အခန်း (၇၅၄) တာအိုမဲ့ဒေသ
“ပန်ကူးက ဘယ်နေရာမှာ ပြန်မွေးဖွားလာတာလဲ” ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း မသိရရင် စားဝင်အိပ်ပျော်မှာ မဟုတ်ပါဘူး။
ကောင်းကင်တာအိုကို ပန်ကူးက ဖန်တီးခဲ့တာပါ။ ပန်ကူးသာ ပြန်လာရင် ကောင်းကင်တာအိုက ပန်ကူးကို တားဆီးနိုင်မှာ မဟုတ်ပါဘူး။
[သက်တမ်း ၁၀၀ ထရီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
တန်ဖိုးက ယုတ္တိမရှိလောက်အောင် မြင့်မားပေမဲ့ ဟန်ကျွယ်ဟာ ဆက်တွက်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိပါဘူး။
ဆက်တွက်ဖို့ ရွေးချယ်လိုက်တဲ့အခါ ဟန်ကျွယ်ဟာ ပုံရိပ်ယောင်ထဲ ဝင်သွားပါတယ်။
ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တဲ့အခါ ကြယ်တာရာ ကောင်းကင်ပြင်မှာ ရောက်နေတာကို တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်ရဲ့ အောက်မှာတော့ အပင်ဆိုလို့ မြက်တစ်ပင်တောင် မရှိတဲ့ ဂြိုဟ်တစ်လုံး ရှိနေပါတယ်။ အပေါ်ကို မော့ကြည့်ပြန်တော့လည်း ဒီလိုမျိုးဂြိုဟ်တွေ အများကြီး လွင့်မျောနေတာကို တွေ့လိုက်ရပါတယ်။ သက်ရှိဆိုလို့လည်း ပိုးကောင်တစ်ကောင်တော့ မတွေ့ရပါဘူး။
ဟန်ကျွယ်ဟာ ဒီပျက်သုဉ်းဂြိုဟ်မှာ လိုက်ကြည့်ပေမဲ့ ပန်ကူးကို မတွေ့ရပါဘူး။
ဒီအချိန်မှာပဲ…
အလင်းတန်းတစ်ခုဟာ အလွန်တရာ လျင်မြန်တဲ့အရှိန်နဲ့ အထက်ကနေ ပြုတ်ကျလာပါတယ်။ ဒီအလင်းတန်းဟာ ကျတ်တီးဂြိုဟ်နဲ့ ဝင်တိုက်မိတဲ့အတွက် ကျတ်တီးဂြိုဟ်ဟာ ပြင်းထန်စွာ လှုပ်ခါသွားပါတယ်။ ဖုန်မှုန့်တွေကလည်း ပေသောင်းချီ မြင့်မားတဲ့အထိ ထလာပါတယ်။
ဖုန်မှုန့်တွေ လွင့်ပါး ပျောက်ကွယ်သွားတဲ့အခါ ဟန်ကျွယ်ဟာ ဧရာမ ဥကြီးတစ်လုံးကို တွေ့လိုက်ရပါတယ်။ ဥခွံက ကြည်လင်တောက်ပပြီး အနီရောင်အလင်းကို ထုတ်လွှတ်နေပါတယ်။ ဥခွံရဲ့ မျက်နှာပြင်မှာလည်း အကြောတွေ အများကြီး ရှိနေပြီး အထဲမှာ ရုပ်သွင်တစ်ခု ကွေးနေတာကို မသဲမကွဲ မြင်တွေ့နိုင်ပါတယ်။
‘ဒါက ပန်ကူးလား… ဒါနဲ့ ဒီနေရာက ဘယ်နေရာလဲ’
ဟန်ကျွယ် မျက်မှောင်ကြုတ်သွားပြီး မကြာခင်မှာပဲ ဟန်ကျွယ် မြင်ကွင်းထဲကို စာတစ်ကြောင်း ရောက်လာပါတယ်။
[တာအိုမဲ့ဒေသ: ပဋိပက္ခ ပျက်သုဉ်းနယ်မြေ၊ မဟာတာအို စည်းမျဉ်းမရှိသလို ကံတရားလည်း မရှိပါ။ ထို့အပြင် အတိတ်လည်းမရှိသလို အနာဂတ်လည်း မရှိပါ။]
ဟန်ကျွယ်ဟာ မျက်မှောင် ပိုကြုတ်သွားပါတယ်။ ဟန်ကျွယ် ဒီနေရာရဲ့ နာမည်ကို သိလိုက်ရပေမဲ့ ဘယ်မှာရှိနေတယ်ဆိုတာကို မသိရသေးပါဘူး။
ပုံရိပ်ယောင် ကွဲကြေပြီး ဟန်ကျွယ်ဟာ လက်တွေ့ဘဝကို ပြန်ရောက်သွားပါတယ်။ ဟန်ကျွယ်ဟာ ပန်ကူးရဲ့ ပုံရိပ်ကို စစ်ဆေးလိုက်ပါတယ်။
[ပန်ကူး: ကျင့်ကြံမှုမသိ၊ ပဋိပက္ခနတ်ဘီလူး၊ ကောင်းကင်တာအို ဖန်တီးရှင်၊ အရာအားလုံး၏ ဘိုးဘေး၊ နတ်ဘီလူးသတ်သမား။ ပန်ရှင်းအား ထိန်းချုပ်ရန် ချန်ထားခဲ့သော စိတ်ဆန္ဒကို သင် ဖြတ်တောက်လိုက်သဖြင့် ပန်ကူးသည် သင့်အား မကျေမနပ် ဖြစ်သွားခဲ့သည်။ လက်ရှိ မုန်းတီးမှု: ကြယ်တစ်ပွင့်။]
‘ကျင့်ကြံမှုက ဘာဖြစ်လို့ မသိ ဖြစ်နေရတာလဲ… သူက ပြန်မွေးဖွားတာ မဟုတ်ဘူးလား… မဟုတ်မှလွဲရော တကယ် ပြန်မွေးဖွားတာ မဟုတ်ဘဲ ဓမ္မရုပ်တုတစ်ခုများလား…’
ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ပန်ကူး ပြန်မွေးဖွားပြီးရင် ငါ့ကို သတ်နိုင်ဖို့ အချိန်ဘယ်လောက်ယူရမလဲ”
[သက်တမ်း ၁၀၀ ထရီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[သင် ကျင့်ကြံမှု ရပ်လိုက်လျှင် သို့မဟုတ် ပန်ကူး၏ အဓိကခန္ဓာကိုယ် အသက်ပြန်ရှင်လာမှသာ သင့်ကို သတ်နိုင်လိမ့်မည်။]
‘အဓိက ခန္ဓာကိုယ် အသက်ပြန်မရှင်ရင်… ငါ ထင်တော့ ထင်သားပဲ’ ဟန်ကျွယ်ဟာ သက်သာရာ ရသွားပါတယ်။ ဘာပဲဖြစ်ဖြစ် ပန်ကူး လူဝင်စားက ဟန်ကျွယ်ကို မခြိမ်းခြောက်နိုင်ပါဘူး။
ဟန်ကျွယ်ဟာ ပန်ကူးကိစ္စကို ခေါင်းထဲကနေ ရှင်းထုတ်ပြီး စာစောင်တွေကို ဆက်ဖတ်ပါတယ်။
အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးပြီး နောက်ထပ် နှစ် ၃၀,၀၀၀ ကြာသွားပါတယ်။
[လောကဦး အကျဉ်းထောင်သည် အကျဉ်းသားအား ကျွန်ပြုပြီးပါပြီ။]
[ရှန်ပေါင် တာအိုကျင့်ကြံသူသည် သင့်အပေါ် အကောင်းမြင်စိတ် ရှိသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: အမြင့်ဆုံး။]
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။
လောကဦး အကျဉ်းထောင်ထဲမှာရှိတဲ့ ရှန်ပေါင် တာအိုကျင့်ကြံသူက ဝိညာဉ်အခြေအနေမှာ ရှိနေတာပါ။ ဟန်ကျွယ်ဟာ ချိပ်ပိတ်စည်းကို ဖယ်ရှားပေးလိုက်တဲ့အတွက် ရှန်ပေါင်ရဲ့ ခန္ဓာကိုယ်ဟာ ပြန်ပြီးတော့ စုစည်းလာပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ရှန်ပေါင် တာအိုကျင့်ကြံသူရဲ့ ပုံရိပ်ကို စစ်ဆေးလိုက်ပါတယ်။
[ရှန်ပေါင် တာအိုကျင့်ကြံသူ: မဟာတာအို လောကဦးပဋိပက္ခ ထိပ်ဆုံးအဆင့်၊ မဟာတာအို နတ်စိတ်ဝိညာဉ်။ လက်ရှိ မျက်နှာသာပေးမှု: အမြင့်ဆုံးအဆင့်။]
စာက တိုပေမဲ့ လုံလောက်ပါတယ်။ ရှန်ပေါင် တာအိုကျင့်ကြံသူဟာ မဟာဟင်းလင်းပြင်ဝိညာဉ်ထက် အဆင့်လေးတစ်ဆင့်ပဲ ပိုမြင့်တာပါ။ ဒါပေမဲ့ ကျွန်ပြုဖို့က ဆယ်ဆလောက် ပိုကြာပါတယ်။
ရှန်ပေါင် တာအိုကျင့်ကြံသူဟာ ခန္ဓာကိုယ်ကို ပြန်စုစည်းပြီးတဲ့အခါ ဟန်ကျွယ်ရှေ့မှာ ဒူးထောက်ပြီး တလေးတစား ဦးညွှတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ငါ ရှန်ပေါင် တာအိုကျင့်ကြံသူကို သူ ကျွန်ပြုခံရတဲ့အကြောင်း မပြောခိုင်းဘဲ သူ အုပ်ချုပ်တဲ့ နယ်မြေကို ပြန်သွားခိုင်းရင် လောကဦး အကျဉ်းထောင်အကြောင်း ပေါ်သွားနိုင်လား”
ရှန်ပေါင် တာအိုကျင့်ကြံသူကို ဒီမှာပဲ ဆက်နေခိုင်းပြီး မဟာတာအို နတ်စိတ်ဝိညာဉ် လုပ်ခိုင်းတာက ပိုကောင်းပါတယ်။ ကောင်းကင်တာအို တည်ရှိနေတဲ့ ပဋိပက္ခနယ်မြေကို ကာကွယ်ပေးနိုင်တာပေါ့။ ဒီလိုဆို အထက်ကနေ အောက်ခြေအထိ ဟန်ကျွယ်ရဲ့ လူတွေပဲ ဖြစ်ကုန်မှာပါ။
[သက်တမ်း ၂၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[မပေါ်နိုင်ပါ။]
ဟန်ကျွယ်ဟာ ဒီအဖြေကို မြင်ရတဲ့အခါ ချက်ချင်း ပြုံးသွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ရှန်ပေါင် တာအိုကျင့်ကြံသူနဲ့ စကားစမြည် ပြောဆိုပါတယ်။
လေးငါးဆယ်နာရီ အကြာမှာတော့ ရှန်ပေါင် တာအိုကျင့်ကြံသူဟာ ကောင်းကင်တာအိုကနေ ထွက်ခွာပြီး အမှောင်ထုထဲကို ပျံသန်းပျောက်ကွယ်သွားပါတယ်။ ဟန်ကျွယ်ဟာ ရှန်ပေါင် တာအိုကျင့်ကြံသူကို သိသင့်သိထိုက်တာ မှန်သမျှ ပြောပြီးပါပြီ။ နောက်ကျရင် ရှန်ပေါင် တာအိုကျင့်ကြံသူက ဟန်ကျွယ်ရဲ့ အရေးကြီးတဲ့ နယ်ရုပ်တစ်ရုပ် ဖြစ်လာမှာပါ။
အဲဒီနောက် ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်းဆီသွားပြီး ဖုန်းယောင် နတ်ဘီလူးကို လွှတ်ပေးကာ မုရုံချီလက်ထဲ အပ်လိုက်ပါတယ်။
မုရုံချီဟာ နတ်ဘီလူးစစ်တပ်ရဲ့ ခေါင်းဆောင် ဖြစ်နေပါပြီ။ နတ်ဘီလူးတွေက တစ်ယောက်နဲ့ တစ်ယောက် သိပ်မကြည်ပေမဲ့ မုရုံချီကိုတော့ အသိအမှတ်ပြုကြပါတယ်။ သူတို့အကုန်လုံးကို မုရုံချီက လိုအပ်တာတွေ ပြောပြပေးခဲ့တယ် မဟုတ်ပါလား။ နောက်ပြီး ဟန်ကျွယ်က မုရုံချီကို ယုံကြည်တယ်ဆိုတာ သူတို့တွေ ပြောနိုင်ကြပါတယ်။
မုရုံချီကလည်း တိုက်ခိုက်ရေး နတ်ဘီလူးဖြစ်တဲ့အလျောက် အားမနည်းပါဘူး။ မကြာခဏဆိုသလို အသွင်တူ လက်ရည်စမ်းပွဲထဲမှာ ကောင်းကင်နက္ခနတ်ဘီလူးနဲ့ တိုက်ခိုက်လေ့ရှိပါတယ်။
ဟန်ကျွယ်ဟာ လီယောင်နဲ့ စကားခဏပြောပြီး ရန်တုရဲ့ ကျင့်ကြံခြင်းလိုဏ်ဂူကို သွားပါတယ်။
ဒီရှည်ကြာတဲ့နှစ်တွေမှာ ရန်တုဟာ စိတ်ကျရောဂါဖြစ်လုနီး ဖြစ်နေပါပြီ။ နတ်ဘီလူးတွေ ပိုပိုပေါ်လာတာနဲ့အမျှ သူ့အရည်အချင်းက ဒီနေရာမှာ ပိုပိုပြီးတော့ အရာမရောက်တော့ပါဘူး။ သူကိုယ်တိုင်တောင် မထိုက်တန်ဘူးလို့ ခံစားလာရပါတယ်။ ဟန်ကျွယ်က သူ့သွေးစည်းကို ပြောင်းပေးနိုင်တယ်ဆိုပေမဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ တာအိုပညာရှိအတုအဆင့်ကို ရောက်ဖို့တောင် ရန်တုဟာ မျှော်လင့်ချက် မရှိတော့သလောက်ပါပဲ။
ရန်တုဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် ချက်ချင်း ဒူးထောက်လိုက်ပါတယ်။ ရန်တုဟာ သူဘာရတော့မယ်ဆိုတာကို သိနေတဲ့အတွက် အရမ်းကို စိတ်လှုပ်ရှားသွားပါတယ်။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “ငါ ဒီနှစ်တွေမှာ မင်းကို ခံစားစေခဲ့မိပြီ၊ ငါ မင်း ဘယ်လိုခံစားရတယ်ဆိုတာ နားလည်ပါတယ်၊ ဒါပေမဲ့ မင်း ဒီခံစားချက်ကို မေ့မပစ်ဖို့ ငါ မျှော်လင့်တယ်၊ မင်းရဲ့ အရည်အချင်းက ဘယ်လောက်ပဲ ထက်မြက်ထက်မြက် ကြိုးစားကျင့်ကြံတာကို လျှော့လိုက်လို့မရဘူး၊ ငါ ပြောတာ နားလည်လား”
ရန်တုက တုန်တုန်ယင်ယင် ပြောလိုက်ပါတယ် “ကျွန်တော် နားလည်ပါတယ်၊ ကျွန်တော် ဘယ်တော့မှ လျော့တိလျော့ရဲ မနေပါဘူး၊ စီနီယာကြောင့်သာ မဟုတ်ရင် ကျွန်တော် သေမျိုးဘဝကနေ မလွတ်ဘဲ အကြိမ်ထောင်ပေါင်းများစွာ ပြန်မွေးဖွားနေရလောက်ပြီ”
ဟန်ကျွယ်ဟာ ဘာမှ ထပ်မပြောတော့ပါဘူး။ ရန်တုရဲ့ ရုပ်ခန္ဓာကိုယ်ကို တစ်ချက်တည်း ဖျက်ဆီးပြီး သူ့ဝိညာဉ်ကို လောကဦးကမ္ဘာထဲ ထည့်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ပင်မတာအိုစက်ကွင်းကို ပြန်ပါတယ်။
ရန်တုဟာ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်အဆင့်ကို ရောက်နေပြီဆိုပေမဲ့ အရည်အချင်းက အကန့်အသတ်ရှိတဲ့အတွက် ကျင့်ကြံမှုအဆင့် တိုးတက်ဖို့ အရမ်းကို ခက်ခဲပါတယ်။ သူ့အရည်အချင်းနဲ့ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် အလယ်အဆင့်ကို ရောက်ဖို့တောင် မျှော်လင့်ချက် သိပ်မရှိပါဘူး။ ဒါက ရန်တု အရည်အချင်းရဲ့ အထက်စည်း အကန့်အသတ်ပါ။
ဟန်ကျွယ်က ဒုတိယ တာအိုစက်ကွင်းမှာ ပင်မတာအိုစက်ကွင်းလောက် တာအိုမဟောကြားတာလည်း ပါပါတယ်။ ဒုတိယ တာအိုစက်ကွင်းရဲ့ စိတ်ဝိညာဉ်ချီ ထူထပ်သိပ်သည်းမှုကြောင့်သာ မဟုတ်ရင် ရန်တုဟာ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ဖြစ်လာဖို့တောင် မျှော်လင့်ချက် မရှိပါဘူး။
ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက်ပေါ်ထိုင်ပြီး ရန်တုရဲ့ ဝိညာဉ်ကို တုကူးနတ်ဘီလူးချီနဲ့ ပေါင်းစပ်လိုက်ပါတယ်။ တုကူးနတ်ဘီလူးကို ရွေးချယ်လိုက်တာ တခြားကြောင့် မဟုတ်ပါဘူး။ နာမည်ချင်း ဆင်တူလို့ပါ။
ဟန်ကျွယ်ဟာ ဓမ္မစွမ်းအားသုံးပြီး ရန်တုကို နတ်ဘီလူးချီနဲ့ ပေါင်းစပ်အောင် ကူညီရင်း တာအိုစတင် ဟောကြားလိုက်ပါတယ်။
ရုတ်တရက် တာအိုဟောကြားမှုက တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲမှာရှိတဲ့ တပည့်တွေကို အချိန်မီ မတုံ့ပြန်စေနိုင်ဘဲ အကုန်လုံး အန္တိမမူလ မဟာတာအိုထဲ နစ်မြောသွားပါတယ်။
ပဋိပက္ခ၊ မဟာတာအိုမျှော်စင်။
အဖြူရောင်ဝတ်စုံနဲ့ ဟန်ယွီဟာ သူ့မြေးတပည့် ချင်လင်းနဲ့အတူ ခန်းမထဲ ဝင်လာပြီး မျှော်စင်သခင် ကျိုးဖန်ကို တွေ့ဆုံပါတယ်။
လက်ရှိကျိုးဖန်ဟာ စပါးအုံးမြွေပုံ ထိုးထားတဲ့ ဝတ်ရုံနက်ကို ဝတ်ဆင်ထားပြီး တော်တော်လေး ဗိုလ်ကျစိုးမိုးတဲ့ ရောင်ဝါကို ထုတ်လွှတ်နေပါတယ်။ ကျိုးဖန်ဟာ အရင်လို တုံးတိုက်တိုက် ကျားကိုက်ကိုက် လူငယ်တစ်ယောက် မဟုတ်တော့ပါဘူး။
ကျိုးဖန်ဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ ဟန်ယွီကို တွေ့လိုက်ရတဲ့အတွက် မျက်လုံးတွေ အရောင်တောက်သွားပါတယ် ‘တော်တော်တူတာပဲ…’
ဟန်ယွီဟာ ဟန်ထော်ထက် ဟန်ကျွယ်နဲ့ ပိုတူပါတယ်။ ကျိုးဖန်ဟာ အလိုလို ဒူးထောက်မိတော့မလိုတောင် ဖြစ်သွားပါတယ်။ ဒါပေမဲ့ အချိန်မီ ပြန်ထိန်းလိုက်နိုင်တာကြောင့် ဘယ်သူမှ သတိမထားမိလိုက်ပါဘူး။
ဟန်ယွီဟာ လက်သီးဆုပ်ပြီး ဦးညွှတ်လိုက်ပါတယ်။
ကျိုးဖန်ဟာ ဟိတ်ဟန်မထားဘဲ ပြောလိုက်ပါတယ် “မင်းရဲ့ ဆရာသခင်က ရှုံဟွာ ဖြစ်နေပြီ၊ သူ့ကို ထပ်ပြီးတော့ မရှာတော့နဲ့၊ မဟုတ်ရင် မင်း ဒုက္ခရောက်လိမ့်မယ်”
‘ရှုံဟွာ…’ ဟန်ယွီဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဟန်ယွီဟာ ပဋိပက္ခမှာနေတာ အတော်ကြာသွားပြီ ဖြစ်တဲ့အတွက် ရှုံဟွာအကြောင်းကို ကြားဖူးနားဝ ရှိပါတယ်။
ရှုံဟွာက ပဋိပက္ခမှာရှိတဲ့ ကျင့်ကြံသူတိုင်းကို ကြောက်လန့်စေတဲ့ တည်ရှိမှုတစ်ခုပါ။ ရှုံဟွာတွေဟာ နေရာတကာ လျှောက်ဖျက်ဆီးပြီး မကောင်းမှုမျိုးစုံကို ကျူးလွန်ကြတဲ့လူတွေပါ။ ဟန်ယွီဟာ သူ့ဆရာသခင် ရှုံဟွာ ဖြစ်သွားတာကို လက်မခံချင်ပါဘူး။ ဒါပေမဲ့ ဖိအားပေးခံရတဲ့ ဖြစ်နိုင်ခြေကို ထည့်တွေးမိလိုက်ပါတယ်။
ချင်လင်းက မေးလိုက်ပါတယ် “တိတ်ဆိတ်ဂိုဏ်းတောင် ရှုံဟွာအင်အားစုကို မထိနိုင်ဘူးလား၊ စီနီယာရဲ့ ဆရာသခင်က ရှုံဟွာ ၁၃ ပါးကို သတ်ပြီးပြီလေ”
ကျိုးဖန်ဟာ ချင်လင်းကို ဝါးစားမတတ် စိုက်ကြည့်ပြီး ဆူပူပါတော့တယ် “ငါ့ဆရာသခင်က မင်းရဲ့ ဆရာဘိုးဘိုး မဟုတ်ဘူးလား၊ ဘယ်လိုလုပ်ပြီး စီနီယာရဲ့ ဆရာသခင်လို့ ခေါ်ရတာလဲ၊ ယဉ်ကျေးမှုတွေ ဘယ်ရောက်ကုန်တာလဲ”
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 754
? Views, Released on December 19, 2024