Switch Mode

Chapter – 738

အခန်း (၇၃၈) မဟာဟင်းလင်းပြင်ဝိညာဉ်
ကောင်းကင်အရှင်ရွှမ်တုရဲ့ စကားကို ကြားလိုက်ရတဲ့အခါ ဟန်ကျွယ်ဟာ နည်းနည်းတော့ အံ့အားသင့်သွားပါတယ်။ သတင်းပျံ့တာက မြန်ဆန်လွန်းတယ် မဟုတ်ပါလား။ ကြည့်ရတာ ပထမရှုံဟွာအရှင်က တော်တော် သတ္တိကောင်းနေပုံပါပဲ။
ကောင်းကင်ရုံးတော် တိုက်ပွဲမှာ ပထမရှုံဟွာအရှင်ဟာ ရှုံဟွာ ၁၅ ပါးကို ဆုံးရှုံးလိုက်ရပါတယ်။ ဟန်ကျွယ် သတ်လိုက်တဲ့ ရှုံဟွာ ၁၃ ပါးအပြင် အမှောင်နယ်မြေကို အသုံးပြုတဲ့ ရှုံဟွာနဲ့ ကောင်းကင်ရုံးတော်ကို ရန်လာစခဲ့တဲ့ ရှုံဟွာကို ပေါင်းလိုက်ရင် သေသွားတဲ့ရှုံဟွာက စုစုပေါင်း ၁၅ ပါးပါ။
ယုတ္တိကျကျ ပြောရရင် သာမန်အခြေနေမှာ ဒီလောက်ဆုံးရှုံးမှုကြီး ကြုံတွေ့ထားရတဲ့အတွက် အနည်းဆုံး အချိန်အတိုင်းအတာ တစ်ခုအထိတော့ အနားယူသင့်ပါတယ်။ ပထမရှုံဟွာအရှင်ကတော့ ဒီလိုမဟုတ်ဘဲ ပိုပြီးတော့ ရဲတင်းလာပါတယ်။
ဒါ့အပြင် ရှုံဟွာ ပေါ်လာတာက ပဋိပက္ခကို ဖျက်ဆီးတာလို့ ယူဆလို့ရပါတယ်။ ဒီလို အခြေအနေမှာ ပဋိပက္ခသိစိတ် ပေါ်မလာတာက နည်းနည်းတော့ စဉ်းစားစရာပါ။ ဒါမှမဟုတ် ပဋိပက္ခသိစိတ်ရဲ့ မျက်လုံးထဲမှာ ရှုံဟွာက ဘာမှမဟုတ်တာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ် ပထမရှုံဟွာအရှင်က ပန်ကူးလက်ထဲမှာ ရှုံးနိမ့်ခဲ့ပါတယ်။ အမှောင်သခင်ကြီးကတော့ ဒီလိုမဟုတ်ပါဘူး။ အမှောင်သခင်ကြီး ပေါ်လာကတည်းက သူ့ဂုဏ်သတင်းဟာ အတက်ပဲရှိပြီး အကျ လုံးဝမရှိပါဘူး။ ပဋိပက္ခသိစိတ်တောင် အမှောင်သခင်ကြီး ဘယ်သူလဲဆိုတာကို မတွက်ချက်နိုင်ဘူး မဟုတ်ပါလား။
ပဋိပက္ခသိစိတ်ရဲ့ စိတ်ထဲမှာ ဟန်ကျွယ်က အမှောင်သခင်ကြီး ဖြစ်နိုင်တယ်လို့ တွက်ဆထားပြီးလောက်ပါပြီ။ တိကျရေရာမှု မရှိလို့သာ ငြိမ်နေတာ ဖြစ်နိုင်ပါတယ်။
အတိတ်မှာတုန်းက ကောင်းကင်တာအိုမှာ အမှောင်သခင်ကြီးခေတ် ထွက်ပေါ်ခဲ့ပြီး ကျင့်ကြံသူ အများကြီးက သူ့ကိုအတုခိုးကာ ကျိန်စာ လိုက်တိုက်ခဲ့ပါတယ်။ တချို့ကလည်း အမှောင်သခင်ကြီး ဘယ်သူလဲဆိုတာကို မှန်းဆနိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ သက်သေမရှိတဲ့အတွက် ခန့်မှန်းချက်အဖြစ်နဲ့ပဲ အဆုံးသတ်ခဲ့ရပါတယ်။
ချုံရှီလိုင်က ပြောလိုက်ပါတယ် “သူတို့တွေ ကောင်းကင်တာအိုကို ဒုက္ခမပေးဘူးဆိုရင် သူတို့ကို ဂရုစိုက်စရာ မလိုဘူး၊ မဟာတာအိုပညာရှိ အများကြီးက ကောင်းကင်တာအိုနဲ့ မိတ်ဆွေဖြစ်ချင်တယ် ဆိုပေမဲ့ ကောင်းကင်တာအိုရဲ့ အုတ်မြစ်က အားနည်းနေသေးတယ်၊ အခုအချိန်မှာ အရေးအကြီးဆုံး ကောင်းကင်တာအိုကို ဒီထက် တိုးတက်အောင် လုပ်ဖို့ပဲ၊ ဒါမှ မဟာတာအိုပညာရှိတွေ နေရာလာယူတာကို မခံရမှာ”
ဖန်းလျန်ကလည်း ပြောလိုက်ပါတယ် “ဟုတ်တယ်၊ အဲဒီ မဟာတာအိုပညာရှိတွေကို ၁၀၀ ရာခိုင်နှုန်း ယုံလို့ မဖြစ်ဘူး”
ပန်ရှင်းကလည်း ဝင်ပြောပါတယ် “ငါ ကောင်းကင်တာအိုကို ပြန်လာတုန်းက သိကျန်း တိုက်ခိုက်တာကို ခံရတယ်၊ ဒီကောင်က ငါ့ရဲ့ ကောင်းကင်ဖွင့်လှစ်ပုဆိန်ကို လုချင်နေတာ၊ ဘယ်လောက်တောင် အရှက်မရှိလိုက်လဲ”
ပန်ရှင်းရဲ့ လေသံဟာ ဒေါသတစ်စက်မှမပါဘဲ တည်ငြိမ်နေပါတယ်။ ပန်ရှင်းဟာ အတိတ်မှာတုန်းက မဟာတာအိုပညာရှိတွေ အုပ်စုလိုက် ဝိုင်းတိုက်တာကို ထိုးဖောက်ထွက်ခဲ့တာပါ။ ဘိုးဘေးမှော်ပညာရှိ ၁၂ ပါးလောက်ကတော့ မူကို မမူတာပါ။
တခြားတာအိုပညာရှိတွေဟာ ဘာပြောရမှန်း မသိတဲ့အတွက် ဆိတ်ဆိတ်ပဲ နေလိုက်ကြပါတယ်။
အဆုံးသတ် အပျက်အစီးနတ်ဘုံက မဟာတာအိုပညာရှိတွေနဲ့ ပူးပေါင်းတာက အားလုံး သဘောတူထားတဲ့ ကိစ္စပါ။ ပန်ရှင်းနဲ့ သိကျန်း တိုက်ခိုက်တာက ပန်ကူးမျိုးဆက်တွေနဲ့ပဲ ဆိုင်ပါတယ်။
ကောင်းကင်အရှင်ရွှမ်တုက ပြောလိုက်ပါတယ် “ဒီလိုဆို ရှုံဟွာကို လောလောဆယ် လွှတ်ထားလိုက်မယ်၊ ပဋိပက္ခ ကောင်းကင်လမ်းက ပဋိပက္ခကမ္ဘာတွေနဲ့ ပိုပြီးတော့ ဆက်သွယ်သင့်တယ်၊ ဒီလိုဆို ကောင်းကင်တာအိုရဲ့ ကံတရား အထောက်အပံ့ ပိုမြန်မြန် တိုးလာလိမ့်မယ်၊ နောက်ပြီး မင်းတို့တွေ ကောင်းကင်တာအို အပြင်ဘက်ကမှာ သေမျိုးကမ္ဘာ ဖန်တီးလို့ရတယ်၊ အင်မော်တယ်ကမ္ဘာကတော့ ဘယ်တော့ဖြစ်ဖြစ် ကောင်းကင်တာအိုရဲ့ ဗဟိုချက်မ ဖြစ်နေမှာပဲ၊ ကောင်းကင်တာအိုက ပဋိပက္ခကို လွှမ်းခြုံသွားရင် အင်မော်တယ်ကမ္ဘာက ပဋိပက္ခရဲ့ ဗဟိုချက်မ ဖြစ်လာလိမ့်မယ်”
ကောင်းကင်အရှင်ရွှမ်တု ပြောတဲ့ အစီအစဉ်တွေကို နားထောင်ပြီး တာအိုပညာရှိတွေဟာ စိတ်လှုပ်ရှားကုန်ပါတယ်။
လက်ရှိ ကောင်းကင်တာအိုက တော်တော်လေး စွမ်းအားကြီးလာပါပြီ။ တာအိုပညာရှိအားလုံးနဲ့ သက်ရှိအားလုံးလည်း ဒီအခြေအနေမှာ ချည်နှောင်နေမိပြီမလို့ သူတို့တွေဟာ ရှေ့ကို အားကုန် ဆက်သွားမှာပါ။ ဘယ်သူမှ ဒီအခြေအနေကို မတားဆီးနိုင်ပါဘူး။
တစ်နာရီကြာတဲ့အခါမှာတော့ တာအိုပညာရှိတွေဟာ တာအိုပညာရှိ နေရာအသစ်အတွက် စပြီးတော့ ဆွေးနွေးကြပါတယ်။ ဟန်ကျွယ်ဟာ ဒီဆွေးနွေးပွဲထဲ ဝင်မပါပါဘူး။ တာအိုပညာရှိနေရာကို ဘယ်သူပဲရရ သူ့ကို သက်ရောက်မှု မရှိပါဘူး။
ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တုက ဒီနေရာကို လိုချင်နေမှန်း သတိထားမိလိုက်ပါတယ်။
ဟန်ကျွယ်ရဲ့ ကာကွယ်မှုကလွဲရင် ကောင်းကင်အရှင်ရွှမ်တုက ကောင်းကင်တာအိုကို အကျိုးအဆောင်ဆုံးပါ။ ကောင်းကင်အရှင်ရွှမ်တုဟာ အမြဲတမ်း လုံ့လဝီရိယ ရှိနေပြီး သူလိုတာကို ပြောခဲပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တုကို အကောင်းမြင်တာမလို့ ဝင်ပြောလိုက်ပါတယ် “ရွမ်လိန့်ကျောင်းတော်ကို ပေးလိုက်ရအောင်… တာအိုရောင်းရင်း ရွှမ်တုက ဒီလောက်ထိ အကျိုးဆောင်ထားတာပဲ၊ ရွမ်လိန့်ကျောင်းတော်ကိုလည်း ကူညီထောက်ပံ့သင့်တယ်၊ နောက်ကျရင် ကံတရား အထောက်အပံ့ဂိုဏ်းတိုင်းမှာ တာအိုပညာရှိတစ်ပါးထက်ပိုပြီး ရှိမှာပဲ၊ ကောင်းကင်တာအိုပညာရှိအဆင့်က ငါတို့ရဲ့ အမြင့်ဆုံးအဆင့် မဟုတ်တော့ဘူး၊ မင်းတို့ရဲ့ ကျင့်ကြံမှုတွေ တိုးတက်လာတာကို ငါ တွေ့ရတယ်၊ ဒီအတိုင်းဆို မင်းတို့တွေ လွတ်လပ်မှုအဆင့်ကို ရောက်ဖို့က စိတ်ကူးယဉ်နေတာ မဟုတ်တော့ဘူး”
ဟန်ကျွယ် ပါးစပ်ဟလိုက်တာနဲ့ တာအိုပညာရှိတွေဟာ ငြင်းချက် မထုတ်ရဲတော့ပါဘူး။ တစ်ချိန်တည်းမှာပဲ တာအိုပညာရှိတွေဟာ ဟန်ကျွယ်ပြောတဲ့ လွတ်လပ်မှုအဆင့်ကို မျှော်ကြည့်လိုက်ကြပါတယ်။
တခြားလူတွေပြောရင် တာအိုပညာရှိတွေဟာ ကျိန်းသေပေါက် ဟားတိုက်မိမှာပါ။ ဒါပေမဲ့ ဟန်ကျွယ်က မဟာတာအိုပညာရှိပါ။ မဟာတာအိုပညာရှိတွေရဲ့ မျက်လုံးထဲမှာ လွတ်လပ်မှုအဆင့်က ပုရွက်ဆိတ် ခပ်ကြီးကြီး တစ်ကောင်နဲ့ သိပ်မကွာခြားပါဘူး။
ဒါကြောင့် တာအိုပညာရှိတွေဟာ ကောင်းကင်အရှင်ရွှမ်တုကို ထောက်ပံ့လာကြပြီး မြှောက်ပင့် ပြောဆိုလာကြပါတယ်။
ဒီအချိန်မှာ ကောင်းကင်အရှင်ရွှမ်တုဟာ မငြင်းပါဘူး။ တာအိုပညာရှိနေရာကို ချက်ချင်း လက်ခံပြီး ဟန်ကျွယ်ကို ကျေးဇူးတင်လိုက်ပါတယ်။
တာအိုပညာရှိအသစ်ဖြစ်တဲ့ စုချီဟာ ဒါတွေအားလုံးကို ကြည့်ပြီး ခံစားချက်တစ်ခုပဲ ရှိပါတယ် ‘ဆရာသခင်က အကုန်လုံးကို ထိန်းချုပ်ထားတာပဲ’
တာအိုပညာရှိ အစည်းအဝေး ပြီးဆုံးသွားတဲ့အခါ ဟန်ကျွယ်ရဲ့ ဝိညာဉ်အပိုင်းအစဟာ လွင့်ပါး ပျောက်ကွယ်သွားပါတယ်။
ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။
နှစ်ငါးထောင်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။
[လောကဦး ကောင်းကင်ထောင်သည် အကျဉ်းသားအား အောင်မြင်စွာ ကျွန်ပြုပြီးပါပြီ။]
[မဟာဟင်းလင်းပြင်ဝိညာဉ် (ရှုံဟွာ)သည် သင့်အပေါ် အကောင်းမြင်စိတ် ရှိသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: အမြင့်ဆုံး။]
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။ ရှုံဟွာကို အောင်မြင်စွာ ကျွန်ပြုနိုင်ဖို့ နှစ် ၁၅,၀၀၀ အချိန်ယူလိုက်ရတယ် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ မဟာဟင်းလင်းပြင်ဝိညာဉ်ရဲ့ အချက်အလက်ကို ချက်ချင်း ဖွင့်ကြည့်လိုက်ပါတယ်။
[မဟာဟင်းလင်းပြင်ဝိညာဉ်: မဟာတာအို လောကဦးပဋိပက္ခ နောက်ဆုံးအဆင့်၊ မဟာဒုက္ခကပ်ဘေး ထိန်းချုပ်သူ၊ ပဋိပက္ခသက်ရှိ။ မဟာတာအိုကို ရယူပြီးနောက် မဟာတာအို နတ်စိတ်ဝိညာဉ်၏ တိုက်ခိုက်မှုကို ခံရပြီး ပဋိပက္ခအစွန်း၌ ဖိနှိပ်ခံခဲ့ရသည်။ နောက်ပိုင်း၌ ပထမရှုံဟွာအရှင်၏ ကယ်တင်မှုကြောင့် ဖိနှိပ်မှုမှ လွတ်မြောက်သွားပြီး ရှုံဟွာအဖြစ် ပြောင်းလဲသွားခဲ့သည်။ လက်ရှိ မျက်နှာသာပေးမှု: အမြင့်ဆုံး။]
‘ကျွတ်..ကျွတ်… နောက်ထပ် ကံဆိုးရှာတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်ပါလား…’
‘ဒီမဟာတာအို နတ်စိတ်ဝိညာဉ်တွေက အပြစ်တွေ ဘယ်လောက်တောင် ကျူးလွန်ထားပြီးပြီလဲ’
မဟာဟင်းလင်းပြင်ဝိညာဉ်ဟာ မျက်စိပွင့်လာပြီး ချက်ချင်း ဒူးထောက်လိုက်ပါတယ်။
“ရှုံဟွာအကြောင်း မင်းသိတာမှန်သမျှ ငါ့ကို ပြောစမ်း”
မဟာဟင်းလင်းပြင်ဝိညာဉ်ဟာ ချက်ချင်း အမှန်အတိုင်း ဖြေပါတယ်။
လက်ရှိ ပထမရှုံဟွာအရှင်ဆီမှာ ရှုံဟွာငါးဆယ်ကျော် ရှိနေပါပြီ။ တစ်ဝက်က မဟာတာအိုပညာရှိတွေ ဖြစ်ကြပါတယ်။ ဒီမဟာတာအိုပညာရှိတွေဟာ ပဋိပက္ခနေ နှင်ထုတ်ခံရတဲ့လူတွေ မဟုတ်ရင် ပဋိပက္ခကို အလွန်မုန်းတီးတဲ့ တည်ရှိမှုတွေ ဖြစ်ကြပါတယ်။
ရှုံဟွာရဲ့အောက်မှာ အမှောင်စစ်သားတွေ ရှိနေပါတယ်။ အမှောင်စစ်သားက အရေအတွက်နဲ့ ဖော်ပြလို့ မရအောင် များပြားလွန်းပါတယ်။ ဒီအမှောင်စစ်သားတွေက ပဋိပက္ခ ဖိနှိပ်ခဲ့တဲ့ မျိုးနွယ်စုတွေကနေ ပြောင်းလဲလာတာပါ။
ရှုံဟွာရဲ့ အထက်နဲ့ ပထမရှုံဟွာအရှင်ရဲ့အောက်မှာ အံ့ဖွယ်ရှုံဟွာ ၇ ပါး ရှိပါတယ်။ သူတို့က အလွန်တရာ လျှို့ဝှက်ဆန်းကြယ်ပြီး ကောင်းကင်တာအိုထက် အသက်ကြီးတဲ့ တည်ရှိမှုတွေလို့တောင် ပြောကြပါတယ်။
မဟာဟင်းလင်းပြင်ဝိညာဉ်ဟာ ရှုံဟွာအင်အားစုအကြောင်းကို နက်နက်ရှိုင်းရှိုင်း မသိပါဘူး။ ပထမရှုံဟွာအရှင် ဘယ်မှာ ပုန်းနေတယ်ဆိုတာကိုတောင် မသိပါဘူး။
“ရှုံဟွာအရှင်က ဘယ်သူဆီကနေ ပုန်းနေတာလဲ” ဟန်ကျွယ်က မေးလိုက်ပါတယ်။
ရှုံဟွာအရှင်က ပထမရှုံဟွာအရှင်ကို ပြောတာပါ။
မဟာဟင်းလင်းပြင်ဝိညာဉ်ဟာ မျက်မှောင်ကြုတ်ပြီး ပြန်ဖြေပါတယ် “ကျွန်တော်လည်း သေချာမသိဘူး၊ ကျွန်တော် သူ့ကို တစ်ခါပဲ မြင်ဖူးတယ်၊ သူက လောကဦးနတ်ဘီလူးဆိုတဲ့ နာမည်တစ်ခုကိုတော့ ပြောဖူးတယ်”
ဟန်ကျွယ်ဟာ မျက်လုံးကျဉ်းသွားပါတယ် “ပဋိပက္ခထဲမှာ တကယ်ပဲ လောကဦး နတ်ဘီလူး ပုန်းအောင်းနေတာလား”
ဟန်ကျွယ်ဟာ ပဋိပက္ခက လောကဦးနတ်ဘီလူးတစ်ပါးပဲ ဝင်ဆံ့နိုင်မှန်း သိပါတယ်။ အဲဒီ လောကဦးနတ်ဘီလူးကလည်း သူ မဟုတ်ပါလား။
မဟာဟင်းလင်းပြင်ဝိညာဉ်ဟာ ခေါင်းခါလိုက်ပါတယ် “ကျွန်တော်လည်း သေချာမသိဘူး၊ ကျွန်တော် လောကဦးနတ်ဘီလူး အကြောင်းတော့ စုံစမ်းဖူးတယ်၊ ဒဏ္ဍာရီအရ ပဋိပက္ခ နတ်ဘီလူး သုံးထောင် တိုက်ခိုက်တာက တာအိုရယူဖို့တင် မဟုတ်ဘဲ ပဋိပက္ခနတ်ဘီလူးကို ဖိနှိပ်တဲ့ လောကဦးနတ်ဘီလူး အသွင် ပြောင်းလဲနိုင်အောင်တဲ့၊ ဒါပေမဲ့ ပန်ကူးက ပဋိပက္ခ နတ်ဘီလူးတွေကို အနိုင်ယူပြီးနောက် လောကဦး နတ်ဘီလူး ဖြစ်မလာဘဲ ရုတ်ခြည်း သေဆုံးသွားတယ်၊ တချို့က ပြောကြတာတော့ ပန်ကူးက လောကဦးနတ်ဘီလူးရဲ့ ကြောက်မက်ဖွယ်အစွမ်းကို တွေ့လိုက်ရတဲ့အတွက် ကြောက်လန့်ပြီး ပုန်းနေတာတဲ့၊ တကယ် မသေသေးဘူးတဲ့”
ဟန်ကျွယ်ဟာ အတွေးနက်သွားပါတယ်။
“ငါ မင်းကို လွှတ်ပေးလိုက်ရင် မင်း ရှုံဟွာအင်အားစုထဲကို ပြန်စိမ့်ဝင်နိုင်မလား”
မဟာဟင်းလင်းပြင်ဝိညာဉ်က ခေါင်းခါလိုက်ပါတယ် “မရဘူး၊ ရှုံဟွာအရှင်က ကျွန်တော် သစ္စာဖောက်သွားတာကို သိပြီးနေပြီ”
ဟန်ကျွယ်ဟာ သူ့အကြံကို လက်လျှော့လိုက်ရပါတယ်။ ဟန်ကျွယ်ဟာ မဟာဟင်းလင်းပြင်ဝိညာဉ်ကို အပြင်ထွက်ခိုင်းပြီး နေရာတစ်နေရာရှာကာ ကျင့်ကြံအားထုတ်ခိုင်းပါတယ်။ ဘာပဲဖြစ်ဖြစ် မဟာဟင်းလင်းပြင်ဝိညာဉ်က မဟာတာအိုပညာရှိပါ။ နောင်အရေးကြုံလာရင် ကောင်းကင်တာအိုကို ကာကွယ်နိုင်ပါတယ်။
ဒုတိယ တာအိုစက်ကွင်းကိုတော့ ဟန်ကျွယ်ဟာ သူ့ရဲ့ မူလ ရည်ရွယ်ချက်အတိုင်း ဆက်ထားမှာပါ။ ပဋိပက္ခနတ်ဘီလူးတွေပဲ ဒုတိယ တာအိုစက်ကွင်းမှာ နေနိုင်မှာပါ။
ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ပဋိပက္ခနဲ့ ပဋိပက္ခအပြင်ဘက်က ဗလာနယ်မှာ ငါကလွဲရင် နောက်ထပ် လောကဦး နတ်ဘီလူး ရှိသေးလားဆိုတာကို ငါ သိချင်တယ်”
[ပဋိပက္ခသည် လောကဦး နတ်ဘီလူးတစ်ပါးသာ ဝင်ဆံ့နိုင်သည်။ ပဋိပက္ခ အပြင်ဘက်ရှိ ဗလာနယ်ကိုမူ လောလောဆယ် မတွက်ချက်နိုင်သေးပါ။ ဗလာနယ်သည် လုံးဝ ဗလာဖြစ်ပြီး သက်ရှိများ မရှိပါ။ သက်ရှိများ ရှိခဲ့လျှင်လည်း သိစိတ် ဆုံးရှုံးပြီး လူသေနဲ့ မခြားပါ။]
ဒီတစ်ကြိမ်တော့ စနစ်က ဟန်ကျွယ် သက်တမ်းကို နှုတ်မသွားပါဘူး။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset