Switch Mode

Chapter – 770

အခန်း (၇၇၀) ကံနဲ့ မှတ်ဉာဏ်
အင်မော်တယ်ကမ္ဘာ၊ အဆုံးမဲ့ပင်လယ်။
ဟန်ကျွယ်ဟာ ကမ်းခြေမှာရပ်ပြီး ပင်လယ်ကို မျှော်ကြည့်လိုက်ပါတယ်။ လှိုင်းလုံးတွေက နေရောင်ခြည်အောက်မှာ တလက်လက် တောက်နေပါတယ်။ ကောင်းကင်ပြင်ကလည်း အပြာရောင်သမ်းနေပါတယ်။
ဆားနံ့ရှိတဲ့ လေပြည်အေးဟာ တသုန်သုန် တိုက်ခိုက်လာတာကြောင့် ဟန်ကျွယ်ရဲ့ ဆံပင်ရှည်တွေကို လေထဲမှာ လူးလွန့်သွားစေပါတယ်။ ဟန်ကျွယ်ဟာ မျက်လုံး နည်းနည်းကျဉ်းလိုက်ပြီးနောက် စိတ်ကို လုံးဝလျှော့ချလိုက်ပါတယ်။
အင်မော်တယ်ကမ္ဘာမှာ အတန်ကြာအောင် ခရီးနှင်ပြီးနောက် ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းဂိုဏ်းတွေနဲ့ သေမျိုးမြို့တွေကို ရောက်ခဲ့ပါတယ်။ ခမ်းနားထည်ဝါလှတဲ့ နန်းတော်တွေ ဘုံကျောင်းတွေကိုလည်း မြင်တွေ့ခဲ့ရပြီး သာမန်လူတွေရဲ့ ပျော်ရွှင်အေးချမ်းမှုကိုလည်း ခံစားခဲ့ရပါတယ်။
ဒီလိုပဲ ဟန်ကျွယ်ဟာ မကောင်းတဲ့ ကိစ္စတွေကိုလည်း တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ အကုန်လုံး ခြုံကြည့်လိုက်ရင် ကောင်းကင်တာအိုက အေးချမ်းတဲ့ အခြေအနေမှာ ရှိနေပါတယ်။ အကြွင်းမဲ့ အေးချမ်းတဲ့ ကမ္ဘာက ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ။
မကောင်းတဲ့အရာတွေကို တွေ့ပေမဲ့ ဟန်ကျွယ်ဟာ ဝင်မပါပါဘူး။ ဟန်ကျွယ်ဟာ ဒီလူဆိုးတွေရဲ့ ကံတရားကို ထိုးဖောက်မြင်ပါတယ်။ ဒီလူဆိုးတွေက ပျက်စီးရာလမ်းကို ကိုယ့်ဘာသာ လျှောက်နေကြတာပါ။
ဟန်ကျွယ်ဟာ ဒီလူဆိုးတွေကို သတ်လိုက်ရင် စိတ်ကျေနပ်မှုတော့ ရနိုင်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဒီလူဆိုးတွေရဲ့ ဆိုးရွားလှတဲ့ အနာဂတ်ကို မြင်ပြီးပါပြီ။ ဒီလူဆိုးတွေက နောက်ဘဝမှာ လူသားအဖြစ် ပြန်မွေးဖွားခွင့်ရမှာ မဟုတ်ပါဘူး။
ဒါက စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးရဲ့ ရှုထောင့်ပါ။ ဒါကြောင့်လည်း စွမ်းအားကြီးပုဂ္ဂိုလ်တွေက မတရားတာတွေ့ရင် ဝင်မကူညီတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဟိုးအဝေးကြီးကို မြင်ထားလို့ပါပဲ။ ဒီနေ့လူတစ်ယောက်ကို ကယ်လိုက်လို့ ဒီကပ်‌ဘေးကနေ လွတ်မြောက်သွားပေမဲ့ အနာဂတ်မှာ ဒီထက်ကြီးမားတဲ့ ကပ်ဘေးကို ရင်ဆိုင်ရကောင်း ရင်ဆိုင်ရနိုင်ပါတယ်။
ကျင့်ကြံမှုချင်း သိပ်မကွာခြားတဲ့အတွက် သနားကြင်နာမှုနဲ့ တရားမျှတမှုတွေ ရှိပါတယ်။ မှန်မှန်ကန်ကန် ပြုမူနေထိုင်ပြီး ကုသိုလ်ကံကို စုဆောင်းသင့်ပါတယ်။ ဒါမှသာ သူတို့တွေဟာ ပုံမှန်ကြီးထွားလာပြီး လူတွေကို ပိုကယ်တင်နိုင်မှာပါ။
ဟန်ကျွယ်က သနားကြင်နာမှု မရှိတာ မဟုတ်ပါဘူး။ လောကနိယာမတွေရဲ့ အထက်မှာ ရှိနေတာကြောင့်ပါ။ လောကကိစ္စတွေကို ဝင်ပါရင် လောကကြီးရဲ့ စနစ်ကျမှုကို ကျိုးပျက်စေနိုင်ပါတယ်။ သေမျိုးတွေက သူတို့ခြံထဲမှာရှိတဲ့ ပုရွတ်ဆိတ်တွေကို မတော်တဆ တက်နင်းနိုင်တာပဲ မဟုတ်ပါလား။
“အပြင်ကို မကြာမကြာ ထွက်တာက မကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူး” ဟန်ကျွယ်ဟာ သူ့ဘာသာ ရေရွတ်ရင်း ပြုံးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်တာအို ဒီနေ့ ဒီအခြေအနေအထိ ရောက်လာတဲ့ အဓိက အကြောင်းအရင်းက သူ့ကြောင့်လို့ ခံစားလိုက်ရပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုကို မတည်ဆောက်ခဲ့ပေမဲ့ ကောင်းကင်တာအိုရဲ့ တိုးတက်ပြောင်းလဲမှုနဲ့ ပတ်သက်လာရင် ကောင်းကင်အရှင်ရွှမ်တုတောင် သူ့အမြင်ကို မေးမြန်းရပါတယ်။ ဟန်ကျွယ်ကြောင့်သာ မဟုတ်ရင် ကောင်းကင်တာအိုက ပျက်စီးသွားတာ ကြာပါပြီ။
ဟန်ကျွယ်ဟာ ပင်လယ်တစ်လျှောက် ဦးတည်ရာမဲ့ လျှောက်သွားပါတယ်။ အုပ်စုဖွဲ့ပြီး ကောင်းကင်ယံမှာ ပျံသန်းနေတဲ့ ငှက်တွေဟာ ဟန်ကျွယ်ကို ကျော်တက်သွားကြပါတယ်။
“ဝုန်း…”
ပင်လယ်ရေ မျက်နှာပြင်ဟာ ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး တောင်တစ်တောင်စာ အရွယ်အစားရှိတဲ့ ငါးနက်တစ်ကောင် ခုန်ထွက်လာကာ ကောင်းကင်ပြင်ကို ဖုံးအုပ်လိုက်ပါတယ်။ ဒီငါးနက်ပေါ်မှာ လူတစ်ယောက် ရပ်နေပါတယ်။ ဒီလူဟာ အပြာရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဓားတစ်ချောင်း ကိုင်ထားပါတယ်။
“ဟားဟား… မိစ္ဆာကောင်… မင်းကများ ငါ့ကို စားချင်သေးတယ်”
ဝတ်ရုံပြာဟာ တက်ကြွစွာ ပြုံးလိုက်ပြီး နောက်လှည့်ကာ ဓားနဲ့ ခုတ်ပိုင်းလိုက်ပါတယ်။ ဓားချီဟာ ပျံ့နှံ့ထွက်သွားပြီး သွေးတွေလည်း လွင့်စဉ်ထွက်ကုန်ပါတယ်။ ငါးနက်ရဲ့ခေါင်းဟာ နှစ်ပိုင်းပြတ်သွားပေမဲ့ ခန္ဓာကိုယ်ကနေ ပြုတ်ကျသွားခြင်းမရှိဘဲ ကျားလိုလို ခြင်္သေ့လိုလို ဟိန်းဟောက်လိုက်ပါတယ်။
“ဝေါင်း…”
ငါးနက်ဟာ ပင်လယ်ထဲကို ပြန်ပြုတ်ကျသွားပြီး ပေတစ်ထောင်လောက်ရှိတဲ့ လှိုင်းလုံးကြီးတွေကို ဖြစ်ပေါ်သွားစေပါတယ်။ ပင်လယ်ရေတွေဟာ ဟန်ကျွယ်နဲ့ ထိခါနီးမှာတော့ အစအနမကျန်အောင် အငွေ့ပျံ့သွားပါတယ်။
ဟန်ကျွယ်ဟာ တစ်ချက်လှမ်းကြည့်ပြီး သက်ပြင်းချလိုက်ပါတယ် “ငါ ဒီလိုမျိုး စွန့်စားရတာကို တစ်ခါမှ မခံစားဖူးဘူး၊ မနာလိုဖို့ ကောင်းလိုက်တာ”
ဝတ်ရုံပြာဟာ ဟန်ကျွယ်ရှေ့မှာ ဆင်းသက်လိုက်ပြီး ဓားကို ဓားအိမ်ထဲ ပြန်သွင်းလိုက်ပါတယ်။ အဲဒီနောက် သူ့ဝတ်ရုံကို ဖုန်ခါပြီး အပြုံးနဲ့ ပြောလိုက်ပါတယ် “ရောင်းရင်း… မင်းက မခေဘူးပဲ၊ ငါ မင်းရောင်ဝါကို အာရုံမခံမိဘူး”
ဟန်ကျွယ်က ပြန်ပြောလိုက်ပါတယ် “အာရုံမခံနိုင်ဘဲနဲ့ ဘာလို့ လမ်းလာပိတ်ပြီး ရပ်ရဲတာလဲ”
ဝတ်ရုံပြာဟာ ပြုံးလိုက်ပါတယ် “လောကကြီးအနှံ့ ခရီးနှင်တာက မိတ်ဆွေဖွဲ့ဖို့ပဲ မဟုတ်ဘူးလား၊ ငါက ကုဟန်၊ မင်းနာမည်ကို သိလို့ရမလား”
ဟန်ကျွယ်ဟာ ခပ်ယဲ့ယဲ့ ပြုံးလိုက်ပါတယ် “မင်းကို ငါ့နာမည် ပြောပြလို့မရဘူး၊ မဟုတ်ရင် မင်းကံဒဏ် မခံနိုင်ဘဲ ဒုက္ခရောက်လိမ့်မယ်”
ကုဟန်ဟာ မှင်တက်သွားပါတယ် ‘တောာ်တော် ဟန်ဆောင်ကောင်းတာပဲ’ ကုဟန်ဟာ သူ့ကိုယ်သူ ဟန်ဆောင်ကောင်းတယ်လို့ ထင်ထားခဲ့တာပါ။ သူ့ထက် ဟန်ဆောင်ကောင်းတဲ့လူကို တွေ့ရလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။
ကုဟန်ဟာ ပြုံးလိုက်ပါတယ် “အို… ဒီလိုလား… ဒါဆို ငါ အဲဒီကံဒဏ်ကို ခံနိုင်လား စမ်းကြည့်ချင်တယ်”
ဟန်ကျွယ်ဟာ ရုတ်တရက် လက်မြှောက်ပြီး ကုဟန်ရဲ့ ပခုံးကို အသာဖိလိုက်ပါတယ်။
‘မြန်လှချည်လား…’ ကုဟန်ဟာ မျက်ဆံကျယ်သွားပါတယ်။
ကုဟန်ဟာ ဟန်ကျွယ်ရဲ့ မျက်လုံးကို ကြည့်မိတဲ့အခါ ရင်ထဲမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ ဖိအားကြီးတစ်ခုကို ခံစားလိုက်ရပါတယ်။ ကုဟန်ဟာ လန့်ဖျပ်သွားပြီး အလိုလို ဒူးထောက်မိလျက်သား ဖြစ်သွားပါတယ်။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပြီး ကုဟန်ကို ဖြတ်ကျော်သွားပါတယ်။ ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ဟာ မဟာတာအိုပညာရှိပါ။ သေမျိုးတွေနဲ့ မကစားချင်ပါဘူး။
ခြေလှမ်းအနည်းငယ် အတွင်းမှာပဲ ဟန်ကျွယ်ဟာ ကမ်းခြေကနေ ပျောက်ကွယ်သွားပါတယ်။
အတော်အတန် ကြာသွားမှပဲ ကုဟန်ဟာ သတိပြန်ဝင်လာပြီး ကတုန်ကယင် မတ်တတ်ရပ်လိုက်ပါတယ်။ ကုဟန်ဟာ ဟန်ကျွယ်ထွက်သွားတဲ့ဘက်ကို လှမ်းကြည့်ပြီး ရေရွတ်လိုက်ပါတယ် “သူက ဘယ်သူလဲ… ငါက မူလဆန်းကြယ် နတ်စွမ်းအား ခြောက်ပါးကို ရောက်နေတဲ့လူပါ၊ ဘာဖြစ်လို့ ဒီလောက်တောင် ကြောက်လန့်သွားရတာလဲ”
ကုဟန်ဟာ အားနည်းချင်ယောင် ဆောင်ပြီး မျက်နှာကို ဖြတ်ရိုက်တက်တဲ့ လူစားမျိုးပါ။ ဒါကြောင့် သူ့ကျင့်ကြံမှုကို မဟာညီညွတ်မှု အင်မော်တယ်စစ်အထိ ဖိနှိပ်ပြီး လောကအနှံ့ လှည့်လာကာ လျှောက်ကစားပါတယ်။ မူလဆန်းကြယ် နတ်စွမ်းအား ခြောက်ပါးရှိတဲ့လူကို တစ်ခါတည်း ဒူးထောက်စေတာက တော်တော်ကို ယုတ္တိမဲ့လွန်းပါတယ်။
ကုဟန်ဟာ တာအိုပညာရှိတွေရဲ့ တာအိုစက်ကွင်းကိုလည်း မရောက်ဖူးပါဘူး။ ဒါပေမဲ့ ဒီလိုအတွေ့အကြုံကိုတော့ ပထမဆုံးရတာပါ။
ကုဟန်ဟာ တော်တော်လေး ပဟေဠိ ဖြစ်သွားပါတယ် ‘ခုနကလူက ဘယ်သူများပါလိမ့်’ ကုဟန်ဟာ သေချာပြန်တွေးကြည့်လိုက်တဲ့အခါ တစ်ဖက်လူရဲ့ ရုပ်ရည်ကို လုံးဝ မမှတ်မိတော့ဘူးဆိုတော့ တွေ့လိုက်ရပါတယ်။
“ဂလု”
…..
ဘုံကျောင်းတစ်ကျောင်းထဲမှာ ဟန်ကျွယ်ဟာ စားပွဲခုံလေးတစ်ခုံရှေ့ ထိုင်ပြီး လက်ဖက်ရည် သောက်နေပါတယ်။ ဟန်ကျွယ်နဲ့ မျက်နှာချင်းဆိုင်မှာတော့ ဝတ်ရုံဖြူ ဘုန်းကြီးတစ်ပါး ဒူးထောက်နေပါတယ်။ ဝတ်ရုံဖြူဗုဒ္ဓကလွဲပြီး ဘယ်သူဖြစ်နိုင်ဦးမှာလဲ။ ဝတ်ရုံဖြူဗုဒ္ဓဟာ ဟန်ကျွယ်ဆီမှာ အစောကြီးကတည်းက အညံ့ခံခဲ့တာပါ။ အခုတော့ သူက ထုန်ကျန့်ကမ္ဘာရဲ့ အရှင်သခင် ဖြစ်နေပါပြီ။
ဝတ်ရုံဖြူဗုဒ္ဓဟာ ဟန်ကျွယ် ရောက်လာတာနဲ့ ပတ်သက်ပြီး အရမ်းအရမ်းကို စိတ်လှုပ်ရှားနေပါတယ်။ ဝတ်ရုံဖြူဗုဒ္ဓဟာ ဟန်ကျွယ်က သူ့ကို မေ့သွားပြီလို့ ထင်နေတာပါ။ ဒါပေမဲ့ ဝတ်ရုံဖြူဗုဒ္ဓဟာ မကျေမနပ် မဖြစ်ရဲပါဘူး။ ဟန်ကျွယ်နဲ့ ထုန်ကျန့်ကမ္ဘာကြားမှာရှိတဲ့ ကံတရားကြောင့် တာအိုပညာရှိတွေက သူ့ကို ဂရုစိုက်ပေးတယ် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ထုန်ကျန့်ကမ္ဘာက ကောင်းကောင်းမွန်မွန် တိုးတက်လာတာပဲ၊ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်တောင် ဆယ်ပါးရှိနေပြီ”
ဝတ်ရုံဖြူဗုဒ္ဓဟာ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ပြီး တလေးတစား ပြောလိုက်ပါတယ် “ဒါတွေ အကုန်လုံးက သခင်ရဲ့ ပြုစုပျိုးထောင်ပေးမှုကြောင့်ပါ”
အခုအချိန်မှာ ထုန်ကျန့်ကမ္ဘာက စည်ပင်သာယာဝပြောနေရုံသာမကာ အလွန်တရာလည်း ကျယ်ဝန်းပါတယ်။
ယွီဂျင်ဂိုဏ်းတော်ကြီးကတော့ နက်ရှိုင်းတဲ့ အုတ်မြစ်နဲ့ အရှည်ကြာဆုံး မြင့်မြတ်နယ်မြေအဖြစ် တည်ရှိနေတုန်းပါ။ ပြီးခဲ့တဲ့ မြင့်မြတ်နယ်မြေတွေနဲ့ ကောင်းကင်အင်မော်တယ်စံအိမ်ကတော့ လမ်းမှန် လမ်းလွဲ ကျင့်ကြံသူတွေရဲ့ တိုက်ပွဲကြားမှာ ပျက်စီးသွားတာ ကြာပါပြီ။ တကယ်တော့ ယွီဂျင်ဂိုဏ်းတော်ကြီးလည်း ပျက်စီးခါနီး ဖြစ်ခဲ့တာပါ။ ဝတ်ရုံဖြူဗုဒ္ဓက ဝင်ကယ်လိုက်လို့ အခုအချိန်အထိ ဆက်တည်ရှိနေနိုင်တာပါ။
ဝတ်ရုံဖြူဗုဒ္ဓဟာ ယွီဂျင်ဂိုဏ်းတော်ကြီး အရေးကြီးမှုကို သိပါတယ်။ ဟန်ကျွယ်က ယွီဂျင်ဂိုဏ်းတော်ကြီးကို ဂရုမစိုက်တော့တာ ဖြစ်နိုင်ပေမဲ့ ယွီဂျင်ဂိုဏ်းတော်ကြီးကိုတွေ့ရင် မှတ်ဉာဏ်တချို့ကို ပြန်အမှတ်ရစေနိုင်ပါတယ်။ ဝတ်ရုံဖြူဗုဒ္ဓအတွက် ဒီလောက်နဲ့တင် လုံလောက်နေပါပြီ။
ဒါက ထုန်ကျန့်ကမ္ဘာနဲ့ တခြားသေမျိုးကမ္ဘာတွေကြားက ကွာခြားချက်ပါ။ ယွီဂျင်ဂိုဏ်းတော်ကြီးသာ မရှိတော့ဘူးဆိုရင် ဟန်ကျွယ်နဲ့ ထုန်ကျန့်ကမ္ဘာက လုံးဝကို အဆက်အစပ် ပြတ်သွားမှာပါ။
ဝတ်ရုံဖြူဗုဒ္ဓဟာ တစ်စုံတစ်ခုကို တွေးမိသွားပြီး ပြောလိုက်ပါတယ် “ဒါနဲ့ ဂိုဏ်းချုပ် လီချင်းဇဲ့က ပြန်မွေးဖွားလာတယ်၊ အခု သူက ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ ပါရမီရှင်တစ်ပါး ဖြစ်နေပြီ”
ဟန်ကျွယ်ဟာ ဝတ်ရုံဖြူဗုဒ္ဓကို စိုက်ကြည့်လိုက်တဲ့အတွက် ဝတ်ရုံဖြူဗုဒ္ဓဟာ ခေါင်းငုံ့သွားပါတယ်။
ဝတ်ရုံဖြူဗုဒ္ဓဟာ ချက်ချင်း စိတ်ထဲမှာ နောင်တရသွားပါတယ်။ ဟန်ကျွယ်က ဒီကိစ္စက သူ့ဘာသာ မတော်တဆ ရှာတွေ့သွားရင် ပိုပြီးတော့ ထိရောက်တယ် မဟုတ်ပါလား။ အခုတော့ သူ ထုတ်ပြောမိလိုက်ပါပြီ။
“မင်းရဲ့ ကြင်နာမှုအတွက် ကျေးဇူးပဲ၊ ငါ မင်းရဲ့ ကြိုးစားမှုတွေကို မမေ့ပါဘူး”
ဟန်ကျွယ်ဟာ လက်ဖက်ရည်ခွက်ကို ကောက်ယူပြီး တစ်ကျိုက်တည်း သောက်ချလိုက်ပါတယ်။ လီချင်းဇဲ့ဟာ ကောင်းကင်တာအို အနန္တကပ်ဘေး မတိုင်ခင်တုန်းက ဟန်ကျွယ်ရဲ့ မိတ်ဆွေဟောင်းကြီးပါ။ နောက်ပြီး လီချင်းဇဲ့က အခုမှန် ပြန်မွေးဖွားလာတာဆိုတော့ နည်းနည်းတော့ ထူးဆန်းပါတယ်။
စုချီသုံးခဲ့တဲ့ တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားအောက်မှာ သရဲတွေတောင် လွတ်နိုင်ခဲ့တာ မဟုတ်ပါဘူး။ တစ်ယောက်ယောက်က လီချင်းဇဲ့ရဲ့ ဝိညာဉ်ကို ကာကွယ်ပေးပြီး ကပ်ဘေးထဲမှာ ပြန်မမွေးဖွားနိုင်အောင် ဟန့်တားထားတယ်ဆိုတာ ထင်ရှားပါတယ်။
ဝတ်ရုံဖြူဗုဒ္ဓဟာ ကျေနပ်အံ့အားသင့်သွားပြီး ချီးကျူးတာကို မခံရဲကြောင်း ချက်ချင်း ပြန်ပြောပါတယ်။
ဟန်ကျွယ်ဟာ ဘုံကျောင်းထဲမှာ သုံးလေးလနေပြီးမှ ထွက်ခွာသွားပါတယ်။ ဒီသုံးလေးလအတွင်း ဟန်ကျွယ်ဟာ ဝတ်ရုံဖြူဗုဒ္ဓကို ဆန်းကြယ်စွမ်းအားတစ်မျိုး သင်ကြားပေးခဲ့ပါသေးတယ်။
တောင်ကြားတစ်ခုက ဝါးတောအုပ်တစ်အုပ်မှာ လူတစ်ယောက်ဟာ ဓားတစ်လက်နဲ့ ဓားရေး လေ့ကျင့်နေပါတယ်။ ဓားချက်တိုင်းက သာမန်လိုပါပဲ။ စွမ်းအားလည်း မရှိသလို အရှိန်အဟုန်ကိုတောင် မဖြစ်ပေါ်စေပါဘူး။
“ငါ မင်းကို ဓားသိုင်း သင်ပေးရမလား”
ရုတ်တရက် ထွက်ပေါ်လာတဲ့အသံကြောင့် လှည့်ကြည့်လိုက်တဲ့အခါ အလွန်တရာ ချောမောတဲ့ ယောက်ျားတစ်ယောက်က သူ့ကို မလှမ်းမကမ်းကနေ ပြုံးကြည့်နေတာကို တွေ့လိုက်ရပါတယ်။
ဓားသိုင်းကျင့်နေတဲ့လူဟာ သတိထားပြီး မေးလိုက်ပါတယ် “ခင်ဗျားက ဘယ်သူလဲ၊ ခင်ဗျားကို ယွီဂျင်ဂိုဏ်းတော်ကြီးမှာ မတွေ့ဖူးပါဘူး”
ဟန်ကျွယ်ဟာ တရင်းတနှီးမရှိတဲ့ လီချင်းဇဲ့ရဲ့ မျက်နှာကို စိုက်ကြည့်ရင်း ပြုံးလိုက်ပါတယ် “ငါ မင်းကို ယွီဂျင်ဂိုဏ်းတော်ကြီးမှာ အစွမ်းအထက်ဆုံး ဖြစ်အောင် လုပ်ပေးနိုင်တယ်၊ မင်း မသင်ချင်ဘူးလား”
လီချင်းဇဲ့ လူဝင်စားဟာ မျက်မှောင်ကြုတ်သွားပါတယ် “မသင်ချင်ဘူး”
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset