Switch Mode

Chapter – 766

အခန်း (၇၆၆) အသက်တစ်သန်း ပြည့်ခြင်း
အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။
နောက်ထပ် နှစ်တစ်ထောင် ကုန်ဆုံးသွားတဲ့အခါမှာတော့ ဟန်ယွီဟာ ဝတ်စုံစိမ်းနဲ့ အမျိုးသမီးကို လက်ခံလိုက်ပါတယ်။ ဟန်ယွီရဲ့ သင်ပြမှုအောက်မှာ ဝတ်စုံစိမ်း အမျိုးသမီးရဲ့ ကျင့်ကြံမှုဟာ ဒီရေအလား တိုးတက်လာခဲ့ပါတယ်။
အချိန်အများစုမှာ ဟန်ယွီဟာ သစ်ပင်အိုကြီးအောက်ကနေ ဝတ်စုံစိမ်း အမျိုးသမီး ဆန်းကြယ်စွမ်းအား ကျင့်ကြံတာကို ထိုင်ကြည့်ပါတယ်။ ဒီလို့နေ့ရက်တွေက ဟန်ယွီအတွက် တော်တော်လေး ကောင်းမွန်တဲ့ နေ့ရက်တွေပါ။ အနည်းဆုံးတော့ အရင်လိုမျိုး အထီးမကျန်တော့ပါဘူး။
ဒီနေ့မှာတော့ ဝတ်စုံစိမ်း အမျိုးသမီးဟာ ဆန်းကြယ်စွမ်းအားကို ကျင့်ကြံအားထုတ်ပြီးတာနဲ့ ဟန်ယွီရှေ့ထိုင်ကာ စပ်စုပါတော့တယ် “စီနီယာ… စီနီယာက ဘယ်သူလဲ၊ ကျွန်မ ဆရာသခင်ဆီက ကြားထားတာတော့ ပုကျိုးနတ်တောင်ရဲ့ အရှင်က လူသားမျိုးနွယ်စုရဲ့ အထွတ်အထိပ် ကျင့်ကြံသူတဲ့၊ သူက လူသားမျိုးနွယ်စု ဒီအခြေအနေထိ ရောက်လာအောင် အများကြီး အကျိုးပြုခဲ့တာတဲ့”
ဟန်ယွီဟာ မျက်လုံးဖွင့်ပြီး ပြန်ဖြေလိုက်ပါတယ် “အဲဒါက အပိုတွေ လျှောက်ပြောတာ၊ ငါက ဒီအတိုင်း သေမျိုးလောကနဲ့ အံဝင်ခွင်ကျမဖြစ်တဲ့ ကျင့်ကြံသူတစ်ယောက်သာသာပဲ”
“အဲဒါဆို စီနီယာရဲ့ ကျင့်ကြံမှုက ဘယ်အဆင့်ကို ရောက်ပြီလဲ၊ နတ်မင်းအဆင့်လား ဒါမှမဟုတ် ဒဏ္ဍာရီလာ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်လား”
“မင်း ငါ့အဆင့်ကိုရောက်ရင် ငါ့ကျင့်ကြံမှုအဆင့်ကို မြင်နိုင်လိမ့်မယ်”
“ကျွန်မက စီနီယာရဲ့ အဆင့်ကို ရောက်နိုင်ပါ့မလား” ဝတ်စုံစိမ်းအမျိုးသမီးက တအံ့တဩ မေးလိုက်ပါတယ်။
ဟန်ယွီဟာ ပြုံးလိုက်ပါတယ် “မရောက်နိုင်ဘူး… မင်းက မင်းရန်သူတွေရဲ့ လက်ထဲမှာ သေဖို့များတယ်”
ဝတ်စုံစိမ်း အမျိုးသမီးဟာ နှုတ်ခမ်းတွန့်သွားပါတယ်။ ဟန်ယွီဟာ ဒီလိုစကားမျိုးကို အမြဲတမ်း ပြောနေတယ် မဟုတ်ပါလား။
“ကျွန်မ ဘယ်တော့ ဧကရာဇ်အဆင့်ကို ရောက်နိုင်မှာလဲ”
“နှစ်တစ်သောင်းလောက်ဆို ရောက်ပါပြီ”
‘နှစ်တစ်သောင်း…’ ဝတ်စုံစိမ်း အမျိုးသမီးဟာ နှလုံးလှုပ်သွားပါတယ်။ အဲဒီနောက် ဝတ်စုံစိမ်း အမျိုးသမီးဟာ အံကြိတ်ပြီး မတ်တတ်ရပ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ နေရာရှာပြီး တရားစထိုင်ပါတော့တယ်။
ပုကျိုးနတ်တောင်ထိပ်ဟာ တစ်ဖန် ပြန်ပြီးတော့ ငြိမ်သက်သွားပါတယ်။ ဒီနေရာမှာ အချိန်ရဲ့ အရိပ်အခြေကို မတွေ့ရပါဘူး။ အရာအားလုံးက ထာဝရ တည်ရှိနေသလိုပါပဲ။
နှစ် ၂၀,၀၀၀ ကျော် ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ရှေ့မှာ စာကြောင်းသုံးကြောင်း ပေါ်လာပါတယ်။
[သင်သည် အသက်တစ်သန်း ပြည့်ပြီ ဖြစ်သောကြောင့် သင့်ဘဝတွင် နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပါပြီ။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]
[၁။ ဂူအောင်းကျင့်ကြံရာမှ ချက်ချင်းထွက်၍ ပဋိပက္ခတွင် တာအိုဟောကြားပြီး မဟာတာအို အနန္တကပ်ဘေးကို လှုံ့ဆော်ပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး၊ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် မဟာတာအိုပညာရှိ အဆင့် အစောင့်တစ်ယောက်အား ရရှိမည်။]
[၂။ သိုသိုသိပ်သိပ် ကျင့်ကြံအားထုတ်၍ မူလရည်ရွယ်ချက်ကို ဆက်လက် ထိန်းသိမ်းကာ ပြဿနာများနှင့် ဝေးဝေးနေပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး၊ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် တတိယ တာအိုစက်ကွင်းကို ရရှိမည်။]
ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ ချက်ချင်း အရောင် တောက်သွားပါတယ် ‘စနစ်က ဒီတစ်ခါတော့ ငါ့ကို မလှည့်စားတော့ပါလား…’
ဟန်ကျွယ်ဟာ တစ်ခါတည်း နံပါတ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။
တတိယ တာအိုစက်ကွင်း ဖွင့်လှစ်နိုင်တာက တော်တော်ကောင်းတဲ့ ကိစ္စပါ။ ပင်မ တာအိုစက်ကွင်းရဲ့ အရာအားလုံးကို ဆက်ခံနိုင်တဲ့အပြင် ရွှေ့ပြောင်းသွားလာလို့လည်း ရပါတယ်။ ပင်မ တာအိုစက်ကွင်း ကျိုးပျက်သွားရင်လည်း တတိယ တာအိုစက်ကွင်းဆီ ထွက်ပြေးလို့ရတယ် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ တတိယ တာအိုစက်ကွင်းကို ကောင်းကင်တာအိုထဲမှာ ထားဖို့ အစီအစဉ် မရှိပါဘူး။ ပဋိပက္ခထဲမှာ ပုန်းစရာနေရာရှာပြီး ထားမှာပါ။ ဒီနေရာကို တစ်ယောက်မှ မသိ‌ရင် အကောင်းဆုံးပါပဲ။
ဟန်ကျွယ်ဟာ ပထမဆုံး ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံးကို ထုတ်ယူပြီး နတ်ဘီလူးချီအလုံး တစ်လုံးနဲ့ ပေါင်းစပ်လိုက်ပါတယ်။
‘ငါ ကောင်းကင်တာအို စိတ်ဝိညာဉ် ကျောက်တုံးကို ဘယ်မှာသုံးရင် ကောင်းမလဲ… ကောင်းကင်ဖွင့်လှစ်ပုဆိန်က အန္တိမတာအိုရတနာ ဖြစ်နေပြီ၊ ဒီထက် စွမ်းအားကြီးသွားရင် ငါ ထိန်းချုပ်နိုင်ဦးပါ့မလား…’
‘ကြမ္မာဆိုးစာအုပ်ကျတော့လည်း အခုအချိန်မှာ သိပ်ပြီးတော့ သုံးစားရတော့တာ မဟုတ်ဘူး၊ နောက်ပြီး ငါ့မှာ ကျိန်စာတိုက်ဖို့ ပစ်မှတ်လည်း မရှိဘူး’
‘ထားလိုက်ပါတော့… လောလောဆယ် သိမ်းထားလိုက်မယ်’
ဟန်ကျွယ်ဟာ မဟာတာအို အပိုင်းအစကို ထုတ်ယူလိုက်ပါတယ်။ နောက်ဆုံးတော့ ဟန်ကျွယ်ဟာ နောက်ထပ် မဟာတာအို အပိုင်းအစ ကိုးစကို စုဆောင်းနိုင်ခဲ့ပါပြီ။ ဟန်ကျွယ်ဟာ နောက်ထပ် ဖန်တီးမဲ့ မဟာတာအို ဆန်းကြယ်စွမ်းအားကို စဉ်းစားပြီးပါပြီ။ ဒီဆန်းကြယ်စွမ်းအားက အမှောင်သခင်ကြီးအတွက်ပါ။
ဟန်ကျွယ်ဟာ အမှောင်သခင်ကြီးနာမည်နဲ့ တိုက်ခိုက်နိုင်အောင် ရန်သူတွေကို အိပ်မက်ထဲကနေ သတ်နိုင်တဲ့ ဆန်းကြယ်စွမ်းအားတစ်မျိုးကို ဖန်တီးဖို့ စဉ်းစားထားပါတယ်။
မဟာာတာအို အပိုင်းအစ ကိုးစဟာ ချက်ချင်း ပေါင်းစပ်သွားပြီး ဟန်ကျွယ်ဟာ တာအိုသုံးသပ် နားလည်တဲ့ အခြေအနေကို ချက်ချင်း ဝင်ရောက်သွားပါတယ်။
ပုကျိုးနတ်တောင်ထိပ်။
ဟန်ယွီဟာ မိုးကြိုးဒုက္ခကို ဖြတ်သန်းလာတဲ့ ဝတ်စုံစိမ်းအမျိုးကို ကြည့်ပြီး သက်ပြင်းချလိုက်ပါတယ် “ဟင်း… နောက်ဆုံးတော့ ဧကရာဇ်အဆင့်ကို ရောက်လာခဲ့ပြီပဲ၊ မဆိုးဘူး… ငါ ခန့်မှန်းထားတာထက် စောတယ်”
ဝတ်စုံစိမ်း အမျိုးသမီးဟာ ဟန်ယွီရှေ့ လျှောက်လာပြီး ဒူးထောက်ကာ ဦးညွှတ်လိုက်ပါတယ် “ကျေးဇူးတင်ပါတယ် စီနီယာ… စီနီယာရဲ့ ပျိုးထောင်မှုကြောင့်သာ မဟုတ်ရင် ကျွန်မ ဒီနေ့ ဒီနေရာကို ရောက်လာနိုင်မှာ မဟုတ်ဘူး”
ဟန်ယွီဟာ ပြုံးလိုက်ပါတယ်။
ဝတ်စုံစိမ်း အမျိုးသမီးဟာ အံကြိတ်လိုက်ပါတယ် “စီနီယာ… ကျွန်မ လက်စားချေလို့ ရပြီလား”
ဟန်ယွီဟာ မျက်လုံးမှိတ်ပြီး ပြောလိုက်ပါတယ် “မင်းရဲ့ ရန်သူက မကြာသေးခင်ကမှ နတ်မင်းအဆင့်ကို တက်သွားတာ”
ဝတ်စုံစိမ်း အမျိုးသမီးဟာ ငယ်ထိပ် မိုးကြိုးကျသလို ခံစားလိုက်ရပြီး မျက်လုံးတွေ ပြူးကျယ်ကာ တစ်ကိုယ်လုံး တုန်ယင်သွားပါတယ်။
“သူက ပါရမီရှင်လား” ဝတ်စုံစိမ်းအမျိုးသမီးက ခါးသီးတဲ့မျက်နှာနဲ့ မေးလိုက်ပါတယ်။
ဒီခေတ်မှာ ပါရမီရှင်တွေက အ‌တောက်ပဆုံးပါ။ ဒီခေတ်က ပါရမီရှင် အမြောက်အမြား ပေါ်ထွန်းတဲ့ ရွှေခေတ်တစ်ခေတ် မဟုတ်ပါလား။
ဒါကြောင့်လည်း သက်ရှိအားလုံးဟာ ပါရမီရှင်တွေကို တော်တော်လေး သည်းခံပါတယ်။ ကံတရား အထောက်အပံ့ဂိုဏ်းတွေကလည်း သူတို့ကို ကြည့်ရှု စောင့်ရှောက်ပါတယ်။ ပါရမီရှင်တွေက ကောင်းကင်တာအို အန္တရာယ်ကျရင် ရှေ့ဆုံးကနေ မားမားမတ်မတ်ရပ်ရမဲ့ အမာခံတွေ မဟုတ်ပါလား။
ဟန်ယွီက ပြောလိုက်ပါတယ် “ဟုတ်တယ်… သူ့မှာ ကောင်းကင်ဘဝဂ် အဆင့်ကို ရောက်နိုင်တဲ့ အရည်အချင်း ရှိတယ်”
ဝတ်စုံစိမ်း အမျိုးသမီးဟာ မျှော်လင့်ချက် ကင်းမဲ့သွားပါတယ်။ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်ဆိုတာက ကျင့်ကြံမှုလမ်းစဉ်မှာ ဘိုးဘေးအဆင့် တည်ရှိမှုတွေ မဟုတ်ပါလား။
ဝတ်စုံစိမ်း အမျိုးသမီးဟာ ဟန်ယွီကို မျှော်လင့်ချက်ပါတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်ပြီး မေးလိုက်ပါတယ် “စီနီယာ… ကျွန်မမှာ ကလဲ့စားချေဖို့ မျှော်လင့်ချက်ရော ရှိသေးရဲ့လား”
“သိပ်မရှိဘူး၊ မင်း ငါ ကယ်တင်တာ ခံရတာကိုက မင်းဘဝရဲ့ အကြီးမားဆုံး အထောက်အပံ့ ဖြစ်နေပြီ၊ ငါနဲ့ မတွေ့ရင် မင်းက သေဖို့ကံကြမ္မာပါလာတဲ့လူပဲ၊ တစ်ခါတစ်လေမှာ လွှတ်ချလိုက်ဖို့ ခက်ခဲပေမဲ့ အဲဒါက ကြီးမားတဲ့ အောင်မြင်မှုတစ်ခုပဲ”
ဝတ်စုံစိမ်း အမျိုးသမီးဟာ ခေါင်းငုံ့သွားပါတယ်။
ဟန်ယွီက ဆက်ပြောပါတယ် “တစ်ခါတုန်းက ငါ့ဆီမှာလည်း ကလဲ့စားချေချင်တဲ့စိတ်ပဲ ရှိခဲ့ဖူးတယ်၊ ငါ့မိသားစု၊ ငါ့မိဘ၊ ငါ့မောင်နှမနဲ့ ငါ့ရဲ့ ငယ်ရည်စားတောင် ငါ့ရှေ့မှာ သေသွားခဲ့တယ်၊ အဲဒီအချိန်တုန်းက ငါ လောကတစ်ခုလုံးကို မုန်းတီးခဲ့တယ်၊ အင်မော်တယ်တွေရော ကောင်းကင်ဘုံရော ငါ့ရဲ့ အသုံးမကျမှုကိုရော မုန်းတီးခဲ့တယ်”
ဝတ်စုံစိမ်း အမျိုးသမီးဟာ ဟန်ယွီကို မော့ကြည့်လိုက်ပါတယ်။
“နောက်တော့ လူတစ်ယောက်က ငါ့အတွက် ကလဲ့စားချေပေးခဲ့တယ်”
ဟန်ယွီရဲ့ စကားကြောင့် ဝတ်စုံစိမ်း အမျိုးသမီးရဲ့ မျက်လုံးတွေဟာ အရောင်‌ တောက်သွားပါတယ် ‘စီနီယာက ငါ့ကို အရိပ်ပြနေတာလား’
ဟန်ယွီဟာ စကားလမ်းကြောင်း ပြောင်းလိုက်ပါတယ် “ကလဲ့စားချေလိုက်တော့‌ရော ဘာဖြစ်လဲ၊ အခု ငါ့ကိုကြည့်၊ တစ်ယောက်တည်း ဒီတောင်ကို စောင့်နေရတယ်၊ ငါ့မှာ မှီခိုစရာ တစ်ယောက်မှ မရှိဘူး၊ ငါ ကလဲ့စား မချေရင်တောင် ငါ့ရန်သူတွေက နှစ်သိန်းချီ အသက်မရှင်နိုင်ဘူး၊ အဲဒီတော့ ငါ့ကလဲ့စားက ဘာအဓိပ္ပာယ် ရှိသေးလဲ”
ဝတ်စုံစိမ်း အမျိုးသမီးက ခေါင်းမာစွာ ပြောလိုက်ပါတယ် “အနည်းဆုံး စီနီယာက ကလဲ့စားချေပြီးပြီဆိုတော့ ဘာမှစိုးရိမ်စရာ မရှိတော့ဘူးလေ၊ ကျွန်မက ကျွန်မရဲ့ ရန်သူကို နှစ်သိန်းချီကြာအောင် လွှတ်မထားနိုင်ဘူး”
ဟန်ယွီက မတတ်နိုင်တဲ့ လေသံနဲ့ ပြောလိုက်ပါတယ် “အမှန်အတိုင်း ပြောရရင် အဲဒီပါရမီရှင်နောက်မှာ ကျယ်ကျောင်းတော် ရှိတယ်၊ ကျယ်ကျောင်းတော်ရဲ့ အုတ်မြစ်ကို ငါပြောပြရဦးမလား”
‘ကျယ်ကျောင်းတော်…’ ဝတ်စုံစိမ်း အမျိုးသမီးဟာ မြေကြီးပေါ် အရုပ်ကြိုးပြတ် လဲကျသွားပါတယ်။ ဝတ်စုံစိမ်း အမျိုးသမီးဟာ မချိပြုံး ပြုံးလိုက်ပြီး သူမရဲ့ ဒီနှစ် ကျင့်ကြံမှုတွေက အဓိပ္ပာယ်မရှိဘူးလို့ ရုတ်တရက် ခံစားလိုက်ရပါတယ်။
ဟန်ယွီဟာ သူမကို မနှစ်သိမ့်ပါဘူး။ တကယ်တော့ ဟန်ယွီရဲ့ မျက်လုံးထဲမှာ အဲဒီပါရမီရှင်က ဘာမှမဟုတ်ပါဘူး။ လူတစ်ယောက်ရှာပြီး စကားနည်းနည်း ပြောလိုက်ရုံနဲ့ အဲဒီပါရမီရှင်ရဲ့ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်နိုင်ပါတယ်။
ဒါပေမဲ့ ဟန်ယွီဟာ အဲဒီလိုလုပ်ဖို့ အကြောင်းပြချက် မရှိပါဘူး။ ဟန်ယွီက ဝတ်စုံစိမ်း အမျိုးသမီးကို ဘာမှ အကြွေးမတင်ထားဘူး မဟုတ်ပါလား။
ဟန်ယွီဟာ မျက်လုံးဖွင့်ပြီး ပြောလိုက်ပါတယ် “မင်း ကလဲ့စားချေချင်ရင် တောင်အောက်ဆင်းပြီး စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးပါးကို အကူအညီ လိုက်တောင်းချည်၊ ကံကောင်းရင် မင်း အောင်မြင်လိမ့်မယ်”
ဝတ်စုံစိမ်း အမျိုးသမီးဟာ မတ်တတ်ရပ်လိုက်ပြီး အသက်အရှည်ကြီး ရှူသွင်းလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဟန်ယွီကို ဦးညွှတ်ပြီး တုံ့ဆိုင်းခြင်းမရှိ တောင်အောက် ဆင်းသွားပါတယ်။
ဟန်ယွီဟာ မျက်လုံးမှိတ်ပြီး ဆက်ကျင့်ကြံပါတယ်။ ဒါက ကျင့်ကြံမှုလမ်းစဉ်မှာ သာမန်ကိစ္စတစ်ခုသာ ဖြစ်တဲ့အတွက် ဟန်ယွီဟာ သိပ်ပြီးတော့ ဂရုမစိုက်ပါဘူး။
သုံးလေးလ အကြာမှာတော့
ဝတ်စုံစိမ်း အမျိုးသမီးဟာ တောင်ထိပ်ကို ပြန်ရောက်လာပါတယ်။ ဝတ်စုံစိမ်း အမျိုးသမီးဟာ ဟန်ယွီကို စိုက်ကြည့်ပြီး ပြောလိုက်ပါတယ် “ကျွန်မ ပုကျိုးနတ်တောင်ခြေထိ လမ်းလျှောက်ပြီး စဉ်းစားခဲ့တယ်၊ ကျွန်မ လက်စားသွားချေရင် သေမှာ ကျိန်းသေတယ်၊ ဆရာသခင်အတွက်က ကျွန်မ နောင်တမရှိဘဲ သေနိုင်တယ်၊ ဒါပေမဲ့ ကျွန်မ စီနီယာကို ပြုစုပါမယ်လို့ ကတိပေးထားခဲ့တယ်၊ နောက်ပြီး စီနီယာက ကျွန်မကို နှစ်ပေါင်းများစွာကြာအောင် ပျိုးထောင်ပေးခဲ့တယ်၊ ကျွန်မသာ ဒီလိုသေသွားရင် စီနီယာကို ကျေးဇူးကြွေး အများကြီး တင်နေလိမ့်မယ်”
“ကျွန်မ စီနီယာကို ပြုစုပါရစေ၊ ကျွန်မရဲ့ သက်တမ်း ကုန်ခါနီးမှ လက်စားသွားချေမယ်၊ ဒါဆို ကျွန်မ သေရင်တောင် သေသွားတဲ့ဆရာသခင်အတွက် ကလဲ့စားချေပေးရာ ရောက်လိမ့်မယ်”
ဝတ်စုံစိမ်းအမျိုးသမီးဟာ သူမရဲ့ အရင်ကျင့်ကြံတဲ့နေရာကို လျှောက်သွားပြီး တရားထိုင်လိုက်ပါတယ်။
ပုကျိုးနတ်တောင်ဟာ လေတဟူးဟူး တိုက်သံကလွဲလို့ အရာအားလုံး တိတ်ဆိတ်လျက် ရှိနေတုန်းပါပဲ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset