အခန်း (၇၃၆) ပထမရှုံဟွာအရှင်
အသက်ရှူကြိမ် ဆယ်ကြိမ်ကျော် ကြာသွားတဲ့အခါမှာတော့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ ရုတ်တရက် ကျယ်လောင်စွာ ရယ်မောသံဟာ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပါတယ်။ ကောင်းကင်စစ်သား သန်းချီလည်း စိတ်လှုပ်ရှားစွာ ကြွေးကြော် အော်ဟစ်လိုက်ကြပါတယ်။
“ငါတို့ နိုင်သွားပြီ”
“ခုနက အဲဒီစွမ်းအားကြီးပုဂ္ဂိုလ်က ဘယ်သူလဲ”
“အဲဒီစွမ်းအားကြီးပုဂ္ဂိုလ်က မဟာစစ်သူကြီးဟန်နဲ့ တူတာကို သတိမထားမိဘူးလား”
“ဝိုး.. မဟာစစ်သူကြီးဟန်ရဲ့ အဖေလား၊ တော်တော် ကြောက်ဖို့ကောင်းတာပဲ၊ ရှုံဟွာ ၁၃ ပါးနဲ့ မဟာတာအို နတ်စိတ်ဝိညာဉ်ကို အသာလေး သတ်ပစ်လိုက်တယ်”
“မဟာတာအို နတ်စိတ်ဝိညာဉ်က တကယ် သေသွားတာလား”
“ဟုတ်တယ်၊ မဟုတ်ရင် ဒီကောင် ခုန်ထွက်လာမှာ ကျိန်းသေတယ်”
ကောင်းကင်စစ်သားတွေတင် မကပါဘူး။ မဟာတာအိုပညာရှိတွေရဲ့ တပည့်တွေနဲ့ မဟာတာအိုမျှော်စင်က ကျင့်ကြံသူတွေပါ ဒီအကြောင်းကို စိတ်ဝင်တစား ဆွေးနွေးကြပါတယ်။
မဟာတာအိုပညာရှိ ၂၃ ပါးဟာ မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ကို ဝိုင်းတိုက်ပေမဲ့ အသာစီး မရပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ကတော့ ချက်ချင်း သတ်ပစ်လိုက်ပါတယ်။ ဒီကွာခြားချက်က နည်းနည်းနောနော မဟုတ်ပါဘူး။
သူတို့တွေမပြောနဲ့၊ မဟာတာအိုပညာရှိတွေတောင် ထိတ်လန့်သွားကြတာပါ။
ဖူရှီဟာ မချိပြုံး ပြုံးလိုက်ပါတယ် “ငါတို့ရှုံးတာ အကြောင်းမဲ့ မဟုတ်ဘူး”
ဖူရှီဟာ ဒီနေ့ကိစ္စကို ပြောနေတာ မဟုတ်ပါဘူး။ အဆုံးသတ် အပျက်အစီး နတ်ဘုံက ကောင်းကင်တာအိုကို ကြံစည်ခဲ့တဲ့ အတိတ်က ကိစ္စတွေကို ရည်ရွယ်ပြီး ပြောလိုက်တာပါ။
နွီဝါဟာ တိတ်ဆိတ်နေပါတယ်။ နွီဝါဟာ အဝေးက ဟစ်ကြွေးသံတွေကို ကြားလိုက်ရတာကြောင့် ထိတ်လန့် တုန်လှုပ်တုန်း ရှိနေပါသေးတယ်။ ရှုံဟွာ ၁၃ ပါးက ပြန်ဆုတ်သွားတာ မဟုတ်ဘဲ အသတ်ခံလိုက်ရတယ်လို့ ကြားလိုက်ရတယ် မဟုတ်ပါလား။
‘ငါတို့တွေ အမှောင်ထုထဲမှာ ပိတ်မိတာ ဘယ်လောက်ကြာလို့လဲ…’
‘ဟန်ကျွယ် မဟာတာအိုကို ရယူခဲ့တာက နှစ်သောင်းချီပဲ ရှိသေးတယ်၊ ဘာဖြစ်လို့ ဒီလောက်တောင် စွမ်းအားကြီးနေရတာလဲ’
‘သူက မဟာတာအိုပညာရှိအဆင့်ကို ကျော်လွန်သွားပြီလား…’
မဟာတာအိုပညာရှိတွေဟာ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်ကြတဲ့အခါ တစ်ဖက်လူရဲ့ မျက်လုံးထဲမှာ တုန်လှုပ်အံ့အားသင့်မှုနဲ့ ကြောက်ရွံ့မှုတွေ ပြည့်နှက်နေတာကို တွေ့လိုက်ရပါတယ်။
ဟုတ်ပါတယ်။
တုန်လှုပ်ချောက်ချားနေတာပါ။
ဟန်ကျွယ်သာ သူတို့ကို သတ်ချင်ရင် သူတို့တွေ ပြေးမလွတ်နိုင်ဘူး မဟုတ်ပါလား။
မဟာတာအိုပညာရှိတွေဟာ ဒီအကြောင်းကို တွေးလေလေ ပိုပြီးတော့ ကြောက်လာလေလေပါပဲ။ တစ်ချိန်တည်းမှာလည်း ဟန်ကျွယ်အပေါ် ထားရှိတဲ့ သဘောထားတွေ ပြောင်းလဲသွားပါတယ်။
ဟန်ကျွယ်က သွေးဆာတဲ့လူ မဟုတ်ပါဘူး။ ရွေးချယ်စရာ ရှိသေးရင် မတိုက်ခိုက်ပါဘူး။ ဒါပေမဲ့ တိုက်ခိုက်ရင်လည်း တစ်ချက်တည်း အပြတ်ရှင်းပစ်မဲ့ လူစားမျိုးပါ။ ဒီလိုလူမျိုးကို ရန်မစတာက အကောင်းဆုံးပါ။
တခြားတစ်ဖက်မှာတော့…
ယီတျန်ဟာ ဟန်ထော်ကို ဖက်ပြီး စိတ်လှုပ်တရှား ပြောလိုက်ပါတယ် “ညီအစ်ကို… ငါ့ကို မင်းအဖေနဲ့ မိတ်ဆက်ပေးစမ်းပါ၊ ငါ မင်းအဖေကို ဆရာတင်ချင်တယ်”
ကျိုးဖန်က ဂုဏ်ယူစွာ ပြောလိုက်ပါတယ် “မင်း မြေးတပည့်ပဲ ဖြစ်နိုင်တယ်၊ ဘယ်လို သဘောရလဲ”
ချူရှီရန်ကလည်း ပြုံးလိုက်ပါတယ် “ငါ့တပည့် ကျိုးမင်ယွဲ့က မင်းကို လက်ခံကောင်း လက်ခံလိမ့်မယ်”
ဟန်ထော်ဟာ သတိပြန်ဝင်လာပြီး ပတ်ဝန်းကျင်က လူတွေရဲ့ စကားသံကို နားထောင်ကာ ရင်ထဲမှာ ဂုဏ်ယူသွားပါတယ်။
ချင်လင်းဟာ ဟန်ကျွယ်က ဟန်ထော်ရဲ့ အဖေဆိုတာကို အခုမှ သိသွားပါတယ် ‘ဒါဆိုသူက ငါ့ဆရာဘိုးဘိုးရဲ့ ဘိုးဘေးပေါ့… ဂလု… သူ့နောက်ခံက စွမ်းအားကြီးလှချည်လား…’
တာအိုဘုံကျောင်းထဲက ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက်ပေါ် ထိုင်ပြီး အသက်အရှည်ကြီး ရှူသွင်းလိုက်ပါတယ်။ ဟန်ကျွယ်ဟာ တိုက်ပွဲ ပြီးဆုံးသွားပေမဲ့ သက်သောင့်သက်သာ မဖြစ်ဘဲ ပိုလို့တောင် ရင်တဒိတ်ဒိတ် ဖြစ်လာပါသေးတယ်။
ဒီတိုက်ပွဲက ဟန်ကျွယ်က အတော်လေး ကျေနပ်အားရ စေပါတယ်။ ဟန်ကျွယ်ဟာ တိုက်ပွဲရူးတွေရဲ့ စိတ်ကို ရုတ်တရက် နားလည်သွားပါတယ်။
‘မဟုတ်ဘူး… ငါ ဒီသာယာမှုမှာ နစ်မြောလို့ မဖြစ်ဘူး၊ ဒါကို ငါ့စိတ်ကို လှည့်စားချင်တဲ့ မဟာတာအိုရဲ့ ပရိယာယ်ပဲ ဖြစ်ရမယ်’
ဟန်ကျွယ်ဟာ ချက်ချင်း သူ့စိတ်အခြေအနေကို ပြုပြင်ပြီး တာအိုနှလုံးသားကို တည်ငြိမ် အေးချမ်းစေပါတယ်။
ဟန်ကျွယ်က ဟန်ကျွယ်ပါပဲ။ ဘာမှ မပြောင်းလဲသေးပါဘူး။ ပြောင်းလဲတာဆိုလို့ ပိုပြီးတော့ စွမ်းအားကြီးလာတာပဲ ရှိပါတယ်။
ဒီအချိန်မှာပဲ ဟန်ကျွယ်ရှေ့မှာ အသိပေးချက်တွေ တသီတတန်းကြီး ပေါ်လာပါတယ်။
[နွီဝါသည် သင့်အပေါ် အကောင်းမြင်စိတ် ဝင်သွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်သုံးပွင့်။]
[ကျဲ့ယင်သည် သင့်အပေါ် အကောင်းမြင်စိတ် ဝင်သွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်နှစ်ပွင့်။]
[သိကျန်းသည် သင့်အပေါ် အကောင်းမြင်စိတ် ဝင်သွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်လေးပွင့်။]
[လောကဦး ကောင်းကင်အရှင်သည် သင့်အပေါ် အကောင်းမြင်စိတ် ဝင်သွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်နှစ်ပွင့်။]
ကောင်းကင်ရုံးတော်ကို လာတဲ့ မဟာတာအိုပညာရှိ ၂၃ ပါးစလုံးဟာ ဟန်ကျွယ်အပေါ် အကောင်းမြင်စိတ် ရှိလာပါတယ်။ အရင်က ရန်သူဖြစ်ခဲ့တဲ့ လူတွေလည်း ပါပါတယ်။
ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ်။ တာအိုပညာရှိတွေလို့ မပြောရပါဘူး။ သူတို့ရဲ့ ခံစားချက် ထိန်းချုပ်နိုင်စွမ်းက တကယ်ကို ဆရာကျတာပါ။
ဒါကလည်း ကောင်းပါတယ်။ ဟန်ကျွယ်ဟာ ရန်လိုတာကနေ ဘက်ပြောင်းလာတဲ့လူတွေကို လက်ကမ်း ကြိုဆိုမှာပါ။ ဘာပဲဖြစ်ဖြစ် ရန်သူထက် မိတ်ဆွေ ပိုများတာက ပိုကောင်းတယ် မဟုတ်ပါလား။
ဒါပေမဲ့ ဟန်ကျွယ်ဟာ သူ့သတိကိုတော့ မလျှော့ပါဘူး။ ဟန်ကျွယ် အကြွင်းမဲ့ ယုံကြည်တာက လောကဦး ကောင်းကင်ထောင်ထဲကနေ ထွက်လာတဲ့လူတွေပဲ ရှိပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ အကျိုးအမြတ်ကို ချုံငုံ သုံးသပ်လိုက်ပါတယ်။
ဒီအကြိမ်မှာ ဟန်ကျွယ်ဟာ ရန်သူအများကြီးကို သတ်ပြီး အသွင်တူ လက်ရည်စမ်းပွဲအတွက် အချက်အလက် အများကြီးကို ကူးယူနိုင်ခဲ့ပါတယ်။ ဒါက တကယ်ကို ကြီးမားတဲ့ ရလဒ်ပါ။
ဟန်ကျွယ်ဟာ ဘိုးဘေးရှီတျန်နဲ့ ဆက်ပြီးတော့ တိုက်ခိုက်နေစရာ မလိုတော့ပါဘူး။
ဘိုးဘေးရှီတျန်ကို တွေးမိလိုက်တဲ့ ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ပါတယ်။
“ပဋိပက္ခသိစိတ်က ဘိုးဘေးရှီတျန်ကို ဘာဖြစ်လို့ ဖိနှိပ်တာလဲ”
[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
ဟန်ကျွယ်ဟာ ပုံရိပ်ယောင်ထဲ ဝင်သွားပါတယ်။
ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တဲ့အခါ တောက်ပတဲ့ အလင်းရောင်က ဟန်ကျွယ် မျက်လုံးထဲ ဝင်လာပါတယ်။ ဟန်ကျွယ်ရှေ့မှာ တိမ်လွှာတွေ ရှိနေပြီး တိမ်တွေရဲ့ အဆုံးသတ်မှာ ဧရာမ နေမင်းကြီး ရှိနေပါတယ်။ နေမင်းရှေ့မှာတော့ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး ရှိနေပြီး နေမင်းရဲ့ အလင်းရောင် အများစုကို ကာထားပါတယ်။
ဟန်ကျွယ်တောင် ဒီစွမ်းအားကြီးပုဂ္ဂိုလ်ရဲ့ ပုံရိပ် အစစ်အမှန်ကို မမြင်တွေ့နိုင်ပါဘူး။
နက်ရှိုင်းသိမ်မွေ့တဲ့ စွမ်းအားတစ်ခုက မဟာတာအိုပညာရှိရဲ့ တာအိုပညာရှိ အာရုံကို ကာဆီးထားပါတယ်။
ဟန်ကျွယ်ဟာ ဒီစွမ်းအားကြီးပုဂ္ဂိုလ်ရှေ့မှာ ဒူးထောက်နေတဲ့ ဘိုးဘေးရှီတျန်ကို တွေ့လိုက်ရပါတယ်။ ဘိုးဘေးရှီတျန်ဟာ ဒီစွမ်းအားကြီးပုဂ္ဂိုလ်နဲ့ ယှဉ်လိုက်ရင် မြင့်မိုရ်တောင်နဲ့ ပုရွက်ဆိတ်လို သေးငယ်လွန်းလှပါတယ်။ ဒီစွမ်းအားကြီးပုဂ္ဂိုလ်က တရားထိုင်နေရင်တောင် အနည်းဆုံး အင်မော်တယ်ကမ္ဘာ တစ်ခုလုံးထက် ပိုကြီးမားပါတယ်။
ဒီစွမ်းအားကြီးပုဂ္ဂိုလ်ကတော့ ပဋိပက္ခသိစိတ်ပါ။
“ရှီတျန်… အမှောင်သခင်ကြီး ဘယ်သူလဲဆိုတာ ငါ့ကို ပြောစမ်း”
ပဋိပက္ခသိစိတ်ရဲ့ အသံဟာ လေးနက်တည်ကြည်ပြီး ကျယ်လောင်လွန်းလှပါတယ်။
ဘိုးဘေရှီတျန်က ခေါင်းငုံ့လိုက်ပါတယ် “ကျွန်တော် မသိပါဘူး”
“အမှောင်သခင်ကြီးက မင်းကို တစ်ခါ ကယ်ဖူးတာကို ငါတွက်ချက်မိထားတယ်၊ မင်း မသိဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
“သူက ကျွန်တော့်ကို ဘယ်အချိန်က ကယ်လိုက်တာလဲ၊ ကျွန်တော်လည်း မသိရပါလား…” ဘိုးဘေးရှီတျန်ဟာ ခေါင်းမော့ပြီး မေးလိုက်ပါတယ်။
“အခုတော့ မကယ်လောက်တော့ဘူး ထင်တယ်”
ဘိုးဘေးရှီတျန်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
ဟန်ကျွယ်လည်း မျက်မှောင်ကြုတ်သွားပါတယ် ‘ဒါဆို ဘိုးဘေးရှီတျန် ဖိနှိပ်ခံရတာက ငါ့ကြောင့်လား…’
ဘိုးဘေးရှီတျန်ဟာ ခေါင်းခါလိုက်ပါတယ် “ကျွန်တော် တကယ် မသိတာပါ”
“မင်း တတကယ် မသိတာလား”
“တကယ်ပါ”
“ကောင်းပြီလေ”
ပဋိပက္ခသိစိတ်ရဲ့ အသံဟာ ရုတ်တရက် ပြောင်းလဲသွားပြီး ဖိအားတွေ ပါလာပါတယ်။
ပုံရိပ်ယောင်ဟာ ကွဲကြေသွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး မျက်မှောင်ကြုတ်ကာ ပဟေဠိ ဖြစ်သွားပါတယ် ‘ဘိုးဘေးရှီတျန်က ငါ ဘယ်သူလဲဆိုတာကို သိနေတာလား၊ သိခဲ့တယ်ဆိုရင် ပဋိပက္ခသိစိတ်က ဘိုးဘေးရှီတျန်ရဲ့ မှတ်ဉာဏ်ကို ဘာဖြစ်လို့ တစ်ခါတည်း မဖတ်တာလဲ’
ဟန်ကျွယ်ဟာ ဆက်ပြီးတော့ မတွက်ချက်တော့ပါဘူး။ ဘာပဲဖြစ်ဖြစ် ဘိုးဘေးရှီတျန်က သူ့ကြောင့် ဒုက္ခရောက်သွားတာပါ။ ဟန်ကျွယ်ဟာ ဘိုးဘေးရှီတျန်အတွက် သက်ပြင်းသာ ချနိုင်ပါတယ်။
အခုအချိန်မှာ ဟန်ကျွယ်က အားနည်းနေသေးတဲ့အတွက် ပဋိပက္ခသိစိတ်ကို မခုခံနိုင်ပါဘူး။ နောက်ပြီး ဘိုးဘေးရှီတျန်ကလည်း လွတ်မြောက်သွားပါပြီ။ ကြည့်ရတာ အမှောင်သခင်ကြီး နာမည်က သာမန်မဟုတ်ပါပဲ။ ပဋိပက္ခသိစိတ်ရဲ့ မျက်လုံးထဲမှာတောင် ဆူးတစ်ချောင်း ဖြစ်နေပါပြီ။
ဟန်ကျွယ်ဟာ ပဋိပက္ခသိစိတ်ရဲ့ အာရုံကို လမ်းလွှဲဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မဟုတ်ရင် အနာဂတ်မှာ ပြဿနာများလာမှာပါ။
ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ ရှုံဟွာကို တွေးမိလိုက်ပါတယ်။ ရှုံဟွာက သူ့ကိုယ်သူ အမှောင်ထုလို့ ခေါ်တဲ့အတွက် ဒါကို အသုံးချလို့ရပါတယ်။ ရှုံဟွာနဲ့ အမှောင်သခင်ကြီးက တစ်ဖက်တည်းဆိုရင် ရှုံဟွာကို သတ်လိုက်တဲ့ သူကလည်း အမှောင်သခင်ကြီးရဲ့ ရန်သူ အလိုလို ဖြစ်သွားမှာပါ။
ဟန်ကျွယ်ဟာ သူ့အကြံက အရမ်းကောင်းတယ်လို့ ခံစားလိုက်ရပါတယ်။
ဒါကြောင့် ဟန်ကျွယ်ဟာ လောကဦးကမ္ဘာထဲမှာ ဖိနှိပ်ထားတဲ့ ရှုံဟွာကို ချက်ချင်း အပြင်ထုတ်ပြီး လောကဦး ကောင်းကင်ထောင်ထဲ ပစ်ထည့်လိုက်ပါတယ်။ ရှုံဟွာဟာ မဟာတာအိုစွမ်းအား အသီးသီးရဲ့ ဖိနှိပ်မှုကြောင့် အခုထက်ထိ နိုးမလာသေးပါဘူး။
ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ကျင့်ကြံအားထုတ်ဖို့ ပြင်လိုက်ပါတယ်။ ကောင်းကင်ရုံးတော်ရဲ့ တိုက်ပွဲက ဟန်ကျွယ်ကို နှစ်တစ်သောင်းလောက် ကြာတယ်လို့ ခံစားရစေပါတယ်။
ဒီအချိန်မှာပဲ….
[ပထမရှုံဟွာအရှင်သည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်ခြောက်ပွင့်။]
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး မျက်ခုံးပင့်တက်သွားပါတယ်။
နောက်ဆုံးတော့ ရှုံဟွာရဲ့နောက်ခံ ပေါ်လာခဲ့ပါပြီ။
ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကို ချက်ချင်း ဖွင့်ကြည့်လိုက်တဲ့အခါ ရှုံဟွာနက် ပထမအရှင်ရဲ့ ပုံရိပ်ကို တွေ့လိုက်ရပါတယ်။
[ပထမရှုံဟွာအရှင်: မဟာတာအို အထွတ်အထိပ် နောက်ဆုံးအဆင့်၊ ပထမဦးဆုံး ရှုံဟွာ၊ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာရှင်၊ ကပ်ဘေးဘဝ ထိန်းချုပ်သူ၊ အမှောင်ထု သခင်။ ပဋိပက္ခ မတိုင်ခင် မွေးဖွားခဲ့သော ရှေးကျသော တည်ရှိမှုတစ်ခု ဖြစ်သည်။ ပဋိပက္ခ မွေးဖွားလာပြီးနောက် ပဋိပက္ခ နိယာမ၏ ငြင်းဆန်မှုကြောင့် လောကဦး ဟင်းလင်းပြင်ထဲ၌ တဝဲဝဲ တလည်လည် ဖြစ်နေခဲ့သည်။ နောက်ပိုင်း၌ ပဋိပက္ခ နတ်ဘီလူးများ၏ တိုက်ပွဲ သက်ရောက်မှုကို ခံရပြီး ပန်ကူး ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။ သို့သော် နတ်အခွင့်အာဏာက သူ့စိတ်ဆန္ဒကို ကာကွယ်ခဲ့ပြီး ထာဝရ တည်ရှိစေခဲ့သည်။ သင်က ကပ်ဘေးဘဝ ထိန်းချုပ်သူအား သတ်ဖြတ်လိုက်သဖြင့် ပထမရှုံဟွာအရှင်သည် သင့်အား မုန်းတီးသွားခဲ့သည်။ လက်ရှိ မုန်းတီးမှု: ကြယ်ခြောက်ပွင့်။]
‘ပဋိပက္ခ မတိုင်ခင် မွေးဖွားလာတာလား… မဟာတာအို ကယ်တော်မူပါ… သူ့အသက်က ဘယ်လောက်တောင် ရှိနေပြီလဲ’
ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ်။
အရေးအကြီးဆုံးက ဒီလောက် နှစ်တွေ အကြာကြီး အသက်ရှင်ခဲ့တာတောင် သူ့ကျင့်ကြံမှုက မဟာတာအို အထွတ်အထိပ်အဆင့်မှာပဲ ရှိနေသေးတာပါ။ ပဋိပက္ခနတ်မင်းတွေဟာ ပဋိပက္ခ မွေးဖွားလာပြီးမှ ပေါ်ပေါက်လာတဲ့ တည်ရှိမှုတွေပါ။ ဒါပေမဲ့ ပဋိပက္ခသိစိတ်ဆိုရင် တာအိုဖန်တီးရှင် ဖြစ်နေပါပြီ။
ပဋိပက္ခထဲက သက်ရှိအားလုံးရဲ့ စီနီယာဖြစ်တဲ့ ပထမရှုံဟွာအရှင်က အခုထက်ထိ မဟာတာအို အထွတ်အထိပ်အဆင့်ပဲ ရှိသေးတာဆိုတော့ သူ့ဘဝက ဘယ်လောက်ထိ ခက်ခဲကြမ်းတမ်းလဲဆိုတာ မှန်းဆကြည့်လို့ရပါတယ်။ ဒီအချက်နဲ့ ထောက်ဆကြည့်ရင် ပထမရှုံဟွာအရှင် ပဋိပက္ခကို မုန်းတီးတာက ဘာမှအံ့ဩစရာ မရှိပါဘူး။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 736
? Views, Released on December 19, 2024