Switch Mode

Chapter – 748

အခန်း (၇၄၈) ဓားပိုင်နက်
“ဓားရူး တာအိုပညာရှိ”
ရှန်ပေါင် တာအိုကျင့်ကြံသူရဲ့ အသံဟာ လောကဦး ဟင်းလင်းပြင်မှာ ပဲ့တင်ထပ်သွားပါတယ်။ ရှန်ပေါင် တာအိုကျင့်ကြံသူက မဟာတာအိုပညာရှိ ဖြစ်တာကြောင့် သူ့အသံဟာ အတော်ကြာတဲ့အထိ ပျောက်မသွားပါဘူး။ သေမျိုးတွေသိတဲ့ အသံသွားဖို့ ကြားခံနယ်လည်း မလိုပါဘူး။
ဟန်ကျွယ်ဟာ ဓားရူး တာအိုပညာရှိ အလစ်တိုက်မှာ စိုးတဲ့အတွက် ကောင်းကင်တာအိုထဲကို ချက်ချင်း ပြန်ခုန်ဝင်လိုက်ပါတယ်။
ကောင်းကင်တာအိုဘက်ခြမ်းက အမှောင်တားမြစ်နယ်မြေဟာ ကွဲကြေနေပြီး မရေမတွက်နိုင်တဲ့ အာကာသလျှပ်စီးတွေဟာ အချင်းချင်း ရောယှက်နေကြပါတယ်။ အင်မော်တယ်ကမ္ဘာအစွန်းမှာ ဟန့်မျိုးနွယ်စုနဲ့ ကောင်းကင်တာအိုရဲ့ တိုက်ပွဲက ပြင်းထန်နေပါပြီ။
ဓားရူး တာအိုပညာရှိကတော့ ခုထိ ပေါ်မလာသေးပါဘူး။
ဟန်ကျွယ်ဟာ သတိတစ်ချက် အလွတ်မခံပါဘူး။ ဟန်ကျွယ်ဟာ ညာလက်ကို မြှောက်ပြီး ဝှေ့ယမ်းကာ အနက်ရောင် မီးအိမ်တစ်လုံးကို လက်ထဲ ဆွဲယူလိုက်ပါတယ်။ ဒီမီးအိမ်နက်က ရှန်ပေါင် တာအိုကျင့်ကြံသူ အသုံးပြုခဲ့တဲ့ အကောင်းစား ရတနာပါ။ ဒီရတနာက ရန်သူကို မလှုပ်ရှားအောင် ရုတ်ခြည်း လုပ်ဆောင်နိုင်ပါတယ်။ ဟန့်ဖေးဟာ လေထဲမှာ ရပ်နေပြီး အခုထိ လွတ်အောင် မရုန်းနိုင်သေးပါဘူး။
ဟန်ကျွယ်ကို တွေ့တာနဲ့ ဟန့်ဖေးရဲ့ လှပတဲ့ မျက်လုံးအစုံဟာ ပြူးကျယ်သွားပါတယ်။
‘ရှန်ပေါင် တာအိုကျင့်ကြံသူ ဘယ်ရောက်သွားတာလား… ထွက်ပြေးသွားတာလား… သေသွားတာလား…’ ဟန့်ဖေးဟာ ရှန်ပေါင် တာအိုကျင့်ကြံသူက ထွက်ပြေးသွားတယ်လို့ပဲ ယုံချင်ပါတယ်။ ဟန်ကျွယ်နဲ့ ရှန်ပေါင် တာအိုကျင့်ကြံသူ တိုက်ခိုက်တာက ဘယ်လောက်မှ မကြာသေးဘူး မဟုတ်ပါလား။ နောက်ပြီး ရှန်ပေါင် တာအိုကျင့်ကြံသူက ဒီလောက်လွယ်လွယ်နဲ့ သေမှာ မဟုတ်ပါဘူး။
ရှန်ပေါင် တာအိုကျင့်ကြံသူက တကယ် မသေသေးပါဘူး။ ဒါပေမဲ့ သေခြင်းတရားနဲ့ သိပ်မဝေးတော့ပါဘူး။ ဟန်ကျွယ်ဟာ နတ်ဘီလူးဓမ္မရုပ်တု‌ စွမ်းအားတွေကို ပေါင်းစပ်ပြီး ဝါးမျိုနတ်ဘီလူးရဲ့ စွမ်းအားကို အားကောင်းစေပါတယ်။ ဒါမှ ဝါးမျိုအာကာသထဲမှာ ပိတ်မိနေတဲ့ ရှန်ပေါင် တာအိုကျင့်ကြံသူကို အမြန်ဆုံး ချေဖျက်နိုင်မှာ မဟုတ်ပါလား။
မဟာဟင်းလင်းပြင်ဝိညာဉ်ဟာ အလွန်တရာ စိတ်လှုပ်ရှားသွားပြီး ဟန်ကျွယ်ကို ကြည်ညိုလေးစားစွာ ကြည့်လိုက်ပါတယ် ‘စွမ်းအားကြီးလိုက်တာ… ဒါ လုံးဝ သာမန် မဟာတာအိုပညာရှိရဲ့ စွမ်းအား မဟုတ်ဘူး၊ သာမန် မဟာတာအိုပညာရှိဆိုရင် ရှန်ပေါင် တာအိုကျင့်ကြံသူနဲ့ ဟန့်ဖေးကို အခုလိုမျိုး ကူကယ်ရာမဲ့အောင် လုပ်နိုင်မှာ မဟုတ်ဘူး’
ဟန်ကျွယ် ပြန်ပေါ်လာတာကို တွေ့တာနဲ့ တာအိုပညာရှိတွေဟာ တော်တော်လေး စိတ်လှုပ်ရှားသွားကြပါတယ်။ ဟန်ကျွယ် ရှိနေသမျှ ကာလပတ်လုံး ကောင်းကင်တာအို အင်အားကြီးလာတာကို ဘယ်သူမှ တားနိုင်မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ပတ်ဝန်းကျင်ကို ဆက်တိုက် စစ်ဆေးပြီး ဓားရူး တာအိုပညာရှိ ချောင်းတိုက်မှာကို ကာကွယ်ပါတယ်။ ဒီအချိန်မှာပဲ အသံဩဩကြီး တစ်သံဟာ ဟန်ကျွယ်နားထဲကို ဝင်လာပါတယ်။
“အာကာသနက်ထဲကို ဝင်ပြီး ငါနဲ့ တိုက်ခိုက်ချည်၊ ငါ ရှုံးရင်တောင် ကောင်းကင်တာအိုကို မတိုက်ခိုက်ဘူး”
ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ် ‘မင်း ရှုံးသွားရင် ကောင်းကင်တာအိုကို ဘယ်လိုလုပ်ပြီး တိုက်ရဲမှာလဲ’
ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ဓားရူး တာအိုပညာရှိက အကူတွေကို ဖွက်ထားသေးလား”
[သက်တမ်း ၃၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[မရှိပါ။]
ဟန်ကျွယ်ဟာ မျက်လုံးကျဉ်းလိုက်ပါတယ် ‘ဒီကောင်က ရိုးသားမှုတော့ ရှိသားပဲ’
ဟန်ကျွယ်ဟာ နေရာကနေ ချက်ချင်း ပျောက်ကွယ်သွားပါတယ်။ ဟန်ကျွယ်ဟာ အာကာသ အလွှာများစွာကို ဖြတ်ကျော်ပြီး လွတ်လပ် တာအိုပညာရှိတောင် မထောက်လှမ်းနိုင်တဲ့ အနက်ရှိုင်းဆုံး အာကာသဆီ ရောက်သွားပါတယ်။ ဒီအာကာသအလွှာသာ ကွဲကြေရင် လောကဦး ဟင်းလင်းပြင်ကို ရောက်ပါပြီ။
ဟန်ကျွယ်ဟာ ဓားရူး တာအိုပညာရှိကို တွေ့လိုက်ရပါတယ်။ ဓားရူး တာအိုပညာရှိဟာ ခရမ်းရောင်မြူတွေကြားထဲမှာ မိစ္ဆာနတ်ဘုရားလို ရပ်နေပါတယ်။
ဓားရူး တာအိုပညာရှိဟာ ဟန်ကျွယ်ကို စိုက်ကြည့်ပြီး မေးလိုက်ပါတယ် “မင်း ဘာဖြစ်လို့ မဟာတာအို စွမ်းအား အများကြီးကို ထိန်းချုပ်နိုင်ရတာလဲ”
“ဆင်တူရုံပါ၊ မဟာတာအို စွမ်းအားက အဲဒီလောက်ထိ လွယ်လွယ် ထိန်းချုပ်လို့ရတာမှ မဟုတ်တာ”
ဓားရူး တာအိုပညာရှိဟာ ဟန်ကျွယ်စကားက အဓိပ္ပာယ်ရှိတယ်လို့ ခံစားလိုက်ရပါတယ်။ ဒါက ဟန်ကျွယ် ဆန်းကြယ်စွမ်းအားရဲ့ တစ်မူထူးခြားမှု ဖြစ်လိမ့်မယ်လို့လည်း တွေးမိလိုက်ပါတယ်။
ဓားရူးတာအိုပညာရှိနောက်က ဓားတွေဟာ ရုတ်တရက် ပျံထွက်လာပါတယ်။ ဓားပန်း ပွင့်လန်းလာသလိုပါပဲ။ ဘယ်လိုပဲပြောပြော တော်တော်ကြည့်လို့ ကောင်းပါတယ်။
“လာ… ဂျူနီယာ… မင်းက အရမ်း စွမ်းအားကြီးတယ်၊ မင်းရဲ့ ဓမ္မရုပ်တုတွေကို နှစ်ဆတိုးလိုက်ရင် ငါ မင်းကို ယှဉ်နိုင်မှာ မဟုတ်လောက်တော့ဘူး”
ဓားရူး တာအိုပညာရှိဟာ ညာလက်မြှောက်လိုက်ပါတယ်။ ရုတ်ခြည်းဆိုသလို နက်ရှိုင်းတဲ့ အာကာသထဲမှာ ဓားအရိပ်တွေ ပေါ်လာပါတယ်။ သိပ်သည်းထူထပ်လွန်းတဲ့ ဓားအရိပ်တွေဟာ ဟန်ကျွယ်ကို အရပ်ဆယ်မျက်နှာကနေ ဝိုင်းရံလိုက်ကြပါတယ်။ ဓားအရိပ်တွေက တော်တော်ကို များပြားလွန်းတဲ့အတွက် ရေတွက်ဖို့ မဖြစ်နိုင်ပါဘူး။
နတ်ဘီလူးဓမ္မရုပ်တုတွေကလည်း ဟန်ကျွယ် ခေါင်းထက်မှာ ပေါ်လာပါတယ်။ နတ်ဘီလူး ဓမ္မရုပ်တုတိုင်းက မာနကြီးပြီး ခမ်းနားထည်ဝါလွန်းလှပါတယ်။
တစ်ဆယ်။
နှစ်ဆယ်။
ငါးဆယ်။
ရှစ်ဆယ်။
တစ်ရာ။
ဓားရူး တာအိုပညာရှိဟာ ဟန်ကျွယ်ကို တည်တည်ငြိမ်ငြိမ် စိုက်ကြည့်ပြီး ဟန်ကျွယ်ရဲ့ နတ်ဘီလူးဓမ္မရုပ်တုတွေ အကုန်ပေါ်လာတာကို စောင့်ဆိုင်းပါတယ်။
“ငါ တိုက်ပွဲကောင်းကောင်း မတိုက်ရတာ နှစ်သန်းတစ်ရာကျော်ပြီ၊ ဂျူနီယာ… ငါ့ကို စိတ်မပျက်…”
ဓားရူး တာအိုပညာရှိဟာ စကားမဆုံးခင်ပဲ ပါးစပ်ပိတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်က နတ်ဘီလူးဓမ္မရုပ်တု ၁၅၀ ‌ကျော်ကို ဆင့်ခေါ်လိုက်လို့ပါ။ ဒါက အပြီး မဟုတ်သေးပါဘူး။ နတ်ဘီလူးဓမ္မရုပ်တု အရေအတွက်က ဆက်တိုးနေတုန်းပါ။
ဓားရူးတာအိုပညာရှိဟာ ရင်တုန်သွားပါတယ် ‘ဒီကောင်လေးက ရှန်ပေါင်ကို တိုက်တုန်းက အစွမ်းကုန် ထုတ်မသုံးဘူးပဲ’
ဓားရူးတာအိုပညာရှိဟာ တိတ်ဆိတ်နေပြီး မလှုပ်ရှားပါဘူး။
ဟန်ကျွယ်ဟာ နတ်ဘီလူးဓမ္မရုပ်တု ၂၀၀ ‌ကျော်ကို ဆင့်ခေါ်ပြီးပါပြီ။ နတ်ဘီလူးဓမ္မရုပ်တုတွေက ဆက်တိုးနေတုန်းပါ။
၂၃၀။
၂၅၀။
၂၈၀။
၃၀၀။
ဓားရူးတာအိုပညာရှိရဲ့ အကြည့်ဟာ လုံးဝကို ပြောင်းလဲသွားပြီး သိချင်စိတ်ကို မျိုသိပ်မထားနိုင်တော့ပါဘူး “မင်း ဘယ်သူလဲ”
ဟန်ကျွယ်ဟာ နတ်ဘီလူးဓမ္မရုပ်တုတွေကို ဆင့်ခေါ်ရင်း မျက်နှာသေနဲ့ ပြန်ဖြေလိုက်ပါတယ် “ကျွန်တော်က ကောင်းကင်တာအို သက်ရှိတွေထဲက ဘာမှမဟုတ်တဲ့ လူတစ်ယောက်ပါ၊ ကျွန်တော်က ပြဿနာလည်း မရှာသလို ပြိုင်လည်း မပြိုင်ချင်ဘူး၊ ဒါပေမဲ့ တချို့လူတွေက ကျွန်တော်နေတဲ့ ကောင်းကင်တာအိုကို အမြဲတမ်း ကျူးကျော်ဖို့ ကြိုးစားကြတယ်”
‘ဘာမှမဟုတ်တဲ့ လူတစ်ယောက်…’ ဓားရူး တာအိုပညာရှိဟာ ထပ်ပြီးတော့ တိတ်ဆိတ်သွားပါတယ်။
ဟန်ကျွယ်ရဲ့ နတ်ဘီလူးဓမ္မရုပ်တုက ၃၅၀ ဖြစ်သွားတဲ့အခါ ဓားရူးတာအိုပညာရှိဟာ ဆက်မစောင့်နိုင်တော့ဘဲ မေးလိုက်ပါတယ် “မင်းရဲ့ ဆန်းကြယ်စွမ်းအားက အကန့်အသတ် မရှိဘူးလား”
“ရှိတယ်၊ အဲဒီကို ရောက်ခါနီးနေပြီ”
ဓားရူးတာအိုပညာရှိဟာ နှာမှုတ်သံပြုပြီး သူ့လက်ကို ချက်ချင်း ဝှေ့ယမ်းလိုက်ပါတယ်။ မရေမတွက်နိုင်တဲ့ ဓားအရိပ်တွေဟာ ဘက်ပေါင်းစုံကနေ ဟန်ကျွယ်ကို ဝိုင်းတိုက်ပါတော့တယ်။
ဓားရူးတာအိုပညာရှိဟာ တွေ့ပြီးခါမှ ဒီအတိုင်း ပြန်မသွားချင်ပါဘူး။ သူက ရှေးဟောင်း နတ်ဘုရားတွေကိုတောင် ကြောက်တဲ့လူ မဟုတ်တဲ့အတွက် ဟန်ကျွယ်ကိုလည်း မကြောက်ပါဘူး။
သူ ဟန်ကျွယ်ကို စောင့်ပေးတာက မာနကြီးလို့ပါ။ ဒါပေမဲ့ အခု ရုတ်တရက်ကြီး တိုက်ခိုက်လိုက်တာက နတ်ဘီလူးဓမ္မရုပ်တုတွေ ဒီထက်များလာရင် သူအတွက် အခြေအနေ မကောင်းမှာကို တွက်ဆမိလို့ပါပဲ။
နတ်ဘီလူးဓမ္မရုပ်တု ၃၀၀ ကျော်ဟာ ချက်ချင်း လူစုခွဲပြီး ဘက်ပေါင်းစုံကာ ရောက်လာတဲ့ ဓားအရိပ်တွေကို အော်ဟစ်ကြုံးဝါးကာ တိုက်ခိုက်ကြပါတယ်။
တိုက်ပွဲအရှိန်ကြောင့် အာကာသဟာ ပြင်းထန်စွာ လှုပ်ခါပြီး ကွဲကြေသွားပါတယ်။
အာကာသ အပိုင်းအစတွေ ပေါ်လာတာကို အခွင့်ကောင်းယူပြီး ဟန်ကျွယ်ဟာ ဟွမ်သွမ့်ဓားနဲ့ အသက်ဓားတစ်သောင်း ဆန်းကြယ်စွမ်းအားကို အသုံးပြုလိုက်ပါတယ်။
ဒီဆန်းကြယ်စွမ်းအားက အရာအားလုံးက ဓားအဖြစ် ပြောင်းလဲတဲ့ မဟာတာအို ဆန်းကြယ်စွမ်းအားပါ။
အာကာသ အပိုင်းအစ အကုန်လုံးဟာ ဓားအရိပ်အသွင် ပြောင်းလဲပြီး ဓားရူးတာအိုပညာရှိကို တိုက်ခိုက်ပါတော့တယ်။
“ဓားတာအို ဆန်းကြယ်စွမ်းအား” ဓားရူးတာအိုပညာရှိရဲ့ မျက်လုံးထဲကနေ အေးစက်တဲ့ အလင်းရောင်တွေ ထွက်ပေါ်လာပါတယ်။ ဓားရူးတာအိုပညာရှိဟာ ဟန်ကျွယ်ကလည်း ဓားကျင့်ကြံသူ ဖြစ်လိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။
ဒီဆန်းကြယ်စွမ်းအားက သူ သုံးလိုက်တဲ့ ဆန်းကြယ်စွမ်းအားနဲ့ ဆင်တူပါတယ်။ နောက်ပြီး ဓားတာအို ဆန်းကြယ်စွမ်းအားနှစ်ခုစလုံးက မဟာတာအို အဆင့်မှာပါ။
ဓားရူးတာအိုပညာရှိဟာ ခါးက ဓားနှစ်လက်ကို ဆွဲထုတ်လိုက်ပါတယ်။ ဓားအရိပ်တွေ အချင်းချင်း တိုက်မိတဲ့အတွက် အသက်တစ်သောင်းဓားကနေ ဖြစ်ပေါ်လာတဲ့ ဓားအရိပ် ဘီလီယံချီဟာ ကွဲကြေသွားပါတယ်။
ရုတ်တရက်ဆိုသလို ဓားရူးတာအိုပညာရှိဟာ ဟန်ကျွယ်ရှေ့မှာ ပေါ်လာပြီး ဓားနဲ့ ခုတ်ချလိုက်ပါတယ်။
အရမ်းကို မြန်ဆန်လွန်းပါတယ်။
ဟန်ကျွယ်ဆီ ရောက်လာတဲ့ ဓားချီကို ကာလတာအိုဝတ်ရုံက ကာဆီးလိုက်ပါတယ်။ ကာလတာအိုဝတ်ရုံက ခံစစ်အဓိကထားတဲ့ ပဋိပက္ခ အကောင်းစား ရတနာ ဖြစ်တာကြောင့် မဟာတာအိုရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်ပါတယ်။ ဓားရူးတာအိုပညာရှိက မဟာတာအိုအဆင့်မှာပဲ ရှိနေတာ မဟုတ်ပါလား။
ကာလတာအိုဝတ်ရုံက မဟာတာအို အဆင့်ရှိတဲ့ တိုက်ခိုက်မှုတွေကို ခုခံနိုင်တယ်ဆိုပေမဲ့ အချိန်အကြာကြီး ခုခံနိုင်တာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲမှာ ဘိုးဘေးရှီတျန်တစ်ရာကို ရှုံးနိမ့်ခဲ့ရတာပါ။
ဟန်ကျွယ်မှာ အကောင်းစား ရတနာရှိသလို တခြား မဟာတာအိုပညာရှိတွေဆီမှာလည်း ရှိတာပါပဲ။
ဟန်ကျွယ်ဟာ နေရာကနေ ပျောက်ကွယ်သွားပြီး အရင်က ဓားရူးတာအိုပညာရှိ ရပ်နေခဲ့တဲ့ နေရာဆီ ရောက်သွားပါတယ်။ နတ်ဘီလူးဓမ္မရုပ်တုတွေကလည်း ဟန်ကျွယ် ခန္ဓာကိုယ်ထဲကို အရူးအမူး တိုးဝင်ပါတယ်။
ဓားရူးတာအိုပညာရှိဟာ ဟန်ကျွယ်က စွမ်းအားတွေ ပေါင်းစပ်နေမှန်း သိတာကြောင့် ဓားနှစ်လက်ကို ကြက်ခြေခတ်မြှောက်လိုက်ပါတယ်။ တောက်ပလွန်းတဲ့ ဓားအလင်းရောင်ဟာ ဓားရူး တာအိုပညာရှိ ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာပြီး အာကာသနက်ကို လင်းထိန်သွားစေပါတယ်။
ရုတ်ခြည်းဆိုသလို အာကာသနက်တစ်ခုလုံး ပြောင်းလဲသွားပါတယ်။ မျက်စိနဲ့ မြင်နိုင်သမျှ ဘယ်နေရာကိုကြည့်ကြည့် ဓားချည်းပါပဲ။ အဝေးတစ်နေရာမှာ ဓားအရိပ်တွေဟာ အာကာသနံရံကို ထပ်ပြီး ဟန်ကျွယ်ရဲ့ မရေမတွက်နိုင်တဲ့ ပုံရိပ်တွေ ပေါ်လာပါတယ်။
ဟန်ကျွယ်ဟာ နေရာတိုင်းကနေ သတ်ဖြတ်ငွေ့ကို ခံစားမိပါတယ်။ ဟန်ကျွယ်သာ သတိတစ်ချက် လွတ်တာနဲ့ ရုပ်နာမ်နှစ်ပါးစလုံး ဖျက်ဆီးခံရကောင်း ခံရနိုင်ပါတယ်။
‘ဒီဓားရူး တာအိုပညာရှိက တစ်ခုခုတော့ တစ်ခုခုပဲ… ဒါပေမဲ့ အကြွင်းမဲ့ စွမ်းအားရှေ့မှာ ဆန်းကြယ်စွမ်းအားတွေက ဘာလုပ်ရမှာလဲ’
နတ်ဘီလူးဓမ္မရုပ်တု သုံးရာကျော်ဟာ ဟန်ကျွယ် ခန္ဓာကိုယ်ထဲကို ပေါင်းစပ်သွားပါတယ်။ ဓားရူးတာအိုပညာရှိရဲ့ ဓားပိုင်နက်ဟာလည်း ကျုံ့လာပြီး မရေမတွက်နိုင်တဲ့ ဓားဦးတွေဟာ ဟန်ကျွယ်ကို တိုက်ခိုက်ပါတော့တယ်။
ဟန်ကျွယ်ဟာ ဓားမြှောက်ပြီး ခုတ်ချလိုက်ပါတယ်။ လောကဦးနတ်ဒေါသရဲ့ စွမ်းအားဟာ ဟွမ်သွမ့်ဓားနဲ့ ပေါင်းစပ်သွားပါတယ်။
“ဝုန်း…”
ဓားပိုင်နက် ကွဲကြေသွားပါတယ်။
ဟန်ကျွယ်ကို တိုက်ခိုက်တော့မဲ့ဆဲဆဲ ဓားရူးတာအိုပညာရှိဟာ ကြောက်မက်ဖွယ် ဓမ္မစွမ်းအား ထိမှန်ပြီး လွင့်စဉ်သွားပါတယ်။ ဓားရူးတာအိုပညာရှိဟာ ဓားမြှောက်ပြီး ဟန့်တားဖို့ ကြိုးစားပေမဲ့ ကျယ်ပြောလှတဲ့ ဓမ္မစွမ်းအားကြားထဲ နစ်မြုပ်သွားပါတယ်။
ဟန်ကျွယ်ရဲ့ ဓားချီဟာ ဒီအာကာသအလွှာကို ခွဲချေပြီး လောကဦး ဟင်းလင်းပြင်ရဲ့ နက်ရှိုင်းတဲ့အပိုင်းဆီ ဝင်ရောက်သွားပါတယ်။ လမ်းတစ်လျှောက်က အာကာသအလွှာတွေဟာ ခုခံမှုတစ်စုံတစ်ရာ မပြုနိုင်ဘဲ တစ်လွှာပြီးတစ်လွှာ ကွဲကြေကုန်ပါတယ်။
ဓားရူးတာအိုပညာရှိ သူ့ခန္ဓာကိုယ်ကို ပြန်ခဲလိုက်တဲ့အခါ ဟန်ကျွယ်ခေါင်းထက်မှာ နတ်ဘီလူးဓမ္မရုပ်တုတွေ အလွန်လျင်မြန်စွာ ထပ်ပေါ်လာတာကို တွေ့လိုက်ရပါတယ်။
‘ဒီအကွက်ပဲလား…’ ဓားရူးတာအိုပညာရှိဟာ လန့်လည်း လန့်သွားသလို ဒေါသလည်း ထွက်သွားပါတယ်။ ဓားရူးတာအိုပညာရှိ ကြောက်လန့်တာက လောကဦး နတ်ဒေါသရဲ့ စွမ်းအားကို သူ ဘယ်လိုမှ ဟန့်တားနိုင်ခြင်း မရှိလို့ပါ။ ဒေါသထွက်တာကတော့ တစ်ဖက်လူရဲ့ အကွက်ဟောင်းမှာ ရှုံးနိမ့်ရတော့မှာမလို့ပါပဲ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset