အခန်း (၇၈၆) တာအိုလက်တွဲဖော်
အိပ်မက်နယ်မြေက ယွီဂျင်ဂိုဏ်းတော်ကြီး ဘေးနားမှာရှိတဲ့ တောအုပ်တစ်အုပ်ပါ။ ဟွမ်ဇွမ်တျန်ဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် ချက်ချင်း မတ်တတ်ရပ်ပြီး ဦးညွှတ်ပါတယ်။
“သခင်..”
ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်က ဘိုးဘေးရှိတျန်လိုမျိုး ရက်စက်တဲ့ အငွေ့အသက်တွေ ရှိလာတာကို သတိထားမိလိုက်ပါတယ်။ ဒီစရိုက် ပြောင်းလဲတာက သာမန်မျက်စိနဲ့ မြင်နိုင်လောက်တဲ့အထိ သိသာပါတယ်။ ဟွမ်ဇွမ်တျန်ဟာ အရင်လိုမျိုး တာအိုပညာရှိတစ်ပါးရဲ့ အသွင်အပြင် မရှိတော့ပါဘူး။
ဟန်ကျွယ်က မေးလိုက်ပါတယ် “ကောင်းကင်တာအိုရဲ့ ကံတရား အထောက်အပံ့ကို ဘာလို့ ဖြတ်တောက်လိုက်တာလဲ”
ဟန်ကျွယ်ဟာ အမှန်တရားကို မသိသလိုမျိုး ရှုံဟွာအကြောင်းကို တိုက်ရိုက်မမေးပါဘူး။
ဟွမ်ဇွမ်တျန်က မတတ်နိုင်တဲ့ လေသံနဲ့ ပြန်ဖြေပါတယ် “ကျွန်တော်က အသုံးမကျဘူး၊ တိုက်ခိုက်ခံရပြီး ရှုံဟွာဖြစ်လာဖို့ ဖိအားပေးခံခဲ့ရတယ်”
ဟွမ်ဇွမ်တျန်ဟာ တကယ်ကို မျက်နှာပူနေတာပါ။ ဖြစ်နိုင်ရင် မြေကြီးထဲ တွင်းတူးပြီး ဝင်ပုန်းချင်နေပါတယ်။
“ရှုံဟွာ လေးငါးယောက် ဝိုင်းတိုက်တာကို ခံရလို့လား”
“မဟုတ်ပါဘူး… တစ်ယောက်တည်းပါ…”
“ဘယ်အဆင့်လဲ…”
“လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်”
ဟန်ကျွယ်ဟာ ဆွံ့အသွားပါတယ်။
ဟွမ်ဇွမ်တျန်ဟာ ရှက်လွန်းလို့ လိပ်ဖြစ်ချင်နေပါပြီ။ ဟွမ်ဇွမ်တျန်ဟာ အာဏာအတွက် တိုက်ခိုက်ရင်း အလုပ်ရှုပ်နေတာမလို့ အဆင့်တူချင်း မတိုက်ခိုက်ဖြစ်တာ အတော်ကို ကြာခဲ့ပါပြီ။ ဒါကြောင့်လည်း အဆင့်တူရဲ့ ချိပ်ပိတ်တာကိုခံရပြီး ရှုံဟွာဖြစ်သွားရတာပါ။
ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ် “ဒါက မင်းအမှား မဟုတ်ပါဘူး၊ မင်းက တိုက်ခိုက်ရေးမှာ တကယ်ကို အရည်အချင်း မရှိတာ”
ဟွမ်ဇွမ်တျန်ဟာ မျက်နှာ ဘယ်နားထားရမလဲ မသိတော့ပါဘူး။ ဟွမ်ဇွမ်တျန်ဟာ သူက အရည်အချင်းရှိတယ်လို့ ပြောချင်ပေမဲ့ ပါးစပ်က မလှုပ်ပါဘူး။ အရင်တုန်းက ဟွမ်ဇွမ်တျန်ဟာ သေမျိုးကမ္ဘာမှာ ပြိုင်ဘက်ကင်းတဲ့ တည်ရှိမှုတစ်ခု ဖြစ်ခဲ့ပါတယ်။ ဟန်ကျွယ်နဲ့ မတွေ့ခင်အထိပေါ့။
ဟွမ်ဇွမ်တျန်ဟာ ရှက်လွန်းလို့ ဘာမှမပြောဘဲ ခေါင်းပဲ ငုံံ့ထားပါတယ်။
“ဒီလိုဆိုမှတော့ မင်း ရှုံဟွာအင်အားစုထဲမှာ ပုန်းနေနိုင်တယ်၊ ကျယ်ကျောင်းတော်မှာ လုပ်ခဲ့သလိုမျိုး လုပ်ပေါ့၊ မင်း လုပ်နိုင်မလား” ဟန်ကျွယ်က မေးလိုက်ပါတယ်။
ဟွမ်ဇွမ်တျန်ဟာ ရုတ်တရက် ခေါင်းမော့လာပါတယ် “ကျွန်တော်လည်း အဲဒီလိုပဲ တွေးထားပါတယ်၊ ဒါမှ ကျွန်တော်ရဲ့ ရှုံးနိမ့်မှုကို ပြန်ဖာထေးနိုင်မှာ”
“ကောင်းပြီ… ကိုယ့်ကိုယ်ကိုယ် အရင်ကာကွယ်၊ အခွင့်အရေးရရင် ငါ မင်းကို လာကယ်မယ်”
“မကယ်ပါနဲ့၊ အဲဒီလို ကျွန်တော့်ကိုယ် ကျွန်တော် လုံးဝ အသုံးမကျဘူးလို့ ခံစားရလိမ့်မယ်၊ ကျွန်တော့်ကို ရှုံဟွာအင်အားစုထဲမှာ ပုန်းနေခွင့်ပြုပါ၊ အနာဂတ်မှာ သခင် သိချင်တဲ့ သတင်းမှန်သမျှကို ကျွန်တော် စုဆောင်းပေးပါ့မယ်”
‘အံ့ဖွယ်လက်ဆောင်လည်း ပေးကောင်း ပေးနိုင်လိမ့်မယ်’ ဒီစကားကိုတော့ ဟွမ်ဇွမ်တျန်ဟာ ထုတ်မပြောပါဘူး။ ပဋိပက္ခက ကောင်းကင်တာအိုနဲ့ လုံးဝ ကွဲပြားခြားနားတယ် မဟုတ်ပါလား။
ကောင်းကင်တာအိုနဲ့ယှဉ်ရင် ပဋိပက္ခက ပရိယာယ်သုံးတာ ရှားပါတယ်။ ပဋိပက္ခမှာက လက်သီးကြီးတဲ့လူ အနိုင်ရတာပါ။ ဒါကြောင့် အစီအစဉ်က အကုန်လုံး ပြီးပြည့်စုံနေရင်တောင် စီစဉ်တဲ့အတိုင်း ဖြစ်မလာနိုင်ခြေ ရှိပါတယ်။
“ကောင်းပြီ… ဒါပဲ” ဟန်ကျွယ်ဟာ အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။
ဟန်ကျွယ် မျက်လုံးဖွင့်ပြီး ပြုံးမိလိုက်ပါတယ်။ ရှုံဟွာက တကယ်ကို စွမ်းအားကြီးတာပါ။ လီတောက်ခုံး၊ ရှီတုတောက်၊ ဘိုးဘေးရှီတျန်နဲ့ ဟွမ်ဇွမ်တျန်တို့ကို သူ့လူ ကိုယ့်ဘက်သား လုပ်ပစ်လိုက်ပါတယ်။ ကောင်းကင်တာအိုမှာတောင် ဒီလောက်များနေရင် ပဋိပက္ခတစ်ခုလုံးမှာ ပထမရှုံဟွာအရှင်က ဘယ်လောက်ထိ အင်အားစုဆောင်းထားလဲဆိုတာ တွေးကြည့်စရာပါ။
‘ဘာဖြစ်လို့ စွမ်းအားကြီးတဲ့ မဟာတာအိုပညာရှိချုပ်တွေက ပထမရှုံဟွာအရှင်ဆီ ပြဿနာသွားမရှာဘဲ ငါ့နားမှာပဲ ရစ်သီရစ်သီ လုပ်နေကြတာလဲ မသိဘူး’ ဟန်ကျွယ်ဟာ မချိပြုံး ပြုံးမိလိုက်ပါတယ်။ ကြည့်ရတာတော့ ပထမရှုံဟွာအရှင်က သူ့ထက် အန္တရာယ်များပေမဲ့ ထွတ်ပြေးနိုင်တဲ့ နည်းလမ်းကောင်း ရှိပုံ ရပါတယ်။
ဘာပဲဖြစ်ဖြစ် ပထမရှုံဟွာအရှင်က မဟာတာအို ကံတရား အထောက်အပံ့ နတ်အာဏာကို ရထားသူ မဟုတ်ပါလား။ ပန်ကူးတောင် သူ့ကို အပြီးပြတ် မသုတ်သင်နိုင်ခဲ့ပါဘူး။
ဟန်ကျွယ်ဟာ စာစောင်တွေကို ဆက်ဖတ်ပါတယ်။ စာစောင်တွေ အကုန်လုံးက အခွင့်အရေးရတာ မဟုတ်ရင် အဆော်ခံရတာချည်းပါပဲ။ ဟန်ကျွယ်ဟာ ဒီလိုမျိုး စာစောင်တွေကို အရင်လို စိတ်ဝင်စားခြင်း မရှိတော့ပါဘူး။
ဟန်ကျွယ်ရဲ့ အကြည့်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဆီ ကျရောက်သွားပါတယ်။ ငရဲကြက်နက်က တာအိုပညာရှိအတု ဖြစ်လာပေမဲ့ ဟန်ကျွယ်ကို လာမရှာပါဘူး။ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်လိုက်တဲ့အခါ ငရဲကြက်နက်က ပဋိပက္ခ ကောင်းကင်ခွေး၊ အာတ၊ ရှောင်အာနဲ့ တခြားတပည့်ရင်းတွေကို စောင့်နေမှန်း သိလိုက်ရတဲ့အတွက် ဟန်ကျွယ်ဟာ မပြုံးမိဘဲ မနေနိုင်ပါဘူး။
ငရဲကြက်နက်တို့ဟာ ဟန်ကျွယ်ဆီ အတူတူလာဖို့ စီစဉ်ထားပုံ ရပါတယ်။ ကြည့်ရတာ ဟန်ကျွယ်ဆီ ရောက်တာနဲ့ သူတို့တွေ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်က ထွက်သွားရမှာကို ခန့်မှန်းမိထားပုံပါပဲ။ နှစ်တစ်သန်းကျော်အောင် အတူ ဖြတ်သန်းလာခဲ့တာ ဖြစ်တဲ့အတွက် သူတို့တွေဟာ တစ်ယောက်နဲ့ တစ်ယောက် မခွဲခွာနိုင်အောင် ဖြစ်နေပါတယ်။
ဟန်ကျွယ်ရဲ့အောက်မှာ တပည့်တွေက သူ့အသိုင်းအဝိုင်းနဲ့သူ ရှိပါတယ်။ ကံကောင်းထောက်မစွာပဲ လောလောဆယ်မှာတော့ ဘာပြဿနာမှ မရှိသေးပါဘူး။ ကောင်းကင်တာအိုနဲ့ တိတ်ဆိတ်ဂိုဏ်း နှစ်ခုစလုံးက ဆက်ပြီးတော့ တိုးတက်နေတဲ့အတွက် ဘာပြဿနာမှ မရှိသေးတာပါ။ တိတ်ဆိတ်ဂိုဏ်းသာ ဆက်ပြီးတော့ မကျယ်ပြန့်တော့ဘူး၊ သူတို့တွေ ဆက်ပြီးတော့ အင်အားမကြီးနိုင်တော့ဘူးဆိုရင် ရှိနေတဲ့အဖွဲ့တွေက အာဏာအတွက် စပြီးတော့ တိုက်ခိုက်လာမှာပါ။
ဟန်ကျွယ်ဟာ သူ့တပည့်တွေ အတွင်းစစ်ဖြစ်မှာကို မကြောက်ပါဘူး။ လောကဦး ကောင်းကင်ထောင် ရှိနေတယ် မဟုတ်ပါလား။
ဒီအချိန်မှာပဲ…
ဟန်ကျွယ်ဟာ အလွန်ကြောက်ဖို့ကောင်းတဲ့ ရောင်ဝါကို ခံစားမိလိုက်ပါတယ်။
ပဋိပက္ခ နတ်ဘီလူး ဟုန်စဲ့မင်ယွင်ရဲ့ ရောင်ဝါကလွဲပြီး ဘယ်သူဖြစ်နိုင်ဦးမှာလဲ။
ဟန်ကျွယ်ဟာ ချက်ချင်း အသွင်တူ လက်ရည်စမ်းပွဲကို သုံးပြီး ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်ပါတယ်။
[ဟုန်စဲ့မင်ယွင်: မဟာတာအို လောကဦး ပဋိပက္ခ နောက်ဆုံးအဆင့်၊ ပဋိပက္ခ နတ်ဘီလူး။ မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ကို သင် သတ်လိုက်သဖြင့် ဟုန်စဲ့မင်ယွင်သည် သင့်အပေါ် အကောင်းမြင်နေ၏။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်သုံးပွင့်။]
ဒီမျက်နှာသာပေးမှုက နတ်ဘီလူးတွေ စုဝေးပွဲမှာ ရရှိခဲ့တာပါ။ အဲဒီတုန်းက ဟန်ကျွယ်ဟာ ဒီဟာကို စိတ်ထဲ မထည့်ခဲ့ပါဘူး။
‘မင်းက ငါ့ကို တမင် ချဉ်းကပ်နေတာပဲ… မင်းမှာ ရည်ရွယ်ချက် တစ်ခုခု ရှိရမယ်… အခုကော ငါ့ဆီကို ဘာလုပ်တာလဲ’
ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲဝင်ပြီး ဟုန်စဲ့မင်ယွင်နဲ့ တိုက်ခိုက်ကြည့်လိုက်ပါတယ်။ အသက်ရှူကြိမ် သုံးကြိမ် အကြာမှာတော့ ဟန်ကျယ်ဟာ မျက်လုံးပွင့်လာပြီး မျက်မှောင်ကြုတ်သွားပါတယ်။
ဟန်ကျွယ်ဟာ မကျေနပ်နေသေးဘဲ အသွင်တူ လက်ရည်စမ်းပွဲထဲကို ထပ်ဝင်ပါတယ်။
အသက်ရှူကြိမ် တစ်ကြိမ်အကြာမှာတော့ ဟန်ကျွယ်ဟာ မျက်လုံး ပြန်ပွင့်လာပြီး သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ရဲ့ မျက်လုံးထဲကနေ သတ်ဖြတ်ငွေ့တွေ ထိုးထွက်လာပါတယ်။
‘ငါ ဒီကောင်မကို သတ်လိုက်ရင် ကောင်းမလား… မကောင်းသေးပါဘူး… သူက ငါ့ကို မုန်းမှ မမုန်းတာ၊ ငါက ဘာကိစ္စနဲ့ သတ်ရမှာလဲ’
ဟန်ကျွယ်ဟာ မိတ်ဆွေတွေကို တစ်ခါမှ မသတ်ခဲ့ပါဘူး။ ဟန်ကျွယ် သတ်တာက ရန်သူတွေကိုပါ။ နောက်ပြီး ဟုန်စဲ့မင်ယွင်ကို သတ်လိုက်ရင် ပဋိပက္ခ နတ်ဘီလူးတွေရဲ့ အာရုံကို ကျိန်းသေပေါက် ဆွဲဆောင်မိမှာပါ။ ဒီလိုဆို ဟန်ကျွယ်အတွက် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများမှာပါ။
ဒါကြောင့် ဟန်ကျွယ်ဟာ ကိုယ်ပွားတစ်ခု ဖန်တီးပြီး ဟုန်စဲ့မင်ယွင်ကို သွားတွေ့ခိုင်းပါတယ်။
ဟုန်စဲ့မင်ယွင်ဟာ အမှောင်တားမြစ်နယ်မြေမှာ စောင့်နေပါတယ်။ ဟန်ကျွယ် ပေါ်လာတာကို တွေ့တာနဲ့ ဟုန်စဲ့မင်ယွင်ဟာ တယုတယပြုံးလိုက်ပါတယ်။ ဒီအပြုံးက သက်ရှိအားလုံးရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်စွမ်းရှိပေမဲ့ ဟန်ကျွယ်မျက်လုံးထဲမှာတော့ မူယာများလွန်းတဲ့ အပြုံးတစ်ခုပါ။
ဟန်ကျွယ်က အရင်ဆုံး မေးလိုက်ပါတယ် “တာအိုရောင်းရင်ဟုန်… ဒီကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ”
ဟုန်စဲ့မင်ယွင်ဟာ ပါးစပ်ကို လက်နဲ့ကာပြီး ရယ်လိုက်ပါတယ် “ခစ်..ခစ်… တာအိုရောင်းရင်းဟန်ပဲ ကျွန်မကို ဖိတ်ခေါ်ခဲ့တာလေ၊ တာအိုရောင်းရင်းဟန်က ပေါ်လာတာ မြန်သားပဲ၊ ကျွန်မက အကြာကြီးစောင့်ရမယ်လို့ ထင်ထားတာ၊ ကောင်းကင်တာအိုက တကယ်ကို နေရာကောင်းတစ်ခုပဲ၊ ကျွန်မတို့ မဟာတာအိုပညာရှိတွေတောင် အခွင့်မရှိဘဲ ဝင်လို့မရဘူး”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “တာအိုရောင်းရင်းဟုန် ဒီကိုလာတာ အကြောင်းတစ်ခုတော့ ရှိတယ်မလား၊ ဟုတ်တယ်မလား”
‘ဒီကောင်မက ဘာလုပ်ချင်နေတာလဲ၊ ကောင်းကင်တာအိုထဲ တိုးဝင်ချင်နေတာလား…’ ဟန်ကျွယ်ဟာ ပုဆိန်ကို ဆွဲထုတ်လုနီးပါပဲ။
“ကျွန်မ တာအိုရောင်းရင်းဟန်နဲ့ ရင်းနှီးချင်တာက နှစ်တွေအကြာကြီး အသက်ရှင်ပြီးနောက်မှာ တာအိုရောင်းရင်းဟန်ပဲ ကျွန်မရဲ့ အကြိုက်နဲ့ ကိုက်တယ်၊ နောက်ပြီး တာအိုရောင်းရင်းဟန်က ပဋိပက္ခ နတ်ဘီလူးဆိုတော့ ကျွန်မ တာအိုရောင်းရင်းဟန်နဲ့ ရင်းနှီးချင်တာ မဆန်းပါဘူး” ဟုန်စဲ့မင်ယွင်ဟာ မူယာပိုစွာ ပြုံးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဟုန်စဲ့မင်ယွင် ဘယ်လိုပြောပြော မယုံပါဘူး။ ဟုန်စဲ့မင်ယွင်က အသက်ဘီလီယံကျော်နေတဲ့ မြေခွေးအိုမကြီးပါ။ သူ့စကား သွားယုံလို့ကတော့ ဟန်ကျွယ် အရိုးတောင် ကျန်မှာ မဟုတ်ပါဘူး။ တကယ်လို့ ဟုန်စဲ့မင်ယွင်က စကားက အမှန်ဆိုရင်တောင် ဟန်ကျွယ်ကို ပြဿနာတောထဲ ဆွဲထည့်ချင်တာ ဖြစ်နိုင်ပါတယ်။ ဟန်ကျွယ် အကြောက်ဆုံးကလည်း ပြဿနာတွေပါ။
“ဒီအတောအတွင်း ပဋိပက္ခ ရေပူစမ်းမှာ ကာလဒေသ ဒိုင်မေးရှင်းတစ်ခု ပေါ်လာတယ်၊ ဒီထဲမှာ အခွင့်အရေး အကြီးကြီးတစ်ခု ရှိနေနိုင်တယ်၊ တာအိုရောင်းရင်းဟန် ကျွန်မနဲ့အတူသွားကြည့်ဖို့ ဆန္ဒရှိလား၊ ဒီခရီးစဉ်ပြီးရင် ကျွန်မတို့တွေ တာအိုလက်တွဲဖော်တောင် ဖြစ်လာနိုင်တယ်”
“ငါ့မှာ တာအိုလက်တွဲဖော် ရှိပြီးပြီ၊ တစ်ယောက်တည်းတောင် မကဘူး၊ အတိတ်မှာတုန်းကလည်း အားရအောင် ပျော်ခဲ့ပြီးလို့ သေမျိုးကမ္ဘာရဲ့ အမှန်တရားကို ထိုးဖောက်မြင်ပြီးပြီ၊ ဒါကြောင့်လည်း ငါ ဇွဲရှိရှိနဲ့ ကျင့်ကြံအားထုတ်နေတာ၊ ငါ တာအိုလက်တွဲဖော်ကို ထပ်ပြီးတော့ မလိုအပ်တော့ဘူး၊ တာအိုရောင်းရင်းဟုန်ရဲ့ မျက်နှာသာပေးမှုအတွက် ကျေးဇူးတင်ပါတယ်”
ဟုန်စဲ့မင်ယွင်ဟာ ပြုံးလိုက်ပါတယ် “ရပါတယ်၊ ဘာမှမဖြစ်ဘူး၊ တာအိုရောင်းရင်းဟန် အလျင်စလို ငြင်းစရာ မလိုပါဘူး၊ နောက်ကျရင် တာအိုရောင်းရင်းဟန် စိတ်ပြောင်းနိုင်တာပဲ မဟုတ်ဘူးလား”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “အဲဒီဆိုလည်း နောက်ကျမှပဲ ပြောကြတာပေါ့”
“ဒါဆို တာအိုရောင်းရင်းဟန် သွားမှာလား”
“ထားလိုက်ပါတော့… အဲဒါက ကောင်းကင်တာအိုနဲ့ အရမ်းဝေးလွန်းတယ်၊ နောက်ပြီး ငါက သေရမှာ အရမ်းကြောက်တယ်”
“ကျွန်မ ဒုက္ခပေးမှာကို စိုးရိမ်နေတာလား၊ အဲဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
“တာအိုရောင်းရင်းဟုန်က ငါ့ကို ဒုက္ခမပေးဘူးဆိုရင်တောင် ငါ့ရန်သူတွေနဲ့တွေ့ရင် ဘယ်လိုလုပ်မလဲ၊ လမ်းမှာ ငါတို့နှစ်ယောက်ကို မကြိုက်တဲ့ မဟာတာအိုပညာရှိချုပ်နဲ့တွေ့ရင် ဘယ်လိုလုပ်မလဲ”
“တာအိုရောင်းရင်းဟန်က တကယ် ထူးဆန်းတာပဲ၊ မဟာတာအိုပညာရှိချုပ်က ဟင်းရွက်ကန်စွန်းမှ မဟုတ်တာ၊ ဘယ်လိုလုပ်ပြီး ဒီလောက်လွယ်လွယ် တွေ့နိုင်မှာလဲ၊ နောက်ပြီး ဘာအကြောင်းမှ မရှိဘဲ သူတို့က ဘာလို့ တိုက်ခိုက်မှာလဲ”
ဟုန်စဲ့မင်ယွင်ဟာ ခေါင်းခါ ရယ်မောပြီး ဟန်ကျွယ်ကို သေချာ စိုက်ကြည့်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဘာပြောရမှန်း မသိတော့ပါဘူး။ ဟန်ကျွယ်ဟာ ဟုန်စဲ့မင်ယွင်ရဲ့ စကားကို နားလည်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဖြစ်နိုင်ခြေ ၁ ရာခိုင်နှုန်းရှိရင်တောင် စွန့်စားချင်တာ မဟုတ်ပါဘူး။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 786
? Views, Released on December 20, 2024