အခန်း (၇၉၀) ငါ့နာမည်က လျူပေ့
“အဲဒါက ကျင့်ကြံတဲ့ သဘောထားပဲ၊ လောကဦးဆေးလုံး မအောင်မြင်တာက ကပ်ဘေး လာတော့မယ်ဆိုတာကို အချက်ပြလိုက်တာပဲ၊ ဒါက ကျင့်ကြံသူအားလုံးကို သက်ရောက်မှာ” လောင်ဇီက လေသံမပြောင်းဘဲ ခပ်တည်တည် ပြန်ဖြေလိုက်ပါတယ်။
“ဘာဖြစ်လို့ မအောင်မြင်လဲဆိုတာကို ကျွန်မလည်း မသိဘူး၊ အထွတ်အထိပ် တည်ရှိမှုတစ်ခုကတော့ မဟာတာအို အနန္တကပ်ဘေးကို လှုံ့ဆော်မဲ့ လောကဦးနတ်ဘီလူးက မမွေးဖွားသေးဘူးလို့ ပြောတယ်”
လောင်ဇီဟာ မင်လင်းမယ်တော်ရဲ့ စကားကြောင့် အတွေးနက်သွားပါတယ်။
မင်လင်းမယ်တော်က ဆက်ပြောပါတယ် “ရှေးဟောင်း တည်ရှိမှုတွေ အများကြီးက လောကဦး နတ်ဘီလူး ဖြစ်ချင်နေကြတာ၊ ဒီလောကဦးဆေးလုံးက သူတို့ရဲ့ နည်းလမ်းတွေထဲက တစ်ခုတစ်လေ ဖြစ်နိုင်တယ်”
“မယ်တော်ရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်” စကားဆုံးတာနဲ့ လောင်ဇီဟာ ထွက်သွားဖို့ ပြင်လိုက်ပါတယ်။
“လောင်ဇီ… တာအိုဘိုးဘေးက လောကဦးနတ်ဘီလူး ဖြစ်ချင်တယ်လို့ ရှင်ထင်လား”
ချက်ချင်းဆိုသလို ကောင်းကင်က တိမ်တိုက်တွေဟာ ရွှေ့လျားနေတာ ရပ်သွားပါတယ်။ လောင်ဇီဟာ မင်လင်းမယ်တော်ကို ကျောပေးရင်း ပြန်မေးလိုက်ပါတယ် “မင်လင်းမယ်တော်က ကံတရားနဲ့ ကံကြမ္မာထဲ မဝင်ဘူး၊ ဘာဖြစ်လို့ တာအိုဘိုးဘေးရဲ့ ကံကြမ္မာကို ဂရုစိုက်နေရတာလဲ”
“လောကဦး နတ်ဘီလူးက ပဋိပက္ခရဲ့ ကပ်ဘေးပဲ၊ တာအိုဘိုးဘေးသာ လောကဦး နတ်ဘီလူး တကယ်ဖြစ်လာခဲ့ရင် ရှင့်အနေနဲ့ ခံစားချက်ဟောင်းတွေကို ဆွဲကိုင်မထားဖို့ ကျွန်မ မျှော်လင့်တယ်”
“ဆရာသာ လောကဦး နတ်ဘီလူး တကယ်ဖြစ်လာခဲ့ရင် ငါ့ဓားဦးက သူ့ကို ကျိန်းသေပေါက် ညွှန်မှာပဲ” စကားအဆုံးမှာ လောင်ဇီဟာ ပျောက်ကွယ်သွားပါတယ်။
လောကကြီးဟာ တိတ်ဆိတ်သွားပါတယ်။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲက ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲ ဝင်တာကို ရပ်လိုက်ပါတယ်။ တိုက်ပွဲရာချီ တိုက်ခိုက်ပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိ တစ်ထောင်ကို အသာလေး သတ်နိုင်သွားပါပြီ။ ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိ နှစ်ထောင်ကို စိန်ခေါ်ကြည့်လိုက်ပါသေးတယ်။ ရလဒ်ကတော့ ဟန်ကျွယ်ကို ကူကယ်ရာမဲ့သွားစေပါတယ်။
လောကဦးနတ်ဒေါသ မသုံးရင်တောင် နတ်ဘီလူးဓမ္မရုပ်တုတိုင်းက တစ်ယောက်ချင်း စီးချင်းထိုးရင် တော်တော်စွမ်းအားကြီးတဲ့ တိုက်ခိုက်ရည်တွေ ရှိပါတယ်။ အနည်းဆုံးတော့ ဓားရူးတာအိုပညာရှိတစ်ပါးကို ယှဉ်တိုက်ဖို့ ပြဿနာမရှိပါဘူး။
စိတ်ကောင်းဝင်နေတဲ့ ဟန်ကျွယ်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲက တပည့်သန်းချီကို တာအိုဟောကြားလိုက်ပါတယ်။ ဒီတာအိုဟောကြားမှုက နှစ်တစ်ရာ ကြာပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ချက်ချင်း ပြန်ပြီး မကျင့်ကြံဘဲ ဝိညာဉ်အတွေးတစ်စကို အင်မော်တယ်ကမ္ဘာဆီ စေလွှတ်လိုက်ပါတယ်။ အနန္တကပ်ဘေးက စတင်တော့မှာ ဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ တစ်ချက်ကြည့်ချင်တာပါ။
ဟန်ကျွယ်ရဲ့ ဝိညာဉ်အတွေးဟာ ပင်မခန္ဓာကိုယ်အသွင် ပြောင်းလဲပြီး ကျင့်ကြံမှုအဆင့်ကိုတော့ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်အဆင့်မှာပဲ ထိန်းထားလိုက်ပါတယ်။ ဒီကျင့်ကြံမှုက အပေါ်ယံသကာ ဖြူးထားတာပါ။ တာအိုပညာရှိအတုတောင် ဟန်ကျွယ်ရဲ့ ဝိညာဉ်အတွေးကို ထိခိုက်အောင်လုပ်နိုင်မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ရှန်နန်းတော်ကိုသွားပြီး တစ်ချက်ကြည့်ဖို့ စီစဉ်ထားပါတယ်။ ဒီကပ်ဘေးရဲ့ ဇာတ်လိုက်မင်းသားကြီး ချင်လင်းက ရှန်နန်းတော်မှာ နေနေတာ မဟုတ်ပါလား။
ဒီအကြောင်းပြောရရင် ဟန်ကျွယ်ဟာ ရှန်နန်းတော်ကို မှတ်မိနေပါသေးတယ်။ ပြီးခဲ့တဲ့ ကောင်းကင်တာအို အနန္တကပ်ဘေးမှာ ရှန်နန်းတော်က အင်မော်တယ်ကမ္ဘာရဲ့ ပါရမီရှင်များ စုစည်းရာပါ။ ဒီနေ့လည်း အဲဒီတုန်းက အတိုင်းပါပဲ။ ဒါပေမဲ့ ဒါတွေ အကုန်လုံးက သူ့ကျေးဇူးကြောင့်ပါ။ သူ့ကြောင့်မဟုတ်ရင် ကျန်းကူရှင်းက ရှန်နန်းတော်ကို ပြန်ထူထောင်နိုင်မှာ မဟုတ်ပါဘူး။ ထူထောင်နိုင်ခဲ့ရင်တောင် ဒီလောက် အင်အားကြီးလာမှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ကို ရှေ့ကို ပျံသန်းနေရင်း ရုတ်တရက်ဆိုသလို ဟန်ထော်ရဲ့ အမေကို တွေးမိလိုက်ပါတယ် ‘ငါ သူ့ဝိညာဉ်ကို ချိပ်ပိတ်ထားတာ ကြာပြီ၊ သူ့ကို လွှတ်ပေးပြီး ပြန်မွေးဖွားခိုင်းရင် ကောင်းမလား…’
ဟန်ကျွယ် အရင်တုန်းက ဟန်ထော်အမေရဲ့ ဝိညာဉ်ကို ပြန်မမွေးဖွားခိုင်းတာက စိုးရိမ်စရာတွေ ရှိနေလို့ပါ။ အခုအချိန်မှာတော့ ဟန်ကျွယ်ဟာ ဘာမှစိုးရိမ်စရာ မရှိတော့ပါဘူး။ ကောင်းကင်တာအိုမှာ ဟန်ကျွယ် ကာကွယ်ချင်တဲ့လူကို ဘယ်သူမှ ထိခိုက်အောင် မလုပ်နိုင်ပါဘူး။
ဟန်ကျွယ်ဟာ နောက်တစ်ခါ အင်မော်တယ်ကမ္ဘာကို ခရီးနှင်ရင် ဟန်ထော်အမေရဲ့ ဝိညာဉ်ကို လွှတ်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ရှန်နန်းတော်ကို ကြည့်ပြီးရင် ငရဲပြည်က သူ့တပည့်အကြီးဆုံးဆီ သွားလည်ပြီး ဟန်ထော်ရဲ့သမီး ဟန်ရှင်ယွမ်ဆီလည်း တစ်ခါတည်း ဝင်လည်ဖို့ စီစဉ်ထားပါတယ်။
ဟန်ထော်က သားတစ်ယောက် သမီးတစ်ယောက် ထွန်းကားခဲ့ပါတယ်။ ဟန်ထော်ရဲ့သားက ဟန်မိသားစုကို ထူထောင်ခဲ့ပြီး ဟန်ယွီရဲ့ဘိုးဘေး ဖြစ်ပါတယ်။ ဟန်ထော်ရဲ့သမီး ဟန်ရှင်ယွမ်ကတော့ ကျင့်ကြံခြင်းနဲ့ အလုပ်များနေခဲ့ပြီး နောက်ပိုင်းမှာ ငရဲပြည်ဆီ ရောက်လာခဲ့ပါတယ်။ ရန်ထျန်တုန်းရဲ့ ဂရုစိုက်မှုအောက်မှာ ဟန်ရှင်ယွမ်ဟာ အဆင့်အတန်း တော်တော်မြင့်မားတဲ့ သရဲနတ်တစ်ပါး ဖြစ်နေပါပြီ။
လမ်းတစ်လျှောက် ဟန်ကျွယ်ဟာ အမြန်ကြီး မပျံသန်းဘဲ အင်မော်တယ်ကမ္ဘာရဲ့ လက်ရှိအခြေအနေကို ကြည့်ရှုပါတယ်။ ဟန်ကျွယ် အရင်တစ်ခေါက် အင်မော်တယ်ကမ္ဘာကို ခရီးနှင်ခဲ့တာက နှစ်သိန်းချီ ကြာခဲ့ပြီမလို့ အင်မော်တယ်ကမ္ဘာဟာ အရင်ကနဲ့ လုံးဝကို ကွဲပြားခြားနားနေပါပြီ။
ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာမှာရှိနေတဲ့ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် အရေအတွက်က သုံးထောင်ကျော်နေတာကို သတိထားမိလိုက်ပါတယ်။ ဒါတောင် ပဋိပက္ခကို ရောက်နေတဲ့ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်တွေတောင် မပါသေးပါဘူး။ တာအိုပညာရှိအတုကလည်း သုံးလေးရာ ရှိနေပါပြီ။
ကောင်းကင်တာအိုရဲ့ တိုးတက်မှုက တကယ်ကို မဆိုးတာပါ။
လေးငါးခြောက်လ အကြာမှာတော့ ဟန်ကျွယ်ဟာ ရှန်နန်းတော်ဆီ ရောက်ရှိသွားပါတယ်။ ရှန်နန်းတော်ဟာ ကောင်းကင်ပြင်က တိမ်တွေထက်မှာ တည်ရှိနေပါတယ်။ ခမ်းနားထည်ဝါတဲ့ နန်းတော်တွေဟာ မျက်စိတစ်ဆုံး အလွှာလိုက် တည်ရှိနေကြပါတယ်။
ဟန်ကျွယ်ဟာ ဖုံးကွယ်နတ်ဘီလူးရဲ့ စွမ်းအားကို အသုံးပြုပြီး ကိုယ်ယောင်ဖျောက်ကာ ချင်လင်းနေတဲ့ ဝင်းခြံဆီ ပျံသန်းလိုက်ပါတယ်။
နှစ်တစ်သိန်းကျော် ကြာပြီးနောက် ချင်လင်းဟာ အင်မော်တယ်ဧကရာဇ် ဖြစ်နေပါပြီ။ ဒါပေမဲ့ သူ့အဆင့်အတန်းက ရှန်နန်းတော်မှာ သိပ်မမြင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့အရည်အချင်းက သာမန်ပဲမလို့ပါ။ ဒါကြောင့် သူနေတဲ့နေရာကလည်း ခပ်မြင့်မြင့် မဟုတ်ဘဲ သာမန်ပဲ ရှိပါတယ်။
ချင်လင်းဟာ လှေကားထစ်မှာ ထိုင်ပြီး သူ့ရှေ့က ဆေးအိုးကို စိတ်ဓာတ်ကျစွာ ကြည့်နေပါတယ် “ဧကရာဇ်အနှစ်ဆေးလုံးက ဘာဖြစ်လို့ ဒီလောက်ဖော်ဖို့ ခက်ရတာလဲ” ချင်လင်းဟာ စိတ်ပျက်လက်ပျက် ရေရွတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ရုတ်တရက် ပေါ်လာပြီး အပြုံးနဲ့ ပြောလိုက်ပါတယ် “မင်းမှာ ဆေးဖော်ဖို့ အရည်အချင်းမှ မရှိတာ”
လန့်သွားတဲ့ ချင်လင်းဟာ ရုတ်တရက် ကောက်ထပြီး ဒေါသတကြီး မေးလိုက်ပါတယ် “ခင်ဗျားက ဘယ်သူလဲ”
ဟန်ကျွယ်ဟာ ဆေးအိုးကို ပတ်လျှောက်ပြီး ချင်လင်းဆီလျှောက်သွားကာ အပြုံးနဲ့ ပြောလိုက်ပါတယ် “မကြောက်ပါနဲ့၊ ငါကလည်း ရှန်နန်းတော်ရဲ့ တပည့်တစ်ဦးပါ၊ မင်းအကြောင်းကို ကြားလို့ လာကြည့်တာ”
“ခင်ဗျားက ဆေးလုံးအပေါ် မှီခိုနေရတဲ့ ပါရမီရှင်ကို ကြည့်ချင်တာလား”
တကယ်တော့ ချင်လင်းရဲ့ အရည်အချင်းက အဆိုးကြီး မဟုတ်ပါဘူး။ ဒါပေမဲ့ ရှန်နန်းတော်မှာတော့ သူ့အရည်အချင်းက ကျိန်းသေပေါက် နောက်ဆုံးပါ။ သူနဲ့ရွယ်တူ တပည့်တော်တော်များများက နတ်မင်းအဆင့်ကို ရောက်သွားကြပြီ မဟုတ်ပါလား။
ချင်လင်းရဲ့ ရန်သူက ဗုဒ္ဓဂိုဏ်းရဲ့ ပါရမီရှင်တစ်ပါးပါ။ အခုဆို အဲဒီပါရမီရှင်က ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် အဆင့်ကို ရောက်နေတာ နှစ်တစ်သောင်း ကြာသွားပါပြီ။ သူတို့နှစ်ယောက်ကြားက အကွာအဝေးဟာ ပိုပိုကျယ်လာတဲ့အတွက် ချင်လင်းဟာ ဒီအကြောင်းကို တွေးမိတိုင်း စိတ်ဓာတ်မကျဘဲ မနေနိုင်ပါဘူး။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “မင်းအရည်အချင်းက သာမန်ပဲဆိုပေမဲ့ မလျှော့တဲ့ဇွဲရှိတယ်၊ လောကမှာရှိတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေ အကုန်လုံးက ဇွဲလုံ့လဝီရိယ ရှိတဲ့ လူတွေချည်းပဲ”
ချင်လင်းဟာ စိတ်ကောင်းဝင်လာပြီး မျက်နှာနည်းနည်း ကြည်လာပါတယ်။ ဟန်ကျွယ်ကိုလည်း သူ့ဘေးမှာ ထိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
နှစ်ယောက် ထိုင်ပြီးတဲ့နောက် ချင်လင်းက စပ်စုလိုက်ပါတယ် “ညီအစ်ကို… ညီအစ်ကိုရဲ့ နာမည်ကို သိလို့ရမလား၊ ရှန်နန်းတော်မှာ တပည့်တွေ အများကြီးရှိတယ် ဆိုပေမဲ့ ညီအစ်ကိုလို ချောတဲ့လူက သိပ်မရှိဘူး၊ ပိုပြောရရင် တစ်ယောက်မှ မရှိဘူး ထင်တယ်”
ရှန်နန်းတော်က ပါရမီရှင်တွေ အကုန်လုံးဟာ ချောမောပြီး လှပကြတာချည်းပါပဲ။ ဒါပေမဲ့ ဟန်ကျွယ်နဲ့ ယှဉ်ရင်တော့ သေမျိုးနဲ့ အင်မော်တယ်ကို နှိုင်းယှဉ်နေသလိုပါပဲ။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ငါ့နာမည်က လျူပေ့… ငါက ကြည့်ကောင်းရုံတင်ပါ”
‘လျူပေ့… ငါ ဒီနာမည်ကို တစ်ခါမှ မကြားဖူးဘူး… ကြည့်ရတာ သူက ပါရမီရှင် မဟုတ်ဘူးနဲ့ တူတယ်’ ဒီအတွေးကြောင့် ချင်လင်းဟာ သက်သာရာ ရသွားပါတယ်။ အရည်အချင်း သိပ်မကွာခြားရင် မိတ်ဆွေတွေ ဖြစ်နိုင်တယ် မဟုတ်ပါလား။
ချင်လင်းဟာ ဟန်ကျွယ်က ရှန်နန်းတော်ရဲ့ တပည့်မဟုတ်ဘူးလို့ ဘယ်လိုမှ မတွေးမိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရှန်နန်းတော်က ထိပ်တန်းအင်အားစုဖြစ်နေပြီး အထက်မှာ တာအိုပညာရှိတွေ ရှိနေလို့ပါပဲ။ ဒီလိုနေရာမျိုးကို ဘယ်သူက ပြဿနာလာရှာရဲမှာလဲ။
အဲဒီနောက် စုချီနဲ့ ချင်လင်းဟာ စကားစမြည် ပြောဆိုကြပါတယ်။ သူတို့နှစ်ယောက်ဟာ ရှေးဒဏ္ဍာရီတွေကစလို့ သေမျိုးကမ္ဘာအကြောင်းအထိ အရာအားလုံးကို ပြောဆိုကြတာပါ။ ချင်လင်းဟာ ဟန်ကျွယ်နဲ့ စကားပြောလေလေ ပိုပြီးတော့ ပျော်လာလေလေပါပဲ။
ရှန်နန်းတော်ရဲ့ တပည့်အများစုက ကျင့်ကြံမှု အတွေးအမြင်တွေကို ဖလှယ်ပြီး ကျင့်ကြံမှုအဆင့်ကိုပဲ နှိုင်းယှဉ်ကြတာပါ။ အခုလိုမျိုး စကားပြောတာက မရှိသလောက်ကို ရှားပါတယ်။
လေးငါးဆယ်နာရီ အကြာမှာတော့ ဟန်ကျွယ်က မေးလိုက်ပါတယ် “မင်း ဆေးဖော်တာ ဘာဖြစ်လို့ မအောင်မြင်လဲဆိုတာ သိချင်လား… ငါ မင်းကို ကူညီပေးလို့ ရတယ်”
“အစ်ကိုလျူက အဂ္ဂိရတ်ပညာကို သိတာလား”
“နည်းနည်းပါ”
“ဒါဆို ကျွန်တော်ကို ကျေးဇူးပြုပြီး အလင်းပြပေးပါ” ချင်လင်းဟာ မျှော်လင့်ချက်ကြီးစွာနဲ့ ချက်ချင်း မတ်တတ်ရပ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဆေးဖော်တာကို မသိပါဘူး။ ဒါပေမဲ့ သူ့အဆင့်မှာ မန္တန်တစ်ပုဒ် လျှို့ဝှက်သုံးလိုက်ရုံနဲ့ ဆေးဖော်တာ အောင်မြင်အောင် လုပ်လို့ ရပါတယ်။ ဒီလောက်ထိကို ရိုးရှင်းတာပါ။
ဒါပေမဲ့ ဟန်ကျွယ်ဟာ လက်သင်္ကေကတွေကို တမင်ရှုပ်ထွေးအောင်လုပ်တဲ့အတွက် ချင်လင်းကို တအံ့တဩ ဖြစ်သွားစေပါတယ်။ ဒီလိုနဲ့ ငါးမိနစ် ကြာတဲ့အခါမှာတော့ ဧကရာဇ်အနှစ်ဆေးလုံးဟာ ဆေးအိုးထဲကနေ ပျံထွက်လာပြီး ချင်လင်းရဲ့ လက်ပေါ်ကို ရောက်လာပါတယ်။
ချင်လင်းဟာ လက်ထဲကို ဆေးလုံးကို ကြည့်ရင် လက်တွေ တုန်ယင်သွားပါတယ် “တော်တော် သိပ်သည်းတဲ့ ဧကရာဇ်အနှစ်ချီပဲ… ဘယ်လောက်တောင် စွမ်းအားကြီးလိုက်မလဲ”
ဟန်ကျွယ်က ပြုံးဖြဲဖြဲနဲ့ ပြောလိုက်ပါတယ် “ဘယ်လိုလဲ… ငါ့ကို အစ်ကိုကြီးလို့ ခေါ်ထိုက်တယ်မလား”
“ဟုတ်တယ်… ဟုတ်တယ်… အစ်ကိုကြီးလျူ… ကျေးဇူးပြုပြီး ကျွန်တော်ကို သင်ပေးပါလား…”
“ဒီပညာရပ်က သင်ပေးဖို့ မလွယ်ဘူး၊ နောက်ပြီး ဒီပညာရပ်က မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတာ၊ အပြင်လူတွေကို သင်ပေးလို့မရဘူး”
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 790
? Views, Released on December 20, 2024