Switch Mode

Chapter – 771

အခန်း (၇၇၁) မဟာရှေးဟောင်း နတ်ဘီလူး
လီချင်းဇဲ့ လူဝင်စားရဲ့ အဖြေကြောင့် ဟန်ကျွယ်ဟာ အနည်းငယ် မှင်တက်သွားပါတယ်။ အတိတ်မှာတုန်းက လီချင်းဇဲ့ဟာ သူ့ကို အကျိုးအမြတ်မျိုးစုံနဲ့ အပြင်ထွက်‌အောင် မျှားခေါ်ခဲ့ပါတယ်။ အဲဒီတုန်းက ဟန်ကျွယ်ဟာ လီချင်းဇဲ့ ဘာပြောပြော ငြင်းခဲ့တာချည်းပါပဲ။
နှစ်တစ်သန်းကြာသွားတဲ့အခါမှာတော့ လီချင်းဇဲ့က လုံးဝကို ပြောင်းလဲသွားပါပြီ။ ဟန်ကျွယ်သိတဲ့ လီချင်းဇဲ့ မဟုတ်တော့ပါဘူး။ ဝိညာဉ်က လီချင်းဇဲ့ရဲ့ ဝိညာဉ်ဆိုပေမဲ့ လူကတော့ မသိမသာနဲ့ ပြောင်းလဲသွားပါပြီ။
ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားခြင်းက အဓိပ္ပာယ်မရှိဘူးလို့ ရုတ်တရက် ခံစားလိုက်ရပါတယ်။ နောက်ဆုံးကျတော့ ပြန်လည်မွေးဖွားခြင်းကနေ အကျိုးအမြတ်ရတာက သေမျိုးကမ္ဘာကို ဆင်းသက်ပြီး လေ့ကျင့်တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေပါပဲ။ သေမျိုးတွေအတွက်တော့ မုန့်ပေါ်ရဲ့ စွပ်ပြုတ်ကို သောက်တာနဲ့ ရုပ်နာမ်နှစ်ပါး ဖျက်ဆီးခံရတာက ဘာမှမကွာပါဘူး။
သေမျိုးတိုင်းက စွမ်းအားကြီးပုဂ္ဂိုလ်တွေနဲ့ တွေ့ပြီး သူတို့မှတ်ဉာဏ်ကို ပြန်ရနိုင်တာ မဟုတ်ပါဘူး။ ပြန်လည်မွေးဖွားခြင်း စက်ဝန်း တည်ရှိနေတာကလည်း စွမ်းအားကြီးပုဂ္ဂိုလ်တွေ သရဲတွေကို မသတ်ရဲလို့ ဖြစ်ပါလိမ့်မယ်။ သတ်ဖြတ်တာများရင် အကုသိုလ်ကံဝန်ကို ထမ်း‌ဆောင်ရမယ် မဟုတ်ပါလား။
လောကကြီးမှာ ဝိညာဉ်အသစ်တွေက အချိန်တိုင်း မွေးဖွားနေတာပါ။ သူတို့က ငရဲပြည်ကနေလာတာ မဟုတ်ဘဲ ကောင်းကင်တာအိုကနေ လာတာပါ။
ဟန်ကျွယ်ဟာ ပြုံးပြီး ထပ်မေးလိုက်ပါတယ် “မင်း တကယ်ပဲ မသင်ချင်ဘူးလား”
လီချင်းဇဲ့ လူဝင်စား သတိထားပြီး ပြောလိုက်ပါတယ် “ခင်ဗျား ဘာလုပ်ဖို့ ကြိုးစားနေတာလဲ၊ ဒါက ယွီဂျင်ဂိုဏ်းတော်ကြီးနော်၊ ခင်ဗျား တိုက်ခိုက်လိုက်တာနဲ့ တခြားလူတွေ သိသွားလိမ့်မယ်”
“မင်းက ငြင်းလေလေ ငါက ပိုသင်ပေးချင်လေလေပဲ၊ မင်း ငယ်သံပါအောင် အော်ရင်တောင် ဘယ်သူမှ ကြားမှာ မဟုတ်ဘူး၊ ငါ ဒီဝါးတောအုပ်ကို သီးသန့်ခွဲထုတ်လိုက်ပြီ”
လီချင်းဇဲ့ လူဝင်စားဟာ တစ်ဖက်လှည့်ပြီး ခြေကုန်သုတ် ပြေးပါတော့တယ်။
ဟန်ကျွယ်ဟာ လက်မြှောက်ပြီး လီချင်းဇဲ့ လူဝင်စားကို ဆွဲယူကာ မြေကြီးပေါ် ဖိချလိုက်ပါတယ်။ လီချင်းဇဲ့ လူဝင်စားဟာ ဟန်ကျွယ်လက်ချက်နဲ့ မှောက်လျက်လဲပြီး တောင်တစ်တောင် ဖိထားသလို ခံစားလိုက်ရပါတယ်။
“ကောင်လေး… မင်းက ပေါ့သေးတယ်၊ ငါ့ကို အာရုံမခံနိုင်မှတော့ ငါ့ကို မြင်တာနဲ့ မင်း ထွက်ပြေးသင့်တယ်၊ ငါမင်းနားကို တိတ်တိတ်လေး ချဉ်းကပ်လာတယ်ဆိုတာ မင်းကို ဒုက္ခပေးချင်လို့ဆိုတာ အထင်ရှားကြီး၊ နောက်ဘဝကျရင် ဒီထက်ပိုပြီးတော့ သတိထားချည်”
လီချင်းဇဲ့ လူဝင်စားဟာ ဟန်ကျွယ်စကားကြောင့် မျှော်လင့်ချက် ကင်းမဲ့သွားပါတယ် ‘ဟုတ်တယ်… ငါ ဘာဖြစ်လို့ ဒီလောက်တောင် တုံးရတာလဲ’ လီချင်းဇဲ့ လူဝင်စားဟာ အကြီးအကျယ် နောင်တရသွားပြီး စိတ်ဆင်းရဲတဲ့ဒဏ်ကို မခံနိုင်တာကြောင့် တစ်ချက်တည်း သတိလစ်သွားပါတယ်။
လီချင်းဇဲ့ လူဝင်စားဟာ တဖြည်းဖြည်း မျက်လုံးပွင့်လာပါတယ်။ ရုတ်တရက် လီချင်းဇဲ့ လူဝင်စားဟာ မျက်လုံးပြူးသွားပြီး အလန့်တကြား ခုန်ထလိုက်ပါတယ်။ အဲဒီနောက် ဘေးဘီဝန်းကျင်ကို သတိကြီးစွာ လိုက်ကြည့်ပေမဲ့ ဟန်ကျွယ်ကို မတွေ့တော့ပါဘူး။
လီချင်းဇဲ့ လူဝင်စားဟာ သေချာ ပြန်စဉ်းစားကြည့်တဲ့အခါ တစ်ဖက်လူရဲ့ မျက်နှာကို မမှတ်မိတာ သွားတွေ့ပါတယ် ‘အိပ်မက်များလား…’
အဲဒီနောက် လီချင်းဇဲ့ လူဝင်စားဟာ သူ့ခေါင်းထဲမှာ မှတ်ဉာဏ်အသစ်တစ်ခု ရောက်နေတာကို ရှာတွေ့သွားပါတယ်။
ဒီမှတ်ဉာဏ်ကတော့ ကောင်းကင်ဓားတာအိုပါ။
‘ဒါဆို ဒါက အိပ်မက်မဟုတ်ဘူး၊ တကယ် ဖြစ်ပျက်ခဲ့တာပဲ’
လီချင်းဇဲ့ လူဝင်စားဟာ သူ့ခန္ဓာကိုယ်ကို စမ်းသပ်ကြည့်တဲ့အခါ အင်္ကျီတွေက သန့်သန့်ရှင်းရှင်း ရှိနေပြီး ဒဏ်ရာရမထားတာကို သွားတွေ့ပါတယ်။
‘ဒီလူက ဘာလိုချင်တာလဲ’
လီချင်းဇဲ့ လူဝင်စားဟာ ကောင်းကင်ဓားတာအိုကို တွေးမိလိုက်ပြီး တဖြည်းဖြည်း နှလုံးလှုပ်သွားပါတယ် ‘တော်တော်ကြမ်းတဲ့ ဓားသိုင်းပဲ… မဟုတ်ဘူး… ဒါက ဓားတာအိုပဲ’
“ငါ ကပ်ဘေးတွေ့တာလား ကယ်တင်ရှင်နဲ့ တွေ့တာလား” လီချင်းဇဲ့ လူဝင်စားဟာ သူ့ဘာသာ ရေရွတ်လိုက်ပြီး ဟန်ကျွယ်ရဲ့ ရုပ်ရည်ကို သေချာ ပြန်ပုံဖော်ကြည့်ပေမဲ့ ဘာမှကို ထင်မလာပါဘူး။ ဒါပေမဲ့ မှုန်မှုန်ဝါးဝါး ဖြစ်နေတဲ့ ရုပ်သွင်က သူ့ကို ရင်းနှီးတယ်လို့ ခံစားရစေပါတယ်။ ဒီရင်းနှီးတဲ့ ခံစားချက်က ရုတ်တရက်ဆိုသလို အားကောင်းလာတဲ့အတွက် လီချင်းဇဲ့ လူဝင်စားဟာ ဝမ်းနည်းသွားပြီး ငေးကြောင်ကြောင် ဖြစ်သွားပါတယ်။
…..
တာအိုဘုံကျောင်းထဲက ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး မျက်မှောင်ကြုတ်လိုက်ပါတယ်။ နှစ်တစ်ရာ ပြည့်သွားတဲ့အခါမှာ ဝိညာဉ်အပိုင်းအစဟာ သူ့ခရီးစဉ်ကို အဆုံးသတ်ပြီး လွင့်ပါး ပျောက်ကွယ်သွားပါတယ်။ မှတ်ဉာဏ်တွေ အကုန်လုံးကလည်း ဟန်ကျွယ်ရဲ့ စိတ်ထဲမှာ ထိုး‌ပေါ်လာပါတယ်။
ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဒီခရီးစဉ်မှာ မိတ်ဟောင်းဆွေဟောင်း တချို့နဲ့ တွေ့ခဲ့ရပါတယ်။ အရာအားလုံးက ပြောင်းလဲသွားပြီဆိုပေမဲ့ မှတ်ဉာဏ်တွေကတော့ အခုထက်ထိ ရှိနေတုန်းပါပဲ။
ဟန်ကျွယ်ဟာ စိတ်အခြေအနေကို ပြုပြင်ပြီး ပြုံးလိုက်ပါတယ် “အပန်းဖြေပြီးပြီဆိုတော့ ကျင့်ကြံဖို့နဲ့ တတိယ တာအိုစက်ကွင်းအတွက် နေရာရှာဖို့ အချိန်တန်ပြီ”
မကြာခင်မှာပဲ လျူပေ့ ရောက်လာပါတယ်။ လျူပေ့ဟာ ဟန်ကျွယ်ရဲ့ ပြန်လည်မွေးဖွာခြင်း ကိုယ်ပွား ဖြစ်ပါတယ်။ လျူပေ့ဟာ တိုက်တိုင်းအောင်ဗုဒ္ဓရဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီး အခုဆိုရင် တာအိုပညာရှိအတု ဖြစ်နေပါပြီ။ အတိတ်မှာတုန်းကလည်း လျူပေ့ဟာ တိတ်ဆိတ်ကျွန်း ပုန်းဖို့အတွက် နေရာထွက်ရှာခဲ့ဖူးပါတယ်။
လျူပေ့ဟာ ဟန်ကျွယ်ရှေ့မှာ တလေးတစား ဒူးထောက်လိုက်ပါတယ်။ လျူပေ့ဟာ အပေါ်ယံမှာ တည်ငြိမ်နေပေမဲ့ စိတ်ထဲမှာတော့ မုန်တိုင်းထန်နေပါတယ်။ လျူပေ့ဟာ အံ့အားလည်းသင့်သလို ထိတ်လည်း ထိတ်လန့်နေပါတယ်။
ဟန်ကျွယ်က သူ့ကို မှတ်မိနေသေးတဲ့အတွက် အံ့အားသင့်တာ ဖြစ်ပြီး ဟန်ကျွယ်က သူ့ကို တာဝန်တစ်ခု ပေးတော့မယ်လို့ ခန့်မှန်းမိတဲ့အတွက် ထိတ်လန့်နေတာ ဖြစ်ပါတယ်။ လျူပေ့ဟာ ဟန်ကျွယ်ရဲ့ စရိုက်ကို အမွေရထားတဲ့အတွက် သတ္တိကြောင်ပြီး သတိကြီးပါတယ်။ ဒါပေမဲ့ သူ့ကျင့်ကြံမှုက ရှေ့မတက်တာ အတော်ကြာပြီ ဖြစ်တဲ့အတွက် အဆင့်တက်နိုင်ဖို့ အခွင့်အရေးတစ်ခု လိုနေပါတယ်။
ဒီတာဝန်က သူ့အတွက် အဲဒီအခွင့်အရေး ဖြစ်နိုင်ပါတယ်။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “မင်း ပဋိပက္ခကို သွားပြီး တာအိုစက်ကွင်းအတွက် သင့်လျော်တဲ့နေရာ သွားရှာချည်၊ ဒီကိစ္စကို ဘယ်သူ့ကိုမှ ပြောပြလို့မရဘူး၊ ဒီတာဝန်က အရမ်းကြာလိမ့်မယ်၊ နှစ်တစ်သိန်းနဲ့တောင် သင့်တော်တဲ့နေရာကို ရှာတွေ့ချင်မှ ရှာတွေ့လိမ့်မယ်၊ ငါ မင်းကို ဆန်းကြယ်စွမ်းအားတစ်မျိုး သင်ပေးမယ်၊ မင်း ဒုက္ခရောက်ရင် ငါ့ကို အချိန်မရွေး ဆင့်ခေါ်လို့ရတယ်”
‘ပဋိပက္ခ… နှစ်တစ်သိန်း…’ လျူပေ့ဟာ ဖျားချင်သလိုလို ဖြစ်သွားပါတယ်။ လျူပေ့ဟာ ဒီတာဝန်ကို ငြင်းချင်ပေမဲ့ မငြင်းရဲပါဘူး။
“ဘာလဲ၊ မင်းက မလုပ်ချင်ဘူးလား၊ ဒါဆိုလည်း ထားလိုက်တော့” ဟန်ကျွယ်ဟာ လျူပေ့ဆီက ဘာတုံ့ပြန်မှုမှ မရတဲ့အတွက် နည်းနည်း စိတ်ပျက်သွားပါတယ်။
လျူပေ့က ချက်ချင်း မော့ကြည့်ပြီး ပြောလိုက်ပါတယ် “ကျွန်တော် လုပ်ချင်ပါတယ်”
ဟန်ကျွယ်ဟာ ကျေနပ်စွာ ပြုံးလိုက်ပါတယ် “ဘာတွေ ပြင်ဆင်ဖို့ လိုသေးလဲ”
လျူပေ့ဟာ ခေါင်းခါလိုက်ပါတယ် “ဘာမှ ပြင်ဆင်စရာ မရှိပါဘူး”
ဟန်ကျွယ်ဟာ ချက်ချင်း လက်ဝှေ့ယမ်းပြီး လျူပေ့ကို ကောင်းကင်တာအို အပြင်ဘက် ပို့လိုက်ပါတယ်။
ပဋိပက္ခက ကြီးမားတယ်ဆိုပေမဲ့ လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်ကို တွေ့ရဖို့က အရမ်းခက်ခဲတဲ့အရာပါ။ အခွင့်အရေးကြီးတစ်ခု မရှိရင် လောကဦး ပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်က တာအိုပညာရှိအတု တစ်ပါးကို လွယ်လွယ်ကူကူ ပစ်မှတ်ထားမှာ မဟုတ်ပါဘူး။
လျူပေ့ရဲ့ ကံတရားက တိုက်တိုင်းအောင် ဗုဒ္ဓပါ။ သူတို့တွေ တွက်ချက်ကြည့်ရင်တောင် ဟန်ကျွယ်ရဲ့ ကိုယ်ပွားမှန်း မသိနိုင်ပါဘူး။ အများဆုံး တိတ်ဆိတ်ဂိုဏ်းနဲ့ ပတ်သက်နေတယ်လို့ပဲ တွက်ချက်နိုင်မှာပါ။
အခု ပဋိပက္ခထဲမှာ လေ့ကျင့်နေတဲ့ တိတ်ဆိတ်ဂိုဏ်းသားတွေက ငါးသန်းကျော်ပါတယ်။ ဒီသရုပ်က သိပ်ပြီးတော့ အရေးကြီးတဲ့အရာ မဟုတ်ပါဘူး။ ဟန်ကျွယ်ရဲ့ ရန်သူတွေက ဟန်ကျွယ်ကို တိတ်ဆိတ်ဂိုဏ်း တပည့်တစ်ဦးနဲ့ ခြိမ်းခြောက်လို့ရတယ်လို့ တွေးတဲ့အထိတော့ မတုံးသေးပါဘူး။
ဒါပေမဲ့ လျူပေ့က ပဋိပက္ခမှာ ကျိန်းသေပေါက် အခက်အခဲတွေ ကြုံတွေ့ရမှာပါ။ ဒီအတွက်တော့ ဟန်ကျွယ် ပြင်ဆင်ထားဖို့ လိုပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို စသုံးလိုက်ပါတယ် “ငါ ကောင်းကင်ဖွင့်လှစ် ပုဆိန်ကို အဆင့်မြှင့်လိုက်ရင် ဆက်ပြီးတော့ ထိန်းချုပ်နိုင်ဦးမှာလား”
ဆန်းကြယ် ကံတရားစာအုပ်က သူ့ကို သခင်အဖြစ် အသိအမှတ် မပြုတဲ့အတွက် ဟန်ကျွယ်ဟာ အန္တိမ အကောင်းစား ရတနာတွေကို နည်းနည်း သတိထားလာပါတယ်။
[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘၁ ကွာဒလီယံ… ဒါ တာအိုဖန်တီးရှင် တန်ဖိုးပဲ…’
ဆက်တွက်မယ်။
[ထိန်းချုပ်နိုင်ပါသည်။ သို့သော် ပန်ကူး အာရုံခံမိလိမ့်မည်။]
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ပန်ကူးရဲ့ ကျင့်ကြံမှုကို လောလောဆယ်မှာ မသိနိုင်သေးတဲ့အတွက် ဟန်ကျွယ်ဟာ ပန်ကူးကို ရန်စလို့မရတဲ့ စာရင်းထဲ ထည့်ထားပါတယ်။
‘ထားလိုက်ပါတော့… နောက်မှာပဲ အဆင့်မြှင့်တော့မယ်၊ အခုလည်း စွမ်းနေတာပဲကို…’
ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲဝင်ပြီး ဓားရူးတာအိုပညာရှိတစ်ရာကို ကောင်းကင်ဖွင့်လှစ် ပုဆိန်နဲ့ တိုက်ခိုက်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဓားရူတာအိုပညာရှိတစ်ရာကို အသာလေး သတ်ပစ်လိုက်ပါတယ်။ ဒါကြောင့် နောက်တစ်ရာ ထပ်တိုးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိ နှစ်ရာကိုလည်း လွယ်လွယ်ကူကူ သတ်နိုင်တုန်းပါပဲ။ ဓားရူးတာအိုပညာရှိ သုံးရာ ဖြစ်သွားတဲ့အခါမှာတော့ နိုင်ရုံပဲ ရှိပါတော့တယ်။
လေးရာအထိ တိုးပြီး တိုက်ကြည့်တဲ့အခါမှာတော့ နိုင်ဖို့ မဖြစ်နိုင်တာ တွေ့လိုက်ရပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ အချိန်အတိုင်းတစ်ခုအထိတော့ ခုခံနိုင်ပါသေးတယ်။ ငါးရာ ရောက်သွားတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ အသက်ရှူကြိမ် ဆယ်ကြိမ်တောင် တောင့်မခံထားနိုင်ပါဘူး။
ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲက ထွက်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိ ငါးရာကို အနိုင်မယူနိုင်ပေမဲ့ သူ့ကိုယ်သူ ယုံကြည်မှုအပြည့် ရှိနေတုန်းပါ။
ဒီစွမ်းအားက မဟာတာအိုပညာရှိချုပ်အောက်မှာရှိတဲ့ လူတိုင်းကို လုပ်ချင်ရာ လုပ်လို့ရနေပါပြီ။ မဟာတာအိုပညာရှိချုပ်တွေက လျှို့ဝှက်ဆန်းကြယ်ပြီး လွယ်လွယ်ကူကူ ပေါ်လာတဲ့ တည်ရှိမှုတွေ မဟုတ်ပါဘူး။ ဒါကြောင့် လျူပေ့အနေနဲ့ မဟာတာအိုပညာရှိချုပ်ကို ရန်စမိဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။
ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး စတင် ကျင့်ကြံပါတယ်။
လျှပ်တစ်ပြက်အတွင်း နှစ်ငါးသောင်း ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်းဆီ သွားပြီး မုဟူးရှီ နတ်ဘီလူးကို လွှတ်ပေးကာ မုရုံချီလက်ထဲ အပ်လိုက်ပါတယ်။ ဒုတိယ တာအိုစက်ကွင်းမှာ ပဋိပက္ခ နတ်ဘီလူး ၂၁ ပါး ရှိသွားပါပြီ။ ဒါက တော်တော်ကို အားကောင်းလွန်းတဲ့ အင်အားစုတစ်စုဆိုပေမဲ့ စစ်တပ်တစ်တပ် ဖြစ်လာဖို့တော့ အလှမ်းဝေးနေပါသေးတယ်။
ဟန်ကျွယ်ဟာ လီယောင်၊ ဝူတောက်ကျန်တို့နဲ့ စကားပြောပြီးမှ ပင်မ တာအိုစက်ကွင်းကို ပြန်ပါတယ်။ ဟန်ကျွယ်ဟာ စာစောင်တွေကို စစ်ဆေးဖို့ ပြင်လိုက်စဉ်မှာပဲ ရုတ်တရက် မျက်မှောင်ကြုတ်သွားပါတယ်။
‘ဒီခံစားချက်က…’
ဟန်ကျွယ်ဟာ တစ်စုံတစ်ခုက သူ့ကို ဆင့်ခေါ်နေသလိုမျိုး လေးလံတဲ့ ခံစားချက်ကို ခံစားလိုက်ရပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ စပြီးတော့ တွက်ချက်ကြည့်လိုက်တဲ့အခါ အသံတစ်သံကို ကြားလိုက်ရပါတယ်။
“ငါက မဟာရှေးဟောင်း နတ်ဘီလူးပဲ၊ မဟာတာအို အနန္တကပ်ဘေး လာနေပြီ၊ လောကဦး နတ်ဘီလူးက ပဋိပက္ခနတ်ဘီလူးတွေကို နင်းချေပြီး အင်အားကြီးလာလိမ့်မယ်၊ ဒီကိစ္စ ဆွေးနွေးဖို့အတွက် ပဋိပက္ခ နတ်ဘီလူးအကုန်လုံးကို မဟာရှေး‌ဟောင်းနယ်မြေဆီ လာခဲ့ဖို့ ဖိတ်ခေါ်တယ်၊ ငါတို့ ပဋိပက္ခနတ်ဘီလူးတွေ အတူစုစည်းပြီး မဟာတာအို အနန္တကပ်ဘေးကို ရင်ဆိုင်ကြရအောင်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset