Chapter – 206
“နှစ်ဝက်သာအချိန်ရတော့ခြင်း”
ရဲရှောင်၏ရှေ့တွင်ရှိသော အမျိုးသမီးသည်အေးစက်မာကြောသော သွင်ပြင်မျိုးရှိသော်လည်း မျက်နှာမှာမူ ထွန်းလင်းတောက်ပနေသော လပြည့်ဝန်းပမာ ကျက်သရေ ရှိလှပေသည်။
သူမသည် အေးစက်သော မျက်လုံးများဖြင့် ရဲရှောင်အား စိုက်ကြည့်လျက်ရှိသည်။
မြင်တွေ့လိုက်ရသည့်မြင်ကွင်းအား ရဲရှောင်သည်မယုံကြည်နိုင်ပင်ဖြစ်နေသောကြောင့်သူ၏ မျက်လုံးများအား ပွတ်သပ်လိုက်ပြီးနောက်တစ်ကြိမ်ပင်ပြန်ကြည့်လိုက်သည်။
ထိုအမျိုးသမီးသည် သူ့အား ရန်လိုနေသည့် အကြည့်မျိုးဖြင့်ကြည့်နေသဖြင့်စိတ်ထဲတွင်-
[သူက ငါ့ကို သတ်မလို့များလား . . .]
“ရှင်က ဖန်ဇီလင်လား . . .”
အမျိုးသမီးသည် ကြည်လင်ပြတ်သားသော အသံဖြင့် မေးလိုက်သည်။ သူမ၏ အသံသည်ဖော်ရွေသော အသံမဟုတ်သော်လည်း တစ်မျိုးတစ်မည် နားဝင်ချိုနေပြန်သည်။
“ကျုပ်က . . .”
ရဲရှောင်သည်ရှေ့ဆက်ပြောရမည့်စကားအား ဆက်မပြောဘဲ အမျိုးသမီး၏ မျက်နှာကိုသာ အချိန်အတော်ကြာ ငေးစိုက်ကြည့်နေမိသည်။
အမျိုးသမီးမှ –
“ရှင်က ဘာကြည့်နေတာလဲ . . .”
ရဲရှောင်ပြုံးလိုက်ရင်း –
“ကျုပ်ခင်ဗျားကိုပဲ ကြည့်နေတာပါ။ ကြည့်တယ်ဆိုတာကလည်း ခင်ဗျားရဲ့ ကျင့်ကြံမှုအဆင့်ကို သိချင်လို့ . . .”
“အဲ့ဒီလို သိချင်ရတယ် ဆိုတာကလည်း ခင်ဗျား သက်တမ်း ဘယ်လောက်ထိ နေရဦးမလဲဆိုတာ ကျုပ်တွက်ဆကြည့်မလို့ပါ . . .”
အမျိုးသမီးသည် အပြင်ပန်းတွင်တည်တည်ငြိမ်ငြိမ်ဖြင့်ရှိနေသော်လည်း သက်တမ်း ဆိုသည့်စကားအား ကြားလိုက်ရသောအခါ အနည်းငယ် စိတ်လှုပ်ရှားသွားသည့်ပုံပင်။
ရဲရှောင်သည်ခေါင်းညိတ်လိုက်ပြီး –
“ခင်ဗျားရဲ့ ပုံစံက သာမန်လိုပါပဲ။ ဒါပေမယ့်ခင်ဗျားရဲ့ အဆင့်က ဒီမော်တယ်ကမ္ဘာမှာ ရှိသင့်တဲ့ အဆင့်ထက် အများကြီး သာလွန်နေတယ်။ ကျုပ်က ခင်ဗျားအဆင့်ကို မသိဘူးလို့များ ခင်ဗျား ထင်နေတာလား။နောက်ပြီး အခုကျုပ်ပြောနေတာတွေက တကယ်မသိဘဲလေကျယ်ပြီးလျှောက်ပြောနေတယ်ထင်နေတာလား . . .”
အမျိုးသမီးမှ –
“မဟုတ်လို့လား . . .”
ရဲရှောင် ခေါင်းခါယမ်း၍ –
“ဘယ်ဟုတ်ပါ့မလဲ . . . သာမန်လူတစ်ေယာက်ကေတာ့ ဝမရှိ ဝိလုပ်ချင်လို့ေလျှာက်ေပြာချင်ပြောမှာေပါ့။ ဒါပေမဲ့ ဖန်ဇီလင်ဆိုတဲ့ ကျုပ်က သာမန်လူတစ်ယောက် မဟုတ်ဘူးဗျ။ ဒီမှာမိန်းကလေး . . . ခင်ဗျားရဲ့ ပုံစံနဲ့ အသက်ရှူသံတွေက ပုံမှန် ဖြစ်နေတုန်းပဲ။ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီးတော့လည်း ဘာမှ စိုးရိမ်စရာ မရှိဘဲ ကျန်းမာတဲ့ ပုံစံပဲ။ ဒါပေမယ့်ခင်ဗျားရဲ့ မျက်လုံးထဲမှာ အပြာရင့်ရောင် သန်းနေတာကို တွေ့ရတယ်။ အဲ့ဒီအပြာရင့်ရောင်က တဖြည်းဖြည်း ပြည့်လာပြီး အဝိုင်းလိုပုံစံတောင် ဖြစ်နေပြီ ဟုတ်တယ်မလား”
အမျိုးသမီးသည် ရဲရှောင်၏ စကားအား လက်ခံဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“သာမန်လူတွေကတော့ မျက်လုံးပြာနေတာကို သတိထားမိမှာ မဟုတ်ဘူး။ အမြင်စူးရှတဲ့ လူဆိုရင်တောင် သတိထားမိမှာ မဟုတ်ဘူး။ အဲ့ဒါကလည်း အပြာရင့်ရောင် သန်းနေတာရဲ့ အကြောင်းရင်းကို နားမလည်လို့ပဲ ဖြစ်မယ်။ ခင်ဗျားက မွေးရာပါ မျက်လုံးပြာလေးနဲ့ လှနေတာလို့လည်း အများစုက ထင်ကောင်း ထင်ကြမှာပေါ့။ ခင်ဗျားကို ပိုပြီး ဆွဲဆောင်မှုရှိသလို ဖြစ်နေစေတယ် ဆိုပေမယ့်ဒါက သဘာဝအလျောက် ဖြစ်လာတာ မဟုတ်ဘူးလေ . . .”
“ခင်ဗျား ကျင့်ကြံတဲ့ ကျင့်စဉ်ကြောင့် ဖြစ်ပေါ်လာရတာပဲ . . .”
“ခင်ဗျားရဲ့ သူငယ်အိမ်က တဖြည်းဖြည်းနဲ့ အပြာရင့်ရောင် ဖြစ်သွားလိမ့်မယ်။ အဲဒီအချိန်ထိ ခင်ဗျား ကျောက်စိမ်းအားဖြည့်ကြာပန်းကို မစားရသေးဘူး ဆိုရင် တော်တော် အန္တရာယ်ကြီးသွားပြီ။ စက္ကန့်မလတ် သေနိုင်တဲ့ အခြေအနေကို ရောက်သွားမှာပဲ . . .”
“အခု ခင်ဗျားရဲ့ သူငယ်အိမ်ကို အပြာရင့်ရောင် ဖုံးလုနီးပါး ဖြစ်နေပြီ . . .”
ရဲရှောင် ပြုံးလိုက်ရင်း –
“အဲဒါကြောင့် ခင်ဗျားအတွက်အချိန်သိပ်မရတော့ဘူး။ အခုနေ ကျင့်ကြံမှုတွေ အားလုံး ရပ်တန့်ပစ်မယ် ဆိုရင်တောင် ခင်ဗျား အသက်ရှင်ဖို့က နှစ်ဝက်ဆိုတာ အလွန်ဆုံးပဲ . . .”
ရဲရှောင် ခဏမျှ နားလိုက်ရင်း –
“ဒါနဲ့ ခင်ဗျားလည်း ခင်ဗျားအခြေအနေကို ခင်ဗျားကိုယ်တိုင် နားလည်ထားပြီးသားလို့ ကျုပ်ထင်ပါတယ်။ ကျုပ်ပြောတာ ဟုတ်တယ်မလား။ ခင်ဗျားပုံစံကြည့်ရတာ သေရမှာကိုလည်း ကြောက်တဲ့ပုံ မပေါ်ဘူး။ တကယ်လေးစားမိပါတယ် . . .”
ဝတ်ရုံဖြူနှင့်အမျိုးသမီးသည် မထူးခြားသည့်ဟန်ဖြင့်မတုန်မလှုပ် ရှိနေတုန်းပင်။ ရဲရှောင်၏ စကားအား ပြန်လည် ဖြေကြားခြင်း မပြုဘဲ နှုတ်ဆိတ်၍သာ နေနေလေသည်။ ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်းပင် မဟုတ်ပါလော။ အမှန်တကယ်တမ်းတွင်လည်း သူမ၏ အသက်အား အရေးမစိုက်ပေ။
“ဘာ . . . ရှင်ဘာပြောလိုက်တာလဲ . . .”
ရဲရှောင်၏ အနောက်မှ အသံစူးစူးတစ်သံ ထွက်ပေါ်လာသည်။
ဝမ်ရမ်ချူးချူးသည် ရဲရှောင်၏ရှေ့သို့ ချက်ချင်း ရောက်ရှိလာပြီး တုန်ယင်သော အသံဖြင့် –
“နောင်ကြီး . . . နောင်ကြီးဖန် . . . ရှင် ပြောတာတွေ အမှန်ပဲလား . . .”
ရဲရှောင်မှ –
“မင်းကိုငါပြောမယ်။ ငါပြောတာတွေ မှန်မမှန်ဆိုတာ ငါလည်း အာမတော့ မခံချင်ဘူး။ နောက်ပြီး ငါ့ကိစ္စလည်း မဟုတ်ဘူး။ အဲဒီတော့ မင်းသိချင်ရင် သူ့ကို မေးကြည့်လေ။ သူ့ကိစ္စ မဟုတ်လား။ သူ့ကိစ္စကို သူအသိဆုံး ဖြစ်မှာပေါ့။ နောက်ပြီး သူက မင်းရဲ့ဆရာ မဟုတ်လား . . .”
ဝမ်ရမ်ချူးချူးသည်သူမ၏ ဆရာဖြစ်သူဖက်သို့ လှည့်လိုက်ရင်း –
“ဆရာ . . . သူပြောတာတွေ အမှန်ပဲလား။ အသက်ရှင်ဖို့ တကယ်နှစ်ဝက်ပဲ အချိန်ရှိတော့တာလားဟင် . . .”
အမျိုးသမီးမှ –
“အဲဒီလောက်တောင် ဖြစ်ချင်မှ ဖြစ်မှာပါ။ အဲဒီတော့လည်း ဘာအရေးတုန်း . . .”
ဝမ်ရမ်ချူးချူးသည် အမျိုးသမီး၏ စကားအား ကြားလိုက်ရသောအခါ တစ်ချက် ရှိုက်လိုက်ရင်း –
“ဒါပေမဲ့ . . . ဆရာရယ် . . . ဘာလို့များ . . .”
အမျိုးသမီးမှ –
“အဲဒါကြောင့်ပဲ ငါမော်တယ်ကမ္ဘာကို ရောက်လာရတာပေါ့ . . .”
ဝမ်ရမ်ချူးချူး၏ မျက်လုံးများမှ မျက်ရည်များ စီးကျလာပြီးနောက် –
“ကျွန်မသိပါတယ် ဆရာ . . . ဆရာက ကုသဖို့လည်း မစဉ်းစားခဲ့ဘူး။ သက်သာအောင်လည်း မနေဘူး။ ဆရာ့ရဲ့ လက်ကျန်အချိန်တွေကို ကျွန်မနဲ့အတူ ကုန်ဆုံးချင်နေတာ မဟုတ်လား . . .”
အမျိုးသမီးသည်ဝမ်ရမ်ချုးချူးအား နူးညံ့သော မျက်ဝန်းများဖြင့်ကြည့်လိုက်ရင်း –
“အဲ့ဒီလို မဟုတ်ပါဘူး . . .”
“ဟုတ်ပါတယ် ဆရာရယ် . . . ဒါပေမယ့်အခု ကျွန်မတို့မှာ လက်တွေ့ကျတဲ့ အဖြေတစ်ခု ရှိနေပြီ မဟုတ်လား။ နောင်ကြီးဖန်ရဲ့ ထိတွေ့မှုကို မခံချင်ဘူး ဆိုရင်တောင်မှ ကျွန်မ မှင်ရောင်အားဖြည့် ကြာပန်းပင်ကို ရှာတွေ့ထားတယ်။ သိပ်မကြာခင် ကျောက်စိမ်းအားဖြည့် ကြာပန်းပင်အဖြစ် ပြောင်းသွားတော့မှာပါ။ မျှော်လင့်ချက် ရှိပါသေးတယ် ဆရာရယ်။ ဘာလို့များ အရှုံးပေးချင် နေရတာလဲ။ ဘာကြောင့်လဲ . . .”
ဝမ်ရမ်ချုးချုးသည် ပြောနေရင်းဖြင့် အရူးတစ်ယောက်ကဲ့သို့ ရှိုက်ကြီးတငင်ငိုလျက်ရှိသည်။
အမျိုးသမီးမှ ကြင်နာသော အကြည့်ဖြင့် ကြည့်ရင်း အတော်ကြာသည်အထိ မည်သည့် စကားမျှမပြောတော့ချေ။
ဆရာတပည့် နှစ်ဦးသည်မျက်နှာချင်းဆိုင် မတ်တတ်ရပ်လျက် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ကြည့်၍ စိတ်မကောင်းဖြစ်နေကြသည်။ တစ်ယောက်၏ မျက်နှာတွင် ပုဝါလွှမ်းခြုံထားပြီးနောက်တစ်ဦးမှာမူ ပုဝါ လွှမ်းခြုံထားခြင်း မရှိပေ။ သူတို့နှစ်ဦး၏ ပုံစံသည်ဆရာတပည့်နှင့် မတူဘဲ ညီအစ်မများနှင့်ပင်တူနေလေသည်။
တကယ်တမ်းတွင်မူ ဆရာဖြစ်သူ အမျိုးသမီးသည်ပို၍ပင် ငယ်ရွယ်နုပျိုလျက် ရှိသည်။ ထိုအမျိုးသမီးအားတွေ့မြင်သည့်မည်သူမဆို ၁၇ နှစ်အရွယ်ခန့် မိန်းကလေးတစ်ဦးဟုသာ ထင်ကြမည်ပေလိမ့်မည်။ ထို့ကြောင့် အမျိုးသမီးဟု ဆိုရခြင်းထက် မိန်းကလေးဟုသာ ပြောခြင်းက ပို၍ သင့်တော်ပေလိမ့်မည်။
သူမသည် ဝမ်ရမ်ချူးချူးအား ချစ်ခြင်းမေတ္တာအပြည့် ပါဝင်သော အကြည့်မျိုးဖြင့် ငေးကြည့်နေလေသည်။ မိခင်ြဖစ်သူမှ သမီးအား ကြည့်နေသော အကြည့်မျိုးနှင့်ပင်တူနေပါသေးသည်။
ငိုကြွေးနေသော ဝမ်ရမ်ချူးချူးသည် ရဲရှောင်ဘက်သို့ လှည့်လိုက်ရင်း –
“နောင်ကြီးဖန် . . . ကျွန်မဆရာကို ကြည့်ပါဦး။ တခြားဖြေရှင်းနိုင်မယ့်နည်းလမ်းလေး ဘာလေးများ မရှိတော့ဘူးလား . . .”
ရဲရှောင် မျက်မှောင်ကြုတ်လိုက်ရင်း –
“မင်းကို ငါ အာမ မခံနိုင်ပေမဲ့ သေချာစစ်ဆေးကြည့်နိုင်မယ်ဆိုရင်တော့ ပိုကောင်းတဲ့ ရလဒ် တစ်ခုခုတော့ ရလာနိုင်မယ် ထင်တာပဲ။ နောက်ပြီး မင်းကို တစ်ခုပြောဦးမယ်။ မင်းအရင်တုန်းက င့ါကို ပေးလိုက်တဲ့ မှင်ရောင်အားဖြည့် ကြာပန်းပင်က ကျောက်စိမ်းအားဖြည့် ကြာပန်း ဖြစ်လာမှာ မဟုတ်တော့ဘူး၊ ရှိလည်း မရှိတော့ဘူး . . .”
ဝမ်ရမ်ချူးချူး အလွန်အမင်း တုန်လှုပ်သွားပြီး –
“ဘာ . . . ရှင်ဘာပြောလိုက်တာလဲ။ ရှင် . . . ရှင် . . . ကျွန်မရဲ့ မှင်ရောင်အားဖြည့် ကြာပန်းကို ဖျက်ဆီးပစ်လိုက်တာလား။ ရှင် . . .”
ဝမ်ရမ်ချုးချူး၏ မျက်ဝန်းများသည်ဒေါသမီးများ ဖုံးလွှမ်းသွားပြီး ရဲရှောင်အား ဝါးစားမတတ်ပင်စိုက်ကြည့်နေလေသည်။
ရဲရှောင်လည်း အန္တရာယ်အငွေ့အသက်အား ရရှိလိုက်သဖြင့် မစနောက် ရဲတော့ဘဲ –
“မင်းကလည်း . . . ငါပြောချင်တာက မှင်ရောင်အားဖြည့် ကြာပန်းကို ငါအောင်အောင်မြင်မြင်နဲ့ အဆင့်မြင့်ပေးနိုင်လိုက်တယ်။ မရှိတော့ဘူး ဆိုတာက မှင်ရောင်အားဖြည့် ကြာပန်းအဖြစ်နဲ့ မရှိတော့ဘူးလို့ ပြောတာ။ အခုဆို ကျောက်စိမ်းအားဖြည့် ကြာပန်း ဖြစ်သွားပြီလေ။ မင်းကလည်း အမြဲတမ်း ဆန့်ကျင်ဘက်ကို တွေးတွေးနေတော့တာပဲ။ ငါ့ကို အပြစ်တင် မစောစမ်းပါနဲ့ . . .”
သူ၏ စိတ်ထဲတွင်လည်း –
[ကောင်မလေး . . . အခုတော့ ငါဘာလဲဆိုတာ မင်းကောင်းကောင်း သိပြီ မဟုတ်လား။ မင်းကို ငါက စကားလုံးလေးနည်းနည်းနဲ့ ကောင်းကင်ဘုံ ရောက်အောင်လုပ်ပေးနိုင်သလို ငရဲကိုလည်း ပို့ပစ်နိုင်တယ်ဆိုတာ သဘောပေါက် . . .]
ရဲရှောင်၏ စကားကြောင့်ဝမ်ရမ်ချူးချူးသည် မျက်ရည်များ ကျနေရာမှာ နှုတ်ခမ်းလေးကွေးသွားအောင်ပင်ပြုံးလိုက်မိသည်။
“ရှင် တကယ်ပဲ အောင်အောင်မြင်မြင်နဲ့ အဆင့်မြင့်ပေးနိုင်ခဲ့တာလား . . .”
ဝမ်ရမ်ချူးချူးသည်တအံ့တသြဖြင့်ပင်မေးလိုက်ပါတော့သည်။