အခန်း (၇၆၈) အနာဂတ် တာအိုပညာရှိ
ပုကျိုးနတ်တောင်ထိပ်မှာ ဟန်ကျွယ်နဲ့ ဟန်ယွီဟာ သစ်ပင်အိုကြီးအောက် ထိုင်နေကြပါတယ်။ ဟန်ကျွယ်ဟာ ဟန်ယွီရဲ့ အတွေ့အကြုံတွေကို မေးမြန်းပါတယ်။ ဟန်ယွီဟာ တစ်လုံးတစ်ပါဒမျှ မကွယ်ဝှက်ဘဲ အမှန်အတိုင်း ပြန်ဖြေပါတယ်။
ပြောရမယ်ဆိုရင် သူတို့နှစ်ယောက် အပြင်မှာတွေ့တာ တော်တော်နည်းပါတယ်။ များသောအားဖြင့် အိပ်မက်ထဲမှာ တွေ့ကြတာပါ။
ဟန်ယွီဟာ သူ့ဘိုးဘေး ဘယ်သူဆိုတာကို သိတာကြောင့် စကားတောင် ကျယ်ကျယ် မပြောရဲပါဘူး။ သူတို့နှစ်ယောက်က သွေးချင်း ဆက်နွှယ်တယ်ဆိုပေမဲ့ မျိုးဆက်ချင်းက ဝေးကွာလွန်းလှပါတယ်။ နောက်ပြီး အတူတူ နေထိုင်ခဲ့တာလည်း မဟုတ်ပါဘူး။ ဒါကြောင့် ဟန်ယွီဟာ ဟန်ကျွယ်နဲ့ နီးကပ်တယ်လို့ ခံစားရဖို့ တော်တော်ခက်ပါတယ်။
ဟန်ကျွယ်ဟာ ဟန်ယွီရဲ့ အတွေ့အကြုံတွေကို စိတ်ဝင်တစား စိတ်ရှည်လက်ရှည် နားထောင်ပါတယ်။ ဟန်ယွီက မကြာခဏ ဂူအောင်း ကျင့်ကြံပေမဲ့ ပဋိပက္ခကို သွားတုန်းက ရခဲ့တဲ့ အတွေ့အကြုံတွေဟာ ဟန်ကျွယ် ဘဝတစ်ခုလုံးစာ အတွေ့အကြုံတွေထက် ပိုများပါတယ်။
ဟန်ယွီဟာ သုံးလေးရက် အကြာမှာတော့ သူ့အတွေ့အကြုံတွေကို ပြောပြလို့ ပြီးသွားပါတယ်။
“ဒီထက် မရှိတော့ဘူး၊ ကျွန်တော် အတွေ့အကြုံက ဒီလောက်ပဲ”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “မဆိုးဘူး… မဆိုးဘူး… စိတ်ဝင်စားဖို့ ကောင်းတယ်၊ မင်းအတွေ့အကြုံတွေက တော်တော်ကို စိတ်ဝင်စားဖို့ကောင်းတယ်”
ဟန်ယွီဟာ ဘာပြောရမှန်း မသိတော့ပါဘူး ‘ငါ့ဘိုးဘေး ပုံပြင်နားထောင်ဖို့ ငါ့ဆီ ရောက်လာတာလား… လက်ချောင်းလေးတွေနဲ့ တွက်ချက်လိုက်ရင် အကုန်သိနေတာပဲဟာကို…’
ဟန်ယွီဟာ စိတ်ထဲမှာပဲ စောဒကတက်ရဲပြီး အပြင်ထုတ်မပြောရဲပါဘူး။ ဒါပေမဲ့ တကယ်တော့ ဟန်ယွီဟာ တော်တော်ပျော်ပါတယ်။ ဟန်ကျွယ် သူ့ကို လာရှာတာက သူ့ကို ဂရုစိုက်သေးတယ်ဆိုတာကို ပြသနေတယ် မဟုတ်ပါလား။
ဟန်ယွီဟာ မိုးပေါ်ရောက်သလို ခံစားလိုက်ရပါတယ်။ သူ့ရှေ့မှာရှိတဲ့ ဘိုးဘေးက တာအိုပညာရှိတွေတောင် တွေ့ချင်တိုင်း တွေ့ခွင့်မရနိုင်တဲ့ တည်ရှိမှုတစ်ခု မဟုတ်ပါလား။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “မင်း ဒီလိုသာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်မယ်ဆိုရင် အနာဂတ်မှာ တာအိုပညာရှိ ဖြစ်လာဖို့က လေထဲက တိုက်အိမ် မဟုတ်တော့ဘူး၊ ဒီထက်တော့ ပိုပြီးတော့ ရောက်နိုင်လိမ့်မယ်”
ဟန်ယွီဟာ စိတ်လှုပ်ရှားသွားပြီး ချက်ချင်း ရှိခိုးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “မင်းက ငါနဲ့ တကယ်ကို တူတာ၊ နှမြောဖို့ကောင်းတာက သွေးစည်း ဝေးကွာလွန်းပြီး အရည်အချင်း အပြည့်အစုံကို မရလိုက်တာပဲ၊ ဒါပေမဲ့ မင်းရဲ့ နှလုံးသားသာ ခိုင်မြဲမယ်ဆိုရင် တစ်နေ့မှာ သက်ရှိတွေကို ကျော်တက်နိုင်လိမ့်မယ်၊ အရင်တုန်းကလည်း ငါက သာမန် သေမျိုးတစ်ယောက်ပဲ”
ဟန်ယွီဟာ စိတ်လှုပ်တရှား ခေါင်းညိတ်လိုက်ပါတယ်။ စောစောတုန်းက ဟန်ယွီဟာ သူ လျှောက်တဲ့လမ်း မှန်ရဲလားလို့ ဝေခွဲမရ ဖြစ်နေတာပါ။ ဒါပေမဲ့ အခု ဟန်ကျွယ်ရဲ့ ချီးကျူးစကားကို ကြားရတဲ့အခါမှာတော့ ဟန်ယွီရဲ့ ယုံကြည်မှုဟာ ၁၀၀ ရာခိုင်နှုန်းကို ကျော်ပြီး ၁၀၀၀ ရာခိုင်နှုန်း ဖြစ်သွားပါတယ်။
ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး ကောင်းကင်မူလ လက်ကောက်ကို ထုတ်ယူလိုက်ပါတယ်။ ဒီရတနာက ကောင်းကင်တာအို စိတ်ဝိညာဉ် ရတနာ ဖြစ်သလို ခံစစ်ရတနာလည်း ဖြစ်ပါတယ်။
“ဒါက ကောင်းကင်တာအို စိတ်ဝိညာဉ်ရတနာ အဆင့်ရှိတဲ့ ကောင်းကင်မူလ လက်ကောက်ပဲ၊ လက်ဆောင်အဖြစ် ယူထားလိုက်”
ဟန်ယွီဟာ ကောင်းကင်မူလ လက်ကောက်ကို လက်ခံပြီး ခြေထောက်နဲ့မြေကြီး မထိချင်တော့ပါဘူး။ ပထမတော့ ဟန်ယွီဟာ ဟန်ကျွယ်ပေးတဲ့ လက်ဆောင်ကို လက်မခံဖို့ ကြံပါသေးတယ်။ ဒါပေမဲ့ အကြီးတစ်ယောက်က ပေးတဲ့ လက်ဆောင်ကို လက်မခံရင် ရိုင်းရာကျတယ် မဟုတ်ပါလား။
ဟန်ယွီဟာ ဟန်ကျွယ်က သူ့ကို တရင်းတနှီးဆက်ဆံပေမဲ့ မလေးမစား မလုပ်ရဲပါဘူး။ ဟန်ယွီဟာ သူ့ဘိုးဘေးရဲ့ ကြောက်မက်ဖွယ် ဒဏ္ဍာရီတွေကို ကြားထားပါတယ်။ တာအိုပညာရှိတွေထဲမှာ သူ့ဘိုးဘေးက အရက်စက်ဆုံး မဟုတ်ပါလား။
“ဒါနဲ့ အရင်တုန်းက ဟန်ထော် မင်းကို မကယ်ခဲ့တာက အကြင်နာတရားမရှိလို့ မဟုတ်ဘူး၊ ငရဲပြည်မှာ ဖိနှိပ်ခံရပြီး မင်း စိတ်တောင်မကူးရဲတဲ့ နာကျင်မှုကို ခါးစည်းခံစားနေရလို့ပဲ၊ တကယ်တော့ သူကလည်း မင်းလိုပဲ လောကကြီးထဲမှာ တစ်ကိုယ်တည်း လျှောက်သွားနေတာ၊ သူက အသက်နှစ်ဆယ်ပြည့်တာနဲ့ ငါ့ဆီက ထွက်သွားတာ၊ သူ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဆီ မရောက်ခင်အထိ ငါဘယ်သူလဲဆိုတာကို သိတာ မဟုတ်ဘူး” ဟန်ကျွယ်က အဓိပ္ပာယ်ပါပါ ပြောလိုက်ပါတယ်။
ဟန်ယွီရဲ့ မျက်နှာဟာ ရှုပ်ထွေးသွားပါတယ်။
ဟန်ကျွယ်ဟာ ဘာမှထပ်မပြောတော့ဘဲ ထွက်ခွာသွားပါတယ်။
“ဘိုးဘေး… ဘယ်သွားမှာလဲ”
“အင်မော်တယ်ကမ္ဘာကို ခရီးနှင်ပြီး ကောင်းကင်ဘုံတွေကို လျှောက်ကြည့်မလို့”
“ကျွန်တော်…”
“မင်းဘာသာ ကျင့်ကြံအားထုတ်ပါကွာ၊ ငါက မင်းကာကွယ်မှုကို လိုဦးပါ့မလား… ဟားဟား…”
ဟန်ကျွယ်ရဲ့ ရယ်သံဟာ တဖြည်းဖြည်း ပျောက်ကွယ်သွားပါတယ်။ ဟန်ယွီဟာ သက်ပြင်းချလိုက်ပါတယ် ‘ဒါက တာအိုရယူနိုင်တဲ့ အဓိပ္ပာယ်လား… စိတ်ရှိသလိုလုပ်ပြီး လောကကြီးထဲကို အပူအပန်မရှိ လျှောက်သွားနိုင်တာ…’
ဟန်ယွီရဲ့ မျက်လုံးတွေဟာ ပြတ်သားသွားပါတယ် ‘ငါလည်း ဘိုးဘေးလို ဖြစ်ရမယ်’
တခြားတစ်ဖက်မှာတော့…
ဟန်ကျွယ်ဟာ ပုကျိုးနတ်တောင်ရဲ့ ကြီးမားမှုကို တွေ့ကြုံခံစားချင်တာကြောင့် တောင်ခြေကို ခြေလျင်ဆင်းပါတယ်။ ပြောရမယ်ဆိုရင် ဟန်ကျွယ်ဟာ ဒီတောင်ကို လီတောက်ခုံးဆီ ပေးခဲ့တာပါ။
လမ်းမှာ ဟန်ကျွယ်ဟာ ဝတ်စုံစိမ်း အမျိုးသမီးကို တွေ့လိုက်ရပါတယ်။ ဝတ်စုံစိမ်း အမျိုးသမီးဟာ တောင်ကုန်းတစ်ခုမှာ တရားထိုင်နေပါတယ်။
ဟန်ကျွယ်ရဲ့ ရောင်ဝါက သိမ်မွေ့နူးညံ့လွန်းတဲ့အတွက် ဝတ်စုံစိမ်း အမျိုးသမီးဟာ ဟန်ကျွယ်ကို သတိမထားမိပါဘူး။ ဟန်ကျွယ်ဟာ ဝတ်စုံစိမ်း အမျိုးသမီးကိုကြည့်ပြီး အတွေးတစ်ခု ရသွားတာကြောင့် ညာလက်ကို အသာဝှေ့ယမ်းလိုက်တဲ့အခါ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဝတ်စုံစိမ်း အမျိုးသမီးရဲ့ စိတ်ထဲကို ဝင်ရောက်သွားပါတယ်။
ဒါက ဟန်ကျွယ်ရဲ့ မဟာတာအို နားလည်မှု တစ်စွန်းတစ်ပါ။ တစ်စွန်းတစ်ဆိုပေမဲ့ ဟန်ကျွယ်က မဟာတာအိုပညာရှိ ဖြစ်တဲ့အတွက် ဝတ်စုံစိမ်း အမျိုးသမီးအဖို့ မဟာအခွင့်အရေးကြီးတစ်ခုကို ရလိုက်သလိုပါပဲ။
ဟန်ယွီဟာ ချင်လင်း ထွက်သွားကတည်းက အထီးကျန်တာပါ။ ခုမှ တပည့်တစ်ဝက် ရှိလာတာပါ။ ဒါကြောင့် ဟန်ကျွယ်ဟာ ဝတ်စုံစိမ်း အမျိုးသမီးကို ဂရုစိုက်ပေးလိုက်တာပါ။
အချိန်တစ်ခု အကြာမှာတော့ ဝတ်စုံစိမ်း အမျိုးသမီးဟာ မျက်လုံးပွင့်လာပါတယ်။ အကြောင်းတချို့ကြောင့် လောကကြီးတစ်ခုလုံး ပြောင်းလဲသွားတယ်လို့ ဝတ်စုံစိမ်း အမျိုးသမီး ခံစားလိုက်ရပါတယ်။ တိတိကျကျ ပြောရရင် ဝတ်စုံစိမ်း အမျိုးသမီးရဲ့ အာရုံတွေ အသွင်ပြောင်းလဲသွားတာပါ။ ဝတ်စုံစိမ်း အမျိုးသမီးဟာ ရှန်တျန်ချီ၊ စိတ်ဝိညာဉ်ချီနဲ့ နေလအနှစ်တွေကို အရင်ကထက် ပိုပြီးတော့ ခံစားနိုင်လာပါတယ်။
“ဘာတွေ ဖြစ်ကုန်တာလဲ” ဝတ်စုံစိမ်း အမျိုးသမီးဟာ သူ့ဘာသာ ရေရွတ်လိုက်ပါတယ်။
ဟန်ကျွယ်ကတော့ ထွက်သွားတာ ကြာပါပြီ။
ဒီအချိန်မှာပဲ ဟန်ယွီရဲ့အသံ ထွက်ပေါ်လာပါတယ် “တောင်ပေါ် တက်လာခဲ့”
ဝတ်စုံစိမ်း အမျိုးသမီးရဲ့ မျက်လုံးတွေဟာ အရောင်တောက်သွားပြီး တောင်ပေါ်ကို ချက်ချင်း ပျံတက်ပါတော့တယ်။
ဟန်ယွီဟာ ဟန်ကျွယ် လက်ဝှေ့ယမ်းလိုက်တာကို မြင်ပါတယ်။ အဲဒီကတည်းက ဝတ်စုံစိမ်း အမျိုးသမီးဟာ ထိုးထွင်းသိမြင်တဲ့ အခြေအနေထဲ ဝင်ရောက်သွားတာပါ။ ဒါက ဝတ်စုံစိမ်း အမျိုးသမီးအတွက် ဧရာမ အခွင့်အရေးကြီးဆိုတာ ဟန်ယွီ သိပါတယ်။
ဟန်ယွီဟာ ရှုပ်ထွေးတဲ့ မျက်နှာနဲ့ မေးလိုက်ပါတယ် “မင်း ဘယ်လို ခံစားရလဲ”
ဟန်ယွီဟာ ဝတ်စုံစိမ်း အမျိုးသမီးကို ဒီလောက်ကြီး မကြိုက်ပါဘူး။ အဖော်ဖြစ်ရုံ အနားခေါ်ထားတာပါ။ ဒါပေမဲ့ ဒီမိန်းကလေးက စွမ်းအားကြီးလာရင် ကျိန်းသေပေါက် ကလဲ့စားချေမှာပါ။
‘ဘိုးဘေး… ကျွန်တော်တို့ ဆက်ဆံရေးကို နားလည်မှု လွဲသွားတာာလး…’
ဝတ်စုံစိမ်း အမျိုးသမီးက စိတ်လှုပ်တရှား ပြောလိုက်ပါတယ် “စီနီယာ သိတာလား… ကျွန်မ ရုတ်တရက်ဆိုသလို အရာအားလုံးက အရင်ကနဲ့ မတူတော့ဘူးလို့ ခံစားလိုက်ရတယ်”
ဟန်ယွီဟာ ခေါင်းညိတ်လိုက်ပါတယ် “ကြည့်ရတာ မင်းက လောကကြီးရဲ့ နားလည်မှုကို ရလိုက်သလိုပဲ၊ ဒီလို အခွင့်အရေးမျိုးက ဘဝမှာ ရဖို့ခက်တယ်”
ဝတ်စုံစိမ်း အမျိုးသမီးဟာ ခေါင်းညိတ်ပြီး သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “အဲဒီစီနီယာ ဘယ်ရောက်သွားလဲ၊ ထွက်သွားပြီလား… သူက ဘယ်သူလဲ၊ စီနီယာရဲ့ အစ်ကိုလား”
ဟန်ယွီဟာ ဝတ်စုံစိမ်း အမျိုးသမီးကို တစ်ချက်ကြည့်ပြီး ကြိမ်းမောင်းလိုက်ပါတယ် “မဟုတ်ကဟုတ်ကတွေ လျှောက်မပြောနဲ့၊ သူက ငါ့ဘိုးဘေး… ဒီကိစ္စကို မေ့ပစ်ပြီး နောက်ထပ် ဘယ်သူ့ကိုမှ မပြောမိစေနဲ့”
‘ဘိုးဘေး…’ ဝတ်စုံစိမ်း အမျိုးသမီးဟာ တအံ့တဩ ဖြစ်သွားပါတယ်။ အင်မော်တယ်ကမ္ဘာမှာ ငယ်ရွယ်နုပျိုအောင် ထိန်းသိမ်းထားနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ ဒါပေမဲ့ ဝတ်စုံစိမ်း အမျိုးသမီးဟာ ဟန်ကျွယ်က အသက်ကြီးတယ်လို့ မခံစားရပါဘူး။
“စီနီယာ… သူက တော်တော်စွမ်းအားကြီးလား၊ စီနီယာရဲ့ ဆရာသခင်နဲ့ယှဉ်ရင် ဘယ်သူက ပိုစွမ်းလဲ”
ဟန်ယွီဟာ ရှုပ်ထွေးတဲ့မျက်နှာ နက်နဲတဲ့လေသံနဲ့ ပြောလိုက်ပါတယ် “မင်းက တကယ် အမြင့်ဆုံး တည်ရှိမှုကို တွေ့လိုက်ရတာ၊ အဲဒီအဆင့်က မင်းဘယ်လောက် ကျင့်ကြံ ကျင့်ကြံ ဘယ်လိုမှ မရောက်နိုင် မထိနိုင်တဲ့ အဆင့်ပဲ”
ဝတ်စုံစိမ်း အမျိုးသမီးဟာ မျက်မှောင်ကြုတ်သွားပြီး ဟန်ယွီရဲ့စကားကို တစ်လုံးချင်း စဉ်းစားလိုက်ပါတယ်။
ပုကျိုးနတ်တောင်က ထွက်ခွာပြီးတာနဲ့ ဟန်ကျွယ်ဟာ ဘယ်မှာမှ မရပ်ဘဲ ခြေလျင် ခရီးနှင်ပါတယ်။
တောတောင်မြစ်ချောင်းတွေက ခမ်းနားထည်ဝါလွန်းပြီး ရှုမငြီးနိုင်တဲ့ ပန်းချီကားတစ်ချပ်လိုပါပဲ။ ဒီအတောအတွင်း ဟန်ကျွယ်ဟာ ကျင့်ကြံသူအများကြီးကို တွေ့ကြုံခဲ့ရပါတယ်။ ဟန်ကျွယ်ရဲ့ ရောင်ဝါက သာမန်မဟုတ်တဲ့အတွက် ဘယ်ကျင့်ကြံသူမှ အနားမကပ်ရဲပါဘူး။
ဟန်ကျွယ်ဟာ ခရီးနှင်ရင်း အတိတ်ကို ပြန်တွေးမိလိုက်ပါတယ်။ မကြာသေးခင်က အင်မော်တယ်ကမ္ဘာဟာ ဟန်ကျွယ် လေးစားခဲ့ရတဲ့အရာပါ။ အဲဒီတုန်းက ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာကို ခြေမချရဲခဲ့ပါဘူး။
ဒီလိုနဲ့ တစ်နေ့မှာတော့ ဟန်ကျွယ်ဟာ ကြမ်းတမ်းတဲ့ တောင်ကြားလမ်းတစ်ခုကို ရောက်လာပါတယ်။ ဒီတောင်ကြားလမ်းက မြင့်မားတဲ့ တောင်ထိပ်နှစ်ခုကြားမှာ တည်ရှိနေတာပါ။ တောင်ခါးပန်းမှာတော့ သစ်သားအိမ် လေးငါးဆယ်အိမ်ရှိနေပါတယ်။ ကြည့်ရတာတော့ ရွာငယ်လေးတစ်ရွာနဲ့ တူပါတယ်။
ဟန်ကျွယ်ဟာ ကလေးတွေ ကစားနေတာကို ကြားလိုက်ရပါတယ်။
အသက် ၇ နှစ် ၈ နှစ်ရှိတဲ့ ကလေးငယ်တစ်ယောက်ဟာ ချုံပုတ်ထဲကနေ ဝံပုလွေဖြူကြီး စီးကာ ထွက်လာပြီး ပေတစ်ထောင်ကျော်မှာရှိတဲ့ တောအုပ်ရှိရာကို ခုန်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးကျဉ်းသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကလေးငယ်ဆီမှာ ခရမ်းရောင်ချီကို တွေ့လိုက်ရလို့ပါပဲ။ ဒီခရမ်းရောင်ချီ ရောင်ဝါက ယဲ့ယဲ့လေး ရှိပေမဲ့ အလွန်တရာ လျှို့ဝှက်ဆန်းကြယ်ပါတယ်။
ဒါက လောကဦး ခရမ်းရောင်ချီ မဟုတ်သလို မဟာတာအို ခရမ်းရောင်ချီလည်း မဟုတ်ပါဘူး။ ကံတရား အထောက်အပံ့နဲ့ ပိုတူပါတယ်။ ဟန်ကျွယ်ဟာ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်လိုက်တဲ့အခါ အခြေအနေကို နားလည် သဘောပေါက်သွားပါတယ်။
ဒီကလေးငယ်က အနာဂတ် တာအိုပညာရှိပါ။
ဒီနှစ်တွေမှာ ဟန်ကျွယ်ဟာ မရေမတွက်နိုင်တဲ့ လူမျိုးစုံကို တွေ့မြင်ခဲ့ရပေမဲ့ ဘယ်သူမှ သူ့အာရုံကို မဆွဲဆောင်နိုင်ပါဘူး။ ဒါပေမဲ့ ဒီကလေးငယ်ကတော့ ဟန်ကျွယ်ရဲ့ အာရုံကို ဆွဲဆောင်လိုက်ပါတယ်။
အခုအချိန်မှာ စနစ်က တာအိုပညာရှိ ကံတရား အထောက်အပံ့ကို မျက်စိထဲ မထည့်တော့ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ဟာ မဟာတာအိုပညာရှိ ဖြစ်တာကြောင့် သေမျိုးတွေရဲ့ ကံကြမ္မာကို ထောက်လှမ်းနိုင်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 768
? Views, Released on December 20, 2024