အခန်း (၇၂၇) နတ်ဘီလူးသတ်သမား
“မင်းက ဉာဏ်ကောင်းသားပဲ၊ ဟုတ်တယ်၊ အမှောင်ထုက အင်အားစုတစ်စုပဲ၊ ခန့်မှန်းဖို့ မဖြစ်နိုင်တဲ့ အင်အားစုတစ်စုပဲ၊ တစ်နေ့ကျရင် မင်းတို့တွေ ငါ့ကို ကျေးဇူးတင်မိလိမ့်မယ်၊ ငါက မင်းတို့ကို ပဋိပက္ခထက် သာလွန်တဲ့ ဂုဏ်ကျက်သရေဆီ ခေါ်ဆောင်သွားပေးမဲ့လူပဲ… ဟား…ဟား…” ရှုံဟွာက အရူးပမာ ရယ်မောလိုက်ပါတယ်။
လီတောက်ခုံးဟာ ဒီရှုံဟွာက သူတို့ကို အနိုင်တိုက်ခဲ့တဲ့ ရှုံဟွာဆိုတာကို ပြောနိုင်ပါတယ်။ ဒီရှုံဟွာတွေက စရိုက်မတူပါဘူး။ တချို့က မောက်မာပြီး တချို့က တိတ်ဆိတ်ကြပါတယ်။ တချို့က အေးစက်ပြီး တချို့က သတ်ဖြတ်ငွေ့ အရမ်းများပါတယ်။
ရှီတုတောက်ဟာ တွေးတွေးဆဆ ဖြစ်သွားပါတယ် ‘အမှောင်ထုက အင်အးစုတစ်စုလား… အမှောင်ထုက အင်အားစုတစ်စုဆိုရင် သူတို့အားလုံးက အမှောင်သခင်ကြီးရဲ့ နောက်လိုက်တွေများလား… ငါ မသေဘဲ ပိုအင်အားကြီးမားတဲ့ စွမ်းအားကို ရနိုင်တာ အံ့ဩစရာ မရှိတော့ပါဘူး… အမှောင်သခင်ကြီးက ဒီအခွင့်အရေးကို လက်လွှတ်မခံဘဲ ငါ့ကို ကောင်းကင်တာအိုကနေ လွတ်မြောက်စေပြီး လုံးဝ သူ့ရဲ့ နောက်လိုက်ဖြစ်စေချင်တာ ထင်တယ်’ ဒီအတွေးကြောင့် ရှီတုတောက်ရဲ့ မျက်နှာဟာ ပြုံးယောင်သမ်းသွားပါတယ်။
ရှုံဟွာရဲ့ ရယ်သံဟာ ကွယ်ပျောက်သွားပါတယ်။
လီတောက်ခုံးဟာ အလင်းရောင်ကို တစ်ခဏကြည့်ပြီးနောက် ရှီတုတောက်ကို လှမ်းကြည့်လိုက်တဲ့အခခါ ပြုံးစိစိ ဖြစ်နေတာကို တွေ့လိုက်ရပါတယ် “ဘာဖြစ်လို့လဲ… အမှောင်ထုစွမ်းအား ဝါးမြိုတာကို ခံလိုက်ရလို့ တခြားလူတစ်ယောက် ဖြစ်သွားတာလား…”
ဒီစကား ကြားလိုက်ရတဲ့ ရှီတုတောက်ဟာ လီတောက်ခုံးကို စိန်းစိန်းဝါးဝါး ကြည့်လိုက်ပါတယ် “မင်း ဘာသိလို့လဲ၊ ကောင်လေး… မင်းက ငါ့ကြောင့် အကျိုးအမြတ် ရလိုက်တာနော်၊ နောက်ကျရင် ငါ့ကို ကျေးဇူးပြန်ဆပ်ဖို့ မမေ့နဲ့”
“ငါက ဘယ်လိုလုပ်ပြီး မင်းဆီက အကျိုးအမြတ်ရမှာလဲ”
“ဟီးဟီး…”
ရှီတုတောက်ဟာ ပြုံးလိုက်ပြီး ဘာမှမပြောပါဘူး။
ဒါကိုမြင်တဲ့ လီတောက်ခုံးဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ် ‘ဒီကောင် ရူးသွားပြီဆိုတာ သေချာတယ်… မဟုတ်ဘူး… ဒီကောင်က နဂိုကတည်းက စိတ်မမှန်တာ’
လီတောက်ခုံးဟာ အလင်းရောင်ကို ပြန်ကြည့်လိုက်ပါတယ်။ လီတောက်ခုံးဟာ ကောင်းကင်ရုံးတော် ဒီအခက်အခဲကို ကျော်လွှားနိုင်မလား မသိတာကြောင့် ကောင်းကင်ရုံးတော်အတွက် စိုးရိမ်နေပါတယ်။
ကောင်းကင်ရုံးတော်၊ ဇရပ်တစ်ဆောင်။
တရားထိုင်ပြီး ကျင့်ကြံအားထုတ်နေတဲ့ ဟန်ထော်ဟာ စိတ်ထဲမှာ လေးလံလာတာကြောင့် မဆိုစလောက် မျက်မှောင်ကြုတ်သွားပါတယ်။ ဟန်ထော်ဟာ အပြင်ပန်းမှာ ယုံကြည်ချက် ရှိနေပေမဲ့ ပဋိပက္ခနတ်ဘီလူးကိုတောင် အနိုင်ယူနိုင်တဲ့ တည်ရှိမှုကို ရင်ဆိုင်ရမှာ ဖြစ်တဲ့အတွက် ရှုံးမှာကိုလည်း ကြောက်နေပါတယ်။
ဒီတိုက်ပွဲမှာ သူ ရှုံးနိမ့်ရင် ကောင်းကင်ရုံးတော်ကို စိတ်ပျက်စေမိမှာပါ။ ဟန်ထော်ဟာ သူ့ခံစားချက်တွေကို ဆက်တိုက် ထိန်းချုပ် ပြုပြင်ပါတယ်။ ဟန်ထော်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ် ပြောပြထားတဲ့ သူ့အဖေရဲ့ ပုံပြင်တွေကို ပြန်တွေးလိုက်ပါတယ်။
သူ့အဖေက သေမျိုးဘဝမှာပဲ ရှိနေတုန်းကတောင် သူ့ဂိုဏ်း ဒုက္ခရောက်ရင် ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ခဲ့ပါတယ်။ အင်မော်တယ်တွေ သေမျိုးကမ္ဘာကို ရှင်းလင်းချင်တုန်းကလည်း သူ့အဖေက မားမားမတ်မတ်ရပ်ပြီး သေမျိုးစွမ်းအားနဲ့ အင်မော်တယ်တွေကို ခုခံခဲ့ပါတယ်။ အဲဒီအချိန်တုန်းက သူ့အဖေက တစ်ယောက်တည်းပါ။
ဒါပေမဲ့ အခုသူကတော့ ကောင်းကင်ရုံးတော် တစ်ခုလုံးရဲ့ ထောက်ခံအားပေးမှု ရှိနေပါတယ်။
“အဖေတောင် လုပ်နိုင်သေးရင် ငါက ဘာလို့ မလုပ်နိုင်ရမှာလဲ၊ ငါ ငါ့အဖေကို အမြဲတမ်း မှီခိုနေလို့ မဖြစ်ဘူး၊ ငါ့ခြေထောက်ပေါ် ငါ ရပ်တည်နိုင်အောင် ကြိုးစားရမယ်၊ ငါက အဖေ ဂုဏ်ယူရတဲ့ သားတစ်ယောက် ဖြစ်လာစေရမယ်” ဟန်ထော်ရဲ့ မျက်မှောင်တွေဟာ ပြေလျော့သွားပါတယ်။
ဒီတိုက်ပွဲက ကောင်းကင်ရုံးတော် အောင်မြင်တာ ကျရှုံးတာနဲ့တင် ပတ်သတ်နေတာ မဟုတ်ပါဘူး။ သူ့ကိုလည်း ပဋိပက္ခတစ်ခွင်မှာ နာမည်ကျော်ကြားစေမှာပါ။ ဒီတိုက်ပွဲမှာ သူ နိုင်ခဲ့ရင် သူ့နာမည်က ပဋိပက္ခကို တုန်လှုပ်စေမှာပါ။ ဒါကြောင့် မနိုင်လို့ မဖြစ်ပါဘူး။
“ဟီးဟီး…” ထူးဆန်းတဲ့ ရယ်သံက ကောင်းကင်ရုံးတော်တစ်ခွင် ပဲ့တင်ထပ်သွားပါတယ်။
ဟန်ထော်ဟာ မျက်လုံးဖွင့်လိုက်ပါတယ် ‘ရှုံဟွာ ရောက်လာပြီနဲ့ တူတယ်’
“မိစ္ဆာ ကောင်းကင်ဧကရာဇ်… မင်း အဆင်သင့် ဖြစ်ပြီလား… ငါခေါ်လာတဲ့ ပါရမီရှင်က ဗိုက်ဆာနေပြီ၊ မင်းရဲ့ ပါရမီရှင်က သူ့ကို ဗိုက်ပြည့်အောင် လုပ်ပေးနိုင်လိမ့်မယ်လို့တော့ ငါ မျှော်လင့်ပါတယ်”
ရှုံဟွာရဲ့ စကားအဆုံးမှာ နားကွဲမတတ်အော်သံဟာ ကောင်းကင်ရုံးတော်တစ်ခွင် ပဲ့တင်ထပ်သွားပါတယ်။ စိတ်ဝိညာဉ်နန်းတော် မျက်နှာမူထားတဲ့ ကောင်းကင်ရုံးတော် အစွန်းတစ်နေရာက အာကာသဟာ စုတ်ပြဲသွားပြီး ပေငါးဆယ် မြင့်မားတဲ့ လူသန်ကြီးတစ်ဦး တစ်လှမ်းချင်း ထွက်လာပါတယ်။
ဒီလူသန်ကြီးက လူသားနဲ့ဆင်တူပေမဲ့ ခေါင်းသုံးလုံး လက်ခြောက်ဖက်ရှိပြီး ဆူးချွန်တွေရှိတဲ့ အနက်ရောင် သံချပ်ကာအထူကို ဝတ်ထားပါတယ်။ သံချပ်ကာအောက်က အသားတွေဟာ မီးလောင်ခံထားရသလို နီရဲနေပါတယ်။ သူ့မျက်နှာက ဘီလူးမ သံပရာသီးကိုက်ထားသလို ရုပ်ဆိုးလှပြီး သွေးတွေကလည်း ခန္ဓာကိုယ်ထဲကနေ အချိန်မရွေး ယိုစီးထွက်လာနိုင်တဲ့ အတိုင်းပါပဲ။ မျက်လုံးတွေကတော့ စိမ်းမှောင်နေပြီး မျက်ဆံတွေကိုတော့ မမြင်နိုင်ပါဘူး။
သူ့ခန္ဓာကိုယ်က ထုတ်လွှတ်နေတဲ့ ကြောက်မယ်ဖွယ် သတ်ဖြတ်ငွေ့ဟာ သူ့ခန္ဓာကိုယ်ကို လေဆင်နှာမောင်းလို ရစ်ပတ်ထားပါတယ်။ ကြောက်မက်ဖွယ် တန်ခိုးစွမ်းအားဟာ ကောင်းကင်ရုံးတော် တစ်ခုလုံးကို ပြည့်နှက်သွားပြီး တာအိုပညာရှိအဆင့်အောက်မှာရှိတဲ့ သက်ရှိအားလုံးကို ကြက်သီးမွေးညင်း ထသွားစေပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ကျိုးဖန်နဲ့ တခြားလူတွေကို ခေါ်ဆောင်ပြီး စိတ်ဝိညာဉ်နန်းတော် အပြင်ဘက်ထွက်ကာ ရန်သူကို အကဲခတ်ပါတယ်။
ဘေးနားက နန်းတော်တံခါးတွေဟာလည်း ဟာလာဟင်းလင်းပွင့်သွားပြီး စွမ်းအားကြီးပုဂ္ဂိုလ်တွေ တစ်ပါးပြီးတစ်ပါး ထွက်ပေါ်လာပါတယ်။ ကျဲ့ယင်၊ နွီဝါ၊ ဖူရှီ၊ ဧကရီဟုတ်ထို၊ လောကဦး ကောင်းကင်အရှင်နဲ့ တခြားပုဂ္ဂိုလ်တွေပါ။ အများစုက အဆုံးသတ် အပျက်အစီးနတ်ဘုံက ဖြစ်ပါတယ်။ တခြားကလာတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေလည်း တစ်ယောက်စ နှစ်ယောက်စတော့ ပါပါတယ်။
ဘိုးဘေးမှော်ပညာရှိ ၁၂ ပါးက နန်းတော်တစ်ဆောင်တည်းရှေ့မှာ ရပ်နေပါတယ်။ မီးလျှံတွေ ဝန်းရံနေတဲ့ ဘိုးဘေးမှော်ပညာရှိ ကျူရုံက မျက်မှောင်ကြုတ်ပြီး ပြောလိုက်ပါတယ် “အဲဒါ ဘာကောင်လဲ၊ သူ့သွေးနှစ်က တော်တော် အားကောင်းတယ်၊ လွတ်လပ်မှုအဆင့်နဲ့တောင် ယှဉ်လို့ရနေပြီ”
သိကျွင်းလည်း မျက်မှောင်ကြုတ်သွားပါတယ် “တစ်ဖက်လူက တကယ်ကို ယုံကြည်ချက်ရှိတာပဲ”
တခြားနန်တော်တစ်ဆောင်ရှေ့က နွီဝါဘေးမှာ ရပ်နေတဲ့ ဖူရှီဟာ မျက်လုံးကျဉ်းသွားပါတယ်။ ဟန်ထော်ရဲ့ ပြိုင်ဘက်ကို ကြည့်ပြီး ဖူရှီဟာ ရင်တုန်ပန်းတုန် ဖြစ်သွားပါတယ်။ ဖူရှီဟာ လွတ်လပ် တာအိုပညာရှိဆိုပေမဲ့ တစ်ဖက်လူကို အနိုင်ယူဖို့ ၁၀၀ ရာခိုင်နှုန်း ယုံကြည်ချက် မရှိပါဘူး။
“ပဋိပက္ခ နတ်ဘီလူးလိုပဲ၊ ဒါပေမဲ့ ပဋိပက္ခနတ်ဘီလူး လုံးလုံးလျားလျားကြီးလည်း မဟုတ်ဘူး” နွီဝါဟာ မျက်မှောင်ကြုတ်သွားပါတယ်။
စိတ်ဝိညာဉ်နန်းတော်ရှေ့မှာတော့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မျက်နှာတစ်ချက် မပျက်ပေမဲ့ ကောင်းကင်စစ်သူကြီးတွေကတော့ ထိတ်လန့်သွားကြပါတယ်။ တစ်ဖက် ရန်သူက တော်တော်ကြောက်ဖို့ကောင်းတဲ့ပုံ ပေါ်နေတယ် မဟုတ်ပါလား။
ချင်လင်းဟာ မျက်မှောင်ကြုတ်သွားပြီး ဟန်ထော်အတွက် စိုးရိမ်သွားပါတယ်။ ဟန်ထော်သာ သူ့ရှေ့မှာ သေသွားရင် သူ့ဆရာဘိုးဘိုး ဟန်ယွီကို အဖြေပြန်ပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့စွမ်းအားက ဟန်ထော်ထက် နိမ့်ကျတဲ့အတွက် ဟန်ထော်သာ တစ်ဖက်ရန်သူကို မယှဉ်နိုင်ရင် သူ့မှာ ဟန်ထော်ကို ကယ်တင်နိုင်တဲ့ အင်အား မရှိပါဘူး။
“ဒါက ငါမွေးထားတဲ့ အိမ်မွေးတိရိစ္ဆာန် နတ်ဘီလူးသတ်သမားပဲ၊ မိစ္ဆာ ကောင်းကင်ဧကရာဇ်… မင်းရဲ့ ပါရမီရှင်က ဘယ်မှာလဲ၊ ကြောက်လို့ ပြေးသွားပြီလား…” အောက်ခြေလွတ်နေတဲ့ ရှုံဟွာရဲ့အသံဟာ ထပ်မံ ထွက်ပေါ်လာပါတယ်။ အစကနေ အဆုံးအထိ ရှုံဟွာဟာ ကိုယ်ထင်မပြပါဘူး။
“ဝုန်း…”
ထောင့်တစ်နေရာကနေ အားကောင်းလှတဲ့ ရောင်ဝါတစ်ခု ပေါက်ကွဲထွက်လာပါတယ်။ ခန်းမတစ်ခုရဲ့ တံခါးဟာ ရုတ်တရက်ပွင့်ပြီး ကွဲကြေသွားပါတယ်။ ဟန်ထော်ဟာ အထဲကနေ ထွက်လာပါတယ်။ ရွှေရောင်နဂါးတစ်ကောင်ဟာ ဟန်ထော်ရဲ့ ခြေထောက်အောက်မှာ ရစ်ခွေနေပါတယ်။ ဒီနဂါးဟာ ပိုပိုကြီးလာပြီး ပိုပိုကြည့်လို့ ကောင်းလာပါတယ်။
ဟန်ထော်ဟာ ညာလက်ကို အသာမြှောက်လိုက်တဲ့အခါ ရောင်ခြည်တွေ ဖြာထွက်နေတဲ့ လှံတစ်ချောင်း လက်ထဲမှာ ပေါ်လာပါတယ်။ နေရောင်ခြည်အောက်မှာ ဟန်ကျွယ်ရဲ့ ရုပ်ရည်ကို အမွေရထားတဲ့ ဟန်ထော်ဟာ နတ်ချပ်ဝတ်ကို ဝတ်ဆင်ပြီး စိတ်ဓာတ် တက်ကြွနေပါတယ်။ ဒီပုံစံက သက်ရှိအားလုံးရဲ့ စိတ်ထဲမှာရှိတဲ့ မဟာစစ်သူကြီးပုံစံနဲ့ လုံးဝကို ကိုက်ညီပါတယ်။
နတ်ဘီလူးသတ်သမားဟာ ရုတ်တရက် ခေါင်းလှည့်ပြီး ဟန်ထော်ကို စိန်းစိန်းဝါးဝါး ကြည့်လိုက်ပါတယ်။ သူ့ရဲ့ ရှည်ရှည်လျားလျား အသက်ရှူပုံက လောင်ကျွမ်းနိုင်တဲ့ ရောင်ဝါကို သယ်ဆောင်လာပြီး အာကာသကို ရှုံ့တွသွားစေပါတယ်။
ဟန်ထော်ကလည်း နတ်ဘီလူးသတ်သမားကို အကြောက်အရွံ့မရှိ ပြန်ကြည့်လိုက်ပါတယ်။ ချက်ချင်းဆိုသလို ဟန်ထော်ဟာ ကောင်းကင်ရုံးတော်ကို မေ့သွားပြီး မျက်လုံးထဲမှာ နတ်ဘီလူးသတ်သမားပဲ ရှိပါတော့တယ်။ နတ်ဘီလူးသတ်သမားကလည်း ဒီအတိုင်းပါပဲ။
“မဟာစစ်သူကြီး ဟန်” ကောင်းကင်စစ်သူကြီးတစ်ပါးက ရုတ်တရက် အော်ဟစ်လိုက်ပါတယ်။ ချက်ချင်းဆိုသလို ကောင်းကင်စစ်သား သန်းချီကလည်း တညီတညာတည်း အော်ဟစ်ကြပါတယ်။
“မဟာစစ်သူကြီး ဟန်”
“မဟာစစ်သူကြီး ဟန်”
“မဟာစစ်သူကြီး ဟန်”
အားပေးသံတွေက အထက်ဘဝဂ်ကို လွန်ပါတယ်။
အင်အားစုအသီးသီးကတော့ တည်ငြိမ်နေပါတယ်။ သူတို့က ကောင်းကင်ရုံးတော်ထက် ရှုံဟွာကို ပိုပြီးတော့ ဂရုစိုက်ပါတယ်။ ဧကရာဇ်ရောင်ဝါရှိတဲ့ သိကျွင်းဟာ စာအုပ်တစ်အုပ်ကို ထုတ်ယူပြီး သိကျွင်းကို ရှာပါတယ်။ သိကျွင်း တစ်ယောက်တည်း မဟုတ်ပါဘူး။ တခြား စွမ်းအားကြီးပုဂ္ဂိုလ်တွေကလည်း ရှုံဟွာကို တိတ်တဆိတ် ရှာဖွေပါတယ်။
နတ်ဘီလူးသတ်သမားဟာ ရုတ်တရက် ဒေါသတကြီး အော်ဟစ်ပြီး ပျောက်ကွယ်သွားပါတယ်။ ကြောက်မက်ဖွယ် စွမ်းအားက အာကာသကို ကွဲကြေသွားစေပါတယ်။ ရုတ်ခြည်းဆိုသလို ဟန်ထော်လည်း ကွယ်ပျောက်သွားပါတယ်။
“ဝုန်း…”
ရုပ်သွင်နှစ်ခုဟာ ဟင်းလင်းပြင်မှာ တိုက်မိကြပါတယ်။ ဗိုလ်ကျစိုးမိုးလွန်းတဲ့ အင်အားနှစ်ခု ရင်ဆိုင်တိုက်မိတာကြောင့် ကောင်းကင်ပြင်မှာ မျက်စိနဲ့ မြင်နိုင်လောက်တဲ့ လှိုင်းလုံးတွေ ဂယက်ထသွားပါတယ်။
နတ်ဘီလူးသတ်သမားရှေ့မှာ ဟန်ထော်က တော်တော်လေး အရပ်ပုပါတယ်။ ဒါပေမဲ့ ရွှေရောင်နဂါးက ဟန်ထော်ကို ပံ့ပိုးပေးထားပါတယ်။
“ဒီစွမ်းအား…”
ဟန်ထော်ရဲ့ မျက်နှာဟာ ရက်စက်ကြမ်းကြုတ်တဲ့အသွင် ရှိနေပေမဲ့ စိတ်ထဲမှာတော့ နည်းနည်း လန့်သွားပါတယ်။
နတ်ဘီလူးသတ်သမားဟာ ချက်ချင်းပဲ တိုက်ခိုက်ပါတယ်။ နတ်ဘီလူးသတ်သမားရဲ့ လက်ခြောက်ဖက်ဟာ အမြောက်ဆန်လိုမျိုး ဟန်ထော်ကို အရှိန်ပြင်းစွာ ဝင်တိုက်ပါတယ်။ နတ်ဘီလူးသတ်သမားဟာ ဘာဆန်းကြယ်စွမ်းအားကိုမှ မသုံးဘဲ သူ့ရုပ်အင်အားနဲ့ပဲ တိုက်ခိုက်လိုက်တာပါ။
ဟန်ထော်ဟာ လှံကိုဝှေ့ယမ်းပြီး တိုက်ခိုက်လာတဲ့ အင်အားကို ငှားယူလိုက်ပါတယ်။ ဟန်ထော်ရဲ့ အလျင်က အရမ်းကို မြန်ပါတယ်။
မကြာခင်မှာ ဟန်ထော်ဟာ ဆက်ပြီး တောင့်မခံနိုင်တော့ဘဲ နေရာရွှေ့ရပါတော့တယ်။ နတ်ဘီလူးသတ်သမားက ဟန်ထော်နောက်ကနေ ထက်ကြပ်မကွာ လိုက်ပါတယ်။ နှစ်ဖက်စလုံးဟာ ဆက်တိုက် ရွှေ့လျားတဲ့အတွက် ကောင်းကင်ပြင်မှာ အရိပ်ဘီလီယံချီ ဖြစ်ပေါ်လာပါတယ်။ ကောင်းကင်ပြင်မှာ လူတစ်ဘီလီယံ တိုက်ခိုက်နေတဲ့ စစ်ပွဲလိုပါပဲ။
“မကောင်းတော့ဘူး…” ကျိုးဖန်ဟာ တီးတိုးရေရွတ်လိုက်ပြီး မိစ္ဆာ ကောင်းကင်ဧကရာဇ်ရှေ့ ရပ်ကာ အချိန်မရွေး တိုက်ခိုက်နိုင်ဖို့ အသင့်ပြင်ထားလိုက်ပါတယ်။ ဟန်ထော်သာ ဒီနေရာမှာ သေသွားရင် ကျိုးဖန်ဟာ ဟန်ကျွယ်ကို မျက်နှာချင်းဆိုင်ရဲတော့မှာ မဟုတ်ပါဘူး။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ “ဘာတွေ လောနေတာလဲ၊ အခုမှ အစပဲ ရှိသေးတာကို”
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 727
? Views, Released on December 19, 2024