Chapter – 207
“တိမ်မြူခိုးနန်းတော်”
ရဲရှောင် ဂုဏ်ယူသည့်ဟန်ဖြင့် ပြုံးလိုက်ရင်း –
“ဖန်ဇီလင်က ကတိတစ်လုံးကို တန်ဖိုးထားတဲ့ လူတစ်ေယာက်ပါ။ ဖြစ်ရမယ်ဆို ဖြစ်ကိုဖြစ်တယ်။ မင်းတို့ ဂိုဏ်းမှာ ဖြစ်နေတဲ့ ရောဂါကို ငါသိတယ်။ မင်းတို့ရဲ့ လျှို့ဝှက်ချက်ကိုလည်း သိတယ်။ မင်းတို့ဂိုဏ်းက အပျိုစင်ဘဝကို အသက်ထက် ပိုပြီး တန်ဖိုးထားကြတယ်။ နောက်ပြီး မင်းတို့တွေရဲ့ ကျင့်ကြံမှု အဆင့်မြင့် လာတာနဲ့ ဒီကြာပန်းတွေ မရှိဘဲ အသက်မရှင်နိုင်ဘူး။ အဲဒါကြောင့်ပဲ မှင်ရောင်အားဖြည့် ကြာပန်းပင်ကို ကျောက်စိမ်းအားဖြည့် ကြာပန်းပင် ဖြစ်အောင် ငါ ကြိုးစားပေးခဲ့တာပဲ။ အခု မင်းတို့ရဲ့ ပြဿနာတွေကို အနှေးနဲ့အမြန် ဖြေရှင်းနိုင်သွားမှာပါ . . .”
ဝမ်ရမ်ချူးချူးသည် ထိုစကားကို ကြားလိုက်ရသောအခါ အလွန်အမင်း ပျော်ရွှင်သွားလေသည်။ သူမ၏ ပါးပြင်ထက်မှ မျက်ရည်များအား သုတ်လိုက်ပြီးနောက်ဆရာဖြစ်သူ၏ လက်အား ကိုင်ဆွဲရင်း –
“ဆရာ . . . အခုဆို ကျွန်မတို့မှာ ကျောက်စိမ်းအားဖြည့် ကြာပန်းလည်း ရှိနေပြီ။ တခြားလူရဲ့ ထိတွေ့မှုကို ခံစရာလည်း မလိုတော့ဘူး။ ဆရာ့ရဲ့ ရောဂါကို အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်. . .”
“ငါမလိုချင်ဘူး . . .”
ဝမ်ရမ်ချူးချူး၏ စကားမဆုံးသေးခင်မှာပင်ဆရာဖြစ်သူမှ ခေါင်းခါယမ်း၍ ငြင်းလိုက်သည်။ ထိုကဲ့သို့ ငြင်းလိမ့်မည် ဟုလည်း ရဲရှောင် ကြိုတင်တွက်ဆထားပြီးသား ဖြစ်သည်။
“ဆရာ . . . ဘာပြောလိုက်တာလဲ၊ မလိုချင်ဘူး ဟုတ်လား . . . ဒါဆရာ့အတွက် အသက်ရှင်နိုင်မယ့်တစ်ခုတည်းသော မျှော်လင့်ချက်လေ . . .”
ဝမ်ရမ်ချူးချူးသည်ဆရာဖြစ်သူအား ကြည့်ရင်း မယုံကြည်နိုင်လောက်အောင်ပင်ဖြစ်နေသည်။
ဆရာဖြစ်သူမှာမူ ခပ်လှမ်းလှမ်းရှိ တောင်များကိုသာ ငေးကြည့်၍ နှုတ်ဆိတ်နေလေသည်။ သူမ၏ မျက်လုံးများထဲတွင် စိတ်ရှုပ်ထွေးနေသည့်အရိပ်အယောင်များနှင့်ကျေနပ်နေသည့်အရိပ်အယောင်များရောပြွန်းလျက်ရှိသည်။
ဆရာတပည့်နှစ်ဦးအား ကြည့်၍ ရဲရှောင်သက်ပြင်း ချလိုက်ရင်း –
“မင်းဆရာက ဘာလို့ ဒီကျောက်စိမ်းအားဖြည့် ကြာပန်းကို မလိုချင်တာလဲ ဆိုတာ အခုထိ မသိသေးဘူးလား . . .”
“ဘာလို့လဲ . . .”
ဝမ်ရမ်ချူးချူးသည် အဖြေအား အလွန်အမင်း သိချင်နေသည့်အတွက်မဆိုင်းမတွပင်မေးလိုက်သည်။
ဆရာဖြစ်သူမှာမူ ဝမ်ရမ်ချူးချူး၏ ဆံပင်များအား ပွတ်သပ်ရင်း ပြုံး၍သာ ကြည့်နေလေသည်။
ရဲရှောင်မှ တည်ငြိမ်စွာဖြင့်-
“ဘာလို့လဲဆိုတော့ သူ့မှာလည်း ဆရာတစ်ယောက် ရှိခဲ့ပုံပဲ။ သူ့ဆရာလည်း ဒီလို ကျောက်စိမ်း အားဖြည့် ကြာပန်းကို လိုအပ်ခဲ့လိမ့်မယ်။ ဒီထက်အဆင့်မြင့်တဲ့ ကြာပန်းတောင် ဖြစ်ချင် ဖြစ်နိုင်သေးတယ်။ အဲဒီတုန်းကလည်း သူ့ဆရာက သူ့တပည့်ဖြစ်တဲ့ သူ့အတွက်ပဲ သုံးခိုင်းခဲ့ပုံပဲ။ အခုလည်း သူက သူ့တပည့် ဖြစ်တဲ့ မင်းအတွက် ဒီကြာပန်းကို သိမ်းထားစေချင်နေတာ။ မင်းသာ ကောင်းကောင်းကြိုးစားမယ်ဆိုရင် ဒီကြာပန်းက မင်းအတွက် အများကြီး အသုံးဝင်နိုင်တယ်လေ . . .”
“ကျုပ်ပြောတာ ဟုတ်တယ် မဟုတ်လား . . .”
ရဲရှောင်သည်ဆရာဖြစ်သူအား ကြည့်ရင်း မေးလိုက်သည်။
ထိုအခါ ဆရာဖြစ်သူ အမျိုးသမီးသည် သူ့အား အေးစက်သော အကြည့်များဖြင့်လှမ်းကြည့်လိုက်သည်။ သို့သော် ယခုအကြိမ်တွင်မူ ရန်လိုသော အရိပ်အယောင်များ မတွေ့ရတော့ချေ။
“ဆရာ . . .”
ဝမ်ရမ်ချူးချူးသည်ငိုကြွေးလိုက်ပြီး –
“ဒီလိုမလုပ်ပါနဲ့၊ ကျွန်မအတွက်က ဒီလိုလုပ်ဖို့ စောလွန်းသေးပါတယ်။ ဆရာ့အဆင့်ကို ရောက်ဖို့ဆိုတာ ဘယ်လောက်ထိ ကြာဦးမလဲ မသိသေးဘူး။ ကျွန်မအတွက်နဲ့ ဆရာ့ကိုဆရာ ဘာလို့ စတေးခံချင်နေရတာလဲ . . .”
“ဆရာ . . . ဆရာ ကျွန်မအပေါ် အရမ်းကောင်းခဲ့တယ်။ ဆရာကိုယ်တိုင်ကြ ဘယ်တော့မှ ပျော်ပျော်ရွှင်ရွှင် နေတာ မတွေ့ဖူးသေးဘူး။ ဒါပေမယ့်ဒီတစ်ကြိမ်တော့ ကျွန်မ တစ်ကိုယ်ကောင်း မဆန်ပါရစေနဲ့။ အခုဆို နောင်ကြီးဖန်က ကြာပန်းကို အဆင့်မြင့်ပေးလိုက်ပြီ။ ဒါနတ်ဘုရားတွေရဲ့ အလိုကျ ဖြစ်လာတယ် ဆိုတာ ဆရာလည်း သိပါတယ်။ နတ်ဘုရားတွေက ဆရာ့ကို ကောင်းချီးပေးချင်နေကြတာလေ။ ဒီတစ်ခါ တော့ ကျွန်မ တစ်ကိုယ်ကောင်း မဆန်ချင်ဘူး။ လုပ်ပါ ဆရာရယ် . . .”
ဆရာဖြစ်သူသည် ဝမ်ရမ်ချူးချူး၏ ဆံပင်များအား ပွတ်သပ်ရင်းဖြင့် ပြုံးလိုက်ကာ –
“အရူးမလေးပဲ . . .”
ဝမ်ရမ်ချူးချူးသည်ကျယ်လောင်စွာ ငိုကြွေးလိုက်ရင်း –
“ဆရာက ကျွန်မအတွက်ပဲ အမြဲစဉ်းစားနေတယ်။ ဒီတစ်ခါတော့ ဆရာ့ကို ကျွန်မ အလျော့မပေးနိုင်တော့ဘူး။ ကျွန်မကောင်းဖို့အတွက် ဆရာ့ကိုယ်ဆရာ စတေးနေတာကို ဘယ်လိုစိတ်နဲ့ ကျွန်မက တစ်ကိုယ်ကောင်း ဆန်နိုင်ပါ့မလဲ . . .”
ဆရာဖြစ်သူမှ ပြုံးလျက်ပင် –
“ဒါကတော့ ကိုယ်ချစ်တဲ့ လူတွေအတွက်ဆိုရင်ဘယ်လိုပဲ ဖြစ်ဖြစ်စတေးချင်ကြတာ သဘာဝပဲမဟုတ်လား။ ဘာပဲဖြစ်ဖြစ် ငါ့အတွက်က နောက်ကျသွားပါပြီ။ ငါက အခုဆို သေလူပါ။ ငါ့အတွက် ထည့်မတွက်ပါနဲ့ . . .”
“နောက်ကျတယ်ဆိုတာ မရှိပါဘူး ဆရာရယ် . . .”
ဝမ်ရမ်ချူးချူးသည်အားမလျှော့ဘဲ ဆက်ပြောလိုက်သည်။
ဆရာတပည့်နှစ်ဦးအား ကြည့်ရင်း ရဲရှောင်ခေါင်းတယမ်းယမ်းဖြင့်-
“တိမ်မြူခိုးနန်းတော်က ဒီလောက်တောင် ခက်ခဲနေကြတာလား . . .”
ဆရာဖြစ်သူသည် ရုတ်တရက် အံ့အားသင့်သွားပြီး ရဲရှောင်အား လှမ်း၍ စူးစိုက်ကြည့်လိုက်သည်။ ထို့နောက် သူမ၏ မျက်လုံးများသည်လည်း အေးစက်သထက်အေးစက်သွားကာ –
“ရှင်က တကယ့်ကို လူတော်ပဲ။ ကျွန်မတို့ရဲ့ တိမ်မြူခိုးနန်းတော်အကြောင်း သိနေတယ်ပေါ့ . . .”
ရဲရှောင်လည်းပြုံးလိုက်ရင်း –
“မခံယူဝံ့ပါဘူးဗျာ။ ကျုပ်က ကြားဖူးရုံပါ။ ဒါပေမဲ့ တိမ်မြူခိုး နန်းတော်ဆိုတာ ချင်းယန် နယ်ပယ်မှာ နာမည်ကြီး ဂိုဏ်းတစ်ခုပဲ။ ချင်းယန်နယ်ပယ်ရဲ့ အထွတ်အမြတ် နန်းတော်ကြီး သုံးခုထဲက တစ်ခုပေါ့။ တိမ်မြူခိုးနန်းတော်၊ တိမ်ရေခဲနန်းတော်နဲ့ ကျောက်စိမ်းပန်းနန်းတော် ဆိုတာ အထင်ကရ အထွတ်အမြတ် နန်းတော်ကြီးတွေပေါ့။ ကျုပ်အနေနဲ့ ဒီလို ဂိုဏ်းကြီးတွေနဲ့ ဘယ်လိုလုပ်အဆက်အသွယ် ရှိရမှာလဲဗျာ။ မော်တယ်ကမ္ဘာက လူတွေအတွက် အဲဒီနေရာတွေက နတ်ဘုံနတ်နန်းတွေလိုပဲ။ ဒါပေမယ့်အခုလို အသက်တစ်ချောင်း အတွက် ဒီလောက်ထိ ခက်ခဲနေမယ်လို့တော့ ကျုပ်လည်း မထင်ထားခဲ့မိဘူး . . .”
ဆရာဖြစ်သူမှ မျက်မှောင်ကြုတ်လိုက်ရင်း –
“ရှင်က တော်တော်ကို သိထားတာပါလား . . .”
ရဲရှောင် ခေါင်းညိတ်လိုက်ရင်း –
“ထပ်ပြီး သိထားတာတွေ ရှိသေးတယ်။ ခင်ဗျားရဲ့ ပုံစံအရ နန်းတော်မှာ ခင်ဗျားက ကြမ်းကြမ်းတမ်းတမ်း ဖြတ်သန်းလာခဲ့ရပုံပဲ။ ခင်ဗျား ဘယ်လောက်ပဲ အစွမ်းထက်နေထက်နေ ခင်ဗျားရဲ့ ရောဂါကြောင့် တပန်းရှုံးနေမှာ သေချာတယ် . . .”
“အဲဒီလိုတော့လည်း မဟုတ်ပါဘူး . . .”
ဆရာဖြစ်သူမှ ခေါင်းခါယမ်းလိုက်ရင်း စိတ်ဓာတ်ကျနေသည့်ဟန်ဖြင့် ပြောလိုက်သည်။
ရဲရှောင်သည်ပြုံးလျက် –
“စိမ်းပြာရောင် တောင်ကြီးရဲ့ အပေါ်မှာ တောင်တစ်တောင် ရှိတယ်။ အဲဒီတောင်က တိမ်မြူခိုးတွေ ကြားထဲမှာရှိတယ်။ မြူခိုးတွေ ရှိနေခဲ့တာလည်း နှစ်ပေါင်းများစွာကြာပြီ။ ချင်းယန်နယ်ပယ်ရဲ့ တစ်ခုတည်းသော နေရာလို့ပြောရင်လည်း မမှားဘူး . . .”
“တကယ်ကို ထူးခြားတဲ့ နေရာတစ်ခုပဲ . . .”
ရဲရှောင်သည် တိမ်မြူခိုး နန်းတော်အကြောင်း သိရှိသော်လည်း တစ်ကြိမ်တစ်ခါမျှ အသွားအလာ အဆက်အဆံ မပြုလုပ်ခဲ့ဖူးပေ။
ချင်းယန်နယ်ပယ်တွင်ဧကရာဇ်တစ်ပါး၊ ဗိမာန် နှစ်ခု၊ အထွတ်အမြတ် နန်းတော် သုံးခုနှင့် အင်အားစုကြီး ခုနှစ်စုတို့ ရှိကြသည်။
ဧကရာဇ်မှ အရာအားလုံးကို အုပ်စိုးပြီး ဗိမာန် နှစ်ခုသည်တောင်ဘက်တွင်တစ်ခုနှင့် မြောက်ဘက်တွင်တစ်ခု တည်ရှိေလသည်။ အထွတ်အမြတ် နန်းတော် ၃ ခုမှာ မြူခိုးများအတွင်း ရှိနေကြပြီး အင်အားစုကြီး ခုနစ်ခုမှာမူ အောက်ခြေအလွှာတွင် ရှိကြသည်။
ရဲရှောင်၏ ယခင်ဘဝမှ ရန်သူများသည် အင်အားစုကြီး ခုနှစ်စု အနက်မှ အင်အား အကောင်းဆုံး သုံးစုပင် ဖြစ်သည်။
သို့သော် ရှောင်ဧကရာဇ်အား လိုက်လံဖမ်းဆီးပြီးသည့် နောက်ပိုင်းတွင် သူတို့၏ အင်အားသည်ချိနဲ့သွားခဲ့သည်။ ထို့ကြောင့်ပင် အင်အားစုကြီး ခုနှစ်စုအနက်မှ အင်အားအကောင်းဆုံး ထိပ်ဆုံး သုံးနေရာမှ ဖယ်ရှားပေးခဲ့ရသည်။
“ဒါပေမယ့်ခင်ဗျားတို့ တိမ်မြူခိုး နန်းတော်က အင်အားကောင်းတယ် ဆိုရင်တောင် တိမ်ရေခဲနန်းတော်က ခင်ဗျားတို့ကို ကျောချင်နေပြီ ထင်တယ်။ အခုမကျောသေးရင်တောင် နောက်ပိုင်း သေချာပေါက် ကျောလာမှာ အမှန်ပဲ . . .”
“ဘာလို့လဲ ဆိုတာကတော့ ရှင်းပါတယ်။ ခင်ဗျားတို့ တိမ်မြူခိုးနန်းတော်ရဲ့ ပြဿနာက ခင်ဗျားတို့ရဲ့ ကျင့်ကြံမှု ကျင့်စဉ်ပဲ . . .”
ရဲရှောင်ခေတ္တခဏနားလိုက်ပြီးနောက်-
“ကျုပ် ခန့်မှန်းကြည့်ရသလောက်ဆိုရင် မတော်တဆမှု တစ်ခုခုကြောင့် ခင်ဗျားတို့ရဲ့ ဆေးဥယျာဉ် ဒါမှမဟုတ် မှင်ရောင်အားဖြည့် ကြာပန်း၊ ကျောက်စိမ်း အားဖြည့် ကြာပန်းနဲ့ ကျောက်စိမ်း အသက်ဝင်ကြာပန်းပင်တွေ စိုက်ထားတဲ့ နေရာ ပျက်ဆီးသွားတာ ဖြစ်နိုင်တယ်။ ကျုပ်ပြောတာဟုတ်တယ်မလား။ ခင်ဗျားတို့ကြည့်ရတာ ကံဆိုးမိုးမှောင် ကျခဲ့တဲ့ပုံပဲ . . .”
ဆရာဖြစ်သူ အမျိုးသမီးသည် မျက်လုံးအပြူးသားဖြင့် ရဲရှောင်အား ကြည့်နေလေသည်။ ထို့နောက် မျက်မှောင်ကြုတ်လိုက်ရင်း –
“ရှင်က တော်တော်ကြီးကို သိနေပြီ . . .”
သူမ၏ မျက်လုံးများထဲတွင်လည်း ရန်လိုသော အရိပ်အယောင်များ ဖြစ်ပေါ်လာပြန်သည်။
သူမအဖို့ တိမ်မြူခိုးနန်းတော်၏ လျှို့ဝှက်ချက်အတော်များများ သိနေသည့် ယောကျာ်း တစ်ယောက်အား သတ်ဖြတ်ပစ်ရန် ဝန်လေးနေမည် မဟုတ်ချေ။
“ကျုပ်က ထိပ်တန်း ဆေးပညာရှင်တစ်ယောက်လေ။ ကျုပ် ခင်ဗျားတို့ ကြာပန်းကို အဆင့်မြင့်အောင် လုပ်ပေး နိုင်ခဲ့တာကိုပဲ ကြည့်ပေါ့ . . .”
“နောက်ပြီး ကျုပ်သိနေတယ် ဆိုတာတွေကလည်း ချင်းယန်နယ်ပယ်ရဲ့ အခြေခံ အချက်အလက်တွေပါပဲ”
ရဲရှောင် လေသံအေးအေးဖြင့်ပင်ပြောလိုက်ပါတော့သည်။