Chapter – 205
“တစ်စုံတစ်ယောက်”
ရေခဲတောင်ကြီးတွင် အဖြစ်အပျက်များစွာ ဖြစ်ပျက်ခဲ့ဖူးသည်။
မူလတာအိုအဆင့်ရှိ ထိပ်တန်းအဆင့် ပညာရှင်ကြီးတစ်ဦးဖြစ်သည့်ဂုဂျင်လုံသည်ရေခဲတောင်ကြီးမှာပင်သေဆုံးခဲ့ရသည်။ ရဲရှောင်နှင့် စုယဲ့ယွဲ့တို့သည်လည်းယခုနေရာတွင်ပင်တိုက်ခိုက်ခံခဲ့ရပြီး စုယဲ့ယွဲ့၏ ဆရာဖြစ်သူနှင့် ဆုံတွေ့ခဲ့ရသည်။ ယခုအခါတွင်လည်း ဝမ်ရမ်ချူးချူးသည် သူ၏နောက်သို့ ပြေးလိုက်နေပြန်လေသည်။
ရဲရှောင်အတွက်ကံကောင်းမှုဟုပင်ဆိုရမည်လော သို့မဟုတ်ကံဆိုးမှုဟုပင်သတ်မှတ်ရမည်လော မသိတော့ချေ။
ဝမ်ရမ်ချူးချူးအား ရဲအိမ်တော်သို့သာ ခေါ်သွားမည် ဆိုပါက ဖခင်ြဖစ်သူ ရဲနန်ရှန်လည်း မရှိသဖြင့် သူမအား မည်သူကမျှ တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။
ရဲရှောင်သည်သူ၏ မိသားစုအား အန္တရာယ်တွင်းထဲသို့ ဆွဲမခေါ်စေချင်သည့်အပြင်သူ၏ သရုပ်အမှန်ကိုလည်း မသိစေချင်သေးပေ။ ထို့ကြောင့် လွတ်မြောက်နိုင်မည့်နေရာသည်ရေခဲတောင်ကြီးမှလွဲ၍ အခြားနေရာ မရှိတော့သည့်အတွက်ယခုနေရာသို့ပင်ပြေးလာရခြင်း ဖြစ်သည်။
ထိုရေခဲတောင်ကြီးသည် ရဲရှောင်အတွက်မူ ဒုတိယအိမ်ဆိုလည်း မမှားချေ။ အဘယ့်ကြောင့်ဆိုသော်ရေခဲချီဓာတ်များဖြင့်သူ့စိတ်တိုင်းကျ တည်ဆောက်ထားခဲ့သည်မဟုတ်ပါလော။ ထို့ပြင် တောင်ပေါ်တွင် ဂုဂျင်လုံအား ထောင်ချောက်ဆင်နိုင်ရန်အတွက် ရှုပ်ထွေးသည့် လမ်းများစွာ ဖောက်လုပ်ထားခဲ့သည်။ ထိုအရာများသည် ယခုကဲ့သို့ အန္တရာယ်နှင့် ရင်ဆိုင်ရသည့်အချိန်တွင် သူ့အတွက်များစွာ အကျိုးပြုပေလိမ့်မည်။ အကယ်၍ စုယဲ့ယွဲ့သာ သူ့စကားနားထောင်၍ ထိုလမ်းများမှ ထွက်ပြေးနိုင်ခဲ့မည်ဆိုပါက ရန်သူများလက်မှ ကျိန်းသေပေါက်ပင်လွတ်မြောက်နိုင်ခဲ့ပေလိမ့်မည်။
မြူခိုးများသည်တောင်ကြီးတစ်ခုလုံးအား လွှမ်းခြုံရစ်သိုင်းထားသည်။ ရဲရှောင်သည်အဆိုပါ မြူခိုးများအကြားတွင်တိုးဝင်ပျောက်ကွယ်သွားသည်။
ဝမ်ရမ်ချူးချူးသည် ရဲရှောင်၏နောက်မှ ထက်ကြပ်မကွာ လိုက်လာခဲ့သော်လည်း တခဏလေးအတွင်းမှာပင်မျက်ခြေပြတ်သွားခဲ့သည်။ သူမ၏ရှေ့တွင်ပိတ်ပိတ်မှောင်နေသော မြူခိုးများသာတွေ့မြင်နေရလေသည်။
တခဏမျှ စဉ်းစားလိုက်ပြီးနောက် သူမ၏ လက်များအား ဝေ့ယမ်းလိုက်သည်။ ထိုအခါ မြူခိုးများသည် ဘေး နှစ်ဖက်သို့ နှစ်ခြမ်းကွဲထွက်သွားခဲ့သည်။ ဝမ်ရမ်ချုးချူးလည်းတွေဝေတုံ့ဆိုင်းနေခြင်း မရှိတော့ဘဲ မြူခိုးများအလယ်သို့ တိုးဝင်သွားလိုက်သည်။
ရဲရှောင်သည်အချိန်တိုအတွင်း သူဖန်တီးခဲ့သည့် လိုဏ်ဂူအတွင်းသို့ ရောက်လာခဲ့သည်။ ထိုလိုဏ်ဂူ အတွင်း ဝင်သွားပြီးနောက် အေးအေးလူလူဖြင့်ပင် ထွက်ပေါက်ရှိရာသို့ လျှောက်သွားသည်။ ထိုမှတဆင့် မြို့ထဲသို့ ပြန်လည်ဝင်ရောက်မည် ဖြစ်သည်။
ဝမ်ရမ်ချူးချူးသည်မည်မျှအထိ အစွမ်းထက်နေစေကာမူ ဖန်ဇီလင်၏ လှည့်ကွက်များအား သိရှိနိုင်မည် မဟုတ်ချေ။
ရဲရှောင်သည် မိမိကိုယ်ကို ယုံကြည်မှု အပြည့်ရှိနေလေသည်။
သို့သော် မမျှော်လင့်ထားသော အဖြစ်အပျက်တစ်ခုသည်ဖြစ်ပေါ်သွားခဲ့သည်။
ထွက်ပေါက်ရှိရာသို့ သွားနေစဉ်မှာပင်ရဲရှောင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည်လေးလံလာသကဲ့သို့ ခံစားလိုက်ရသည်။ တစ်စုံတစ်ယောက်မှ သူ့အား ရုန်းထွက်၍ မရအောင်ချုပ်နှောင်ထားသကဲ့သို့ ခံစားလိုက်ရခြင်း ဖြစ်သည်။
ထိုချုပ်နှောင်မှုနှင့်တူသည့်ဖိအားသည်အလွန်ပြင်းထန်လှပြီး ကမ္ဘာတစ်ခုလုံးကိုပင်ချုပ်ကိုင်နိုင်သည့်အင်အားမျိုး ရှိနေသည်။
ဖြစ်ပေါ်လာသည့်အခြေအနေများကြောင့်ရဲရှောင်သည်အခြားတစ်ဖက်သို့ လှည့်၍ သုတ်ခြေတင်ကာပြေးလိုက်သည်။
သူ့ထံသို့ သက်ရောက်လာသည့်ဖိအားအား ဖြစ်ပေါ်စေသည့်လူသည်ဝမ်ရမ်ချုးချုးထက်ပင်များစွာအစွမ်းထက်နေသည်ကို ရဲရှောင်သဘောပေါက်လိုက်သည်။ ဝမ်ရမ်ချုးချူးလက်မှ လွတ်မြောက်နိုင်သည့်တိုင်ယခုကဲ့သို့ အင်အားကြီးသည့်ပညာရှင်မျိုးနှင့်သာ ရင်ဆိုင်ရမည်ဆိုပါက သူ့ဘက်မှ ရှုံးနိမ့်မည်မှာသေချာပေါက်ပင်ဖြစ်သည်။
ရဲရှောင်သည် အလျင်မြန်ဆုံး လှုပ်ရှားသည့်တိုင် ထိုဖိအားသည် သူနှင့်အတူ အရိပ်တစ်ခုကဲ့သို့ ကပ်ပါလာသည်ကို ခံစားလိုက်ရသည်။ စပါးကြီးမြွေတစ်ကောင်မှ ညို့ယူထားသည့်ပုံစံနှင့်ပင်တူနေပါသေးသည်။
ရဲရှောင်မည်သည့်နေရာသို့ သွားနေစေကာမူ ထိုဖိအားသည်သူ့အပေါ်တွင်သက်ရောက်မှု ရှိနေတုန်းပင်ဖြစ်သည်။ လွတ်မြောက်နိုင်မည့်လမ်း မရှိနိုင်တော့ပေ။
နောက်ဆုံးတွင်ရဲရှောင်သည်သူ၏ စိတ်ဝိညာဉ်စွမ်းအားဖြင့် အာရုံခံကြည့်လိုက်ေသာအခါ သူ့အား ချုပ်နှောင်ရန် ကြိုးစားနေသည့်လူသည်အဖြူရောင် ဝတ်ရုံ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးဖြစ်မှန်းသေိလိုက်ရသည်။ အဆိုပါ အမျိုးသမီးသည်ရေခဲတောင်ပေါ်တွင် ရပ်နေရင်း သူ့အား အေးစက်သော အကြည့်များဖြင့်စိုက်ကြည့်လျက်ရှိသည်။
ရဲရှောင်ဘက်မှမည်သို့ပင် လွတ်မြောက်ရန် ကြိုးစားစေကာမူ ထိုအမျိုးသမီး၏ အကြည့်များအောက်မှ မလွတ်မြောက်နိုင်တော့ချေ။
ရဲရှောင် စိတ်ရှုပ်ထွေးသွားမိသည်။မော်တယ်ကမ္ဘာကဲ့သို့သော အဆင့်နိမ့် ကမ္ဘာတစ်ခုတွင်ရှိသော ပညာရှင်တစ်ယောက်၏ အမြင့်ဆုံးအဆင့်သည်ေကာင်းကင်အဆင့်ထက်တော့ မပိုချေ။ မကြာခဏ ဆိုသလိုပင်ကောင်းကင်အဆင့် ပညာရှင်များနှင့် ကြုံတွေ့ခဲ့ရသည့်တိုင် အဆင့်မြင့် ပညာရှင်ကြီးများနှင့်မူ တွေ့ရခဲလှသည်။
ဂုဂျင်လုံ၊ မန်ဟွာချင်းနှင့် ယခု ဝတ်ရုံဖြူအမျိုးသမီးတို့သည် မော်တယ်ကမ္ဘာတွင် မရှိသင့်သည့် အစွမ်းမျိုးအား ပိုင်ဆိုင်ထားကြသည်။ ဝတ်ရုံဖြူအမျိုးသမီးသည် မန်ဟွာချင်းထက်အစွမ်းမကြီး၍ ဂုဂျင်လုံလောက်ပင် အဆင့်မမြင့်သည့်တိုင် ရဲရှောင်ထက်မူ များစွာ သာလွန်နေပေသည်။
ရဲရှောင်၏ စိတ်ထဲတွင် –
[ငါလည်း ရူးတော့မယ်။ ဒီလို အဆင့်နိမ့် နယ်ပယ်မျိုးမှာ ဘာလို့ ထိပ်တန်းပညာရှင်ကြီးတွေ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာနေရတာလဲ။ ဘာကြောင့်လဲ . . .]
သူစဉ်းစားနေသည့် အချိန်မှာပင် ဝမ်ရမ်ချူးချူးသည်သူ၏ရှေ့သို့ ရောက်ရှိလာလေသည်။
ရဲရှောင်လည်း ဘာမှမဖြစ်သကဲ့သို့ ပုံစံမျိုးဖြင့်ဟန်ဆောင် ရယ်မောလိုက်ရင်း လက်မြောက်ပြလိုက်ကာ –
“ဟူး . . . ငါတော်တော် မောနေပြီ။ ဒီလို စိန်ပြေးတမ်း ဆော့နေတာကို ဒီနေရာမှာပဲ ရပ်လိုက် ကြတာပေါ့ . . .”
ရဲရှောင်သည်တစ်ဦးနှင့်တစ်ဦး ကျီစယ်ဆော့ကစားနေသည့်သဘောဖြင့်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ရှင့်နဲ့ ဘယ်သူကများ ကစားနေလို့လဲ . . .”
ဝမ်ရမ်ချူးချူး မကျေမချမ်း ပြောလိုက်သည်။ ထို့နောက် ခနဲ့သော ဟန်ပန်ဖြင့်-
“နောင်ကြီးဖန် . . . ရှင်က တော်တော်မြန်တာပဲ။ ကျွန်မတောင် ရှင့်ကို လိုက်ရှာမတွေ့တော့ဘူး ထင်နေတာ။ အခုဘာလို့ ဆက်မပြေးတော့တာလဲ ပြေးဦးလေ . . .”
ရဲရှောင် သက်ပြင်းချလိုက်ရင်းခေါင်းတယမ်းယမ်းဖြင့်-
“တကယ်တော့ မင်းဒီလောက်ထိလည်း ကြိုးစားနေစရာ မလိုပါဘူး မိန်းကလေးရယ် . . .”
ဝမ်ရမ်ချူးချူးမှ နားမလည်နိုင်ဟန်ဖြင့် –
“ဟမ်. . . ရှင်ဘာပြောတာလဲ . . .”
ရဲရှောင်ပြောလိုက်သည့်စကား၏ ဆိုလိုရင်း အဓိပ္ပာယ်အား နားမလည်သောကြောင့် ဝမ်ရမ်ချုးချူးသည်ရဲရှောင်အား မျက်မှောင်ကြုတ်၍သာ ကြည့်နေမိသည်။
ရဲရှောင်လည်း သွားများပင်ပေါ်အောင်ပြုံးလိုက်ရင်း –
“စကားပုံတစ်ခု ရှိတယ်လေ။ မိန်းမကြိုက်တော့မျှော်လိုက်တာ ယောက်ျားကြိုက်တော့ ဆိုက်ဆိုက်လာတဲ့။ အခု မင်းကမျှော်တာကို မဟုတ်တော့ဘူး ငါ့နောက်ကနေကို တကောက်ကောက်လိုက်နေတာ။
တကယ်တော့ မင်းဒီလို လုပ်နေစရာ မလိုပါဘူး။ ဟဲဟဲ . . . မင်းကတော့ ကြိုက်မရှက်ငိုက်မရှက်ဖြစ်နေပြီနော်. . .”
ဝမ်ရမ်ချူးချူးသည်တခဏမျှ ကြောင်သွားခဲ့သည်။ ထို့နောက် ရဲရှောင်၏ ဆိုလိုရင်းအား သဘောပေါက်သွားသဖြင့် မျက်နှာတစ်ခုလုံး နီမြန်းသွားသည်။ ရှက်ရွံ့မှုများနှင့်အတူ ဒေါသများလည်း ထွက်သွားသောကြောင့်အံကိုတင်းတင်းကြိတ်လိုက်ရင်း –
“အဲဒါဆို ကျွန်မ ဘာဆက်လုပ်ရမလဲ ပြောစမ်းပါဦး . . .”
ရဲရှောင် ခေါင်းတစ်ချက်ညိတ်ပြလိုက်ရင်း –
“မင်းဘက်က လုပ်ချင်စိတ် ရှိတယ် ဆိုရင်တော့ ငါ့ကို တောင်းပန်ပေါ့။ ငါက စိတ်ကောင်း နှလုံးကောင်း ရှိတဲ့လူမလို့ မင်းကို မျက်စိမှိတ် ခွင့်လွှတ်ပေးမှာပဲ။ အင်း . . . ဒါပေမယ့်ငါဘက်ကေတာ့ သိက္ခာနည်းနည်း ကျသွားမှာပေါ့လေ . . .”
ရဲရှောင်သည်အင်မတန်မှပင်သဘောထားကြီးသည့်လူတစ်ယောက်ပုံစံကဲ့သို့ပင်ပြောဆိုလိုက်သည်။
“လဲသေလိုက် . . .”
“ဘုန်း . . .”
ဝမ်ရမ်ချူးချူးလည်း သည်းမခံနိုင်တော့သဖြင့်အံကိုတင်းတင်းကြိတ်၍ ရဲရှောင်၏ ဗိုက်အား အားရပါးရပင်ကန်ပစ်လိုက်လေသည်။
ရဲရှောင်သည် ကြိုးပြတ်သွားသည့် စွန်တစ်ခုကဲ့သို့ပင်အဝေးသို့ လွင့်ထွက်သွားသည်။
ဝမ်ရမ်ချူးချူးသည် ကျေနပ်သေးဟန် မရှိဘဲ ရဲရှောင်နောက်သို့ပြေးလိုက်သွားသည်။
ရဲရှောင်သည် မြေပြင်ပေါ်သို့ အရှိန်ပြင်းပြင်းဖြင့်ပြုတ်ကျသွားသည်။ ထို့နောက်အရှိန်မသေသေးဘဲ တောင်အောက်သို့ နှစ်ပတ်သုံးပတ်ခန့် လိမ့်သွားပြီးမှသာ ရပ်တန့်သွားသည်။ ထိုအခါကျမှသာ သူ၏ မျက်လုံးများအား ဖွင့်၍ကြည့်လိုက်သည်။
ရဲရှောင်သည်တစ်စုံတစ်ယောက်အား မြင်တွေ့လိုက်ရပါတော့သည်။