိုတာကိုတော့ သိလိုက်ပါတယ်။
အမင်္ဂလာနတ်ဧကရာဇ် ချိပ်ပိတ်ခံလိုက်ရပြီ ဖြစ်တဲ့အတွက် ဘိုးဘေးရှီတျန်ကို တားနိုင်တဲ့လူ တစ်ယောက်မှ မရှိတော့ပါဘူး။ ဘိုးဘေးရှီတျန်သာ သတ်ဖြတ်ချင်တယ်ဆိုရင် ဘယ်သူမှ ဘာမှလုပ်နိုင်မှာ မဟုတ်တော့ဘူး။
ဒီအချိန်မှာပဲ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ကို ရုတ်တရက် တွေးမိလိုက်ပါတယ် ‘ငါ သူ့ဆီက အကူအညီ တောင်းသင့်လား…’
မိစ္ဆာ ကောင်းကင်ဧကရာဇ် အခုအချိန်မှာ တွေးနိုင်တဲ့ အစွမ်းအထက်ဆုံး တည်ရှိမှုက ဟန်ကျွယ်ပဲ ရှိပါတယ်။ ဖုံးကွယ် မဟာတာအို နတ်ဘီလူးတောင် ဟန်ကျွယ်ကို မယှဉ်နိုင်ဘူး မဟုတ်ပါလား။
ဒီအချိန်မှာပဲ…
ဘိုးဘေးရှီတျန်ဟာ ရုတ်တရက်ဆိုသလို အမှောင်ထုထဲကို လှမ်းကြည့်လိုက်ပါတယ်။
ဘိုးဘေးရှီတျန်ကို စိုက်ကြည့်နေတဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်လည်း အမှောင်ထုထဲကို လှမ်းကြည့်လိုက်ပါတယ်။ ဒါပေမဲ့ ဘာမှရှိမနေပါဘူး။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဘယ်စစ်ကူကိုမှ အာရုံမခံမိပါဘူး။
လီတောက်ခုံးဟာ အသက်တစ်သောင်းဓားကို အသုံးပြုပြီး ထိခိုက်ပျက်စီးနေတဲ့ လက်နက်တွေ ဥက္ကာခဲတွေကို ဓားအရိပ်တွေအဖြစ် ပြောင်းလဲကာ ကျိုးဖန်ကို တိုက်ခိုက်ပါတယ်။
“ကျိုးဖန်… ချမ်းသာပေးဖို့ တောင်းပန်ချင်လာပြီလား” လီတောက်ခုံးက အပြုံးနဲ့ မေးလိုက်ပါတယ်။
ကျိုးဖန်ဟာ ဒေါသမီးလျှံ တောက်လောင်သွားပါတယ် “ဘာလဲ… မင်းက ငါ့ကို သတ်ချင်သေးတာလား”
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ ငါတို့က မိတ်ဆွေဟောင်းတွေလေ၊ ဒါပေမဲ့ မင်းလည်း အခြေအနေကို မြင်တာပဲ” လီတောက်ခုံးဟာ စိတ်ကောင်းဝင်နေပါတယ်။ ကျိုးဖန်ကို အနိုင်ကျင့်နိုင်ရုံတင်မက ရှီတုတောက် အဆော်ခံနေရတာကိုလည်း မြင်နေရတယ် မဟုတ်ပါလား။
သူအနိုင်ရနေတဲ့အချိန်မှာ ရှီတုတောက် အဆော်ခံနေရတာလောက် ခံစားလို့ကောင်းတာ မရှိပါဘူး။
ကောင်းကင်တာအို အပြင်ဘက်က ပဋိပက္ခကောင်းကင်လမ်းမှာ ဟန်ကျွယ် ပေါ်လာပါတယ်။ ဟန်ကျွယ်ဟာ အမှောင်တားမြစ်နယ်မြေကို ကြည့်ရင်း ညာလက်ကို ဖြည်းညင်းစွာ မြှောက်လိုက်ပါတယ်။
‘ဘိုးဘေး… ဘိုးဘေးက တိုက်ခိုက်ချင်တာလား… ကံဆိုးချင်တော့ ကျွန်တော်က ဘိုးဘေးကို အလျှော့ပေးမှာ မဟုတ်ဘူး၊ နီးလွန်ရင် ဘိုးဘေး သေမှာစိုးတဲ့အတွက် ကျွန်တော် ဒီကနေပဲ တိုက်ခိုက်လိုက်ပါ့မယ်’
ဟန်ကျွယ်ခေါင်းထက်မှာ နတ်ဘီလူးအရိပ်တွေ ပေါ်လာပြီး ဟန်ကျွယ်ကိုယ်ထဲကို ဝင်သွားပါတယ်။
ဟန်ကျွယ်ဟာ နတ်ဘီလူးဓမ္မရုပ်တု ငါးဆယ်ကို ပေါင်းစပ်ပြီးတဲ့နောက် ညာလက်ညှိုးကို ဆန့်ထုတ်ကာ လောကဦးနတ်ဒေါသကို ခဲလိုက်ပါတယ်။ အဲဒီနောက် မိုးမြေကမ္ဘာဖောက် ဓားလက်ချောင်းကို ပစ်လွှတ်လိုက်ပါတယ်။
“ဝုန်း…”
ကြောက်မက်ဖွယ် ဓားချီဟာ အမှောင်ထုကို ဆုတ်ဖြဲပြီး အဖြူ‌‌ရောင် အလင်းတန်းကို ဆန့်ထုတ်ကာ ပဋိပက္ခနက်ဆီ ဦးတည် ပျံသန်းသွားပါတယ်။
ဟန်ကျွယ် တစ်ဖက်လှည့်လိုက်တဲ့အခါ သူ့ရှေ့မှာ ပန်ရှင်းနဲ့ ဂိုဏ်းချုပ်တျန်ကျွယ်တို့ ပေါ်လာပါတယ်။ ပန်ရှင်းက ထိတ်ထိတ်လန့်လန့် မေးလိုက်ပါတယ် “ရန်သူတွေလား”
ပန်ရှင်းတင် မဟုတ်ပါဘူး။ ဂိုဏ်းချုပ်တျန်ကျွယ်လည်း တော်တော်လေး ထိတ်လန့်နေတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ် ကိုယ်တိုင်လှုပ်ရှားတဲ့အတွက် တစ်ဖက်လူက အနည်းဆုံး မဟာတာအိုပညာရှိဆိုတာကို ခန့်မှန်းမိလို့ပါပဲ။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “စွမ်းအားကြီး ရန်သူ မရှိပါဘူး၊ မဟာတာအိုမျှော်စင်က တစ်ယောက် ငါ့ကို စိန်ခေါ်လို့ပါ”
‘မဟာတာအိုမျှော်စင်…’ ပန်ရှင်းနဲ့ ဂိုဏ်းချုပ်တျန်ကျွယ်ဟာ မှင်တက်သွားပြီး တစ်ယောက်ကို တစ်ယောက် မယုံနိုင်စွာ ကြည့်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မဟာတာအိုမျှော်စင်က ကောင်းကင်တာအိုနဲ့ ဝေးကွာလွန်းလို့ပါ။ လွတ်လပ် တာအိုပညာရှိတောင် အချိန်တိုအတွင်း ရောက်နိုင်တဲ့ အကွာအဝေး မဟုတ်ပါဘူး။
ဟန်ကျွယ်က ဒီလောက်အဝေးကြီးကို လှမ်းပြီးတော့ တိုက်ခိုက်လိုက်တာ ဖြစ်တဲ့အတွက် ပန်ရှင်းနဲ့ ဂိုဏ်းချုပ်တျန်ကျွယ်ဟာ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကို မခန့်မှန်းရဲတော့ပါဘူး။
ဟန်ကျွယ်ဟာ ကိစ္စပြီးတာနဲ့ တာအိုဘုံကျောင်းကို ပြန်ပြီး ဆက်ကျင့်ကြံပါတယ်။
…..
တန်ခိုးစွမ်းအား ကြီးမားလှတဲ့ ဘိုးဘေးရှီတျန်က ရုတ်တရက် ပြောလိုက်ပါတယ် “ရပ်လိုက်”
ချက်ချင်းဆိုသလို ရှုံဟွာ အစေခံအကုန်လုံးဟာ တိုက်ခိုက်တာ ရပ်ပြီး ဘိုးဘေးရှီတျန်ကို ကြည့်ကြပါတယ်။ လီတောက်ခုံးနဲ့ ရှီတုတောက်လည်း တိုက်ခိုက်တာ ရပ်လိုက်ပါတယ်။
ကောင်းကင်ရုံးတော်က အင်မော်တယ်တွေနဲ့ မဟာတာအိုမျှော်စင်က ကျင့်ကြံသူတွေလည်း အမြန်နောက်ဆုတ်ပြီး အမောဖြေကြပါတယ်။ သက်ရှိအားလုံးဟာ ပုရွက်ဆိတ်တွေ ကောင်းကင်ကို မော့ကြည့်သလိုမျိုး ဘိုးဘေးရှီတျန်ကို မော့ကြည့်ကြပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မျက်မှောင်ကြုတ်သွားပြီး စိတ်လေးသွားပါတယ် ‘ဘိုးဘေးရှီတျန်က ဘာလုပ်ချင်တာလဲ…’
ဒီအချိန်မှာပဲ…
သက်ရှိအားလုံးဟာ သူတို့ရဲ့ ဝိညာဉ်တွေ သိမ့်သိမ့်တုန်သွားစေတဲ့ အလွန်ကြောက်မက်ဖွယ် ဖိအားကြီးတစ်ခု ဆင်းသက်လာတာကို ခံစားလိုက်ရပါတယ်။ ဒီလိုခံစားရတဲ့အထဲမှာ မိစ္ဆာ ကောင်းကင်ဧကရာဇ်၊ ရှီတုတောက်၊ လီတောက်ခုံးနဲ့ ကျိုးဖန်တို့လည်း ပါပါတယ်။ ကြောက်ရွံ့ သိမ်ငယ်တဲ့ ခံစားချက်ဟာ သူတို့ကို လွှမ်းမိုးသွားပါတယ်။
သူတို့တွေ အလိုလို လှည့်ကြည့်မိလိုက်တဲ့အခါ ဘာဆိုတာကို မမြင်ရခင်မှာပဲ ဓားချီတစ်ခုဟာ ဟင်းလင်းပြင်တစ်ခုလုံးကို ထွန်းလင်းပြီး ဘိုးဘေးရှီတျန်ကို တားဆီးမရတဲ့ အရှိန်အဟုန်နဲ့ ဝင်တိုက်ပါတယ်။
ဒီဟာက အလွန်တုန်လှုပ်ဖွယ်ကောင်းတဲ့ မြင်ကွင်းပါ။ အချိန်နဲ့ အာကာသ နိယာမတွေလည်း လှုပ်ခါသွားပါတယ်။
ဘိုးဘေးရှီတျန်ဟာ ချက်ချင်း လက်ဝါးနှစ်ဖက်နဲ့ ဓမ္မစွမ်းအား အကုန်လုံး ထုတ်သုံးပြီး ဓားချီကို ဟန့်တားလိုက်ပါတယ်။ တံဆိပ်တွေဟာ လက်ဖဝါးက ဓမ္မစွမ်းအားတွေနဲ့ အလွန်လျင်မြန်စွာ ဝင်တိုက်ပြီး ချက်ချင်းဆိုသလို ဧရာမ ရွှေအိမ်မြှောင်ကြီးတစ်ခု ဖြစ်သွားကာ ဟန်ကျွယ်ရဲ့ ဓားချီကို ဟန့်တားလိုက်ပါတယ်။
တစ်စက္ကန့်ရဲ့ တစ်ထရီလီယံပုံ တစ်ပုံ အတွင်းမှာပဲ နေမင်းကြီးလို တောက်ပနေတဲ့ ရွှေအိမ်မြှောင်ဟာ ဓားချီထိမှန်ပြီး ကွဲကြေသွားပါတယ်။ ဘိုးဘေးရှီတျန်ဟာ မျက်လုံးပြူးပြီး ပါးစပ်အဟောင်းသား ဖြစ်သွားပါတယ်။
လျှပ်တစ်ပြက် ဓားချီအောက်မှာ တာအိုပညာအာရုံတောင် ကန့်သတ်ခံလိုက်ရပါတယ်။
ဓားအလင်းရောင် ပျောက်ကွယ်သွားလို့ မိစ္ဆာ ကောင်းကင်ဧကရာဇ် မော့ကြည့်လိုက်တဲ့အခါ အမှောင်ထုထဲမှာ ဧရာမတွင်းကြီးတစ်တွင်း ပေါ်လာတာကို တွေ့လိုက်ရပါတယ်။ ခရမ်းရင့်‌ရောင် ကာလ-ဒေသ နိယာမတွေဟာ စကြဝဠာသားရဲတစ်ကောင် ပါးစပ်ဟလိုက်သလို ကြောက်ဖို့ကောင်းလှပါတယ်။
ဘိုးဘေးရှီတျန်ဟာ လေပေါ် ပေါလောမျောနေပြီး ဆံပင်တွေ ဖွာလန်ကြဲ ခါးကုန်းကာ ခေါင်းငိုက်စိုက်ကျနေပါတယ်။
မကြာခင်မှာပဲ သက်ရှိအားလုံးဟာ သတိပြန်ဝင်လာကြပါတယ်။ သက်ရှိတွေဟာ အပေါ်ကို မော့ကြည့်လိုက်တဲ့အခါ ဘိုးဘေးရှီတျန်ရဲ့ အခြေနေကို တွေ့မြင်သွားတာကြောင့် ပင့်သက်ရှိုက်လိုက်ကြပါတယ်။
အထူးသဖြင့် ရှုံဟွာအစေခံတွေဟာ တော်‌တော်လေး ချောက်ချားသွားကြပါတယ်။
ကျိုးဖန်နဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်။ သူတို့နှစ်ယောက်ဟာ ဒါ ဘယ်သူ့လက်ချက်လဲဆိုတာကို ခန့်မှန်းမိလိုက်ပါတယ်။
“ပြန်ဆုတ်မယ်” ဘိုးဘေးရှီတျန်ရဲ့ တိုးညင်းလှတဲ့အသံဟာ စစ်မြေပြင်မှာ ပဲ့တင်ထပ်သွားပါတယ်။
ဘိုးဘေးရှီတျန်ဟာ မတ်တတ်ရပ်ပြီး အမှောင်ထုထဲကို လျှောက်သွားပါတယ်။
လီတောက်ခုံးဟာ ကျိုးဖန်ကို အပြုံးနဲ့ ကြည့်လိုက်ပါတယ် “ငါတို့တွေ ထပ်တိုက်ဖြစ်ရင် သတိကြီးကြီးထား၊ ဒါပေမဲ့ ငါ မင်းရဲ့ မဟာတာအိုမျှော်စင်ကို မလုပါဘူး၊ အပိုလုပ်နေတာတွေ လျှော့…”
“ဟမ်…”
ကျိုးဖန်ဟာ မပျော်မရွှင် ဖြစ်သွားပေမဲ့ ဘာမှပြောစရာ မရှိပါဘူး။
ရှီတုတောက်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို လေးလေးနက်နက် စိုက်ကြည့်ပြီးနောက် မရေမတွက်နိုင်တဲ့ ရှုံဟွာအစေခံတွေကို ဦးဆောင်ကာ ဘိုးဘေးရှီတျန်နောက် ပြေးလိုက်သွားပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်နဲ့ ကျိုးဖန်ဟာလည်း လိုက်တိုက်ဖို့ အမိန့်မပေးပါဘူး။
ဘိုးဘေးရှီတျန်ရဲ့ နှုတ်ခမ်းထောင့် တွန့်သွားတာကိုတော့ ဘယ်သူမှ သတိမထားမိလိုက်ကြပါဘူး။ ဘိုးဘေးရှီတျန်ဟာ တစ်ကိုယ်တည်း ကြားနိုင်တဲ့အသံနဲ့ ရေရွတ်လိုက်ပါတယ် “မျိုးဆက်သစ်တွေက ငါတို့ကို ကျော်တက်သွားပြီပဲ”
တာအိုဘုံကျောင်းထဲက ဟန်ကျွယ်ဟာ နည်းနည်းတော့ အံ့အားသင့်သွားပါတယ်။ နတ်ဘီလူးဓမ္မရုပ် ငါးဆယ် ပေါင်းစပ်ထားတဲ့ စွမ်းအားက ဘိုးဘေးရှီတျန်ရဲ့ ခန္ဓာကိုယ်ကိုတောင် မဖျက်ဆီးနိုင်ဘူး မဟုတ်ပါလား။ ကြည့်ရတာ ဘိုးဘေးရှီတျန်ဆီမှာ အကောင်းစား ရတနာတစ်ပါး ရှိနေပုံပါပဲ။
ဘာပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ အခု နတ်ဘီလူးဓမ္မရုပ်တု ငါးဆယ်ပဲ ပေါင်းစပ်တာတောင် ဘိုးဘေးရှီတျန်ရဲ့ အခြေအနေက တော်တော် ဆိုးရွားနေပါပြီ။ နတ်ဘီလူးဓမ္မရုပ်တု တစ်ထောင်ကျော်ကိုသာ ပေါင်းစပ်လိုက်ရင် ဘိုးဘေးရှီတျန်ရဲ့ ရုပ်နာမ်နှစ်ပါးစလုံး တစ်ခါတည်း ပျက်စီးသွားမှာပါ။
[ဘိုးဘေးရှီတျန်သည် သင့်အပေါ် မျက်နှာသာပေးမှု တိုးသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်ခြောက်ပွင့်။]
သူ့ရှေ့မှာ ပေါ်လာတဲ့ အသိပေးချက်ကြောင့် ဟန်ကျွယ်ဟာ ဆွံ့အသွားပါတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ကောင်းကင်ရုံးတော်နဲ့ မဟာတာအိုမျှော်စင်ရဲ့ ကပ်ဘေးက ပြီးဆုံးသွားပါပြီ။
အဲဒီနောက် ဟန်ကျွယ်ဟာ ချူရှီရန်ရဲ့ ဝိညာဉ် အကျဉ်းချ ခံထားရတာကို သတိရသွားပါတယ်။ အဲဒါကြောင့် ဟန်ကျွယ်ဟာ ချူရှီရန်ကို အိပ်မက်ပေးလိုက်ပါတယ်။ အိပ်မက်နယ်မြေက ဖူစန်းသစ်ပင်အောက်ပါ။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ သက်ရောက်မှုကြောင့်ပဲ ပြောရမလား။ ဟန်ကျွယ်ဟာ သူ့လူတွေကို အိပ်မက်ပေးတိုင်း အိပ်မက်နယ်မြေကို နေရာဟောင်းချည်းပဲ ဖန်တီးပါတယ်။
ချူရှီရန်ဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် ချက်ချင်း ဒူးထောက်လိုက်ပါတယ်။
“ပြဿနာ တက်နေပြီလား”
ချူရှီရန်ဟာ မှင်တက်သွားပြီးနောက် တဒင်္ဂ တုံ့ဆိုင်းသွားပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ အသာ ခေါင်းညိတ်လိုက်ပါတယ်။
“ဘာလို့ ဖိတ်ခေါ်ပညာရပ်ကို မသုံးတာလဲ”
“ကျွန်တော် ဆရာဘိုးဘိုးကို ပြဿနာ မပေးချင်လို့ပါ၊ အလွန်ရှေးကျတဲ့ တည်ရှိမှုဆို ကျွန်တော် ဆရာဘိုးဘိုးကို လာရှာမှာပါ၊ ဒါပေမဲ့ တစ်ဖက်လူက လွတ်လပ် တာအိုပညာရှိအဆင့်ပဲ ရှိတာဆိုတော့ ကျွန်တော် ဆရာဘိုးဘိုးကို အကူအညီတောင်းရင် ဆင်သတ်ဓားနဲ့ ကြက်သတ်သလို ဖြစ်နေမှာစိုးလို့ပါ”
ချူရှီရန်က လေးလေးနက်နက် ပြောနေတာကို ကြည့်ပြီး ဟန်ကျွယ်ဟာ ရယ်ချင်သွားပါတယ် “အဲဒီတော့ မင်းက သေရမှာ မကြောက်ဘူးလား”
“မဟုတ်ပါဘူး၊ ကျွန်တော် သူ့ကို စည်းရုံးသိမ်းသွင်းပြီး ဗုဒ္ဓကမ္ဘာရဲ့ ဗုဒ္ဓတစ်ပါး ဖြစ်လာအောင် လုပ်ချင်လို့ပါ”
“မင်း ဘာလို့ ဒီလောက်တောင် စိတ်ကြီးဝင်နေရတာလဲ”
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset