အခန်း (၇၃၄) ဟန်ကျွယ် ပြန်ရောက်လာခြင်း
“ငါ မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ကို သတ်လိုက်ရင် ပဋိပက္ခနတ်မင်းတွေ တိုက်ခိုက်တာကို ခံရနိုင်လား” ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ သတ်ဖြတ်ငွေ့ကြောင့် ဆင်ခြင်တုံတရား မဲ့မသွားပါဘူး။ တစ်ခဏ ပျော်ရွှင်မှုအတွက်နဲ့ ဟန်ကျွယ်ဟာ ပြဿနာတွေကို လက်ယပ်မခေါ်နိုင်ပါဘူး။
[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[တိုက်ခိုက် မခံရပါ။]
ဟနက်ျွယ်ဟာ သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။
‘နေပါဦး… ပဋိပက္ခနတ်မင်းတွေက မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ကို လုံးလုံး ဂရုမစိုက်တာလား၊ ဒီကောင်က ပဋိပက္ခနတ်မင်းတွေ နာမည်နဲ့ ခြောက်စား လုပ်နေတာများလား…’
“ငါ ဘယ်အချိန်ကျရင် ပဋိပက္ခနတ်မင်းတွေကို ဒေါသထွက်စေနိုင်လဲ”
[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[ပဋိပက္ခအား ထိခိုက်အောင် လုပ်သည်နှင့် ပဋိပက္ခ နတ်မင်းများသည် ဒေါသတကြီး တိုက်ခိုက်လိမ့်မည်။]
‘ပဋိပက္ခကို ထိခိုက်အောင်လုပ်မှ တိုက်ခိုက်မှာ…’
‘ဂလု… ဒါဆို ဘိုးဘေးရှီတျန်က ဘာများ သွားလုပ်လိုက်တာလဲ’
ဟန်ကျွယ်ဟာ ပဋိပက္ခ သိစိတ် ဖိနှိပ်တာကို ခံရတဲ့ ဘိုးဘေးရှီတျန်ကို တွေးမိလိုက်ပါတယ်။ ဟန်ကျွယ်ဟာ မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ကို အရင်ဆုံး ရှင်းပစ်ပြီးမှ ဘိုးဘေးရှီတျန်ရဲ့ အနာဂတ်ကို တွက်ချက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို ချက်ချင်း အိပ်မက်ပေးလိုက်ပါတယ်။
အိပ်မက်နယ်မြေ။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မျက်လုံးဖွင့်ဖွင့်ချင်းပဲ ဟန်ကျွယ်အသံကို ကြားလိုက်ရပါတယ် “ကျွန်တော်ကို ဆင့်ခေါ်ချည်”
ပြီးတာနဲ့ အိပ်မက်က အဆုံးသတ်သွားပါတယ်။
လောကဦး ဟင်းလင်းပြင်မှာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မျက်လုံးဖွင့်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။
ကောင်းကင်ရုံးတော်နဲ့ မဟာတာအိုမျှော်စင်က သက်ရှိတွေဟာ ဧရာမ အကာအကွယ် အစီအမံထဲမှာ ရှိနေပါတယ်။ အစီအမံ အပြင်ဘက်မှာတော့ မဟာတာအိုပညာရှိတွေဟာ ရောင်ဝါနက်တွေ ပတ်လည်ဝိုင်းနေတဲ့ ရုပ်သွင်တစ်ခုကို တိုက်ခိုက်နေကြပါတယ်။
ဒီရုပ်သွင်က ကြံ့ခိုင်းတောင့်တင်းတဲ့ ပုံစံရှိပေမဲ့ ကြွက်သားတွေကိုတော့ မမြင်ရပါဘူး။ အေးစက်မာကျောလှတဲ့ ချပ်ဝတ်ကိုသာ မြင်တွေ့နိုင်ပါတယ်။ ဒီရုပ်သွင်ဟာ ကြေးမျက်နှာဖုံးကို ဝတ်ဆင်ထားပြီး ရက်စက်ယုတ်မာတဲ့ နတ်ဆိုးတစ်ကောင်လိုပါပဲ။
“အရှင်မင်းကြီး ဘာဖြစ်လို့လဲ”
ကျိုးဖန်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ် မူမမှန်တာကို သတိထားမိတာကြောင့် မနေနိုင်ဘဲ မေးလိုက်ပါတယ်။
တိုက်ပွဲက အချိန်တစ်ခုအထိ ကြာလှပါပြီ။ မဟာတာအိုပညာရှိတွေက အရေအတွက်များပေမဲ့ တိုက်ပွဲချိန်ကြာလာတဲ့အခါ တစ်ယောက်ပြီး တစ်ယောက် ဒဏ်ရာရလာပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ကျိုးဖန်ရဲ့ မေးခွန်းကို ပြန်မဖြေဘဲ ဟန်ကျွယ်ကို ဆင့်ခေါ်သင့်လား ဆိုတာကို ဝေခွဲမရ ဖြစ်သွားပါတယ်။
ဟန်ကျွယ်က ကြောက်ပြီး ထွက်ပြေးသွားတာ ဖြစ်တဲ့အတွက် အခုနေ ပြန်လာရင်လည်း ပိုပြီးတော့ စွမ်းအားကြီးလာမှာ မဟုတ်ပါဘူး။ ဒီအချိန်တိုလေးအတွင်းမှာ အများကြီး စွမ်းအားကြီးလာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဟန်ကျွယ်က သူတို့ကို စိတ်မချလို့ ပြန်လာချင်တာ ဖြစ်နိုင်ပါတယ်။
မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ရဲ့ စွမ်းအားက ရှုံဟွာထက် အများကြီး ပိုပါတယ်။ မဟာတာအိုပညာရှိ ၂၃ ပါး ဝိုင်းတိုက်တာကို အသာအယာပဲ ခုခံပါတယ်။
တခြားတစ်ဖက်မှာတော့ ဟန်ကျွယ်ဟာ တစ်ခဏကြာ စောင့်ပေမဲ့ ဆင့်ခေါ်တာ မခံရပါဘူး။ ဟန်ကျွယ်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ် တစ်ခုခု ဖြစ်သွားတယ်ထင်ပြီး ကျိုးဖန်ကို အိပ်မက်ပေးကာ ဖိတ်ခေါ်ပညာရပ် သုံးခိုင်းလိုက်ပါတယ်။
အိပ်မက်ကနေ နိုးတာနဲ့ ကျိုးဖန်ဟာ ဖိတ်ခေါ်ပညာရပ်ကို ချက်ချင်း အသုံးပြုလိုက်ပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ကျိုးဖန်ရဲ့ လှုပ်ရှားမှုတွေကို တွေ့သွားပြီး ဘာလုပ်ချင်တယ်ဆိုတာကို ချက်ချင်း ခန့်မှန်းမိလိုက်ပါတယ်။ ဒါကြောင့် ချက်ချင်းတားပြီး အသံအုပ်အုပ်နဲ့ ပြောလိုက်ပါတယ် “တစ်ဖက်လူက မင်းဆရာသခင်အတွက် လာတာ၊ မင်းဆရာသခင် ရောက်လာတာနဲ့ တစ်ဖက်လူရဲ့ ပစ်မှတ် ဖြစ်သွားလိမ့်မယ်၊ သူမလာရင် မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်နဲ့ မဟာတာအိုပညာရှိတွေက တစ်ခဏတိုက်ပြီး ပြီးသွားကြလိမ့်မယ်”
ကျိုးဖန်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ် စကားက ကျိုးကြောင်းဆီလျော်တယ်လို့ ခံစားလိုက်ရပါတယ်။
ဘာပဲဖြစ်ဖြစ် မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်က မဟာတာအို နတ်စိတ်ဝိညာဉ်ပါ။ မဟာတာအိုပညာရှိတွေကလည်း သက်ရှိအားလုံးထက် ကျော်လွန်သွားတဲ့ တည်ရှိမှုတွေပါ။ အကြောင်းမဲ့ အသတ်မခံရနိုင်ပါဘူး။
ကျိုးဖန်ဟာ ပဋိပက္ခမှာ အချိန်အတန်ကြာအောင် လှည့်လည်သွားလာခဲ့တာပါ။ ရှုံဟွာလို အရူးကလွဲလို့ ကျန်တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေ တိုက်ခိုက်တာက များသောအားဖြင့် သူသေကိုယ်သေ တိုက်ပွဲတွေ မဟုတ်ပါဘူး။ ကျင့်ကြံမှု မြင့်လေလေ သူတို့ရဲ့ ဂုဏ်သတင်းကို ပိုပြီးတော့ ဂရုစိုက်လေလေပါပဲ။ ဒီတိုက်ပွဲကလည်း မာနကို အထိမခံနိုင်လို့ ဖြစ်လာတာပါ။
မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ဟာ ဟန်ကျွယ်ကို သတ်ချင်တာ မအောင်မြင်တဲ့အပြင် မဟာတာအိုပညာရှိတွေ ဆဲဆိုကြိမ်းမောင်းတာကိုပါ ခံလိုက်ရပါတယ်။ ဘယ်လောက်တောင် အရှက်ရစရာ ကောင်းလိုက်လဲ။
မဟာတာအိုပညာရှိတွေကလည်း မကျေနပ်ချက်တွေကို အချိန်အတော်ကြာအောင် မျိုသိပ်ထားခဲ့ရတာပါ။ ဒါကြောင့် ဆဲဆိုကြိမ်းမောင်းပြီးတာတောင် မကျေနပ်နိုင်သေးပါဘူး။ ဒါကြောင့် နောက်ဆုံးမှာ အခုလိုမျိုး တိုက်ပွဲ ဖြစ်ပေါ်လာတာပါ။
ကျိုးဖန်ဟာ ဒီတိုက်ပွဲပြီးသွားရင် မဟာတာအိုပညာရှိတွေနဲ့ မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်က ရယ်ရယ်မောမောနဲ့ စကားပြောမယ်လို့တောင် သံသယဝင်သွားပါတယ်။ အတိတ်မှာတုန်းကလည်း မဟာတာအိုပညာရှိတွေနဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကြားမှာ မုန်းတီးမှုတွေ ရှိခဲ့တယ် မဟုတ်ပါလား။
ဟန်ကျွယ်နဲ့ မဟာတာအိုပညာရှိတွေက တည့်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ကို ရင်ဆိုင်ရတဲ့အခါ မဟာတာအိုပညာရှိတွေဟာ ဟန်ကျွယ်ရှေ့ မားမားမတ်မတ်ရပ်ပြီး ဟန်ကျွယ်က သူတို့ရဲ့ မိတ်ရင်းဆွေရင်းလိုမျိုး ကာကွယ်ပေးပြန်ပါတယ်။
သေချာစဉ်းစားပြီးတဲ့ နောက်မှာတော့ ကျိုးဖန်ဟာ ဖိတ်ခေါ်ပညာရပ်ကို ဖျက်လိုက်ပါတယ်။
တာအိုဘုံကျောင်းထဲက ဟန်ကျွယ်ဟာ ပွင့်ချပ် ၃၆ ဖတ်ရှိတဲ့ ကမ္ဘာဖျက်ကြာနက်ပေါ် ထိုင်ပြီး မျက်မှောင်ကကြုတ်သွားပါတယ်။
‘ဘာတွေ ဖြစ်ကုန်တာလဲ… ဘာဖြစ်လို့ ငါ့ကို တစ်ယောက်မှ မဆင့်ခေါ်ကြတာလဲ’
ဟန်ကျွယ်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်နဲ့ ကျိုးဖန်က သူ မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ကို အနိုင်မယူနိုင်ဘူးလို့ ထင်နေမှန်း ခန့်မှန်းမိလိုက်ပါတယ်။
‘ရယ်စရာပဲ… ငါက ပြန်တိုက်ဖို့ သတ္တိရှိလာမှ မင်းတို့က ငါ့ကို သံသယဝင်နေရလား…’
ဟန်ကျွယ်ဟာ ဟန်ထော်ကို အိပ်မက်ပေးလိုက်ပါတယ်။ ဒီတစ်ခါတော့ ဟန်ကျွယ်ဟာ အိပ်မက်ထဲမှာ အပြတ်ပြောလိုက်ပါတယ် “ငါ့ကို ချက်ချင်း ဆင့်ခေါ်ချည်၊ ငါ အဲဒီကောင်ကို သတ်နိုင်တယ်… မင်းငါ့ကို အသက်ရှူကြိမ် ဆယ်ကြိမ်အတွင်း မဆင့်ခေါ်ရင် မင်းနဲ့ငါနဲ့ သံယောဇဉ်ပြတ်ပြီ”
ပြီးတာနဲ့ အိပ်မက်ဟာ ကွဲကြေသွားပါတယ်။
ဟန်ကျွယ်ဟာ စိတ်ရှုပ်ထွေးတဲ့မျက်နှာနဲ့ မျက်လုံးဖွင့်လိုက်ပြီး ရင်ထဲမှာ ထိသွားပါတယ်။
ဟန်ထော်ရဲ့ အမြင်မှာ ဟန်ကျွယ်က သူ့ကို အစိုးရိမ်လွန်နေတာပါ။ ဒါကြောင့် သားအဖ သံယောဇဉ်နဲ့ ခြိမ်းခြောက်ပြီး ဖိတ်ခေါ်ပညာရပ် သုံးခိုင်းတာလို့ တွေးလိုက်မိပါတယ်။
ဟန်ထော်ဟာ သေချာဂရုတစိုက် စဉ်းစားကြည့်တဲ့အခါ သူ့အဖေရဲ့ လမ်းစဉ်က လူတိုင်းရဲ့ အတွေးအမြင်တွေကို တစ်ဆင့်ပြီးတစ်ဆင့် ဖောက်ထွက် ဖျက်ဆီးလာတာကို သွားတွေ့ပါတယ်။ သေချာစဉ်းစားပြီးတဲ့နောက်မှာတော့ ဟန်ထော်ဟာ အံကြိတ်ပြီး ဖိတ်ခေါ်ပညာရပ်ကို စတင် အသုံးပြုလိုက်ပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မျက်မှောင်ကြုတ်ပြီး လှမ်းအော်လိုက်ပါတယ် “မင်း ဘာလုပ်နေတာလဲ”
ဟန်ထော်ဟာ အံကြိတ်ပြီး ပြန်ဖြေလိုက်ပါတယ် “အဖေက မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ကို သတ်နိုင်တယ်တဲ့”
အဲဒီနောက် ဟန်ထော်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို လျစ်လျူရှုပြီး ဖိတ်ခေါ်ပညာရပ်ကို ဆက်သုံးပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်နဲ့ ကျိုးဖန်ဟာ ဟန်ထော်ရဲ့ စကားကြောင့် မှင်တက်သွားကြပါတယ်။ ပတ်ဝန်းကျင်က လူတွေကတော့ သူတို့သုံးယောက် ဘာပြောနေတယ်ဆိုတာကို နားမလည်နိုင်ကြပါဘူး။ ချူရှီရန်ပဲ ဟန်ထော်နဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်တို့က ဖိတ်ခေါ်ပညာရပ်အကြောင်း ပြောနေမှန်း နားလည်ပါတယ်။
ချူရှီရန်ဟာ ဟန်ကျွယ်အပေါ် အကြွင်းမဲ့ ယုံကြည်ပါတယ်။ ချူရှီရန်ရဲ့ အမြင်မှာ ဟန်ကျွယ် လာရဲတယ် ဆိုကတည်းက အောင်မြင်ဖို့ ကျိန်းသေနေပါပြီ။ ဟန်ကျွယ်က ၁၀၀ ရာခိုင်နှုန်း ယုံကြည်ချက်မရှိဘဲ လွယ်လင့်တကူ တိုက်ခိုက်တတ်တဲ့ လူစားမျိုး မဟုတ်ပါဘူး။
ဝဲကတော့နက်ဟာ ဟန်ထော်ရဲ့ နောက်မှာ ထပ်ပေါ်လာပါတယ်။
ရုပ်သွင်တစ်ခုဟာ ဝဲကတော့နက်ထဲကနေ တစ်လှမ်းချင်း ထွက်လာပါတယ်။
ဒီရုပ်သွင်ကတော့ ဟန်ကျွယ်ပါ။
ဟန်ကျွယ်ကို မြင်လိုက်ရတဲ့အခါ လူတိုင်းရဲ့ ရင်ထဲမှာ အနေချောင်သွားကြပါတယ်။ ဘာဖြစ်လို့ ဒီလိုခံစားရလဲဆိုတာ သူတို့ကိုယ်တိုင်လည်း မသိပါဘူး။ သူတို့တွေက ဟန်ကျွယ်ရဲ့ ကြောက်မက်ဖွယ်စွမ်းအားကို နဖူးတွေ့ဒူးတွေ့ တွေ့ခဲ့ရလို့လည်း ဖြစ်နိုင်ပါတယ်။ ရှုံဟွာ ၁၃ ပါးကို ဟန်ကျွယ်က လွယ်လင့်တကူ ဖိနှိပ်ခဲ့တာ မဟုတ်ပါလား။
ဟန်ကျွယ်ဟာ လူတိုင်းကို လျစ်လျူရှုပြီး မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ကို လှမ်းကြည့်လိုက်ပါတယ်။
မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ဟာ မဟာတာအိုစွမ်းအားတွေ ပတ်လည်ဝိုင်းနေပါတယ်။ ဟန်ကျွယ် ပေါ်လာတာနဲ့ မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ရဲ့ မဟာတာအို စွမ်းအားက ရုတ်တရက် လျော့ကျသွားပါတယ်။
ဟန်ကျွယ်ကို ကြောက်လို့ မျှော်လင့်ချက်မဲ့ မဟာတာအို စိတ်ဝိညာဉ်ရဲ့ မဟာတာအိုစွမ်းအားက လျော့ကျသွားတာ မဟုတ်ပါဘူး။ ဟန်ကျွယ် ပေါ်လာတဲ့အခါ လူတိုင်းရဲ့ ရင်ထဲမှာ မျှော်လင့်ချက်တွေ ပြန်ထွန်းတောက်လာလို့ပါ။ မျှော်လင့်ချက် ရောင်ခြည်က မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ် မဟာတာအိုစွမ်းအားရဲ့ ရန်သူတော်ကြီးဆိုရင် မှားမယ် မထင်ပါဘူး။
လူတွေ မျှော်လင့်ချက်မဲ့လေလေ မျှော်လင့်ချက်မဲ့ မဟာတာအိုက ပိုပြီးတော့ စွမ်းအားကြီးလေလေပါပဲ။ ဒီလိုပါပဲ လူတွေ မျှော်လင့်ချက်ရှိလေလေ မျှော်လင့်ချက် မဟာတာအိုရဲ့ စွမ်းအားက လျော့နည်းလေလေပါပဲ။
ဟန်ကျွယ်ဟာ ရုတ်တရက်ဆိုသလို မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်က မဟာတာအို ရယူတဲ့လူတွေကို မဟာတာအိုတံခါးရှေ့မှာ ဘာဖြစ်လို့ တားဆီးချင်လဲဆိုတာ နားလည် သဘောပေါက်သွားပါတယ်။ ဒါက ကြောက်ရွံမှု မျိုးစေ့ကို ကြိုတင် စိုက်ပျိုးထားတာပါ။
တစ်ချိန်ချိန်မှာ သဘောထားကွဲလွဲမှုတွေကြောင့် တိုက်ခိုက်မှုတွေ ရှိလာခဲ့ရင် ဒီကြောက်ရွံမှုမျိုးစေ့က မျှော်လင့်ချက်မဲ့ခြင်းအဖြစ် အသွင်ပြောင်းလဲသွားပြီး မျှော်လင့်ချက်မဲ့ မဟာတာအို စိတ်ဝိညာဉ်ကို တိုက်ပွဲထဲမှာ ပိုပြီးတော့ စွမ်းအားကြီးစေမှာပါ။
ဒီအရောက်မှာတော့ ဟန်ကျွယ်ဟာ မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ကို မလေးစားဘဲ မနေနိုင်ပါဘူး။ မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ကို မောက်မာပြီး ဘဝင်မြင့်တယ်လို့ ထင်ရပေမဲ့ ပရိယာယ်ဝေဝုစ်တွေ ပြည့်နှက်နေတယ် မဟုတ်ပါလား။
ဒါပေမဲ့ ကံဆိုးစွာပဲ မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ဟာ မရဏလမ်းကို မြန်းရပါတော့မယ်။
ဟန်ကျွယ်ဟာ မဟာညီညွတ်မှုရုပ်သွင်ကို ချက်ချင်း အသုံးပြုလိုက်ပါတယ်။ နတ်ဘီလူးဓမ္မရုပ်တုတွေဟာ ဟန်ကျွယ်ခေါင်းထက်မှာ ပေါ်လာပြီး ဟန်ကျွယ် ခန္ဓာကိုယ်ထဲကို ခပ်သုတ်သုတ် ဝင်သွားပါတယ်။ နတ်ဘီလူးဓမ္မရုပ်တုတွေက ဆက်တိုက်ပေါ်လာပြီး ဟန်ကျွယ်ခန္ဓာကိုယ်ထဲကို ဆက်တိုက်ဝင်တဲ့အတွက် ဘေးနားကလူတွေကို မျက်စိကျိန်းသွားစေပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်နဲ့ တခြားလူတွေဟာ ဟန်ကျွယ် ဘာလုပ်နေလဲ မသိပေမဲ့ ဒီနတ်ဘီလူးဓမ္မရုပ်တုတွေကိုကြည့်ပြီး မလေးစားဘဲ မနေနိုင်ပါဘူး။
ဟန်ထော်ဟာ မျက်လုံး ပြူးသွားပါတယ်။ ဟန်ထော်ဟာ သူ့အဖေဆီမှာ နတ်ဘီလူးဓမ္မရုပ်တုက ဒါဇင်ကျော်လောက်ပဲ ရှိတယ်လို့ ထင်ထားခဲ့တာပါ။ ဒါပေမဲ့ အခုကြည့်ရသလောက်တော့…
ရာချီရှိသွားပါပြီ။
ဟန်ထော်ဟာ ပါးစပ်အဟောင်းသား ဖြစ်သွားပါတယ်။
ယီတျန်ဟာ ဟန်ထော်ကို စိတ်ထဲမှာ မနာလို ဖြစ်သွားပါတယ်။ ဟန်ထော်မှာ အဖေကောင်းရှိတယ် မဟုတ်ပါလား။
မိဘမရှိဘဲ မွေးဖွားလာရတဲ့အတွက် ယီတျန်ဟာ ဆွေမျိုးသားချင်းကို တော်တော်လေး လိုချင်ပါတယ်။
မကြာခင်မှာ ဟန်ကျွယ်ဟာ နတ်ဘီလူးဓမ္မရုပ်တု ၅၄၉ ရုပ်တုကို သူ့ခန္ဓာကိုယ်ထဲ ပေါင်းထပ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ၅၄၉ ဆရှိတဲ့ စွမ်းအားကို မထုတ်လွှတ်နိုင်ပေမဲ့ အဆတစ်ရာကျော် ထုတ်လွှတ်ဖို့တော့ ပြဿနာ မရှိပါဘူး။
ဟန်ကျွယ်ဟာ မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ကို တစ်ချက်တည်း သတ်ပစ်ပြီး မျှော်လင့်ချက်မဲ့တယ်ဆိုတာက ဘာလဲဆိုတာကို သိစေချင်တာပါ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 734
? Views, Released on December 19, 2024