အခန်း (၇၈၁) လောကဦးနတ်ဘီလူး ပေါ်လာခြင်း
ကျယ်ပြောလှတဲ့ ကောင်းကင်ပြင်မှာ တိမ်မည်းတွေဟာ နဂါးတစ်ကောင် ကခုန်နေသလိုမျိုး ထိုးထွက်လာပါတယ်။ အစီအရီတည်ရှိနေတဲ့ တောင်ထိပ်တွေထဲမှာ တောင်ထိပ်ငါးခုက လက်ငါးချောင်း ထောင်ထားသလိုမျိုး ထိုးထွက်နေပါတယ်။
တောင်ကြားတစ်ခုမှာ တာအိုအရှင်သခင်၊ ကျောက်ရွှမ်ယွမ်နဲ့ ကျန်းယီတို့ဟာ ယှဉ်ထိုင်ပြီး ခပ်ဝေးဝေးမှာရှိတဲ့ ဧရာမဆေးအိုးကြီးကို ကြည့်နေကြပါတယ်။ မိုးကာဝတ်ရုံနဲ့ အဘိုးအိုဟာ ရေကျွဲပေါ်မှာရပ်ရင်း မီးခိုးစိမ်းတွေ ထွက်လာတဲ့ ဆေးအိုးကို ငုံ့ကြည့်နေပါတယ်။
မိုးကာဝတ်ရုံနဲ့ အဘိုးအိုဟာ ဘက်လက်ကို နောက်ပစ်ပြီး ညာလက်နဲ့ နှုတ်ခမ်းမွေးကို သပ်လိုက်ပါတယ်။ အဲဒီနောက် မျက်မှောင်ကြုတ်သွားပါတယ်။
ကျောက်ရွှမ်ယွမ်ဟာ ရေရွတ်လိုက်ပါတယ် “ကြည့်ရတာ အခြေအနေ မကောင်းဘူး ထင်တယ်”
ကျန်းယီဟာ စိုးရိမ်သွားပါတယ် “ငါတို့တွေ မအောင်မြင်ရင် ဘယ်လိုလုပ်မလဲ၊ ဒီလိုဖြစ်မယ်မှန်းသာ ကြိုသိခဲ့ရင် အကောင်းစား ရတနာ ရပြီးတာနဲ့ ထွက်သွားပါတယ်၊ ဒီအဘိုးအိုရဲ့ စကားကို နားမထောင်ခဲ့သင့်ဘူး၊ အခုတော့ ဒီကမ္ဘာထဲမှာ ပိတ်မိနေပြီ၊ ငါတို့တွေ လောကဦး ဆေးလုံးကို မဖော်စပ်နိုင်ရင် အကုန်လုံးသေကုန်လိမ့်မယ်”
တာအိုအရှင်သခင်ဟာ မျက်မှောင်ကြုတ်သွားပြီး မိုးကာဝတ်ရုံနဲ့ အဘိုးအိုကို မကျေမနပ် ကြည့်လိုက်ပါတယ်။
မိုးကာဝတ်ရုံနဲ့ အဘိုးဘိုဟာ သူတို့စကားကို ကြားသွားတာကြောင့် ဒေါသတကြီး ပြောလိုက်ပါတယ် “ဟိုသုံးကောင်… ငါ့နောက်မှာ အတင်းပြောနေတာ ရပ်တော့၊ ငါ မင်းတို့ကို ဘယ်တုန်းက ညာခဲ့လို့လဲ၊ ဒီလောကဦး ဆေးလုံးက နည်းနည်း ထိခိုက်နေတာပဲ ရှိတာ၊ နှစ်တွေ မရေမတွက်နိုင်အောင် ကြာထားတာဆိုတော့ ဒီလောက်တော့ ရှိမှာပေါ့”
ကျောက်ရွှမ်ယွမ်ဟာ မျက်လုံးကို ပင့်တင်လိုက်ပါတယ်။ ကျောက်ရွှမ်ယွမ်ဟာ ခွန်းတုံ့ပြန်ဖို့ ပြင်လိုက်ပေမဲ့ တာအိုအရှင်သခင်က သူ့ကို တားလိုက်ပါတယ် “သူ့ကို မနှောင့်ယှက်နဲ့၊ မတော်လို့ တကယ်ကြီး တစ်ခုခု ထဖြစ်သွားရင် ခက်ကုန်မယ်”
တာအိုအရှင်သခင်ဟာ ကျောက်ရွှမ်ယွမ်နဲ့ ကျန်းယီကို တောအုပ်ထဲ ခေါ်သွားပြီး တရားထိုင်စေပါတယ်။
တာအိုအရှင်သခင်တို့ သုံးဦး ထွက်သွားတဲ့အခါ မိုးကာဝတ်ရုံနဲ့ အဘိုးအိုဟာ မျက်မှောင် ထပ်ကြုတ်သွားပါတယ် “ဘာတွေ ဖြစ်ကုန်တာလဲ… အဓိပ္ပာယ်မရှိဘူး… ဘာဖြစ်လို့ လောကဦး ဆေးလုံးက အသွင်မယူနိုင်တာလဲ… မဟုတ်မှလွဲရော…”
မိုးကာဝတ်ရုံနဲ့ အဘိုးအိုဟာ ဖြစ်နိုင်ခြေတစ်ခုကို တွေးမိပြီး တစ်ကိုယ်လုံး တုန်တက်သွားပါတယ် ‘မဖြစ်နိုင်ဘူး… မဖြစ်နိုင်ဘူး… လုံးဝ မဖြစ်နိုင်ဘူး…’
‘လောကဦး နတ်ဘီလူးက မွေးဖွားခဲ့ပြီး အခုထိ ရှာမတွေ့သေးဘူးဆိုရင် သူပေါ်လာတဲ့အချိန်ကျ ပဋိပက္ခတစ်ခုလုံးကို မျိုးတုံးပစ်မှာပဲ’
မိုးကာဝတ်ရုံနဲ့ အဘိုးအိုဟာ တံတွေးကို အနိုင်နိုင်မျိုချပြီး စိတ်ထိန်းကာ ဆေးအိုးကို ပြန်ကြည့်လိုက်ပါတယ်။ မီးလျှံတွေအထက်မှာ ခရမ်းရောင် ဆေးလုံးတစ်လုံး ပေါလောမျောနေပါတယ်။ ဒါပေမဲ့ ဆေးလုံးရဲ့ မျက်နှာပြင်မှာ အက်ကြောင်းတွေ ထင်းနေပါတယ်။
‘မဖြစ်သေးဘူး… ဒီအတိုင်း ဆက်သွားရင် လောကဦးဆေးလုံး မအောင်မြင်တာနဲ့ ဒီကောင်က ငါတို့အကုန်လုံးကို သတ်မှာပဲ’
မိုးကာဝတ်ရုံနဲ့ အဘိုးအိုရဲ့ မျက်လုံးတွေဟာ ရက်စက်သွားပါတယ်။ မိုးကာဝတ်ရုံနဲ့ အဘိုးအိုဟာ တာအိုအရှင်သခင်တို့ သုံးဦးကို ရုတ်တရက် လှမ်းကြည့်လိုက်ပါတယ်။
“မင်းတို့သုံးယောက်ထဲက ဘယ်သူ ဒီဆေးလုံးကို သုံးချင်လဲ၊ လောဦး နတ်ဘီလူး ဖြစ်မလာဘူးဆိုပေမဲ့ ဒီဆေးလုံးက လောကဦးနတ်ဘီလူးရဲ့ စွမ်းအားကို ယာယီရစေနိုင်တယ်၊ ဒါမှ ငါတို့တွေ ဒီနေရာကနေ သတ်ဖြတ်ပြီး ထွက်နိုင်မှာ၊ ဒီအခွင့်အရေးက နှစ်ခါရနိုင်တာ မဟုတ်ဘူး”
မိုးကာဝတ်ရုံနဲ့ အဘိုးအိုဟာ ကမ္ဘာအပြင်ဘက်က မဟာတာအို နတ်စိတ်ဝိညာဉ် ကြားမှာစိုးတဲ့အတွက် တာအိုအရှင်သခင်တို့ သုံးဦးကို အသံလွှင့်ပြီး ပြောလိုက်ပါတယ်။
မိုးကာဝတ်ရုံနဲ့ အဘိုးအိုရဲ့ စကားကြောင့် တာအိုအရှင်သခင်တို့ သုံးဦးဟာ မျက်နှာပျက်သွားပါတယ်။ တာအိုအရှင်သခင်တို့ သုံးဦးဟာ အသံပြန်လွှင့်ပြီး မိုးကာဝတ်ရုံနဲ့ အဘိုးအိုကို ကျိန်ဆဲကြပါတယ်။ မိုးကာဝတ်ရုံနဲ့ အဘိုးအိုဟာ ကြမ်းတမ်းတဲ့ စကားလုံးတွေကြောင့် ဒေါသထွက်သွားပေမဲ့ မျက်နှာမှာတော့ မပေါ်စေပါဘူး။
“ငါ ဒီဆေးလုံးကို မသုံးတာက အသိစိတ် မလွတ်ချင်လို့ပဲ၊ ဒါမှ ငါ့ရဲ့ ကာလဒေသ ဆန်းကြယ်စွမ်းအားကို သုံးပြီး မဟာတာအို နတ်စိတ်ဝိညာဉ်ကို ခြေရာဖျောက်နိုင်မှာ၊ မင်းတို့တွေ အသက်ရှင်ချင်ကြသေးလား… ဟုတ်တယ်၊ ငါ အမှန်အတိုင်းပဲ ပြောမယ်၊ ဒီဆေးလုံးက ပြန်မကောင်းနိုင်တော့ဘူး၊ ဒါကို ဟိုကောင် သိသွားတာနဲ့ ငါတို့တွေ အကုန်လုံး သေကုန်လိမ့်မယ်”
ကျောက်ရွှမ်ယွမ်ဟာ မိုးကာဝတ်ရုံနဲ့ အဘိုးအိုကို တိုက်ခိုက်လုနီး ဖြစ်သွားပါတယ်။
တာအိုအရှင်သခင်ဟာ အသက်အရှည်ကြီး ရှူသွင်းပြီး ရှေ့ထွက်ဖို့ ပြင်လိုက်ပါတယ်။ ဒါပေမဲ့ ကျန်းယီက အရင်ဆုံး ထွက်သွားပါတယ် “ငါ သွားမယ်၊ ငါ အတိတ်ကတုန်းက ပြိုင်ဘက်ကင်းခဲ့တဲ့ အချိန်တွေကို ပြန်သတိရချင်သေးတယ်၊ ဂိုဏ်းချုပ်က ငါ့ရဲ့ တောက်ပမှုကို မမြင်နိုင်တာ အံ့ဩစရာပဲ… ငါ ဂိုဏ်းချုပ်ဆီက တကယ်ကို နောက်ထပ် ပုံပြင်တစ်ပုဒ် နားထောင်ချင်တာ…”
“
တာအိုအရှင်သခင်ဟာ မျက်မှောင်ကြုတ်သွားပြီး သက်ပြင်းပဲ ချနိုင်ပါတော့တယ်။ ကျောက်ရွှမ်ယွမ်ဟာ အံကြိတ်လိုက်ပါတယ်။ ကျောက်ရွှမ်ယွမ်ဟာ ကျန်းယီကို တားချင်ပါတယ်။ ဒါပေမဲ့ သူ့မှာ ရွေးချယ်စရာ မရှိပါဘူး။
ကျန်းယီဟာ ဆေးအိုးဆီ လျှောက်သွားပြီး ခုန်ဝင်လိုက်ပါတယ်။ မိုးကာဝတ်ရုံနဲ့ အဘိုးအိုဟာ ဘာမှမပြောဘဲ အင်္ကျီလက်စကို ဝှေ့ယမ်းပြီး လောကဦးဆေးလုံးကို ကျန်းယီ ပါးစပ်နား ပို့လိုက်ပါတယ်။ ကျန်းယီဟာ ပါးစပ်ဟပြီး လောကဦးဆေးလုံးကို မျိုချလိုက်ပါတယ်။
“ဝှစ်”
ကျန်းယီရဲ့ ခန္ဓာကိုယ်ဟာ ရုတ်တရက်ဆိုသလို နေမီးလျှံစစ်တွေ တောက်လောင်လာပါတယ်။ မီးလျှံတောင်ပံတစ်စင်းဟာလည်း ကျောဘက်မှာ ထွက်ပေါ်လာပြီး မိုးကာဝတ်ရုံ အဘိုးအိုနဲ့ ဆေးအိုးကို လွှမ်းခြုံလိုက်ပါတယ်။
ချက်ချင်းဆိုသလိုပဲ မိုးကာဝတ်ရုံနဲ့ အဘိုးအိုဟာ ခုန်ထွက်ပြီး သူ့ကိုယ်ပေါ်က နေမီးလျှံစစ်တွေကို ခါချပါတယ် ‘ကောင်စုတ်လေး…’ မိုးကာဝတ်ရုံနဲ့ အဘိုးအိုဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ်။ ဒါပေမဲ့ အသံထွက် မပြောရဲပါဘူး။ မဟာတာအို နတ်စိတ်ဝိညာဉ် ရှာတွေ့သွားမှာကို ကြောက်လို့ပါ။
ဒါပေမဲ့ မဟာတာအို နတ်စိတ်ဝိညာဉ်က လွယ်လွယ်နဲ့ အရူးလုပ်လို့ရတဲ့လူ မဟုတ်ပါဘူး။
“မင်းတို့တွေ ဘာလုပ်နေတာလဲ” မိုးခြိမ်းသံတမျှ ကျယ်လောင်လှတဲ့ အသံဟာ ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်သွားစေပါတယ်
ကျန်းယီဟာ ရုတ်တရက်ဆိုသလို ခြေသုံးချောင်း ရွှေကျီးကန်းအသွင် ပြောင်းလဲပြီး ကောင်းကင်ကို ထိုးထက်သွားပါတယ်။ အခုအချိန်မှာ ကျန်းယီက မဟာတာအို နတ်စိတ်ဝိညာဉ်ကို စိန်ခေါ်ရဲသွားပါပြီ။
“ဟင်… ဒါ ဘာရောင်ဝါလဲဟ…”
“မင်းတို့တွေ ဘယ်လိုလုပ်ပြီး လောကဦး ဆေးလုံးကို ခွင့်ပြုချက်မရှိဘဲ ယူရဲတာလဲ”
မဟာတာအို နတ်စိတ်ဝိညာဉ်ဟာ ပထမတော့ အံ့အားသင့်သွားပြီးနောက် ဒေါသထွက်သွားပါတယ်။ မိုးကြိုးတိမ်တိုက်တွေဟာ ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး ကြောက်ဖို့ကောင်းတဲ့ ဧရာမလက်ကြီး ထွက်ပေါ်လာကာ ကျန်းယီကို ဖမ်းဆုပ်လိုက်ပါတော့တယ်။ နတ်ဘုရားတွေရဲ့ ဒေါသအောက်မှာ ကမ္ဘာကြီးဟာ အရောင်းပြောင်းသွားရပါတယ်။
…..
တာအိုဘုံကျောင်းထဲက ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တဲ့အခါ နှစ်တစ်သောင်းကြာအောင်ပဲ ကျင့်ကြံရပါသေးတယ်။ ဟန်ကျွယ်ဟာ အသက် ၁.၂ သန်း ရှိသွားပါပြီ။
ဟန်ကျွယ်ဟာ ဒီအတောအတွင်း အေးအေးဆေးဆေး ကျင့်ကြံလို့မရအောင်ကို စိတ်လေးနေပါတယ်။ ဟန်ကျွယ်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ပထမဆုံး အကဲခတ်လိုက်ပါတယ်။ ဘယ်သူမှ ဖူစန်းသစ်ပင်လိုမျိုး ထွက်မသွားကြပါဘူး။
ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ် မျက်မှောင်ကြုတ်နေတာကို ရုတ်တရက် မြင်သွားပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ရဲ့ တာအိုဘုံကျောင်းကို ချက်ချင်းသွားပြီး အကျိုးအကြောင်း မေးမြန်းပါတယ် “ဘာဖြစ်လို့လဲ”
ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ပြီး ထူးခြားတာ ဘာမှ မတွေ့ရပါဘူး။ သန္ဓေသားက မဆိုစလောက် တုန်ခါနေတာကလွဲရင် ကျန်တာအကုန်လုံး အကောင်းပကတိချည်းပါပဲ။
ရှင်းဟုန်ရွှမ်ဟာ မျက်လုံးဖွင့်လိုက်ပြီး ကြောက်ကြောက်ရွံ့ရွံ့ ပြောလိုက်ပါတယ် “ယောက်ျား… ဘာကြောင့်လည်း မသိဘူး၊ မိန်းမ အိပ်မက် မက်တယ်၊ အိပ်မက်ထဲမှာ သားလေးက ဆက်တိုက်ငိုနေတယ်၊ တစ်စုံတစ်ခုက သူ့ကို ထိခိုက်အောင် လုပ်ချင်နေတယ်ပုံပဲ”
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး တွက်ချက်ကြည့်လိုက်တဲ့အခါ ကျန်းယီရဲ့ ပုံရိပ်က စိတ်ထဲမှာ ထင်လာပါတယ်။ ဟန်ကျွယ်ဟာ ကျန်းယီဆီကနေ အလွန်အန္တရာယ်ရှိတဲ့ အငွေ့အသက်ကို ရလိုက်ပြီး မွေးရာပါရန်သူတစ်ယောက်ကို မြင်ရသလိုမျိုး ခံစားလိုက်ရပါတယ်။
ဟန်ကျွယ်ဟာ စာစောင်တွေကို ချက်ချင်း စစ်ဆေးလိုက်တဲ့အခါ ကျန်းယီရဲ့ အခြေအနေကို ရှာတွေ့သွားပါတယ်။
[သင့်မိတ်ဆွေ ကျန်းယီသည် လောကဦးနတ်ဘီလူး စွမ်းအားကို ရရှိပြီး စိတ်လွတ်ကာ ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
‘လောကဦးနတ်ဘီလူး စွမ်းအား…’ ဟန်ကျွယ်ဟာ မျက်မှောင် ပိုကြုတ်သွားပါတယ် ‘ကျန်းယီက ဘယ်လိုလုပ်ပြီး လောကဦး နတ်ဘီလူး ဖြစ်သွားတာလဲ’
ဟန်ကျွယ်ဟာ ကျန်းယီရဲ့ ပုံရိပ်ကို စစ်ဆေးလိုက်တဲ့အခါ ကျန်းယီက လောကဦး နတ်ဘီလူး အဖြစ် အသွင်မပြောင်းသေးတာကို တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်လည်း စဉ်းစားမရတဲ့အဆုံး ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ရပါတယ်။ သက်တမ်း ၅၀၀ ဘီလီယံ သုံးစွဲပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ ပုံရိပ်ယောင်ထဲ ဝင်ရောက်သွားပါတယ်။
သိပ်မကြာခင်မှာပဲ ဟန်ကျွယ်ဟာ မျက်လုံး ပြန်ပွင့်လာပါတယ်။
“လောကဦးဆေးလုံး… လောကမှာ ဒီလိုမျိုး နတ်ဆေးလုံးကလည်း ရှိသေးတာလား”
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး စိတ်ထဲကနေ စနစ်ကို ဆက်မေးလိုက်ပါတယ် “လောကဦးဆေးလုံးက ဘယ်လို ဖြစ်လာတာလဲ”
[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဒါက တာအိုဖန်တီးရှင် တန်ဖိုးပါ။
ဆက်တွက်မယ်။
[လောကဦးဆေးလုံး: ပဋိပက္ခ မတိုင်ခင်၌ လောကဦးနတ်ဘီလူး၏ တာအိုအသီး အသွင်ပြောင်းလာခြင်း ဖြစ်သည်။ လောကဦးပဋိပက္ခကို ပဋိပက္ခက အစားထိုးသောအခါတွင် လောကဦး နတ်ဘီလူး သေဆုံးသွားပြီး လောကဦး နတ်ဘီလူး၏ တာအိုအသီးသည် ရှင်သန်ဖို့ အခွင့်အရေးတစ်ခု သယ်ဆောင်ကာ လောကဦးဆေးလုံးအဖြစ် အသွင်ပြောင်းလဲခဲ့သည်။ လက်ရှိ ပဋိပက္ခထဲ၌ လောကဦး နတ်ဘီလူး ရှိနေသောကြောင့် လောကဦးဆေးလုံး၏ အစွမ်းသည် ဆုံးရှုံးသွားခဲ့ပြီး ပင်မခန္ဓာကိုယ်၏ လက်ကျန်စွမ်းအားသာ ကျန်ရှိတော့သည်။]
‘ပဋိပက္ခ မတိုင်ခင်က လောကဦး နတ်ဘီလူး…’ ဟန်ကျွယ်ရဲ့ မျက်နှာဟာ မည်းမှောင်သွားပါတယ် ‘ဒီကောင် လုပ်တာက ဟိုကြောက်မက်ဖွယ် တည်ရှိမှုတွေကို သွားပြီး လှုပ်နိုးလိုက်တာပဲ’
ကျန်းယီသာ လောကဦး နတ်ဘီလူးအဖြစ် နာမည်တပ်ခံရရင် ဇာတ်သိမ်းကောင်းမှာ မဟုတ်ပါဘူး။ ဟန်ကျွယ်ဟာ ကျန်းယီကို ကယ်သင့် မကယ်သင့် ဝေခွဲမရ ဖြစ်သွားပါတယ်။ ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို တွေးမိသွားပါတယ်။
‘ကျန်းယီက စိတ်လွတ်နေတာဆိုတော့ ငါ သူ့ကို နိုင်ပါ့မလား…’
ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို ထပ်မေးလိုက်ပါတယ် “ငါ အခုအချိန်မှာ ကျန်းယီကို ယှဉ်နိုင်လား”
[သက်တမ်း ၅၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[ကျန်းယီသည် လောကဦး နတ်ဘီလူး စွမ်းအားကို ပိုင်ဆိုင်နေသောကြောင့် လောလာဆယ် မယှဉ်နိုင်ပါ။ အချိန်တို ပိုင်ဆိုင်မှုစွမ်းအား ကုန်ဆုံးသွားသောကြောင့် ကျန်းယီသည် တစ်ခါတည်း သေဆုံးလိမ့်မည်။]
‘တစ်ခါတည်း သေမှာလား… ဒီသုံးကောင် ဘာတွေလျှောက်လုပ်ပြန်ပြီလဲ… ကျွဲစီးထားတဲ့ကောင်ကရော ဘာကောင်လဲ’
ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို ဆက်သုံးပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 781
? Views, Released on December 20, 2024