Switch Mode

Chapter – 731

အခန်း (၇၃၁) ကောင်းကင်ရုံးတော် တိတ်ဆိတ်သွားခြင်း
တာအိုဘုံကျောင်းထဲက ဟန်ကျွယ်ဟာ လေ့ကျင့်ခန်း ဒါဇင်ကျော် လုပ်ပြီးတဲ့အပြင် စာစောင်တွေကိုတောင် စစ်ဆေးလိုက်ပါသေးတယ်။
‘မင်းတို့တွေ ငါ့ကို ဘာဖြစ်လို့ မဆင့်ခေါ်သေးတာလဲ’
ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ် ဆင့်ခေါ်မှာကို ထိုင်စောင့်နေပါတယ်။ ကောင်းကင်ဧကရာဇ်က သူ့ကို ရုတ်တရက် ဆင့်ခေါ်ပြီး ရန်သူကို သတ်ခိုင်းရင် ဟန်ကျွယ်ဟာ ဒီလောက်ထိ ဖြစ်နေမှာ မဟုတ်ပါဘူး။ အခု ကောင်းကင်ဧကရာဇ်က ကြိုအသိပေးထားတဲ့အတွက် ဟန်ကျွယ်ဟာ စိတ်အေးလက်အေး မကျင့်ကြံနိုင်ဘဲ ဒီအကြောင်းကိုသာ တွေးမိနေပါတော့တယ်။
ဟန်ကျွယ် စောဒက တက်နေတုန်းမှာပဲ သူ့ရှေ့မှာ ဝဲကတော့နက်တစ်ခု ပေါ်လာပါတယ်။ ချက်ချင်းဆိုသလို ဟန်ကျွယ်ဟာ ကိုယ်လက်ပေါ့ပါးပြီး လန်းလန်းဆန်းဆန်း ဖြစ်သွားပါတယ်။
ဟန်ကျွယ်ဟာ ဓမ္မရတနာ အကုန်လုံးကို နှိုးပြီး အချိန်မရွေး တိုက်ခိုက်နိုင်အောင် ပြင်ဆင်လိုက်ပါတယ်။ အဲဒီနောက် အသက်အရှည်ကြီး ရှူပြီး ဝဲကတော့နက်ထဲ လှမ်းဝင်လိုက်ပါတယ်။
ကောင်းကင်ရုံးတော်၊ နန်းတော်တစ်ခုရှေ့။
ဟန်ထော်ဟာ သူ့ရှေ့က ဝဲကတော့နက်ကို ကြည့်ပြီး မအံ့ဩဘဲ မနေနိုင်ပါဘူး။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဖိတ်ခေါ်ပညာရပ်ကို ပထမဆုံးအကြိမ် အသုံးပြုတာမလို့ မအောင်မြင်မှာ စိုးရိမ်နေပါတယ်။ ဟန်ကျွယ်သာ မလာရင် ရှုံဟွာရဲ့ တိုက်ခိုက်မှုကြောင့် သူတို့တွေ အကုန်လုံး မျိုးသုဉ်းကုန်မှာပါ။
အခုအချိန်မှာ မဟာတာအိုပညာရှိတွေ တိုက်ခိုက်နိုင်နေသေးတဲ့အတွက် ရှုံဟွာက သူတို့ကို ပစ်မှတ်မထားတာပါ။ ဒါကြောင့်လည်း မိစ္ဆာ ကောင်းကင်ဧကရာဇ်တို့ဟာ အမှောင်ထုစွမ်းအားကို ရှောင်ရှားဖို့ နည်းလမ်း စဉ်းစားနိုင်တာပါ။ တကယ်လို့ တာအိုပညာရှိတွေသာ ဖိနှိပ်ခံလိုက်ရပြီဆိုရင် ရှုံဟွာရဲ့ နောက်ထပ်ပစ်မှတ်က သူတို့ဆိုတာ ကျိန်းသေပါတယ်။
ဝဲကတော့နက်ထဲမှာ ရုပ်သွင်တစ်ခု ပေါ်လာပြီး တစ်လှမ်းချင်း အပြင်ထွက်လိုက်ပါတယ်။
ဒီရုပ်သွင်က ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး ဟန်ကျွယ်ကလွဲရင် ဘယ်သူဖြစ်နိုင်ဦးမှာလဲ။
ဟန်ကျွယ်ရဲ့ ပြိုင်ဘက်ကင်း ရုပ်ရည်ကို မြင်တွေ့လိုက်ရတဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ရင်ထဲက အလုံးကြီး ကျသွားပါတယ်။
“အဖေ…” ဟန်ထော်က စိတ်လှုပ်တရှား ခေါ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဟန်ထော်နဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို ဂရုမစိုက်ဘဲ ပတ်ဝန်းကျင်မှာရှိတဲ့ ကျင့်ကြံသူတွေကို အမြန် စစ်ဆေးလိုက်ပါတယ်။
လောကဦး ကောင်းကင်အရှင်၊ နွီဝါ၊ သိကျန်း၊ ကျဲ့ယင်၊ ဖူရှီ၊ ဧကရီဟုတ်ထို…။
ဟန်ကျွယ်သိတဲ့လူတွေ အများကြီးပါပဲ။
‘ဒီလူတွေ အကုန်လုံး အုပ်စုဖွဲ့နေတာလား…’ ဟန်ကျွယ်ဟာ ရင်တုန်ပန်းတုန်တောင် ဖြစ်သွားပါတယ်။
မကြာခင်မှာပဲ ဟန်ကျွယ်ဟာ စိတ်ဝင်စားဖို့ကောင်းတဲ့ စာတစ်စောင်ကို တွေ့လိုက်ရပါတယ်။
[ရှုံဟွာ: မဟာတာအို လောကဦးပဋိပက္ခ နောက်ဆုံးအဆင့်၊ နောက်ခံမသိ။]
အဲဒီနောက် ဟန်ကျွယ်ရဲ့ အကြည့်ဟာ နတ်ဘီလူးသတ်သမားဆီ ရောက်သွားပါတယ်။
ရှုံဟွာ ပေါ်လာကတည်းက လူတိုင်းရဲ့ အာရုံဟာ ရှုံဟွာဆီ ရောက်ရင်ရောက် မဟုတ်ရင်လည်း သူတို့ပတ်လည်က အမှောင်ထုစွမ်းအားဆီ ရောက်နေကြပါတယ်။ ဒါကြောင့်မလို့ နတ်ဘီလူးသတ်သမားကို ဘယ်သူမှ ဂရုမစိုက်အားပါဘူး။
ဒီအချိန်မှာ နတ်ဘီလူးသတ်သမားဟာ ကောင်းကင်ရုံးတော်ရဲ့ ထောင့်တစ်နေရာမှာထိုင်ပြီး ဒဏ်ရာတွေကို ပြန်ကုသနေပါတယ်။
ဟန်ကျွယ်ရဲ့ အကြည့်ကို ခံစားမိတဲ့ နတ်ဘီလူးသတ်သမားဟာ အလိုလို လှမ်းကြည့်မိလိုက်ပါတယ်။
မျက်လုံးချင်း ဆုံသွားတဲ့အခါ နတ်ဘီလူးသတ်သမားဟာ ကြက်သီးမွေးညင်း ထသွားပါတယ် ‘ဒီလူက ဘယ်သူလဲ’
အကြောင်းအရင်းတချို့ကြောင့် နတ်ဘီလူးသတ်သမားဟာ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အခါ ရန်သူတော်ကြီးတွေကို တွေ့လိုက်ရသလိုမျိုး တုန်လှုပ်ချောက်ချားသွားပါတယ်။ ဘာလို့ ဒီလိုခံစားရလဲဆိုတာကို နတ်ဘီလူးသတ်သမား ကိုယ်တိုင်လည်း မသိပါဘူး။
နတ်ဘီလူးသတ်သမားဟာ စိတ်ထဲမှာ ဘာပဲဖြစ်ဖြစ် အပြင်ပန်းမှာ အမူအရာတစ်ချက် မပျက်အောင် နေပါတယ်။
ဟန်ကျွယ်ဟာ သူ့အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ဟန်ထော်ကို ကြည့်ကာ မေးလိုက်ပါတယ် “သား… အဆင်ပြေရဲ့လား”
“ပြေပါတယ်”
ဟန်ထော်ဟာ အားတင်း ပြုံးလိုက်ပါတယ်။ ဟန်ထော်ရဲ့ ဝိညာဉ်က ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာမလို့ အချိန်အတိုင်းအတာ တစ်ခုအထိ အနားယူပြီး သေချာဂရုတစိုက် ပြန်ကုသရမှာပါ။
“ဆရာသခင်…” ကျိုးဖန်ရဲ့ အံ့အားသင့်တဲ့ အော်သံကြောင့် ချူရှီရန်လည်း လှည့်ကြည့်လိုက်ပါတယ်။ သူတို့တင် မဟုတ်ပါဘူး။ တခြားလူတွေလည်း ဟန်ကျွယ်ကို လှမ်းကြည့်ကြပါတယ်။
“ဒါက ဟန်ထော်ရဲ့ အဖေလား…” ယီတျန်ဟာ ဟန်ကျွယ်ရဲ့ ရုပ်ရည်ကို ကြည့်ပြီး မှင်တက်သွားပါတယ် ‘ဟန်ထော်က ဒီလောက်ထိချောတာ အံ့ဩစရာ မရှိတော့ပါဘူး၊ သူ့အဖေဆီက အမွေရထားတာကို…’
ချင်လင်းဟာ နေ့ခင်းကြောင်တောင် သရဲမြင်ရသလိုမျိုး မျက်လုံး ပြူးသွားပါတယ်။ ချင်လင်းဟာ သူ့ဆရာဘိုးဘိုး ဟန်ယွီ ရောက်လာတယ်လို့ တွေးမိလိုက်တာပါ ‘မဟုတ်သေးဘူး… ဒီလူက ငါ့ဆရာဘိုးဘိုးထက် ပိုချောတယ်’
ဟန်ကျွယ်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်၊ ဟန်‌ထော်တို့နဲ့ စကားပြောရင်း ပတ်ဝန်းကျင်က အမှောင်ထုစွမ်းအားကို လေ့လာ အကဲခတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်ရုံးတော်ကို ရောက်ရောက်ချင်းမှာပဲ အမှောင်ထုစွမ်းအားကို မရိုးရှင်းဘူးဆိုတာကို ရှာတွေ့ခဲ့ပါတယ်။
အမှောင်ထုစွမ်းအားက လောကဦးချီနဲ့ ဝိုးတိုးဝါးတား ဆင်တူနေပါတယ်။
ဟန်ကျွယ် ဝိညာဉ်နက်ထဲက လောကဦးကမ္ဘာထဲမှာ ရှိနေတဲ့ လောကဦး ခရမ်းရောင်ချီဟာ မူလပဋိပက္ခ ကျောက်တုံးက ထုတ်လွှတ်တဲ့ ပဋိပက္ခချီကို ငြင်းပယ်ပါတယ်။ ဒါပေမဲ့ ဒီစွမ်းအင်နှစ်မျိုးစလုံးက ဟန်ကျွယ် ကိုယ်ပိုင်ဖြစ်တာကြောင့် အချင်းချင်း တိုက်ခိုက်တာ မရှိပါဘူး။
အမှောင်ထုစွမ်းအားက လောကဦး ခရမ်းရောင်ချီနဲ့ ဆင်တူပြီး ပဋိပက္ခအာကာသကို အငမ်းမရ ဝါးမြိုနေပါတယ်။
နတ်ဘီလူးသတ်သမားဆီမှာ အမှောင်ထုစွမ်းအားက အသိပ်သည်းဆုံး ရှိနေပါတယ်။ ဒါကြောင့် ဟန်ကျွယ်အနေနဲ့ နတ်ဘီလူးသတ်သမားကို တစ်ချက်တည်း သတ်ပစ်ဖို့ လိုအပ်ပါတယ်။ ဟန်ကျွယ် ချက်ချင်း မတိုက်ခိုက်တာက နတ်ဘီလူးသတ်သမားကို တစ်ချက်တည်း အပြတ်ရှင်းချင်တာကြောင့်ပါ။
ဟန်ကျွယ်ဟာ ဟင်းလင်းပြင် မဟာတာအိုကို အသုံးပြုပြီး တစ်ခါတည်း ဖျက်ဆီးပစ်ရင် ကောင်းမလားလို့ တွေးလိုက်ပါတယ်။ ဒါပေမဲ့ မလုံလောက်မှာစိုးတဲ့အတွက် တခြား မဟာတာအို စွမ်းအားတွေကိုပါ ထပ်ပေါင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ချက်ချင်းဆိုသလို ဘယ်မဟာတာအို စွမ်းအားတွေကို ပေါင်းစပ်ရမလဲဆိုတာ ဟန်ကျွယ်ခေါင်းထဲမှာ ပေါ်လာပါတယ်။
“ဒီအမှောင်ထု စွမ်းအားက အရမ်းထူးဆန်းတယ်၊ မင်းဆီမှာ ဒါကို ဖျက်ဆီးနိုင်တဲ့ နည်းလမ်းရှိလား” မိစ္ဆာ ကောင်းကင်ဧကရာဇ် မျက်နှာမည်းနဲ့ မေးလိုက်ပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ရှုံဟွာရဲ့ စွမ်းအားကို လျှော့တွက်မိခဲ့တာပါ။ ဒီအမှောင်ထုစွမ်းအားက မဟာတာအိုပညာရှိတွေကိုတောင် ကူကယ်ရာမဲ့စေတဲ့အတွက် သူတို့အတွက် အခြေအနေ တော်တော်လေး မကောင်းပါဘူး။
ဘာနည်းလမ်းမှ စဉ်းစားမရဘူးဆိုရင် ဟန်ကျွယ်ဟာ ဟန်ထော်ကိုခေါ်ပြီး ထွက်ပြေးမှာပါ။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်ပြီး ပြောလိုက်ပါတယ် “ဒီစွမ်းအားက တကယ်ကို ထူးဆန်းတာ၊ ကျွန်တော်မှာ နည်းလမ်းမရှိဘူး”
ဒဏ်ရာတွေကို ကုသဟန်ဆောင်နေတဲ့ နတ်ဘီလူးသတ်သမားဟာ ဟန်ကျွယ် စကားကြောင့် ရင်ထဲက အလုံးကြီး ကျသွားပါတယ်။ အဲဒီနောက် နတ်ဘီလူးသတ်သမားဟာ သူ့ကိုယ်သူ ရယ်မိလိုက်ပါတယ်။
‘ငါ ဘာတွေ လျှောက်တွေးနေတာလဲ၊ အမှောင်ထု စွမ်းအားက အစွမ်းအထက်ဆုံးဟာကို… ငါ ဘယ်လိုလုပ်ပြီး ရှုံးနိုင်မှာလဲ’
ဒီအချိန်မှာပဲ…
ဟန်ကျွယ်ဟာ နတ်ဘီလူးသတ်သမားရှေ့ ရုတ်တရက် ပေါ်လာပြီး ညာလက်ကို နတ်ဘီလူးသတ်သမားရဲ့ ပခုံးပေါ် တင်လိုက်ပါတယ်။ ချက်ချင်းဆိုသလို နတ်ဘီလူးသတ်သမားရဲ့ မျက်နှာသုံးဖက်ဟာ ချောက်ချားသွားပါတယ်။
ဟန်ကျွယ်က ချုပ်နှောင် မဟာတာအို၊ အာကာသ မဟာတာအိုနဲ့ ငရဲမဟာတာအို စွမ်းအားတွေကို ပေါင်းစပ် အသုံးပြုလိုက်တာကြောင့် နတ်ဘီလူးသတ်သမားဟာ လုံးဝ အချုပ်ခံရပြီး တစ်စက်ကလေးတောင် မလှုပ်ရှားနိုင်တော့ပါဘူး။
မိစ္ဆာ ကောင်းကင်ဧကရာဇ်၊ ဟန်ထော်နဲ့ တခြားလူတွေဟာ ဟန်ကျွယ်က ရုတ်တရက် အရိပ်ဖြစ်သွားတယ်လို့သာ ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်က လျှပ်တစ်ပြက်အတွင်း သူတို့ရှေ့က ပျောက်ကွယ်သွားတာကိုး။
လူတိုင်းဟာ လန့်သွားပြီး ဘေးဘီဝန်းကျင်ကို လိုက်ကြည့်တဲ့အခါ ဟန်ကျွယ်က နတ်ဘီလူးသတ်သမားရှေ့ ရောက်သွားတာကို တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်က သူ့သားအတွက် လက်စားချေချင်တာလို့ လူတိုင်းက တွေးလိုက်ကြပါတယ်။
တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ဟာ နတ်ဘီလူးဒါဇင်ကျော်ရဲ့ စွမ်းအားတွေကို ပေါင်းစပ်ပြီးပါပြီ။ ဟန်ကျွယ်ဟာ ဟင်းလင်းပြင် မဟာတာအိုကို အဓိကထားပြီး ကျန်တဲ့ မဟာတာအိုစွမ်းအားတွေကို အရန်ထားကာ ညာလက်ညှိုးမှာ စုစည်းလိုက်ပါတယ်။
အဲဒီနောက် နတ်ဘီလူးသတ်သမားရဲ့ နဖူးကို လက်ညှိုးနဲ့ တို့လိုက်ပါတယ်။
နတ်ဘီလူးသတ်သမားဟာ မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားပါတယ်။
ဟန်ကျွယ်ဟာ ခံစားချက်မရှိတဲ့ မျက်နှာနဲ့ မိုးမြေကမ္ဘာဖောက် ဓားလက်ချောင်းကို တစ်ခါတည်း ထုတ်သုံးလိုက်ပါတယ်။
“ဝုန်း…”
ဓားချီဟာ ပေါက်ကွဲထွက်သွားပြီး နတ်ဘီလူးသတ်သမားကို ဆွဲနှစ်လိုက်ပါတယ်။
ဓားချီ ပျံ့နှံ့သွားရာ လမ်းတစ်လျှောက်မှာရှိတဲ့ အမှောင်ထုဟာ ဆုတ်ဖြဲခံရပြီး အလင်းရောင် ပြန်ပေါ်လာပါတယ်။ ချက်ချင်းဆိုသလို ကောင်းကင်ရုံးတော်ကို ဖုံးအုပ်ထားတဲ့ အမှောင်ထုဟာ လုံးဝ ကွဲကြေသွားပါတယ်။ မဟာတာအိုပညာရှိတွေနဲ့ ကောင်းကင်စစ်သားတွေကို ဒုက္ခပေးနေတဲ့ အမှောင်ထုစွမ်းအားဟာလည်း ပျောက်ကွယ်သွားပါတယ်။
နေရောင်ခြည်က အမှောင်ထုကို ချက်ချင်းပဲ အစားထိုးလိုက်ပါတယ်။
မဟာတာအိုပညာရှိ အကုန်လုံးကို ဟန်ကျွယ်ကို လှည့်ကြည့်လိုက်ကြပါတယ်။ တချို့က အံ့ဩထိတ်လန့်နေကြပြီး တချို့က ဝမ်းသာပျော်ရွှင်နေကြပါတယ်။ သူတို့အားလုံးမှာ ခံစားချက်မျိုးစုံ ရှိနေကြပါတယ်။
ရှုံဟွာ တစ်ဖြစ်လည်း ပေတစ်သောင်းကျော် မြင့်မားတဲ့ အရိပ်နက်ဟာ ဟန်ကျွယ်ကို ဝါးစားမတက် စိုက်ကြည့်လိုက်ပါတယ် “ရဲတင်းလိုက်တာ…”
အရိပ်နက်ရဲ့ မရေမတွက်နိုင်တဲ့ လက်မောင်းတွေဟာ ကောင်းကင်ကိုကာပြီး ဟန်ကျွယ်ကို ဝိုင်းရိုက်ပါတယ်။
ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်ထဲကနေ အရိပ်နက်တစ်ခု ထွက်ပေါ်လာပါတယ်။ ဒီအရိပ်နက်က ရုတ်တရက် မတ်တတ်ရပ်ပြီး လက်မောင်းထောင်ချီကို လက်သီးနဲ့ ပြန်ထိုးလိုက်ပါတယ်။
ကောင်းကင်နက္ခ နတ်ဘီလူး။
ဗိုလ်ကျစိုးမိုးလွန်းတဲ့ လက်သီးအရှိန်က အရာအားလုံးကို ချေမှုန်း ဖျက်ဆီးပစ်လိုက်ပါတယ်။
ပေတစ်သောင်းကျော် မြင့်မားတဲ့ အရိပ်နက်ရဲ့ လက်မောင်းထောင်ချီဟာ အမှုန်အမွှားတွေ ဖြစ်ကုန်ပါတယ်။ အဲဒီနောက် ချက်ချင်းဆိုသလို အရိပ်နက်ရဲ့ ပင်မခန္ဓာကိုယ်ဟာလည်း ပြင်းထန်လွန်းတဲ့ လက်သီးချက် ထိမိပြီး အမှုန့်မကျန်အောင် ပျက်စီးသွားပါတယ်။
ဟန်ကျွယ် ဘယ်လက်မြှောက်ပြီး ဝိညာဉ်တစ်ခုကို စုပ်ယူလိုက်ပါတယ်။
ဒီဝိညာဉ်က ရှုံဟွာရဲ့ ဝိညာဉ်ပါ။
နတ်ဘီလူးသတ်သမားရဲ့ ဝိညာဉ်ကတော့ မိုးမြေကမ္ဘာဖောက် ဓားလက်ချောင်းအောက်မှာ အစအနတောင် ရှာမရတော့ပါဘူး။ ရှုံဟွာရဲ့ ဝိညာဉ်ကလည်း ဟန်ကျွယ် တမင်အလျှော့ပေးလိုက်လို့ပါ။ မဟုတ်ရင် ရှာလို့တောင်ရမှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ရဲ့ တိုက်ခိုက်မှုနှစ်ခုက ကောင်းကင်ရုံးတော်တစ်ခုလုံးကို အပ်ကျသံ ကြားရလောက်တဲ့အထိ တိတ်ဆိတ်သွားစေပါတယ်။
ယီတျန်ဟာ ရှုပ်ပွနေတဲ့ ကောင်းကင်ပြင်ကို မျက်လုံးပြူးကြီးနဲ့ ကြည့်ရင်း တစ်ကိုယ်တည်း ရေရွတ်လိုက်ပါတယ် “ဒီလိုနဲ့ ပြီးသွားတာလား”
မဟာတာအိုပညာရှိတွေဟာလည်း တိတ်ဆိတ်နေပါတယ်။ သူတို့ဟာ တကယ်ကို လန့်သွားကြတာပါ။
တစ်ချိန်တည်းမှာပဲ လျှို့ဝှက်ဆန်းကြယ် ရေအိုင်ထဲမှာရှိနေတဲ့ ရှီတုတောက်ဟာ လက်ခုပ်လက်ဝါးတီးပြီး ရယ်မောလိုက်ပါတယ် “ဟားဟား… ဒီလိုဖြစ်မယ်ဆိုတာကို ငါ သိသားပဲ”
ရှီတုတောက်ဟာ အလင်းရောင်ထဲက ဟန်ကျွယ်ကို စိုက်ကြည့်လိုက်ပါတယ်။ ရှီတု‌တောက်ဟာ ဟန်ကျွယ်က အမှောင်သခင်ကြီးလို့ တစ်ထစ်ချ ယုံကြည်သွားပါတယ်။
လီတောက်ခုံးဟာ စိတ်လည်း အရမ်းလှုပ်ရှားသလို ရှီတုတောက်ရဲ့ အမူအရာကိုလည်း လုံးဝ နားမလည်နိုင်ပါဘူး။
….
“မင်းက ဘယ်သူလဲ” ရှုံဟွာရဲ့ ဝိညာဉ်က ဟန်ကျွယ်ကို မေးလိုက်ပါတယ်။
ရှုံဟွာရဲ့ ဝိညာဉ်ဟာ သာမန်လူသားပုံစံ ရှိပါတယ်။ တကယ်ကိုမှ သာမန်လူသားပုံစံပါ။ ဗလတွေတောင် မရှိပါဘူး။
ရှုံဟွာက ဟန်ကျွယ်ကို မီးဝင်းဝင်းတောက်တဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေပါတယ်။ ရှုံဟွာဟာ ဟန်ကျွယ်က ဘယ်လိုနည်းလမ်းကို သုံးလိုက်လို့ အမှောင်ထုစွမ်းအားကို ဒီလောက်မြန်မြန် ရှင်းလင်းနိုင်လဲဆိုတာ နားမလည်နိုင်ပါဘူး။
ဟန်ကျွယ်ဟာ ရှုံဟွာရဲ့ မေးခွန်းကို ဂရုမစိုက်ပေမဲ့ ရှုံဟွာရဲ့ ဝိညာဉ် လွတ်မထွက်သွားအောင်တော့ သေချာ ဆုပ်ကိုင်ထားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဆီကို ရောက်လာပါတယ်။
“အရှင်မင်းကြီး… ကျွန်တော် ဒီကောင်ကို အရှင်မင်းကြီး လက်ထဲ အပ်ခဲ့ရမလား၊ ဒါမှမဟုတ် ကျွန်တော် ခေါ်သွားရမလား”
ဒီကိစ္စကို ဟန်ကျွယ်နဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်က အစောကြီးကတည်းက သဘောတူထားပြီးသားပါ။ သူတို့နှစ်ယောက်ဟာ ရှုံဟွာကို အသက်ရှင်လျက်ထားပြီး သတင်းအချက်တွေကို မရရတဲ့နည်းနဲ့ နှိုက်ထုတ်မှာပါ။
မိစ္ဆာ ကောင်းကင်ဧကရာဇ်က စကားပြောဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ ရှုံဟွာက ရုတ်တရက် လူဆိုးပြုံး ပြုံးလိုက်ပါတယ် “မင်းတို့တွေ ပြီးသွားပြီလို့ ထင်နေတာလား၊ ဒီနေ့ ဒီကိုလာတာ ငါ တစ်ယောက်တည်း မဟုတ်ဘူး”
“ထွက်လာခဲ့ကြတော့”
“ငါ သူတို့ကို သေစေချင်တယ်”
“ငါ သူတို့အားလုံး သေဆုံးတာကို မြင်ချင်တယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset