အခန်း (၇၈၈) ဆယ်ကွာဒလီယံ
[လောင်တန်သည် သင့်အပေါ် အကောင်းမြင်စိတ် ဝင်သွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်တစ်ပွင့်။]
ဒီအသိပေးချက်ဟာ ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ် မြင်ကွင်းထဲမှာ ပေါ်လာပါတယ်။ ဟန်ကျွယ်ဟာ ဒီအသိပေးချက်ကို ဂရုမစိုက်ဘဲ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။ လောင်ဇီရဲ့ ပင်မခန္ဓာကိုယ်က သူ့အပေါ် မျက်နှာသာပေးမှု ရှိလာမှပဲ ဟန်ကျွယ်ဟာ နည်းနည်း စိတ်ဝင်စားမှာပါ။ လောင်တန်ကိုတော့ ဟန်ကျွယ်က စိတ်ထဲ မထည့်ပါဘူး။
ရာသီစက်ဝန်းဟာ ပုံမှန်လည်ပတ်ရင်း တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားပါတယ်။
ဒီတစ်ကြိမ်မှာတော့ ဟန်ကျွယ်ဟာ တစ်ထိုင်တည်းနဲ့ နှစ်ပေါင်း ၁၂၀,၀၀၀ ကျင့်ကြံအားထုတ်ပြီး အဆင့်ထိုးဖောက်နိုင်တဲ့ အခွင့်အရေးကို ရရှိသွားပါတယ်။
ဟန်ကျွယ်ဟာ ချက်ချင်း အဆင့်မထိုးဖောက်သေးဘဲ မျက်လုံးဖွင့်ပြီး စိတ်အခြေအနေကို ပြုပြင်လိုက်ပါတယ်။
‘အဆင့်မထိုးဖောက်ခင် ငါ့သက်တမ်းတွေကို နည်းနည်းလောက် သုံးသင့်တယ်၊ ဘာပဲဖြစ်ဖြစ် သက်တမ်းတွေက ပြန်ပြည့်မှာပဲဟာကို’
ဟန်ကျွယ်ဟာ ဆန်းကြယ် ကံတရားစာအုပ်ကို သုံးတုန်းက သက်တမ်း တစ်ဝက်ကို ဆုံးရှုံးလိုက်ရပေမဲ့ သက်တမ်းက အများကြီး ကျန်ပါသေးတယ်။ လေးငါးကွာဒလီယံသုံးလို့ ဘာမှမဖြစ်ပါဘူး။
‘ငါ ဘယ်သူ့ကို ကျိန်စာတိုက်သင့်လဲ… ဟုတ်ပြီ… ငါ့ကို အမုန်းဆုံး ပထမရှုံဟွာအရှင်ကို ကျိန်စာတိုက်ရမယ်’
ဟန်ကျွယ်ဟာ ပထမရှုံဟွာအရှင်ကို သေအောင် ကျိန်စာတိုက်ချင်ပေမဲ့ ပထမရှုံဟွာအရှင်မရှိရင် ပဋိပက္ခက ကောင်းကင်တာအိုကို အာရုံစိုက်လာမှာ စိုးတာကြောင့် သေတဲ့အထိ ကျိန်စာမတိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒီလိုဆိုပေမဲ့ ပထမရှုံဟွာအရှင်က ကောင်းကင်တာအိုကနေ ပါရမီရှင်တွေကို လုယူနေတာကြောင့် မှတ်လောက်သားလောက် ဖြစ်သွားအောင် ဆုံးမရမှာပါ။
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ပထမရှုံဟွာအရှင်ကို ကျိန်စာစတိုက်ပါတယ်။ ငါးရက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ စတင်လျော့ကျလာပါတယ်။ ကျိန်စာတိုက်နေရင်း ဟန်ကျွယ်ဟာ သက်တမ်း ဘယ်လောက် သုံးသင့်လဲဆိုတာကို ဝေခွဲမရ ဖြစ်သွားပါတယ်။
‘ငါ ဒီကောင်ကို သက်တမ်း ဘယ်လောက်သုံးပြီး ကျိန်စာတိုက်သင့်လဲ… ၁၀ ကွာဒလီယံလား၊ ၅၀ ကွာဒလီယံလား… ဒါမှမဟုတ် ၁၀၀ ကွာဒလီယံ သုံးလိုက်မလား…’
ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးတောရင်း ကျိန်စာတိုက်တာကြောင့် ကြမ္မာဆိုးစာအုပ်ရဲ့ အလင်းနက်ဟာ တာအိုဘုံကျောင်းထဲမှာ တောက်ပလာပြီး အလွန်ရက်စက်တဲ့အသွင်ကို ဆောင်လာပါတယ်။
မှောင်မိုက်တဲ့ နန်းတော်ထဲက ပထမရှုံဟွာအရှင်ဟာ သူ့စွမ်းအားကို လှည့်ပတ်ပြီး ကျိန်စာကို ခုခံပါတယ်။ ပထမရှုံဟွာအရှင်ဟာ အရိပ်နက်အတိုင်းနေပြီး သူ့ရဲ့ မူလပုံရိပ်ကို ဖုံးကွယ်ထားတုန်းပါ။
“ဟမ်… လာပြန်ပြီလား… ဒီတစ်ခါ မင်းငါ့ကို ထိခိုက်အောင် လုပ်နိုင်မလားဆိုတာ ကြည့်ကြသေးတာပေါ့” ပထမရှုံဟွာအရှင်ဟာ အေးစက်စွာဆိုရင်း သူလေ့လာထားတဲ့ ကံတရား ဆန်းကြယ်စွမ်းအားကို အသုံးပြုကာ ကျိန်စာကို ခုခံပါတယ်။
ပထမရှုံဟွာအရှင် လက်ဝှေ့ယမ်းလိုက်တဲ့ နက်နဲသိမ်မွေ့တဲ့ သင်္ကေတတွေ ထွက်ပေါ်လာပြီး တောက်ပတဲ့ ပုံရိပ်တွေ ဖြစ်ပေါ်လာပါတယ်။
ဒီအချိန်မှာပဲ ပထမရှုံဟွာအရှင်ဟာ မျက်နှာ အကြီးအကျယ် ပျက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျိန်စာစွမ်းအားက ရုတ်တရက်ကြီး ထိုးတက်လာလို့ပါ။ ဒီကျိန်စာစွမ်းအားက အရင်ကထက် အများကြီး ပိုကြမ်းတဲ့အပြင် ဆက်ပြီးတော့ အားကောင်းနေပါသေးတယ်။
ပထမရှုံဟွာအရှင်ဟာ သူ့ဆန်းကြယ်စွမ်းအားက သုံးစားမရတာကို ထိတ်လန့်ဖွယ်ရာ တွေ့ရှိလိုက်ရပါတယ် “သေစမ်း… ဟိုခွေးမသား ငါ့ကို လိမ်သွားတယ်၊ ဒီဆန်းကြယ်စွမ်းအားက ဘာမှလည်း တားလို့ မရဘူး”
ပထမရှုံဟွာအရှင်ဟာ တုန်လှုပ်ချောက်ချားသွားပါတယ်။ အမှောင်သခင်ကြီးက ငါးရက်ထက် ပိုပြီးတော့ ကျိန်စာတိုက်ရင် သတ်ပစ်ချင်လို့ဆိုတာ ပထမရှုံဟွာအရှင် သိထားပါတယ်။
‘ဒီတောအတွင်း ငါ အမှောင်သခင်ကြီးကို နာမည်ဖျက်မိလို့လား…’ ပထမရှုံဟွာအရှင်ဟာ စိတ်လေးသွားပါတယ်။ ပထမရှုံဟွာအရှင်ဟာ နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် ဒီလိုမျိုး ကြောက်ဖို့ကောင်းတဲ့ ရန်သူကို ပထမဆုံးအကြိမ် ရင်ဆိုင်ရတာပါ။ ပိုဆိုးတာက ပထမရှုံဟွာအရှင်ဟာ တစ်ဖက်လူက ဘယ်လိုလူလဲဆိုတာကို မသိပါဘူး။
ပထမရှုံဟွာအရှင်ဟာ ကျိန်စာစွမ်းအားကို အကောင်းဆုံး ကြိုးစားခုခံရင်း စိတ်ထဲကနေ ဆုတောင်းမိလိုက်ပါတယ်။
တာအိုဘုံကျောင်းထဲက ဟန်ကျွယ်ဟာ သူ့သက်တမ်းကို စိုက်ကြည့်ပြီး အားသွန်ခွန်စိုက် ကျိန်စာတိုက်ပါတယ်။
၁ ကွာဒလီယံ။
၂ ကွာဒလီယံ။
၅ ကွာဒလီယံ။
[သင့်ကျိန်စာကြောင့် သင့်ရန်သူ ပထမရှုံဟွာအရှင်၏ တာအိုနှလုံးသား အက်သွား၏။]
ဆက်တိုက်မယ်။
၇ ကွာဒလီယံ။
၉ ကွာဒလီယံ။
၁၀ ကွာဒလီယံ။
[သင့်ကျိန်စာကြောင့် သင့်ရန်သူ ပထမရှုံဟွာအရှင်၏ တာအိုနှလုံးသား ထိခိုက်ပြီး ကျင့်ကြံမှု မတည်မငြိမ်ဖြစ်ကာ ဝိညာဉ် ဖရိုဖရဲ ဖြစ်သွား၏။]
‘ဒီလောက်ဆို တော်လောက်ပြီ ထင်တယ်… ဒီကောင်လည်း မှတ်လောက်ရောပေါ့…’ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို အောက်ချလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ပထမရှုံဟွာအရှင်ကို အိပ်မက်ပေးရင် ကောင်းမလား စဉ်းစားလိုက်ပါတယ်။
ချက်ချင်းဆိုသလို ဟန်ကျွယ်ဟာ အမှောင်ထုရဲ့ အိပ်မက်ဆိုးကို အသုံးပြုပြီး အမှောင်သခင်ကြီး သရုပ်နဲ့ ပထမရှုံဟွာအရှင်ကို အိပ်မက်ထဲမှာ တွေ့ဆုံပါတယ်။ အိပ်မက်နယ်မြေက ဟင်းလင်းပြင်ဖြစ်ပြီး သူတို့နှစ်ယောက်ပဲ တည်ရှိပါတယ်။
ပထမရှုံဟွာအရှင်ဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ အရိပ်နက်တစ်ခုကို တွေ့လိုက်ရပါတယ်။ နှစ်ယောက်စလုံးက အရိပ်နက်တွေဆိုပေမဲ့ အမှောင်သခင်ကြီးက မီးလျှံတွေ ဝန်းရံနေတာကြောင့် ပိုပြီးတော့ ထူးဆန်းနေပါတယ်။
“လက်စသတ်တော့ မင်းကိုး…” ပထမရှုံဟွာအရှင်ဟာ စိတ်ရှုပ်ထွေးတဲ့အသံနဲ့ ပြောလိုက်ပါတယ်။ ရှင်ယွီ မသေခင် ပေးပို့ခဲ့တဲ့ ရန်သူရဲ့ ပုံရိပ်က အမှောင်ကြီးပုံရိပ်နဲ့ တစ်ထပ်တည်းကျနေတယ် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ ပထမရှုံဟွာအရှင်ကို အေးစက်စွာ စိုက်ကြည့်ပြီး ဘာမှမပြောပါဘူး။
နှစ်ဖက်စလုံးဟာ တိတ်ဆိတ်နေပါတယ်။
ပထမရှုံဟွာအရှင်ဟာ အမှောင်သခင်ကြီးကို အရမ်းလည်း မုန်းသလို အရမ်းလည်း ဒေါသထွက်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ဆင်ခြင်တုံတရားက စိတ်လိုက်မာန်ပါ မလုပ်ဖို့ သတိပေးနေပါတယ်။ အမှောင်သခင်ကြီးရဲ့ ကျိန်စာကို သူ ဘယ်လိုမှ မခုခံနိုင်ဘူး မဟုတ်ပါလား။
အချိန်အတန်ကြာတဲ့ အခါမှာတော့ ပထမရှုံဟွာအရှင်က အသံတိုးတိုးနဲ့ မေးလိုက်ပါတယ် “ခင်ဗျား ဘာလိုချင်တာလဲ တာအိုရောင်းရင်း…”
ဟန်ကျွယ်ကလည်း အသံဩဩကြီးနဲ့ ပြန်မေးလိုက်ပါတယ် “ပထမရှုံဟွာအရှင်… မင်းကရော ဘာလိုချင်တာလဲ’
ပထမရှုံဟွာအရှင်ဟာ လန့်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ အမြဲတမ်း ဖုံးကွယ်ထားခဲ့တဲ့ သရုပ်မှန်ကို အမှောင်သခင်ကြီးက သိနေတယ် မဟုတ်ပါလား။
‘သူ ငါ့ရဲ့ တာအိုဘွဲ့ကို ဘယ်လိုသိနေတာလဲ… သူက ရှေးဟောင်း တည်ရှိမှုလား…’ ပထမရှုံဟွာအရှင်ဟာ ထိတ်လန့်သွားပြီး စိတ်ထဲမှာ ရုပ်သွင်တွေ တစ်ခုပြီးတစ်ခု ပေါ်လာပါတယ်။ ဒီရုပ်သွင်တွေ အကုန်လုံးက ကောင်းကင်တာအိုထက် အသက်ကြီးတဲ့ တည်ရှိမှုတွေချည်းပါပဲ။
ဟန်ကျွယ်ဟာ အိပ်မက်ကို ရုတ်တရက် အဆုံးသတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ပြုံးလိုက်ပါတယ်။ ပထမရှုံဟွာအရှင်ရဲ့ နှလုံးသားကို ဆောက်တည်ရာမရ ဖြစ်အောင် လုပ်နိုင်ခဲ့တယ် မဟုတ်ပါလား။ ဒီလောက်ဆို ဟန်ကျွယ်အတွက် လုံလောက်ပါတယ်။
စကားဆိုတာ ပြောလေ အမှားပါလေပါပဲ။ နောက်ပိုင်းကတော့ ပထမရှုံဟွာအရှင် ဘာလုပ်မလဲဆိုတာ အပေါ် မူတည်ပါတယ်။
ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ ရန်သူတွေ နည်းနေတယ်လို့ ခံစားလိုက်ရပါတယ်။ ဒေါသပုံချဖို့ လူမရှိဘူး ဖြစ်နေတယ် မဟုတ်ပါလား။
ပုကျိုးနတ်တောင်ထိပ်မှာ ဟန်ယွီနဲ့ ဝတ်စုံစိမ်း အမျိုးသမီးဟာ ချောက်ကမ်းပါးစွန်း ရပ်ပြီး တောင်အောက်ကို ငုံ့ကြည့်နေပါတယ်။ ဒါပေမဲ့ တိမ်ပင်လယ်က အောက်မှာရှိတဲ့ မြင်ကွင်းကို ဖုံးကာထားပါတယ်။
ဝတ်စုံစိမ်း အမျိုးသမီးက စပ်စုလိုက်ပါတယ် “စီနီယာ… ဘာတွေ တွေးနေတာလဲ”
ဟန်ယွီက ညင်သာစွာ ပြန်ဖြေပါတယ် “ဒီလောက်နှစ်တွေ ကြာတာတောင် မင်းနှလုံးသားထဲမှာ မုန်းတီးမှုတွေ ရှိနေတုန်းပဲလား”
ဝတ်ရုံစိမ်း အမျိုးသမီးဟာ မျက်မှောင်ကြုတ်သွားပါတယ် “အမှန်အတိုင်း ပြောရရင် အရင်လောက်တော့ မရှိတော့ဘူး”
ဟန်ယွီဘေးမှာ နှစ်သိန်းချီ နေထိုင်ခဲ့ပေမဲ့ ဝတ်စုံစိမ်း အမျိုးသမီးဟာ အတွေ့အကြုံ များများစားစား မရခဲ့ပါဘူး။ ဒီလိုဆိုပေမဲ့ ပိုပြီးတော့ စိတ်သက်သာရာ ရာလာပြီး အရင်က မတွေးနိုင် မမြင်နိုင်ခဲ့တဲ့ အရာတွေကို တွေးနိုင် မြင်နိုင်လာပါတယ်။ အရင်က သူမ အရမ်းဂရုစိုက်ခဲ့တဲ့ အရာတွေက အခုတော့ အရင်လောက် အရေးမကြီးတော့ပါဘူး။
သူမ ဒီလို ပြောင်းလဲလာတာက မှန်လား မှားလားဆိုတာကို ဝတ်စုံစိမ်း အမျိုးသမီး မသိပါဘူး။ သူမက သေမျိုးလောကကိုပဲ ထိုးထွင်းမြင်တာလား၊ ဒါမှ မဟုတ် ကြောက်ရွံ့နေတာာလား၊ သူမကိုယ်သူမ ကာကွယ်ဖို့ စွဲလမ်းမှုတွေကို နင်းခြေပစ်လိုက်တာလား။
“မင်း ဒီတောင်ပေါ်မှာနေတာ အတော်ကြာပြီ၊ အခုလောကကြီးက ဘယ်လိုဖြစ်နေမယ်လို့ ထင်လဲ” ဟန်ယွီက မေးလိုက်ပါတယ်။ ဟန်ယွီရဲ့ မျက်လုံးတွေက လွမ်းဆွေးပုံ ရှိနေပေမဲ့ သူဘာတွေးနေတယ် ဆိုတာကို ဘယ်သူသိနိုင်မှာလဲ။
“ကောင်းကင်ဘုံမှာ တစ်ရက်က လူ့ဘုံမှာ တစ်နှစ်ပဲ၊ ဒါက အလိမ်အညာစကား မဟုတ်ဘူး၊ ဘဝတစ်ခုရဲ့ ရှုထောင့်ကနေ ကြည့်ရင် လူတစ်ယောက် ခံစားရတဲ့ ဒုက္ခတွေက အရာအားလုံးကို လွှမ်းမိုးနိုင်တယ်၊ ဒါပေမဲ့ ဘဝတစ်ရာ ဘဝတစ်သောင်း ရှုထောင့်ကနေကြည့်ရင် လူတစ်ယောက်က နောက်ဆုံးကျ သေမှာပဲ၊ ဘဝတစ်ခုရဲ့ နာကျင်မှုက ဘာဟုတ်တော့မှာလဲ၊ သေမျိုးတွေ ပြန်လည်မွေးဖွားခြင်း စက်ဝန်းမှာ လည်ပတ်နေတာကိုကာ မဟာဒုက္ခကြီးတစ်ခုပဲ၊ ဒီဒုက္ခက ဘယ်ဒုက္ခထက်မဆို ကြီးမားတယ်”
“စီနီယာ… လူသားတွေက ဘာဖြစ်လို့ တည်ရှိနေရတာလဲ၊ ကျင့်ကြံမှု အရည်အချင်း မရှိတဲ့ အဲဒီသေမျိုးတွေက ဘာဖြစ်လို့ တည်ရှိနေရတာလဲ၊ ဒါက လောက အကျဉ်းထောင်လား၊ နောက်ပြီး ကျင့်ကြံသူတွေ အပြစ်လုပ်ရင် ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲ ဝင်ပြီး ဒုက္ခခံရတယ်”
ဟန်ယွီဟာ ဝတ်စုံစိမ်း အမျိုးသမီးကို တစ်ချက် ကြည့်လိုက်ပါတယ် “တကယ်တော့ ငါလည်း သေချာမသိဘူး၊ ဒါပေမဲ့ ငါ သိတာ တစ်ခုတော့ ရှိတယ်၊ အဲဒါက ကံတရား တည်ရှိတယ်ဆိုတာပဲ၊ ကံကြမ္မာဆိုတာက မွေးကတည်းက သတ်မှတ်ထားတာ၊ ကံတရားကို ပြောင်းလဲနိုင်မှပဲ ကံကြမ္မာကို ပြောင်းလဲနိုင်မယ် ထင်တယ်”
ဟန်ယွီ စိုးရိမ်နေတာက ချင်လင်း ဒုက္ခရောက်နေတာကို မကြည့်ရက်လို့ပါ။ နှစ်တစ်သိန်းကျော် ကျင့်ကြံအားထုတ်ပြီး ချင်လင်းဟာ စွမ်းအားကြီးလာပါပြီ။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ရန်ငြိုးရန်စတွေနဲ့ စွဲလမ်းမှုတွေက အမြစ်ပိုတွယ်လာပါတယ်။
ဟန်ယွီရဲ့ အမြင်မှာ ချင်လင်းက ဒီဘဝမှာ တော်တော်လေးကို ဒုက္ခခံရတာပါ။ ဘယ်လောက်တောင် ဒုက္ခခံရလဲဆိုရင် ဟန်ယွီ ထိုင်မနေနိုင်တဲ့အထိပါပဲ။ ဒါပေမဲ့ ဟန်ယွီဟာ ဒီဟာက ကပ်ဘေးတစ်ခုဆိုတာကို သိပါတယ်။ ဒီကပ်ဘေးပြီးရင် ချင်လင်းက အနာဂတ်ကောင်းကောင်း ရှိမယ်ဆိုတာကိုလည်း သိနိုင်ပါတယ်။
ဒါပေမဲ့ ဒီလိုသိနေတာကိုကပဲ ဟန်ယွီကို ဝေခွဲမရ ဖြစ်စေတာပါ။
‘သက်ရှိအားလုံးက တာအိုပညာရှိတွေရဲ့ ကစားပွဲသက်သက်ပဲလား… ဒါဆို တာအိုပညာရှိတွေက ဘယ်သူရဲ့ နယ်ရုပ်လဲ… အရာအားလုံးက ဘယ်သူကို နောက်ကွယ်ကနေ ကြိုးကိုင်နေတာလား… အဲဒီလူ ဒါတွေကိုကြည့်ပြီး ရယ်နေမလား ငိုနေမလား… ဒါမှမဟုတ် ဒီအတိုင်း ထိုင်ကြည့်နေတာလား…’
ဝတ်စုံစိမ်း အမျိုးသမီးက ပြောလိုက်ပါတယ် “ဒါပေမဲ့ မဟာတာအို သုံးထောင်မှာ အမြဲတမ်း ရှင်သန်ဖို့ အခွင့်အရေးတစ်ခု ရှိတယ်မလား၊ သေမျိုးကမ္ဘာကို ဆင်းသက်ပြီး ဒုက္ခခံတာတွေ ရှိသလို သေမျိုးတွေက ကောင်းကင်ကို တော်လှန်ပုန်ကန်ပြီး နတ်မင်းတွေနဲ့ တာအိုပညာရှိတွေ ဖြစ်လာတာလည်း ရှိတာပဲ မဟုတ်ဘူးလား”
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 788
? Views, Released on December 20, 2024