Chapter – 203
“သူတစ်ပြန်ကိုယ်တစ်ပြန်”
ဝမ်ဇန်းဟိုသည်လျုချန်းဂျန်အား ကြည့်လိုက်ရင်း –
[သူက သောက်စားတာမျိုးလည်း မရှိ၊ လောင်းကစား လုပ်တာလည်း မရှိ၊ မိန်းမလည်း မရှုပ်၊ ဘယ်လို စိတ်ပျော်စရာမျိုးကိုမှ စိတ်မဝင်စားတဲ့လူ၊ သူ့အတွက် ဘာဆိုဘာမှ အရေးမကြီးဘူး။ ငါမြင်ရ သလောက်တော့ နေ့ရှိသ၍ သူ့ဓားကြီးကိုပဲ ငေးစိုက်ကြည့်နေတာ။ သူ့နားကို မကပ်နဲ့ မီးပွင့်သွားမယ် ဆိုတဲ့ ပုံစံမျိုးကြီး။ သူ့ကြည့်ရတာ ဓားကလွဲပြီး ကျန်တာ ဘာမှကို စိတ်မဝင်စားတဲ့ပုံပဲ။ ဒီလို အရူးမျိုး ကမ္ဘာပေါ်မှာ ရှိနေမယ်လို့ ငါမထင်ထားခဲ့မိဘူး . . .]
ထို့နောက်ဝမ်ဇန်းဟိုသည် သူ၏ အခန်းသို့ ပြန်ရန်ထလိုက်သည်။
“နေဦး . . .”
လျူချန်းဂျန်သည်အေးစက်သော အသံဖြင့်ဝမ်ဇန်းဟိုအား တားလိုက်သည်။
ဝမ်ဇန်းဟိုလည်း စောင်းငဲ့ကြည့်လိုက်ရင်း –
“ဘာလုပ်ဖို့လဲ . . .”
“ကျုပ်မှာ ငွေမရှိတော့ဘူး . . .”
လျူချန်းဂျန်သည်ဝမ်ဇန်းဟို၏ လည်ပင်းအား စူးစိုက်ကြည့်လိုက်ရင်း ခပ်တည်တည်ဖြင့်ပင်ပြောလိုက်သည်။
“ငါမင်းကို တစ်ခုလောက် အတည်ပြောမယ် . . .”
ဝမ်ဇန်းဟိုလည်း လေသံခပ်မာမာဖြင့်ပင်ပြန်ပြောလိုက်သည်။
“မင်းငွေလိုတဲ့ အခါတိုင်း ငါမင်းကိုပေးနေကျပဲ။ ဒါပေမယ့်ငါ့ကို အခုလိုမျိုး မကြည့်စမ်းပါနဲ့။ ငါ့လည်ပင်း၊ ငါ့ရင်ဘတ်၊ ငါ့ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်း မှန်သမျှကို အဲဒီလိုကြီး မကြည့်နဲ့၊ ငါအနူးညွတ် တောင်းပန်တယ် . . .”
လျူချန်းဂျန်သည်ဝမ်ဇန်းဟိုအား တစ်ခွန်းမှပင်ပြန်မပြောဘဲ လက်ဝါးဖြန့်၍သာ ပိုက်ဆံတောင်း လိုက်သည်။ သူ၏ မျက်လုံးများမှာမူ ဝမ်ဇန်းဟို၏ တစ်ကိုယ်လုံးအား ခြုံငုံ၍ ကြည့်နေလေသည်။
“ဒီမှာ . . . ဒီမှာ ရော့ရော့ . . .”
ဝမ်ဇန်းဟိုသည် လျုချန်းဂျန်ထံသို့ ငွေစအများအပြားပစ်ပေါက်လိုက်ပြီး ချက်ချင်းပင် လှည့်ထွက်သွားလိုက်သည်။ လျုချန်းဂျန်၏ရှေ့မှ ချက်ချင်းပျောက်ကွယ်သွားချင်သည့်စိတ်များသည်တဖွားဖွားပင်ဖြစ်ပေါ်နေမိသည်။
လျူချန်းဂျန်နှင့်အတူ တစ်စက္ကန့်မှပင်ရှိမနေချင်တော့ပေ။
ပိုက်ဆံရရှိပြီးနောက်လျူချန်းဂျန်သည် သူမကြာသေးမီက စုဆောင်းထားခဲ့သည့် ပထမတန်းစား လုပ်ကြံသတ်ဖြတ်သူများထံသို့ သွားရောက်ခဲ့သည်။ ထိုလူများအား လေ့ကျင့်ပေးနေရင်း စိတ်ထဲတွင်လည်း –
[ငါမြန်မြန်ဆန်ဆန်နဲ့ အလုပ်ပြီးအောင် လုပ်မှဖြစ်မယ် . . .]
. . .
ရဲရှောင် လေလံခန်းမမှ ထွက်လာသည့် အချိန်တွင် မနက်စောစောသာ ရှိသေးသည်။
လမ်းမထက်မှတဆင့် စိတ်အေးလက်အေး လျှောက်လာရင်း မင်းသားဟွာရန်း၏ အိမ်တော်ဘက်သို့ ခြေဦးလှည့်လိုက်မိသည်။
သွားနေရင်းဖြင့်စုယဲ့ယွဲ့ပြောခဲ့သည့်စကားများအား ပြန်လည် ကြားယောင်မိသွားသည့်အတွက်ရုတ်တရက်ရပ်တန့်လိုက်သည်။
“ရှောင်ရှောင် . . . ဒီနေ့ကစပြီး ငါက နင့်မိန်းမပဲ . . .”
“ရှောင်ရှောင် . . . ငါ့ကို မေ့မသွားပါနဲ့နော် . . .”
“ရှောင်ရှောင် . . .”
သူ၏ လည်ပင်းတွင် ဆွဲထားေသာ ကျောက်စိမ်းဆွဲပြားလေးသည် ပူနွေးလာသကဲ့သို့ ခံစားလိုက်ရသည်။ စုယဲ့ယွဲ့အားမေ့မသွားရန်သူ့အား သတိပေးနေသယောင်ပင်။
စုယဲ့ယွဲ့သည် ယခုအချိန်တွင် လူသားကမ္ဘာနှင့် မိုင်ပေါင်းများစွာ ကွာဝေးလှသည့် ကောင်းကင်ဘုံ တစ်ခုခု တွင် ရှိနေပေလိမ့်မည်။
ရဲရှောင်သည်ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ရင်း သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။
ထိုမိန်းကလေးနှင့် ခွဲခဲ့ရသည့်အကြောင်း စဉ်းစားမိသောအခါ သူ၏ စိတ်ထဲတွင်အလိုလို ဝမ်းနည်းသွားခဲ့သည်။
အမြဲတစေ သူ၏ လက်အား ကိုင်ဆွဲထားတတ်သည့် မိန်းကလေး၊ အပြုံးချိုချိုလေးများဖြင့် စိုက်ကြည့်နေတတ်သည့် မိန်းကလေး၊ အန္တရာယ်နှင့် နဖူးတွေ့ဒူးတွေ့ ကြုံရသည့် အခြေအနေမှာပင် သူ၏ရှေ့မှ မားမားမတ်မတ် ရပ်တည်ကာ ကာကွယ်ပေးခဲ့သည့် မိန်းကလေး။ ထိုမိန်းကလေးအား လတ်တလောတွင် သူမတွေ့နိုင်တော့ချေ။
ပြန်တွေ့ရန်မှာလည်း နှစ်ပေါင်းများစွာ ကြာနိုင်ပေသည်။
ရဲရှောင် သက်ပြင်းတစ်ချက်ချလိုက်ရင်း လေသံတီးတိုးဖြင့် –
“အရင်ဘဝကနေ အခုဘဝထိက အိပ်မက် တစ်ခုလိုပါပဲလား။ မော်တယ်ကမ္ဘာမှာ ရှိတဲ့ အရာရာတိုင်းက မြူခိုးတွေလိုပဲ အချိန်မရွေး ပျောက်ကွယ်သွားနိုင်တယ်။ ငါ့အတွက်မေ့ပျောက်ဖို့ အခက်ဆုံးကရိုးသားဖြူစင် ထက်မြက်တဲ့ မိန်းကလေးတစ်ယောက်ဆီက ချစ်ခြင်းမေတ္တာတွေပဲ။ ကျင့်ကြံမှုတွေကိုလည်း အရင်ကထက်ကြိုးစားကျင့်မယ်။နောက်ဆို ငါ့နာမည်က ကောင်းကင်ဘုံတွေထိ ရိုက်ခတ်လာရမယ်လို့ ငါ့ဓားကို ကိုင်ဆွဲပြီး ကျိန်ဆိုတယ်။ ပြီးရင်တော့ မင်းနဲ့ ပြန်ဆုံတွေ့ဖို့ ကြိုးစားမယ်. . .”
အဆိုပါ စကားများအား ရဲရှောင်သည်ဝမ်းနည်းမှု အပြည့်ဖြင့်ရေရွတ်ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ထိုအချိန်မှာပင်လက်ခုပ်တီးသံ သုံးချက်အား ရုတ်တရက်ကြားလိုက်ရသည်။
“ဖြောင်း . . . ဖြောင်း . . . ဖြောင်း . . .”
“ကောင်းလိုက်တဲ့ ရည်ရွယ်ချက်၊ ကောင်းလိုက်တဲ့ ခံစားချက်တွေပါလား။ ရှင်က တကယ်ပဲ လင်းပါအိုခန်းမရဲ့ ဧကရာဇ်ဆိုတဲ့ ဘွဲ့နဲ့ ထိုက်တန်ပါပေတယ် . . .”
ကိုယ့်အတွေးနဲ့ ကိုယ်နှစ်မြောနေသည့်အချိန်တွင်ရုတ်တရက်ပေါ်ထွက်လာသည့်အသံကြောင့်ရဲရှောင်လန့်သွားမိသည်။ သို့သော် အတတ်နိုင်ဆုံး စိတ်ကို လျော့ချ၍ ပြုံးပြလိုက်ကာ –
“မင်းရောက်လာတာ မြန်သားပဲ . . .”
ရဲရှောင်၏ အရှေ့တွင် အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသည့်မိန်းကလေးတစ်ဦး ရပ်နေလေသည်။ သူမ၏ မျက်နှာအား ပိုးပဝါတစ်ခုဖြင့်အုပ်ထားပြီး ဝတ်ရုံပေါ်တွင်လည်း ကြာပန်းပုံရေးထိုးထားလေသည်။
သူမသည်ကား ဖန်ဇီလင်နှင့် ဇာတ်လမ်းရှိခဲ့ဖူးသော ဝမ်ရမ်ချူးချုးပင် ဖြစ်ပေသည်။
ဝမ်ရမ်ချုးချုးသည် ပိုးပဝါအတွင်းမှ ရွှန်းလဲ့သော မျက်ဝန်းများဖြင့်ရဲရှောင်အား စိုက်ကြည့်လျက်ရှိသည်။ ကမ္ဘာပေါ်ရှိ ချောမော လှပချည်ရဲ့ဆိုသော် မိန်းကလေး အများစုအား ထိုမျက်ဝန်းတစ်ခုတည်းဖြင့်ပင် အနိုင်ယူနိုင်မည်မှာ အသေအချာပင်။
သူမ၏ မျက်ဝန်းများထဲတွင် ရှုပ်ထွေးသော ခံစားမှုများအပြင်ဒေါသထွက်နေသည့်အရိပ်အယောင်များကိုလည်းတွေ့နိုင်ပေသည်။
“ကျွန်မလား . . . ကျွန်မရောက်လာတာ မြန်တယ်လည်း မဟုတ်ပါဘူး . . .”
ဝမ်ရမ်ချူးချူးသည်ပြုံးလျက် ပြောလိုက်သည်။
“ကျွန်မသာ စောစော ရောက်မလာခဲ့ရင် ဒီက နောင်ကြီးဖန်ရဲ့ ရင်တွင်းဖြစ်တွေကို ဘယ်ကြားနိုင်ေတာ့မလဲ ဟုတ်တယ်မှတ်လား။ ရှင့်ကိုတော့ လေးစားပြီးရင်းလေးစားမိပြီ . . .”
ရဲရှောင်လည်း ပြုံးလိုက်ရင်း –
“ဘာရယ်လို့တော့ မဟုတ်ပါဘူး။ ငါ့ဟာငါ ဒီအတိုင်းပြောလိုက်ရုံသက်သက်ပါ . . .”
ဝမ်ရမ်ချူးချူးတစ်ေယာက်စိတ်မကြည်မလင် ဖြစ်နေသည်ကို ရဲရှောင်ကောင်းစွာ ရိပ်မိနေသည်။ လက်ရှိ သူမ၏ ပုံစံသည်အချိန်မရွေး ပေါက်ကွဲထွက်သွားနိုင်သည့် မီးတောင်တစ်ခုနှင့်ပင်တူနေလေသည်။
ရဲရှောင်သည် မိန်းမကျမ်းကျေသူတစ်ယောက်မဟုတ်သည့်တိုင်အန္တရာယ်အငွေ့ အသက်များအား ခံစားနေရသဖြင့် အခြားအကြောင်းအရာများပြော၍ စကားလွှဲရန် ပြင်နေမိသည်။
သူ၏ရှေ့တွင်ရှိနေသော မိန်းကလေးသည် အားနွဲ့သူတစ်ဦး မဟုတ်ဘဲ သူ့ကိုယ်ပင်အန္တရာယ်ကောင်းစွာ ပေးနိုင်သော မိန်းကလေးတစ်ဦးမှန်း ရဲရှောင် သိနေလေသည်။
ယခင်က ထိုမိန်းကလေး၏ ရိုက်နှက်မှုများကြောင့် နာကျင်စွာ ခံစားခဲ့ရသည်။ အဘယ့်အတွက်ကြောင့်ရိုက်နှက်ခံခဲ့ရသည်ကိုလည်း ယခုတိုင်အောင်သေချာမသိသေးပေ။
ထိုကဲ့သို့ အရိုက်ခံခဲ့ရခြင်းသည်သူ့အတွက်မူ ကောင်းသော အမှတ်တရ တစ်ခုတော့ မဟုတ်ခဲ့ပေ။ မိန်းကလေးတစ်ဦး၏ အရိုက်နှက်ကိုပင် ခံခဲ့ရသဖြင့် သိက္ခာအကျဆုံး ဖြစ်ခဲ့ရသည့် အမှတ်တရ တစ်ခုပင်ဖြစ်ပေလိမ့်မည်။
ယခုအခါ ထိုမိန်းကလေးနှင့် ရင်ဆိုင်နေရပြီ ဖြစ်သဖြင့် စကားပြောဆိုရာတွင်သတိထား၍ ပြောဆိုရမည်ဖြစ်ကြောင်းရဲရှောင်ေကာင်းကောင်းကြီး သဘောပေါက်မိနေသည်။ မည်သည့်အချိန်တွင်မည်ကဲ့သို့သော အကြောင်းပြချက်ဖြင့် ဒေါသအိုး ပေါက်ကွဲလာမည်မှန်း သူ မသိနိုင် ဖြစ်နေသည် မဟုတ်ပါလော။
ဝမ်ရမ်ချူးချူးသည် ရဲရှောင်ထံမှ သူမ သိချင်သည့် အကြောင်းအရာအား မသိရသေးသည့်အတွက် လက်မလျော့သေးဘဲ –
အရင်ဘဝကနေ အခုဘဝထိက အိပ်မက် တစ်ခုလိုပါပဲလား။ မော်တယ်ကမ္ဘာမှာ ရှိတဲ့ အရာရာတိုင်းက မြူခိုးတွေလိုပဲ အချိန်မရွေး ပျောက်ကွယ်သွားနိုင်တယ်။ ငါ့ အတွက်မေ့ပျောက်ဖို့ အခက်ဆုံးကရိုးသားဖြူစင် ထက်မြက်တဲ့ မိန်းကလေးတစ်ယောက်ဆီက ချစ်ခြင်းမေတ္တာကိုပဲတဲ့ . . . နောင်ကြီးဖန်၊ ရှင်ပြောတဲ့ထဲက ရိုးသားဖြူစင် ထက်မြက်တဲ့ မိန်းကလေး တစ်ယောက်ဆီက ချစ်ခြင်း မေတ္တာဆိုတာ ဘာကို ဆိုလိုတာလဲ။ ကျွန်မကို ရှင်းပြလို့ ရမလား . . .”
ရဲရှောင် မျက်မှောင်ကြုတ်လိုက်ရင်း –
“မင်းကို ရှင်းပြစရာ ဘာအကြောင်းမှ မရှိဘူး။ ရိုးသားဖြူစင် ထက်မြက်တဲ့ မိန်းကလေး တစ်ယောက်ဆီက အချစ်ဆိုတာကို တစ်ခုခုလို့များ မင်းက ထင်နေတာလား . . .”
ဝမ်ရမ်ချူးချူးမှ ခနဲ့သောလေသံဖြင့်-
“ဒီလို မိန်းကလေးတစ်ယောက်ကို ဆုံးရှုံးရတာ ဘယ်လောက်ထိ ရင်နာစရာကောင်းလဲ ဆိုတာ ကျွန်မနားလည်ပါတယ်။ ရှင်ပြောတာကို ကြားလိုက်ရတုန်းကလည်း ရှင့်အသံက ဝမ်းနည်းနေသလိုပဲ။ အဲဒီမိန်းကလေးက ရှင့်အတွက် အရမ်းအရေးပါတယ် ထင်တယ်နော်. . .”
ဝမ်ရမ်ချုးချုးသည် ရဲရှောင်ဘက်မှ ပြန်ေဖြမည့်အဖြေကိုပင် မစောင့်တော့ဘဲ တရစပ်ပင်မေးခွန်း များ ထပ်မေးလိုက်သည်။
“ဝမ်းနည်းမှုဆိုတာက ဖန်တီးယူလို့ မရတဲ့အရာ။ အခုလည်းရှင့်ရင်ထဲက တစ်စုံတစ်ယောက် အတွက် ရှင်ဝမ်းနည်းနေတာ ဖြစ်မှာပါ။ ဟုတ်တယ်မလား . . .”
ရဲရှောင် သူ၏ ပုခုံးနှစ်ဖက်အား တွန့်လိုက်ရင်း –
“ဒါက ငါ့ကိစ္စပါ။ မင်းနဲ့လည်း မဆိုင်ဘူးလေ၊ ဟုတ်တယ်မလား . . .”
ရဲရှောင်ဘက်မှ စကားနည်း ရန်ဆဲ သဘောမျိုးပြောလိုက်သည်။
သို့သော် ဝမ်ရမ်ချူးချူးသည် ရဲရှောင်၏ စကားကြောင်း မခံချင်ပင်ဖြစ်သွားသောကြောင့်အံတစ်ချက် ကြိတ်လိုက်ရင်း –
[ဘာ . . . ကျွန်မနဲ့ မဆိုင်ဘူး ဟုတ်လား၊ ကျွန်မကတော့ ရှင့်ကို ကျွန်မခန္ဓာကိုယ်ကိုတောင်ထိတွေ့ခွင့် ပေးခဲ့တယ်။ အဲဒါတောင် ရှင်က တခြားမိန်းကလေးတွေ အကြောင်း စဉ်းစားရဲသေးတယ်။ ကျွန်မအရှေ့မှာတောင် ဒီလိုစကားတွေ ပြောထွက်တယ်ပေါ့။ ကျွန်မနဲ့ မဆိုင်ဘူးဆို ဘယ်သူနဲ့ ဆိုင်ရမှာလဲ ပြောစမ်းပါဦး . . .]
ရဲရှောင်၏ စိတ်ထဲတွင်လည်း –
[ဘာလဲဟ ငါက ငါ့ကောင်မလေးအကြောင်း ငါစဉ်းစားနေတာလေ။ မင်းနဲ့ ဘာဆိုင်လို့တုန်း။ ငါက တခြားမိန်းကလေး အကြောင်းတောင် စဉ်းစားခွင့် မရှိတော့ဘူးလား။ မင်းနဲ့ငါက ဘာမို့လို့လဲ . . .]
ချန်ရှင်းမြို့တော်သို့ ဝမ်ရမ်ချုးချုးရောက်ရှိလာခြင်းသည်သူမ၏ ဆရာဖြစ်သူကြောင့်ဖြစ်သည်။ သို့သော် ယခုအခါတွင်မူ လာရင်းကိစ္စအားမေ့လျော့နေခဲ့ပြီး ရဲရှောင်ကိုသာ ဒေါသထွက်နေမိလေသည်။
“ဟက် ဟက် . . . ကျွန်မနဲ့ မဆိုင်ဘူးပေါ့လေ။ ကျွန်မက ရှင့်အတွက် ဘာမှ မဟုတ်ဘူးပေါ့၊ ဒါပေမဲ့ ကျွန်မ သိချင်တာ တစ်ခုရှိတယ်။ ဒီကမ္ဘာပေါ်မှာ သူရဲကောင်းဆန်ပြီး ချောမော ခန့်ညားတဲ့ ယောကျာ်းသားတွေ အများကြီး ရှိပါလျက်နဲ့ ဘယ်လို မိန်းကလေးကများ ဘယ်လို အမြင်မျိုးနဲ့ ရှင့်ကို ရွေးချယ်မိတာလဲ ဆိုတာ သိချင်မိတယ် . . .”
ရဲရှောင် မျက်မှောင်ကြုတ်လိုက်ရင်း –
“ဘယ်လို အမြင်နဲ့ ဟုတ်လား . . . ဒီမှာ ငါက ရုပ်ဆိုးနေလို့လား၊ ဘယ်မိန်းကလေးမှ ငါ့ကို မကြိုက်သင့်ဘူးလို့ မင်းပြောချင်တာလား။ အနည်းဆုံး တစ်ယောက်တစ်လေတောင်မှ ငါ့ကို ကြိုက်မှာ မဟုတ်ဘူးလို့ ထင်နေတာလား . . .”
ဝမ်ရမ်ချူးချူးလည်း ပြုံးလိုက်ရင်း –
“ကျွန်မ ဆိုလိုတာ ဒီသဘော မဟုတ်ပါဘူး။ ဒါပေမယ့်အဲ့ဒီကောင်မလေး အကြည့်မှားခဲ့သလားလို့ပါ . . .”
ရဲရှောင် ဒေါသထွက်သွားပြီး –
“မင်းရဲ့ အမြင်အာရုံတွေ မကောင်းတော့ဘူးလား။ ဖန်ဇီလင်ဆိုတဲ့ ငါက အရပ်လည်း ရှည်တယ်။ ကြံ့ခိုင်မှုလည်း ရှိတယ်။ ခန့်လည်းခန့်ညားတယ်ကွ။ ဘယ်လိုကြည့်ကြည့် ကြည့်ကောင်းတယ် ဆိုတာ ဘယ်သူမှ မငြင်းနိုင်ဘူး။ ငါ့မှာ အစွမ်းအစလည်း ရှိသလို ကြွယ်ဝချမ်းသာမှုလည်း ရှိတယ်။ ကမ္ဘာပေါ်က ဘယ်မိန်းကလေးမဆို ငါသာလိုချင်ရင် ငြင်းမှာ မဟုတ်ဘူး . . .”
ဝမ်ရမ်ချူးချူးလည်း သူ၏ ဗိုက်အား နှိပ်ကာ အူတက်အောင်ပင်ရယ်မောလိုက်ရင်း –
“ဟုတ်ပါပြီ။ ရှင်ဘယ်လိုပဲလိမ်လိမ် ရှင့်ရဲ့ ပုံစံနဲ့ ပတ်သက်ပြီး ကျွန်မ ဘာမှ မပြောလိုတော့ပါဘူး။ ရှင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတာကတော့ ကမ္ဘာမှာ နံပါတ် ၁ ကို ဗိုလ်စွဲလောက်ပါရဲ့။ ဘယ်သူမှ ရှင့်လောက် ယုံကြည်ချက် ရှိမယ် မထင်ဘူး . . .”
“နောင်ကြီးဖန်တောင် နှစ်နှစ်ကာကာ ချစ်သွားတဲ့ မိန်းကလေးက ဘယ်လိုမိန်းမလှလေးလဲ ဆိုတာ သိချင်လိုက်တာ။ ဘယ်သူလဲဟင် . . .”
ဝမ်ရမ်ချုးချုးသည် ရှက်ရွံ့နေသည့်ဟန် တမင် ပြုလုပ်လိုက်ပြန်ရင်း –
“ကျွန်မကို ပြောတာတော့ မဟုတ်ဘူးမလား”
ရဲရှောင်လည်း ရုတ်တရက်ကြောင်သွားပြီးနောက် ဟက်ဟက်ပက်ပက်ပင်ရယ်မောလိုက်ရင်း –
“မင်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု သိပ်ရှိလွန်းနေတာပဲ။ ငါတောင် လိုက်မမီတော့ဘူး။ ကမ္ဘာ့နံပါတ် ၁ ဆိုတာကြီးကို ငါမယူတော့ပါဘူး။ မင်းကိုပဲ ပေးလိုက်ပါတော့မယ် . . .”
ရဲရှောင်ပြန်ချေပလိုက်သည့်စကားကြောင့်ဝမ်ရမ်ချူးချူးတစ်ယောက်ဒေါသအကြီးအကျယ်ပင်ထွက်သွားလေသည်။ သူမ၏ မျက်လုံးများသည်လည်း ယခင်ကထက်ပင်ပို၍ အေးစက်စက် ဖြစ်သွားပြီး –
“နောင်ကြီးဖန် . . . ရှင်က အပြောတော်တော် ကောင်းတာပဲ။ ရှင့်ရဲ့ စကားလုံးတွေက ပြင်းထန်ပြီး ရှင့်လျှာက အသွားထက်တဲ့ ဓားသွားတစ်ခုလိုပါပဲလား . . .”
ရဲရှောင်မှ –
“မင်းမှာလည်း စူးရှတဲ့ မျက်လုံးတွေ နဲ့ သူမတူအောင်လိုက်မမီနိုင်တဲ့ စိတ်ကူးကောင်းတွေ အကြံကောင်းတွေ ရှိပါတယ်။ အင်း . . . တစ်ခုပဲ . . .မျက်နှာက မဆိုသလောက်အပြစ်အနာအဆာလေး ရှိနေတာပဲ။ အဲ့ဒါကလည်း အရမ်းအဆိုးကြီးတော့ မဟုတ်ပါဘူးလေ။လောကမှာ ပြီးပြည့်စုံတဲ့ လူဆိုတာ ဘယ်ရှိနိုင်ပါ့မလဲ . . .”
“ရှင့်ပါးစပ်ကို ပိတ်ထားလိုက်စမ်း . . .”
နောက်ဆုံးတွင် ဝမ်ရမ်ချုးချုး တစ်ယောက်ရဲရှောင်၏ စကားများအား ခံနိုင်ရည်မရှိတော့ဘဲဒေါသအကြီးအကျယ်ပင်ထွက်သွားလေသည်။ သူမ၏ မျက်လုံးများသည်လည်း မီးဝင်းဝင်းတောက် သကဲ့သို့ ဖြစ်သွားကာ –
“နောင်ကြီးဖန် . . . ရှင် မိန်းကလေး တစ်ယောက်ကို ဒီလို မပြောသင့်ဘူးနော် . . .”
ဝမ်ရမ်ချုးချုးအား သနားဖွယ်ကောင်းသည့်လူတစ်ယောက်ကဲ့သို့ ရဲရှောင်ကြည့်လိုက်ရင်း –
“မင်းနဲ့ ဆုံတဲ့အခါတိုင်း ငါ့ဘက်က မင်းကို စကားလုံး နုနုရွရွလေးတွေ မပြောနိုင်ဘူး ဖြစ်နေတယ်။ မင်းလို ကိုယ်မြင်နေရတာကိုတောင် အမှန်မထင်တဲ့ လူမျိုးလည်း ငါက မဟုတ်ဘူးလေ။ အဲဒါကြောင့် ငါ့ကို ခွင့်လွှတ်ပါ . . .”
ရဲရှောင်တို့ နှစ်ဦးသည်သူတစ်ပြန် ကိုယ်တစ်ပြန်ဖြင့် စကားနိုင်လု၍ ပြောဆိုနေကြခြင်း ဖြစ်သည်။ တကယ်တမ်းတွင်မူ ရဲရှောင်ဘက်မှ အသာစီး ရနေသည့်သဘောပင်။ ဝမ်ရမ်ချူးချူးရောက်မလာခင်အချိန်တွင် ရဲရှောင်သည် စုယဲ့ယွဲ့အကြောင်း စဉ်းစားရင်း ဝမ်းနည်းမိနေခဲ့သည်။ ထိုကဲ့သို့သော အချိန်မျိုးတွင်ဝမ်ရမ်ချုးချုးရောက်ရှိလာပြီး စိတ်ကသိကအောက် ဖြစ်စရာ စကားများပြောနေသဖြင့် ရဲရှောင်ဘက်မှလည်း အလျော့မပေးဘဲ ပြန်ပြောနေမိခြင်းပင် ဖြစ်ပေတော့သည်။