Switch Mode

Chapter – 793

အခန်း (၇၉၃) စန့်ချွမ်အဂ္ဂကမ္ဘာ
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲက တပည့်သန်းချီဟာ တာအိုစက်ကွင်း အဆင့်မြှင့်တင်ပြီးနောက်ပိုင်း အရမ်းစိတ်လှုပ်ရှားပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြပါတယ်။
“ငါတို့ တာအိုစက်ကွင်းထဲက စိတ်ဝိညာဉ်ချီ တိုးလာလိမ့်မယ်လို့ ထင်မထားဘူး”
“သေမျိုးတွေတောင် ဒီထဲမှာတစ်နေ့ နေရုံနဲ့ အင်မော်တယ် ဖြစ်လာနိုင်တယ်”
“မင်းပြောတာက လွန်လွန်းတယ်၊ ဒါပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး”
“ဂိုဏ်းချုပ်က တကယ်ကို စွမ်းအားကြီးတာပဲ၊ တာအိုပညာရှိတွေရဲ့ တာအိုစက်ကွင်းထဲက စိတ်ဝိညာဉ်ချီက ငါတို့လောက် သိပ်သည်းတာ မဟုတ်ဘူး”
“အပိုတွေ… အခု ငါတို့က တာအိုပညာရှိ တာအိုစက်ကွင်းထဲမှာ မဟုတ်ဘူးလား”
“ငါ ပဋိပက္ခကို ရောက်ဖူးတယ်၊ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်လောက် စိတ်ဝိညာဉ်ချီ ပေါကြွယ်ဝတဲ့ နေရာကို ဘယ်မှာမှ မတွေ့ဖူးဘူး”
ဝီရိယတောင်ပေါ်က ငရဲကြက်နက်၊ မြွေနဂါးဘုရင်နဲ့ တခြားတပည့်ရင်းတွေလည်း ဒီကိစ္စကို ဆွေးနွေးနေကြပါတယ်။ သူတို့တွေက အမှန်တရားကို ပိုသိကြပါတယ်။ တာအိုစက်ကွင်းထဲမှာ စိတ်ဝိညာဉ်ချီ တိုးလာတာက သူတို့ဆရာသခင် နောက်တစ်ဆင့် တက်သွားတယ်ဆိုတာကို ရည်ညွှန်းနေတယ် မဟုတ်ပါလား။
ငရဲကြက်နက်ဟာ သက်ပြင်းချလိုက်ပါတယ် “သခင်ရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက်တောင် မြင့်နေပြီလဲ မသိဘူး၊ ဒါတောင် ဆက်တိုက် အဆင့်တက်နိုင်သေးတယ်၊ အရင်တစ်ခေါက်ကတောင် သခင်က မဟာတာအိုပညာရှိကို သတ်နိုင်နေပြီ၊ ငါတို့တွေ သက်စွန့်ကျင့်ကြံရင်တောင် သခင်ကို မီမှာ မဟုတ်ဘူး”
ပဋိပက္ခ ကောင်းကင်ခွေးက ခေါင်းကို အသည်းအသန် ညိတ်လိုက်ပါတယ်။
အာတက ရယ်ပြီး ပြောလိုက်ပါတယ် “ဒါက မကောင်းဘူးလား၊ ငါတို့တွေ သခင်ကို မယှဉ်နိုင်ဘူးဆိုရင်တောင် ငါတို့ ကျင့်ကြံမှုက အင်မော်တယ်ကမ္ဘာမှာ ထိပ်တန်းပဲ”
တခြားတပည့်ရင်းတွေလည်း ရယ်မောပြီး စကားပြောဆိုကြပါတယ်။
ရွှင်ချန်အန်းဟာ အပြင်ထွက်ပြီး ကျင့်ကြံအားထုတ်တဲ့ တပည့်ရင်းတွေကို တွေးရင်း ရယ်ဖို့ကောင်းတယ်လို့ ခံစားလိုက်ရပါတယ် ‘မင်တို့ကောင်တွေက လောကကြီးကို ကြိုးစားပြီး စူးစမ်းရှာဖွေကြပေါ့… မင်းတို့တွေ ပြန်လာရင် ငါတို့က မင်းတို့ကို ကျော်တက်နေလောက်တယ်’
ကျိုးဖန်၊ ကျန်းယီနဲ့ တခြားလူတွေဟာ အနန္တကမ္ဘာ မြင်ကွင်းကျယ်မှာ သူတို့အခွင့်အရေးတွေကို ကြွားဝါတိုင်း ရွှင်ချန်အန်းတို့ဟာ သရေတမြားမြား ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ ကျိုးဖန်တို့က ကောင်းတဲ့ ကိစ္စတွေကိုပဲ ရွေးပြောပြီး မကောင်းတာတွေကို ချန်ထားခဲ့မှန်း သူတို့တွေ သိပါတယ်။
ဟန်ရှစ်က လှုံ့ဆော်လိုက်ပါတယ် “အပိုတွေ ပြောမနေတော့နဲ့၊ မြန်မြန် ကျင့်ကြံအားထုတ်ရအောင်၊ မင်းတို့ကို စောင့်နေတာကြောင့်သာ မဟုတ်ရင် ဆရာကြက်နဲ့ငါက တာအိုပညာရှိ ဖြစ်နေလောက်ပြီ”
တခြားလူတွေဟာ မျက်လုံးပင့်တက်သွားကြပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ ချက်ချင်း တိတ်ဆိတ်သွားကြပြီး ကျင့်ကြံတာကို အာရုံစိုက်ကြပါတယ်။
တခြားတစ်ဖက်မှာတော့ ဟန်ကျွယ်ဟာ စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ စာစောင်တွေကို မဖတ်တာ အတော်ကြာပြီ ဖြစ်တဲ့အတွက် သူ့မိတ်ဆွေ ဘာလုပ်နေတယ်ဆိုတာကို မသိတော့ပါဘူး။
[သင့်မိတ်ဆွေ ယီတျန်သည် မဟာတာအို ဆန်းကြယ်စွမ်းအား တစ်မျိုးကို တတ်မြောက်ပြီး ကျင့်ကြံမှု များစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် တိုက်ခိုက်ခံရပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ လီတောက်ခုံးသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ ရှီတုတောက်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်သား ဟန်ထော်သည် လျှို့ဝှက်ဆန်းကြယ် မိစ္ဆာတစ်ကောင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၉၈၇၄၃၂
[သင့်မြေးတပည့် ချူရှီရန်သည် ဗုဒ္ဓတာအိုပညာရပ် သုံးထောင်ကို ဖန်တီးခဲ့သဖြင့် ကံတရား အထောက်အပံ့ တိုးတက်သွား၏။]
[သင့်တပည့် တာအိုအရှင်သခင်သည် မှော်မျိုးနွယ်စု တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၈၂၀၄၃၂၂
[သင့်တပည့် ကျောက်ရွှမ်ယွမ်သည်….]
အခွင့်အရေးတွေက နည်းလာပြီး တိုက်ပွဲတွေက ပိုများလာပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ပဋိပက္ခရဲ့ လက်တလော အခြေအနေက ဝရုန်းသုန်းကား ဖြစ်လာတယ်ဆိုတာ သိသာလှပါတယ်။ မကြာမကြာ ဝရုန်းသုန်းကား ဖြစ်တာကလည်း သာမန်ပါပဲ။ ဘယ်ဟာက အမြဲတမ်း တည်ငြိမ်နေနိုင်မှာလဲ။
ဟန်ကျွယ်ဟာ ပဋိပက္ခ ဘယ်လောက်ပဲ ဖရိုဖရဲဖြစ်ပါစေ သူ့ကို ဘယ်အရာမှ မခြိမ်းခြောက်နိုင်တာကြောင့် တော်တော်လေး သက်သောင့်သက်သာ ရှိနေပါတယ်။ ဟန်ကျွယ်ဟာ စာစောင်တွေကို ဆက်ဖတ်ပါတယ်။ စာစောင်အများစုက နှစ်ခါပြန်ကြည့်ဖို့တောင် မတန်ပါဘူး။
စာစောင်တစ်ခုကတော့ ဟန်ကျွယ်အာရုံကို ဆွဲဆောင်လိုက်ပါတယ်။
[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် ကပ်ဘေး ကံတရား အထောက်အပံ့ကို စုပ်ယူပြီး ကပ်ဘေး ထိန်းချုပ်သူ ဖြစ်လာကာ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာ တစ်စွန်းတစ်စကို ရရှိသွားခဲ့၏။]
‘မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာကို စုပ်ယူလို့ ရတာလား…’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
‘မဟုတ်သေးဘူး… ဒါက ဟွမ်ဇွမ်တျန် ခန္ဓာကိုယ်ထဲက မူလလောကဦးနဲ့ ပတ်သက်နေတာ ဖြစ်ရမယ်၊ မူလလောကဦး လောကဦး နတ်ဘီလူး ဖြစ်ခါနီးဆိုတော့ သူ့ကို လျှော့တွက်လို့ မရဘူး’
လက်ရှိအခြေအနေအရ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာဟာ ပဋိပက္ခရဲ့ အချုပ်နိယာမ ဖြစ်သလို အုတ်မြစ်လည်း ဖြစ်ပါတယ်။ ပဋိပက္ခ အန္တရာယ်တွေ့ရင် မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာက နိုးထလာပြီး လုပ်သင့်တာကို လုပ်ဆောင်မှာပါ။ ဒီအယူအဆအရဆို မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာ ဖျက်ဆီးခံရတာနဲ့ ပဋိပက္ခကလည်း ပျက်စီးမှာပါ။
ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ပဋိပက္ခ ပျက်စီးသွားရင် တာအိုစက်ကွင်းကို သက်ရောက်မှု ရှိနိုင်လား”
[မပျက်စီးပါ။ တာအိုစက်ကွင်းသည် လွတ်လွတ်လပ်လပ် တည်ရှိနေသော တည်ရှိမှုတစ်ခု ဖြစ်သည်။]
စနစ်က ဟန်ကျွယ်ရဲ့ သက်တမ်းကို နှုတ်မသွားပါဘူး။ ကြည့်ရတာ စနစ်က အရမ်းကို ယုံကြည်ချက် ရှိနေပုံပါပဲ။
အခုတော့ ဟန်ကျွယ်ဟာ စိတ်သက်သာရာ ရသွားပါပြီ။ သူ အနာဂတ်ကို တွက်ချက်ကြည့်ခဲ့တုန်းက ပဋိပက္ခကို ဖျက်ဆီးပြီး လောကဦး ပဋိပက္ခကို ဖန်တီးချင်တဲ့ တည်ရှိမှုက သူဖြစ်နိုင်လောက်တာ အံ့ဩစရာ မရှိတော့ပါဘူး။ အခုတောင် ဟန်ကျွယ်ဟာ တစ်နေ့ကျလို့ ပဋိပက္ခကို ငြီးငွေ့လာရင် လောကဦးစကြဝဠာကို ဖန်တီးဖို့ အကြံရနေပါပြီ။
ဟန်ကျွယ်ဟာ ဘယ်တုန်းကမှ အကြွင်းမဲ့ ကရုဏာတရား ကြီးမားပြီး အမှန်တရားကို မြတ်နိုးတဲ့လူ မဟုတ်ခဲ့ပါဘူး။ အားနည်းတုန်းကတောင် ဒီလို အတွေးမရှိခဲ့တာ အခုလို စွမ်းအားကြီးနေတဲ့အချိန်မှာ ပိုလို့တောင် မရှိပါသေးတယ်။
ဟန်ကျွယ်ဟာ စာစောင်တွေကို ဖတ်ပြီးတဲ့အခါ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။ ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်အဖို့ အချိန်တွေက မြန်ဆန်လွန်းပါတယ်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ နှစ်ငါးသောင်း ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး ကောင်းကင်ဘုံ ၃၃ ဘုံမြောက်ကို သွားဖို့ ပြင်ဆင်လိုက်ပါတယ်။ ကောင်းကင်အရှင်ရွှမ်တုက သူ့ကို ထပ်ပြီးတော့ ဆင့်ဆိုထားတယ် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ မတ်တတ်ထဖို့ ပြင်လိုက်စဉ်မှာပဲ အသိပေးချက်တစ်ချက် ဗြုန်းစားကြီး ပေါ်လာပါတယ်။
[ရန်ချဲသည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်နှစ်ပွင့်။]
‘ဘာလဲဟ…’ ဟန်ကျွယ်ဟာ ရင်ထဲ တင်းကြပ်သွားပြီး လူမှုဆက်ဆံရေးထဲ ချက်ချင်းဝင်ကာ ရန်ချဲရဲ့ အချက်အလက်ကို ဖွင့်ကြည့်လိုက်ပါတယ်။
[ရန်ချဲ: ကောင်းကင်တာအိုပညာရှိ ကနဦးအဆင့်၊ အနန္တဧကရာဇ်၊ ကျယ်ကျောင်းတော် တပည့်။ ဂိုဏ်းချုပ်တျန်ကျွယ်က သင့်ကို ချီးကျူးလွန်းသဖြင့် သင့်ကို မကျေမနပ် ဖြစ်သွားခဲ့သည်။ လက်ရှိ မုန်းတီးမှု: ကြယ်နှစ်ပွင့်။]
‘ဘာများလဲလို့… ကောင်းကင်တာအိုပညာရှိလေးကိုး…’
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုပညာရှိလေးကြောင့် လန့်သွားရတာကို မကျေနပ်ပါဘူး။ ဒါပေမဲ့ သိပ်အရေးကြီးတဲ့ကိစ္စ မဟုတ်တာကြောင့် စကြဝဠာခန်းမထဲ ခုန်ဝင်လိုက်ပါတယ်။
ဟန်ကျွယ် ရောက်လာတာနဲ့ ကောင်းကင်အရှင်ရွှမ်တုဟာ တခြားတာအိုပညာရှိတွေကို အသံလွှင့်ပြီး ဆင့်ခေါ်လိုက်ပါတယ်။
တောင်ဘက်စွန်း ကောင်းကင်အရှင်၊ ဂိုဏ်းချုပ်တျန်ကျွယ်၊ ဧကရာဇ်ရှောင်၊ ကောင်းကင်အရှင်ဝူဖာ၊ ချုံရှီလိုင်၊ ဖန်းလျန်၊ ကျင်းရှန်၊ ပန်ရှင်း၊ ရွှီတုတောက်၊ စုချီ၊ လီထိုက်ကူ၊ လောကဦးပဋိပက္ခ ဗုဒ္ဓ၊ ကျန်းကူရှင်း၊ လုံဟောင်၊ ဂျိရှင်းရှန်၊ ရှန်ဝေဗုဒ္ဓနဲ့ ရန်ချဲ… အကုန်လုံး ရောက်လာကြပါတယ်။
ဟန်ကျွယ်ဟာ ရန်ချဲရဲ့ အမူအရာက မောက်မာတာကို တွေ့လိုက်ရပါတယ်။ မောက်မာစရာလည်း မောက်မာစရာပါ။ ရန်ချဲက တကယ်ကို ပါရမီရှင်တစ်ပါးပါ။ ဒါပေမဲ့ ဟန်ကျွယ်နဲ့ ယှဉ်ရင်တော့ နံ့သာဆီနဲ့ မစင်လိုပါပဲ။
ရန်ချဲဟာ ဟန်ကျွယ်ကို ဦးညွှတ်ပြီး သူ့ကိုယ်သူ မိတ်ဆက်ပါတယ်။ အ‌ပေါ်ယံမှာတော့ ရန်ချဲဟာ ဟန်ကျွယ်ကို မျက်နှာသာပေးပါသေးတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုပညာရှိတွေကို ကြည့်လိုက်ပါတယ်။ မသိမသာနဲ့ ကောင်းကင်တာအိုရဲ့ တာအိုပညာရှိတွေဟာ တော်တော်လေး စွမ်းအားကြီးလာကြပါပြီ။ ဒီတော့ တာအိုပညာရှိ အသစ်တစ်ပါးက သူ့ကို မကျေနပ်တာ အံ့ဩစရာတော့ မရှိပါဘူး။
ဟန်ကျွယ်ဟာ ရန်ချဲနဲ့ပြိုင်ပြီး ရန်မဖြစ်ချင်ပါဘူး။ ဘယ်လူက ခွေးရူးနဲ့ ပြိုင်ကိုက်မှာလဲ။ တာအိုပညာရှိတွေက သူ့မျက်စိထဲမှာ ပုရွက်ဆိတ်နဲ့ မခြားပါဘူး။ ရန်ချဲကို လောကဦး ကောင်းကင်ထောင်ထဲ ပစ်ထည့်ရင်လည်း အချိန်ကုန်ရုံတင်ပါ။
ကောင်းကင်အရှင်ရွှမ်တုဟာ လီထိုက်ကူကိုကြည့်ပြီး ပြောလိုက်ပါတယ် “မင်းအရင် စပြော”
လီထိုက်ကူဟာ ခေါင်းညိတ်လိုက်ပါတယ်။ တာအိုပညာရှိတွေရဲ့ အကြည့်အားလုံး စုပြုံကျရောက်လာတဲ့အခါ လီထိုက်ကူက စပြောပါတယ် “ပဋိပက္ခမှာ တစ်ခုခု ဖြစ်သွားတယ်”
ဟန်ကျွယ်ဟာ မျက်လုံးပင့်တက်လုနီး ဖြစ်သွားပါတယ်။
ကောင်းကင်အရှင်ဝူဖာကလည်း စိတ်မရှည်နိုင်တော့ပါဘူး “ဘာစောင့်နေတာလဲ၊ ပြောမှာသာ ပြောစမ်းပါ”
လီထိုက်ကူဟာ ပြုံးပြီး ဆက်ပြောပါတယ် “အတိတ်က သုံးပါးအရှင် ပြန်ပူးပေါင်းသွားကြတယ်၊ ပထမတော့ ရှေးပျက်သုဉ်းနယ်မြေကနေ လွတ်လာတဲ့ ကောင်းကင်ဂိုဏ်းချုပ်ကို ရှုံဟွာတွေက လိုက်ဖမ်းကြတယ်၊ နောက်တော့ လောင်ဇီက လှုပ်ရှားပြီး ကောင်းကင်ဂိုဏ်းချုပ်ကို ကယ်တင်လိုက်တယ်၊ အဲဒီနောက်ပိုင်း လောကဦး ကောင်းကင်အရှင်က သုံးပါးအရှင် ပြန်ပူးပေါင်းပြီး တာအိုဂိုဏ်း ကျင့်ကြံသူတွေ မဟာတာအို အနန္တကပ်ဘေးကို ရှောင်တိမ်းနိုင်အောင် စန့်ချွမ်အဂ္ဂကမ္ဘာကို တည်ထောင်ကြောင်း ကြော်ငြာလိုက်တယ်၊ တာအိုဂိုဏ်းက ကျင့်ကြံသူအကုန်လုံး ဒီကမ္ဘာထဲ ဝင်လို့ရတယ်၊ မကြာသေးခင်က ရှုံဟွာတွေ စန့်ချွမ်အဂ္ဂကမ္ဘာကို တိုက်ခိုက်သေးတယ်၊ ဒါပေမဲ့ မအောင်မြင်ဘဲ ပြန်သွားရတယ်၊ လောင်ဇီက တစ်ချက်တည်းနဲ့ ရှုံဟွာငါးပါးကို သတ်လိုက်တာ ပဋိပက္ခတစ်ခုလုံး တုန်လှုပ်သွားကြတယ်”
“သုံးပါးအရှင်က ကောင်းကင်တာအိုရဲ့ ပထမဆုံးမျိုးဆက် တာအိုပညာရှိတွေပဲ၊ ပန်ကူးရဲ့ ဝိညာဉ်အနှစ်က သုံးပါးအရှင်အဖြစ် အသွင်ပြောင်းလဲသွားတာ၊ သူတို့က တာအိုဘိုးဘေးရဲ့ တပည့်ရင်းတွေဆိုရင်လည်း မမှားဘူး၊ ပဋိပက္ခမှာရှိတဲ့ တာအိုဂိုဏ်း ကျင့်ကြံသူတွေက ဘယ်သူတွေ ဖြစ်နိုင်မှာလဲ၊ ကျွန်တော်တို့ ကောင်းကင်တာအိုကပဲပေါ့၊ စန့်ချွမ်အဂ္ဂကမ္ဘာက ကောင်းကင်တာအိုရဲ့ ကျင့်ကြံသူတွေကို နှိုက်ထုတ်ချင်နေတာ”
လီထိုက်ကူဟာ ပြောလေလေ စိတ်လှုပ်ရှားလေလေပါပဲ။ ဒီအချိန်မှာ လီထိုက်ကူဟာ တာအိုပညာရှိတစ်ပါးနဲ့ လုံးလုံးကို မတူတော့တာပါ။ ရွမ်လိန့်ကျောင်းတော်ကို တည်ထောင်ခဲ့သူက လောင်ဇီ မဟုတ်ပါလား။
တာအိုပညာရှိတွေဟာ နှလုံးလှုပ်သွားကြပါတယ်။
တာအိုပညာရှိအသစ်တွေလည်း မျက်မှောင်ကြုတ်သွားကြပါတယ်။ အတိတ်တုန်းကဆိုရင် သူတို့တွေဟာ စန့်ချွမ်အဂ္ဂကမ္ဘာထဲကို ဝင်မိကြမှာပါ။ ဒါပေမဲ့ အခုတော့ အခြေအနေတွေ မတူတော့ပါဘူး။ သူတို့က တာအိုပညာရှိတွေ ဖြစ်နေပြီး ကောင်းကင်တာအိုရဲ့ အရှင်သခင်တွေ ဖြစ်နေပါပြီ။ ဒါကြောင့် သူတို့ရဲ့အမြင်မှာ စန့်ချွမ်အဂ္ဂကမ္ဘာရဲ့ လုပ်ဆောင်ချက်က ကောင်းကင်တာအိုကို တိုက်ခိုက်လိုက်တာပါ။
ကောင်းကင်အရှင်ဝူဖာဟာ ကောင်းကင်အရှင်ရွှမ်တုကို ကြည့်ပြီး ပြောလိုက်ပါတယ် “အဲဒါ မင်းရဲ့ ဆရာသခင် မဟုတ်ဘူးလား၊ မင်း ဒီအကြောင်းကို မသိဘူးလား”
ကောင်းကင်အရှင်ရွှမ်တုက ပြန်ဖြေပါတယ် “ငါ ဒီအကြောင်းကို တကယ်မသိတာ၊ ကောင်းကင်တာအိုနဲ့ အဆုံးသတ် အပျက်အစီးနတ်ဘုံ ရေစက်ဖြတ်လိုက်ပေမဲ့ ငါ့ဆရာသခင်နဲ့ အဆက်အသွယ် ရှိခဲ့တာ အမှန်ပဲ၊ ဒါပေမဲ့ ငါ့သတင်းတွေက ငါ့ဆရာသခင်ရဲ့ ဓမ္မရုပ်တုဆီကနေ လာတာ၊ ငါ ဘယ်တုန်းကမှ ငါ့ဆရာသခင်ရဲ့ အတွေးတွေကို ခန့်မှန်းနိုင်ခဲ့တာ မဟုတ်ဘူး”
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset