Switch Mode

Chapter – 773

အခန်း (၇၇၃) မဟာရှေးဟောင်းနယ်မြေ
“ခင်ဗျားက သေမှာ မကြောက်ဘူးလား” တာအိုအရှင်သခင်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
ကျောက်ရွှမ်ယွမ်နဲ့ ကျန်းယီလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး နိုးနိုးကြားကြား ဖြစ်သွားပါတယ်။
မိုးကာဝတ်ရုံနဲ့ အဘိုးအိုဟာ ပြုံးလိုက်ပါတယ် “မကြောက်ဘူး၊ တကယ်တော့ မဟာတာအို အနန္တကပ်ဘေးဆိုတော့ ပဋိပက္ခနတ်ဘီလူးတွေရဲ့ ဆင်ခြေတစ်ခုပဲ၊ လောကဦး နတ်ဘီလူး ပေါ်လာတာက လမ်းမှန်ပဲ၊ အရင်တုန်းက ပန်ကူး ပဋိပက္ခ နတ်ဘီလူးသုံးထောင်ကို သတ်ဖြတ်သလိုမျိုးပဲ၊ အဲဒီတုန်းက ပန်ကူး အဲဒီလို လုပ်ခဲ့တာကလည်း လောကဦးနတ်ဘီလူး ဖြစ်လာဖို့ပဲ၊ ပဋိပက္ခကနေ လောကဦးပဋိပက္ခအဖြစ် ပြောင်းလဲသွားရင် အရာအားလုံး ပြောင်းလဲပြီး သက်ရှိတွေလည်း ဆင့်ကဲ တိုးတက်သွားလိမ့်မယ်၊ ပဋိပက္ခနဲ့ ဆက်နွှယ်နေတဲ့ ပဋိပက္ခနတ်ဘီလူးတွေပဲ သေမှာ”
တာအိုအရှင်သခင်တို့ သုံးယောက်ဟာ အတွေးနက်သွားပါတယ်။ သူတို့သုံးယောက်ဟာ ပန်ကူးရဲ့ ဒဏ္ဍာရီကို ကြားဖူးပါတယ်။ ဒါပေမဲ့ ဒဏ္ဍာရီက ဒဏ္ဍာရီပါပဲ။ သတင်းအချက်အလက် မတိကျပါဘူး။ ဒါကြောင့် လောကဦး နတ်ဘီလူးက ကောင်းလား ဆိုးလားဆိုတာကို သူတို့တွေ မဆုံးဖြတ်တက်ပါဘူး။
ဘာပဲဖြစ်ဖြစ် ဒီကိစ္စက မဟာကံဝန်ကို ထမ်းဆောင်ရမှာပါ။ တစ်ချက်မှားတာနဲ့ ဘဝဇာတ်သိမ်းမှာပါ။
တာအိုအရှင်သခင်က မေးလိုက်ပါတယ် “ဆေးလုံးတစ်လုံးက ပန်ကူး ပဋိပက္ခနတ်ဘီလူး သုံးထောင်ကို သတ်ဖြတ်ပြီး မလုပ်နိုင်ခဲ့တဲ့အရာကို စွမ်းဆောင်နိုင်ပါ့မလား”
မိုးကာဝတ်ရုံနဲ့ အဘိုးအိုဟာ ပြုံးလိုက်ပါတယ် “မင်းပြောတာ မှန်တယ်၊ ငါလည်း ၁၀၀ ရာခိုင်နှုန်း မကျိန်းသေဘူး၊ ဒါပေမဲ့ ဒီကိစ္စက မင်းတို့နဲ့ မဆိုင်ဘူးမလား”
ရေကျွဲဟာ စိတ်မရှည်ဟန်နဲ့ ခေါင်းမော့လိုက်ပါတယ်။
တာအိုအရှင်သခင်ဟာ ကျောက်ရွှမ်ယွမ်နဲ့ ကျန်းယီကို တစ်ချက်ကြည့်လိုက်ပါတယ်။ အဲဒီနောက် တာအိုအရှင်သခင်ဟာ တုံ့ဆိုင်းသွားပါတယ် “ကျွန်တော်တို့တွေ မပါလို့ရမလား၊ ဒီလောက်ကြီးမားတဲ့ ကံတရားကို ကျွန်တော်တို့ ခံနိုင်မှာ မဟုတ်ဘူး၊ ကျွန်တော်တို့က လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်ပဲ ရှိသေးတာ”
မိုးကာဝတ်ရုံနဲ့ အဘိုးအိုဟာ ပြုံးလိုက်ပါတယ် “ရတယ်၊ ဒါပေမဲ့ ဒီအကောင်းစား ရတနာက သာမန် မဟုတ်ဘူး၊ မင်းတို့ ဒီတစ်ခါ လွဲချော်သွားရင် ဘယ်တော့မှ ထပ်တွေ့ရတော့မှာ မဟုတ်ဘူး၊ ပဋိပက္ခက ကျယ်လို့ အကောင်းစား ရတနာတွေ အများကြီးရှိတယ် မထင်နဲ့၊ ဒီလို အကောင်းစား ရတနာမျိုးက လက်ချိုးရေလို့ ရတယ်၊ ဒီလိုဆိုတောင် ရတနာအများစုက စွမ်းအားကြီးပုဂ္ဂိုလ်တွေ လက်ထဲမှာ”
“ဒီကိစ္စပြီးရင် မင်းတို့ လုံခြုံအောင် ငါ မင်းတို့နဲ့ ရေစက် ဖြတ်မယ်”
ကျောက်ရွှမ်ယွမ်က သတိထားပြီး မေးလိုက်ပါတယ် “ခင်ဗျားက ကျွန်တော်တို့ကို နှုတ်ပိတ်မလို့လား”
“ငါသာ အဲဒီလိုတွေးရင် မင်းတို့ကို ဒီလျှို့ဝှက်ချက် ပြောပြပါ့မလား၊ မင်းက လောကဦး နတ်ဘီလူး ဖြစ်လာပြီး ပဋိပက္ခတစ်ခုလုံးနဲ့ ရန်သူလုပ်ဖို့ သတ္တိရှိလို့လား၊ လောကဦးဆေးလုံးက မင်းကို လောကဦး နတ်ဘီလူး ဖြစ်အောင်ပဲ လုပ်ပေးနိုင်တာ၊ မင်းရဲ့ ကျင့်ကြံမှုကို တိုးစေမှာ မဟုတ်ဘူး၊ မင်း လောကဦး နတ်ဘီလူး ဖြစ်လာတာနဲ့ ပဋိပက္ခနတ်ဘီလူး အကုန်လုံး အာရုံခံမိပြီး မင်းကို အချိန်တိုအတွင်း သတ်နိုင်အောင် ကြိုးစားကြလိမ့်မယ်”
“ဒါက ငါတို့တွေ ပထမအကြိမ် အတူတူ အလုပ်လုပ်တာလည်း မဟုတ်ဘူး၊ မင်းတို့ မယုံရင် ငါလည်း မတတ်နိုင်ဘူး”
တာအိုအရှင်သခင်ဟာ အံကြိတ်လိုက်ပါတယ် “ကောင်ပြီ၊ ကျွန်တော်တို့ ခင်ဗျားအစီအစဉ်အတိုင်း လိုက်လုပ်မယ်၊ ကျွန်တော်တို့တွေ ဘယ်တော့ လှုပ်ရှားကြမှာလဲ”
မိုးကာဝတ်ရုံနဲ့ အဘိုးအိုဟာ ရေကျွဲပေါ်ကဆင်းလိုက်ပါတယ် “အရင်ဆုံး အစီအမံတစ်ခု တည်ဆောက်ပြီး စွမ်းအားကြီးပုဂ္ဂိုလ်တွေ ထောက်လှမ်းတာကို ကာကွယ်ရမယ်”
ရေကျွဲဟာ မြေပြင်ပေါ် လဲလျောင်းပြီး ဟိုဘက်ဒီဘက် လှိမ့်ပါတော့တယ်။ ဒါကို ကြည့်ခြင်း ကျန်းယီဟာ ဘာပြောရမှန်း မသိတော့ပါဘူး ‘ဒါက ကျွဲတဲ့လား၊ ငါ့မျက်စိထဲမှာတော့ ခွေးပဲ’
တောက်ပတဲ့ နတ်ဘုရားကျောင်းတော်တွေဟာ ကြက်သွေးရောင် လွှမ်းနေတဲ့ ကမ္ဘာကြီးရဲ့ ကောင်းကင်ယံထက်မှာ ပေါလောမျောနေပါတယ်။ ကြီးမားထည်ဝါလွန်းတဲ့ တောင်ထိပ်တစ်ခုဟာ တိမ်တွေကို ထိုးထွက် တည်ရှိပြီး ရွှေရောင်တွေ ဖြာထွက်နေပါတယ်။ တောင်ထိပ်မှာတော့ မိုးကြိုးဘုံကျောင်းလို့ ကမ္ပည်းထိုးထားတဲ့ ဗုဒ္ဓနန်းတော်တစ်ဆောင် ရှိနေပါတယ်။
ဘုံကျောင်းရှေ့မှာ ရုပ်သွင်တွေ ပေါ်လာပါတယ်။ ခေါင်းဆောင်ကတော့ ကျိုးဖန်ပါ။ ဟန်ယွီရဲ့ မြေးတပည့် ချင်လင်းလည်း ပါလာပြီး ဘေးဘီဝန်းကျင်ကို ကလေးငယ်တစ်ယောက်လို လိုက်ကြည့်နေပါတယ်။
တံခါးပွင့်သွားတဲ့အခါ ကျိုးဖန်တို့လူစုဟာ ခန်းမထဲကို ဝင်လိုက်ကြပါတယ်။ သူတို့ကို စောင့်ကြိုနေတာကတော့ ကြာပလ္လင်ပေါ်မှာထိုင်ပြီး လေထဲပေါလောမျောနေတဲ့ ဗုဒ္ဓတွေပါ။ ရှေ့ဆုံးမှာတော့ ပေတစ်သောင်းကျော် မြင့်မားပြီး အလွန်ခမ်းနားထည်ဝါတဲ့ ဧရာမဗုဒ္ဓတစ်ပါး ရှိနေပါတယ်။
ချူရှီရန်ကတော့ သင်္ကန်း ဆင်မြန်းထားပြီး ကရုဏာတရားကြီးမားတဲ့မျက်နှာ ရှိပါတယ်။
ကျိုးဖန်ဟာ ပြုံးလိုက်ပါတယ် “မဆိုးဘူး… မင်းက ဗုဒ္ဓဂိုဏ်းထက် ပိုပြီးတော့ ‌ဗုဒ္ဓဆန်တယ်”
ချူရှီရန်ဟာလည်း ပြုံးလိုက်ပါတယ် “ကျွန်တော်က အစကတည်းက အဂ္ဂဗုဒ္ဓလေ၊ နောက်ထပ် ဗုဒ္ဓဂိုဏ်း တည်ထောင်တာ မဆန်းပါဘူး”
ကျိုးဖန်ဟာ ပတ်ဝန်းကျင်က ဗုဒ္ဓတွေကို အကဲခတ်လိုက်ပါတယ် “ကြည့်ရတာတော့ အဆင်ပြေတယ်၊ ဒါပေမဲ့ မင်းရဲ့ ‌ဗုဒ္ဓဂိုဏ်းက အားနည်းနေသေးတယ်”
ဗုဒ္ဓတွေဟာ အမျက်ချောင်းချောင်း ထွက်သွားကြပါတယ်။
ချူရှီရန်ကတော့ အပြုံးမပျက်ပါဘူး “ဗုဒ္ဓကမ္ဘာက တည်ထောင်ထားတာ မကြာသေးဘူး၊ စီနီယာရဲ့ မဟာတာအိုမျှော်စင်ကို ဘယ်ယှဉ်နိုင်ပါ့မလဲ”
ကျိုးဖန်ဟာ ပြုံးလိုက်ပါတယ် “နောက်ကျရင် ငါ မင်းဆီကို ကျင့်ကြံသူတစ်ချို့ ပို့ပေးမယ်၊ မင်း စိတ်မချရင် မဟာတာအိုမျှော်စင် အကျဉ်းထောင်ထဲက ရွေးလို့ရတယ်”
ချူရှီရန်ဟာ ပြုံးပြီး ခေါင်းညိတ်လိုက်ပါတယ်။
“ဒါနဲ့ မင်း ငါတို့ကို ဘာလုပ်ဖို့ ခေါ်လိုက်တာလဲ၊ မင်းရဲ့ ရလဒ်ကို ပြဖို့တော့ မဟုတ်ဘူးမလား” ကျိုးဖန်က မေးလိုက်ပါတယ်။
“ဘယ်က ဟုတ်ရမှာလဲ၊ အမှန်အတိုင်းပြောရရင် ဒီအတောအတွင်း ဗုဒ္ဓကမ္ဘာကို လျှို့ဝှက်ဆန်းကြယ် အင်အားစုတစ်စုက ပစ်မှတ်ထားနေတယ်၊ တစ်ဖက်အင်အားစုမှာက အနည်းဆုံး လောကဦး ပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် သုံးပါးနဲ့ လွတ်လပ် တာအိုပညာရှိတစ်ပါးတောင် ရှိနေနိုင်တယ်၊ သူတို့က ဗုဒ္ဓကမ္ဘာကို အညံ့ခံဖို့ တောင်းဆိုနေတယ်၊ ဒါတင် မကသေးဘူး၊ ပုံမှန်လည်း ပဏ္ဏာဆက်ရမယ်၊ သူတို့ရဲ့ ရုပ်တုတွေကို ကိုးကွယ်ပြီး သူတို့ရဲ့ ဂုဏ်သတင်းကိုလည်း ဖြန့်ကြက်ရမယ်တဲ့၊ မဟုတ်ရင် သူတို့က ဗုဒ္ဓကမ္ဘာကို မြေလှန်ပစ်မယ်တဲ့၊ ကျွန်တော်လည်း ဘာမှမတတ်နိုင်လို့ ဆရာဦးလေးကို အကူအညီတောင်းရတာပါ”
‘ဆရာဦးလေး…’ ဒေါသထွက်နေတဲ့ ဗုဒ္ဓတွေဟာ မှင်တက်သွားကြပြီး ရင်ထဲက ဒေါသတွေဟာ တစ်မုဟုတ်ချင်း ပျောက်ကွယ်သွားကြပါတယ်။
“ငါ့ကို အသေးစိတ် ပြောပြ၊ ဒီကိစ္စမှာ ငါ မင်းကို လုံးဝ ကူညီမယ်၊ သူတို့တွေ ဘယ်လောက်စွမ်းအားကြီးကြီး ငါ အဲဒီကောင်တွေကို မြေလှန်ပြမယ်” ကျိုးဖန်ဟာ တစ်ချက်လွှတ်သံနဲ့ ပြောလိုက်ပါတယ်။
ချင်လင်းဟာ စိတ်လှုပ်ရှားသွားပါတယ်။ နောက်ထပ် တိုက်ပွဲတစ်ခု စတင်‌တော့မယ် မဟုတ်ပါလား။
ချူရှီရန်ဟာ မဖုံးကွယ်ဘဲ အဖြစ်အပျက်တွေကို တစ်ခုချင်း ပြောပြလိုက်ပါတယ်။
အမှောင်ထုထဲမှာ တောက်ပတဲ့ အက်ကြောင်းတစ်ခု ရုတ်တရက် ပေါ်လာပြီး အက်ကြောင်းထဲကနေ ရုပ်သွင်တစ်ခု ထွက်လာပါတယ်။ ဒီရုပ်သွင်ကတော့ ဟန်ကျွယ်ပါ။ ဟန်ကျွယ်ဆိုတာထက် ဟန်ကျွယ်ရဲ့ ကိုယ်ပွားဆို ပိုမှန်ပါလိမ့်မယ်။
ဟန်ကျွယ်ဟာ ရှေ့ကို အာရုံစိုက်ကြည့်လိုက်တဲ့အခါ နေနဲ့တူတဲ့ အလင်းရောင် အလုံးတစ်လုံးကို အာရုံခံမိလိုက်ပါတယ်။ ဒီအလင်းရောင်လုံးက ကျယ်ပြောတဲ့ ရောင်ဝါကို ထုတ်လွှတ်နေပါတယ်။ ဒီအလင်းရောင်လုံးက တခြားမဟုတ်ပါဘူး။ မဟာရှေးဟောင်း နယ်မြေပါ။
ဟန်ကျွယ်ဟာ အသက်ပြင်းပြင်း ရှူသွင်းပြီး ရှေ့ကို ပျံသန်းလိုက်ပါတယ်။
ဒီအချိန်မှာပဲ ဘေးဘက်ကနေ ရုပ်သွင်တစ်ခု ပျံသန်းလာပါတယ်။ ဒီရုပ်သွင်ကတော့ အမျိုးသမီးတစ်ဦးပါ။ ဒီအမျိုးသမီးဟာ ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခံ့ညားတဲ့ကိုယ်ဟန် ရှိပါတယ်။ သူမရဲ့ ဆံပင်တွေကိုတော့ သရဖူအောက်မှာ ချည်နှောင်ထားပြီး သူမရဲ့ ရုပ်ရည်က မိန်းမလှစာရင်းထဲ ဝင်ပါတယ်။
“တာအိုရောင်းရင်း…” ခရမ်းရောင်ဝတ်စုံနဲ့ အမျိုးသမီးဟာ ဟန်ကျွယ်ကို လှမ်းနှုတ်ဆက်လိုက်ပါတယ်။
ဟန်ကျွယ်လည်း ပျံသန်းနေတာ ရပ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ခရမ်းရောင်ဝတ်စုံ အမျိုးသမီးရဲ့ ကျင့်ကြံမှုကို မမြင်နိုင်ပါဘူး။ ကြည့်ရတာ ခရမ်းရောင် အမျိုးသမီးဆီမှာ ကျင့်ကြံမှုကို ဖုံးကွယ်နိုင်တဲ့ အကောင်းစား ရတနာတစ်ပါး ရှိနေပုံပါပဲ။
ခရမ်းရောင်ဝတ်စုံနဲ့ အမျိုးသမီးဟာ ဟန်ကျွယ်ကို ခေါင်းအစခြေအဆုံးကြည့်ပြီး ပြုံးလိုက်ပါတယ် “နတ်ဘီလူးတွေထဲမှာ ဒီလောက်ချောတဲ့ ယောက်ျားတစ်ယောက် ရှိနေလိမ့်မယ်လို့ ထင်မထားဘူး”
ဟန်ကျွယ်က ပြန်ပြောလိုက်ပါတယ် “ရုပ်ရည်က ပုံရိပ်ယောင်ပဲ၊ ငါတို့ရဲ့ ကျင့်ကြံမှုအဆင့်အတန်းနဲ့ ငါတို့လိုချင်တဲ့ပုံကို ဖန်တီးယူလို့ရတာပဲ”
ခရမ်းရောင်ဝတ်စုံနဲ့ အမျိုးသမီးဟာ ပါးစပ်ကို လက်နဲ့အုပ်ပြီး ရယ်လိုက်ပါတယ် “ခစ်..ခစ်… အဲဒီလိုဆိုပေမဲ့ မူရင်းက မူရင်းပဲ၊ နတ်ဘီလူးအများစုက မူလရုပ်ရည်ကို တော်တော် အလေးထားကြတယ်၊ ကျွန်မနာမည်က ဟုန်စဲ့မင်ယွင်ပါ”
“ကျွန်တော်က ပဋိပက္ခ နတ်ဘီလူး ဟန်ကျွယ်ပါ”
ဒီမိတ်ဆက်က နည်းနည်းတော့ ကသိကအောက် နိုင်လှပါတယ်။
ဟုန်စဲ့မင်ယွင်ဟာ ပြုံးလိုက်ပါတယ် “တာအိုရောင်းရင်းဟန်ကလည်း ကိုယ်ပွားပါလား၊ ကြည့်ရတာ တာအိုရောင်းရင်းဟန်ကလည်း ကျွန်မလို မဟာရှေးဟောင်းနတ်ဘီလူးကို သိပ်မယုံဘူးနဲ့တူတယ်၊ ကျွန်မတို့တွေ မဟာရှေးဟောင်းနယ်မြေကို အတူတူ သွားကြရအောင်၊ ကျွန်မက တာအိုရောင်းရင်းဟန်ရဲ့ ဂုဏ်သတင်းကို ကြားထားတာ ကြာပြီ၊ တာအိုရောင်းရင်းဟန်က ပဋိပက္ခ နတ်ဘီလူးအသစ်ဆိုတော့ တခြား ပဋိပက္ခနတ်ဘီလူးတွေနဲ့ ရင်းနှီးမှာ မဟုတ်ဘူး၊ ကျွန်မ မိတ်ဆက်ပေးမယ်လေ”
ဟန်ကျွယ်ဟာ တဒင်္ဂတုံ့ဆိုင်းသွားပေမဲ့ နောက်ဆုံးမှာတော့ ခေါင်းညိတ်လိုက်ပါတယ်။ ဟုန်စဲ့မင်ယွင်က သူ့ကို ကိုယ်ပွားမှန်း သိတဲ့အတွက် ဒုက္ခပေးမှာတော့ မဟုတ်ပါဘူး။ အဲဒီနောက် ဟန်ကျွယ်နဲ့ ဟုန်စဲ့မင်ယွင်ဟာ မဟာရှေး‌ဟောင်းနယ်မြေကို အတူတူ ပျံသန်းသွားကြပါတယ်။
ဒီအတောအတွင်း ဟန်ကျွယ်ဟာ မဟာရှေးဟောင်း နယ်မြေကို လျင်မြန်စွာ ပျံသန်းသွားတဲ့ ရုပ်သွင်တွေကို တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ဘယ်သူမှ ဟန်ကျွယ်ကို လာမနှောင့်ယှက်ပါဘူး။ ကြည့်ရတာတော့ ပဋိပက္ခ နတ်ဘီလူးတွေက တော်တော် သတိကြီးပုံပါပဲ။
ဟုန်စဲ့မင်ယွင်က အပြုံးနဲ့ ပြောလိုက်ပါတယ် “ပြောရမယ်ဆိုရင် ကျွန်မ တာအိုရောင်းရင်းဟန်ကို ကျေးဇူးတင်ရမယ်၊ ကျွန်မက မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ကို အရမ်းမုန်းတာ”
“မင်း မဟာတာအိုကို ရယူတုန်းကလည်း အနိုင်ကျင့်ခံခဲ့ရတာပဲလား”
“ဟုတ်တယ်၊ သူက ကျွန်မကို ဒူး‌ထောက်ပြီး သစ္စာဆိုခိုင်းတယ်၊ ဟင်း… အရင်တုန်းက ကျွန်မလည်း ကလဲ့စားချေချင်ခဲ့တာပဲ၊ ဒါပေမဲ့ မဟာတာအိုရယူပြီးနောက်ပိုင်း ပြီးခဲ့တဲ့ကိစ္စတွေကို ဒီအတိုင်းထားလိုက်တာ ပိုကောင်းတယ်လို့ ခံစားရတဲ့အတွက် ဒီအတိုင်းထားလိုက်တာ၊ အဲဒီအကြောင်း ပြောရရင် နည်းနည်းတော့ ထူးဆန်းတယ်၊ ကျွန်မတို့ ကျင့်ကြံမှုတွေ တိုးလာတာနဲ့ ပိုပိုပြီးတော့ ကြောက်တတ်လာတယ်၊ အဲဒါကြောင့် ကျွန်မက တာအိုရောင်းရင်းဟန်ကို အရမ်းလေးစားတာ”
ဟုန်စဲ့မင်ယွင်ရဲ့ စကားက မြှောက်ပင့်စကားတွေမလို့ ဟန်ကျွယ်ဟာ ပိုပိုပြီးတော့ သတိကြီးလာပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset