Switch Mode

Chapter – 787

အခန်း (၇၈၇) လောကဦးကမ္ဘာ ပုံရိပ်ယောင်
ဟန်ကျွယ်နဲ့ ဟုန်စဲ့မင်ယွင်ဟာ စကားစမြည် ပြောဆိုကြပါတယ်။ ဒါပေမဲ့ ဟုန်စဲ့မင်ယွင် ဘယ်လိုပဲပြောပြော ဟန်ကျွယ်က တုတ်တုတ်မှ မလှုပ်တဲ့အတွက် နောက်ဆုံးမှာတော့ ဟုန်စဲ့မင်ယွင်ဟာ ဟန်ကျွယ်ကို စည်းရုံးဖို့ လက်လျှော့လိုက်ရပါတယ်။
ဟုန်စဲ့မင်ယွင်ဟာ ပြုံးလိုက်ပါတယ် “ဒီလိုဆိုမှတော့ ကျွန်မ တာအိုရောင်းရင်းဟန်ဆီကို နောက်မှပဲ လာလည်တော့မယ်၊ တာအိုရောင်းရင်းဟန်က ကျွန်မဆီ လာလည်ချင်ရင်တော့ အချိန်မရွေး လာလည်လို့ ရပါတယ်”
စကားဆုံးတာနဲ့ ဟုန်စဲ့မင်ယွင်ဟာ လက်သီးဆုပ် နှုတ်ဆက်ပြီး ထွက်ခွာသွားပါတယ်။
ဟန်ကျွယ်ဟာ စိတ်ထဲမှာ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပါတယ်။ မိန်းမတွေနဲ့ ပြောဆိုရတာက တကယ်ကို ပင်ပန်းတာပါ။
ဟန်ကျွယ်ရဲ့ ကိုယ်ပွားဟာ ကောင်းကင်တာအိုဆီ ပြန်ပြီး ဟန်ကျွယ်ရဲ့ ပင်မခန္ဓာကိုယ်ထဲ ပြန်ဝင်ကာ ပျောက်ကွယ်သွားပါတယ်။ ဟန်ကျွယ်ဟာ ဟုန်စဲ့မင်ယွင်ရဲ့ ရည်ရွယ်ချက်ကို အချိန်ကုန်ခံပြီး တွက်ချက်မနေပါဘူး။ ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ဟာ အပြင်ကို မထွက်ချင်ပါဘူး။
ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ဆက်ကျင့်ကြံပါတယ်။ ဟန်ကျွယ် နောက်ထပ်လုပ်ရမှာက မဟာတာအို လောကဦးပဋိပက္ခ နောက်ဆုံးအဆင့်ကို ထိုးဖောက်ဖို့ပါ။ အခုဆိုရင် ဟန်ကျွယ် အဆင့်မတက်ခဲ့တာက နှစ်ခြောက်သိန်းနီးပါး ရှိနေပါပြီ။
ဟန်ကျွယ်ဟာ အချိန်ကုန်တာ အရမ်းမြန်တယ်လို့ ခံစားလိုက်ရပါတယ်။ ဒီနှစ်ခြောက်သိန်းက ပြီးခဲ့တဲ့ နှစ်ခြောက်သိန်းထက်စာရင် တော်တော်ကို မြန်လွန်းတာပါ။
အသက်ကြီးလာလေလေ အချိန်ကုန်တာ မြန်လေလေပါပဲ။ ဒါက ဘဝ မဟုတ်ပါလား။
ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်၊ စကြဝဠာခန်းမမှာ ကောင်းကင်အရှင်ရွှမ်တု၊ ကောင်းကင်အရှင်ဝူဖာ၊ ပန်ရှင်း၊ ချုံရှီလိုင်၊ ဂိုဏ်းချုပ်တျန်ကျွယ်နဲ့ ဖန်းလျန်တို့ စုဝေးနေကြပါတယ်။
ပန်ရှင်းဟာ ပဋိပက္ခမှာ ဒီအတောအတွင်း ဖြစ်ပျက်ခဲ့တာတွေကို ပြန်ပြောပြပါတယ်။ တာအိုပညာရှိတွေဟာ ပန်ရှင်းပြောတာကို နားထောင်ရင်း မျက်မှောင်ကြုတ်ကုန်ကြပါတယ်။ အမှောင်သခင်ကြီး ပြန်ပေါ်လာပြီလို့ ကြားလိုက်ရတယ် မဟုတ်ပါလား။ ဒီနာမည်က သူတို့နားထဲမှာ မိုးခြိမ်းသံလိုပါပဲ။
အတိတ်မှာတုန်းက အမှောင်သခင်ကြီးဟာ တာအိုပညာရှိမင်ကျွယ်ကို ချောင်ထဲ တွန်းပို့ပြီး ကောင်းကင်တာအိုကို ပြန်စတင်စေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကောင်းကင်တာအို အနန္တကပ်ဘေးမှာ အမှောင်သခင်ကြီးက နောက်ကွယ်ကနေ အရာအားလုံးကို ထိန်းချုပ်ထားတယ်လို့ ပြောလို့ရပါတယ်။
တာအိုပညာရှိတွေဟာ အမှောင်သခင်ကြီးက ကောင်းကင်ရုံးတော်ကို ထောက်ပံ့ပေးချင်တယ်လို့ ထင်ထားခဲ့ကြတာပါ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ မိစ္ဆာ ကောင်းကင်ဧကရာဇ်လည်း ကောင်းကင်တာအိုထဲကနေ မောင်းထုတ်တာကို ခံခဲ့ရပါတယ်။ နောက်ဆုံး ပြန်တွေးကြည့်ရင် ဘယ်သူမှ အနိုင်မရဘဲ ကောင်းကင်တာအို တစ်ခုလုံး ထိခိုက်ပြီး အားနည်းသွားခဲ့ရပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ အဆုံးသတ် အပျက်အစီး နတ်ဘုံက ကောင်းကင်တာအိုကို တိုက်ခိုက်ခဲ့တာပါ။ ဟန်ကျွယ်ကြောင့်သာ မဟုတ်ရင် ကောင်းကင်တာအိုက အခုလောက်ဆို ဒဏ္ဍာရီတစ်ခု ဖြစ်သွားလောက်ပါပြီ။
တာအိုပညာရှိတွေဟာ ဟန်ကျွယ်နဲ့ အမှောင်သခင်ကြီးက ဆက်စပ်နေတယ်လို့ သံသယဝင်ဖူးပါတယ်။ ဒါပေမဲ့ သေချာတွေးကြည့်တဲ့ အခါမှာတော့ ဘယ်လိုမှ ယုတ္တိမရှိပါဘူး။ ဟန်ကျွယ် ကိုယ်တိုင်ကလည်း အမှောင်သခင်ကြီး ကျိန်စာတိုက်တာ ခံရတယ်လို့ ပြောဖူးတယ် မဟုတ်ပါလား။
ကောင်းကင်အရှင်ဝူဖာဟာ သက်ပြင်းချလိုက်ပါတယ် “အမှောင်သခင်ကြီးက တကယ်ကို စွမ်းအားကြီးတာပဲ၊ နတ်ဒေါင်းအရှင်ကိုတောင် စည်းရုံး သိမ်းသွင်းနိုင်တယ်၊ ဒီကောင်က မာနကြီးတဲ့နေရာမှာ နှစ်ယောက်မရှိဘူး၊ မဟာတာအိုပညာရှိတွေကိုလည်း သောက်ဂရုစိုက်တာ မဟုတ်ဘူး”
ဂိုဏ်းချုပ်တျန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ငါတို့တွေ အမှောင်သခင်ကြီးရဲ့ အင်အားက ဘယ်လောက်ရှိလဲဆိုတာကို မသိနိုင်ဘူး၊ ဒါပေမဲ့ အင်မော်တယ်ကမ္ဘာနဲ့ အနန္တကမ္ဘာမှာ အမှောင်ဂိုဏ်းရဲ့ လက်ကျန်တွေက အမြဲတမ်း ရှိနေတယ်၊ ကျင်းတျန်ကုန်းက လူယုံတွေခေါ်ပြီး ပဋိပက္ခကိုတောင် ထွက်သွားတယ်၊ ဒါက ကောင်းကင်တာအိုထဲမှာပဲ ရှိသေးတယ်၊ ပဋိပက္ခတစ်ခုလုံးဆို ငါတို့ ထင်ထားတာထက် အများကြီး ပိုများနေလိမ့်မယ်”
ချုံရှီလိုင်လည်း စိုးရိမ်သွားပါတယ် “ဟုတ်တယ်၊ အမှောင်သခင်ကြီးက ကောင်းကင်တာအိုကို ပစ်မှတ်ထားဖူးတာဆိုတော့ နောင်တစ်ချိန် ပြန်မလာဘူးလို့ ပြောလို့မရဘူး၊ အမှန်အတိုင်း ပြောရရင် ငါ မကြာမကြာ ကျိန်စာတိုက်ခံနေရတုန်းပဲ၊ ဒဏ်ရာရတဲ့အထိ မဖြစ်ဘူးဆိုပေမဲ့ စိတ်လေးလံစေတာတော့ အမှန်ပဲ”
အမှောင်သခင်ကြီးက ကောင်းကင်တာအိုထက်မှာ မိုးထားတဲ့ ဓားတစ်လက်လိုပါပဲ။
ပြီးခဲ့တဲ့ ကောင်းကင်တာအို အနန္တကပ်ဘေးက နှစ်သန်းချီ ကြာသင့်ပေမဲ့ အမှောင်သခင်ကြီး လက်ချက်ကြောင့် ခဏလေးနဲ့ ပြီးသွားရပါတယ်။ နောက်ဆုံးမှာ တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားတောင် ပေါ်လာတဲ့အတွက် ကောင်းကင်တာအို သမိုင်းမှာ အဆိုးရွာဆုံး အရက်စက်ဆုံး ဝမ်းနည်းဖွယ် အကောင်းဆုံး ကပ်ဘေးတစ်ခု ဖြစ်သွားခဲ့ပါတယ်။
ကောင်းကင်အရှင်ရွှမ်တုက ပြောလိုက်ပါတယ် “အမှောင်သခင်ကြီးကို ဂရုစိုက်ရမဲ့အပြင် နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်၊ ဟွမ်ဇွမ်တျန်လည်း လီတောက်ခုံးနဲ့ ရှီတုတောက်တို့လို့ အဖမ်းခံရပြီး ကောင်းကင်တာအို ကံတရား အထောက်အပံ့ ပြတ်တောက်သွားတယ်၊ ကျယ်ကျောင်းတော်ကနေ နောက်ထပ် တာအိုပညာရှိတစ်ပါး ထပ်ရွေးရလိမ့်မယ်”
ဂိုဏ်းချုပ်တျန်ကျွယ်ဟာ မျက်နှာပျက်သွားပေမဲ့ ခေါင်းညိတ်လိုက်ပါတယ်။ ဂိုဏ်းချုပ်တျန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ကို အမြင့်ကြီး တွေးထားတာဆိုပေမဲ့ သူ့မှာ ရွေးချယ်စရာ မရှိပါဘူး။ လက်ရှိ ကောင်းကင်တာအိုက ရှုံဟွာနဲ့ တိုက်ခိုက်ဖို့ အဆင်သင့် မဖြစ်သေးပါဘူး။
ပန်ရှင်းက ကျိန်ဆဲလိုက်ပါတယ် “ခွီးတဲ့မှပဲ… ဒီကောင်တွေက တော်‌တော်လေး မောက်မာလာတယ်၊ ကောင်းကင်တာအိုကြောင့်သာ မဟုတ်ရင် ငါ ဒီကောင်တွေကို တကယ် သတ်ပစ်ချင်တယ်”
ကောင်းကင်တာအိုက ပဋိပက္ခမှာ အင်အားကြီးလာဖို့ အချိန်လိုပါသေးတယ်။ စစ်ပွဲကြီးတစ်ပွဲ ဖြစ်ပွားတာနဲ့ ပဋိပက္ခမှာ လှည့်လည်နေတဲ့ ကောင်းကင်တာအို သက်ရှိတွေကို ကျိန်းသေပေါက် သက်ရောက်စေမှာပါ။ ကောင်းကင်တာအို မရှုံးဘူးဆိုရင်တောင် အချိန်တော်တော်ကြာအောင် တိုးတက်မှု ရပ်တန့်သွားပြီး ကံမကောင်း အကြောင်းမလှရင် ပြန်ပြီးတော့တောင် ဆုတ်ယုတ်သွားနိုင်ပါတယ်။
“ဒီကိစ္စကို ဆရာဘိုးဘိုးဆီ တင်ပြလိုက်ရင် ကောင်းမလား” ဖန်းလျန်က မေးလိုက်ပါတယ်။
ကောင်းကင်အရှင်ရွှမ်တုက ခေါင်းခါလိုက်ပါတယ် “မလိုဘူး၊ ဟွမ်ဇွမ်တျန်က တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့် မဟုတ်ဘူး၊ နောက်ပြီး အမှောင်သခင်ကြီးက ဘယ်နားနေမှန်းတောင် သိရတာ မဟုတ်ဘူး၊ တာအိုရောင်းရင်းဟန်ကို ဒီအကြောင်းတွေပြောလိုက်ရင် တာအိုရောင်းရင်းဟန် စိတ်သောကရောက်ပြီး ကျင့်ကြံမှုကို သွားထိခိုက်မှာ စိုးရတယ်”
“ကောင်းကင်တာအို ဒီအခြေအနေအထိ ရောက်လာတာက စည်းလုံးညီညွတ်မှုကြောင့် မဟုတ်ဘူး၊ တာအိုရောင်းရင်းဟန်ရဲ့ စွမ်းအားကြောင့်ပဲ၊ ဒါကို မင်းတို့တွေလည်း သိတယ်မလား”
တာအိုပညာရှိတွေဟာ ခေါင်းညိတ်လိုက်ကြပါတယ်။ ဟန်ကျွယ်ရဲ့ အကြွင်းမဲ့စွမ်းအားကြောင့်သာ မဟုတ်ရင် သူတို့တွေ ဒီလိုမျိုး စည်းလုံးနေမှာ မဟုတ်ပါဘူး။ တကယ်လို့ စည်းလုံးခဲ့တယ်ဆိုရင်တောင် ဟန်ကျွယ်မရှိဘဲ ကပ်ဘေး ဘယ်နှခုကို ကျော်ဖြတ်နိုင်မှာလဲ။
ကောင်းကင်အရှင်ရွှမ်တုက ဆက်ပြောပါတယ် “ကောင်းကင်တာအို အနန္တကပ်ဘေးက စတော့မယ်၊ အားလုံးပဲ အချိန်ရရင် အင်မော်တယ်ကမ္ဘာကို ကြည့်ပေးကြပါ၊ တာအိုပညာရှိအသစ်တွေက စည်းမျဉ်းတွေ မလိုက်နာဘဲ နည်းနည်း လက်ဆော့နိုင်ခြေ ရှိတယ်”
ကောင်းကင်အရှင်ဝူဖာက ပြုံးလိုက်ပါတယ် “အဲဒီလို တစ်ယောက်ယောက်က စည်းမျဉ်းတွေ မသိရင်လည်း ကောင်းတာပဲ၊ ကြက်ကိုသတ်ပြီး မျောက်ကို သတိပေးလို့ရတာပေါ့”
ဂိုဏ်းချုပ်တျန်ကျွယ်၊ ပန်ရှင်း၊ ဖန်းလျန်နဲ့ ချုံရှီလိုင်တို့လည်း ပြုံးလိုက်ကြပါတယ်။
ကောင်းကင်တာအိုပညာရှိတွေ ပိုပိုပေါ်လာတာနဲ့ ဝါစဉ်ကလည်း ဖြစ်ပေါ်လာပါတယ်။ အဆင့်တူပေမဲ့ အရင်တာအိုပညာရှိတွေက နောက်တာအိုပညာရှိတွေထက် ပိုပြီးတော့ အဆင့်အတန်း ပိုမြင့်ပါတယ်။
တာအိုပညာရှိတွေဟာ ပဋိပက္ခရဲ့ အခြေအနေကို ဆက်ပြီးတော့ ဆွေးနွေးကြပါတယ်။
…..
ကောင်းကင်ပြာအောက်က တောင်တန်းတွေ ဝန်းရံနေတဲ့ ရေအိုင်ကြီးတစ်အိုင်ရဲ့ မျက်နှာပြင်ဟာ မြူခိုးတွေ ပြည့်နှက်နေပါတယ်။ ရေအိုင်ဘေးနားမှာတော့ မိုးကာဝတ်ရုံနဲ့ လောင်တန်ဟာ မြက်ခင်းပေါ် လဲလျောင်းနေတဲ့ ရေကျွဲကိုမှီပြီး ငါးမျှားနေပါတယ်။
တာအိုအရှင်သခင်၊ ကျောက်ရွှမ်ယွမ်နဲ့ ကျန်းယီတို့လည်း မလှမ်းမကမ်းမှာ ရှိနေပါတယ်။
ကျောက်ရွှမ်ယွမ်က ရုတ်တရက် မျက်လုံးဖွင့်ပြီး မေးလိုက်ပါတယ် “အဘိုးကြီး… ကျွန်တော်တို့တွေ ဒီနေရာမှာ ဘယ်လောက်ကြာအောင် ဆက်နေဦးမှာလဲ၊ ကျွန်တော်တို့တွေ လောကဦးကမ္ဘာ ပုံရိပ်ယောင်ကို ဖြတ်သန်းပြီး စမ်းသပ်မှုကို ၁၀၀ ရာခိုင်နှုန်း အောင်မြင်ခဲ့ပြီလေ၊ ကျွန်တော်တို့တွေ ဘာလို့ ထွက်မသွားနိုင်သေးတာလဲ”
“ဟွန်း… ဘာတွေ အလျင်လို‌နေတာလဲ၊ မင်းကျင့်ကြံမှုအဆင့်က နိမ့်လွန်းတယ်၊ မင်း အခုချိန် အပြင်ထွက်ရင် ရွှေကျီးကန်းလေးကို ကာကွယ်နိုင်မှာ မဟုတ်ဘူး” လောင်တန်က ပျင်းရိလေးတွဲစွာ ပြန်ဖြေပါတယ်။
ကျန်းယီဟာ မကျေမနပ် ဖြစ်သွားပါတယ် “ဖြစ်ချင်တာ ဖြစ်ပလေ့စေ၊ ခင်ဗျား ကျွန်တော့်ကို ရွှေကျီးကန်းလေးလို့ မခေါ်လို့ မရဘူးလား၊ ကျွန်တော်က ခင်ဗျားထက် အသက်ကြီးတယ်”
လောင်တန်ဟာ တဟားဟား ရယ်မောလိုက်ပါတယ်.
တာအိုအရှင်သခင်က မေးလိုက်ပါတယ် “စီနီယာ… ဒီကမ္ဘာက ဘယ်မှာရှိတာလဲ၊ စိတ်ဝိညာဉ်ချီ သိပ်သည်းမှု မဆိုးဘူး”
ဒီနေရာရဲ့ စိတ်ဝိညာဉ်ချီ သိပ်သည်းမှုက တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ရဲ့ တစ်ဝက်နီးပါးလောက်ကို ရှိတာပါ။ ဒီအကြောင်းကိုတော့ တာအိုအရှင်သခင်က ထုတ်မပြောပါဘူး။
လောင်တန်ဟာ ခေါင်းမော့ပြီး ပြောလိုက်ပါတယ် “ဒါက သူ့ဘာသာ ဖြစ်တည်နေတဲ့ အတိုင်းမဲ့ကမ္ဘာပဲ၊ ဒီနေရာမှာ သက်ရှိတွေ မရှိဘူး၊ ငါ့တာအိုစက်ကွင်းမှာ အတိုင်းမဲ့ စိတ်ဝိညာဉ်ချီ၊ ရှန်တျန်ချီနဲ့ ပဋိပက္ခချီတောင် ပါသေးတယ်၊ မင်းတို့ ကောင်စုတ်လေး သုံးယောက်က တကယ်ကို ကံကောင်းတာ”
ကျောက်ရွှမ်ယွမ်ဟာ မျက်လုံးပင့်တင်လိုက်ပါတယ်။
တာအိုအရှင်သခင်ဟာ ကျန်းယီကို ကြည့်ပြီး မေးလိုက်ပါတယ် “ဒီအတောအတွင်း ကျင့်ကြံရတာ ဘယ်လိုနေလဲ၊ မသက်မသာ ဖြစ်သေးလား”
ကျန်းယီဟာ ပြုံးလိုက်ပါတယ် “ယန်အင်မော်တယ် ခန္ဓာကိုယ်က တကယ်ကို စွမ်းအားကြီးတာ၊ သိပ်မကြာတော့တဲ့ အချိန်အတွင်းမှာ ငါ့ရဲ့ လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် တာအိုအသီးကို ပြန်ရတော့မယ်”
တာအိုအရှင်သခင်ဟာ ကျန်းယီရဲ့ စကားကြောင့် စိတ်သက်သာရာ ရသွားပြီး ခေါင်းညိတ်လိုက်ပါတယ်။
ကျန်းယီက သူတို့သုံးယောက်ထဲမှာ အသက် အကြီးဆုံး ဆိုပေမဲ့ အငယ်ဆုံးလိုပါပဲ။ တာအိုအရှင်သခင်နဲ့ ကျောက်ရွှမ်ယွမ်က သူ့ကို အမြဲတမ်း အလျှော့ပေးပြီး ဂရုစိုက်ပေးရပါတယ်။
“ဒါနဲ့ မင်းတို့တွေ လောကဦးကမ္ဘာ ပုံရိပ်ယောင်ထဲဝင်ပြီး နတ်ဘုရားရွေးချယ်တဲ့စစ်ပွဲကို ရင်ဆိုင်ရဦးမယ်၊ မင်းတို့ရဲ့ ပြိုင်ဘက်က တာအိုပညာရှိတွေနဲ့ တာအိုဘိုးဘေးတောင် ဖြစ်နိုင်တယ်၊ ပြင်ဆင်ထားချည်”
လောင်တန်ရဲ့ အသံကြောင့် တာအိုအရှင်သခင်တို့ သုံးယောက်ဟာ နှလုံးလှုပ်သွားကြပါတယ်။
‘တာအိုဘိုးဘေး…’ တာအိုအရှင်သခင်တို့ သုံးဦးဟာ မကြောက်တဲ့အပြင် စိတ်တောင် လှုပ်ရှားသွားကြပါတယ်။
လောင်တန်ဟာ တာအိုအရှင်သခင်တို့ သုံးဦးကို ကြည့်ပြီး သက်ပြင်းချမိလိုက်ပါတယ်။ တာအိုအရှင်သခင်တို့ သုံးဦးက တကယ်ကို ရဲတင်းလွန်းတာပါ။ သေချာ ပြုစုပျိုးထောင်မယ်ဆိုရင် အနာဂတ်မှာ ပဋိပက္ခကို ကိုင်လှုပ်နိုင်တဲ့ ပါရမီရှင်တွေ ကျိန်းသေပေါက် ဖြစ်လာမှာပါ။
လောင်တန်ဟာ ဟန်ကျွယ်ကို မတွေးမိဘဲ မနေနိုင်ပါဘူး။ လောင်တန်ဟာ ဟန်ကျွယ်ကို မတွေးဖူးပေမဲ့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိဆိုတဲ့ နာမည်ကို ပဋိပက္ခထဲမှာ ကြားဖူးထားပါတယ်။ ဒါ့အပြင် တာအိုအရှင်သခင်တို့ သုံးဦးဆီကလည်း ဟန်ကျွယ်အကြောင်းကို သိထားပါသေးတယ်။ ဟန်ကျွယ်က အရည်အချင်းရှိတဲ့အပြင် သစ္စာရှိတပည့်တွေကိုလည်း ပိုင်ဆိုင်ထားတယ် မဟုတ်ပါလား။
ဒီလိုအကြောင်းတွေကြောင့် လောင်တန်ဟာ ဟန်ကျွယ်ကို စိတ်မဝင်စားဘဲ မနေနိုင်ပါဘူး။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset