Switch Mode

Chapter – 767

အခန်း (၇၆၇) အမှောင်တားမြစ်ဇုန်
သူလိုချင်တဲ့ မဟာတာအို ဆန်းကြယ်စွမ်းအားကို ဖန်တီးနိုင်ဖို့ ဟန်ကျွယ်ဟာ ၈၁ နှစ် အချိန်ပေးလိုက်ရပါတယ်။ မဟာတာအိုပညာရှိ ဖြစ်နေတာတောင် မဟာတာအို ဆန်းကြယ်စွမ်းအားကို ဖန်တီးဖို့က တော်တော်လေး ခက်ခဲနေပါသေးတယ်။ မဟာတာအို ဆန်းကြယ်စွမ်းအားက ဆန်းကြယ်စွမ်းအား သက်သက်မဟုတ်ဘဲ မဟာတာအိုရဲ့ မူလရင်းမြစ်တွေ ပါဝင်နေတယ် မဟုတ်ပါလား။
“ငါ ဒါကို နာမည် ဘယ်လိုပေးသင့်လဲ၊ အိပ်မက်သတ်သမား… မဟုတ်သေးဘူး၊ ဒီနာမည်က ‌ပျော့လွန်းတယ်…” ဟန်ကျွယ်ဟာ သူ့ဘာသာ တစ်ကိုယ်တည်း ရေရွတ်လိုက်ပါတယ်။
အတန်ကြာ စဉ်းစားပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ ဒီဆန်းကြယ်စွမ်းအားကို အမှောင်တားမြစ်ဇုန်လို့ နာမည်ပေးလိုက်ပါတယ်။
ဒီဆန်းကြယ်စွမ်းအားက ရန်သူကို အိပ်မက်ထဲမှာ ထိခိုက်အောင် လုပ်နိုင်ပါတယ်။ ဒါပေမဲ့ အိပ်မက်က အိပ်မက်သာ ဖြစ်တဲ့အတွက် ရန်သူရဲ့ ပင်မခန္ဓာကိုယ်ကို သိပ်ပြီးတော့ ထိခိုက်စေမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ မဟာဟင်းလင်းပြင်ဝိညာဉ်ရဲ့ အမှောင်ထုနယ်မြေကို အတုခိုးပြီး အမှောင်တားမြစ်ဇုန်ကို ဖန်တီးလိုက်ပါတယ်။
အမှောင်တားမြစ်ဇုန်က အိပ်မက်နယ်မြေကို လျှို့ဝှက်ဆန်းကြယ် နယ်မြေအဖြစ် အသွင်ပြောင်းလဲပြီး နှစ်ဖက်စလုံးကို နယ်မြေထဲ ဆွဲထည့်လိုက်ပါတယ်။ အမှောင်တားမြစ်ဇုန်က ထောက်လှမ်းလို့ မရတဲ့အတွက် ဟန်ကျွယ်သာ ရန်သူကို အမှောင်တားမြစ်ဇုန်ထဲမှာ အသေသတ်လိုက်ရင် လျှို့ဝှက်ချက် ပေါ်သွားမှာကို စိုးရိမ်စရာ မလိုပါဘူး။
ဟန်ကျွယ်ဟာ ရန်သူကို အဝေးကနေ သတ်နိုင်တဲ့ နည်းလမ်းကို ထပ်ရသွားတဲ့အတွက် စိတ်ကောင်း ဝင်သွားပါတယ်။ ဒါကြောင့် တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်မှာရှိတဲ့ တပည့်တွေကို တာအိုဟောကြားပေးလိုက်ပါတယ်။
ဟန်ကျွယ် ကိုယ်ပွားရဲ့ အကူအညီနဲ့ လီရွှမ်အောက်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲကို ပါရမီရှင် အများကြီး ပို့ထားပါတယ်။ ဒါကြောင့် တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲမှာရှိတဲ့ တပည့် အရေအတွက်က ငါးသန်း ကျော်သွားပါတယ်။
အရင်တုန်းက လီရွှမ်အောက်ဟာ တိတ်ဆိတ်ဂိုဏ်းတပည့်တွေကို ကလေးမမွေးဖို့ တားမြစ်ထားပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ လီရွှမ်အောက်က တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲမှာ သိပ်မနေဘဲ အပြင်ချည်း ထွက်နေပါတယ်။ ဟန်ကျွယ်ကလည်း သိပ်ပြီးတော့ ကိုယ်ထင်မပြပါဘူး။ ဒီအကြောင်းတွေကြောင့် တပည့်တွေဟာ မနေနိုင်တော့ဘဲ ကလေးမွေးလာကြပါတယ်။ ဒီလိုဆိုပေမဲ့ တိတ်ဆိတ်ဒဏ်ခတ် မျိုးဆက်ကို ဦးဆောင်တဲ့ ကျိုးမင်ယွဲ့ ရှိနေတာကြောင့် အတွဲတွေဟာ ကလေးတစ်ယောက်လောက်ပဲ မွေးကြပါတယ်။ ဒါပေမဲ့ နှစ်တွေ ကြာလာတဲ့အခါမှာတော့ တပည့်အရေအတွက်က နှစ်ဆ တိုးသွားပါတယ်။
နှစ်တစ်ရာ တာအိုဟောကြားပြီးတဲ့ နောက်မှာတော့ ဟန်ကျွယ်ဟာ စာစောင်တွေကို ဖွင့်ဖတ်လိုက်ပါတယ်။
[သင့်မြေးတပည့် ချူရှီရန်သည် သက်ရှိဘီလီယံကျော်အား တာအိုဟောကြားသဖြင့် မဟာတာအို ကုသိုလ်ကံကို ရရှိသွားခဲ့သည်။]
[သင့်မိတ်ဆွေ မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]
[သင့်တပည့် ဂျိရှင်းရှန်သည် တာအိုရယူနိုင်ပြီး လောကဦးပဋိပက္ခ တာအိုအသီးကို ရရှိသွား၏။]
[သင့်မိတ်ဆွေ ကျိုးဖန်သည် အချိန်ခရီးသွားပြီး သူ့ကံကြမ္မာအား ပြောင်းလဲလိုက်၏။]
[သင့်မိတ်ဆွေ မော့ဖူချိုသည် အသက်ပြန်ရှင်လာ၏။]
[သင့်သား ဟန်ထော်သည် လျှို့ဝှက်ဆန်းကြယ် နတ်ဆိုးတစ်ကောင်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၅၀၀၉၃၂၇၂
[သင့်မိတ်ဆွေ ကျင်းတျန်ကုန်းသည် သင့်မိတ်ဆွေ ဘိုးဘေးရှီတျန်၏ လမ်းညွှန်မှုကြောင့် ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ကျင်းတျန်ကုန်းသည် အကြိမ်များစွာ ကျိန်စာတိုက်ခဲ့သောကြောင့် ကျိန်စာ မဟာတာအို၏ တစ်စွန်းတစ်စကို သုံးသပ်နားလည်နိုင်ခဲ့သည်။]
[သင့်မျိုးဆက် ဟန်ယွီသည် မိုးမြေအဓိပ္ပာယ်စစ်ကို သုံးသပ်နားလည်ပြီး သူ့စိတ်ဝိညာဉ်သည် မဟာဟင်းလင်းပြင်၌ လျှောက်သွားနေ၏။]
ဟန်ကျွယ်ဟာ မျက်တောင်ခတ်လိုက်ပါတယ် ‘ကျိုးဖန်က မော့ဖူချိုကို အသက်ပြန်ရှင်အောင် လုပ်လိုက်တာလား… ဘယ်လိုများ လုပ်လိုက်တာလဲ’
မော့ဖူချိုက အတိတ်မှာ အသက်ပြန်ရှင်ခဲ့တယ်ဆိုရင် ဟန်ကျွယ်ရဲ့ မှတ်ဉာဏ်ထဲမှာလည်း အသက်ရှင်နေရမှာပါ။ ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကို ဖွင့်ကြည့်လိုက်တဲ့အခါ မော့ဖူချိုရဲ့ပုံရိပ် ပြန်ပေါ်လာတာကို တွေ့လိုက်ရပါတယ်။
‘စိတ်ဝင်စားဖို့တော့ ကောင်းသားပဲ…’
ဟန်ကျွယ်ဟာ မော့ဖူချိုကို တွေ့လိုက်ရတဲ့အခါ အတိတ်ကို သတိပြန်ရသွားပါတယ်။ အရင်တုန်းက သူတို့တွေဟာ လူငယ်လေးတွေပါ။ အဲဒီအချိန်တုန်းက မော့ဖူချိုဟာ တက်ကြွပြီး ဟန်ကျွယ်က သတ္တိကြောင်ပါတယ်။ သူတို့နှစ်ယောက်က လုံးဝ မတူညီတဲ့ လမ်းနှစ်ခုကို လျှောက်လှမ်းခဲ့တာပါ။
ဟန်ကျွယ်ဟာ စာစောင်တွေကို ဆက်ဖတ်ရင်း သူ ဂရုမစိုက်တာ ကြာပြီဖြစ်တဲ့ ကျင်းတျန်ကုန်းက ပြန်ပြီး လှုပ်ရှားလာတာကို တွေ့လိုက်ရပါတယ်။ ကျင်းတျန်ကုန်းဟာ လွန်ခဲ့တဲ့နှစ်များစွာထဲက ရှန်နန်းတော်ကနေ ထွက်ပြီး ပဋိပက္ခကို ဦးတည်သွားခဲ့တာပါ။ ဟန်ကျွယ်ဟာ ကျင်းတျန်ကုန်းက အခုအချိန်အထိ လူတွေကို လျှောက်ပြီးတော့ ကျိန်စာတိုက်နေလိမ့်ဦးမယ်လို့ ထင်မထားခဲ့ပါဘူး။ ကျင်းတျန်ကုန်းက တကယ်ကို အမှောင်သခင်ကြီးရဲ့ သစ္စာရှိ ယုံကြည်သူပါ။
‘ဘိုးဘေးရှီတျန်က သူ့ကို ဘာဖြစ်လို့ လမ်းညွှန်ပေးနေတာလဲ’
ဟန်ကျွယ်ဟာ နည်းနည်း စိတ်ဝင်စားသွားပါတယ်။ ဘာပဲဖြစ်ဖြစ် ကျင်းတျန်ကုန်းက သူ့နောက်လိုက်ပါ။ ကျင်းတျန်ကုန်းရဲ့ မျက်နှာသာပေးမှုကလည်း တစ်စက်ကလေးတောင် လျော့မသွားသေးပါဘူး။ ဒီလိုနဲ့ ဟန်ကျွယ်ဟာ ဝမ်းသာဖို့ကောင်းတဲ့ နောက်ထပ် စာတစ်စောင်ကို ထပ်တွေ့လိုက်ရပါတယ်။
[သင့်ရန်သူ ကျိန်စာနတ်ဘီလူးသည် သင့်မိတ်ဆွေ ရှန်ပေါင် တာအိုကျင့်ကြံသူ၏ သတ်ဖြတ်ခြင်းကို ခံရပြီး ရုပ်နာမ်နှစ်ပါးစလုံး ပျက်စီးသွား၏။ ကျိန်စာ မဟာတာအိုသည် ပဋိပက္ခသို့ ပြန်ရောက်သွား၏။]
‘ကျိန်စာနတ်ဘီလူးက သေသွားပြီလား…’
ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကို စစ်ဆေးလိုက်တဲ့အခါ ကျိန်စာနတ်ဘီလူးရဲ့ ပုံရိပ် မရှိတော့တာကို တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်ဟာ ဘာပြောရမှန်း မသိတော့ပါဘူး။ အရင်တုန်းက ဟန်ကျွယ်ဟာ ကျိန်စာနတ်ဘီလူးကို သတ်ဖို့ခက်တဲ့ ဘော့စ်တစ်ကောင်လို တွေးခဲ့တာပါ။ အခုလိုမျိုး သေသွားလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။
‘ကောင်းတယ်… ဒါက ငါ ဘယ်လောက် စွမ်းအားကြီးလာလဲဆိုတာကို ပြန်နေတာပဲ’
ကျိန်စာနတ်ဘီလူး သေသွားတာက ဒီထက်နက်နဲတဲ့ အဓိပ္ပာယ်တစ်ခုလည်း ရှိနေပါသေးတယ်။ အဲဒါက အမှောင်သခင်ကြီးအနေနဲ့ ကျိန်စာတိုက်ဖို့ကို စိတ်ပူစရာ မလိုတော့တာပါ။
ဟန်ကျွယ်ဟာ ရှန်ပေါင် တာအိုကျင့်ကြံသူရဲ့ အရည်အချင်းကို မချီးကျူးဘဲ မနေနိုင်ပါဘူး။ ကောင်းကင်တာအိုကို တိုက်ခိုက်တုန်းကလည်း ရှန်ပေါင် တာအိုကျင့်ကြံသူဟာ အရန်အစီအစဉ်နှစ်ခုကို ဆွဲထားခဲ့ပါတယ်။ ရှန်ပေါင် တာအိုကျင့်ကြံသူက သူ့ပြိုင်ဘက်ကို ဘယ်တော့မှ လျှော့မတွက်တာပါ။
ဒီလိုလူမျိုးက အပေါ်ယံမှာ ရန်သူကို အထင်သေးဟန်ဆောင်ပြီး မောက်မာတုံးအတဲ့ ပုံစံရှိပေမဲ့ ရန်သူကို ဒုက္ခပေးဖို့ နည်းလမ်းမျိုးစုံကို ကြိတ်ပြီးတော့ ပြင်ဆင်တာပါ။ ဒီလိုနောက်လိုက်မျိုး ရှိနေတာက ဟန်ကျွယ်ကို တော်တော်လေး ဝန်ပေါ့စေပါတယ်။
ဟန်ကျွယ်ဟာ ရှန်ပေါင် တာအိုကျင့်ကြံသူကို အကောင်းပိုမြင်သွားပါတယ်။
စာစောင်တွေ အကုန်လုံးကို ဖတ်ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို တွေးမိလိုက်ပါတယ်။ ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ အပြင်ထွက်ပြီး လမ်းလျှောက်ချင်စိတ် ပေါက်သွားပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုထဲမှာ ပြိုင်ဘက်ကင်းနေပြီ ဖြစ်တဲ့အတွက် ဘာကိုမှ မကြောက်ပါဘူး။ ဘာပဲဖြစ်ဖြစ် အချိန်က မဟာတာအိုပညာရှိတွေအတွက် သိပ်ပြီးတော့ အရာမထင်ပါဘူး။ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုထဲမှာ နှစ်တစ်ရာ လျှောက်သွားပြီး လက်ရှိ အင်မော်တယ်ကမ္ဘာကို တွေ့ကြုံခံစားဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဝိညာဉ်အတွေးတစ်ခုကို အပြင်ဘက်ပို့ပြီး ကိုယ်ပွားအဖြစ် ပြောင်းလဲလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ရဲ့ ပင်မခန္ဓာကိုယ်ဟာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။ ဟန်ကျွယ်ရဲ့ ကိုယ်ပွားကတော့ အင်မော်တယ်ကမ္ဘာမှာ လျှောက်သွားပါတယ်။ ဟန်ကျွယ်ရဲ့ ကိုယ်ပွားက ဟန်ကျွယ်ရဲ့ ပင်မခန္ဓာကိုယ်နဲ့ တစ်ပုံစံတည်းပါ။ အကောင်းစား ရတနာတွေက ပုံရိပ်ယောင်ဆိုပေမဲ့ အထင်ကြီးဖို့ ကောင်းနေတုန်းပါပဲ။
ဟန်ကျွယ်ဟာ သူ့ကိုယ်သူ မဖုံးကွယ်ပါဘူး။ ဟန်ကျွယ်ဟာ သိုသိုသိပ်သိပ်နေခဲ့တာ အတော်ကြာပါပြီ။ ဒါကြောင့် အခုလို ဘာမှကြောက်စရာမရှိတဲ့ ကိုယ်ရဲ့နယ်မြေမှာ ကုပ်ကုပ်လေးနေဖို့ မကြိုးစားတော့ပါဘူး။ ဟန်ကျွယ်ဟာ ခရီးသွားတာက ထောက်လှမ်းဖို့ မဟုတ်ပါဘူး။ လောကကြီးကို မြင်ချင်တာကြောင့်ပါ။
ဟန်ကျွယ် ပထမဆုံးရပ်နားတဲ့နေရာက ပုကျိုးနတ်တောင်ပါ။ ဟန်ကျွယ်ဟာ ဟန်ယွီရဲ့ အခြေအနေတွေကို စာစောင်တွေကနေ တွေ့ပါတယ်။ ဟန်ယွီက သူနဲ့ တော်တော်လေး ဆင်တူပါတယ်။ ကျန်တဲ့ကိစ္စတွေကို လွှတ်ချပြီး တစ်ကိုယ်တည်း အေးအေးဆေးဆေး ကျင့်ကြံအားထုတ်နေတာပါ။
ပုကျိုးနတ်တောင်ထိပ်။
ဟန်ယွီဟာ သစ်ပင်အိုကြီးအောက်မှာ ထိုင်ပြီး တာအိုဘုံကျောင်းကို သန့်ရှင်းနေတဲ့ ဝတ်စုံစိမ်း အမျိုးသမီးကို ကြည့်လိုက်ပါတယ် “ရှင်းစရာ မလိုဘူး၊ ငါမှ အထဲမှာ မနေတာ၊ ငါ့ဆရာသခင် နေထိုင်ခဲ့တဲ့ နေရာမလို့ ဆက်ထိန်းသိမ်းထားတာ”
ဝတ်စုံစိမ်း အမျိုးသမီးဟာ မန္တန်တစ်ပုဒ်နဲ့ တာအိုဘုံကျောင်းကို ရှင်းလင်းလို့ ရပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်တာက ပေါ့ပြက်ပြက်နိုင်တယ်လို့ ထင်တဲ့အတွက် ဝတ်စုံစိမ်း အမျိုးသမီးက ကိုယ်တိုင် သန့်ရှင်းရေး လုပ်နေတာပါ။
ဟန်ယွီရဲ့ ဆရာသခင်အကြောင်း ကြားလိုက်ရတဲ့အတွက် ဝတ်စုံစိမ်း အမျိုးသမီးဟာ တာအိုဘုံကျောင်းထဲကနေ ထွက်လာပြီး သိချင်စိတ်နဲ့ စပ်စုပါတော့တယ် “စီနီယာရဲ့ ဆရာသခင်က တော်တော်စွမ်းအားကြီးမှာပဲနော်၊ သူက ဘယ်သွားတာလဲ”
“ငါလည်း သေချာ မသိဘူး၊ ဆရာသခင်က သူ့ရဲ့ ကိုယ်ပိုင်တာအိုနောက်ကို လိုက်နေတာ ဖြစ်ရမယ်၊ တစ်နေ့ကျရင်တော့ ပြန်လာမှာပါ”
“စီနီယာရဲ့ ဆရာသခင်က စီနီယာထက် စွမ်းအားကြီးတာလား” ဝတ်စုံစိမ်း အမျိုးသမီးက သိချင်စိတ်နဲ့ မေးလိုက်ပါတယ်။ ဟန်ယွီရဲ့ ဟန်ပန်အမူအရာက ဝတ်စုံစိမ်း အမျိုးသမီး တွေ့မြင်ဖူးသမျှထဲမှာ ကြည်ညိုလေးစားစရာ အကောင်းဆုံးပါ။
ဟန်ယွီဟာ ပြုံးလိုက်ပါတယ် “ဟုတ်တယ်၊ ငါ့ဆရာသခင်က အစွမ်းထက်ဆုံးပဲ”
‘အစွမ်းအထက်ဆုံး…’ ဝတ်စုံစိမ်း အမျိုးသမီးဟာ မျက်တောင်ခတ်လိုက်ပြီး ဟန်ယွီရဲ့ စကားကို မယုံပါဘူး။ ကောင်းကင်တာအိုက အလွန်တရာ ကျယ်ပြောပြီး ပါရမီရှင်တွေက အမြောက်အမြားရှိတယ် မဟုတ်ပါလား။ ရှေးကျတဲ့ စွမ်းအားကြီး ပုဂ္ဂိုလ်တွေ ဘယ်လောက်တောင် ပုန်းကွယ်နေတယ်ဆိုတာကို ဘယ်သူမှ အတပ်မပြောနိုင်ပါဘူး။ ဒါ့အပြင် တာအိုပညာရှိတွေရဲ့ ဒဏ္ဍာရီကလည်း ရှိပါသေးတယ်။
“အို… မင်းရဲ့ ဆရာသခင်က အစွမ်းအထက်ဆုံး ဆိုတော့ ငါက ဘာလဲ”
ရုတ်တရက် ကြားလိုက်ရတဲ့အသံကြောင့် ဟန်ယွီနဲ့ ဝတ်စုံစိမ်း အမျိုးသမီးဟာ လှည့်ကြည့်လိုက်တဲ့အခါ နှစ်ယောက်စလုံး မှင်တက်သွားပါတယ်။
ဟန်ကျွယ်ဟာ ကာလတာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး မဟာရှေးဟောင်း နတ်သရဖူကို ဆောင်းထားတဲ့အတွက် အရှိန်အဟုန် ကြီးမားပြီး ဗိုလ်ကျလွန်းတဲ့ ရောင်ဝါကို ထုတ်လွှတ်နေပါတယ်။ နဂါးသုံးထောင်ဖဲကြိုးက ဟန်ကျွယ်ရဲ့ ခါးကို ရစ်ပတ်ထားပြီး နဂါးအရိပ်တွေက ဟန်ကျွယ်နောက်မှာ လူးလွန့် လှုပ်ရှားနေပါတယ်။ ဟန်ကျွယ် လက်ကောက်ဝတ်က အန္တိမစိန်လက်ကောက်ကလည်း မီးလျှံတွေ တောက်လောင်နေပါတယ်။ ဟန်ကျွယ်ကို ဝိုင်းရံထားတဲ့ လောကစက္ခု လက်ကောက်ကလည်း ပုံစံအမျိုးမျိုး ပြောင်းလဲနေပါတယ်။ ဒါတွေကို ဟန်ကျွယ်ရဲ့ ပြိုင်ဘက်ကင်းတဲ့ ရုပ်ရည်ပါ ထပ်ပေါင်းလိုက်တဲ့အခါ ဟန်ယွီတောင် ငေးကြောင်ကြောင် ဖြစ်သွားပါတယ်။
ဟန်ယွီဟာ ကြောက်လန့်တကြား မတ်တတ်ရပ်ပြီး ချက်ချင်း ဦးညွှတ်ကာ တုန်တုန်ယင်ယင် ပြောလိုက်ပါတယ် “ဟုတ်ပါတယ်၊ ဘိုးဘေးက အစွမ်းအထက်ဆုံးပါ… ကျွန်တော်ရဲ့ ဆရာသခင်က ဘိုးဘေးနဲ့ ယှဉ်ရင် ဘာမှမဟုတ်ပါဘူး”
ဝတ်စုံစိမ်း အမျိုးသမီးဟာ သတိပြန်ဝင်လာပြီး ဟန်ယွီ ကိုယ်ဟန်ပျက်သွားတာကို တွေ့လိုက်ရတဲ့အတွက် သူ့မျက်လုံးကို သံသယဝင်သွားပါတယ်။ ဝတ်စုံစိမ်း အမျိုးသမီးဟာ ဟန်ကျွယ်ကို သေချာကြည့်လိုက်တဲ့အခါ ဟန်ယွီရဲ့ တော်‌တော်လေး ဆင်တူတာကို တွေ့လိုက်ရပါတယ်။
ဟန်ယွီဟာ ဝတ်စုံစိမ်း အမျိုးသမီးရဲ့ အကြည့်ကို သတိထားမိတာကြောင့် တိုးတိုးနဲ့ မာမာ အော်ပြောလိုက်ပါတယ် “ရိုင်းလိုက်တာ… သွား တောင်အောက်ဆင်းပြီး ကျင့်ကြံအားထုတ်ချည်၊ ငါ့အမိန့်မရဘဲ တောင်ပေါ် ပြန်တက်မလာနဲ့”
ဝတ်စုံစိမ်း အမျိုးသမီးဟာ လန့်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ယွီ ဒီလိုဒေါသထွက်တာကို ပထမဆုံး မြင်ဖူးတာကြောင့်ပါ။ ဝတ်စုံစိမ်း အမျိုးသမီဟာ လန့်သွားပြီး ဟန်ကျွယ်ကို ချက်ချင်း ဦးညွှတ်ကာ တောင်အောက် ပျံဆင်းသွားပါတယ်။
ဟန်ကျွယ်ဟာ ဟန်ယွီရှေ့ ဆင်းသက်ပြီး ပြုံးလိုက်ပါတယ် “မင်း ဘာလို့ ဒီလောက်တောင် ဒေါသထွက်နေရတာလဲ၊ သူက မင်းအတွက် ဘာမလို့လဲ”
ဟန်ယွီဟာ စိတ်ထိန်းပြီး ပြန်ဖြေလိုက်ပါတယ် “သူမက ကျွန်တော်ရဲ့ တပည့်တစ်ဝက်လို့ ပြောလို့ရပါတယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset