အခန်း (၇၈၀) အနန္တကပ်ဘေးအတွက် ပြင်ဆင်ခြင်း
“ဟုတ်တယ်… တာအိုပညာရှိရဲ့ အာဏာကို စိန်ခေါ်တဲ့အတွက် အပြစ်တော့ ပေးသင့်တယ်”
“သူ့ကို ပြန်မွေးဖွားခိုင်းပြီး ပြန်ကျင့်ကြံခိုင်းရင်ရော…”
“အဲဒါက ရက်စက်လွန်းတယ်၊ ပါရမီရှင်တစ်ပါးကို ပျိုးထောင်ဖို့ဆိုတာက လွယ်တာ မဟုတ်ဘူး”
“ကောင်းကင်တာအိုက ပါရမီရှင် လိုသေးလို့လား”
“အဓိကက ငါတို့တွေ တိုက်ခိုက်သင့်လားဆိုတဲ့ အချက်ပဲ၊ ငါတို့တွေ လှုပ်ရှားရင် အားနည်းသူကို အနိုင်ကျင့်ရာ ရောက်လိမ့်မယ်”
တာအိုပညာရှိတွေဟာ ရှကျစ်ဇွင်အကြောင်း စပြီးတော့ ဆွေးနွေးကြပါတယ်။
ဟန်ကျွယ်ဟာ တာအိုပညာရှိတွေကိုကြည့်ပြီး မနေနိုင်ဘဲ ဝင်ပြောမိလိုက်ပါတဘ် “ကိစ္စသေးသေးလေး အတွက်နဲ့ ကိစ္စကြီးကို အပျက်မခံနဲ့၊ သူ နောက်ထပ် ဘာလုပ်မလဲကြည့်ပြီး ဆုံးဖြတ်ချက် ချကြရအောင်”
ဟန်ကျွယ်ရဲ့ အမြင်မှာ ဒီကိစ္စက သာမန်ကိစ္စလေးပါ။ တာအိုပညာရှိတွေ ဆွေးနွေးရလောက်တဲ့အထိ အချိန်ကုန်ခံသင့်တဲ့ကိစ္စ မဟုတ်ပါဘူး။
ဟန်ကျွယ်စကားကြောင့် တာအိုပညာရှိတွေလည်း ပြုံးပြီး အရင်ကကိစ္စကို ဆက်ပြီးတော့ ဆွေးနွေးကြပါတယ်။
တစ်ချိန်တည်းမှာပဲ ခန်းမအပြင်ဘက်မှာ အဖြူရောင်ဝတ်ရုံနဲ့ လူတစ်ယောက်ဟာ ဟင်းလင်းပြင်ထဲ ရပ်နေပါတယ်။ ဝတ်ရုံဖြူနဲ့လူဟာ ချောမောတဲ့မျက်နှာရှိပြီး ခန့်ညားထည်ဝါတဲ့ အသွင်အပြင် ရှိပါတယ်။ သူ့ရဲ့ လှုပ်ရှားမှုတိုင်းက ထိပ်သီးကျင့်ကြံသူတစ်ယောက်ရဲ့ ရောင်ဝါကို ထုတ်လွှတ်နေပါတယ်။
ဒီဝတ်ရုံဖြူလူက ရှန်နန်းတော်ရဲ့ နံပါတ်တစ် ပါရမီရှင် ရှကျစ်ဇွင်ပါ။ ရှကျစ်ဇွင်ဟာ ကောင်းကင်တာအိုရဲ့ နံပါတ်တစ် ပါရမီရှင်လို့ သူ့ကိုယ်သူ ယုံကြည်ထားပါတယ်။
ရှကျစ်ဇွင်ဟာ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ဖြစ်လာကတည်းက ထိပ်သီးကျင့်ကြံသူတိုင်းကို နေရာတကာမှာ လိုက်စိန်ခေါ်ပြီး အင်မော်တယ်ကမ္ဘာမှာ နာမည်ကြီးလာပါတယ်။ ရှကျစ်ဇွင်ဟာ တစ်ခါမှ မရှုံးနိမ့်ဖူးသေးဘဲ သူ့ကျင့်ကြံမှုက နေ့တိုင်း တိုးတက်နေတာပါ။ လွန်ခဲ့တဲ့ နှစ်တစ်သိန်းက ရှကျစ်ဇွင်ဟာ ပဋိပက္ခကို သွားခဲ့ပါသေးတယ်။ ဒါပေမဲ့ ရှကျစ်ဇွင်ဟာ အဆင့်တူအထဲမှာ ပြိုင်ဘက် မတွေ့ခဲ့ပါဘူး။
ဒါကြောင့် ရှကျစ်ဇွင်ဟာ တာအိုပညာရှိကို စိန်ခေါ်ချင်လာပါတယ်။ ဒါပေမဲ့ ကျယ်ပြောလှတဲ့ ပဋိပက္ခထဲမှာ တာအိုပညာရှိကို တွေ့ရဖို့က သမုဒ္ဒရာထဲ အပ်ပျောက် ရှာရသလိုပါပဲ။
ဒါကြောင့် ရှကျစ်ဇွင်ဟာ ကောင်းကင်တာအိုကို ပြန်လာပြီး ကောင်းကင်တာအို အပြင်ဘက်က တာအိုပညာရှိတွေကို လာစိန်ခေါ်တာပါ။
“ဘာလို့ ငါ့ကို လျစ်လျူရှုနေကြတာလဲ” ရှကျစ်ဇွင်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ရှကျစ်ဇွင်ဟာ သူ့ကျင့်ကြံမှုက နည်းနည်းနိမ့်ပါးမှန်း သိပါတယ်။ ဒါပေမဲ့ တာအိုပညာရှိကို စိန်ခေါ်လိုတဲ့ ဆန္ဒက ဘယ်လိုမှ ထိန်းမရပါဘူး။
ရှကျစ်ဇွင်ဟာ ဘေးကျပ်နံကျပ် ဖြစ်သွားပါတယ်။ တာအိုပညာရှိတွေရဲ့ တာအိုစက်ကွင်း အသီးသီးမှာ ကျင့်ကြံအားထုတ်နေတဲ့ တပည့်တွေ ရှိပါတယ်။ ဒီတပည့်တွေ အကုန်လုံးက အင်မော်တယ်ကမ္ဘာရဲ့ ထိပ်သီးကျင့်ကြံသူတွေပါ။ အခု တာအိုပညာရှိတွေ ဘာမှအကြောင်းမပြန်တာက သူ့ကို သက်ရှိတွေကြားထဲမှာ ရယ်စရာဖြစ်အောင် လုပ်နေတာပါ။ တကယ်လို့ တာအိုစက်ကွင်းထဲ တိုးဝင်ရင်လည်း တာအိုပညာရှိတွေကို အပြစ်ပြုမိရာ ရောက်မှာပါ။
ရုတ်တရက်ဆိုသလို ရှကျစ်ဇွင်ဟာ သူ့အပြုအမူကို နောင်တရသွားပါတယ်။ ဒါပေမဲ့ ဘာမှ မတတ်နိုင်တာကြောင့် ဆက်ပြီးတော့ပဲ စောင့်ဆိုင်းရပါတယ်။
လေးငါးဆယ်နာရီ အကြာမှာတော့ တာအိုပညာရှိတွေဟာ ပါရမီရှင်တွေကို ကောင်းကင်တာအိုဆီ သစ္စာရှိလာအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ဆွေးနွေးလို့ ပြီးသွားကြပါတယ်။
ကောင်းကင်အရှင်ရွှမ်တုက ဟန်ကျွယ်ကို ကြည့်ပြီး ပြောလိုက်ပါတယ် “ကောင်းကင်တာအို ပြန်စတာ နှစ်တစ်သန်း ရှိသွားပြီ၊ ပထမကပ်ဘေးက လာသင့်နေပြီ၊ ဒါပေမဲ့ ကပ်ဘေးကို လှုံ့ဆော်မဲ့ ချင်လင်းက ကောင်းကင်တာအိုထဲမှာ ရှိမနေဘူး…”
အရင်ကနဲ့ မတူတာက ဒီတစ်ခါကပ်ဘေးဟာ သက်ရှိတွေရဲ့ ရန်ငြိုးရန်စတွေ သဘောထား ကွဲလွဲမှုတွေကို ဖြေသိမ့်ပေးဖို့ပါ။ အခုအချိန်မှာ ကောင်းကင်တာအိုက ငြိမ်းချမ်းနေပေမဲ့ ကျင့်ကြံသူ တော်တော်များများဟာ ငြိမ်းချမ်းတာကို အသားယူပြီး အားနည်းတဲ့လူတွေကို အနိုင်ကျင့်ကြပါတယ်။
အမှန်စစ်စစ် ငြိမ်းချမ်းဖို့က တကယ်ကို ခက်ခဲတဲ့အရာပါ။
ဟန်ကျွယ်က မေးလိုက်ပါတယ် “ဒီကပ်ဘေးက ဘယ်လိုပုံစံ ယူမှာလဲ”
ကောင်းကင်အရှင်ရွှမ်တုက ပြန်ဖြေပါတယ် “ငါ ထပ်ခါထပ်ခါ စဉ်းစားပြီးပြီ၊ တစ်ခါတည်း စစ်ပွဲစတင်တာက ကောင်းတဲ့ကိစ္စ မဟုတ်ဘူး၊ ကောင်းကင်တာအိုက အသစ်ဆိုတော့ စည်းမျဉ်းစည်းကမ်းတွေကလည်း အသစ်ဖြစ်သင့်တယ်၊ ဒီကပ်ဘေး အဓိကဇာတ်ဆောင်တွေက လူသားမျိုးနွယ်စု၊ ရှန်နန်းတော်နဲ့ ဗုဒ္ဓဂိုဏ်းနဲ့ ချင်လင်းပဲ၊ ချင်လင်းက သေမျိုးအဖြစ် ပြန်မွေးဖွားမယ်၊ သူ့မိသားစုဝင်တွေက ဗုဒ္ဓဂိုဏ်းတပည့်တွေ နတ်ဆိုးဖိနှိပ်ရင်း မတော်တဆ သတ်တာကို ခံရမယ်၊ အဲဒါကြောင့် ချင်လင်းက ရှန်နန်းတော်ထဲဝင်ပြီး ပါရမီရှင်တစ်ပါး ဖြစ်လာမယ်”
“လက်စားပြန်ချေဖို့ ချင်လင်းက ဗုဒ္ဓဂိုဏ်းကို တော်လှန်ချင်တယ်၊ ဒီအတောအတွင်း တခြား တာအိုပညာရှိဂိုဏ်းတွေနဲ့ မျိုးနွယ်စုတွေလည်း ဝင်ပါလို့ရတယ်၊ သူတို့က ချင်လင်းနဲ့ ဗုဒ္ဓဂိုဏ်း… တစ်ယောက်ယောက်ကို ထောက်ပံ့လို့ရတယ်၊ ဗုဒ္ဓဂိုဏ်းကလည်း ငြိမ်းချမ်းရေးကို ထိန်းသိမ်းချင်တာ ဖြစ်ရမယ်”
“တိုက်ပွဲကြီးပြီးရင် ဗုဒ္ဓဂိုဏ်းရဲ့ အနန္တကပ်ဘေးသားတော်က သေဆုံးသွားလိမ့်မယ်၊ သူက မသေခင် ငြိမ်းချမ်းရေးစကားပြောပြီး သက်ရှိအားလုံးရဲ့ ရင်ထဲက သနားကြင်နာစိတ်ကို လှုံ့ဆော်ပေးရမယ်၊ ချင်လင်းက တာအိုကို သုံးသပ်နားလည်ပြီး သူ့တာအိုနှလုံးသားက ရှင်းလင်းသွားမယ်၊ ပြီးရင် သူအမှားကြီး ကျူးလွန်မိတာကို ရုတ်တရက် သဘောပေါက်နားလည်ပြီး ဗုဒ္ဓဂိုဏ်းထဲ ဝင်သွားမယ်၊ ပြီးရင် ဗုဒ္ဓဂိုဏ်းရဲ့ အယူအဆကို ငြိမ်းချမ်းရေးအတွက် ဖြန့်ကြက်ပေးလိမ့်မယ်”
ဒီဇာတ်လမ်းက သိပ်တော့ မဆိုးပါဘူး။ ဟန်ကျွယ်ဟာ ဒီဇတ်လမ်းကို ကျေနပ်ပါတယ်။ ဒီဇတ်က ချင်လင်းကို နာမည်ကျော်အောင် လုပ်ပေးသလိုပါပဲ။
ဗုဒ္ဓဂိုဏ်းက အစပိုင်းမှာ စက်ဆုပ်ခံရပေမဲ့ နောက်ပိုင်းမှာ ပြန်ပြီးတော့ လေးစားခံရမှာပါ။ နောက်ပြီး ကပ်ဘေးပြီးဆုံးရင် တပည့်အမြောက်အမြားကိုလည်း ရဦးမှာပါ။
ချင်လင်းက ဟန်ယွီရဲ့ အချစ်ဆုံး မြေးတပည့်ပါ။ ဒါကြောင့် ဟန်ကျွယ်ဟာ ချင်လင်းကို မခံစားစေချင်ပါဘူး “ချင်လင်းရဲ့ ခန္ဓာကိုယ်ကို တိတ်ဆိတ်ဂိုဏ်းမှာ ထားလိုက်၊ သူ့ဝိညာဉ်ကိုပဲ ပြန်မွေးဖွားခိုင်းမယ်၊ ကလဲ့စားချေရင် သူက ဗုဒ္ဓဂိုဏ်းရဲ့ စွမ်းအားကြီးပုဂ္ဂိုလ်ကို အနိုင်မယူနိုင်လို့ မျှော်လင့်ချက် ကင်းမဲ့သွားလိမ့်မယ်၊ နောက်ပိုင်း လီရွှမ်အောက်က သူ့ရဲ့ ဘဝဟောင်းကို အသိပေးလိမ့်မယ်၊ ဘဝဟောင်းကို သိပြီးရင် ချင်လင်းက တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို လာဒူးထောက်ပြီး စွမ်းအားကြီးလာဖို့ နည်းလမ်း ရှာဖွေလိမ့်မယ်၊ အဲဒီမှာ ငါ့သူ့ခန္ဓာကိုယ်ကို ပြန်ပေးပြီး သေမျိုးကမ္ဘာရဲ့ ဒုက္ခတွေကနေ လွတ်မြောက်စေမယ်၊ တစ်ချိန်တည်းမှာ ချင်လင်းက သူ့စွမ်းအားကို ပြန်ရပြီး ကပ်ဘေးကို အဆုံးသတ်လိမ့်မယ်”
“အကြံကောင်းတယ်” ကောင်းကင်အရှင်ရွှမ်တုက ချီးကျူးလိုက်ပါတယ်။
တခြား မျိုးဆက်ဟောင်းက တာအိုပညာရှိတွေလည်း ဒီအကြံကို သဘောတူကြပါတယ်။ ချုံရှီလိုင်ကလည်း ဘာကန့်ကွက်မှုမှ မရှိပါဘူး။ ဗုဒ္ဓဂိုဏ်းက အသားယူခံရပေမဲ့ ကပ်ဘေးသာ ချောချောမွေ့မွေ့နဲ့ ပြီးဆုံးသွားရင် ကျိန်းသေပေါက် အကျိုးအမြတ်ရမှာပါ။
သားသတ်ဓားကိုချပြီး ဗုဒ္ဓဖြစ်လာပါ။ ဒါက သက်ရှိအားလုံးရဲ့ ငြိမ်းချမ်းရေးအတွက် အဓိက အတွေးအခေါ် မဟုတ်ပါလား။
တာအိုပညာရှိ အသစ်တွေကတော့ ထူးထူးဆန်းဆန်း ဖြစ်သွားကြပါတယ် ‘ဒါက တကယ့်ကပ်ဘေးလား… တာအိုပညာရှိတွေက ကပ်ဘေးတစ်ခုလုံးကို ဆုံးဖြတ်ထားကြတာပဲ…’
တာအိုပညာရှိအသစ်တွေဟာ သူတို့ကြုံခဲ့ရတဲ့ ကပ်ဘေးတွေကို ပြန်တွေးရင်း မချောက်ချားဘဲ မနေနိုင်ပါဘူး။ အကုန်လုံးက ကြိုစီစဉ်ထားတာ မဟုတ်ပါလား။
ကောင်းကင်အရှင်ဝူဖာဟာ ပြုံးလိုက်ပါတယ် “ပြီးပြည့်စုံတယ်၊ အပြင်မှာ တိုက်ချင်ခိုက်ချင်နေတဲ့ ကောင်တစ်ကောင် ရှိတယ်မလား၊ သူနဲ့ ချင်လင်းကို နှစ်ဖက်စလုံး ဒဏ်ရာရအောင် တိုက်ခိုင်းရင် ဘယ်လိုလဲ၊ ထိပ်တန်း ပါရမီရှင်နှစ်ပါးက တာအိုပညာရှိနေရာအတွက် တိုက်ခိုက်ရင်း အတူတူသေမယ်၊ ဒါက နောက်ပိုင်း မျိုးဆက်သစ်တွေအတွက် ဒဏ္ဍာရီတစ်ခု ဖြစ်သွားလိမ့်မယ်၊ ဒီလိုမျိုး နောက်ခံရှိတာက ဒီအတိုင်း ပြန်မွေးဖွားတာထက် ပိုပြီးတော့ အဓိပ္ပာယ် မရှိဘူးလား”
ချုံရှီလိုင်ဟာ ပြုံးလိုက်ပါတယ် “သဘောတူတယ်”
ကျန်းကူရှင်းဟာ တုံ့ဆိုင်းသွားပါတယ်။ ဒါက သူ့အတွက် သတင်းကောင်း မဟုတ်ပါဘူး။ ဒါပေမဲ့ လုံးဝ သေသွားတာထက်စာရင်တော့ တော်ပါသေးတယ်။ ဒါပေမဲ့ ကျန်းကူရှင်းဟာ တာအိုပညာရှိတွေ ကစားမှာကို ကြောက်တာကြောင့် ဟန်ကျွယ်ကို တောင်းပန်တဲ့အကြည့်နဲ့ ကြည့်လိုက်ပါတယ်။
ဟန်ကျွယ်လည်း ဝင်ပြောလိုက်ရပါတယ် “ဒါက သင့်တော်တယ်၊ နောက်ဘဝမှာ ရှကျစ်ဇွင်နဲ့ ချင်လင်းက ရှန်နန်းတော်ရဲ့ အကောင်းဆုံး ညီအစ်ကိုတွေ ဖြစ်လာလိမ့်မယ်၊ သူတို့နှစ်ယောက်က ဗုဒ္ဓဂိုဏ်းကို အတူတူတိုက်ခိုက်ပြီး ရှန်နန်းတော်ကို အတူတူပြန်လိမ့်မယ်”
ဒီတော့မှပဲ ကျန်ကူးရှင်းဟာ စိတ်သက်သာရာ ရသွားပါတယ်။
တခြားတာအိုပညာရှိတွေဟာ ဟန်ကျွယ်ရဲ့ ကြင်နာမှုကို ချီးကျူးကြပါတယ်။
ကျင်းရှန်ဟာ စိတ်ထဲမှာ သက်ပြင်းချလိုက်ပါတယ် ‘အခွင့်အာဏာက တော်တော်ရွံဖို့ ကောင်းတာပဲ’
ရှကျစ်ဇွင်က ပန်ကူးရဲ့ မျိုးဆက် ဖြစ်တဲ့အတွက် ပန်ရှင်းရဲ့ သဘောတူညီချက်ကို လိုပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာ ပန်ရှင်းက ကောင်းကင်တာအိုထဲမှာ ရှိမနေပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ သဘောတူညီမှုကြောင့် ဘာပြဿနာမှ မရှိပါဘူး။ ကပ်ဘေးအတွက် ပြင်ဆင်လို့ရပါပြီ။
ဒီလိုနဲ့ ကပ်ဘေးကိစ္စက ပြီးသွားပါတယ်။
ဟန်ကျွယ်လည်း နေရာကနေ ပျောက်ကွယ်သွားပါတယ်။
ဟန်ကျွယ် ထွက်သွားတာနဲ့ တာအိုပညာရှိတွေဟာ သက်သာရာ ရသွားကြပြီး ရယ်ရယ်မောမော ဖြစ်သွားကြပါတယ်။ အရင်လို မျက်နှာထား တည်တည်ကြီးတွေ မဟုတ်တော့ပါဘူး။
လီထိုက်ကူက အဓိပ္ပာယ်ပါပါ ပြောလိုက်ပါတယ် “ကျန်းကူရှင်း… မင်းက ရှန်နန်းတော်ကို တော်တော် အလိုလိုက်ထားတာပဲ၊ ရှကျစ်ဇွင် ဒီနေ့ လွတ်သွားရင် စီနီယာဟန်က ဒုတိယ ရှကျစ်ဇွင်ကို ကယ်ပါ့မလား”
ကျန်းကူရှင်းဟာ သက်ပြင်းချလိုက်ပါတယ် “စည်းကမ်းတင်းကျပ်ဖို့က တကယ်လိုနေတာ”
ကျန်းကူရှင်းဟာ မတ်တတ်ရပ်ပြီး ရှကျစ်ဇွင်ကို သင်ခန်းစာပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီနေ့ ရှကျစ်ဇွင်ကြောင့် တော်တော်လေး မျက်နှာပျက်ခဲ့ရတယ် မဟုတ်ပါလား။
တာအိုဘုံကျောင်းကို ပြန်ရောက်တာနဲ့ ဟန်ကျွယ်ဟာ ကျိုးဖန်ကို အိပ်မက်ပေးပြီး ကပ်ဘေးအကြောင်း ပြောလိုက်ပါတယ်။ ချင်လင်းကိုလည်း မြန်မြန် ပြန်လာခိုင်းလိုက်ပါတယ်။
ချင်လင်းက ကပ်ဘေးထဲမှာ ဒုက္ခခံရမှာဆိုပေမဲ့ ကပ်ဘေးပြီးရင် ကျင့်ကြံမှုကို တိုးတက်စေနိုင်တဲ့ အလွန်များပြားတဲ့ ကောင်းကင်တာအို ကံတရား အထောက်အပံ့ကို ရရှိမှာပါ။ တစ်ချိန်တည်းမှာပဲ သူ့နာမည်က ကောင်းကင်တာအိုထဲမှာ သမိုင်းတွင်သွားမှာပါ။ ဒါ့အပြင် ချင်လင်းက ရှင့်ယန်(ယုံကြည်မှု)တွေကို ပုံမှန် စုပ်ယူရင် အကျိုးအမြတ် အများကြီး ထပ်ရမှာပါ။
“ဒါက တာအိုပညာရှိလား၊ စိတ်ဝင်စားဖို့တော့ ကောင်းသား…” ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ရင်း တစ်ကိုယ်တည်း ရေရွတ်လိုက်ပါတယ်။ သက်ရှိအားလုံးရဲ့ ကံကြမ္မာကို ဆုံးဖြတ်ရတာက တကယ်ကို ခံစားလို့ ကောင်းတာပါ။ တာအိုပညာရှိတွေ တမ်းတမ်းစွဲဖြစ်တာ အံ့ဩစရာ မရှိပါဘူး။
ဟန်ကျွယ်ဟာ လူကောင်းတစ်ယောက် မဟုတ်ပေမဲ့ လူဆိုးတစ်ယောက်လည်း မဟုတ်ပါဘူး။ ဟန်ကျွယ်ရဲ့အမြင်မှာ ဒီလိုကပ်ဘေးမျိုးက ကောင်းတဲ့ကိစ္စပါ။ ရန်ငြိုးရန်စတွေ သဘောထား ကွဲလွဲမှုတွေ စုပုံပြီး မပေါက်ကွဲခင် ဖြေရှင်းတာက အကောင်းဆုံးပါ။ မဟုတ်ရင် အကုန်လုံး ဝရုန်းသုန်းကား ဖြစ်ကုန်မှာပါ။
ကောင်းကင်တာအိုရဲ့ တိုးတက်ပြောင်းလဲမှုနဲ့ ငြိမ်းချမ်းရေးကို ဆက်ထိန်းသိမ်းထားချင်ရင် တစ်စုံတစ်ခုကိုတော့ စတေးရမယ် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ ပုံစံမျိုးစုံယူပြီး ကောင်းကင်တာအိုကို အကဲခတ်လိုက်ပါတယ်။ အင်မော်တယ်ကမ္ဘာနဲ့ အနန္တကမ္ဘာမှာရှိတဲ့ သရဲအရေအတွက် တကယ်ကို တိုးလာတာပါ။ ဒါက လောလောဆယ်မှာ ကောင်းကင်တာအိုကို မသက်ရောက်နိုင်သေးဘူး ဆိုပေမဲ့ သရဲတွေ တိုးလာတဲ့နှုန်းက ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူး။
ကောင်းကင်အရှင်ရွှမ်တု ကပ်ဘေးအတွက် ပြင်ဆင်ချင်တာက အံ့ဩစရာတော့ မရှိပါဘူး။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 780
? Views, Released on December 20, 2024