အခန်း (၇၄၇) တိုက်ပွဲ
ပျောက်ကွယ်သွားတဲ့ ဟန့်ဖေးကို ကြည့်ပြီးနောက် ဟန်ကျွယ်ဟာ ရှန်ပေါင် တာအိုကျင့်ကြံသူဘက် လှည့်လိုက်ပါတယ် “ဒါက မင်းရဲ့ အားကိုးလား”
မဟာဟင်းလင်းပြင်ဝိညာဉ်ဟာ စိတ်လှုပ်ရှားလွန်းလို့ လက်ခုပ်လက်ဝါး ထတီးမတက်ပါပဲ။ မဟာဟင်းလင်းပြင်ဝိညာဉ်ဟာ ဒီဆန်းကြယ်စွမ်းအားကို မှတ်မိပါတယ်။ အရင်တုန်းကလည်း ရှုံဟွာ ၁၃ ပါးဟာ ဒီအကွက်နဲ့ ကိစ္စတုံးခံခဲ့ရပါတယ်။
မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ဟာလည်း ဒီအကွက်အောက်မှာ ကျရှုံးခဲ့ရပါတယ်။
ဟန့်ဖေးက မဟာတာအို နတ်စိတ်ဝိညာဉ် မဟုတ်တဲ့အတွက် ဒီအကွက်ကို ဘယ်လိုမှ ခုခံနိုင်စရာ အကြောင်း မရှိပါဘူး။
ရှန်ပေါင် တာအိုကျင့်ကြံသူဟာ လန့်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ရဲ့ တိုက်ခိုက်မှုက ရက်စက်လွန်းလို့ပါ။ နောက်ပြီး ဒီစွမ်းအားက တကယ်ကို ကြောက်ဖို့ကောင်းတာပါ။ သူသာ ဟန့်ဖေးနေရာမှာဆိုရင်လည်း တောင့်ခံနိုင်မှာ မဟုတ်ပါဘူး။
“မင်းက တကယ်ကို စွမ်းအားကြီးတာပဲ၊ မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ကို သတ်နိုင်တာ အံ့ဩစရာ မရှိတော့ပါဘူး၊ ဒါပေမဲ့ ဟန့်ဖေးကို တစ်ချက်တည်း သတ်နိုင်မယ်လို့ မင်း ထင်နေတာလား”
ရှန်ပေါင် တာအိုကျင့်ကြံသူဟာ ဟန်ကျွယ်ကို ကြည့်ပြီး သရော်ပြုံး ပြုံးလိုက်ပါတယ်။
လျှို့ဝှက်ဆန်းကြယ် အာကာသမှာရှိနေတဲ့ ကျိန်စာနတ်ဘီလူးဟာ ဟန်ကျွယ်ရဲ့ တိုက်ခိုက်မှုကို တွေ့တာနဲ့ စိတ်လှုပ်တရှား ပြောလိုက်ပါတယ် “သူပဲ… သူက ဟန်ကျွယ်ပဲ”
ဓားရူး တာအိုပညာရှိဟာ ဟန်ကျွယ်ကို စိုက်ကြည့်ပြီး ရေရွတ်လိုက်ပါတယ် “ခုနက လက်ဝါးချက်မှာ မဟာတာအိုတစ်ပါးထက် ပိုပြီးတော့ ပါဝင်နေတယ်… ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ မဟာတာအို အသီးသီးက အချင်းချင်း ငြင်းဆန်ကြတယ် မဟုတ်ဘူးလား”
ကျိန်စာနတ်ဘီလူးဟာ ဟန်ကျွယ် အကြောင်းကို အများကြီး မသိပါဘူး။ သူသိတာက ဟန်ကျွယ်ကြောင့် သူ မွေးဖွားလာတာရယ် သူ မွေးဖွားတာ ဘယ်လောက်ကြာပြီလဲဆိုတာရယ်ပါ။ ကျိန်စာနတ်ဘီလူးဟာ ဟန်ကျွယ်ရဲ့ ကြီးထွားမှုအလျင်နဲ့ ပတ်သက်ပြီး အတော်လေး အံ့အားသင့်ရပါတယ်။ ဒါပေမဲ့ ဘာဖြစ်လို့ ဒီလောက်တောင် ကြီးထွားမှု မြန်ရလဲဆိုတာကို ကျိန်စာနတ်ဘီလူး ကိုယ်တိုင်လည်း မသိပါဘူး။
“စီနီယာ… သူ့ကို သတ်ဖို့ ယုံကြည်ချက်ရှိလား” ကျိန်စာနတ်ဘီလူးက ဂရုတစိုက် မေးလိုက်ပါတယ်။
ဓားရူး တာအိုပညာရှိဟာ ပြန်မဖြေဘဲ ရှေ့မှာရှိတဲ့ အလင်းတွင်းကြီးကိုသာ မျက်တောင်မခတ်တမ်း စိုက်ကြည့်လိုက်ပါတယ်။
ကောင်းကင်တာအို။
တာအိုပညာရှိတွေ၊ တာအိုပညာရှိအတုတွေနဲ့ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် အကုန်လုံးဟာ တိုက်ပွဲကို ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်နေကြပါတယ်။ ဒီထက် ကျင့်ကြံမှုနိမ့်တဲ့ လူတွေကတော့ ပဋိပက္ခမြို့ကနေပဲ ဒီတိုက်ပွဲကို ကြည့်နိုင်ပါတယ်။ တခြားနေရာမှာရှိတဲ့ ကျင့်ကြံမှုနိမ့်တဲ့ လူတွေကတော့ ဘယ်လိုနည်းလမ်းသုံးသုံး ဒီတိုက်ပွဲကို မမြင်နိုင်ပါဘူး။
ဟန်ကျွယ်ရဲ့ စွမ်းအားက သူတို့ကို အံ့အားသင့်စေသလို ရှန်ပေါင် တာအိုကျင့်ကြံသူရဲ့ ယုံကြည်မှုကလည်း သူတို့ကို အထိတ်တလန့် ဖြစ်စေပါတယ်။
လီထိုက်ကူဟာ ပဋိပက္ခမြို့ရိုးမှာရပ်ပြီး ဓားရိုးကို ဆုပ်ကိုင်ထားပါတယ်။
‘စွမ်းအားကြီးလိုက်တာ… သူ့လက်ဝါးချက်က တော်တော် စွမ်းအားကြီးတာပဲ… ငါ ဓားတာအိုက အဲဒီအဆင့်ထိကို တကယ်ရော ရောက်နိုင်ပါ့မလား…’
လီထိုက်ကူဟာ တိုက်ပွဲနဲ့ အဝေးကြီးမှာ နေတာတောင် ဟန်ကျွယ် တိုက်ခိုက်လိုက်တဲ့အချိန်မှာ သေမင်း ရောင်ဝါကို ခံစားလိုက်ရပါတယ်။ ပြောရမယ်ဆိုရင် လီထိုက်ကူဟာ တာအိုရရှိပြီးချိန်… ဒီထက်အားနည်းတဲ့ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ဖြစ်ပြီးချိန်ကစလို့ ဒီလိုမျိုး မခံစားရတော့တာပါ။
ဟန်ကျွယ်ရဲ့ စွမ်းအားက လီထိုက်ကူရဲ့ ပြတ်သားလှတဲ့ ဆုံးဖြတ်ချက်ကို ရုတ်တရက် ယိမ်းယိုင်သွားစေပါတယ်။
ဒီအချိန်မှာပဲ ဟန့်ဖေးဟာ ရှန်ပေါင် တာအိုကျင့်ကြံသူဘေး ပေါ်လာပြီး သူမခန္ဓာကိုယ်ကို ပြန်ခဲလိုက်ပါတယ်။ ဒါပေမဲ့ ချက်ချင်းဆိုသလို ပြန်ပြီးတော့ လွင့်ပါး ပျောက်ကွယ်သွားပါတယ်။ ဟန့်ဖေးဟာ အံကြိတ်ပြီး ဟန်ကျွယ်ကို ဝါးစားမတတ် စိုက်ကြည့်လိုက်ပါတယ်။ ဟန့်ဖေးရဲ့ မျက်လုံးထဲမှာ မုန်းတီးမှုအပြင် ကြောက်ရွံ့မှုတွေလည်း ပါဝင်နေပါတယ်။
ဟန်ကျွယ်က မျက်နှာသေနဲ့ ပြောလိုက်ပါတယ် “မင်းရဲ့ အားကိုးက နည်းလမ်းတချို့တော့ ရှိသားပဲ၊ ငါ့လက်ဝါးချက် မိသွားတာတောင် ရှင်သန်နိုင်သေးတယ်၊ ဒါပေမဲ့ သူမ အချိန်အကြာကြီး အသက်ရှင်နိုင်မှာ မဟုတ်ဘူး”
ဟန်ကျွယ်ဟာ ရှန်ပေါင် တာအိုကျင့်ကြံသူနဲ့ ဟန့်ဖေးဆီ တစ်လှမ်းချင်း လျှောက်သွားပါတယ်။ ဟန်ကျွယ်ဟာ ဒီကို မလာခင်ကတည်းက တိုက်ခိုက်ဖို့အတွက် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ ပြင်ဆင်ပြီးပါပြီ။
ဟန်ကျွယ်ဟာ ထွက်ပြေးဖို့ တွေးမိပါသေးတယ်။ ဒါပေမဲ့ ကောင်းကင်တာအိုကနေ ထွက်ပြီးရင် ဘယ်ကိုသွားရမယ်ဆိုတာ ဟန်ကျွယ် မသိပါဘူး။ အခု သူရင်ဆိုင်ရမဲ့ ရန်သူတွေက ပုန်းပြီး ရှောင်ရှားလို့ရတာ မဟုတ်ပါဘူး။ နောက်ပြီး ထွက်ပြေးဖို့အချိန်လည်း မကျသေးပါဘူး။
ဒီတိုက်ပွဲကိုသာ အနိုင်ရခဲ့မယ်ဆိုရင် ကောင်းကင်တာအိုဟာ ပိုပြီးတော့ စွမ်းအားကြီးလာမှာပါ။ ဒီလိုဆို မကြာခင်မှာ ကောင်းကင်တာအိုက မင်လင်းမယ်တော်တောင် မဖျက်ဆီးနိုင်လောက်တဲ့အထိကို အရမ်းစွမ်းအားကြီးလာမှာပါ။
ဒါကြောင့် ဟန်ကျွယ်မှာ ရန်သူတွေကို ရင်ဆိုင်တိုက်ခိုက်ဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ဟာ ဝိညာဉ်အပိုင်းအစ တစ်စကို တာအိုဘုံကျောင်းထဲမှာ ချန်ထားခဲ့ပြီးပါပြီ။ အဆိုးဆုံး အခြေအနေ ဖြစ်လာရင်တောင် ဟန်ကျွယ်ဟာ တာအိုစက်ကွင်းထဲမှာ ပုန်းနေလို့ရပါတယ်။
ဟန်ကျွယ်ရဲ့ ကာလတာအိုဝတ်ရုံဟာ လက်ကျန်ဓမ္မစွမ်းအား အရှိန်ကြောင့် ပြင်းထန်စွာ လူးလွန့်သွားပါတယ်။ ဟန်ကျွယ်ရဲ့ နောက်မှာရှိတဲ့ နေလ ယင်ယန် အကာအကွယ်ကလည်း အလွန်လျင်မြန်စွာ လည်ပတ်ပြီး နတ်အလင်းရောင်တွေ ထုတ်လွှတ်လာပါတယ်။ နေနဲ့လက ဟန်ကျွယ်နောက်မှာ လည်နေသလိုပါပဲ။
နတ်ဘီလူးဓမ္မရုပ်တုတွေဟာ ဟန်ကျွယ်ခေါင်းထက်မှာ တစ်ဖန်ပြန်ပြီးတော့ ပေါ်လာပါတယ်။ အကုန်လုံးက ခမ်းနားထည်ဝါပြီး ဗိုလ်ကျလွန်းပါတယ်။
အင်မော်တယ်ကမ္ဘာက သက်ရှိတွေတောင် အပေါ်ကို မော့ကြည့်လိုက်ရင် ဒီနတ်ဘီလူးဓမ္မရုပ်တုတွေကို မြင်နိုင်ပါတယ်။ ဒီနတ်ဘီလူးဓမ္မရုပ်တုတွေက လောကကြီးကို ဖွင့်လှစ်ခဲ့တဲ့ ပန်ကူးနတ်ဘုရားလိုပါပဲ။ သူတို့အရိပ်တွေက ကောင်းကင်ထက်မှာ တည်နေပါတယ်။
ရှန်ပေါင် တာအိုကျင့်ကြံသူဟာ မထီပြုံး ပြုံးလိုက်ပါတယ် “ဒီဆန်းကြယ်စွမ်းအားပဲလား…. မင်းက ဒီဆန်းကြယ်စွမ်းအားနဲ့ မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ကို သတ်လိုက်တာလား၊ အရမ်းကောင်းတယ်၊ ဒီနေ ငါ မင်းရဲ့ ဆန်းကြယ်စွမ်းအားကို ချိုးဖျက်ပြီး မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်အတွက် လက်စားချေမယ်”
ရှန်ပေါင် တာအိုကျင့်ကြံသူဟာ ဟန်ကျွယ်ဆီ တစ်လှမ်းချင်း လျှောက်လာပါတယ်။ ရှန်ပေါင် တာအိုကျင့်ကြံသူဟာ ဟန့်ဖေးက မတိုက်ခိုက်နိုင်တော့ဘူး ဆိုတာကို သိပါတယ်။ ဟန်ကျွယ်ရဲ့ လက်ဝါးရိုက်ချက်မှာ ဘာစွမ်းအားတွေ ပါဝင်နေလို့ ဟန့်ဖေးက သူ့ခန္ဓာကိုယ်ကို ပြန်မခဲနိုင်လဲဆိုတာ ရှန်ပေါင် တာအိုကျင့်ကြံသူ မသိပါဘူး။
ရုပ်သွင်နှစ်ခုဟာ လျှပ်တစ်ပြက် ရွှေ့လျားကြပါတယ်။ သူတို့ရဲ့ ခြေလှမ်းတိုင်းက အင်မော်တယ်အဆင့် ကျင့်ကြံသူတွေ နှစ်ဆယ်ချီ ဖြတ်သန်းရမဲ့ အကွာအဝေးကို ရောက်ပါတယ်။
သူတို့နှစ်ဦးဟာ တစ်ဦးနဲ့တစ်ဦး အလွန်လျင်မြန်စွာ နီးကပ်လာပါတယ်။
ကောင်းကင်တာအိုပညာရှိတွေဟာ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်နေကြပါတယ်။
ဟန့်ဖေးက ချက်ချင်း အမိန့်ပေးလိုက်ပါတယ် “ကလေးတို့… ကောင်းကင်တာအိုကို တိုက်ခိုက်ကြတော့…”
ဟန့်ဖေးရဲ့ စကားအဆုံးမှာ ကောင်းကင်တာအိုကို ဝန်းရံထားတဲ့ သစ်ရွက်ဝါတစ်သောင်းက မရေမတွက်နိုင်တဲ့ ရုပ်သွင်တွေဟာ ကောင်းကင်တာအိုဆီ ပျံသန်းသွားကြပါတယ်။ ရှေ့ဆုံးမှာရှိတဲ့ ခေါင်းဆောင်တွေရဲ့ ရောင်ဝါက လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်တွေရဲ့ ရောင်ဝါပါ။
ကောင်းကင်တာအိုရဲ့ တိုက်ပွဲဟာ ချက်ချင်း စတင်သွားပါတယ်။
ပဋိပက္ခမြို့ထဲက ကောင်းကင်တာအို ကျင့်ကြံသူ အကုန်လုံးဟာ အော်ဟစ်ကြုံးဝါးပြီး မန္တန်တွေ ထုတ်သုံးကြပါတယ်။ ပါရမီရှင်တွေကလည်း သေရမှာကို မကြောက်ဘဲ တစ်ယောက်ပြီး တစ်ယောက် ပြေးထွက်ကာ တိုက်ခိုက်ကြပါတယ်။
ပါရမီရှင်ခေတ်မှာ တစ်ယောက်ယောက်က ပါရမီရှင် ဖြစ်ချင်တယ်ဆိုရင် အရည်အချင်းရှိဖို့အပြင် သတ္တိကောင်းဖို့လည်း လိုပါတယ်။
တစ်ချိန်တည်းမှာ ရှန်ပေါင် တာအိုကျင့်ကြံသူနဲ့ ဟန်ကျွယ်ဟာ အတော်လေး နီးကပ်သွားပါတယ်။ ဟန်ကျွယ်ရဲ့ ခေါင်းထက်က နတ်ဘီလူးဓမ္မရုပ်တု တစ်ရာကျော်လည်း ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်သွားပါတယ်။
ရှန်ပေါင် တာအိုကျင့်ကြံသူ သူ့ကို အချိန်ပေးနေတာက အကောင်းစား ရတနာကို ထုတ်သုံးဖို့ဆိုတာ ဟန်ကျွယ် သိပါတယ်။ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲမှာ ဒီအခြေအနေကို တွက်ချက်ပြီးပါပြီ။ ဟန်ကျွယ် အကွာအဝေးတစ်ခုကို ရောက်တာနဲ့ ရှန်ပေါင် တာအိုကျင့်ကြံသူက အကောင်းစား ရတနာကို ချက်ချင်း ထုတ်သုံးမှာပါ။ ဒီရတနာက အလွန်လျင်မြန်လွန်းပါတယ်။ ဟန်ကျွယ်သာ ကြိုတင် မပြင်ဆင်ထားဘူးဆိုရင် ရှောင်တိမ်းဖို့ အချိန်ရမှာ မဟုတ်ပါဘူး။
ရုတ်တရက်…
ရှန်ပေါင် တာအိုကျင့်ကြံသူဟာ ညာလက်ကို ရုတ်တရက် မြှောက်လိုက်တဲ့အခါ အင်္ကျီလက်စထဲကနေ တောက်ပတဲ့ အလင်းရောင်တစ်ခု လျှပ်တစ်ပြက် ထွက်ပေါ်လာပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးကျဉ်းလိုက်ပါတယ်။ ဟန်ကျွယ် ခေါင်းထက်က နတ်ဘီလူးဓမ္မရုပ်တု တစ်ပါးဟာ ရုတ်တရက် လက်မြှောက်ပြီး ဟန်ကျွယ်နဲ့ အတူ ပျောက်ကွယ်သွားပါတယ်။
အစားထိုး နတ်ဘီလူး။
ဟန်ကျွယ်ရဲ့ နေရာမှာ ဟန့်ဖေး ပေါ်လာပါတယ်။
ဒီက အစားထိုး နတ်ဘီလူးရဲ့ နေရာလဲလှယ်တဲ့ အရည်အချင်းပါ။ အစားထိုးနတ်ဘီလူးက သူ့နေရာမှာ တခြားတည်ရှိမှုတစ်ခုကို ဘယ်လောက်ပဲ ဝေးကွာပါစေ အစားထိုးလဲလှယ်နိုင်ပါတယ်။
ဒီဆန်းကြယ်စွမ်းအားက ဆက်တိုက် အသုံးပြုလို့တော့ မရပါဘူး။ ဒါပေမဲ့ ရှန်ပေါင် တာအိုကျင့်ကြံသူရဲ့ အကောင်းစား ရတနာကို ရင်ဆိုင်ဖို့တော့ အများကြီး လုံလောက်ပါတယ်။
ဟန့်ဖေးဟာ တောက်ပတဲ့အလင်းရောင်ထဲ နစ်မြုပ်ပြီး ရုတ်ခြည်းဆိုသလို လှုပ်ရှားနိုင်ခြင်း အလျဉ်း မရှိပတော့ပါဘူး။
ရှန်ပေါင်တာအိုကျင့်ကြံသူဟာ မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားပါတယ် ‘မဖြစ်နိုင်တာ… ဒါ လုံးဝ အလျင် မဟုတ်ဘူး’
မဟာတာအို လောကဦးပဋိပက္ခ ထိပ်ဆုံးအဆင့်ဖြစ်တဲ့ ရှန်ပေါင် တာအိုကျင့်ကြံသူဟာ ဒီပြောင်းလဲမှုကို အချိန်မီ မတုံ့ပြန်နိုင်ပါဘူး။ ရှန်ပေါင် တာအိုကျင့်ကြံသူဟာ တစ်စုံတစ်ခုကို တွေးမိသွားပြီး နောက်လှည့်ကြည့်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ရှန်ပေါင် တာအိုကျင့်ကြံသူရဲ့ နောက်ကို ရောက်နေပြီး တားဆီးဖို့ မဖြစ်နိုင်တဲ့ လက်ဝါးရိုက်ချက် တစ်ချက်ကို ရိုက်ထုတ်လိုက်ပါတယ်။
“ဒါက ငါ့ရဲ့ နှစ်ပေါင်း ၄၈၀,၀၀၀ ကျင့်ကြံ အားထုတ်ထားတဲ့ စွမ်းအားပဲ၊ မင်း ဘယ်လောက် တောင့်ခံနိုင်လဲဆိုတာ ကြည့်ရသေးတာပေါ့”
ဟန်ကျွယ်ရဲ့အသံဟာ ရှန်ပေါင် တာအိုကျင့်ကြံသူရဲ့ နားထဲကို ဝင်သွားပါတယ်။ တစ်ချိန်တည်းမှာပဲ ရှန်ပေါင် တာအိုကျင့်ကြံသူဟာ လောကဦးနတ်ဒေါသ ထိမှန်ပြီး ခန္ဓာကိုယ် ပေါက်ကွဲထွက်သွားပါတယ်။ ဒါပေမဲ့ ရှန်ပေါင် တာအိုကျင့်ကြံသူရဲ့ ဝိညာဉ်ကိုတော့ ထူးဆန်းတဲ့ အလင်းရောင်တစ်ခုက ကာကွယ်ထားပါတယ်။
ရှန်ပေါင် တာအိုကျင့်ကြံသူရဲ့ ဝိညာဉ်က ရွှေရောင်ပါ။
ဒါပေမဲ့ ဟန်ကျွယ်ဟာ ဒီအခြေအနေကို အသွင်တူ လက်ရည်စမ်းပွဲထဲမှာ မြင်ဖူးပေါင်း များလှပါပြီ။
ဟန်ကျွယ်ဟာ သူ့လက်ဝါးကို ထပ်ဝှေ့ယမ်းလိုက်ပါတယ်။ လောကဦးနတ်ဒေါသက စွမ်းအားတွေ စုစည်းဖို့ အချိန်လိုပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ရွေးချယ်စရာ မရှိဘဲ မဟာညီညွတ်မှု ရုပ်သွင်ကို သုံးပြီး နတ်ဘီလူးဓမ္မရုပ်တုတွေကို ဆင့်ခေါ်ကာ ရှန်ပေါင် တာအိုကျင့်ကြံသူရဲ့ ဝိညာဉ်ကို ဝိုင်းတိုက်စေပါတယ်။
ရှန်ပေါင် တာအိုကျင့်ကြံသူဟာ နက်ရှိုင်းတဲ့ အာကာသထဲကို ခုန်ဝင်လိုက်ပါတယ်။ တုတ်ရှည်တစ်ချောင်းဟာ ရှန်ပေါင် တာအိုကျင့်ကြံသူရဲ့ လက်ထဲမှာ ပေါ်လာပါတယ်။ ရှန်ပေါင် တာအိုကျင့်ကြံသူဟာ နောက်လှည့်ပြီး တုတ်ရှည်နဲ့ ရိုက်ချလိုက်တဲ့အခါ ဧရာမနေမင်းကြီးတွေ ထွက်ပေါ်လာပါတယ်။ အရေအတွက်က များပြားလွန်းတဲ့အတွက် တဒင်္ဂအတွင်း မီးသမုဒ္ဒရာ ဖြစ်သွားပြီး ဟန်ကျွယ်ကို ဆွဲနှစ်ဖို့ ကြိုးစားပါတယ်။
ဟန်ကျွယ်ဟာ အာကာသ နတ်ဘီလူးနဲ့ ဖြတ်သန်း နတ်ဘီလူးရဲ့ စွမ်းအားကို သုံးပြီး ရှန်ပေါင် တာအိုကျင့်ကြံသူရဲ့နောက်ကို ထပ်ရောက်သွားပါတယ်။
“အာကာသ မဟာတာအို… မဖြစ်နိုင်တာ…” ရှန်ပေါင် တာအိုကျင့်ကြံသူဟာ တအံ့တဩ ရေရွတ်ရင်း သူ့နောက်မှာ အာကာသ လှုပ်ခတ်သွားတာကို အာရုံခံမိလိုက်ပါတယ်။
နတ်ဘီလူးဓမ္မရုပ်တု တစ်ရာကျော်ဟာ ရှန်ပေါင် တာအိုကျင့်ကြံသူရဲ့ နောက်မှာ ပေါ်လာပြီး ရှန်ပေါင် တာအိုကျင့်ကြံသူကို ငုံ့ကြည့်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ နတ်ဘီလူးဓမ္မရုပ်တုတွေဟာ အတူတူ တိုက်ခိုက်လိုက်ပါတယ်။ ပြင်းထန်လွန်းတဲ့ စွမ်းအားကြောင့် သူတို့ရောက်နေတဲ့ အာကာသအလွှာအပြင် ဒီထက်နက်ရှိုင်းတဲ့ အာကာအလွှာတွေပါ ကွဲကြေကုန်ပါတယ်။ လောကဦး ဟင်းလင်းပြင် ပေါ်လာတဲ့အခါ နတ်ဘီလူးဓမ္မရုပ်တုတွေရဲ့ စွမ်းအားက ရှန်ပေါင် တာအိုကျင့်ကြံသူရဲ့ ဝိညာဉ်ဆီ ရောက်သွားပါပြီ။
“ဝုန်း…”
ဒါတွေ အကုန်လုံးက အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားတဲ့အတွက် အချိန်က ရပ်နေသလိုပါပဲ။ ရှန်ပေါင် တာအိုကျင့်ကြံသူဟာ နတ်ဘီလူးဓမ္မရုပ်တုတွေရဲ့ တိုက်ခိုက်မှုကို မရှောင်တိမ်းနိုင်တာကြောင့် သူ့ရဲ့ ရွှေရောင်ဝိညာဉ်ဟာ ဖျက်ဆီးခံလိုက်ရပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ဝါးမျိုနတ်ဘီလူးကို ဆင့်ခေါ်လိုက်ပါတယ်။ ဝါးမျိုနတ်ဘီလူးဟာ သူ့ရဲ့ ပါးစပ်ကြီးကိုဖွင့်ပြီး အနီးအနားက အာကာသ အပိုင်းအစတွေကိုပါ မျိုချလိုက်ပါတယ်။
ရှန်ပေါင် တာအိုကျင့်ကြံသူဟာ သူ့ရဲ့ဝိညာဉ်နဲ့ ခန္ဓာကိုယ်ကို ပြန်မခဲနိုင်ခင်မှာဘဲ ဝါးမျိုနတ်ဘီလူး မျိုချတာကို ခံလိုက်ရပါတယ်။
“ဓားရူး တာအိုပညာရှိ”
ဒီအသံနဲ့အတူ ရှန်ပေါင် တာအိုကျင့်ကြံသူဟာ လုံးဝ ပျောက်ကွယ်သွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 747
? Views, Released on December 19, 2024