Chapter – 208
“ပိုင်ရှင်းယွဲ့”
ဆရာဖြစ်သူ အမျိုးသမီးသည် ခပ်ဆိတ်ဆိတ်ဖြင့်သာ ရဲရှောင်ပြောသမျှ နားထောင်နေလေသည်။ ထို့နောက် ချူးချူးဘက်သို့ လှည့်ကြည့်လိုက်ပြီးနောက် ရဲရှောင်အား –
“အခုလောလောဆယ်တော့ ချူးချူး ကျောက်စိမ်းအားဖြည့် ကြာပန်းပင် လိုလာတဲ့အထိ ရှင်က အသုံးဝင်နေသေးတယ်။ နောက်ပိုင်းကျရင်တော့ သူ့အပေါ်မှာပဲ မူတည်တော့မယ် . . .”
“ကျွန်မ ရှင့်ကို သတ်တော့မလိုပဲ။ ရှင့်ရဲ့ နောက်ဆုံးစကားကသာ စက္ကန့်ဝက်လောက် နောက်ကျ သွားမယ်ဆိုရင် အခုနေ ရှင့်အလောင်းတောင် ရှာရမှာ မဟုတ်ဘူး . . .”
ရဲရှောင်မှ တည်ငြိမ်စွာဖြင့်-
“ကျုပ်သိပါတယ်။ အဲဒါကြောင့်ပဲ ပြောလိုက်တာပေါ့။ ဒါပေမဲ့ ကျုပ်ဘက်က ဘာမှမပြောရင်တောင် ခင်ဗျားကျုပ်ကို တကယ်သတ်မှာ မဟုတ်ပါဘူး . . .”
အမျိုးသမီးသည်မျက်မှောင်ကြုတ်လျက်-
“အခုချိန်မှာတော့ ရှင့်ကို မသေစေချင်သေးတာ အမှန်ပဲ။ ရှင်က ကျွန်မတို့အတွက် အရေးပါတဲ့ လူပဲလေ . . .”
ရဲရှောင် သက်ပြင်းချလိုက်ရင်း –
“ခင်ဗျားက ခင်ဗျားရဲ့ အသက်ကို တန်ဖိုးမထားဘူး၊ တကယ်တော့ ကျုပ်အကူအညီတောင် မလိုပါဘူး။ ဒါပေမယ့်ခင်ဗျားတပည့် ချူးချူးကတော့ ကျုပ်အကူအညီမပါဘဲ ဘယ်လိုမှ ရှေ့ဆက်နိုင်မှာ မဟုတ်ဘူး။ ကျုပ်က ကျောက်စိမ်းအားဖြည့် ကြာပန်းပင်ကို လက်ဆောင်ပေးမှာဆိုတော့ ကျုပ်လက်ဆောင်ကို ခင်ဗျားတို့ပေါ့သေးသေးတော့ မမှတ်စေလိုဘူး . . .”
“သွယ်လျတဲ့ခန္ဓာကိုယ်၊ သန့်ရှင်းတဲ့ အပျိုစင်၊ အချစ်မရှိဘူးဆိုတာကို နှလုံးသားထဲကနေကို နတ်ဘုရားများအား တိုင်တည်ဝံ့ပါတယ် . . .”
ဆရာဖြစ်သူ သက်ပြင်းချလိုက်ရင်း ဝမ်းနည်းနေသည့်အမူအယာဖြင့်ရေရွတ်လိုက်သည်။
ရဲရှောင်လည်း မျက်မှောင်ကြုတ်လိုက်ရင်း –
“ဒီစကားက ရှုပ်ထွေးလိုက်တာ၊ နားလည်ရ ခက်နေသလိုပဲ . . .”
ဝမ်ရမ်ချူးချူးသည်လည်း ရဲရှောင် နှင့်ဆရာဖြစ်သူကြားတွင်စိတ်ရှုပ်ထွေးလျက်ရှိသည်။
ရဲရှောင်မှ အမျိုးသမီးအား –
“ကျုပ်တကယ်ကို နားမလည်လို့ ခင်ဗျား အဲဒီစကားကို ရှင်းပြပေးပါလား . . .”
အမျိုးသမီးမှ သက်ပြင်းချလိုက်ရင်း –
“စိတ်မရှိပါနဲ့ . . .”
ရဲရှောင်သည် အမျိုးသမီးအား ကြည့်ရင်း တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားလိုက်ရသည်။နောက်ထပ်စကား ထပ်မံပြောရန်ဟန်ပြင်လိုက်သည့်အချိန်မှာပင်သူ၏ အမြင်အာရုံများသည်ဝေဝါးသွားပြီးခေါင်းလည်း ချာချာလည်အောင်မူးဝေသွားခဲ့သည်။ ထို့နောက်မြေပြင်ပေါ်သို့ “ဘုန်း” ခနဲမြည်အောင်ပင်လဲကျသွားလေသည်။
လဲမကျခင်အချိန်တွင်ဝမ်ရမ်ချူးချူး၏ နှုတ်မှ “မလုပ်ပါနဲ့ဆရာ . . . မလုပ်နဲ့ . . .” ဟူသည့် အသံကိုသာ နောက်ဆုံး ကြားလိုက်ရပါတော့သည်။
ရဲရှောင်သတိပြန်ရလာသည့်အခါ မွှေးပျံ့သော ရနံ့တစ်ခုအား ရှူရှိုက်လိုက်မိသည်။
မျက်လုံး ဖွင့်ကြည့်စရာ မလိုအောင်ပင်သူရောက်ရှိနေသည့် နေရာအား သိလိုက်သည်။ ဝမ်ရမ်ချူးချူး၏ နေရာပင် ဖြစ်ပြီး ယခုရောက်ရှိနေသည့် အခန်းမှာလည်း ယခင် ဝမ်ရမ်ချူးချူး သူ့အား ဖမ်းလာခဲ့သည့် အခန်းပင် ဖြစ်သည်။
ရဲရှောင်၏ စိတ်ထဲတွင် –
[ဒီနေရာနဲ့ ငါနဲ့ ရေစက်ရှိတယ် ထင်တယ်။ ဒီနေရာကိုရောက်တာ နှစ်ခေါက်တိတိ ရှိနေပြီ။ နှစ်ခေါက်လုံးလည်း ငါသတိမေ့နေတာချည်းပဲ။ ဒီတစ်ခေါက်ရော ကောင်းကောင်းမွန်မွန်နဲ့ လွတ်မြောက်နိုင်ပါ့မလား မသိပါဘူး . . .]
ရဲရှောင်လည်း သူ၏ ခေါင်းအား ကိုင်လိုက်ပြီး ငုတ်တုပ်ထထိုင်လိုက်ကာ –
“ကျုပ်မလိုက်ချင်ဘူးလုိ့ တစ်ခွန်းမှ မပြောခဲ့ဘူး။ အဲဒါတောင်မှ ဒီလို ဖမ်းလာတယ်တဲ့လား။ ခင်ဗျားတို့ကဘာလဲ၊ ကျုပ်ကို အနိုင်ကျင့်ချင်တာလား။ တွန်းအား ပေးချင်နေတာလား . . .”
ထိုအချိန်တွင်ညင်သာသော အသံတစ်ခုအား ကြားလိုက်ရသည်။
“စိတ်မရှိပါနဲ့ . . .”
ရဲရှောင် စိတ်အလိုမကျသည့်ဟန်ဖြင့် –
“ခင်ဗျားပဲကိုး . . .”
အခန်းထဲတွင် ရှိနေသည်မှာ ဝမ်ရမ်ချူးချူး မဟုတ်ဘဲ လျှို့ဝှက်ဆန်းကြယ်လှသော သူမ၏ ဆရာဖြစ်သူ အမျိုးသမီးပင် ဖြစ်သည်။
အမျိုးသမီးမှ ခေါင်းညိတ်လိုက်ရင်း –
“ဟုတ်ပါတယ် . . .”
ရဲရှောင် မကျေမချမ်းဖြင့် –
“ခင်ဗျားက ကျုပ်ကို ဘာလို့ ဖမ်းလာရတာလဲ။ ခင်ဗျားကို ကုပေးစေချင်လို့လား . . .”
ရဲရှောင်၏ စကားကြောင့်အမျိုးသမီးသည်ရှက်လည်း ရှက်ဒေါသလည်း ထွက်သွားလေသည်။ ထို့နောက်အသံမာမာဖြင့်-
“ကျွန်မကို ကုစရာ မလိုပါဘူး။ ကုလည်းမကုချင်ဘူး။ အခုလည်း မလိုဘူး။ နောက်လည်း လိုမှာ မဟုတ်ဘူး။ ရှင့်ကို မေးစရာလေး နည်းနည်း ရှိလို့ ခေါ်လာတာ . . .”
ရဲရှောင် ခေါင်းညိတ်ပြလိုက်ရင်း –
“ဟုတ်ပါပြီ . . . ဒါနဲ့ ခင်ဗျားနာမည်တောင် ကျုပ်ကို မပြောရသေးဘူးနော်။ ခင်ဗျား နာမည်က ဘယ်သူလဲ . . .”
အမျိုးသမီးမှ –
“ကျွန်မနာမည် ပိုင်ရှင်းယွဲ့ပါ . . .”
ရဲရှောင်သည် အဆိုပါ နာမည်အား ကြားလိုက်သောအခါ ရုတ်တရက် တုန်လှုပ်သွားပြီး မျက်နှာ တစ်ခုလုံးသည်လည်း သွေးမရှိတော့သကဲ့သို့ ဖြူဖတ်ဖြူရော် ဖြစ်သွားလေသည်။ သို့သော်ချက်ချင်းပင် အိနြေ္ဒပြန်ဆည်လိုက်သည်။ ရှောင်ဧကရာဇ်အဖို့ ထိုကဲ့သို့သော အမူအယာမျိုး ဖြစ်ခဲလှပေသည်။ ထို့နောက်ချောင်းတစ်ချက်နှစ်ချက်ခန့်ဟန့်လိုက်ရင်း –
“ပိုင်ရှင်းယွဲ့ . . . နာမည်က တော်တော် လှတာပဲ . . .”
ပိုင်ရှင်းယွဲ့သည် ရဲရှောင်အား ထူးဆန်းသကဲ့သို့ ကြည့်ရင်း –
“ဖန်ဇီလင် . . . ရှင်ကျွန်မ နာမည်ကြားလိုက်ရတုန်းက ဘာလို့ မျက်နှာပျက်သွားတာလဲ။မျက်နှာကသွေးမရှိတော့သလိုတောင်ဖြစ်သွားတယ်နော်။ ရှင့်ကိုယ်ရှင် ချက်ချင်း ပြန်ထိန်းလိုက်ပေမယ့်ကျွန်မ သတိမထားမိလိုက်ဘူးများ ထင်နေလား။ ကျွန်မနာမည်က ရှင့်အတွက် ဘာများ ထူးဆန်းနေလို့လဲ . . .”
ရဲရှောင်သည်ပြုံးလိုက်ရင်း –
“ဘာမှ မထူးဆန်းပါဘူး၊ အရင်က ကြားဖူးမိလို့ပါ . . .”
“ဟင် . . . တကယ်လား၊ ဘယ်သူ့ဆီကနေ ကြားဖူးတာလဲ . . .”
ပိုင်ရှင်းယွဲ့သည်စိတ်ဝင်တစားဖြင့် မေးလိုက်သည်။
ရဲရှောင်မှ –
“တိမ်မြူခိုး ပိုင်ရှင်းယွဲ့ . . .”
ရဲရှောင်၏ စကားအဆုံးတွင်ပိုင်ရှင်းယွဲ့၏ နှုတ်မှလည်း –
“အဆုံးမရှိကောင်းကင် ကျွင့်ယင်းလျန် . . . ရှင်အစ်မကျွင့်ကို သိနေတာလား . . .”
ရဲရှောင်၏ နှလုံးသားတစ်ခုလုံးအား အပ်အစင်းေပါင်းများစွာဖြင့်ထိုးဆွလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ ထို့နောက် သူ၏ ခေါင်းအား ခါယမ်းလိုက်ရင်း –
“ကျုပ်ခင်ဗျား အစ်မကျွင့်ကို မသိပါဘူး . . .”
ပိုင်ရှင်းယွဲ့မှ –
“ချင်းယန်နယ်ပယ် အကြောင်းကို ရှင်သိနေတာ ကျွန်မ မအံ့သြဘူး။ ဒါပေမယ့်ဒီစကားစု နှစ်စုကို သိတဲ့လူဆိုလို့ လက်ချိုးရေတွက်လို့ ရတယ်။ ဖန်ဇီလင်ဆိုတဲ့ ရှင် မသိနိုင်တာတော့ သေချာတယ်။ သိတဲ့ လူတွေထဲက တစ်ယောက်ယောက်နဲ့များ ရှင်သိနေတာလား . . .”
ရဲရှောင်မှ –
“ခင်ဗျား နားလည်မှု လွဲနေပြီ။ ကျုပ်သိတာ အစပိုဒ်ကိုပဲ သိတာပါ။ နောက်အပိုဒ်ကတော့ ခင်ဗျား ပြောမှ ပထမဆုံး ကြားဖူးတာပဲ . . .”
ပိုင်ရှင်းယွဲ့မှ –
“တကယ်တော့ ကျွန်မရဲ့ အစ်မကျွင့်မှာ အဲ့ဒီလိုနာမည် အစက မရှိဘူး။ သူက သိပ်သနားစရာကောင်းတဲ့ မိန်းမတစ်ယောက်ပါ။ ကျေးဇူးမသိတတ်တဲ့ လူတစ်ယောက်ကြောင့် သူတော်တော် ခံစားခဲ့ရတယ် . . .”
ရဲရှောင်ချောင်းဟန့်လိုက်ရင်း –
“ကျေးဇူးမသိတတ်တဲ့ လူတစ်ယောက် ဟုတ်လား . . .”
“ထူးဆန်းတယ်နော် . . .”
ပိုင်ရှင်းယွဲ့သည်ရဲရှောင်အား ထူးဆန်းသကဲ့သို့ ကြည့်နေလေသည်။
ရဲရှောင်၏ ရင်ထဲတွင်မူ နာကျင်လျက်ရှိသည်။ ကျွင့်ယင်းလျန် ဟူသည့် နာမည်သည် သူ့အတွက်မူ အရင်းနှီးဆုံး နာမည်တစ်ခု ဖြစ်သည်။ သူ မည်သည့်ဘဝသို့ ရောက်နေပါစေကာမူ ထိုနာမည်နှင့် အဆိုပါ မိန်းကလေး၏ အသွင်အပြင်အား ဘယ်ေသာအခါမျှ
မေ့နိုင်လိမ့်မည် မဟုတ်ချေ။
ရဲရှောင် သက်ပြင်းသာ ခိုးချနေမိသည်။ သူ၏ ခေါင်းထဲတွင် ယခင်အတိတ်မှ အကြောင်းအရာအချို့ ခပ်ရေးရေး ပြန်ပေါ်လာလေသည်။
“ကျွန်မ ညီမလေးတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ သူက ကျင့်ကြံမှုပိုင်းမှာ နည်းနည်း အားနည်းနေသေးပေမယ့်တကယ်တော်တဲ့ မိန်းကလေးတစ်ယောက်ပါ။ ကျွန်မကတော့ သူ့ကို သဘောကျနေမိပြီ . . .”
ထိုစကားသည် ကျွင့်ယင်းလျန်မှ ရှောင်ဧကရာဇ်အား ပြောပြခဲ့ခြင်း ဖြစ်သည်။
“သူ့နာမည်က ပိုင်ရှင်းယွဲ့တဲ့၊ သူ့နာမည်လေးကို ကြိုက်လိုက်တာ၊နောက်ပြီး သူ့ရဲ့ စရိုက်နဲ့ ထူးခြားတဲ့ အသွင်အပြင်တွေကိုလည်း သဘောကျတယ်. . .”
“အဲဒါကြောင့် ကျွန်မကတော့ သူ့ကို ညီမလေး တစ်ယောက်လို သဘောထားဖို့ ဆုံးဖြတ်ထားတယ်။ အခုကစပြီး တစ်ယောက်နဲ့တစ်ယောက် ဖေးမ ကူညီပြီးနေသွားကြမယ်။ ကျွန်မတို့ နှစ်ယောက်စလုံးကို ဘယ်သူမှ မနှောင့်ယှက်ရဲအောင်၊ ကျွန်မတို့ နာမည်ကြားလိုက်တာနဲ့တင်ဖိန့်ဖိန့်တုန်သွားရအောင် ရှင်တစ်ခုခု လုပ်ပေးနိုင်မလား . . .”
ကျွင့်ယင်းလျန်သည်ရှောင်ဧကရာဇ်အား အားကိုးတကြီးဖြင့်ပင်မေးခဲ့ခြင်းဖြစ်ပါတော့သည် . . .။