Switch Mode

Chapter – 728

အခန်း (၇၂၈) ခန္ဓာစစ်
ဟန်ထော်ဟာ နတ်ဘီလူးသတ်သမားရဲ့ အဝေးကို ထပ်ရွှေ့ပါတယ်။ နတ်ဘီလူးသတ်သမားဟာ ဟန်ထော်ကို အလွတ်မပေးဘဲ နောက်ကနေ လိုက်ပါတယ်။ ဟန်ထော်ဟာ နတ်ဘီလူးသတ်သမားကို ခွန်အားချင်း မယှဉ်နိုင်တဲ့အပြင် အလျင်ချင်းလည်း မယှဉ်နိုင်ပါဘူး။
ဟန်ထော်ဟာ ရွေးချယ်စရာ မရှိတာကြောင့် ဆန်းကြယ်စွမ်းအားကို အသုံးပြုလိုက်ရပါတယ်။ ဟန်ထော်ဟာ ဘယ်လက်ဝါးကို ထုတ်ပြီး ကောင်းကင်ချုပ်နှောင်လက်ဝါးကို အသုံးပြုလိုက်ပါတယ်။ လက်ဝါးအရိပ်ဟာ ရုတ်ခြည်း ကျယ်ပြန့်သွားပြီး နတ်ဘီလူးသတ်သမားကို ဖိနှိပ်လိုက်ပါတယ်။
ကောင်းကင်ချုပ်နှောင်လက်ဝါးက နတ်ဘီလူးသတ်သမားရဲ့ ခန္ဓာကိုယ်ကို ချိပ်ပိတ်လိုက်တဲ့အတွက် နတ်ဘီလူးသတ်သမားဟာ မလှုပ်ရှားနိုင်တော့ပါဘူး။ ဒါကြောင့် နတ်ဘီလူးသတ်သမားဟာ အောက်ကို ပြုတ်ကျပါတော့တယ်။
ဒီမြင်ကွင်းက လူတိုင်းကို အံ့အားသင့်သွားစေပါတယ်။
“တော်တော် စွမ်းအားကြီးတဲ့ ပညာရပ်ပဲ”
“ဒီလက်ဝါးချက်မှာ မဟာတာအိုရဲ့ နက်နဲမှုတွေ ပါနေတယ်”
“သူက တကယ်ကို ပါရမီရှင်ပဲ”
“ကောင်းကင်ရုံးတော်မှာ နဂါးတွေ ပုန်းအောင်းနေတာပဲ၊ ဒီလောက်မြန်မြန် အင်အားကြီးလာတာ အံ့ဩစရာ မရှိတော့ပါဘူး”
“စိတ်ဝင်စားဖို့ ကောင်းလာပြီ”
နွီဝါဘေးမှာ ရပ်နေတဲ့ ဖူရှီဟာ သက်ပြင်းချလိုက်ပါတယ် “သာမန် လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်ဆိုရင် တစ်ခါတည်း ဖိနှိပ်ခံလိုက်ရပြီ၊ ဒီနတ်ဘီလူးသတ်သမားက တကယ်ကို အထင်ကြီးဖို့ ကောင်းတယ်”
ပြုတ်ကျလာတဲ့ နတ်ဘီလူးသတ်သမားဟာ ရုတ်တရက် အော်ဟစ်လိုက်ပါတယ်။ နတ်ဘီလူးသတ်သမားရဲ့ လက်ခြောက်ဖက်မှာ ပြင်းထန်စွာ လှုပ်ခါသွားပြီး ကောင်းကင်ချုပ်နှောင်လက်ဝါးကို တစ်ချက်တည်း ကွဲကြေသွားစေပါတယ်။
“ဝုန်း…”
ဟန်ထော်ဟာာ ဒီအတိုင်း ထိုင်ကြည့်မနေဘဲ အပေါ်ကနေ တစ်ဟုန်ထိုး ထိုးဆင်းပြီး နတ်ဘီလူးသတ်သမားရဲ့ ရင်ဘက်ကို အရှိန်ပြင်းစွာ လှံနဲ့ ထိုးစိုက်လိုက်ပါတယ်။
နတ်ဘီလူးသတ်သမားဟာ အောက်ကို ထပ်ပြုတ်ကျသွားပါတယ်။
“ဝေါင်း…”
နတ်ဘီလူးသတ်သမားဟာ ဒေါသတကြီး ဟိန်းဟောက်လိုက်ပါတယ်။ နတ်ဘီလူးသတ်သမားရဲ့ မျက်နှာသုံးဖက်က သရဲမိစ္ဆာလိုမျိုး ကြောက်ဖို့ကောင်းသွားပါတယ်။ နတ်ဘီလူးသတ်သမားဟာ ဟန်ထော်ရဲ့လှံကို လက်နှစ်ဖက်နဲ့ ရုတ်တရက် ဖမ်းဆုပ်ပြီး ကျန်လက်လေးဖက်နဲ့ ဟန်ထော်ကို တိုက်ခိုက်လိုက်ပါတယ်။
ဟန်ထော်ဟာ လှံကို လက်နှစ်ဖက်နဲ့ ချက်ချင်း ဆုပ်ကိုင်ပြီး ဓမ္မစွမ်းအားကို လေပြင်းအသွင် ပြောင်းလဲကာ နတ်ဘီလူးသတ်သမားရဲ့ လက်ကို နုပ်နုပ်စဉ်းပစ်တာကြောင့် သွေးတွေ လွင့်စဉ်ထွက်ကုန်ပါတယ်။
နတ်ဘီလူးသတ်သမားဟာ လျှပ်တစ်ပြက် ဟန်ထော်ရဲ့ နောက်မှာ ပေါ်လာပြီး ဟန်ထော်ကို ခြေထောက်နဲ့ ကန်လိုက်ပါတယ်။ ပြင်းထန်တဲ့ ခြေကန်ချက်ကြောင့် ဟန်ထော်ရဲ့ ခန္ဓာကိုယ်ဟာ ကွဲကြေသွားပါတယ်။
နောက်တစ်စက္ကန့်မှာ ဟန်ထော်ရဲ့ ခန္ဓာကိုယ်ဟာ ပြန်စုစည်းသွားပြီး နောက်လှည့်ကာ လှံနဲ့ ထိုးလိုက်ပါတယ်။ နတ်ဘီလူးသတ်သမားဟာ ဟန်ထော်ရဲ့လှံကို ရင်ဘက်နဲ့ခံပြီး လက်ဝါးခြောက်ဖက်နဲ့ ဟန်ထော်ကို အရူးအမူး ရိုက်ပါတော့တယ်။
ဟန်ထော်နဲ့ နတ်ဘီလူးသတ်သမားဟာ သူတစ်ပြန် ကိုယ်တစ်ပြန် တိုက်ခိုက်ကြပါတယ်။ တိုက်ပွဲဖိအားက ပြင်းထန်လွန်းတဲ့အတွက် ကောင်းကင်ရုံးတော်ရဲ့ အာကာသကို သိမ့်သိမ့်တုန်သွားစေပါတယ်။ နန်းတော်အကုန်လုံးဟာလည်း လက်နဲ့ ကိုင်လှုပ်သလို ပြင်းထန်စွာ လှုပ်ခါကုန်ပါတယ်။
ကံကောင်းထေက်မစွာပဲ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဒီလိုအဖြစ်မျိုးအတွက် နန်းတော်တိုင်းမှာ အကာအကွယ် အစီအမံတစ်ခုစီ ကြိုတင်ပြင်ဆင်ထားပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်ထော်ကို မျက်တောင်မခတ် စိုက်ကြည့်နေပါတယ်။ ကျိုးဖန်၊ ယီတျန်၊ ချူရှီရန်နဲ့ ချင်လင်းတို့ကလည်း အတူတူပါပဲ။
ယီတျန်ဟာ မျက်တောင်ခတ်ပြီး မကျေမနပ် ပြောလိုက်ပါတယ် “မြန်လိုက်တာ… ငါ ရှင်းရှင်းလင်းလင်း မမြင်ရဘူး၊ ဘယ်သူ အသာစီးရနေတာလဲ မသိဘူး”
ကျိုးဖန်က လေးလေးနက်နက် ပြောလိုက်ပါတယ် “ပြောဖို့ခက်တယ်၊ ဒီနတ်ဘီလူးက ဘယ်လိုတိုက်တိုက် မသေနိုင်ဘူး”
ဟန်ထော်ရဲ့ စွမ်းအားက ကျိုးဖန်ကို အံ့အားသင့်စေပါတယ်။ ပြီးခဲ့တဲ့ စစ်ပွဲကထက်စာရင် ဟန်ထော်ဟာ တော်တော်လေး အစွမ်းထက်လာပါတယ်။ ဒါပေမဲ့ ဟန်ထော် ရင်ဆိုင်ရတာက မွန်းစတား တစ်ကောင်ပါ။
နတ်ဘီလူးသတ်သမားကို ကြည့်ပြီး ကျိုးဖန်ဟာ ပဋိပက္ခနတ်ဘီလူးကို သတိရသွားပါတယ်။ ပဋိပက္ခနတ်ဘီလူးကလည်း ရင်ဆိုင်ဖို့ခက်ပြီး သတ်ဖို့မဖြစ်နိုင်လောက်အောင် အင်အားကြီးမားတဲ့ ခန္ဓာကိုယ် ရှိပါတယ်။
ချူရှီရန်ဟာ ခပ်တိုးတိုး မေးလိုက်ပါတယ် “ကျွန်တော်တို့တွေ ဆရာဘိုးဘိုးကို ဆက်သွယ်သင့်လား” တခြားလူသာဆိုရင် ချူရှီရန်ဟာ ဒီစကားကို မပြောပါဘူး။ ဒါပေမဲ့ ဟန်ထော်က ဟန်ကျွယ်ရဲ့သား မဟုတ်ပါလား။
ကျိုးဖန်က ပြန်ပြောလိုက်ပါတယ် “ဆက်သွယ်လိုက်… အနည်ဆုံး ဆရာကို ဒီအကြောင်းကို အသိပေးသင့်တယ်”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ကျိုးဖန်တို့ကို လှမ်းကြည့်ပြီး ထူးဆန်းတယ်လို့ ခံစားလိုက်ရပါတယ်။ တိတ်ဆိတ်ဂိုဏ်းက အချင်းချင်း ဆက်သွယ်နိုင်တဲ့ သီးသန့် နည်းလမ်းတစ်ခု ရှိပုံပါပဲ။ သတင်းစကားပေးပို့ဖို့ တစ်ခုခုလွှတ်စရာ မလိုသလို မျက်နှာချင်းဆိုင်လည်း တွေ့ဆုံစရာ မလိုပါဘူး။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မတားပါဘူး။ ရုတ်တရက် တစ်ခုခုဖြစ်ရင် ဟန်ကျွယ် ကြိုတင်ပြင်ဆင်ထားနိုင်တာက ပိုကောင်းတယ် မဟုတ်ပါလား။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်။
ဟန်ကျွယ် အသွင်တူ လက်ရည်စမ်းပွဲထဲမှာနေတာ ၃၂ နှစ် ကြာသွားပါပြီ။
ဟန်ကျွယ်ဟာ သူဘယ်နှကြိမ် ရှုံးတယ်ဆိုတာကို မမှတ်မိတော့ပါဘူး။ ဒါပေမဲ့ ဘိုးဘေးရှီတျန် အယောက်တစ်ရာနဲ့ ဆက်ပြီးတော့ တိုက်ခိုက်နေတုန်းပါ။ တိုက်ပွဲအတွေ့အကြုံ တိုးလာတာကြောင့် ဟန်ကျွယ်ကို သူ့စွမ်းအားကို အထိခိုက်ဆုံးဖြစ်အောင် ဘယ်လို အသုံးချရမလဲဆိုတာ သိလာပါတယ်။
အခုဆိုရင် ဟန်ကျွယ်ဟာ ဘိုးဘေးရှီတျန် အယောက်တစ်ရာနဲ့ ရင်ဆိုင်တဲ့အခါမှာ မြန်မြန်ဆန်ဆန် အသတ်မခံရတော့ပါဘူး။ အချိန်တစ်ခုအထိ ပြန်တိုက်နိုင်လာပါပြီ။
ဒီအချိန်မှာပဲ ငရဲကြက်နက်ရဲ့ အသံက တာအိုဘုံကျောင်း အပြင်ဘက်ကနေ ထွက်ပေါ်လာပါတယ် “သခင်… သခင်ရဲ့သား တစ်ခုခု ဖြစ်နေပြီ”
ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲက ထွက်ပြီး မေးလိုက်ပါတယ် “ဘာဖြစ်လို့လဲ”
ငရဲကြက်နက်ဟာ ရှုံဟွာက ကောင်းကင်ရုံးတော်ကို တိုက်ခိုက်တဲ့အကြောင်း၊ ဟန်ထော်က လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးရန်သူတစ်ဦးနဲ့ ရင်ဆိုင်တိုက်ခိုက်နေကြောင်းကို အကျဉ်းချုံးပြီး ရှင်းပြလိုက်ပါတယ်။
“ငါ သိပြီ”
ဟန်ကျွယ်ဆီက စကားပြန်ကို ရတာနဲ့ ငရဲကြက်နက်ဟာ ထွက်ခွာသွားပါတယ်။
‘ထူးဆန်းလိုက်တာ… မိစ္ဆာ ကောင်းကင်ဧကရာဇ်က အခုထက်ထိ ဖိတ်ခေါ်ပညာရပ် မသုံးသေးပါဘူး၊ ဘာဖြစ်လို့ ချူရှီရန်က အရင်ဆုံး သတင်းပို့ရတာလဲ၊ မိစ္ဆာ ကောင်းကင်ဧကရာဇ်က ချူရှီရန်ကို သူ့အစီအစဉ်အကြောင်း မပြောထားလို့များလား… ဒါဖြစ်နိုင်တယ်၊ မိစ္ဆာ ကောင်းကင်ဧကရာဇ်က ဒီလိုအစီအစဉ်မျိုးကို တခြားသူတွေသိအောင် လျှောက်ပြောပါ့မလား…’
ဟန်ကျွယ်ဟာ အလျင်မလိုဘဲ မိစ္ဆာ ကောင်းကင်ဧကရာဇ် ဖိတ်ခေါ်ပညာရပ်သုံးတာကို စောင့်ဆိုင်းပါတယ်။
“ငါ ကောင်းကင်ရုံးတော်ကို အခုသွားရင် သေနိုင်ခြေရှိလား” ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ်။
[သက်တမ်း ၂၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[သေဆုံးနိုင်ခြေ တစ်စွန်းတစ်စရှိသည်။]
‘တစ်စွန်းတစ်စ ရှိတယ်’ ဟန်ကျွယ်ဟာ ရင်ထဲမှာ တင်းကြပ်သွားပြီး ဆက်မေးလိုက်ပါတယ် “ကောင်းကင်ရုံးတော်ထဲနဲ့ ကောင်းကင်ရုံးတော် အနီးအနားမှာ ငါ့ထက် စွမ်းအားကြီးတဲ့လူ ရှိလား”
[သက်တမ်း ၂၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[မရှိပါ။]
ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ စနစ်ပြောတဲ့ တစ်စွန်းတစ်စ သေနိုင်ခြေက သူ အမှုမဲ့အမှတ်မဲ့နေမိတာ ဖြစ်ပါလိမ့်မယ်။
ဟန်ကျွယ်ဟာ မဟာတာအို လောကဦးပဋိပက္ခ ကနဦးအဆင့်ပဲ ရှိသေးပေမဲ့ သူ့တိုက်ခိုက်နိုင်စွမ်းက ဒီထက်အများကြီး ပိုမြင့်ပါတယ်။ ဒါ့အပြင် အသွင်တူလက်ရည်စမ်းပွဲပါ ရှိနေတာကြောင့် အဆင့်တူ မပြောနဲ့ တစ်ဖက်ရန်သူက နှစ်ဆင့်မြင့်ရင်တောင် ဟန်ကျွယ်ကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ဆက်ပြီး မစောင့်နိုင်တော့ပါဘူး။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ကလည်း အခုထက်ထိ ဖိတ်ခေါ်ပညာရပ်ကို မသုံးသေးပါဘူး။
ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး အကြောဆန့်ကာ အေရိုးဗစ်လေ့ကျင့်ခန်း လုပ်လိုက်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာက မဟာတာအိုပညာရှိတစ်ပါးအတွက် ဘာမှ အသုံးမဝင်ပါဘူး။ ဟန်ကျွယ်က အချိန်ဖြုန်းရုံ လျှောက်လုပ်တာပါ။
ကောင်းကင်ရုံးတော်မှာ တိုက်ပွဲက ဆက်တိုက်နေတုန်းပါ။ ကောင်းကင်တစ်ခုလုံးလည်း အပေါက်တွေချည်းပါပဲ။ အချိန်-အာကာသ လျှပ်စီးတွေဟာ အမှောင်ထုနဲ့ ရောယှက်ပြီး အလင်းစက်အသွင် ပြောင်းလဲကုန်ပါတယ်။
မိစ္ဈာ ကောင်းကင်ဧကရာဇ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဟန်ထော်နဲ့ နတ်ဘီလူးသတ်သမားရဲ့ တိုက်ပွဲက လေးငါးဆယ်နာရီ ကြာသွားပါပြီ။ နှစ်ဖက်စလုံးက ဆက်တိုက်နေတုန်းဆိုပေမဲ့ ဟန်ထော်က အသာစီး မရပါဘူး။ ဒါပေမဲ့ နတ်ဘီလူးသတ်သမားရဲ့ ရောင်ဝါက တဖြည်းဖြည်း အားကောင်းလာတာကို မိစ္ဆာ ကောင်းကင်ဧကရာဇ် ခံစားမိပါတယ်။
ဒီအတိုင်းသာ ဆက်သွားရင် ဟန်ထော် ရှုံးဖို့ များနေပါပြီ။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ကို ဆင့်ခေါ်ရ ကောင်းမလား ချီတုံချတုံ ဖြစ်သွားပါတယ်။
စွမ်းအားကြီးပုဂ္ဂိုလ်တွေ တိုက်ခိုက်ရင် အရှုံးအနိုင်က လျှပ်တစ်ပြက်အတွင်း ပေါ်ပါတယ်။ အခုအချိန်မှာ ဟန်ထော်က နတ်ဘီလူးသတ်သမားကို ယှဉ်နိုင်သေးပေမဲ့ နောက်တစ်စက္ကန့်မှာ ရုပ်နာမ်နှစ်ပါးစလုံး ဖျက်ဆီးခံရကောင်း ခံရနိုင်ပါတယ်။
“အရှင်မင်းကြီး ဘယ်တော့ တိုက်ခိုက်မှာလဲ”
နွီဝါရဲ့အသံက မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ နားထဲကို ဝင်လာပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်က အသံလွှင့်ပြီး ပြန်မေးလိုက်ပါတယ် “ရှုံဟွာကို ရှာတွေ့ပြီလား”
နွီဝါက ပြန်ဖြေပါတယ် “ကျွန်မလည်း သေချာမသိဘူး၊ သေချာတာကတော့ သူ ကောင်းကင်ရုံးတော်ထဲ ရောက်နေပြီ၊ ကောင်းကင်ရုံးတော်ရဲ့ အာကာသကို ချိပ်ပိတ်လိုက်ရင် သူ ပြေးမလွတ်တော့ဘူး၊ အဲဒီအချိန်ရောက်လို့ သူ့ကို ဖမ်းမိရင် ကျွန်မလက်ထဲကို အပ်ပါ၊ ကျွန်မအစ်ကိုရဲ့ မဟာတာအိုအသီးက အဲဒီရှုံဟွာက လုယူသွားတာ၊ ဒီတာအိုအသီးကို မရရင် ကျွန်မအစ်ကို မဟာတာအိုကို ရယူနိုင်မှာ မဟုတ်ဘူး”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မျက်မှောင်ကြုတ်သွားပြီး အသံလွှင့်ကာ ပြန်ပြောလိုက်ပါတယ် “နည်းနည်း ထပ်စောင့်ကြည့်ရအောင်၊ ငါတို့တွေ တစ်ကြိမ်တည်းနဲ့ အောင်မြင်ရင် အကောင်းဆုံးပဲ”
တခြားစွမ်းအားကြီးပုဂ္ဂိုလ်တွေကလည်း မိစ္ဆာ ကောင်းကင်ဧကရာဇ်ဆီ အသံလွှင့်စကား‌ ပြောကြပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ရွေးချယ်စရာမရှိတာကြောင့် စွမ်းအားကြီးပုဂ္ဂိုလ်တွေကို နှစ်သိမ့်ပေးလိုက်ရပါတယ်။
ပြင်းထန်တဲ့ရောင်ဝါတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာပါတယ်။ မီးလျှံတွေဟာ ဟန်ထော်ရဲ့ ခန္ဓာကိုယ်ထဲကနေ ဟာရီကိန်းမုန်တိုင်းလို ထွက်ပေါ်လာပါတယ်။ နဖူးမှာလည်း ဒေါင်လိုက်မျက်လုံးတစ်စုံ ပွင့်လာပါတယ်။ ဟန်ထော်ရဲ့ ဆံပင်တွေက ချက်ချင်း ရှည်လျားပြီး အဖြူရောင် ပြောင်းသွားပါတယ်။ ကျောမှာလည်း တောင်ပံတစ်စုံ ကြီးထွားလာပါတယ်။
နတ်ဘီလူးခန္ဓာစစ်။
စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ တုန်လှုပ်သွားကြပါတယ်။
“ပဋိပက္ခ နတ်ဘီလူး”
သူတို့တွေဟာ ဟန်ထော်က ပဋိပက္ခ နတ်ဘီလူး ဖြစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ကြပါဘူး။
နတ်ဘီလူးသတ်သမားက တိုက်ခိုက်နေရာက ရုတ်တရက်ရပ်ပြီး ဟန်ထော်ကို စိုက်ကြည့်လိုက်ပါတယ် “ပဋိပက္ခနတ်ဘီလူး… မဟုတ်ဘူး… မင်းက ငါနဲ့ အတူတူပဲ”
ဟန်ထော်ဟာ နတ်ဘီလူးသတ်သမားကို ငုံ့ကြည့်ပြီး အထင်အမြင်သေးစွာ ပြောလိုက်ပါတယ် “မင်းက စကားပြောတတ်တာလား၊ ငါက မင်းကို တိရိစ္ဆာန်လို့ ထင်နေတာ”
စကားအဆုံးမှာပဲ ဟန်ထော်ဟာ လှံကို ဝှေ့ယမ်းလိုက်ပါတယ်။ လခြမ်းသဏ္ဌာန် အလင်းဖြူဟာ ကောင်းကင်ရုံးတော်ရဲ့ အာကာသကို နှစ်ခြမ်း ခြမ်းလိုက်သလို နတ်ဘီလူးသတ်သမားရဲ့ ခန္ဓာကိုယ်ကိုလည်း နှစ်ပိုင်း ဖြစ်သွားစေပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset