အခန်း (၇၇၉) အနှိုင်းမဲ့နတ်မင်း မိသားစု၊ တာအိုပညာရှိအား စိန်ခေါ်ခြင်း
ဖူစန်းသစ်ပင် ပျောက်ကွယ်သွားတာကြောင့် တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်က ဘာမှမပြောတဲ့အတွက် တပည့်တွေလည်း ဒီအကြောင်းကို ဆွေးနွေးတာ ရပ်သွားကြပါတယ်။ တိတ်ဆိတ်ဂိုဏ်း တပည့်တွေဟာ ဖူစန်းသစ်ပင်ပျောက်သွားတာက ဟန်ကျွယ် လက်ချက်လို့ ထင်နေကြတာပါ။
ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ကျင့်ကြံအားထုတ်လိုက်ပါတယ်။
အချိန်စက်ဝန်းဟာ ပုံမှန်လည်ပတ်ပြီး တစ်နှစ်ပြီး တစ်နှစ် ကုန်ဆုံးသွားပါတယ်။ နှစ်ငါးသောင်းက မျက်တောင်တစ်ခတ်ပါပဲ။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ဖြည်းဖြည်းချင်း မတ်တတ်ရပ်လိုက်ပါတယ်။ လွန်ခဲ့တဲ့ နှစ်သုံးလေးရာက ကောင်းကင်အရှင်ရွှမ်တုဟာ သူ့ဆီကို အသံလွှင့်ပြီး ကျင့်ကြံရာက ထလာရင် စကြဝဠာခန်းမဆီ လာခဲ့ဖို့ ဖိတ်ခေါ်ထားပါတယ်။
ဟန်ကျွယ်ဟာ စကြဝဠာခန်းမကို ခုန်ဝင်လိုက်ပါတယ်။ ကောင်းကင်အရှင်ရွှမ်တုဟာ မျက်လုံးဖွင့်လိုက်ပြီး တခြား တာအိုပညာရှိတွေကို အသံလွှင့်ကာ ဖိတ်ခေါ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တု ဘေးနား ဝင်ထိုင်လိုက်ပါတယ် “ဟားဟား… မင်းရဲ့ ကျင့်ကြံမှုက ဒီအတောအတွင်း တော်တော် တိုးတက်လာတာပဲ”
ကောင်းကင်အရှင်ရွှမ်တုဟာ ပြုံးလိုက်ပါတယ် “ဒါက ကောင်းကင်တာအိုရဲ့ ကံတရား အထောက်အပံ့ကို ကျေးဇူးတင်ရမယ်၊ ငါတင် မဟုတ်ပါဘူး၊ တခြား တာအိုပညာရှိတွေလည်း တိုးတက်လာကြပါတယ်”
ကောင်းကင်တာအို ပြန်မစခင်တုန်းက တာအိုပညာရှိတွေရဲ့ ကျင့်ကြံမှုဟာ နှစ်ဘီလီယီချီ ကြာတာတောင် တိုးတာ မဟုတ်ပါဘူး။
မကြာခင်မှာပဲ တခြားတာအိုပညာရှိတွေ ရောက်လာကြပါတယ်။ ကောင်းကင်တာအိုမှာ နောက်ထပ် တာအိုပညာရှိတစ်ပါး ထပ်ပေါ်လာပါပြီ။ ဒီတာအိုပညာရှိအသစ်က ဗုဒ္ဓဂိုဏ်းရဲ့ ရှန်ဝေဗုဒ္ဓပါ။ ဒါကြောင့် ဗုဒ္ဓဂိုဏ်းမှာ အခုဆိုရင် တာအိုပညာရှိသုံးပါး ရှိသွားပါပြီ။
ချုံရှိလိုင်က သူ့အင်အား တိုးချဲ့လာတာဆိုတာ ထင်ရှားပါတယ်။
တခြားတာအိုပညာရှိတွေက ဒီကိစ္စကို ဘာမှမပြောပါဘူး။ ရှန်ဝေဗုဒ္ဓက တကယ်ကို စွမ်းအားကြီးတာပါ။ ကျင့်ကြံမှုပဲဖြစ်ဖြစ် ကံတရား အထောက်အပံ့ပဲ ဖြစ်ဖြစ် ဂုဏ်သတင်းပဲဖြစ်ဖြစ် လက်ရှိ ကောင်းကင်တာအိုမှာ ရှန်ဝေဗုဒ္ဓက ပြိုင်ဘက်ကင်းနေတာပါ။ ဒါကြောင့် ရှန်ဝေဗုဒ္ဓ တာအိုရယူနိုင်တာက သိပ်ပြီး အံ့ဩစရာတော့ မရှိပါဘူး။
ဟန်ကျွယ်ဟာ ရှန်ဝေဗုဒ္ဓအကြောင်းကို အရင်က ကြားဖူးပေမဲ့ အခုမှ လူချင်းတွေ့ဖူးတာပါ။
တာအိုပညာရှိတွေ နေရာယူပြီးတဲ့အခါ ကောင်းကင်အရှင်ရွှမ်တုက ပြောလိုက်ပါတယ် “ပြီးခဲ့တဲ့ ကမ္ဘာတစ်ရာ မဟာမိတ်အကြောင်း ပြောရအောင်၊ ငါတို့တွေ အစမ်း သဘောတူညီချက် ရသွားပြီ၊ အနာဂတ်မှာ ငါတို့တွေ ရှေ့တက်လည်း အတူတူ နောက်ဆုတ်လည်း အတူတူပဲ၊ ကောင်းကင်တာအိုက မဟာမိတ်အဖွဲ့ရဲ့ အဓိကကမ္ဘာတွေထဲမှာ ပါတယ်…”
ဟန်ကျွယ်ဟာ ဒီကိစ္စကို စိတ်မဝင်စားတာကြောင့် စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မြေးတပည့် ချူရှီရန်သည် ဗုဒ္ဓဂိုဏ်း၏ သင်ကြားမှုကို ဖြန့်ကြက်ခဲ့သောကြောင့် ဗုဒ္ဓ မဟာတာအိုသည် အားကောင်းလာ၏။]
[သင့်မိတ်ဆွေ နတ်ဒေါင်းအရှင်သည် သင့်မိတ်ဆွေ သိကျန်း၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ သိကျန်းသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးနှင့် တာအိုဆွေးနွေးပြီး ကျင့်ကြံမှု တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ချင်လင်းသည် ကောင်းကင်တာအို ကံတရား အထောက်အပံ့နှင့် ပေါင်းစပ်ပြီး ကောင်းကင်တာအို ဆန်းကြယ်စွမ်းအားတစ်မျိုးကို လေ့လာ တတ်မြောက်သွား၏။]
[သင့်မိတ်ဆွေ ကောင်းကင်ကပ်ဘေး ဧကရာဇ်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ တာအိုကျင့်ကြံသူ မင်ယွင်သည် ပဋိပက္ခ ကံတရားမြစ်ကို လေ့လာသုံးသပ်ပြီး ကံတရား မဟာတာအို သုံးသပ်နားလည်သွား၏။]
[သင့်မိတ်ဆွေ ဘိုးဘေးရှီတျန်သည် ကံတရား မဟာတာအိုကို သုံးသပ်နားလည်ပြီး ကျင့်ကြံမှု တိုးတက်သွား၏။]
[သင့်သား ဟန်ထော်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ လမ်းညွှန်မှုကြောင့် မဟာတာအို ဆန်းကြယ်စွမ်းအား တစ်မျိုးကို သင်ယူတတ်မြောက်သွား၏။]
[သင့်မိတ်ဆွေ ယီတျန်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ လမ်းညွှန်မှုကြောင့် မဟာတာအို ဆန်းကြယ်စွမ်းအား တစ်မျိုးကို သင်ယူ တတ်မြောက်သွား၏။]
ဟန်ကျွယ် မိတ်ဆွေအသိုင်းအဝိုင်းက ပိုပိုပြီးတော့ စိတ်ဝင်စားဖို့ ကောင်းလာပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ပဋိပက္ခရဲ့ အခြေအနေက အဆက်မပြတ် ပြောင်းလဲနေတာကို သိနိုင်ပါတယ်။
ဟန်ကျွယ်ဟာ ရုတ်တရက် မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီလိုဆို မဟာတာအို အနန္တကပ်ဘေးကို ရှေ့ကို ကြိုရောက်လာနိုင်လား…’
ဒီလိုဆိုပေမဲ့ လောကဦး နတ်ဘီလူး ပေါ်မလာရင် မဟာတာအို အနန္တကပ်ဘေးက စတင်နိုင်မှာ မဟုတ်ပါဘူး။ အများဆုံး သာမန်ကပ်ဘေးလေး တစ်ခုနှစ်ခု ဖြစ်ပေါ်ရုံပါ။
ဟန်ကျွယ်ဟာ ဟန်ထော်နဲ့ ယီတျန် နှစ်ယောက်စလုံး မဟာတာအို ဆန်းကြယ်စွမ်းအား တစ်မျိုး တတ်မြောက်သွားတာကို တွေ့သွားပါတယ်။ ကြည့်ရတာ မိစ္ဆာဘိုးဘေးလို့ယွမ်က ဟန်ထော်နဲ့ ယီတျန်ကို အလေးထားပုံပါပဲ။
ဟန်ကျွယ်ဟာ စာစောင်တွေကို ဆက်ဖတ်ပါတယ်။
ကောင်းကင်အရှင်ရွှမ်တုကလည်း တခြားကမ္ဘာတွေနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ အကြောင်းကို ပြောလို့ ပြီးသွားပါတယ်။ ဒီကိစ္စက ပဋိပက္ခထဲမှာ ကောင်းကင်တာအို တိုးတက်လာမှုအတွက် အများကြီး အကျိုးသက်ရောက်မှု ရှိပါတယ်။ ဒါကြောင့် ကောင်းကင်တာအိုအတွက် ကြီးမားတဲ့ အကျိုးဆောင်မှုလို့ ပြောလို့ရပါတယ်။ ဒီကိစ္စကို ဦးဆောင်တာက ကောင်းကင်အရှင်ရွှမ်တု ဖြစ်တဲ့အတွက် သူ့ဉာဏ်ပညာနဲ့ အစွမ်းအစကို အလုပ်နဲ့ သက်သေပြလိုက်သလိုပါပဲ။
တာအိုပညာရှိ အသစ်တွေဟာ ကောင်းကင်အရှင်ရွှမ်တုကို လေးစားသွားပါတယ်။
ကောင်းကင်အရှင်ရွှမ်တုက ဆက်ပြောပါတယ် “ဒီအတောအတွင်း ပဋိပက္ခမှာ အင်အားကြီးမားတဲ့ အင်အားစုနှစ်စု ပေါ်လာတယ်၊ အင်အားစုတစ်စုက ရှေးပျက်သုဉ်းနယ်မြေကနေ လွတ်မြောက်သွားတဲ့ မိစ္ဆာဘိုးဘေးပဲ၊ သူက ပေါ်တင် စစ်သားတွေ စုဆောင်းပြီး သူရဲကောင်းတွေကို စည်းရုံးနေတယ်၊ သူ့ပစ်မှတ်က ငယ်ရွယ်တဲ့ ပါရမီရှင်တွေပဲ၊ ငါတို့တွေ ဒီကိစ္စကို သတိကြီးကြီးထားရလိမ့်မယ်”
“ဒုတိယ အင်အားစုက အနှိုင်းမဲ့နတ်မင်း မိသားစုပဲ၊ သူတို့က အနှိုင်းမဲ့နတ်မင်းလို့ခေါ်တဲ့ သာလွန်နတ်မင်းတစ်မျိုးနဲ့ ဖွဲ့စည်းထားတာ၊ သူတို့က မဟာတာအို နတ်မင်းတွေလို နိယာမတွေကို မဆုပ်ကိုင်နိုင်ပေမဲ့ တော်တော်စွမ်းအားကြီးကြတယ်၊ သူတို့က နာမည်အတိုင်း သတ်လို့မရတဲ့ အနှိုင်းမဲ့ တည်ရှိမှုတွေ…”
မိစ္ဆာဘိုးဘေး အကြောင်း ကြားရတဲ့အခါ တာအိုပညာရှိတွေဟာ ဧကရာဇ်ရှောင်ကို လှမ်းကြည့်လိုက်ကြပါတယ်။ ဧကရာဇ်ရှောင်ဟာ ဒီကိစ္စက သူနဲ့ မဆိုင်သလိုမျိုး ထိုင်နေပါတယ်။
ဟန်ကျွယ်ဟ အနှိုင်းမဲ့နတ်မင်းတွေကို စိတ်ဝင်စားသွားပါတယ်။ ဟန်ကျွယ်ဟာ သိကျွင်းကလည်း အနှိုင်းမဲ့နတ်မင်းဆိုတာကို သတိရသွားပါတယ် ‘ဒါဆို သိကျွင်းကို သတ်လို့မရဘူးပေါ့’
“အနှိုင်းမဲ့ နတ်မင်းတစ်ပါးကို ဘယ်လိုသတ်ရမှာလဲ” ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ်။
[သက်တမ်း ၂၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[ခန္ဓာစစ်နှင့် အနှိုင်းမဲ့တာအိုအသီးကို ဖျက်ဆီးပစ်ပါ။]
‘အနှိုင်းမဲ့ တာအိုအသီး…’
အနှိုင်းမဲ့တာအိုအသီးဆိုတာက ပဋိပက္ခရဲ့ နိယာမနဲ့ ပိုတူပါတယ်။ တာအိုပညာရှိအဆင့်ရဲ့ လောကဦး ပဋိပက္ခ တာအိုအသီးလိုပါပဲ။ တာအိုအသီးက ဓမ္မစွမ်းအားတွေ ခဲပြီး ဆန်းကြယ်စွမ်းအား ထွင်းထားတဲ့ အရာတစ်ခုပါ။ ကျင့်ကြံသူတစ်ယောက်က တာအိုရယူချင်တယ်ဆိုရင် တာအိုအသီးနဲ့ မဟာတာအို သုံးသပ်နားလည်ပြီး လောကဦးပဋိပက္ခဖြစ်အောင် ပြောင်းလဲရပါတယ်။
‘အနှိုင်းမဲ့ တာအိုအသီးက အနှိုင်းမဲ့နိယာမကို ရည်ညွှန်းတာလား… မဟာတာအိုမှာ နိယာမတွေက ဘယ်လောက်တောင် ရှိနေတာလဲ’
ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို ဆက်ပြီး မသုံးတော့ပါဘူး။ ဒီမေးခွန်းတွေရဲ့ အဖြေကို ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်ရင်း ရှာဖွေမှာပါ။ အရေးမကြီးတာ အတွက်နဲ့ ဟန်ကျွယ်ဟာ သူ့သက်တမ်းကို အကုန်မခံနိုင်ပါဘူး။
တာအိုပညာရှိတွေဟာ အင်အားစုနှစ်စုရဲ့ ချဉ်းကပ်မှုကို ဘယ်လို ကာကွယ်ရမလဲဆိုတာ ဆွေးနွေးကြပါတယ်။ အနှိုင်းမဲ့နတ်မင်း မိသားစုက လောလောဆယ်မှာ လျစ်လျူရှုလို့ ရပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ကောင်းကင်တာအိုနဲ့ တော်တော်လေး အလှမ်းဝေးနေသေးလို့ပါ။ ဒါပေမဲ့ မိစ္ဆာဘိုးဘေးကတော့ မတူပါဘူး။ ကောင်းကင်တာအိုအောက်မှာ မရေမတွက်နိုင်တဲ့ မိစ္ဆာတွေနဲ့ နတ်ဆိုး ကျင့်ကြံသူတွေ ရှိနေတယ် မဟုတ်ပါလား။
ဧကရာဇ်ရှောင်က ပြောလိုက်ပါတယ် “ငါ နတ်ဆိုးလမ်းစဉ်ကို စုစည်းပြီး မိစ္ဆာဘိုးဘေးကို အခွင့်အရေးရှာမရအောင် လုပ်မယ်”
ချူရှီလိုင်က အပြုံးနဲ့ မေးလိုက်ပါတယ် “တာအိုရောင်းရင်းရှောင်က မိစ္ဆာဘိုးဘေးနဲ့ ပတ်သက်နေလားဆိုတာ ငါ သိချင်သေးတယ်”
“ဟွန်း… အဲဒီလိုသာဆိုရင် ကောင်းကင်တာအို ကပ်ဘေးထဲက ငါ ထွက်သွားပြီ၊ ဘာလို့ ကောင်းကင်တာအိုကို ဒုက္ခခံပြီး စောင့်ကြပ်နေမှာလဲ”
တခြားတာအိုပညာရှိတွေဟာ ဧကရာဇ်ရှောင်ရဲ့ စကားက အဓိပ္ပာယ်ရှိတယ်လို့ ခံစားလိုက်ရပါတယ်။
မျိုးဆက်ဟောင်းက တာအိုပညာရှိတွေ အကုန်လုံးနီးပါးဟာ သူတို့ရဲ့ နောက်ခံတွေနဲ့ ရေစက် ဖြတ်ထားကြတာပါ။ နောက်ပိုင်းမှာ သူတို့တွေ မိတ်ဆွေ ပြန်ဖြစ်သွားတယ်ဆိုပေမဲ့ အရင်လိုမျိုး မဟာတာအိုပညာရှိတွေရဲ့ စကားကို နားထောင်တော့တာ မဟုတ်ပါဘူး။ ဒါကြောင့် သူတို့ကို အခုအချိန်မှာ ကောင်းကင်တာအိုက ပိုင်ဆိုင်ပါတယ်။
“ကောင်းကင်တာအိုရဲ့ တိုက်ခိုက်ဖို့အတွက် ကျင့်ကြံတဲ့ စိတ်ဓာတ်ကို ဆက်ပြီးတော့ မြှင့်တင်ပေးသင့်တယ်၊ ဒါက လောလောဆယ်မှာ အကောင်းဆုံးနည်းလမ်းပဲ၊ ပါရမီရှင်တချို့ကတော့ ကျိန်းသေပေါက် အခိုးခံရမှာပဲ၊ ဒါပေမဲ့ ပါရမီရှင်အများစုက ကောင်းကင်တာအိုကို ဂရုစိုက်အောင် ငါတို့တွေ လုပ်ရမယ်” ကောင်းကင်အရှင်ဝူဖာက ဝင်ပြောလိုက်ပါတယ်။
တခြားတာအိုပညာရှိတွေလည်း တစ်ပါးပြီးတစ်ပါး ဝင်ပြောကြပါတယ်။
ဟန်ကျွယ်ဟာ ဘာမှ ဝင်မပြောပါဘူး။ စိတ်မဝင်စားတာလည်း ပါပါတယ်။ ဟန်ကျွယ်ဟာ တာအိုပညာရှိတွေ ဒီကိစ္စကို ကောင်းကောင်းမွန်မွန် ကိုင်တွယ်နိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ နောက်ပြီး ကောင်းကင်အရှင်ရွှမ်တုက ဒီကိစ္စအတွက်နဲ့တော့ သူ့ကို အထူးတလည် ဖိတ်ခေါ်မှာ မဟုတ်လောက်ပါဘူး။
တာအိုပညာရှိတွေ ဆွေးနွေးနေတုန်းမှာ အလွန်တရာ ကျယ်လောင်လှတဲ့ အသံတစ်သံဟာ ခန်းမအပြင်ဘက်ကနေ ထွက်ပေါ်လာပါတယ်။
“ကျွန်တော်က ပန်ကူးရဲ့မျိုးဆက် ရှကျစ်ဇွင်ပါ၊ ဒီနေ့ တာအိုပညာရှိကို လာစိန်ခေါ်တာပါ”
တာအိုပညာရှိတွေဟာ ထူးထူးဆန်းဆန်း ဖြစ်ကုန်ကြပါတယ်။
ဟန်ကျွယ်ဟာ စိတ်ထဲမှာ ဝမ်းသာသွားပါတယ် ‘ပွဲကတော့ ကြည့်ကောင်းပြီ’
ကောင်းကင်အရှင်ရွှမ်တုက မေးလိုက်ပါတယ် “ရှကျစ်ဇွင်က ဘယ်သူတပည့်လဲ”
ကျန်းကူရှင်းက မျက်နှာပူပူနဲ့ပဲ ဖြေလိုက်ပါတယ် “သူက ရှန်နန်းတော်ရဲ့ ပါရမီရှင်တစ်ပါးပါ၊ သူ့အရည်အချင်းက အရမ်းထက်မြက်တော့ ရှန်နန်းတော်ထဲမှာ ထိပ်တန်းလို့ ပြောလို့ရတယ်၊ ဒါကြောင့်လည်း သူက ရှန်နန်းတော်မှာ ပြိုင်ဘက်ကင်းလာပြီး ဘယ်သူကိုမှ ဂရုမစိုက်တော့တဲ့အထိ မောက်မာလာတာ၊ သူက သူ့ဘိုးဘေး ပန်ကူးကိုတောင် ကျော်လွန်နိုင်တယ်လို့ ထင်နေတယ်”
‘ပန်ကူးကို ကျော်တက်မယ်..’ တာအိုပညာရှိတွေဟာ ရယ်ချင်စိတ်ကို မနည်းထိန်းလိုက်ရပါတယ်။
ကောင်းကင်အရှင်ဝူဖာက ပြောလိုက်ပါတယ် “နောက်ပြဿနာ မတက်အောင် သူ့ကို သတ်လိုက်တာ ကောင်းတယ်”
ကျန်းကူရှင်းဟာ ကောင်းကင်အရှင်ဝူဖာရဲ့ စကားကြောင့် ငြိမ်ငြိမ် ထိုင်မနေနိုင်တော့ပါဘူး “ဒီကလေးက မောက်မာပေမဲ့ သူ့ကို သတ်ပစ်ဖို့ ဘာအကြောင်းမှ မရှိဘူး၊ သူက တာအိုပညာရှိတစ်ပါးရဲ့ စွမ်းအားကို စမ်းသပ်ချင်ရုံပါ၊ သူ့ကို တစ်ခါတည်း သတ်ပစ်စရာ မလိုပါဘူး၊ နောက်ပြီး သူကြီးလာရင် ကောင်းကင်တာအိုအတွက် တိုက်ခိုက်ရေးကောင်းသမားတစ်ယောက် ဖြစ်လာမှာ”
ရွှီတုတောက်က ဝင်ပြောပါတယ် “မသတ်ဘူးဆိုရင်တောင် အနည်းဆုံး အပြစ်တော့ ပေးရမယ်၊ မဟုတ်ရင် တာအိုပညာရှိတွေရဲ့ မျက်နှာက ဘယ်နားသွားထားရမှာလဲ၊ ဒီနေ့ ရှကျစ်ဇွင်ကို ဘာမှမလုပ်ရင် နောက်ကျ ချန်ကျစ်ဇွင်၊ ခုန်ကျစ်ဇွင်၊ ထန်ကျစ်ဇွင်တို့ ပေါ်လာနိုင်တယ်၊ ဒီလိုဆို ဘယ်လောက်တောင် ရယ်ဖို့ကောင်းလိုက်မလဲ”
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 779
? Views, Released on December 20, 2024