Switch Mode

Chapter – 785

အခန်း (၇၈၅) ရှုံဟွာများ၏ အစည်းအဝေး
“ဟုတ်တယ်၊ ငါက တိတ်ဆိတ်ဂိုဏ်းနဲ့ အဆက်အသွယ် ရှိတယ်၊ ငါတို့က အရမ်းရင်းနှီးတယ်လို့ ပြောလို့ရတယ်” ရန်ထျန်တုန်းက သာမန်ကာလျှံကာ ပြောလိုက်ပါတယ်။
ချင်လင်းဟာ ပိုပြီးတော့ သိချင်သွားပါတယ် “ယမမင်းက တိတ်ဆိတ်ဂိုဏ်းရဲ့ ဘယ်တပည့်နဲ့ ရင်းနှီးတာလဲ”
ချင်လင်းဟာ တိတ်ဆိတ်ဂိုဏ်းကို အရမ်းလေးစားပါတယ်။ သူက အင်မော်တယ်ကမ္ဘာကို ထုံးလိုမွှေ ရေလိုနှောက်ပြီး နာမည်ကျော်ကြားနေပေမဲ့ တိတ်ဆိတ်ဂိုဏ်းထဲမှာ ဘာအဆင့်မှမရှိတာကို သိပါတယ်။
တိတ်ဆိတ်ဂိုဏ်း ပျိုးထောင်ခဲ့တဲ့ တာအိုပညာရှိက တစ်ပါးတည်း မဟုတ်ပါဘူး။ ပါရမီရှင်ကတော့ ပြောမနေပါတော့နဲ့။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်မှာ ကျင့်ကြံအားထုတ်နေတဲ့ တပည့်သန်းချီက ပါရမီရှင်ချည်းပါပဲ။ ဒီသတင်းကို လွှတ်ပေးလိုက်တာနဲ့ လောကတစ်ခုလုံး တုန်လှုပ်သွားမှာပါ။
ရန်ထျန်တုန်းဟာ လည်ချောင်းရှင်းပြီး ဟိတ်ဟန်ထုတ်ဖို့ ကိုယ်ဟန် ပြင်လိုက်စဉ်မှာပဲ အသံတစ်သံကို နားထဲမှာ ကြားလိုက်ရတဲ့အတွက် အမူအရာ နည်းနည်း ပြောင်းသွားပြီး ချင်လင်းကို စိတ်ရှုပ်ထွေးတဲ့မျက်နှာနဲ့ ကြည့်လိုက်ပါတယ် “ကပ်ဘေး သယ်ဆောင်သူ… စိတ်ဝင်စားဖို့တော့ ကောင်းသားပဲ၊ ကောင်းကင်တာအိုရဲ့ အနန္တကပ်ဘေးက ဒီလောက်မြန်မြန် ရောက်လာလိမ့်မယ်လို့ ထင်မထားဘူး”
ရန်ထျန်တုန်းဟာ ချင်လင်းကို သနားသွားပါတယ်။ အင်မော်တယ်ကမ္ဘာကို တုန်လှုပ်စေခဲ့တဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်က နယ်ရုပ်တစ်ရုပ် ဖြစ်နေတယ် မဟုတ်ပါလား။
‘တိတ်ဆိတ်ဂိုဏ်းက သူ့ကို ဘာလို့ မကာကွယ်တာလဲ’
ရန်ထျန်တုန်းဟာ ဟန်ကျွယ်ကို တွေးမိသွားပြီး သူ့မျက်လုံးထဲမှာ စွမ်းအားကြီးနေတဲ့ ချင်လင်းက ဟန်ကျွယ်မျက်လုံးထဲ မဝင်နိုင်တာကို ရုတ်တရက် သဘောပေါက်သွားပါတယ်။ ရန်ထျန်တုန်းဟာ ချက်ချင်း ပျင်းသွားပြီး ဟိတ်ဟန်တွေ ပျောက်သွားပါတယ်။
ရန်ထျန်တုန်းဟာ လက်ဝှေ့ယမ်းလိုက်ပါတယ် “သွား ပြန်မွေးဖွားတော့… နောက်ဘဝကျမှ ငါ မင်းနဲ့ စကားပြောတော့မယ်”
ချင်လင်းဟာ ပဟေဠိဖြစ်သွားပေမဲ့ ဘာမှမပြောပါဘူး။ အရင်ဆုံး ပြန်လည်မွေးဖွားရမယ် မဟုတ်ပါလား။
ဖြူမည်းနတ်နှစ်ပါးဟာ ချင်လင်းရဲ့ ဝိညာဉ်နဲ့ ထွက်ခွာသွားပါတယ်။
ရန်ထျန်တုန်းဟာ အတိတ်ကို ပြန်တွေးမိလိုက်ပါတယ် ‘ငါ အရင်တုန်းက ဆရာသခင်ရဲ့ စကားကို နားထောင်ခဲ့ရင် အခု ဘယ်လိုဖြစ်နေမလဲ… ငါ့ အရည်အချင်းကိုက ညံ့လွန်းတာပါ၊ စုချီက စကားနားမထောင်ဘဲ ကပ်ဘေးဖြစ်စေခဲ့ပေမဲ့ အခု သူက တာအိုပညာရှိ ဖြစ်နေပြီ… နောက်ဆုံးကျတော့ ကံတရား အထောက်အပံ့မရှိသူတွေ ကံဆိုးတာပဲ…’
ရန်ထျန်တုန်းဟာ သက်ပြင်းချလိုက်ပါတယ်။ ရန်ထျန်တုန်းဟာ သူ့ရဲ့ ယမမင်းခန်းမကို ကြည့်ပြီး စိတ်ဓာတ်ကျသွားပါတယ်။
တကယ်တော့ ရန်ထျန်တုန်းရဲ့ နေရာက ကောင်းတဲ့နေရာတစ်ခုပါ။ သေခြင်းရှင်ခြင်းကို စိုးရိမ်စရာ မလိုတဲ့အပြင် အခြေအနေ အနိမ့်အမြင့် အတက်အကျကို ထိုင်ကြည့်လို့ရပါတယ်။ တကယ်တော့ ဒီနေရာက ရန်ထျန်တုန်းက စိတ်တောင် မကူးရဲခဲ့တဲ့ နေရာတစ်ခုပါ။
ရန်ထျန်တုန်းဟာ ဒီအတွေးကြောင့် ပြုံးပြီး ပျော်ရွှင်သွားပါတယ်။
…..
အဖြူရောင်ချည်းပဲ ရှိတဲ့ လျှို့ဝှက်ဆန်းကြယ် နေရာတစ်ခုမှာ အရိပ်နက်တွေ စုဝေးနေကြပါတယ်။ သူတို့ရဲ့ ပုံရိပ်အစစ်အမှန်ကိုတော့ မြင်တွေ့နိုင်ခြင်း မရှိပါဘူး။ သူတို့အကုန်လုံးဟာ အလွန့်အလွန်ကြီးမားတဲ့ ဧရာမအရိပ်ကြီးတစ်ခုကို မျက်နှာချင်းဆိုင်နေကြပါတယ်။
“ရှင်ယွီ သေသွားပြီ၊ သူ ဘယ်လိုမှ မခုခံနိုင်လိုက်ဘူး၊ သူ မသေခင် ငါ့ဆီကို ဒီမျက်နှာပို့လိုက်တယ်” ဧရာမ အရိပ်နက်ကြီးရဲ့ စကားဆုံးတာနဲ့ သူ့မျက်လုံးကနေ အနီရောင် အလင်းတန်းနှစ်တန်း ထွက်ပေါ်လာပြီး အချင်းချင်း ယှက်‌ဖြာကာ အမှောင်သခင်ကြီးရဲ့ ပုံရိပ် ဖြစ်သွားပါတယ်။
အမှောင်သခင်ကြီးက ဒီမှာစုဝေးနေတဲ့ အရိပ်နက်တွေနဲ့ တော်တော်လေး ဆင်တူပါတယ်။ ဒါပေမဲ့ အမှောင်သခင်ကြီးက မီးလျှံနက်တွေ ဝန်းရံနေပြီး အရေးအကြီးဆုံးက လက်ထဲမှာ ပုဆိန်တစ်လက် ကိုင်ထားတာပါ။
“ဒီလူက ဘယ်သူလဲ”
“ကံကြမ္မာ တိုက်ခိုက်ခံရတာလား”
“နေပါဦး… ဒါက ကောင်းကင်ဖွင့်လှစ်ပုဆိန် မဟုတ်ဘူးလား”
“အရင်တုန်းက ကောင်းကင်တာအို ပန်ရှင်း ငါ့ကို ပြောဖူးတယ်၊ ရှုံဟွာက သူ့ကောင်းကင်ဖွင့်လှစ်ပုဆိန်ကို ခိုးသွားတယ်တဲ့၊ အခုကြည့်ရတာ…”
“အဲဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ အကောင်းစား ရတနာက ဘယ်လိုလုပ် ခိုးခံရမှာလဲ၊ အဲဒီကောင် သရုပ်ဆောင်နေတာ ဖြစ်ရမယ်”
“ဒါပေမဲ့ ပန်ရှင်းက လွတ်လပ် တာအိုပညာရှိအဆင့်ပဲ ရှိတာ၊ မဟာတာအိုပညာရှိကို ဘယ်လိုလုပ်ပြီး သတ်နိုင်မှာလဲ”
အရိပ်နက်တွေဟာ စပြီးတော့ အချေအတင် ပြောဆိုကြပါတော့တယ်။
ရှီတုတောက်၊ ဘိုးဘေးရှီတျန်နဲ့ လီတောက်ခုံးလည်း ဒီထဲမှာ ပါပါတယ်။ ရှီတုတောက်ဟာ စိတ်ထဲမှာ ပဟေဠိ ဖြစ်သွားပါတယ် ‘အမှောင်သခင်ကြီးက ဘာဖြစ်လို့ ရှုံဟွာကို သတ်ချင်ရတာလဲ… ရှုံဟွာက သူ ဖန်တီးထားတာ မဟုတ်ဘူးလား…’
ရုတ်တရက်ဆိုသလို ရှီတုတောက်ဟာ အခြေအနေတွေကို မှန်းဆနိုင်စွမ်း မရှိတော့ပါဘူး။
ဧရာမအရိပ်နက်ကြီးက ပြောလိုက်ပါတယ် “သူက အမှောင်သခင်ကြီးလို့ မင်းတို့ ထင်လား”
‘အမှောင်သခင်ကြီး…’ အရိပ်နက် အကုန်လုံး မှင်တတ်သွားကြပါတယ်။
အရိပ်နက်အများစုဟာ အမှောင်သခင်ကြီး အကြောင်းကို သိပ်မသိကြပါဘူး။ နာမည်ကြာဖူးရုံပဲ ရှိတာပါ။ အဆုံးသတ် အပျက်အစီး နတ်ဘုံ ကောင်းကင်တာအိုကို မနိုင်တာက ကောင်းကင်တာအိုမှာ ပဋိပက္ခ နတ်ဘီလူး မွေးဖွားလာတာအပြင် အမှောင်သခင်ကြီးကြောင့်ဆိုရင် မှားမယ် မထင်ပါဘူး။
အရိပ်နက်တစ်ခုက မေးလိုက်ပါတယ် “အမှောင်သခင်ကြီးက ကျိန်စာတိုက်တာပဲ တော်တာ မဟုတ်ဘူးလား”
ဧရာမအရိပ်နက်ကြီးက ပြောလိုက်ပါတယ် “ဘယ်လိုစဉ်းစားစဉ်းစား အမှောင်သခင်ကြီးပဲ ဖြစ်နိုင်တယ်၊ သူအရင်က ငါ့ကို ကျိန်စာတိုက်ဖူးတယ်၊ ငါ့ကို ထိခိုက်အောင် မလုပ်နိုင်ခဲ့ဘူးဆိုပေမဲ့ သူ့ရည်ရွယ်ချက်က ရှင်းနေတာပဲ၊ အမှောင်သခင်ကြီး နတ်ဒေါင်းအရှင်ကို ကယ်လိုက်တာက နတ်ဒေါင်းအရှင်ကို ပျိုးထောင်ချင်လို့ ဖြစ်မယ်၊ သူ့လက်အောက်မှာ စွမ်းအားကြီးပုဂ္ဂိုလ် ဘယ်နှပါး ရှိနေမလဲဆိုတာကို ငါတို့တွေ မသိနိုင်သေးဘူး”
“ငါတို့တွေ လုပ်ရမှာက အမှောင်သခင်ကြီးက ရှုံဟွာကိုသတ်ပြီး ပဋိပက္ခကို တော်လှန်ဖို့ ကြံစည်နေတယ်လို့ သတင်းဖြန့်ရမယ်၊ ဒီလိုဆို မိစ္ဆာဘိုးဘေး ကျိန်းသေပေါက် ပေါ်လာလိမ့်မယ်၊ ပဋိပက္ခနတ်ဘီလူးတွေနဲ့ အနှိုင်းမဲ့ နတ်မင်းတွေက မျိုးနွယ်စုတစ်စုစီ တည်ထောင်ပြီးပြီ၊ ပဋိပက္ခက နဂိုကတည်းက ဖရိုဖရဲ ဖြစ်နေတာဆိုတော့ မီးလောင်ရာ လေပင့်ကြရအောင်”
“ပဋိပက္ခမှာ တိုက်ပွဲကြီး ဖြစ်ပွားလိမ့်မယ်၊ အဲဒီတိုက်ပွဲမှာပဲ ပဋိပက္ခက ပြိုကွဲလိမ့်မယ်၊ အဲဒီအချိန်ကျရင် အမှောင်ထု ဆင်းသက်လာလိမ့်မယ်”
အရိပ်နက်တွေဟာ တစ်ခဲနက် ထောက်ခဲ့ကြပါတယ်။
ရှီတုတောက်ဟာ အတွေးများသွားပါတယ် ‘အမှောင်ထု ဆင်းသက်လာမယ်… ငါ ရှုံဟွာထဲ မဝင်ခင်တုန်းက အမှောင်ထု ကျရောက်လာရင် သူပေါ်လာမယ်လို့ အမှောင်သခင်ကြီးက ငါ့ကို ပြောဖူးတယ်၊ ဒီအတိုင်းဆို ရှုံဟွာက အမှောင်သခင်ကြီးရဲ့ နယ်ရုပ်တစ်ရုပ်နဲ့ တူတယ်’
‘ဒီအရှုပ်အထွေးတွေကလည်း ရှုံဟွာတွေ မြန်မြန်လုပ်ရှုားအောင် အမှောင်သခင်ကြီးက တွန်းအားပေးလိုက်တာ ဖြစ်ရမယ်’
…..
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ နတ်ဒေါင်းအရှင်ကို ကယ်ပြီးကတည်းက နှစ်တစ်သောင်းပြည့်အောင် ဂူအောင်းကျင့်ကြံခဲ့ပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ အဆင့်တက်ဖို့ တစ်စထက်တစ်စ နီးကပ်လာပါပြီ။
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပါတယ်။ ကြမ္မာဆိုးစာအုပ်ဟာ အဆင့်မြှင့်တင်ပြီးလို့ အခုဆိုရင် မဟာတာအို အကောင်းစား ရတနာ ဖြစ်နေပါပြီ။ ကျိန်စာမတိုက်တာ အတော်ကြာပြီ ဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ နည်းနည်း နေရထိုင်က အဆင်မပြေပါဘူး။
ဟန်ကျွယ်ဟာ ချက်ချင်းပဲ ပထမရှုံဟွာအရှင်ကို ကျိန်စာတိုက်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ပထမရှုံဟွာအရှင်ကို ငါးရက်ပဲ ကျိန်စာတိုက်ပါတယ်။ သက်တမ်းတစ်စက်ကလေးတောင် မသုံးပါဘူး။
“ကောင်းလိုက်တာ… အခုမှ နေသာထိုင်သာ ရှိသွားတယ်”
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ပြန်သိမ်းပြီး ကောင်းကင်တာအိုကို ကြည့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ နှစ်တစ်သောင်းပဲ ဂူအောင်းကျင့်ကြံတာက ချင်လင်းကို ကြည့်ချင်လို့ပါ။ တိတိကျကျ ပြောရရင် ကောင်းကင်တာအို ပြန်စတင်ပြီး ပထမဆုံးကပ်ဘေးကို ကြည့်ချင်တာပါ။
ချင်လင်းဟာ ပြန်မွေးဖွားပြီးပါပြီ။ သူ့နောက်ခံက တာအိုပညာရှိတွေ စီစဉ်ထားတဲ့အတိုင်းပါပဲ။ သူ့ရွာကလေးဟာ နတ်ဆိုးတွေနဲ့ ဗုဒ္ဓဂိုဏ်းသားတွေ တိုက်ခိုက်တာကို ခံခဲ့ရပါတယ်။ ဗုဒ္ဓဂိုဏ်းသားတွေ နတ်ဆိုးကို နှိမ်နင်းတဲ့အခါ ချင်လင်းရဲ့ မိဘတွေကို မတော်တဆ သတ်မိသွားပါတယ်။ ဒါကြောင့် ချင်လင်းဟာ သူ့မိဘတွေအတွက် ကလဲ့စားချေဖို့ အင်မော်တယ်တွေဆီ သွားပါတော့တယ်။
အသက် ၃၇ နှစ်မှာ ချင်လင်းဟာ ရှန်နန်းတော်က ကျင့်ကြံသူတစ်ဦးနဲ့တွေ့ပြီး ရှန်နန်းတော်ထဲ ဝင်ရောက်လိုက်ပါတယ်။ အခုအချိန်မှာတော့ ချင်လင်းဟာ ရှန်နန်းတော်ထဲ ကျင့်ကြံအားထုတ်နေပါတယ်။
ရှကျစ်ဇွင်ကလည်း ပြန်လည်မွေးဖွားပြီး ရှန်နန်းတော်ရဲ့ တပည့်ဖြစ်နေတုန်းပါ။ ရှကျစ်ဇွင်က နောက်ခံကို မဖုံးကွယ်ထားတဲ့အတွက် ပြန်လည်မွေးဖွားပြီးတာတောင် ရှန်နန်းတော် တပည့်တွေရဲ့ လေးစားတာကို ခံရပါသေးတယ်။ ဒါပေမဲ့ ရှကျစ်ဇွင်ဟာ ဘဝဟောင်းက အကြောင်းတွေကို မမှတ်မိပါဘူး။ ဒါကြောင့် တခြားတပည့်တွေဆီကနေ သူ့ဘဝဟောင်းမှာ ဘယ်လောက်ထိ စွမ်းအားကြီးခဲ့တယ်ဆိုတာကို ပြန်နားထောင်ရပါတယ်။
နှစ်ယောက်စလုံးက ရှန်နန်းတော်မှာပါ။ ဒါပေမဲ့ ရှကျစ်ဇွင်က အားလုံးရဲ့ အာရုံစိုက်တာ ခံရပြီး ချင်လင်းကတော့ သာမန်တပည့်တစ်ယောက်သာသာပါ။ သူတို့နှစ်ယောက်က ဘယ်တော့မှ မတွေ့ကြတော့မဲ့ အတိုင်းပါပဲ။
ဟန်ကျွယ်ဟာ တစ်ခဏကြည့်ပြီးတာနဲ့ တခြားကို ကြည့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ တာအိုပညာရှိတွေက စိတ်လိုက်မာန်ပါ မလုပ်ရဲဘူးလို့ ယုံကြည်ထားပါတယ်။ တကယ်လို့ တစ်ယောက်ယောက်က စိတ်လိုက်မာန်ပါ လုပ်လာခဲ့ရင်လည်း ဟန်ကျွယ်ဟာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ တန်ခိုးစွမ်းအားကို ပြသပေးမှာပါ။
ဟန်ကျွယ်ဟာ တာအိုပညာရှိတွေကို အားမသုံးတာ အတော်ကြာခဲ့ပါပြီ။ တာအိုပညာရှိ အသစ်တွေက ဟန်ကျွယ်ရဲ့ စွမ်းအားကို သိမဲ့ပုံ မပေါ်တော့ပါဘူး။
အဲဒီနောက် ဟန်ကျွယ်ဟာ စာစောင်တွေကို စပြီးတော့ စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ ယီတျန်သည် ပဋိပက္ခ မိစ္ဆာပိုးမွှားများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၉၉၀၀၂၈၇၄၃
[သင့်သား ဟန်ထော်သည် ပဋိပက္ခ မိစ္ဆာပိုးမွှားများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၉၀၂၈၃၆၇၂၂
[သင့်မိတ်ဆွေ ကျန်းယီသည် ပဋိပက္ခ မူလနေမင်းကို သုံးသပ်နားလည်ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ရှီတုတောက်သည် တိုက်ခိုက်ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ ဘိုးဘေးရှီတျန်သည် တိုက်ခိုက်ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ လီတောက်ခုံးသည် တိုက်ခိုက်ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် ရှုံဟွာ ဖြစ်လာ၏။]
[သင့်မိတ်ဆွေ မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် ပဋိပက္ခ အကောင်းစား ရတနာတစ်ပါးကို ရရှိပြီး ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]
‘ဟွမ်ဇွမ်တျန်က ဘယ်လိုလုပ်ပြီး ရှုံဟွာ ဖြစ်သွားတာလဲ’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဟွမ်ဇွမ်တျန်က သစ္စာရှိတဲ့လူ ဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ ဒီအတိုင်း ထိုင်ကြည့်မနေနိုင်ပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ တစ်ခဏ တွေးတောပြီးတာနဲ့ ဟွမ်ဇွမ်တျန်ဆီကို အိပ်မက်ထဲကနေ သွားလည်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset