Chapter – 210
“တိမ်မြူခိုးနန်းတော်၏ကြမ္မာဆိုး”
“အဲ့ဒါက ကျွန်မတို့ကျင့်စဉ်ရဲ့ အားနည်းချက်ကြီး တစ်ခု ဖြစ်နေတာပဲ၊ ဒီက ဆရာဖန်လည်း နားလည်လိမ့်မယ် ထင်ပါတယ် . . .”
“တိုက်ပွဲကြီး ဖြစ်ခဲ့တာကလည်း အဲဒီကျင့်စဉ်ကြောင့်ပဲ . . .”
“အရင်တုန်းကဆိုရင်တိမ်မြူခိုးနန်းတော်မှာ ထိပ်တန်းအဆင့် ပညာရှင်တွေ အများကြီး ရှိတယ်။ ကျွန်မတို့ရဲ့ အဓိကကျင့်စဉ်ကြီးကလည်းအရမ်းအစွမ်းထက်လွန်းတယ်လေ။ ကျွန်မတို့အားလုံးက မိန်းမသားတွေဆိုပေမယ့်ချင်းယန်နယ်ပယ်ကြီး တစ်ခုလုံးကိုတောင် အုပ်စိုးမတတ် စွမ်းအားကြီးခဲ့ကြတယ်။ အဲ့ဒါကြောင့်ပဲ တခြားအင်အားစုတွေက ထိတ်လန့်လာကြတယ်။ အနာဂတ်မှာ ကျွန်မတို့တွေက ချင်းယန်နယ်ပယ် တစ်ခုလုံးကို အုပ်စိုးခြယ်လှယ် လာကြမယ်လို့လည်းထင်နေကြတယ် . . .”
“အဲ့ဒီလို အဖြစ်မျိုး ဘယ်သူကမှ အဖြစ်မခံချင်ကြဘူး။နောက်ဆုံးအင်အားစုတွေက မဟာမိတ်ဖွဲ့ပြီး ကျွန်မတို့ တိမ်မြူခိုး နန်းတော်ကို တိုက်ခိုက်လာကြတယ်။ မဟာမိတ်တပ်ဖွဲ့တွေကို ဝုဖဆိုတဲ့လူက ဦးဆောင်တယ်။ တိုက်ပွဲမှာ ကျွန်မတို့ နန်းတော်က ရဲရင့်တဲ့ အမျိုးသမီး ပညာရှင်တွေ သောင်းနဲ့ချီပြီးကို သေခဲ့ကြရတယ်။ရှေးဆရာမကြီး ၇ ယောက်လည်းသေဆုံးခဲ့တယ်။ တိမ်မြူခိုးနန်းတော် တစ်ခုလုံးလည်း ချက်ချင်းကို ပြိုကွဲမတတ် ဖြစ်သွားတယ်။ ကျွန်မတို့လို အဓိက ဂိုဏ်းဝင်တွေ အချို့ပဲ လွတ်မြောက်နိုင်ခဲ့ကြတယ်။ လူသူကင်းဝေးတဲ့ နေရာတွေမှာ ပုန်းခိုနေကြပြီး ပြန်စုစည်းနိုင်မယ့်အချိန်ကို စောင့်နေကြတာပေါ့ . . .”
ပိုင်ရှင်းယွဲ့သည် စိတ်ဓာတ်မာကြောသော မိန်းမတစ်ဦး ဖြစ်သည့်တိုင် သူမ၏ မျက်လုံးများထဲတွင်ဝမ်းနည်းနေသည့်အရိပ်အယောင်များ ဖြစ်ပေါ်လျက်ရှိသည်။ အပြင်ပန်းအရ သာမန် ဇာတ်လမ်းတစ်ပုဒ် ပြောပြနေသကဲ့သို့ ဖြစ်နေသော်လည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားသော သူမ၏ လက်သီးများအား ကြည့်ခြင်းအားဖြင့် စိတ်ထဲတွင်မကျေမနပ် ဖြစ်နေသည်မှာ ထင်ရှားလွန်းလှပေသည်။
“ဝုဖ ဟုတ်လား . . .”
ရဲရှောင် ရေရွတ်လိုက်သည်။
“ဟုတ်တယ် . . . ဝုဖဆိုတာ ချင်းယန်နယ်ပယ်ရဲ့ နံပါတ် ၁ ထိပ်တန်းပညာရှင် တစ်ယောက်ပဲ။ သူ့ကို ‘ဖျက်ဆီးရေးဘုရင် ဝုဖ’ လို့လည်းခေါ်ကြတယ်။
ပိုင်ရှင်းယွဲ့သည် ဝုဖအကြောင်း ပြောသောအခါ သူမ၏ အသံတွင် မုန်းတီးမှုများအား ပါဝင်လျက်ရှိသည်။
“သူက အဲဒီတိုက်ပွဲမှာ အကောင်းဆုံး အစွမ်းပြခဲ့တယ်။ သူ့ကို ယှဉ်နိုင်မယ့်လူလည်း မရှိခဲ့ဘူး၊ အဲဒီနောက်ပိုင်း သူလည်း ချင်းယန်နယ်ပယ်ရဲ့ နံပါတ် ၁ ထိပ်သီးပညာရှင် ဖြစ်သွားတာပဲ . . .”
ပိုင်ရှင်းယွဲ့သည် ဝုဖအကြောင်းအား မုန်းတီးစိတ်များ အပြည့်ဖြင့်ပြောလိုက်သည်။
ရဲရှောင် ခေါင်းညိတ်၍ –
“ကျုပ်သိပါပြီ . . .”
ဝုဖ ဆိုသည်မှာ ဧကရာဇ်တစ်ပါး၊ ဗိမာန် ၂ ခု၊ အထွတ်အမြတ် နန်းတော် ၃ ခုနှင့် အင်အားစုကြီး ၇ စု ထဲမှ ဧကရာဇ်ပင် ဖြစ်သည်။ အဆိုပါ တိုက်ပွဲမှစ၍ ဝုဖသည် ချင်းယန်နယ်ပယ်၏ အစွမ်းထက်ဆုံး ပညာရှင် ဖြစ်ခဲ့သည် ဆိုသည်ကိုမူ ရဲရှောင် မသိခဲ့ချေ။
“အရင်တုန်းက တိမ်မြူခိုးနန်းတော်မှာ မရေမတွက်နိုင်တဲ့ ထိပ်တန်းအဆင့် ပညာရှင်တွေ ရှိတယ်။ တခြား အင်အားစုတွေထက်ကို ကျွန်မတို့က ပိုပြီး အင်အားတောင့်တယ်။ ဒါပေမယ့်အဖွဲ့တွေ အကုန် စုပေါင်းပြီး တိုက်လာတော့ ကျွန်မတို့လည်း မခံနိုင်တော့ဘူး။ တိုက်ပွဲကြောင့်ကျွန်မတို့ရဲ့ ကျင့်စဉ် ပျက်ဆီးသွားခဲ့တယ်။ ကျွန်မတို့အတွက်တော့ အရမ်းကို ကြီးမားတဲ့ ဆုံးရှုံးမှုကြီးပဲ။ နောက်နှစ်ပေါင်း ၇၀၀၀ လောက်ကြာတော့ ချင်းယန်နယ်ပယ်က အဓိက အင်အားစုကြီးတွေက ပြန်လည် တည်ငြိမ်လာကြတယ်။ မဟာမိတ်ဖွဲ့တာတွေလည်း မရှိတော့ဘူး။ အဲဒီအချိန်ရောက်တော့ ကျွန်မတို့ရဲ့ဂိုဏ်းက အခွင့်အရေး လက်လွတ်မခံဘဲ ချင်းယန်နယ်ပယ်ကို ပြန်သွားခဲ့တယ်။ အခုချိန်မှာ တိမ်မြူခိုးက ချင်းယန်နယ်ပယ်ရဲ့ အင်အားအကောင်းဆုံး အင်အားစုတွေထဲက တစ်ခု ပြန်ဖြစ်လာပြီ . . .”
“ကျင့်စဉ်တွေ ဆုံးရှုံးသွားတော့ ဗိမာန် ၂ ခုကိုကျော်တက်နိုင်မယ့်အခွင့်အရေး ဆုံးရှုံးခဲ့ရတယ်။ အခုကြတော့ ကျွန်မတို့က သူတို့နောက်မှဆိုတော့ တတိယအဆင့်ပေါ့။ ချင်းယန်နယ်ပယ်က သူတို့အားလုံးကို မုန်းတီးနေကြပေမယ့်ကျွန်မတို့ဘက်က သူတို့ကို ပြန်ပြီး မဆန့်ကျင်နိုင်တော့ဘူး . . .”
“ကျွန်မတို့ရဲ့ ဂိုဏ်သားတွေဆိုရင်အမြဲတမ်း ဖိနှိပ်ခံခဲ့ရတယ်။ ကျွန်မတို့ကို လူတွေက မိစ္ဆာနန်းတော်က လူတွေလို့ ခေါ်ကြတယ်လေ။ ကျွန်မတို့လည်း ဘာမှ မတတ်နိုင်တော့ စကားနည်းရန်ဆဲသဘောနဲ့ အရာအားလုံးကို သည်းခံပြီး နေခဲ့ကြတာ ကြာလှပြီ . . .”
“ဒီနောက်ပိုင်း နှစ် ၃၀၀၀ မှာ ကျွန်မတို့ဂိုဏ်း ပြန်ပြီးအင်အားတောင့်လာခဲ့တယ်။ တချို့နေရာတွေကို စိုးမိုးခြယ်လှယ်နိုင်ခဲ့တယ်။ ဒါပေမယ့်အခုလို ပြန်ဖြစ်လာအောင်ကျွန်မတို့ ဘယ်လောက်ထိ ပေးဆပ်ခဲ့ရတယ်ဆိုတာကိုကြ ဘယ်သူမှ မသိကြဘူး . . .”
ပိုင်ရှင်းယွဲ့သည် ကောင်းကင်ထက်ရှိ တိမ်များအား ငေးကြည့်ရင်း သူမတို့၏ ဂိုဏ်းအကြောင်း စီကာပတ်ကုံး ပြောပြနေလေသည်။ ထိုသို့ပြောနေသည့်အချိန်တွင်သူမ၏ မျက်နှာထက်၌ နာကျည်းမုန်း တီးမှုများပေါ်လွင်လျက်ရှိသည်။
ရဲရှောင် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ရင်း –
“ကျုပ်သဘောပေါက်သွားပါပြီ . . .”
ယခု ပိုင်ရှင်းယွဲ့ပြောပြနေသည့်အကြောင်းအရာများအား သူဘာဆိုဘာမှ မသိခဲ့ချေ။ တိမ်မြူခိုး နန်းတော် သည် နာမည်အကြီးဆုံး မိစ္ဆာနန်းတော်တစ်ခု ဟူ၍သာ သိရှိခဲ့သည်။ ထိုနန်းတော်ရှိ မိန်းမများ အားလုံးကိုလည်း ရက်စက်သည့် လူသတ်သမားများ အဖြစ်သာ ထင်မြင်မိခဲ့သည်။ အဖြစ်မှန်များအား ယခုမှသာ သိရခြင်း ဖြစ်သည်။
သို့သော် ပိုင်ရှင်းယွဲ့သည်ရဲရှောင်အား အိတ်သွန်ဖာမှောက်အကုန်လုံး မပြောပြခဲ့သင့်ပေ။
သူမပြောခဲ့သည့်ကိစ္စများသည် ဂိုဏ်းကြီးတစ်ခုလုံး၏ လျှို့ဝှက်ချက်များပင် မဟုတ်ပါလော။ ဖန်ဇီလင်နှင့်ယခုမှသာ ပထမဆုံးအကြိမ်အဖြစ်တွေ့ဖူးခြင်းဖြစ်သော်လည်း ပိုင်ရှင်းယွဲ့သည်အရာအားလုံး ပြောပြခဲ့သည်။ အရေးကြီးဆုံးအချက်မှာ သူမ၏ တပည့်ဖြစ်သူ ဝမ်ရမ်ချုးချုးသည်အပြာရောင်လေနိုင်ငံတော်မှ ဖြစ်ပြီး ထိုနိုင်ငံသည်ဖန်ဇီလင်နေထိုင်ရာ ချန်နိုင်ငံတော်၏ ရန်သူလည်း ဖြစ်သည်။
ရဲရှောင်သည် လင်းပါအို၏ ဧကရာဇ်ဖြစ်ပြီး ဖန်ဇီလင်ဟုပင်လူတိုင်းက သိရှိထားလေသည်။ လင်းပါအိုသည် ချန်နိုင်ငံတော်အပေါ် သစ္စာစောင့်သိမည် ဖြစ်ကြောင်းကိုလည်း အားလုံးအသိဖြစ်သည်။ ဖန်ဇီလင်ဖြစ်စေ၊ ရဲရှောင်ဖြစ်စေ ချန်နိုင်ငံတော်တွင်နေထိုင်သည့်လူတစ်ယောက်ပင်မဟုတ်ပါလော။
သို့သော် ပိုင်ရှင်းယွဲ့မှ အဆိုပါ အကြောင်းအရာများအား အဘယ်အတွက်ေကြာင့် ရဲရှောင်အားပြောပြနေပါသနည်း။
ရဲရှောင် နားမလည်နိုင်အောင်ပင်ဖြစ်နေလေသည်။
“တိမ်မြူခိုးနန်းတော်က ကျင့်စဉ် ပျက်ဆီးသွားတာတောင် ချင်းယန်နယ်ပယ်ရဲ့ အစွမ်းထက်ဆုံး ဂိုဏ်းတွေထဲက တစ်ခုအဖြစ် ရပ်တည်နေတုန်းပဲ။ အဲ့ဒါဘာကြောင့်လဲဆိုတော့ ကျွန်မတို့ရဲ့ ကြိုးစားမှုကြောပေါ့။ ကျွန်မတို့ရဲ့ ကျင့်စဉ်မှာ အားနည်းချက် ရှိတယ်ဆိုပေမယ့်အဲ့ဒီအားနည်းချက်ကို ဖြေရှင်းနိုင်မယ့်နည်းလမ်းက ရှာတွေ့ပြီးသား။ ဂိုဏ်းဖရိုဖရဲဖြစေ်ပြီး ပုန်းအောင်းနေကြတုန်းက ကျွန်မတို့ အဖြေကို အားဖြည့်ကြာပန်းပင်တွေက ကျွန်မတို့ရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်း ရှိနေတာကို သိခဲ့ရတယ်လေ။ ကနဦးအဆင့်ဆို မှင်ရောင် အားဖြည့်ကြာပန်းပင် လိုမယ်။ အလယ်အလတ်အဆင့်ဆို ကျောက်စိမ်းအားဖြည့် ကြာပန်းပင် လိုမယ်။ ဒီထက်မှ ပိုပြီး အဆင့်တက်လာရင် ကျောက်စိမ်းအသက်ဝင်ကြာပန်းပင်ကို လိုလာလိမ့်မယ်။ အားဖြည့် ကြာပန်းပင်တွေကို စိုက်ရတာ အရမ်းခက်တယ်။ အဲ့ဒီအပင်တွေက ရှင်ဖို့မလွယ်ဘူး။ ဒါပေမယ့်နှစ်ထောင်နဲ့ချီပြီး လေ့လာခဲ့တော့ နောက်ဆုံးမှာ အဆင်ပြေမယ့်နည်းလမ်းကို တွေ့ခဲ့တယ် . . .”
“လွန်ခဲ့တဲ့ ၃ နှစ်က ကျွန်မတို့ဆီကို အရမ်းပြင်းထန်တဲ့ ရေခဲမုန်တိုင်း တစ်ခု တိုက်ခတ်လာတယ် . . .”
ပိုင်ရှင်းယွဲ့၏ မျက်လုံးများတွင် ဝမ်းနည်းမှုများ ယှက်သန်းလာပြန်သည်။
“အဲ့ဒီရေခဲမုန်တိုင်းကြောင့်ကျွန်မတို့ဂိုဏ်းရဲ့ ကန့်သတ်နယ်မြေဖြစ်တဲ့ အသက်ဝင်ဥယျာဉ် ပျက်ဆီးခဲ့ရတယ် . . .”
ရဲရှောင်မှ –
“အဲ့ဒီအသက်ဝင်ဥယျာဉ်ဆိုတာ ခင်ဗျားတို့ အားဖြည့်ကြာပန်းပင်တွေ စိုက်ထားတဲ့ နေရာမလား . . .”
ပိုင်ရှင်းယွဲ့ မချိတင်ကဲ ပြုံးလိုက်ရင်း –
“ဟုတ်တယ် . . . အဲဒီနေ့ကကောင်းကင်ထက်ကနေ ကြယ်ကြီးတစ်လုံးက ရွေ့လျားလာတယ်။ မြူခိုးတောင် တစ်ခုလုံး ရုတ်တရက် အရမ်းအေးစက်သွားတာများ အအေးလှိုင်း ဖြတ်သွားသလိုပဲ။ ပညာရှင်တွေ အကုန်လုံးက အကောင်းဆုံး ကြိုးစားပေမယ့်အအေးဒဏ်ကို မရပ်တန့်နိုင်ခဲ့ကြဘူး။ နေ့ဝက်လောက်မှာပဲ သောင်းနဲ့ချီတဲ့ မှင်ရောင်အားဖြည့် ကြာပန်းပင်တွေ၊ ကျောက်စိမ်းအားဖြည့် ကြာပန်းပင်တွေနဲ့ ကျောက်စိမ်းအသက်ဝင်ကြာပန်းပင်တွေ အားလုံးရှိတဲ့ ဥယျာဉ်ကြီးလည်း အေးခဲပြီး ပျက်ဆီးသွားတယ်လေ . . .”
“နောက်ဆုံးတော့ အဲ့ဒီ အအေးလှိုင်းဒဏ်ကြောင့် ကျွန်မတို့မှာ ကြာပန်းတစ်ပွင့်မှ မကျန်တော့ဘူး။ အားလုံး ဆုံးရှုံးခဲ့ရတယ် . . .”
ရဲရှောင်တုန်လှုပ်အံ့ဩစွာဖြင့်-
“တစ်ခုမှတောင် မကျန်ဘူးလား . . .”
“အဲဒီအအေးလှိုင်းက ဘာလဲ။ သာမန်ဆိုရင်တော့ အဲ့ဒီလို အအေးလှိုင်းလောက်ကို မူလတာအိုအဆင့် ပညာရှင် တစ်ယောက်တည်းကတောင်နယ်ပယ် တစ်ခုလုံး မအေးအောင် ခုခံပေးနိုင်တယ်။ ခင်ဗျားတို့ဂိုဏ်းက ပညာရှင်အကုန်လုံးရဲ့ အားနဲ့ ခုခံတာတောင်မရဘူးဆိုတော့ ဘယ်လိုဖြစ်ကြတာလဲ . . .”
“ကျွန်မတို့လည်း မသိဘူး။ အဲ့ဒီအကြောင်းကို ပြန်စဉ်းစားမိတိုင်း အိပ်မက်ဆိုး တစ်ခုလိုပဲ။ အဲဒီ အအေးလှိုင်းရဲ့ အအေးချီဓာတ်က ကမ္ဘာတစ်ခုလုံးကိုတောင် အေးခဲသွားနိုင်တယ်။ ထူးဆန်းတာက အအေးလှိုင်းက မြူခိုးတောင်ကိုပဲသက်ရောက်လာတာ။ ကျွန်မတို့ဂိုဏ်းက မိန်းကလေးတွေလည်း ဒဏ်ရာရခဲ့ကြတယ်။ တချို့ဆိုရေခဲရုပ်တွေဖြစ်ပြီးမြေပြင်ပေါ် ပြုတ်ကျကုန်တာ ခွက်တစ်ခွက်ကျကွဲသွားတဲ့အတိုင်းပဲ . . .”
ပိုင်ရှင်းယွဲ့သည်ဝမ်းနည်းပက်လက်ဖြင့်ပြောလိုက်သည်။
ရဲရှောင်လည်း အံ့သြတကြီးပင်ဖြစ်နေပါတော့သည်။