Chapter – 209
“ရှင်လုပ်နိုင်ပါတယ်”
ရှောင်ဧကရာဇ်မှ –
“အခုဆိုရင် ထင်ပေါ်ကျာ်ကြားတဲ့ လူတွေက သူတို့ရဲ့ နာမည် ပေါ်လွင်လာအောင် ပိုကြိုးစားလာကြတယ်။ ငါတို့ သူ့နာမည်ကို မင်းနာမည်နဲ့ တွဲထားလိုက်မယ် ဆိုရင် ဘယ်လိုလဲ။ အဲဒါဆိုရင်အင်အားစုတော်တော်များများက မင်းကို ရှိန်နေကြတော့ သူ့ကိုလည်း နှောင့်ယှက်ရဲကြမှာ မဟုတ်ဘူး . . .”
ကျွင့်ယင်းလျန်သည်မျက်လုံးအဝိုင်းသားဖြင့်-
“အဲ့ဒီလို လုပ်ရင်ပဲကောင်းမလား . . .”
ရဲရှောင်မှ –
“မင်းက တိမ်မြူခိုးနန်းတော်က လူတွေအကုန်လုံးကို ကာကွယ်ပေးချင်တာမဟုတ်ဘူး။ အဲဒီကောင်မလေး တစ်ယောက်တည်းကိုပဲ သဘောကျနေတာ ဟုတ်တယ်မလား . . .”
ကျွင့်ယင်းလျန်သည်ခေါင်းညိတ်ပြလိုက်ရင်း –
“အင်း . . .ဟုတ်တယ် . . .”
ရဲရှောင်မျက်မှောင်ကြုတ်လိုက်ရင်း –
“အင်း . . . အဲ့ဒါဆိုရင်တိမ်မြူခိုး ပိုင်ရှင်းယွဲ့ အဆုံးမရှိကောင်းကင် ကျွင့်ယင်းလျန်။ အဲဒီလို နာမည်ပေးလိုက်မယ် ဆိုရင်ရော . . .”
ကျွင့်ယင်းလျန်သည်အားရဝမ်းသာဖြင့်ပင်-
“ကောင်းလိုက်တာ . . . တကယ်ကောင်းတယ်၊ အဆုံးမရှိကောင်းကင် ကျွင့်ယင်းလျန်။ ဒါနဲ့ ရှင့်နာမည်ရော မထည့်တော့ဘူးလား . . .”
ရဲရှောင်ခေါင်းခါယမ်းလိုက်ရင်း –
“မင်းတို့ နှစ်ယောက် နာမည်ထည့်တာပဲ ကောင်းပါတယ်။ ငါတော့ မပါသေးဘူး . . .”
“ရှင့်နာမည် ထည့်လိုက်ရင် ပိုပြီးကောင်းမယ်ထင်တယ်။ ဒီလိုဆိုရင်ရော တိမ်မြူခိုး ပိုင်ရှင်းယွဲ့၊ အဆုံးမရှိကောင်းကင် ကျွင့်ယင်းလျန်၊ မုန်တိုင်း ရှောင်ဧကရာဇ်။ အဲ့ဒါဆိုရင် တော်တော် ပြည့်စုံသွားမှာ။ အဲ့ဒီစကားစုကို ကြားတာနဲ့ ဘယ်သူမှ ကျွန်မတို့ကို နှောင့်ယှက်ရဲတော့မှာ မဟုတ်ဘူး . . .”
ကျွင့်ယင်းလျန်သည်အားတက်သရောဖြင့်ပင်ပြောလိုက်သည်။
ရဲရှောင်လည်းလေသံအေးလေးဖြင့်-
“ထားလိုက်ပါ၊ ငါက ယောကျာ်းတစ်ယောက်လေ။ မင်းအနေနဲ့ ဂရုမစိုက်ဘဲ နေလို့ရမယ် ဆိုရင်တောင် ဟိုကောင်မလေး ကြိုက်မကြိုက်က ထည့်တွက်ရဦးမယ်။ နောက်ပြီး ငါက တစ်ကိုယ်တည်း အေးအေးဆေးဆေး နေချင်တဲ့သူလေ။ မင်းတို့လောက်လည်း ကျောထောက်နောက်ခံ အင်အားလည်း မရှိတော့ ဝင်မပါတော့ပါဘူးကွာ . . .”
ကျွင့်ယင်းလျန်သည်မျက်မှောင်ကြုတ်လျက်-
“အာ . . . ယွဲ့ယွဲ့က ဘာများ ပြောမှာမို့လို့လဲ၊ ဂရုစိုက်စရာလည်း မလိုပါဘူး . . .”
ရဲရှောင်လည်း ဇွဲမလျှော့ဘဲခေါင်းမာနေသော မိန်းကလေးအား ကြည့်ရင်း ပြုံးလိုက်ကာ –
“ကဲပါ . . . အခုတော့ ဒီတိုင်းပဲ ထားလိုက်တော့နော် . . .”
ရဲရှောင်နှင့်ပြောပြီးသည့်အချိန်တွင်ကျွင့်ယင်းလျန်သည် ပိုင်ရှင်းယွဲ့အား အကျိုးအကြောင်း သွားပြောခဲ့သည်။ ထင်သည့်အတိုင်းပင် ပိုင်ရှင်းယွဲ့သည် လက်မခံဘဲ ငြင်းဆန်လိုက်သည်။ ထို့ကြောင့်ပင် ထိုစကားစုအား မည်သူမျှ သိရှိမသွားခဲ့ပေ။
ပိုင်ရှင်းယွဲ့သည် တိမ်မြူခိုးနန်းတော်၏ အတွင်းစည်း ဂိုဏ်းသားတစ်ဦးဖြစ်ပြီး သူမကိုယ်တိုင် ကျင့်ကြံမှုများ ကောင်းစွာ လေ့ကျင့်နိုင်သူ ဖြစ်သည်။ သူမ၏ အနေအထားအရ မည်သူ့ကိုမျှ မှီခိုအားကိုးနေစရာမလိုဟု ယူဆထားလေသည်။ နူးညံ့သိမ်ေမွ့သော မိန်းကလေး တစ်ဦးဖြစ်ရုံသာမကမာနလည်း ကြီးသော မိန်းကလေးတစ်ယောက်ပင်ဖြစ်သည်။
ကျွင့်ယင်းလျန်၏စေတနာအား နားလည်သော်လည်း ငြင်းဆန်ခဲ့လေသည်။
ထို့ကြောင့် ပိုင်ရှင်းယွဲ့နှင့် ကျွင့်ယင်းလျန်တို့ နာမည်ပါဝင်သော အဆိုပါ စကားစုအား မည်သူကမျှ မသိရှိခဲ့ပေ။
နောက်နှစ်အနည်းငယ် ကြာပြီးနောက်တွင်ရဲရှောင်သည် သေဆုံးခဲ့ရသည်။ ထို့ကြောင့်ပိုင်ရှင်းယွဲ့အား မမြင်တွေ့ဘူးလိုက်ပဲ နာမည်သာကြားဖူးခဲ့ရသည်။ ယခုအခါတွင်မူမော်တယ်ကမ္ဘာ၌ မထင်မှတ်ဘဲ ဆုံတွေ့နေရချေပြီ။ ဆန်းကြယ်သော ကံကြမ္မာအား ရဲရှောင်စဉ်းစားနေမိရင်း –
[သူက ကျွင့်ယင်းလျန်ရဲ့ အခင်မင်ရဆုံး မိတ်ဆွေတစ်ယောက်ပါလား၊ မွေးစားညီမလို့တောင် ပြောလို့ရတယ်]
ရဲရှောင်သည်ချောင်းနှစ်ချက်ခန့် ဟန့်လိုက်သည်။ ထို့နောက်ပိုင်ရှင်းယွဲ့အားစေ့စေ့စပ်စပ်ကြည့်လိုက်ရင်း –
[သူပြောနေတဲ့ ပိုင်ရှင်းယွဲ့ဆိုတာ ဒီမိန်းကလေးကိုး . . .]
ပိုင်ရှင်းယွဲ့မှ –
“ရှင့်ကို ကျွန်မ ဒီကို ခေါ်လာရတဲ့ အကြောင်းအရင်းရှိတယ်။ ရှင်ချူးချူးကို ကုပေးခဲ့တဲ့ ခရမ်းရောင်ကောင်းကင် မီးဓာတ် ဆိုတာကို သိချင်လို့ပဲ . . .”
“ရှင်က ဒီမီးတောက်ကို ဆေးလုပ်တဲ့ နေရာမှာ နံပါတ် ၁ မီးတောက်လို့ ပြောခဲ့တယ်နော်။ ရှင် ဟိုကောင်မလေး ချူးချူးကိုသာ အရူးလုပ်လို့ ရချင်ရမယ်။ ဒါပေမယ့်ကျွန်မကိုတော့ အရူးလုပ်လို့မရဘူး ဆိုတာ ရှင်သိမှာပါ . . .”
ရဲရှောင် ပြုံးလိုက်သည်။ ပိုင်ရှင်းယွဲ့သည်မည်သို့သောလူတစ်ယောက်ဖြစ်သည် ဆိုသည်ကိုလည်းတွေးနေမိသည်။
ကျွင့်ယင်းလျန်ထံမှ သူမ၏ အကြောင်း တစ်ကြိမ်သာ ကြားခဲ့ဖူးပြီး တစ်ခါမျှပင် မတွေ့ခဲ့ဖူးချေ။
ရှင်းယွဲ့သည် မည်သည့်အရာကိုမျှ ဂရုမစိုက်တတ်ဘဲ လိမ္မာပါးနပ်သည့်ဟန်လည်း ရှိသည်။ ထိုကဲ့သို့သော မိန်းကလေးအား လှည့်စားရန်မှာ တော်ရုံ မဖြစ်နိုင်သည့်ကိစ္စတစ်ခုဖြစ်သည်။
သူမ ဂရုမစိုက်သည့် ကိစ္စဆိုလျှင် မေးနေမည်ပင် မဟုတ်ချေ။ ဝမ်ရမ်ချူးချူးသည်ကုသမှုခံယူရာတွင်ရဲရှောင်၏ ထိတွေ့မှုအား ခံလိုက်ရသည်။ ထို့ကြောင့်သူမ၏ စိတ်ထဲတွင်ထိုအချက်အား ဘဝင်မကျခြင်းပင် ဖြစ်နိုင်သည်။ သူမအလေးထားသည့် တပည့်ဖြစ်သူအား ထိ၍သာ ယခုကဲ့သို့ မေးမြန်းနေခြင်း ဖြစ်နိုင်ပေသည်။
ပိုင်ရှင်းယွဲ့နှင့် ရင်ဆိုင်နေရပြီ ဖြစ်သဖြင့် ရဲရှောင်လည်း သူ၏ ဦးနှောက်အား မြန်မြန်ဆန်ဆန် အလုပ်ပေး လိုက်သည်။ မည်ကဲ့သို့ ပြန်ပြောရမည်ကို စဉ်းစားနေခြင်းပင် ဖြစ်သည်။
ပိုင်ရှင်းယွဲ့သည် ဝမ်ရမ်ချူးချူး မဟုတ်ချေ။
ရဲရှောင်အနေဖြင့် ဝမ်ရမ်ချုးချူးအား စိတ်ထဲရှိသည့်အတိုင်းပြောဆို၍ လှည့်စားနိုင်သည်။ ဝမ်ရမ်ချူးချူးအား သူမ၏ အားနည်းချက် အချို့အား ပြောလိုက်ရုံဖြင့်ပင် အနိုင်ရရှိနိုင်လေသည်။ ဒေါသထွက်ခဲ့လျှင်လည်း ရဲရှောင်အဖို့ တုန်လှုပ်စရာ မရှိချေ။ သူ၏ အသက်အန္တရာယ်အား ခြိမ်းခြောက်လာနိုင်သည်အထိ ဖြစ်လာစရာ အကြောင်းမရှိ၍ ဖြစ်သည်။
သို့သော် ယခုမော်တယ်ကမ္ဘာတွင် ပိုင်ရှင်းယွဲ့ မသိနိုင်သည့် ကိစ္စဟူ၍ ရှိမည် မဟုတ်ပေ။ ရဲရှောင် လိမ်လည်ထားသည်ကိုသာ သိရှိသွားမည် ဆိုပါက သူ့အသက်ကို ချက်ချင်းပင် နှုတ်ယူသွားနိုင်သည့်အခြေအနေပင်ရှိသည်။
ဖန်ဇီလင်သည် သူမတို့အဖို့ အရေးပါသည့်လူတစ်ဦး ဖြစ်သည့်တိုင် မလျော်ကန်သည့် အပြုအမူမျိုး လုပ်ခဲ့ကြောင်း သိရှိသွားမည် ဆိုပါက ချက်ချင်းပင်သတ်ပစ်နိုင်ပေသည်။
ရဲရှောင်မှလေသံအေးလေးဖြင့်-
“ခရမ်းရောင် ကောင်းကင်မီးဓာတ်လား . . . ကျုပ်ပြောတာ အမှန်ပါပဲ . . .”
“ကျုပ် ဝမ်ရမ်ချူးချူးကို ပြောခဲ့တဲ့ စကားတွေမှာ ထူးဆန်းတာတွေ ပါကောင်း ပါနေခဲ့လိမ့်မယ်။ ဒါပေမယ့်အဲဒီတုန်းက အခြေအနေကလည်း ခင်ဗျား တပည့်က ကျုပ်ကို ဖမ်းထားတာကိုး။ ကျုပ်ကလည်း လွတ်ချင်တော့ ကျုပ်တတ်ထားတဲ့ ပညာနဲ့ ခင်ဗျားတို့ဂိုဏ်းရဲ့ ကျင့်စဉ်ကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါကို ကုပေးနိုင်တဲ့အကြောင်း ပြောခဲ့တယ်လေ။ အမှန်တကယ်ဆို ကျုပ်ကကျုပ်ရဲ့ ကျင့်စဉ်ကို တခြားလူတွေအပေါ် သုံးချင်တာ မဟုတ်ဘူး . . .”
ရဲရှောင်လည်း ဆင်ဝှေ့ရန်ရှောင်သဘောမျိုးဖြင့်ပြောလိုက်သည်။ ထို့အတွက်ပိုင်ရှင်းယွဲ့ဘက်မှလည်း သံသယ ဖြစ်ဟန် မရှိချေ။
ပိုင်ရှင်းယွဲ့သည်သူမ၏ခေါင်းအား ငုံ့ထားပြီး သက်ပြင်းချလိုက်ကာ –
“ဒါပေါ့ . . . ဘယ်သူမဆို ကိုယ့်လျှို့ဝှက်ချက်ကို ဘယ်ပြောပြချင်ပါ့မလဲ။ ရှင့်မှာသာ တိမ်မြူခိုး နန်းတော်ရဲ့ ပြဿနာကို ဖြေရှင်းနိုင်တဲ့ နည်းလမ်း ရှိနေတာသာ သိသွားရင် ရှင့်တစ်ဆွေလုံး တစ်မျိုးလုံး ဒုက္ခရောက်သွားမှာ သေချာတယ်။ ရှင်ကျွန်မတို့ ဆီ ရောက်လာရင်လည်း ကျွန်မတို့ကတော့ မသတ်ပေမယ့်ရှင့်ကို တစ်သက်လုံး ပြန်လွှတ်ပေးတော့မှာ မဟုတ်ဘူး . . .”
သူ၏ စကားအသွားအလာ အနည်းငယ် မှားသွားကြောင်း ရဲရှောင်သတိပြုမိသွားတယ်။ ထို့ကြောင့်ချက်ချင်းပင်ပြန်အဖတ်ဆယ်လိုက်သည့်သဘောဖြင့်-
“ကျုပ်ကို အထင်မလွဲပါနဲ့၊ ကျုပ်က ခင်ဗျားတို့ ရောဂါရဲ့ ကနဦးအဆင့်ကိုပဲ ယာယီ ထိန်းချုပ်ပေးထားနိုင်တဲ့ သဘောပါ။ ခင်ဗျားလို အဆင့်မြင့် ပညာရှင်မျိုးကိုကြ ကုပေးနိုင်ပါ့မလားတောင် မသိဘူး။ ကျုပ်ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် မရှိဘူး ဖြစ်နေတယ်ဗျာ . . .”
“ရှင်ကုနိုင်မှာပါ . . .”
ပိုင်ရှင်းယွဲ့သည်ရဲရှောင်အား အပြည့်အဝ ယုံကြည်ဟန်ဖြင့်ပြောလိုက်သည်။
“ကျွန်မရှင့်ကို သေချာ စစ်ဆေးကြည့်ပြီးပြီ။ ရှင်က ကျွန်မရောဂါကို ကုပေးနိုင်စွမ်း ရှိတယ်။ ဒီလိုမှမဟုတ်ရင် ကျွန်မ ရှင်နဲ့ အခုလို အေးအေးဆေးဆေး စကားပြောနေစရာ အကြောင်းတောင် မရှိဘူး။ ရှင့်မှာ အရမ်းကို သိပ်သည်းပြင်းထန်တဲ့ ချီဓာတ်တစ်မျိုး ရှိနေတယ်။ ဒီလို ချီဓာတ်မျိုး ဘယ်သူ့ဆီမှာမှ ကျွန်မ မမြင်ဖူးခဲ့ဘူး။နောက်ထပ်အံ့သြစရာကောင်းတာက ရှင်က ရေခဲစွမ်းအားရော၊ သန့်စင်တဲ့ ယန်စွမ်းအားကိုပါ တစ်ပြိုင်တည်း ထိန်းချုပ်နိုင်နေတာပဲ . . .”
ရှင်းယွဲ့သည်သက်ပြင်းတစ်ချက် ချလိုက်ရင်း –
“ကျွန်မတို့ တိမ်မြူခိုးနန်းတော်မှာ ကျင့်စဉ် ၃ မျိုးရှိတယ်။ အစွမ်းထက်ဆုံးကတော့ ကျွန်မကျင့်တဲ့ ကျင့်စဉ်ပေါ့။ ဒါပေမယ့်တိုက်ပွဲကြီးတစ်ခု ဖြစ်ပြီးတော့ ကျွန်မတို့ရဲ့ ကျင့်စဉ်အချို့ ဆုံးရှုံးခဲ့ရတယ် . . .”
ရဲရှောင်စိတ်ဝင်စားသွားဟန်ဖြင့်-
“ခင်ဗျားတို့ရဲ့ ကျင့်စဉ်အချို့ ဆုံးရှုံးခဲ့ရတယ် ဟုတ်လား . . .”
ပိုင်ရှင်းယွဲ့သည်ခေါင်းညိတ်ပြလိုက်ရင်း –
“ဟုတ်တယ် . . .နောက်ပိုင်းကြ ကျွန်မတို့ရဲ့ ရှေးဆရာမကြီးတွေက အချိန်တွေ အင်အားတွေ အများကြီး စိုက်ထုတ်ပြီး ကျင့်စဉ်ကို ပြီးပြည့်စုံအောင် ပြန်ကြိုးစားခဲ့ကြတယ်။ နောက်ဆုံးတော့လည်း အောင်မြင်သွားခဲ့တယ်လေ . . .”
“ဒါပေမဲ့ အရင်ကျင့်စဉ်လိုတော့ မဟုတ်တော့ဘူး။ အဲဒီအချိန်ကစပြီး ကျွန်မတို့ ကျင့်စဉ်မှာ ချို့ယွင်းချက်တစ်ခု ပေါ်လာတယ်. . .”
“အဲဒီကျင့်စဉ်ကို ကျင့်တဲ့ ဘယ်သူမဆို အရမ်းအစွမ်းထက်လာတာ မှန်ပေမယ့်မှင်ရောင် အားဖြည့်ကြာပန်း၊ ကျောက်စိမ်းအားဖြည့် ကြာပန်းနဲ့ ကျောက်စိမ်းအသက်ဝင်ကြာပန်းတို့ကို လိုအပ်လာကြတယ် . . .”
ပိုင်ရှင်းယွဲ့သည်ရဲရှောင်အား ရီဝေသော အကြည့်များဖြင့်ကြည့်ရင်းပြောလိုက်ပါတော့သည်။