Switch Mode

Chapter – 772

အခန်း (၇၇၂) နတ်ဘီလူး သုံးထောင်၊ လောကဦး ဆေးလုံး
‘မဟာရှေးဟောင်း နတ်ဘီလူးက ပဋိပက္ခ နတ်ဘီလူးတွေကို ဆင့်ခေါ်နေတာလား…’ ဟန်ကျွယ်ဟာ မျက်လုံးကျဉ်းသွားပါတယ်။ ဒါက ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ သူ လောကဦး နတ်ဘီလူးဆိုတာကို ဖုံးကွယ်ထားပြီးပြီ ဆိုပေမဲ့ ပဋိပက္ခမှာ လောကဦး နတ်ဘီလူးက တစ်ပါးတည်း ရှိတာပါ။ ဒါကြောင့် မကြာခင်မှာ ပဋိပက္ခနတ်ဘီလူးတွေနဲ့ မဖြစ်မနေကို ရင်ဆိုင်ရမှာပါ။ ဟန်ကျွယ် မဟုတ်ဘူးဆိုရင်တောင် သူ့သားက ပဋိပက္ခနတ်ဘီလူးတွေရဲ့ အဓိက ရန်သူတော်ကြီး ဖြစ်လာမှာပါ။
“ငါ မဟာရှေးဟောင်း နတ်ဘီလူးရဲ့ ကျင့်ကြံမှုအဆင့်ကို သိချင်တယ်” ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ပါတယ်။
[သက်တမ်း ၅၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[မဟာရှေးဟောင်း နတ်ဘီလူး: မဟာတာအိုပညာရှိ အထွတ်အထိပ် နောက်ဆုံးအဆင့်၊ ပဋိပက္ခ နတ်ဘီလူး၊ လောကဦးခေတ်၏ နတ်ဘီလူးသုံးထောင်ထဲတွင် တစ်ပါး အပါအဝင် ဖြစ်သည်။]
ဒီမိတ်ဆက်က အရမ်းကို ရိုးရှင်းပါတယ်။ မဟာရှေးဟောင်း နတ်ဘီလူးရဲ့ ရုပ်ရည်သွင်ပြင်ဟာ ဟန်ကျွယ်စိတ်ထဲမှာ ပေါ်လာပါတယ်။ မဟာရှေးဟောင်း နတ်ဘီလူးက ကြောက်ဖို့ကောင်းပြီး စကားလုံးနဲ့ ဖော်ပြလို့ မရပါဘူး။ သူ့ရောင်ဝါက အကြောက်အရွံ့ကင်းပြီး ပြိုင်ဘက်ကင်း ထိပ်သီးကျင့်ကြံသူတစ်ပါးရဲ့ ကြောက်မက်ဖွယ်ရောင်ဝါမျိုး ရှိနေပါတယ်။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီကောင်က တော်တော်စွမ်းအားကြီးမဲ့ပုံပဲ’
မဟာရှေးဟောင်း နတ်ဘီလူး ဟန်ကျွယ်ဆီကို အသံလွှင့်စကား ပေးပို့တာက ဟန်ကျွယ်ကို ပဋိပက္ခနတ်ဘီလူးလို့ ယုံကြည်လို့ပါ။ ဒါကြောင့် ဟန်ကျွယ် ဒီစုဝေးပွဲကို မသွားရင် ပဋိပက္ခနတ်ဘီလူးတွေရဲ့ ငြင်းဆန်တာကို ခံရနိုင်ပါတယ်။ ဒီထက်ပိုဆိုးရင် ပဋိပက္ခ နတ်ဘီလူးတွေနဲ့ ရန်သူတောင် ဖြစ်သွားနိုင်ပါတယ်။
ဒါကြောင့် ဟန်ကျွယ်ဟာ မဟာရှေးဟောင်း နတ်ဘီလူးကို မျက်နှာပေးရာလည်း ရောက်ပြီး အခြေအနေကိုလည်း နားလည်နိုင်ဖို့အတွက် ကိုယ်ပွားစေလွှတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ မဟာရှေးဟောင်း နယ်မြေ ဘယ်မှာရှိတယ်ဆိုတာကို မသိပါဘူး။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဒီအချိန်မှာပဲ ဟန်ကျွယ် စိတ်ထဲကို မှတ်ဉာဏ်တစ်ခု တိုးဝင်လာပါတယ်။ ဒီမှတ်ဉာဏ်က အလွန်ကျယ်ပြောတဲ့ မြေပုံတစ်ခုဖြစ်ပြီး မဟာရှေးဟောင်း နယ်မြေရှိရာကို ညွှန်ပြထားပါတယ်။
ဟန်ကျွယ်ဟာ အံ့အားသင့်သွားပါတယ် ‘ဒါ ဘယ်လိုနည်းလမ်းမျိုးလဲ၊ အဝေးကြီးကနေ မှတ်ဉာဏ် ပေးပို့နေတယ်’
ဟန်ကျွယ် အအံ့ဩဆုံးကတော့ မဟာရှေးဟောင်း နတ်ဘီလူးက သူ့ကို မမြင်ဖူးဘဲနဲ့ ဒီလိုတွေ လုပ်နိုင်တာကိုပါ။
ဟန်ကျွယ်ဟာ ဝိညာဉ်အပိုင်းအစ တစ်စကို ခွဲထုတ်ပြီး ကောင်းကင်တာအို အပြင်ဘက် ပို့ကာ မဟာရှေးဟောင်း နယ်မြေဆီ စေလွှတ်လိုက်ပါတယ်။ ဝိညာဉ်အပိုင်းအစဟာ ပဋိပက္ခနက်ထဲကို လျင်မြန်စွာ တိုးဝင် ပျောက်ကွယ်သွားပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မြေးတပည့် ချူရှီရန်သည် သက်ရှိအားလုံး၏ စိတ်ဆန္ဒကို စုပ်ယူပြီး ဆန်းကြယ်စွမ်းအား တစ်မျိုးကို လေ့လာ တတ်မြောက်သွား၏။ သူ၏ ကျင့်ကြံမှုလည်း များစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်သား ဟန်ထော်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် အသူရာချောက်ထဲသို့ ပြုတ်ကျသွား၏။]
[သင့်တပည့် ကျိုးဖန်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]
[သင့်မိတ်ဆွေ ရှန်ပေါင် တာအိုကျင့်ကြံသူသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးနှင့် တာအိုဆွေးနွေးပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ပန်ရှင်းသည် သင့်မိတ်ဆွေ ဘိုးဘေးရှီတျန်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် မိုးမြေနတ်ဘီလူး သုံးထောင်ကို ဖန်တီးပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်တပည့် တာအိုအရှင်သခင်သည် လျှို့ဝှက်ဆန်းကြယ် နတ်ဆိုးတစ်ကောင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၇၀၉၃၂၁၈
[သင့်တပည့် ကျောက်ရွှမ်ယွမ်သည်…]
မိစ္ဆာ ကောင်းကင်ဧကရာဇ်၊ ကျိုးဖန်နဲ့ ဟန်ထော်တို့ အဆော်ခံရတာာကို မြင်ရပေါင်းများလို့ ဟန်ကျွယ်ဟာ အံတိုနေပါပြီ။
‘ပန်ရှင်းက ဘာလို့ ထပ်တိုက်တာလဲ… ဓမ္မရတနာအတွက်နဲ့ အသက်စွန့်ရတာ တန်လို့လား…’ ဟန်ကျွယ်ဟာ ပန်ရှင်းကို နားမလည်နိုင်တော့ပါဘူး။
ဘိုးဘေးရှီတျန်ဟာ အမှောင်ဘက် ကူးလိုက်ကတည်းက ကျင့်ကြံမှုတွေ တရစပ် တိုးတက်လာတာပါ။ အခုဆိုရင် ဘိုးဘေးရှိတျန်ဟာ မဟာတာအို လောကဦးပဋိပက္ခ နောက်ဆုံးအဆင့်ကို ရောက်နေပါပြီ။ ဘိုးဘေးရှီတျန်က ပန်ရှင်းကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်နိုင်တဲ့အတွက် သတ်ပစ်ဖို့လည်း ဖြစ်နိုင်လောက်ပါတယ်။ ကြည့်ရတာ ဘိုးဘေးရှီတျန်က ကရုဏာတရား ရှိသေးတယ်နဲ့ တူပါတယ်။
ဟန်ကျွယ်ဟာ စာစောင်တွေကို ဆက်ဖတ်တဲ့အခါ ဟွမ်ဇွမ်တျန်က မိုးမြေနတ်ဘီလူး သုံးထောင် ဖန်တီးတာကို တွေ့လိုက်ရပါတယ်။
‘ဒီကောင်က ဘာလုပ်နေတာလဲ၊ ငါ့ကို အတုခိုးတာလား…’
ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန် ခန္ဓာကိုယ်ထဲက မူလလောကဦးဟာ လောကဦးနတ်ဘီလူး ဖြစ်ချင်တာကို ရုတ်တရက် သတိရသွားပါတယ်။ ဟန်ကျွယ်ကိုယ်တိုင်လည်း နတ်ဘီလူးသုံးထောင်ကို စပြီးတော့ ဖန်တီးနေတယ် မဟုတ်ပါလား။
ဒါပေမဲ့ မူလလောကဦးက လောကဦး နတ်ဘီလူး မဟုတ်တဲ့အတွက် သူဖန်တီးတဲ့ နတ်ဘီလူးတွေက ပဋိပက္ခနတ်ဘီလူးတွေကိုတော့ ယှဉ်နိုင်မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ရဲ့ အနာဂတ်ကို မျှော်ကြည့်မိလိုက်ပါတယ်။ တကယ်တမ်း တွေးကြည့်ရင် ဟွမ်ဇွမ်တျန်ဟာ ဟန်ကျွယ်ကို မမှီခိုခဲ့ပါဘူး။ သူ့ဘာသာ မှီခိုပြီး ဒီနေ့ ဒီအခြေအနေအထိ ရောက်လာခဲ့တာပါ။
ဒီလိုလူမျိုးတွေက ကြီးမားတဲ့ ကံတရား အထောက်အပံ့ရှိပါတယ်။ ဝတ္ထုတွေထဲမှာဆိုရင် အကုန်လုံး ဇာတ်လိုက်တွေချည်းပါပဲ။
ဟန်ကျွယ်ဟာ စာစောင်တွေကို ဆက်ဖတ်တဲ့အခါ တာအိုအရှင်သခင်၊ ကျောက်ရွှမ်ယွမ်နဲ့ ကျန်းယီတို့ အဆော်ခံရတုန်း ရှိနေသေးတာကို တွေ့လိုက်ရပါတယ်။ ဒါပေမဲ့ သူတို့သုံးယောက်က ကိုယ့်စွမ်းကိုယ်စနဲ့ တာအိုကိုရယူပြီး လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်တွေ ဖြစ်လာကြပါပြီ။ သူတို့တွေ ခံစားရတာက အလကားသက်သက်တော့ ဖြစ်မသွားပါဘူး။
ဟန်ကျွယ်ဟာ စာစောင်တွေဖတ်ရင်း ဇာတ်ကား ကြည့်နေသလို ခံစားလိုက်ရပါတယ်။ စာစောင်တွေထဲက အဖြစ်အပျက်တွေကို ထောက်ရှုပြီး ဟန်ကျွယ်ဟာ ဇာတ်လမ်းဇာတ်ကွက် မျိုးစုံကို ပုံဖော်ကြည့်လို့ရပါတယ်။
အကျဉ်းချုပ်ရရင် လောလောဆယ်မှာ ဟန်ကျွယ်ကို စိတ်လေးစေတာ တစ်ခုမှ မရှိပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ဆက်လက် ကျင့်ကြံပါတယ်။ ဟန်ကျွယ် အဆင့်တက်ခဲ့တာက နှစ်လေးသိန်းတောင် ရှိခဲ့ပြီမလို့ နောက်တစ်ခါ အဆင့်တက်ဖို့ တဖြည်းဖြည်း နီးကပ်လာပါပြီ။
ကြယ်တာရာ ကောင်းကင်ပြင်မှာ ခုနစ်ရောင်ခြည်တန်းဟာ ကြယ်တွေကို ပတ်လည်ဝိုင်းနေပါတယ်။ မီးခိုးရောင် ကြယ်တစ်လုံးမှာ တာအိုအရှင်သခင်၊ ကျောက်ရွှမ်ယွမ်နဲ့ ကျန်းယီတို့ဟာ တြိဂံပုံ ကျောပြုပြီး တရားထိုင်နေကြပါတယ်။
ကျန်းယီက ရုတ်တရက် မေးလိုက်ပါတယ် “ငါတို့တွေ ဘယ်လောက်ထိအောင် စောင့်ရဦးမှာလဲ”
တာအိုအရှင်သခင်က မျက်လုံးမဖွင့်ဘဲ ပြန်ဖြေပါတယ် “နည်းနည်း ထပ်စောင့်ဦး၊ အချိန်မကျသေးဘူး”
ကျန်းယီဟာ ထပ်ပြီးတော့ ငြီးတွားလိုက်ပါတယ် “အဲဒီကောင်က ငါတို့ကို လှည့်ဖြားဖို့ ကြိုးစားနေတာလား၊ ဒီနေရာမှာ အကောင်းစား ရတနာတစ်ပါး ပုန်းနေတယ်တဲ့၊ ငါတို့ကို ငါးစာအဖြစ် သုံးချင်တာလား မသိဘူး”
ကျောက်ရွှမ်ယွမ်ဟာ မနေနိုင်တော့ဘဲ ဝင်ပြောလိုက်ပါတယ် “ကျွန်တော်တို့တွေ ဒီတစ်ခါ ထပ်လိမ်ခံရရင် ဂိုဏ်းကို တကယ်ပြန်မှ ဖြစ်လိမ့်မယ်၊ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်မှာ နေပြီး ဆရာသခင်နောက် လိုက်ရတာက ဒီထက် ပိုကောင်းလိမ့်မယ်၊ ဒီအတောအတွင်း လီယောင်၊ မုရုံချီနဲ့ တခြားလူတချို့ ပျောက်သွားတယ်၊ ဂိုဏ်းချုပ်က သူတို့ကို ဝှက်ပြီး ဧရာမအခွင့်အရေးကြီးတစ်ခု ပေးလိုက်တာ ဖြစ်နိုင်တယ်”
“နောက်ပြီး ကျိုးဖန်ရောပဲ… အဲဒီကောင်စုတ်လေးက ကျွန်တော်တို့ သုံးယောက်ကို ကျော်တက်သွားပြီ၊ ကျွန်တော် ဒါက ဘယ်လိုမှ သည်းမခံနိုင်ဘူး”
အခုအချိန်မှာ ကျိုးဖန်က နာမည်ကြီးနေပါပြီ။ ပဋိပက္ခတစ်ခွင် လျှောက်သွားနေတဲ့ တာအိုအရှင်သခင်တို့ သုံးယောက်တောင် မဟာတာအိုမျှော်စင်နဲ့ ကောင်းကင်ရုံးတော်ကို ကြားရတာ အကြိမ်မနည်းတော့ပါဘူး။
တာအိုအရှင်သခင်က အလေးအနက် ပြောလိုက်ပါတယ် “ကျောက်ရွှမ်ယွမ်… စိတ်ပျက်စရာကောင်းတဲ့ စကားတွေ မပြောနဲ့၊ ဒီနှစ်တွေမှာ ငါ မင်းတို့ကို ခံစားအောင် လုပ်မိတယ်ဆိုတာ မှန်တယ်၊ ဒါပေမဲ့ အခွင့်အရေးရလာရင်လည်း ငါ မင်းတို့ကို အရင်ဆုံး ရွေးချယ်ခိုင်းခဲ့တာပဲမလား၊ နောက်ပြီး ငါတို့သုံးယောက်က အခုဆို လောကဦး ပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်တွေ ဖြစ်နေပြီ၊ ငါတို့ကျင့်ကြံမှုအလျင်က ပဋိပက္ခထဲမှာတောင် မြန်တယ်လို့ ပြောရတယ်၊ ကျိုးဖန်ကတော့ ခြွင်းချက်ပဲ၊ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်က တပည့်ရင်းတွေကိုကြည့်ရင် အများစုက အခုထက်ထိ တာအိုပညာရှိအတုအဆင့်မှာပဲ ရှိနေသေးတာ”
“ရှေးခေတ်ကတည်းက ငါတို့လို ငယ်ရွယ်တဲ့ တာအိုပညာရှိတွေက အရမ်းရှားတယ်၊ ခေတ်တစ်ခေတ်ရဲ့ မဟာကံတရား အထောက်အပံ့နဲ့ အထက်မြက်ဆုံး ပါရမီရှင်တွေလို့တောင် ပြောလို့ရတယ်”
တာအိုအရှင်သခင်ရဲ့ စကားကြောင့် ကျောက်ရွှမ်ယွမ်ဟာ‌ ခေါင်းကိုက်သွားပါတယ်။
ကျန်းယီက ဖြတ်မပြောဘဲ မနေနိုင်ပါဘူး “မင်းပြောတာ နည်းနည်းတော့ များသွားပြီ”
တာအိုအရှင်သခင်ဟာ အတန်ကြာ တိတ်ဆိတ်သွားပြီးမှ ပြောလိုက်ပါတယ် “နည်းနည်း ထပ်စောင့်ကြမယ်၊ သူ ဆယ်နှစ်အတွင်း ပေါ်မလာရင် ငါတို့တွေ ထွက်သွားကြမယ်၊ ငါတို့တွေ ကောင်းကင်ရုံးတော် ဒါမှမဟုတ် မဟာတာအိုမျှော်စင်ကို သွားကြည့်ကြတာပေါ့”
ဒီတော့မှပဲ ကျောက်ရွှမ်ယွမ်နဲ့ ကျန်းယီဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ သူတို့နှစ်ယောက်ဟာ တာအိုအရှင်သခင် ဆက်ပြီးတော့ ခေါင်းမာနေမှာကို စိုးရိမ်နေတာပါ။ နှစ်သိန်းချီကြာအောင် သေအတူ ရှင်မကွာ နေထိုင်ပြီးတဲ့နောက်မှာတော့ သူတို့သုံးယောက်ဟာ ညီအစ်ကိုရင်းတွေလို ဖြစ်နေကြပါပြီ။ အချင်းချင်း စောဒက တက်နေကြပေမဲ့ တကယ်တော့ တစ်ခုခုလုပ်ရင် အတူတူတက်ပြီး အတူတူ ဆုတ်ကြတာပါ။
“ဟားဟား… မိတ်ဆွေလေးသုံးယောက်… ငါက ဘာလို့ မိတ်ဆွေလေးတို့ကို ညာရမှာလဲ” ကျယ်လောင်တဲ့ ရယ်သံတစ်သံ ထွက်ပေါ်လာပါတယ်။
တာအိုအရှင်သခင်တို့ သုံးဦး လှည့်ကြည့်လိုက်တဲ့အခါ မိုးကာဝတ်ရုံနဲ့ အဘိုးအိုတစ်ဦးက ရေကျွဲစီးပြီး ပျံသန်းလာတာကို တွေ့လိုက်ရပါတယ်။ ဒီရေကျွဲက သေမျိုးကမ္ဘာမှာ လယ်ထွန်တဲ့ကျွဲနဲ့ တစ်ပုံစံတည်းပါပဲ။
တာအိုအရှင်သခင်ဟာ မတ်တတ်ရပ်ပြီး‌ မေးလိုက်ပါတယ် “အကောင်းစားရတနာက ဘယ်မှာလဲ”
ရေကျွဲဟာ မြေပြင်ပေါ် ဆင်းသက်လိုက်ပါတယ်။ မိုးကာဝတ်ရုံနဲ့ အဘိုးအိုဟာလည်း ပြုံးလိုက်ပါတယ် “မင်းတို့ရှေ့မှာ ရှိနေတာပဲ၊ အပေါ်ကို မော့ကြည့်လိုက် တွေ့ရလိမ့်မယ်”
တာအိုအရှင်သခင်တို့ သုံးဦးဟာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ဟိုဟိုဒီဒီ လိုက်ကြည့်ပေမဲ့ အကောင်းစား ရတနာကို တစ်စွန်းတစ်စတောင် မတွေ့ရပါဘူး။
ကျောက်ရွှမ်ယွမ်ဟာ မျက်လုံးကျဉ်းသွားပါတယ် “အဲဒီ ခုနစ်ရောင်ခြည်တန်းလား”
မိုးကာဝတ်ရုံနဲ့ အဘိုးအိုဟာ မုတ်ဆိတ်မွေးကို သပ်ပြီး ခေါင်းညိတ်လိုက်ပါတယ် “ဟုတ်တယ်၊ ဒီအလင်းရောင်တွေက မရိုးရှင်းဘူး၊ ပဋိပက္ခ ကနဦးက အကောင်းစား ရတနာတစ်ပါးကနေ ဖြစ်ပေါ်လာတာ၊ ငါ့မှာ သူတို့ရဲ့ ပုံစံအမှန်ကို ပြန်ခဲယူနိုင်တဲ့ နည်းလမ်းရှိတယ်၊ ဒါပေမဲ့ လက်နက်စိတ်ဝိညာဉ်က ပြန်တိုက်ခိုက်လိမ့်မယ်၊ ဒီကိစ္စပြီးရင် အကောင်းစား ရတနာက မင်းတို့အပိုင်ပဲ၊ ငါ လိုချင်တာက အကောင်းစား ရတနာထဲမှာ ဖွက်ထားတဲ့ ဆေးလုံးပဲ”
တာအိုအရှင်သခင်က မေးလိုက်ပါတယ် “ဘာဆေးလဲ၊ အဲဒီဆေးလုံးကို ထုတ်လိုက်ရင် ရတနာက ပျက်သွားမှာလား”
မိုးကာဝတ်ရုံနဲ့ အဘိုးအိုဟာ ပြုံးလိုက်ပါတယ် “မပျက်ပါဘူး၊ ဒီဆေးလုံးက အကောင်းစား ရတနာနဲ့ မဆိုင်ဘူး၊ သူ့သခင်က ဆေးလုံးကို အထဲမှာ ဖွက်ထားခဲ့ရုံပဲ၊ ငါ မင်းတို့ကို အမှန်အတိုင်း ပြောပြမယ်၊ ဒီဆေးလုံးက လောကဦးဆေးလုံးလို့ ခေါ်တယ်၊ ဒီဆေးလုံးနဲ့ လောကဦး နတ်ဘီလူးကို ဖန်တီးလို့ရတယ်၊ ငါ မင်းတို့ကို ဒီဆေးလုံး ပေးလိုက်ရင် မင်းတို့တွေ အကြီးအကျယ် ဒုက္ခရောက်ရလိမ့်မယ်”
တာအိုအရှင်သခင်တို့ သုံးယောက်ဟာ နှလုံးလှုပ်သွားကြပါတယ်။ သူတို့သုံးယောက်ဟာ လောကဦး နတ်ဘီလူးနဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီတွေကို ကြားဖူးထားပါတယ်။ လောကဦးနတ်ဘီလူးက မဟာတာအို အနန္တကပ်ဘေးကို ဖြစ်ပေါ်စေလိမ့်မယ်လို့ ဒဏ္ဍာရီရှိတယ် မဟုတ်ပါလား။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset