အခန်း (၇၃၀) အမှောင်ထုရဲ့ ကြောက်မက်ဖွယ် စွမ်းအား
“နောက်ဆုံးတော့ သူက တိုက်ခိုက်တော့မှာလား…” မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ တစ်ကိုယ်တည်း ရေရွတ်လိုက်ပြီး ကောင်းကင်က နိမိတ်တွေကို ကြည့်လိုက်ပါတယ်။
ဒီတစ်ကြိမ် ကောင်းကင်ရုံးတော်က လာတဲ့ မဟာတာအိုပညာရှိက ၂၃ ပါး ရှိပါတယ်။ လွတ်လပ်တာအိုပညာရှိကလည်း အပါး ၃၀ တောင်ပါ။ ဒါကြောင့် ကောင်းကင်ရုံးတော်ရဲ့ အာကာသကိုသာ ချိပ်ပိတ်လိုက်ရင် ရှုံဟွာ ဘယ်နည်းနဲ့မှ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။
ဒါက မဟာတာအိုပညာရှိ အကုန်လုံး မျှော်လင့်ထားကြတာပါ။ မဟာတာအိုပညာရှိတွေဟာ ကောင်းကင်ကို စသလို နောက်သလို စိုက်ကြည့်ရင်း ရှုံဟွာပေါ်လာတာကို စောင့်ဆိုင်းပါတယ်။
“ပဋိပက္ခက မွေးဖွားလာတဲ့ မင်းတို့လို ပမွှားကောင်တွေကများ ငါ့ကို အထင်သေးရဲတယ်၊ ငါ ဒီကို ဘာလာလုပ်တာလဲဆိုတာ မင်းတို့တွေ တကယ် မသိကြတာလား”
“ငါက မင်းတို့ အကုန်လုံးကို သောက်ဂရု မစိုက်ဘူး၊ မင်းတို့က ဒီလောက် ဘဝင်မြင့်မှတော့ ငါကလည်း အမှောင်ထုက ဘာလဲဆိုတာ ပြရသေးတာပေါ့၊ ပဋိပက္ခက ပြီးဆုံးပြီး အမှောင်ခေတ်ကို ရောက်တော့မှာ… ဒီနေ့ ငါမင်းတို့ကို အရင်ဆုံးသတ်ပစ်ပြီး အမှောင်ခေတ်ကို ကြိုဆိုမယ်”
“ဟားဟား… ခြိမ်း..ခြိမ်း…”
ရှုံဟွာရဲ့ ဟားတိုက်ရယ်မောသံနဲ့အတူ မိုးခြိမ်းသံတွေဟာ ပိုမို ကျယ်လောင်လာပါတယ်။
လူတိုင်းဟာ ရှုံဟွာ ပေါ်လာမှာကို ရင်တထိတ်ထိတ်နဲ့ စောင့်နေကြပါတယ်။ ရှုံဟွာက ဒီလို အခြေအနေမှာတောင် မောက်မာနေသေးတဲ့အတွက် တကယ်ကို လျှော့တွက်လို့မရတာပါ။
တခြားတစ်ဖက်က လျှို့ဝှက်ဆန်းကြယ် ရေအိုင်ထဲမှာ ရှိနေတဲ့ လီတောက်ခုံးနဲ့ ရှီတုတောက်ဟာလည်း ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်နေပါတယ်။ သူတို့နှစ်ယောက်ဟာ ရှုံဟွာရဲ့ ရုပ်သွင်ကိုသာ မြင်ဖူးပြီး ရှုံဟွာရဲ့ တကယ့်စွမ်းအား အစစ်အမှန်ကို တစ်ခါမှ မမြင်ဖူးပါဘူး။
“ရှုံဟွာ နိုင်မလား ရှုံးမလား ဆိုတာကို အလောင်းအစား ထပ်ရအောင်” ရှီတုတောက်က ပြောလိုက်ပါတယ်။
ဟန်ထော်ရဲ့ စောစောတုန်းက အစွမ်းပြမှုဟာ ရှီတုတောက်ကို လှုံ့ဆော်လိုက်ပါတယ်။ ရှီတုတောက်ဟာ လီတောက်ခုံးဆီကနေ ဟန်ကျွယ်က အသက် သုံးသိန်းပဲ ရှိသေးတာကို ကြားထားပါတယ်။ ဒီလိုအရည်အချင်းက သူ့ထက် အများကြီးသာတယ် မဟုတ်ပါလား။ ဒီအကြောင်းကြောင့် ဟန်ထော်ရဲ့အဖေ ဟန်ကျွယ်က အမှောင်သခင်ကြီး ဖြစ်ဖို့ များတယ်လို့ ရှီတုတောက် ရုတ်တရက် ခံစားလိုက်ရပါတယ်။
ရှီတုတောက်ဟာ ဟန်ကျွယ်ကို စတွေ့ကတည်းက ဒီလိုခံစားချက်မျိုး ရှိနေခဲ့တာပါ။ လက်ရှိ အခြေနေကလည်း အမှောင်သခင်ကြီး ကိုယ့်ဘာသာ ဇာတ်ကနေတာနဲ့ တော်တော် တူပါတယ်။
“မင်းကရော ဘယ်လိုထင်လဲ” လီတောက်ခုံးက ပြန်မေးလိုက်ပါတယ်။
“ဟဲဟဲ… ငါအထင်ကို ပြောရရင် ရှုံဟွာက ကောင်းကင်ရုံးတော်ကို ဖိနှိပ်နိုင်လိမ့်မယ်၊ ဒါပေမဲ့ နောက်ဆုံးမှာ သူ ရှုံးလိမ့်မယ်”
လီတောက်ခုံးဟာ ရှီတုတောက်ရဲ့ အဖြေကို စိတ်ဝင်စားသွားပါတယ် “ဘာဖြစ်လို့လဲ”
“သိချင်ရင် စောင့်ကြည့်”
“ဒါဆို ငါကလည်း ရှုံဟွာ ရှုံးလိမ့်မယ်လို့ ခန့်မှန်းချက် ထုတ်မယ်”
“ဘာဖြစ်လို့လဲ” ရှီတုတောက်က ပြန်မေးလိုက်ပါတယ်။
“တိတ်ဆိတ်ဂိုဏ်းချုပ်က သူ့သား ဒဏ်ရာရတာကို ဒီအတိုင်း ထိုင်ကြည့်နေမှာ မဟုတ်ဘူး၊ နောက်ပြီး သူနဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ ဆက်ဆံရေးက သာမန်မဟုတ်ဘူး၊ ညီအစ်ကိုတွေလိုပဲ”
ရှီတုတောက်ဟာ နှုတ်ခမ်းတွန့်လိုက်ပြီး ရုတ်တရက် ပျင်းသွားပါတယ်။ လီတောက်ခုံးက ရှုံဟွာနိုင်မယ်လို့ထင်မှ စိတ်ဝင်စားဖို့ ကောင်းမယ် မဟုတ်ပါလား။
တစ်ချိန်တည်းမှာပဲ အလင်းရောင်ထဲက ကောင်းကင်ရုံးတော် မြင်ကွင်းဟာ ရုတ်တရက် ပြောင်းလဲသွားပါတယ်။
ကောင်းကင်မှာ ပြည့်နှက်နေတဲ့ မိုးကြိုးတိမ်တိုက်တွေဟာ ရုတ်တရက်ဆိုသလို ဧရာမမျက်နှာကြီးတစ်ခုအဖြစ် စုစည်းသွားပါတယ်။ ဒီမျက်နှာ ဘယ်လောက်ကြီးတယ်ဆိုတာက ပြောဖို့ခက်ပါတယ်။ အနီးစပ်ဆုံးတူအောင် ပြောရရင် ကောင်းကင်ရုံးတော် တစ်ခုလုံးကို ငုံ့ကြည့်နိုင်တဲ့အထိ ကြီးမားပါတယ်။
ဒီမျက်နှာက မျက်နှာသဏ္ဌာန်ပဲ ရှိတာပါ။ ဒီအချိန်မှာပဲ သူ့မျက်လုံးတွေက အသက်ဝင်လာပြီး အေးစက် စူးရှသွားပါတယ်။ နီရဲတဲ့မျက်ဆံတွေမှာလည်း အရူးအမူး သတ်ဖြတ်ငွေ့တွေ ပြည့်နှက်နေပါတယ်။
“ပဋိပက္ခ မတိုင်ခင်က ဘာတွေရှိလဲ၊ ဒီလောကကို ဘယ်လိုခေါ်လဲဆိုတာကို မင်းတို့ သိကြလား” ရှုံဟွာက မဟာတာအိုပညာရှိတွေရဲ့ သိချင်စိတ်ကို နှိုးဆွလိုက်ပါတယ်။
နဂိုကတည်းက စိတ်မထိန်းနိုင်တဲ့ ကျူရုံဟာ ဘယ်လိုမှ မနေနိုင်တော့ဘဲ ကြိမ်းမောင်းလိုက်ပါတယ် “တိုက်ချင်ရင် တိုက်လေ… ဘာတွေ လျှောက်ပြောနေတာလဲ၊ စစ်ကူ စောင့်နေတာလား”
စကားဆုံးတာနဲ့ ကျူရုံဟာ ကောင်းကင်ကို လက်သီးနဲ့ ကောက်ထိုးလိုက်ပါတယ်။ ကျူရုံ ခန္ဓာကိုယ်ပေါ်က မီးလျှံတွေဟာ မုန်တိုင်းလို အရှိန်အဟုန်နဲ့ ကောင်းကင်ပြင်ကို ထိုးတက်သွားပေမဲ့ မိုးကြိုးတိမ်တိုက်မျက်နှာရဲ့ ဝါးမြိုခြင်းကို ခံလိုက်ရပါတယ်။
“ဟမ်… မင်းတို့က ဒီလောက် သေချင်နေမှတော့ သေပေတော့…”
“ဝေါင်း…”
ရှုံဟွာဟာ ဒေါသတကြီး ဟိန်းဟောက်လိုက်ပါတယ်။ ရောင်ဝါနက်တွေဟာ မိုးကြိုးတိမ်တိုက်မျက်နှာရဲ့ မျက်စိ၊ နား၊ နှာခေါင်းထဲကနေ ရုတ်တရက် ထိုးထွက်လာပြီး လျင်မြန်စွာ ပျံ့နှံ့ကာ ကောင်းကင်ရုံးတော် တစ်ခုလုံးကို ရုတ်ခြည်း ဖုံးအုပ်သွားပါတယ်။ ရုတ်တရက် နေ့ကနေ ညရောက်သွားသလိုပါပဲ။
မဟာတာအိုပညာရှိတွေဟာ သူတို့ရဲ့ ဆန်းကြယ်စွမ်းအားကို တစ်ခုပြီးတစ်ခု ထုတ်သုံးကာ အမှောင်ထုကို လွင့်ပါးပျောက်ကွယ်အောင် ကြိုးစားကြပါတယ်။ ဒါပေမဲ့ အမှောင်ထုနဲ့ ထိတာနဲ့ သူတို့ဓမ္မစွမ်းအားတွေ လွင့်ပါး ပျောက်ကွယ်ကုန်တာကို မဟာတာအိုပညာရှိတွေ ရှာတွေ့သွားပါတယ်။ အမှောင်ထုက ဓမ္မစွမ်းအားရဲ့ သဘာဝရန်သူလိုပါပဲ။
“ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
ကောင်းကင်အရှင်ဟာ မျက်မှောင်ကြုတ်သွားပြီး နောက်ထပ် မန္တန်တစ်ခု ထုတ်သုံးပါတယ်။ ဒီမန္တန်လည်း အရင်အတိုင်း အမှောင်ထုနဲ့ ထိတွေ့မိတဲ့အခါ လွင့်ပါး ပျောက်ကွယ်သွားပါတယ်။
ကောင်းကင်အရှင်ဟာ ရွေးချယ်စရာမရှိဘဲ သစ်သားဓားကို ထုတ်ယူပြီး သူ့ရှေ့မှာ မြှောက်လိုက်ပါတယ်။ သစ်သားဓားဟာ အစိမ်းရောင် အလင်းကို ထုတ်လွှတ်ပြီး ရောင်ဝါနက်ကို စုပ်ယူဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ ရောင်ဝါနက်က လုံးဝ ပျောက်ကွယ်နေပြီး အာကာသကိုယ်တိုင်က အမှောင်ထု ဖြစ်နေပါတယ်။
“သွား… အဲဒီကောင်ကို သွားရှာကြ” သိကျန်းက ခပ်တိုးတိုး အမိန့်ပေးလိုက်ပါတယ်။ ဘိုးဘေးမှော်ပညာရှိ ၁၂ ပါးဟာ နန်းတော်ထဲကနေ ပြေးထွက်ပြီး မိုးကြိုးတိမ်တိုက်မျက်နှာကို ထိုးဖောက်သွားပါတယ်။
မဟာတာအိုပညာရှိတွေဟာလည်း သူတို့ရဲ့ ဆန်းကြယ်စွမ်းအားကို အသုံးပြုပြီး မိုးကြိုးတိမ်တိုက်မျက်နှာကို ရင်ဆိုင်ကြပါတယ်။ ရှုံဟွာသေမှ ဒီထူးဆန်းတဲ့ အမှောင်ထုစွမ်းအားကို ဖယ်ရှားနိုင်မှာ မဟုတ်ပါလား။
ဒီအချိန်မှာပဲ အာကာသနဲ့ ချိတ်ဆက်မိသွားတဲ့ အမှောင်ထုစွမ်းအားဟာ သက်ရှိတွေဆီကို ပျံ့နှံ့လာပါတယ်။ ကျင့်ကြံမှုနိမ့်ပါးတဲ့ ကောင်းကင်စစ်သားတွေဟာ အချိန်မီ မရှောင်တိမ်းနိုင်တာကြောင့် ချက်ချင်း အမှောင်ထုထဲ နစ်မြုပ်ပြီး အရိပ်နက်တွေ ဖြစ်ကုန်ပါတယ်။
“အား…”
“ဒါက ဘာကြီးလဲ”
“ငါ တားလို့ မရဘူး”
“ငါ့ ဓမ္မစွမ်းအား”
အော်ဟစ်သံနဲ့ ငိုယိုသံတွေက ကောင်းကင်ရုံးတော်ကို အကြောက်တရား ဆောင်ကြဉ်းလာပါတယ်။
ယီတျန်နဲ့ ဟိန်တျန် ကောင်းကင်စစ်သူကြီးဟာ ကောင်းကင်စစ်သူကြီးတွေကို ကွပ်ကဲပြီး ကောင်းကင်စစ်သားတွေကို ထိန်းသိမ်းပါတယ်။
စိတ်ဝိညာဉ်နန်းတော် ပတ်လည်က အမှောင်ထုဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်နဲ့ တခြားလူတွေဆီ တစ်ဟုန်ထိုး ရောက်ရှိလာပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ အင်္ကျီလက်စကို ဝှေ့ယမ်းပြီး ဟန့်တားလိုက်ပါတယ်။ ဒါပေမဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ ဓမ္မစွမ်းအားဟာ အမှောင်ထုနဲ့ ထိတွေ့မိတဲ့အခါ ချက်ချင်း ဖျက်ဆီး ခံလိုက်ရပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မျက်နှာ အကြီးအကျယ် ပျက်သွားပြီး ဟန်ထော်နဲ့အတူ နေရာရွှေ့လိုက်ပါတယ်။
တခြားလူတွေလည်း အထိတ်တလန့် ဖြစ်ကုန်ပါတယ်။ ဒီလိုအခြေအနေမှာ သူတို့တွေ ဘယ်လိုတိုက်ခိုက်နိုင်မှာလဲ။
“ကျွတ်..ကျွတ်… မင်းတို့ရဲ့ ဓမ္မစွမ်းအားက ငါ သုံးဖို့အတွက်ပဲ… ဟား..ဟား….”
မိုးကြိုးတိမ်တိုက်မျက်နှာဟာ ရုတ်တရက် ပါးစပ်ဟပြီး အရိပ်နက် ၁၂ ခုကို ထွေးထုတ်လိုက်ပါတယ်။ ဒီအရိပ်နက် ၁၂ ခုက ဘိုးဘေးမှော်ပညာရှိ ၁၂ ပါးပါ။
အစွမ်းအထက်ဆုံး ကျင့်ကြံမှုရှိတဲ့ သိကျန်းဟာ သူ့ခေါင်းကို အမှောင်ထု ဝါးမြိုတာ မခံရအောင် ကာကွယ်ထားနိုင်ပါသေးတယ်။ ဒါပေမဲ့ သူလည်းပဲ တော်တော် အားကုန်နေပါပြီ။ ဒါကြောင့် သိကျန်းဟာ မိုးကြိုးတိမ်တိုက်မျက်နှာကို ဒေါသတကြီးသာ စိုက်ကြည့်နိုင်ပါတယ်။
မိုးကြိုးတိမ်တိုက်မျက်နှာဟာ မဟာတာအိုပညာရှိ အကုန်လုံးရဲ့ ဆန်းကြယ်စွမ်းအားကို စုပ်ယူပြီး စတင်ပြောင်းလဲလာပါတယ်။ အဲဒီနောက် အလွန်လျင်မြန်စွာပဲ ပေတစ်သောင်းကျော် မြင့်မားတဲ့ ရုပ်သွင်ကြီးတစ်ခု ဖြစ်သွားပါတယ်။ ဒီရုပ်သွင်ရဲ့ အောက်ပိုင်းက မြင်းလိုပုံစံရှိပြီး ခန္ဓာကိုယ် အထက်ပိုင်းကတော့ လူနဲ့ တူပါတယ်။ ကျောဘက်မှာလည်း လက်ပေါင်းထောင်သောင်းချီ ပေါ်လာပါတယ်။ ဒီရုပ်သွင်ရဲ့ မျက်နှာက အကောင်အထည် ရှိပြီး အရေပြားကတော့ မည်းနက်ခြောက်သွေ့နေပါတယ်။ သူ့မျက်လုံးတွေကတော့ ရေခဲလို အေးစက်လှပြီး ကောင်းကင်ရုံးတော် တစ်ခုလုံးကို ငုံ့ကြည့်နေပါတယ်။
အမှောင်ထုအောက်မှာ ရှုံဟွာရဲ့ ခန္ဓာစစ်က တကယ်ကို ကြောက်ဖို့ ကောင်းပါတယ်။
ကျဲ့ယင်ဟာ ရွှေ၊ငွေ၊ ကျောက်သံပတ္တမြားတွေ စီခြယ်ထားတဲ့ သစ်သားတောင်ဝှေးကို ထုတ်ယူပြီး ကောင်းကင်ဆီ ဝှေ့ယမ်းလိုက်ပါတယ်။ ဒီအခါ ပတ်ဝန်းကျင်က အမှောင်ထုဟာ သစ်သားတောင်ဝှေး စုပ်ယူတာကို ခံရပြီး မှောင်မိုက်တဲ့ ကောင်းကင်ရုံးတော် တစ်ခုလုံးမှာ တစ်ခုတည်းသော တောက်ပတဲ့ အလင်းရောင် ထွက်ပေါ်လာပါတယ်။
ရှုံဟွာက ဒါကို သတိထားမိသွားပြီး လက်နဲ့ လှမ်းရိုက်လိုက်ပါတယ်။
ပေတစ်သောင်းကျော် ရှုံဟွာကို ရင်ဆိုင်ရပေမဲ့ ကျဲ့ယင်ဟာ မျက်နှာတစ်ချက် ပျက်မသွားပါဘူး။
ရှုံဟွာဟာ ရုတ်တရက်ဆိုသလို သူ့လက်ကို လက်သီးဖြစ်အောင် ဆုပ်လိုက်ပါတယ်။ ချက်ချင်းဆိုသလိုပဲ ပတ်ဝန်းကျင်မှာရှိတဲ့ အမှောင်ထုဟာ မရေမတွက်နိုင်အောင် များပြားလှတဲ့ လက်သည်းစူးတွေ ဖြစ်ကုန်ပြီး ကျဲ့ယင်ဆီကို တစ်ဟုန်ထိုး ပျံသန်းသွားပါတယ်။
“အော့မီတော်ဖော”
ကျဲ့ယင်ဟာ သစ်သားတောင်ဝှေးကို ထပ်ဝှေ့ယမ်းလိုက်တဲ့အခါ သူ့နောက်မှာ ရွှေရောင်ဗုဒ္ဓရုပ်တုတစ်တု ထွက်ပေါ်လာပါတယ်။ လက်တစ်သောင်းရှိတဲ့ ရွှေရောင်ဗုဒ္ဓရုပ်တုဟာ အမှောင်ထုရဲ့ စွမ်းအားကို ခုခံဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ ရွှေရောင်ဗုဒ္ဓဟာ အမှောင်ထုစွမ်းအားကို ထိမိတာနဲ့ လွင့်ပါး ပျောက်ကွယ်ပါတယ်။
ဒါကိုမြင်တဲ့ ကျဲ့ယင်ဟာ ရွေးချယ်စရာမရှိတာကြောင့် သူ့သစ်သားတောင်ဝှေးကို အသုံးပြုပြီး ခုခံလိုက်ရပါတယ်။ ကျဲ့ယင်ရဲ့ သစ်သားတောင်ဝှေးကပဲ အမှောင်ထုရဲ့ စွမ်းအားကို စုပ်ယူနိုင်ပါတယ်။
“ဟမ်… အဘိုးကြီး… မင်းရဲ့ ဓမ္မရတနာက တကယ်ကို အစွမ်းထက်တာပဲ” အေးစက်တဲ့အသံက ကျဲ့ယင်ရဲ့ နောက်ကျောဘက်ကနေ ထွက်ပေါ်လာပါတယ်။
ကျဲ့ယင်ဟာ နောက်လှည့်ကြည့်တဲ့အခါ သူ့နောက်မှာ အရိပ်နက်တစ်ခု ပေါ်လာတာကို တွေ့လိုက်ရပါတယ်။ ရှုံဟွာရဲ့ ပေတစ်သောင်းကျော် မြင့်မားတဲ့ ခန္ဓာကိုယ်က အဝေးမှာ ရှိနေပါသေးတယ်။
ကျဲ့ယင်ဟာ သစ်သားတောင်ဝှေးကို ဝှေ့ယမ်းလိုက်ပေမဲ့ အရိပ်နက်က လက်တစ်ဖက်တည်းနဲ့ ကောက်ဖမ်းလိုက်ပါတယ်။
“ဝုန်း…”
သစ်သားတေင်ဝှေးက ထွက်ပေါ်လာတဲ့ ကြောက်မက်ဖွယ်ရောင်ဝါဟာ အမှောင်ထုစွမ်းအားကို တုန်လှုပ်သွားစေပေမဲ့ အရိပ်နက်ရဲ့ လက်ထဲကတော့ လွတ်အောင် ရုန်းမထွက်နိုင်ပါဘူး။
ရုတ်တရက်ဆိုသလို အရိပ်နက်ဟာ ဝဲကတော့ ဖြစ်သွားတာကြောင့် သစ်သားတောင်ဝှေးဟာ ရှုံ့တွပြီး ဝဲကတော့ထဲကို လည်ဝင်သွားပါတယ်။ ကျဲ့ယင်ဟာ အချိန်မီ မတုံ့ပြန်နိုင်တာကြောင့် ညာလက် ဆုတ်ဖြဲ ခံလိုက်ရပါတယ်။
ကျဲ့ယင်ဟာ မျက်လုံး ကျဉ်းသွားပါတယ်။ သစ်သားတောင်ဝှေးဟာ ဝဲကတော့ထဲကနေ ပျံထွက်ပြီး ကျဲ့ယင်ဆီကို ပြန်လာပါတယ်။ ဒါပေမဲ့ ဝဲကတော့က ရုတ်တရက် ကျုံ့ဝင်ပြီး သစ်သားတောင်ဝှေးကို ဝါးမြိုသွားပါတယ်။
“အာကာသစွမ်းအား… သူက အာကာသ မဟာတာအို စွမ်းအားကို တတ်မြောက်တာလား… မဟုတ်သေးပါဘူး…” ကျဲ့ယင်ဟာ မျက်မှောင်ကြုတ်ပြီး တစ်ကိုယ်တည်း ရေရွတ်လိုက်ပါတယ်။
တခြားတစ်ဖက်မှာတော့ တခြား မဟာတာအိုပညာရှိတွေဟာ အမှောင်ထုစွမ်းအား ဒုက္ခပေးတာကို ခံနေရပါတယ်။ အမှောင်ထုစွမ်းအားကို ရင်ဆိုင်ရတဲ့ မဟာတာအိုပညာရှိတွေဟာ ဂွမ်းကို လက်သီးနဲ့ ထိုးနေရသလိုမျိုး ခံစားလိုက်ရပါတယ်။ ဆန်းကြယ်စွမ်းအား အသုံးပြုဖို့ ခက်ခဲတာက မဟာတာအိုပညာရှိတွေကို တကယ် စိတ်ဓာတ်ကျစေပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်ထော်ကို အတူခေါ်ပြီး အမှောင်ထုစွမ်းအားကို ဆက်တိုက် ရှောင်ပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ တခြားလူတွေရဲ့ အခြေအနေကို လှမ်းအကဲခတ်ပြီး တစ်ခုခု မှားနေပြီဆိုတာကို သိလိုက်ပါတယ်။
ချက်ချင်းပဲ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ နန်းတော်တစ်ခုရှေ့ ဆင်းသက်ပြီး ဟန်ထော်ကို လက်တစ်ဖက်မှာ ကိုင်ကာ ကျန်လက်တစ်ဖက်နဲ့ ဆန်းကြယ်စွမ်းအားတစ်မျိုးကို ထုတ်သုံးလိုက်ပါတယ်။
ဖိတ်ခေါ်ပညာရပ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 730
? Views, Released on December 19, 2024